သာထက်အောင် ● သြဇာရှိတဲ့ ကလောင်

November 7, 2016

သာထက်အောင် ● သြဇာရှိတဲ့ ကလောင်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သောက်ဟယ် စားဟယ်၊ ပျော်ဟယ် ပါးဟယ်၊ တဝါးဝါး တဟားဟား တရုန်ရုန်း နေရမယ့်အရွယ် မဟုတ်တာတကြောင်း၊ ဘဝပေးအခြေအနေအရ တယောက်ထီးတည်းနေရတဲ့အချိန်က ပိုများလာတာက လည်းတကြောင်း၊ မျှော်လင့်စရာ တောက်ပတဲ့ အနာဂတ်ရယ်လို့လည်း သိပ်မရှိတော့တာကလည်း တကြောင်း၊ ခုတော့ အားအားရှိ စာဖတ်၊ စာရေး၊ အင်တာနက်ကြည့်၊ တီဗီကြည့် ညောင်းရင် လမ်းထလျှောက် ဟိုငေး ဒီငိုင်နဲ့ စိတ်က အတိတ်ကို မကြာမကြာပြန်ရောက်ပါတယ်။

‘ငိုချင်လျက် လက်တို့’ ဆိုသလို အတိတ်လွမ်းဝေဒနာ စွဲကပ်နေတုန်း ဖေ့စ်ဘွခ်ပေါ်မှာ ကုန်းဇောင်း ကျောင်း နှစ် ၁၀၀ ပြည့် အခမ်းအနားနဲ့ ဆရာကန်တော့ပွဲလုပ်တဲ့အကြောင်း ဖတ်လိုက်ရတော့ လွမ်းမိုးက ပိုသဲလာပါတော့တယ်။ မနေနိုင်တဲ့အဆုံး ဖုန်းကောက်ကိုင်ပြီး သူငယ်ချင်း စာရေးဆရာ နေဝင်းမြင့်ဆီ ဖုန်းဆက် အလွမ်းဖြေရပါတော့တယ်။   ကုန်းဇောင်းကျောင်းထွက် တွေဖြစ်တဲ့ တေးရေးဆရာ ရေနံ့သာဝင်းမောင်ရယ်၊ ဂျူးရယ်၊ နေဝင်းမြင့်ရယ် ကုန်းဇောင်းကျောင်းသွားပြီး ဟောတဲ့သတင်း ကြားတော့ ကုန်းဇောင်းကျောင်းထွက် ကျွန်တော်လည်း  “အင်း …. ငါသာ ပြည်တွင်းမှာရှိရင် ကွဲကာနေတာ ကြာလှပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမှာ ပျော်စရာကြီး” လို့ တွေးမိပါသေးတယ်။  တတန်းထဲ ကျောင်းနေဖက် နေဝင်းမြင့်က ဖုန်း ထဲက ဘယ်သူတော့ရှိသေးတယ်၊ ဘယ်သူတော့ တွေ့ခဲ့တယ်၊ ဘယ်သူကဖြင့် အဖွားကြီးဖြစ်နေပြီ၊ ဘယ်သူတွေကတော့ မင်းကိုမေးကြတယ် စသဖြင့်ပေါ့လေ ပြောကောင်းကောင်းနဲ့ပြောလိုက်တာ ဖုန်းဖိုးကျမယ့်ဘေလ်ကိုတောင် ထည့်မတွက် ဖြစ်တော့ဘူး။  နေဝင်းမြင့်က ဖုန်းထဲကပြောသေးတယ် “မင်း ကုန်းဇောင်းအကြောင်း  အတော်များများ မှတ်မိနေသေးတယ် နော်” တဲ့။

လွန်ခဲ့တဲ့ ၃ လလောက်က ဆစ်ဒနီကို စာပေဟောပြောပွဲလာရင်း ဒေါက်တာမြင့်ထွန်း တည်ခင်းဧည့်ခံတဲ့ ညစာမှာစားရင်း ကုန်းဇောင်းအကြောင်းတွေ ပြောဖြစ်ပါသေးတယ်။ အဲဒီတုန်းကလည်း ခုလိုပဲ မင်းတော်တော်မှတ်မိသားပဲလို့ နေဝင်းမြင့်က ပြောခဲ့ပါသေးတယ်။  မှတ်ဉာဏ်က မှတ်မိချင်တဲ့ နှစ်ပေါင်း နှစ်လေးငါးဆယ် ကလေးဘဝကဟာတွေ မှတ်မိချင် မှတ်မိနေပြီး မနေ့က ဘာဟင်းနဲ့ထမင်းစားလဲမေးရင် စဉ်းစားလို့ ရချင်မှရတာပါ။

အခုလိုအတွေးတွေ နောက်ပြန်လိမ့်ပြီး အတိက်ကိုပြန်တူးဆွနေတဲ့အချိန် မှတ်မိတာလေးတခုကို ရေးချင်စိတ်ဖြစ်မိပါတယ်။

ကြာတော့လည်းကြာပါပြီ။  မြန်မာ့သမိုင်းမှာ အကြီးမားဆုံး အပြင်းထန်ဆုံး လူထုအုံကြွမှုကြီးဖြစ်တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က လက်နက်နဲ့ဖြိုခွင်းပြီးနောက်ပိုင်း ပါတီတွေထောင်ခွင့်ပြုလိုက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုတာကြီး ပေါ်လာပါတယ်။  ၈လေးလုံးဆိုတာကြီး ဘယ်ဆီနေမှန်းမသိသေးတဲ့အချိန် ၁၉၈၀ ခုနှစ်ကာလကျော် လောက်မှာ ဆူးလေမီးပွိုင့်အနီး အနော်ရထာလမ်းပေါ်က (ဗိုလ်ဇေယျ ဇနီး) ပိုင်တဲ့ တိုက်ခန်းလေးတခြမ်းကိုငှားပြီး ပုဆိုးဆိုင် ဖွင့်နေပါတယ်။ ၁ ပတ်ကို ၂ ရက် မြို့ထဲဆင်းလာတတ်တဲ့ ဆရာမောင်သော်ကဟာ သူ့ဇနီးကြီးရှိတဲ့ ဆူလေမီးပွိုင့်ထောင့်က အခန်းမှာနားရင်း မဂ္ဂဇင်းတိုက်တွေဖက် ခြေဦးလှည့်တက်ပါတယ်။ အဲဒီမှာ အနော်ရထာလမ်းမကြီးသာခြားတဲ့ ဆရာနဲ့ ကျွန်တော် မကြာမကြာတွေ့ကြ ပါတယ်။  နေ့ခင်းပိုင်း လက်ဖက်ရည်၊ ညဦးပိုင်း သေရည်မှီဝဲရင်း စာအကြောင်းပေအကြောင်းနဲ့ နိုင်ငံရေးအကြောင်း ဟိုလူ့အကြောင်း သည်လူ့အကြောင်း စပ်မိစပ်ရာ ပြောဖြစ်ကြပါတယ်။

အရေးအခင်းကြီးပြီးသွားတော့ ကျွန်တော်လည်း နိုင်ငံရေးမှာပဲ အားသန်နေပြီး ဈေးရောင်းတဲ့အလုပ် စိတ်မပါတော့ပါဘူး။  NLD မှာ ဗဟိုဦးစီးအဖွဲ့ဝင် (Central Comitee) ဖြစ်နေတဲ့ မောင်သော်ကက ဈေးရောင်းနေရတာ မသက်မသာ ဖြစ်နေတဲ့ ကျွန်တော့်ပုံစံကိုကြည့်ပြီး ‘ခင်ဗျား မဟုက်တာတွေနဲ့ အချိန်ကုန်နေတယ် လာလိုက်ခဲ့’ ဆိုပြီး သူနဲ့ စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးကို ခေါ်ပါတော့တယ်။  တဖက်ကလည်း တောင်ညွှန့်မြို့နယ် (၁) ကိုယ်စားလှယ် ဒေါက်တာအောင်ခင်ဆင့် အောင်နိုင်ရေး ဥက္ကဌလုပ်ရင်း၊ တဖက်က ဆရာမောင်သော်ကရဲ့ စစ်ကိုင်းတိုင်း စည်းရုံးရေးကို တတပ်တအား ပါဝင်ရပါတော့တယ်။  စစ် ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ဘုတလင်၊ ရေဦး၊ မြင်းမူ၊ ချောင်းဆုံ တန့်ဆည် မဟာမြိုင် ကိုဖြတ်ပြီး ကလေး – ကလေးဝ..။

စနစ်တကျ ခိုင်ခိုင်မာမာ ငွေအင်အား တောင့်တောင့်နဲ့ဖွဲ့စည်းထားတဲ့ ပါတီမဟုက်ဘဲ ဖြစ်သလို ကြုံသလို လုပ်ရကိုင်ရတာ ဆိုတော့ ပြဿနာတွေက အမျိုးမျိုးဆိုပါတော့။  ဒီကြားထဲ ဗိုလ်အောင်ကြီးရဲ့ ခွဲရေး တွဲရေး  (ကွန်လို/ကွန်ဟောင်း) ပြဿနာ၊ အဖွဲ့ဝင်လျှောက်လွှာ မလုံလောက်မှု၊ အဖွဲ့ဝင်ကဒ်ပြား အချိန်မီထုတ်မပေးနိုင်မှု၊ အရေးအခင်းတုန်းက အသေခံ အနစ်နာခံ လုပ်ပေးခဲ့တဲ့သူတွေက ဘေးရောက်နေပြီး ငွေရှင်ကြေးရှင်တွေက လက်ဝါးကြီးအုပ်ပါတယ်ဆိုတဲ့ ရောက်လေရာကြုံရတဲ့ ‘နေရာ’ ပြဿနာ ‘ကုလားထိုင်’ ပြဿနာ။  ပါတီထောင်ခွင့်ပြုတယ်သာ စစ်အစိုးရကပြောတာ ရောက်လေရာ လုံခြုံရေးတို့ စစ်တပ်တို့ရဲ့ အနှောက်အယှက်ကတမှောင့်။ တခါမတော့ ရွှေဘိုအသွား ဘက်စ်ကားပေါ်က ထိုင်ခုံအောက်မှာ အဖွဲ့ဝင် လျှောက်လွှာစာရွက်တွေ ပါတီရဲ့သဘောထားကြေညာစာတမ်းတွေ အထုပ်လိုက်၊ စစ်တပ်က ကားကိုရပ်ပြီး ကားပေါ်မှာ နိုင်ငံရေးသမားပါလားတဲ့ ၊ မောင်သော်ကကလည်း မပါဘူးဆိုပြီးအော်လိုက်တော့ မပါရင်သွားတဲ့။  ကားလည်းထွက်ရော သူနဲ့ကျွန်တော် တဟီးဟီး ရယ်ပါလေရော။

အဲသလိုနဲ့ တမြို့ဝင် တမြို့ထွက် စည်းရုံးရင်း ဟောပြောရင်းနဲ့ ဒေသခံတွေကျွေးတာစား၊ သူတို့တိုက်တာသောက်၊ သူတို့ချ ထားတဲ့နေရာမှာတည်း၊ နှစ်ပေါက်အောင်ကြာလာတဲ့အခါကျတော့ ဆရာနဲ့ကျွန်တော် ပိုပြီးရင်းနှီးပွင့်လင်းလာပါတယ်။ သူ့ ကိုယ်ရေးကိုယ်တာ၊ ကိုယ့်ကိုယ်ရေးကိုယ်တာကစပြီး တိုင်ပင်ဆွေးနွေးလာကြသလို ပေါက်ပေါက်ရှာရှာ ရယ်စရာတွေပြောပြီး ရယ်ကြလွန်းလို့ ကျွန်တော်တို့နဲ့ပါလာတဲ့ ဆရာတပည့် မဝင်းမေနဲ့အဖွဲ့က ဒီဆရာနှစ်ယောက် ဘာတွေပြောပြောပြီး ရယ်ကြ မှန်းကိုမသိဘူးလို့ ပြောသံကြားရပါတယ်။  ဆရာဟာ သရော်စာရေးရာမှာ ပြောင်မြောက်သလောက် ရုတ်တရက်ပေါ်လာတဲ့ အခြေအနေနဲ့ အချန်အခါကိုကြည့်ပြီး သရော်တော်တော် ပြက်လုံးထုတ်တဲ့နေရာမှာလည်း အလွန်တော်ပါတယ်။ ထားပါ တော့။

တနေ့မတော့ သူနဲ့ကျွန်တော်နှစ်ယောက်တည်း နားနားနေနေရှိတုန်း ဟိုအကြောင်းသည်အကြောင်းပြောရင်းက စည်းရုံးရေး ခရီးတလျှောက်မှာ ကြုံခဲ့ရတဲ့လူတွေနဲ့ပတ်သက်ပြီး မြန်မာလူမျိုးတွေ အာဏာနေရာ အလွန်မက်တဲ့အကြောင်း ပြောဖြစ်ကြ ပါတယ်။  အလွန်စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မြေမြုပ်သဂြိုဟ်ချင်တဲ့ပုဂ္ဂိုလ်တွေရဲ့ အ တွင်းစိတ်တနေရာမှာလည်း အာဏာနေရာကို မက်မောတဲ့ အညံ့စိတ်တမျိုးရှိနေတက်တဲ့အကြောင်း ကျွန်တော်တို့ ရိပ်စားမိ ပါတယ်။  ဒီအလုံးအဖုကိုချေဖျက်ဖို့ တော်တော်လုပ်ယူမှရမယ့်အကြောင်းတွေလည်း ပြောဖြစ်ပါတယ်။  ခုထိလည်း ဒီအလုံး အဖုက သေးမသွားပါဘူး။

အဲဒါနဲ့တဆက်တည်း ဆရာက ဘာပြောလဲဆိုတော့ ဒီမယ် ကိုသာထက်အောင် အခု ကျွန်တော် NLD မှာ ဗဟိုဦးစီးအဖွဲ့ ဝင်ဆိုတာကြီးကို ကျွန်တော်လိုချင်တယ်များထင်နေသလား၊ မကောင်းတက်လို့ အများဆန္ဒကို မငြင်းပယ်ချင်လို့၊ ကျွန်တော် တကယ်ဖြစ်ချင်တာဘာလဲ ခင်ဗျားသိလား…

စကားသံ ခဏတိမ်ဝင်သွားပါတယ်၊ အပြင်ကို ငေးရီပြီး ချက်ခြင်း လေးနက်တဲ့အမူအယာနဲ့ ..

ဝန်ကြီး၊ ဝန်းကလေး၊ ဥက္ကဌ၊ အတွင်းရေးမှူး၊ နာယက၊ သမ္မတ၊ ဝန်ကြီးချုပ်ဆိုတာတွေဟာ သမုဒ္ဒရာရေထက် ခဏတက် သည့်ရေပွတ်ပမာဆိုတာ ခင်ဗျားလည်းသိမှာပါ။  ကျွန်တော် အဲဒါတွေ ဘာတခုမှမဖြစ်ချင်ဘူး။  အင်္ကျီတထည် ပုဆိုးတထည် လောက်တောင် သက်တမ်းမရှည်ချင်တဲ့ အာမခံချက်မရှိတဲ့ ရာထူးနေရာတွေ မမက်ပါဘူး။ အဲသလို ဟိတ်ကြီး ဟန်ကြီးနဲ့ အဆောင်အယောင်ကြီးနဲ့ နေရတာတွေ ကျွန်တော့်စရိုက်နဲ့မကိုက်ဘူး။ ကျွန်တော့်အကြောင်းလည်း ခင်ဗျားသိမှာပါ။ မတော် မတည့်တာတွေ အမြီးအမောက်မတည့်တာတွေကြည့်ပြီး ဟာနေချင်တဲ့အကောင်ဗျ။ မရယ်မပြုံးဘဲ နေနိုင်တဲ့သူမဟုက်ဘူး။ ကျွန်တော်တယ်ဖြစ်ချင်တာက ကလောင်လေးကိုင် မေးလေးထောက်ပြီး အဆီအငေါ်မတည့်တဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ပုဒ်ထီးပုဒ်မတွေ၊ လုပ်နည်း လုပ်ဟန်တွေ၊ လုပ်ပိုင်ခွင့်နဲ့ အာဏာကိုတလွဲသုံးပြီး ကိုယ်ကျိုး ရှာနေတာတွေ၊ ပြောရရင် တိုင်းပြည်နဲ့လူမျိုး  ဆုတ်ယုက်ရာဆုတ်ယုက်ကြောင်းလုပ်နေတဲ့ အဖြစ်အပျက်၊ ပုဂ္ဂိုလ်အဖွဲ့အစည်း မှန်သမျှကို ကျွန်တော့်ကလောင်နဲ့ ချေမှုန်းတိုက်ခိုက်ပြီး တိုင်းပြည်နဲ့လူမျိုးအကျိုး ဦးထိပ်ပန်ဆင်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ကျွန်တော့် ကလောင်နဲ့ ချီးမြောက်ဂုဏ်ပြုနိုင်တဲ့ ‘သြဇာရှိတဲ့ ကလောင်ပိုင်ရှင်’ ဖြစ်ချင်တယ်ဗျာတဲ့။  အဲဒါ ကျွန်တော်အလို ချင်ဆုံးအရာပဲ။

သြဇာရှိတဲ့ ကလောင်တချောင်း …… ကျွန်တော့်ဆရာအသံ ပဲ့တင်ထပ်ရင်း အတွေးနယ်ချဲ့မိပါတယ်။

ရွှေပြည်ကြီးမှာ စာရေးနေကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ အများကြီးရှိပါတယ်။  သြဇာရှိတဲ့ ကလောင် တချောင်းလို့ သတ်မှတ်နိုင်တဲ့ကလောင်က များများစားစားတော့ ရှိမယ်မထင်ပါဘူး။  စစ်အာဏာရှင် ကြီးစိုးအုပ်ချုပ်တဲ့ ခေတ်ကြီးကို ရာစုတဝက်လောက် ဖြတ်သန်းလာခဲ့ရတော့ ကလောင်တချောင်း လူးလွန့်လာဖို့၊ ဓားကဲ့သို့ ထက်မြက်လာဖို့ အခွင့်အရေးက အင်မတန်နည်းပါးခဲ့ပါတယ်။  ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်တွေဟာ အမှန်တရားကို အကျိုးသင့် အကြောင်းသင့် ခိုင်လုံစွာဖော်ပြတက်တဲ့ ကလောင်ရှင်တွေ၊ မတော်မတရားတာတွေ့ရင် ခေါင်းငုံ့မခံတက်တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေကို အသေမုန်းပါတယ်။  သူတို့မြဲရာမြဲကြောင်းမှာ ဆူးညှောင့်ခလုတ်တွေလို့လည်း မြင်ပါ တယ်။ ဒါကြောင့် ထက်မြက်တဲ့ကလောင်တွေဆို စစ်အစိုးရက ‘ထောင်ဆု’ အမြဲတမ်းပေးလေ့ရှိပါတယ်။  အဲ – သူတို့ရဲ့ ရွှေဘုန်းတော်ဘွဲ့ရေးတဲ့သူ၊ သူတို့နဲ့ ပလဲပနံသင့်တဲ့သူတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ သူကောင်းပြုတတ်ပါတယ်။  တချိန်က ထင်ရှားခဲ့တဲ့ဆရာကြီး ရွှေဥဒေါင်းတို့၊ ဆရာ ဇဝနတို့၊ ဦးသိန်းဖေမြင့်တို့၊ လူထုဒေါ်အမာတို့ရဲ့ ကလောင်ကြီးတွေဟာလည်း ပြည်သူအပေါ် သြဇာသက်ရောက်မှု အများကြီးရှိခဲ့ပါတယ်။  ဒါပေမယ့် ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံများလို ကလောင် တ ချက်ဝင့်လိုက်ရုံနဲ့ အစိုးရအဖွဲ့ (သို့မဟုတ်) ဝန်ကြီးချုပ်တို့ သမ္မတတို့ လှုပ်လှုပ်ရှားရှား ပြူးတူးပြဲတဲ ဖြစ်သွား လောက်အောင် တော့ မစွမ်းဆောင်နိုင်ပါဘူး။  ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးအစိုးရဆိုတာကြီးတက်လာပြီး ပုဂ္ဂလိကသတင်းစာတိုက်တွေ ပြည်သူပိုင်သိမ်းပိုက်လိုက်တော့ အားလုံး အစိုးရအာဘော်သတင်းစာတွေဖြစ်ကုန်ပြီး သူတို့ခွင့်မပြုတဲ့ သတင်း ဆောင်းပါး ကာတွန်း ဘာမှဖော်ပြခွင့်မရတော့ပါဘူး။ ရာစုနှစ်ဝတ်လောက် စစ်အစိုးရအောက် ပြားပြားမှောက်ခဲ့ရတဲ့နိုင်ငံဆိုတော့ ရုပ် ရှင်မှာဆိုလည်း ဆင်ဆာ၊ စာပေမှာဆိုလည်း စိစစ်ရေး၊ လွတ်လပ်စွာရေးသားခွင့် ဟောပြောခွင့်တွေ ဆိတ်သုဉ်းခဲ့တဲ့ တိုင်း ပြည်ဆိုတော့ အရည်အချင်းရှိတဲ့ကလောင်တွေလည်း အညွှန့်လူခွင့် မရကြပါဘူး။ စစ်အစိုးရကို တို့ကနန်း ဆိတ်ကနန်း လုပ် မိရင်တော့ အင်းစိန်တောရက လှိုက်လှဲစွာကြိုဆိုနေပါလိမ့်မယ်။

ခု ဒီစာကိုရေးနေစဉ်မှာပဲ NLD က ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းဆိုတဲ့ပုဂ္ဂိုလ်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ စစ်တပ်ကဖမ်းသွားတယ်လို့ ကြားရပါတယ်။ ဘုရားစူး မိုးကြိုးပစ် ဒီမိုကရေစီနိုင်ငံတော်ကြီးလို့ ဆိုရ မလိုပါပဲ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နားလည်ကျင့်သုံးတဲ့နိုင်ငံတွေမှာ မီဒီယာတွေရဲ့သက်ရောက်မှုဟာ  ကြောက်စရာကောင်း လောက်အောင် သြဇာကြီးပါတယ်။ နာမည်ကြီး သတင်းစာ တီဗွီတွေက နိုင်ငံရေးသတင်း အယ်ဒီတာ၊ ဆောင်းပါးရှင်တွေကို နိုင်ငံရေးသမားတွေက လန့်ပါတယ်။ သူ့ကလောင်ဖျား သူ့ပါးစပ်ဖျားမှာ ရာထူး အတက်အကျ ပါတီသိက္ခာ သူ့ဂုဏ်သိက္ခာ အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာ နိုင်ငံရေးသမားတွေ သဘောပေါက်ကြပါတယ်။

အခု အငြိမ်းစားယူသွားတာ ကြာပြီးဖြစ်တဲ့ သြစတြေးလျက ABC သတင်းဌာနက တီဗီနဲ့ရေဒီယို Presenter တင်ဆက်သူ ဂျာနယ်လစ်တယောက်ဖြစ်တဲ့ George Negus ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဆိုရင် (ဆရာ မောင်သော်က ပြောသလို) ဘောပင်လေးကိုင် မေးထောက်ပြီး အရေးကြီး ကြီးသလို တကမ္ဘာလုံးမှာရှိတဲ့ ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ၊ တာဝန်ရှိသူတွေနဲ့ လှမ်းဗျူးလိုက်၊ သူ့ထင်မြင်ယူဆချက်တွေ တင်ပြလိုက်နဲ့ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။  သြဇာကြီးတဲ့ ဂျာနယ်လစ်တယောက်ပါ။

သြဇာရှိတဲ့  ကလောင်တချောင်းဖြစ်ဖို့ဆိုတာ တက်လာတဲ့အစိုးရအပေါ် ဆဲရဲ၊ ဖေ့စ်ဘုတ်မှာ လူလုံးပြရုံနဲ့ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ စာပေဝမ်းစာ၊ နိုင်ငံရေးဖြတ်သန်းမှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ စေတနာ၊ ကိုယ်ကျင့်သိက္ခာ စတဲ့ … စတဲ့ အရည် အချင်းတွေလည်း ရှိဖို့လိုပါတယ်။

အခု သြစတြေးလျမှာ ထင်ရှားတဲ့ နိုင်ငံရေးအယ်ဒီတာတဦးဖြစ်တဲ့ LAURIE OAKES ဆိုလို့ရှိရင် ဝန်ကြီးချုပ်တွေသာ တ ယောက်ပြီးတယောက် ပြောင်းသွားတယ်၊ သူကတော့ ခေတ်အဆက်ဆက် ဝန်ကြီးချုပ်တွေကို အင်တာဗျုးခဲ့သူ၊ သတင်း ဆောင်းပါးတွေ တင်ဆက်ခဲ့သူဖြစ်ပြီး ဘယ်သူမှ ဖြုတ်လို့ခန့်လို့မရတဲ့ သြဇာရှိတဲ့ကလောင်တချောင်းဖြစ်လို့ တိုင်းပြည်မှာ ရွေးကောက်ပွဲနီးလို့ဖြစ်စေ၊ နိုင်ငံရေးပြဿနာ အခြေအတင်ဖြစ်လို့ဖြစ်စေ သူ့မျက်နှာကြီးက တီဗီပေါ်မှာ ဘွားခနဲ ပေါ်လာမြဲ ဖြစ်ပါတယ်။

ပြည်သူ့သဘောထားကို ဆန့်ကျင်တက်တဲ့အစိုးရကို ဖေါ်လံဖားပြီး ကိုယ်ကျိုးရှာမယ်၊ ကိုယ့်ကလောင်အပေါ် သစ္စာဖောက် မယ်ဆိုရင်တော့ ဘယ်သူကမှ ဖြုတ်စရာမလိုဘဲ သူ့ကျင်းသူတူးပြီး ဆင်းသွားပါလိမ့်မယ်။ ဒီနေရာမှာ “Best Seller” ဆိုတာနဲ့  “Influential Writer”ဆိုတာကို ခွဲခြားနားလည်ဖို့တော့ လိုပါလိမ့်မယ်။

ကဲ ….. ဆောင်းပါးလည်းရှည်ပါပြီ။ ချုပ်ပါရစေ။ ကမ်းနားသစ်ပင်တွေဖြစ်တဲ့ သမ္မတတို့၊ ဝန်ကြီးချုပ်တို့၊ ဝန်ကလေးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကပေးတဲ့ ဘွဲ့တို့ လက်မှတ်တို့ အဆောင်အယောင်တို့ထက် ပြည်သူက တခဲနက် လက်ခံအတည်ပြုထားတဲ့ ‘ သြ ဇာရှိတဲ့ကလောင်’ ဆိုတာထက် ဘယ်ဟာကများ ပိုတန်ဖိုးရှိချင်သေးသလဲ ဗျာ။

 

သာထက်အောင်
နိုဝင်ဘာ ၅၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာထက်အောင်, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်