မင်းကိုနိုင် ● မြက်ခင်းပေါ်က သူငယ်ချင်းများ – အပိုင်း (၁)

November 5, 2016

● မြက်ခင်းပေါ်က သူငယ်ချင်းများ – အပိုင်း (၁)
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကူးယူပါသည်။

“ဇာတ်လိုက်က တရားခံအဖြစ် တရားရုံးမှာ အစီရင်ခံရတော့မယ်။ သူဌေးကြီးကလည်း သူတို့ သဘောတူကတိပြုထားတဲ့ အတိုင်း ဇာတ်လိုက်က မလျော်နိုင်လို့အသားတစ်ပေါင်လှီးပြီးယူတော့မှာ”

နားထောင်ရသူကလေးတွေမှာ ဇာတ်လိုက်မင်းသားရင်ဆိုင်ရတော့မည့် ကြမ္မာဆိုးကြီးအတွက် ရင်ပူလှပြီ။ မကယ်နိုင်ကြ တော့ ဘူးလားဟု သောကရောက်နေချိန်။အစ်မကြီးက စာအုပ်ကိုဖတ်ပြီး ဇာတ်ကြောင်းကိုဆက်ပြောပြသည်။ အမှုမှာ ထင်ရှားနေသည့်အတွက်ငြင်းဆန်၍လည်း မထူးသည့်အခြေ။ ဒီမှာ ဇာတ်လိုက်မင်းသား၏ ချစ်သူမိန်းကလေးကိုယ်တိုင် အရေးကြီးသည့်ဇာတ်ရုပ်အဖြစ် ပေါ်လာသည်။ တရားခံဘက်မှ ရှေ့နေအဖြစ်။

“ကောင်းပါပြီ။ သဘောတူထားတဲ့အတိုင်း သူဌေးကြီးအနေနဲ့ သူရဲ့အသားတစ်ပေါင်ကို လှီးပြီးယူ နိုင်ပါတယ်။ ဒါပေမယ့် စာချုပ်ထဲမှာ အသားတစ်ပေါင်ပဲ ပါတာနော်။ အလေးချိန်တပေါင်ထက် ပိုလည်းမပို ရဘူး၊ လျော့လည်းမလျော့ရဘူး၊ ပြီးတော့ စာချုပ်အရ အသားပဲပါတာ။ သွေးမပါဘူး။ ဒါကြောင့် လှီးယူမယ်ဆိုရင်တောင် သွေးတစ်စက်မှ မထွက်စေပဲ လှီးရ မှာနော်”

ကလေးများ သဘောကျပြီး လက်ခုပ်ထတီးလိုက်ကြသည်။ အမယ့်လေး တော်ပါသေးရဲ့။ ပိုင်လိုက်တာစသဖြင့် အားပါးတရ ရေရွတ်ကြရင်း သဘောကျမဆုံးနိုင်ခဲ့။
-*-*-*-

ထိုသဘောကျ မဆုံးနိုင်သော ကလေးများထဲတွင် ကျနော်လည်း ပါဝင်ခဲ့ပါသည်။ ကျနော်ရှေ့က မျိုးဆက်အစ်မကြီးက ဆရာမကြီးဒေါ်ခင်မျိုးချစ် ဘာသာပြန်သည့်မူရင်း ရှိတ်စပီးယား၏ ဗင်းနစ်မြို့သားကုန်သည်ဇာတ်လမ်းကို ဖတ်ပြနေခြင်းဖြစ်ပါ သည်။ မူရင်းက ကလေးစာပေမဟုတ်သော်လည်း ကျနော်တို့ဆီက မြန်မာစာပေသမားတွေက မြန်မာကလေးတွေ ဖတ်နိုင် အောင်အားထုတ်ခဲ့ကြခြင်းပင်။ ထိုခေတ်က “ပျော်တော်ဆက်” အမည်ရှိ ကလေးစာစောင်မှာ ထိုစာစောင်ထွက်ချိန်ကိုကလေးတိုင်း စောင့်မျှော်ဖတ်ရလောက်အောင် စွဲလန်းစရာကောင်းသည့် စာအုပ်ဖြစ်ခဲ့ပါသည်။ ဘာသာပြန်ဖြစ်စေ၊ ပင်ကိုယ် ရေးဖြစ်စေ ကလေးတွေအတွက်စာဖတ်ခြင်းကို စွဲလမ်းလာအောင် အကျင့်ကောင်းမွေးမြူပေးနိုင်ခဲ့ပြီး ထိုခေတ်က လိုအပ်သ လို သရုပ်ဖော်ပန်းချီကာတွန်းများလည်း ထည့်ဆွဲပေးရန်လည်း မပျက်ကွက်ခဲ့ကြ။ထိုသရုပ်ဖော် ပန်းချီ ကာတွန်းများကြောင့် လည်း ကျနော်တို့စာဖတ်ချင်အောင် ဆွဲဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။

ထိုခေတ်က သရုပ်ဖော်အများဆုံး ရေးဆွဲခဲ့သူ ဆရာကြီးပန်းချီ ဦးဘကြည်ကိုကြည့်ပါ။ တေ ဇ သု နေ မ ဘူ စံ နာဝိ ဝေ ဟု အတိုကောက်မှတ်နိုင်သည့် ဇာတ်ကြီးဆယ်ဘွဲ့အပါအ၀င် သူသရုပ်ဖော်ခဲ့သော ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်များကို မြန်မာမျက် လုံးထဲ တန်းကနဲဝင်၊ နှလုံးသားထဲစွဲအောင်ချယ်သနိုင်ခဲ့သလို နိုင်ငံတကာ ဘာသာပြန်စာများ သရုပ်ဖော်ရာတွင်လည်း သူသည် ပြင်သစ် ရောမ (အီတလီ) အပါအ၀င် ဥရောပနိုင်ငံများတွင် လေ့လာဆည်းပူးခဲ့သူပီပီထိုနိုင်ငံများမှ ဇာတ်လမ်းများကို သရုပ်ဖော်ရာတွင် ကောင်းစွာပီပြင်ပိုင်နိုင်ခဲ့သည်။

ဆိုပါစို့ အာလာဒင်မီးခွက်၊ ကော်ဇော်ပျံ၊ ပန်ဒိုရာ သေတ္တာအစရှိသည့် ကမ္ဘာ့ဂန္တ၀င် စာပေများထဲမှ အရေးကြီးအသုံးအဆောင် များကို သူသရုပ်ဖော်ပြခဲ့သည့်ပုံတွေကစာဖတ်သူ (အထူးသဖြင့်) ကလေးတွေ တန်းသိနိုင်အောင် ဖော်နိုင်ခဲ့သည်ချည်း။ ကျနော်ဆိုလိုချင်သည်က ကလေးတွေဖတ်မှာပါပဲကွာ လွယ်လွယ်ပြန် ရေးလိုက် ဆွဲလိုက်မယ်လို့ သဘောထားခဲ့ကြသည် မဟုတ်။

မူရင်းတန်ဖိုးများမပျက်အောင် စာရေးပြန်ဆိုသူကလည်း ဂရုဓမ္မပြုခဲ့၊ သရုပ်ဖော်သူကလည်း ကျွမ်းကျင်မှုနှင့် စေတနာ စွမ်းသမျှ အားစိုက်ခဲ့ကြတာ ထင်ရှားပါသည်။ ဂျက်လန်ဒန်၊ အားနက်စ် ဟဲမင်းဝေး၊ အပါအ၀င် ကမ္ဘာကျော်စာပေရှင်များ၏ လက်ရာများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကလေးများနှင့် မိတ်ဆက်ပေးကြရာ ပြန်ပြောပြသည့်ပုံစံ ၊ကလေးနားလည်လွယ် အောင် တွေးမြော်မြင် စီစဉ်ကြသည့်နည်းတူ ကျနော်တို့ နိုင်ငံတွင်လည်း တစ်ခေတ်အခါက မညံ့စတမ်း အားထုတ်ခဲ့ကြသည် ကို လွမ်းမိပါသည်။

ကျနော်တို့ ငယ်အခါက ညနေဆိုလျှင် အိမ်ပေါက်ဝမှ မျှော်ရသောအချိန် တစ်ချို့ရှိခဲ့သည်။ လမ်းထဲသို့ လူတစ်ဦးဝင်လာ သည်ကိုမြင်သည်နှင့် အပြေးသွားပြီး သူ့လက်ထဲမှအရာကို ကြိုရတာအမော။ စာစောင် လက်ပွေ့သမားလက်ထဲမှ ရွှေသွေး၊ တေဇ စာစောင်များကို ရက်သတ္တပတ်စာခွဲခွာခဲ့ရသည့် အချစ်ဆုံးသူငယ်ချင်းနှင့် ပြန်ဆုံရသလိုကျနော်တို့မှာ ပျော်မဆုံးနိုင် ကြ။ ဧည့်ခန်း ကြမ်းပြင်မှာစုဝေးထိုင်မိကြသည်နှင့် အပတ်စဉ်ကျနော်တို့နှင့် ဆော့ကစားနေကြ သူငယ်ချင်းတွေက ထိုစာစောင်များထဲမှခုန်ပေါက်ထွက်လာပြီး အားပါးတရ နှုတ်ဆက်ကြတော့သည်။

ဆရာဦးသန်းကြွယ်၏ ဒေဝေါ၊ ချစ်ဖွယ်နှင့်ညစ်ကျယ်၊ ဆရာဦးအောင်ရှိန်၏ ဦးစိတ်တိုနှင့်မျောက်ညို၊ ဦးကပ်စေးနှင့် ခင်မောင်သိန်းထွန်းဝင်း၊ ဆရာသစ်ထွဏ်း၏ သိပံ္ပလုလင် မောင်တီထွင်၊ ကာတွန်းမြင့်ဆွေ၏ ဗိုလ်ပုချိုပြောရလျှင် မဆုံးနိုင် တော့။ ရယ်စရာဖြစ်နေလျှင်လည်းမတတ်နိုင်ပါ။ ဦးလေးအရွယ်တွေပါနေသော်လည်း ကျနော်တို့အတွက်တော့ သူငယ်ချင်း တွေပဲ ဖြစ်သည်။ ထမင်းစားချိန်လည်းမခွဲ တတွဲတွဲ၊ လူကြီးတွေက စာစောင်ဘေးချပါဦး တားယူရသည့်အထိ၊ ညအိပ်ယာထဲ လည်းမခွဲနိုင်၊ စကားတွေတတွတ်တွတ်ပြောရင်း တခစ်ခစ်ရယ်နေကြသေး။

ကျနော်တို့ သူငယ်ချင်း မောင်ကမ္ဘာကို ကြည့်ကြပါ။ ခန္ဓာကလူ ကိုယ်လုံးဖြစ်သော်လည်း ဦးခေါင်းက ကမ္ဘာလုံး ကြီး။ သဘာဝ အရ ယုတ္တိမရှိသော်လည်း ကျနော်တို့အတွက်တော့ အဓိပ္ပါယ်ရှိသည်ပဲ။ ဒါကပဲ ကျနော်တို့အတွက် ယုတ္တိထက်အဓိပ္ပါယ်ရှိဖို့ပဲလိုတယ်ဟု ပြောခဲ့သယောင်။ မောင်ကမ္ဘာဆိုသည့်အတိုင်း နိုင်ငံတကာလျှောက်သွားရင်း မတရားမှုတွေ တွေ့ကြုံရ၊ ၀င်ဖြေ ရှင်းရ။ အားနည်းသူဘက်ကကယ်တင်ရ၊ ကျနော်တို့မှာလည်း သူနဲ့အတူ ကမ္ဘာတစ်လွှားလိုက်သွားရ၊ လူဆိုးတွေကို စိတ်ဆိုး ရ၊ လူကောင်းတွေအတွက် ပူပန်ရ၊ သူကူညီကယ်တင်လိုက်တော့ သူငယ်ချင်းမောင်ကမ္ဘာအတွက် ဂုဏ်ယူကျေနပ်ရ။ ထို အချိန်မျိုးမှာလူမျိုးတွေ ၊ နိုင်ငံတွေကျော်ပြီး တရားမှုနှင့် မတရားမှုကိုသာမောင်ကမ္ဘာနှင့်အတူ ကြည့်ခဲ့ရပ်ခဲ့ကြသည်ကိုး။

ကြံ့ဗဟုံး…………….တဲ့ သူငယ်နာ ကြံ့ဗဟုံး ဆိုသည့် တိုင်းရင်းဆေးပညာအခေါ်အဝေါ်တစ်မျိုးက ကျနော်တို့အတွက် ဇာတ် လိုက်တစ်ယောက်အမည်ဖြစ်လာသည်။ မူရင်းမှာ နိုင်ငံခြားကာတွန်းဖြစ်သော်လည်း ရန်ကုန်စက်မှုတက္ကသိုလ်မှ ဆရာဦး အောင်မြင့်က မိတ်ဆက်ပေးသည်နှင့်ကျနော်တို့ချင်း သူငယ်ချင်းဖြစ်လာ။ မောင်ကမ္ဘာလိုပဲ ကမ္ဘာအတူပတ်ခဲ့ကြရသေး။
-*-*-*-

ကျနော်တို့ မောင်တီထွင်နှင့်အတူ ကော်ဇောပျံစီးရင်း စိတ်ကူးထဲ ယာဉ်ပျံတွေတီထွင်ခဲ့ကြသည်။ချစ်ဖွယ်လိုနေ ညစ်ကျယ်လို မလုပ်မိစေနဲ့ ဟုလည်းအချင်းချင်းသတိပေးမိခဲ့ကြသည်။ အရင်ကတော့ ဘီလူးဆိုတာ ကြောက်စရာ။ ဒါပေမယ့် အာလင်ဒင် မီးခွက်စောင့်ဘီလူးနဲ့ တွေ့တော့မှ သူက ဘာဆောင်ကျဉ်းပေးရမလဲဟုမေးတိုင်းမှာ လူဟာအရှင်သခင်ဆိုတာ သေချာသိ လိုက်ရသည်။ ရွှေသွေးထဲမှာ မောင်ရိုးကို မြင်ပြန်တော့ ရိုးလွန်းတော့ အ၊ အလွန်းတော့ အမြဲခံရ၊ သူတခါခံလိုက်ရတိုင်းမောင်ရိုးတို့ကတော့ ခံရပြန်ပြီဟု ရေရွတ်ရင်း သူ့လိုမအ အောင် သတိပြုရပြန်။ ကာတွန်းအောင်ရှိန် ၏ဇာတ်ကောင်တွေကိုလည်း ကြည့်ပါဦး။ မျောက်စုတ်မျောက်နာ ဟု အော်ရင်း နှစ်လုံးပြူးသေနတ်ကြီးနှင့်လိုက်ပစ် နေသော ဦးစိတ်တို ကိုတွေ့တိုင်းလည်း ဒေါသကြီးတာ အတော်ဆိုးပါလား၊ အများအမြင်မှာ ဟားချင်စရာကြီးပါလားဟု သတိပြုမိခဲ့ကြ။ သူ့သဘာဝ အစားအစာ ငှက်ပျောသီးတွေကို အကြံပိုင်ပိုင် ရယူသွားနိုင်တဲ့မျောက်ညိုကိုတွေ့တိုင်း ဒေါသကြီးသူကို ဥာဏ်သမားကအသာစီးရတတ် တာ ကျနော်တို့ သတိထားမိခဲ့ကြသည်။

ငွေတိုက်ကြီးထဲ အမြဲပူလောင်နေရသည့် ဦးကပ်စေးကိုမြင်တိုင်းလည်း စေးကုပ်တွန့်တိုလွန်းလျှင် က္ကနြေ္ဒမဲ့ရလူတွေ လှောင် ပြောင်စရာဖြစ်ရပုံ၊ သူ့လိုမဖြစ်အောင်မျှဝေပေးတတ်ရမည်ဟုလည်း ကျနော်တို့ ကြားယောင်ခဲ့ကြသည်။

ကာတွန်းမြေဇာ၏ စိန်မျောက်မျောက်လို အဆော့သန်ရင်း ကာတွန်း သန့်စင်၏ ဘဲဥ၊ ငုံးဥတို့လို ကို့ရို့ကားယားတွေ ကြုံရင်း ကာတွန်းအောင်ရှိန်၏ ဦးလူပေါလို အသက်ကြီးပြီး အချိန်မစီးတာမျိုးတော့ မဖြစ်ချင်။ ဉာဏ်ကျယ်လေးလို ငယ်ပေမယ့် ထက်မြတ်ချင်။ သူငယ်ချင်း ဇာတ်ကောင်တွေကပင် ကျနော်တို့ကိုဘာဖြစ်စေချင်၊ ဘာမဖြစ်စေချင် သင်ပေးခဲ့သည်ဟု ယခုနားလည်ပါသည်။ ကာတွန်းမောင်မောင်၏ ကိုတိုးလို ဗရုတ်ကျရင်း ရွှေမိနှင့်အတူ စပ်စုရတာလည်း ကလေးဘ၀အရသာ ဟု ခံစားရ မြဲ ဖြစ်ပါသည်။

ကာတွန်းများသာမကပါ၊ ကလေးစာပေ၀တ္ထုများတွင်လည်း ကျနော်တို့ သူငယ်ချင်းတွေ ရှိခဲ့သေးသည်ပဲ။ ဆရာဇ၀န၏ ဆိုးပေကို ကြည့်ပါမည်။ မူရင်းအနောက်တိုင်း ၀တ္ထုကိုဆီလျော်အောင် ပြုပြင်အားထုတ်ထားသည်ဆိုသော်လည်း မြန်မာမှု ပြုခြင်းက သေသပ်လှသည်မို့ ကျနော်တို့ ရပ်ထဲရွာထဲက ကလေးများနှင့်မခြားပါ။ နွယ်နီအမည်ရှိ ခွေးတစ်ကောင်ကို ထိန်းကျောင်းပေးရသည့် ဇာတ်လမ်းတွင် ပဌမံဘိုးဘိုးအောင်ပါပါအောင် ရေးထည့်ထားခြင်းက မြန်မာဆန်လွန်းလှချည့်ဟု မြည်တမ်းချင်စရာ။ ဆိုးပေ၏သူငယ်ချင်းများကိုလည်း ကြည့်ပါ။ အ၀ိန်တဲ့၊ အီစွတ်တဲ့၊ သာဒွန်းဦးတဲ့၊ ဆန်နီဆိုသော ခရစ် ယာန်နာမည်ပင် ပါလိုက်သေး၊ မြန်မာ့လူမှုအ၀န်းအ၀ိုင်း တကယ့်ရပ်ကွက်ထဲက တူယှဉ်တွဲနေကြသူတွေ၏ အရှိတရား အတိုင်း။ ဒီနာမည်တွေကိုယ်စားပြုကလေးတွေ အရပ်ထဲအတူနေကြ၊ အတူကစားကြ၊ အခန့်မသင့်လျှင် လုံးထွေးသတ်ပုတ် လေ့ရှိကြသော်လည်း နောက်တနေ့ ဒီမျက်နှာတွေမတွေ့ရမနေနိုင်၊ မခေါ်မပြောမရှိ၊ ရသမျှ မုန့်ဖိုး အားလုံးပေါင်းအညီအမျှ သုံးစွဲကြတာ (ဆရာဇ၀န၏ စကားလုံးအတိုင်းပြန်ရေးပြရလျှင်) သံမဏိစည်းမျဉ်းတဲ့။ ထိုကလေးတွေ၏မိဘများ၊ အိမ်သား များသည်ပင် ဒီရပ်သား၊ ဒီရွာသားများဆိုသောစိတ်ဖြင့် သူ့ကလေး၊ ငါ့ကလေး မခွဲခြားပဲ၊ နောက်ကျောလုံသော လူ့အဖွဲ့အ စည်း၊ သံသယနှင့်အမုန်းတရားကို လက်သင့်မခံသည့် လူ့အသိုင်းအ၀ိုင်းဖြစ်ကြောင်း ရည်ရွယ်ချက်ရှိရှိ ဇာတ်ကောင်များကို နာမည်ပေးခဲ့သည်ဟု နားလည် ပါသည်။

ဆိုးပေကိုဖတ်ခြင်းဖြင့် ဆိုးကြ ပေကြ သည့် ကလေးများအကြောင်းရင်တမမ ခံစားရနိုင်သော်လည်း အိုးနင်း ခွက်နင်း ဖြစ်ရပ် များတွေ့ရမည်ဖြစ်သော်လည်း ကလေးများ၏ အဖြောင့်မြင်တည့်တည့် တွေးတတ်သောသဘာဝကိုသာ ရကြမည်ဖြစ်ပါ သည်။ အသွေးအရောင် အယူအစွဲ မတူခဲ့လျှင်တောင်ခွဲခြား မဆက်ဆံပဲ တသားထဲဆိုတာကို ခံစားရပါလိမ့်မည်။ထိုဇ၀န၏ ဆိုးပေ အရှိန်အ၀ါကြောင့်ပင် ဆရာတက္ကသိုလ်မောင်အောင်ဆွေ၏ ပေတိုးဆိုသည့် ကလေးဇာတ်လိုက်လည်းမွေးဖွားခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။

(အပိုင်း-၂ ဆက်ရန်)

မင်းကိုနိုင်
(ကလေးစာပေပွဲတော်အထိမ်းအမှတ် ဆောင်းပါး | ကြေးမုံသတင်းစာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်