သွေး (စစ်ကိုင်း) ● အိပ်မက်ထဲက အိမ် (ဝတ္ထုတို)

November 8, 2016

● အိပ်မက်ထဲက အိမ် (ဝတ္ထုတို)
(နှလုံးအိမ်မဂ္ဂဇင်း / မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆

(၁)

“အိမ်”ဆိုသော ဝေါဟာရကို ကြားလိုက်မိတိုင်း ကျွန်မရင်တွင် လှိုက်ကနဲ ခံစားရမြဲဖြစ်သည်။ ချစ်ခင်မှု၊ နွေးထွေးမှု၊ နားလည်မှုတို့ ထုံမွှမ်းထားသည့် နေရာသည် “အိမ်”ပဲ ဖြစ်ပါလိမ့်မည်။ လက်ရှိအချိန်တွင် ကျွန်မမှာ “အိမ်တလုံး ပိုင်ဆိုင်ပါရဲ့လား”ဟု မေးခွန်းထုတ်မိသည့်အခါ ပင့်သက်တို့က ထုထည်ပြန့်ကားလာခဲ့သည်။

ငယ်စဉ်တုန်းက ကျွန်မနေထိုင်ခဲ့သည်မှာ အညာဒေသမှ အိမ်ကလေးတလုံးမှာပါပဲ။ ထိုစဉ်က အဖေ အမေ ညီအစ်ကိုမောင်နှမများ နှင့်အတူ အိမ်ကလေးမှာ ကြယ်စုံသောညတို့ရှိခဲ့တာ သေချာသည်။ အဖိုးတန်ရတနာများ မရှိသော်လည်း ဖေဖေ၏များပြားလှသော စာအုပ်များကပဲ အိမ်ကလေးကို တန်ဖိုးတက်စေခဲ့သည်။ ထရံကာ၊ ကပ်မိုး၊ ကြမ်းခင်း အိမ်ကလေးမှာ ကျွန်မတို့အတွက် အေးမြသော “အိုအေစစ်”တခုလည်း ဖြစ်ခဲ့သည်။

သို့သော်.ကျွန်မအသက် ၁၂နှစ်အရွယ်မှာတော့ အိမ်ကလေးသည် Home Sweet Home မဟုတ်တော့ပါ။ ဖေဖေ ကွယ်လွန်သွားပြီးသည့်နောက် ဆည်းလည်းသံများ အိမ်ကလေးမှာ တိတ်ဆိတ်သွားခဲ့သည်။ မျက်ရည်တို့ အသံထွက် ကျယ်လောင်လာခြင်းနှင့်အတူ “ပြိုကွဲနေသောစိတ်ဓာတ်များ”ဖြင့် အိမ်ကလေးတွင်နေထိုင်ရခြင်းက “ပျော်ရွှင်မှု” များကို မပေးစွမ်းတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာ နားခိုရာတခု ရှိနေသေးသည် ဆိုသည့်အသိဖြင့် ဖြေသာခဲ့သည်။ တစုံတယောက်က အိမ်လိပ်စာ မေးလာလျှင် တိတိကျကျ ဖြေနိုင်ခဲ့သည်။ မခမ်းနားသော အိမ်ကလေးတွင် ဆက်လက်နေထိုင်ရင်း စာမေးပွဲများကို တခုပြီးတခု ဖြတ်ကျော်ခဲ့သည်။ ကျွန်မ တက္ကသိုလ်တက်နေဆဲကာလများမှာပဲ အဆင်မပြေမှုများက ပိုများလာသည်။ အိမ်ကလေး၏ အမိုးများက မလုံခြုံတော့။ ကြမ်းများက ဟိုတချောင်း ဒီတချောင်း ကျိုးစပြုလာသည်။ ထရံများကလည်း ပေါက်ပြဲစ,ပြုလာပြီ။

မမေ့နိုင်အောင် မှတ်မိနေသည်က မိုးယိုသဖြင့် ကျွန်မ၏မှတ်စု စာအုပ်များပေါ် မိုးရေတို့ စိုသွားသည်၊ ၀မ်းနည်းစွာဖြင့် စာအုပ်များကိုနေ ပူလှန်းပြီးမှ စာကျက်ခဲ့ရသည်ကို ပါပဲ။ သည်လိုဖြင့် ကျွန်မ ဘွဲ့ရခဲ့ပြီး နောက်ပိုင်းမှာတော့ ပထမအိမ်ကလေးကို ဖျက်ပြီး၊ အိမ်ကလေးတလုံး ကို ပြန်ဆောက်ခဲ့သည်။ သေးငယ်သောနှစ်ထပ်အိမ်ကလေးသည် ယခင် ကကဲ့သို့ နွေးထွေးမှုမပေးနိုင်တော့ပါ။

နယ်မြို့ကလေးမှနေ၍ ရန်ကုန်သို့ ကျွန်မရောက်ရှိလာခဲ့သည်မှာ ၂၀၀၂ ခုနှစ်မှာဖြစ်သည်။ မေမေက နယ်မြို့ကလေးမှာ နေထိုင်လိုသည်ဆိုတော့ ဘ၀၏ရည်မှန်းချက်အတွက် ဆုံးဖြတ်ချက်တခုကို ခဲခဲယဉ်းယဉ်း ချမှတ်ခဲ့ရတာ ပါပဲ။ ရန်ကုန်မှာ အဆောင်၏ အခန်းကျဉ်းကျဉ်းလေးတွင် လူးလှိမ့်ရင်း အိမ်၏အငွေ့အသက်တို့ ပြယ်လွင့်ခဲ့ပြီဆိုတာ ကျွန်မ သိနေသည်။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်သည့် အဆောင်တွင် စရိုက်သဘာဝချင်း မတူသူများဖြင့် နေထိုင်ရသည့် ဆင်းရဲ ဒုက္ခကို အိမ်နှင့်ဝေးမှ ပိုသိလာခဲ့ရသည်။

နောက်ဆုံးနေခဲ့သောအဆောင်က လှည်းတန်းဘက်မှ အဆောင်တခုဖြစ်ပြီး ကျဉ်းမြောင်းသည့် အခန်းငယ်ကလေး ကိုပဲ တလလျှင် တသောင်းခွဲပေးခဲ့ရသည်။ ငါးပေပတ်လည် ခန့်သာရှိသည့် အခန်းထဲမှာ အသက်ရှူရတာကလည်း မွန်းကြပ်နေသည်။ မိုးလင်းလာသည်နှင့် အဆောင်ပိုင်ရှင်အမျိုးသမီး၏ ဆူဆူဆောင့်ဆောင့်အသံနှင့် အတူ ကြော်လှော် ချက်ပြုတ်သည့် ညှော်နံ့ကပါ ရောက်လာပြန်တော့.. မလန်းမဆန်းနိုးထရသော နံနက်ခင်းများစွာ ရှိလာရသည်။ ညဘက် ရောက်ပြန်တော့လည်း အိပ်ရာဝင်သည်နှင့် မျက်နှာချင်းဆိုင်ခြံမှ ငန်း အော်သံများကြောင့် တော်တော်နှင့် အိပ်မရပါ။

ဆရာဝန်ကြီးတယောက်ပိုင်ဆိုင်သော သားနားလှသည့်ခြံဝင်းထဲမှ ငန်းများကို ည ၁၁ နာရီကျော်မှ ဘာကြောင့် အစာကျွေးရသလဲ.?၊ ကျွန်မ စဉ်းစားလို့ မရနိုင်။ ငန်းများ၏ အော်မြည်သံက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေ သည်ကို တကယ်ပဲ မသိလေ ရော့သလား။ သည်ကြားထဲ အဆောင်ရှိနေသည့် ၀င်းထဲတွင် မြွေများရှိနေသည် ဆိုတော့ ကျွန်မမှာ တထိတ်ထိတ် တလန့်လန့်ဖြင့် အဆောင်ရက်များကို ဖြတ်သန်းခဲ့ရပြန်သည်။ အဆောင်တွင် လုံးဝမနေတော့ဟု ဆုံးဖြတ်ပြီး ကန်တော်လေးမှ တိုက်ခန်းတခန်းတွင် ပိုက်ဆံအချိုးကျ ထည့်ပြီး ကျားကန်ခဲ့ရပြန်သည်။

(၂)

“ညီမလေး လိုချင်နေတဲ့ အိမ်ကလေးတလုံးရဖို့ ကိုကိုကြိုးစား သွားမှာ ပါ။ အခုတော့ ခဏလေး စောင့်ပါနော်”

ဘေးနားတွင် ရှိနေသည့် ခင်ပွန်းသည်က အားပေးစကား ပြောလာတော့ ကျွန်မ အားတက်ရတော့မလို။ ရိုးရိုးရှင်းရှင်းပဲ ကျွန်မတို့ နှစ်ယောက်တွေ့ဆုံပြီး လက်ထပ်ဖြစ်ခဲ့ ကြသည်။ သိမ်ဖြူဘက်တွင်ရှိသော အခန်းတခန်းကို ငှားရမ်းနေထိုင်ဖြစ်ခဲ့သော်လည်း အိမ်၏အငွေ့အသက်နှင့် ဝေးနေဆဲပါပဲ။

“ကိုကိုရယ်.နှစ်ယောက်တည်းပဲ သီးသန့်နေချင်တော့တယ်။ မနက်ဆိုလည်း သီချင်းတွေအကျယ်ကြီးဖွင့်ကြတာ၊ စာကောင်း ကောင်းရေးလို့ မရဘူး။ ရေလာရင်လည်း ဘယ်သူမှ ရေမဖြည့်ဘူး။ အိမ်ရှင်သုံးဖို့ ညီမလေးပဲ ဖြည့်ပေးနေရတာ။ အဆိုးဆုံးက အိမ်သာ ကိစ္စ။ အိမ်သာသွားပြီးတိုင်း ရေကို လောင်းဖို့ဆိုတာ မသိတာလား၊ မလုပ်တာလား၊ ကျန်းမာရေးအသိ မရှိကြဘူး”

“သည်းခံလိုက်ပါ ညီမလေးရယ်..၊ အသိတရား မရှိတဲ့သူတွေ ကို သိပါ သိပါ လို့ သွားပြောလို့ မရဘူး။ ကိုကို ကြိုးစားနေ ပါတယ်ကွာ။ ကိုယ်တို့ ဘာသာနေနိုင်ရင် ဒီပြဿနာတွေလည်း တွေ့ရမှာမဟုတ်ဘူး”

တယောက်ကို တယောက် နှစ်သိမ့်သောစကားလုံးများဖြင့် သာနေ့ရက်များကို အားတင်း ဖြတ်သန်းခဲ့ရသည်။ “မရှိတာထက် မသိတာခက်” ဆိုသောစကားပုံက သိပ်မှန်တာပါပဲ။ တံခါးပိတ်တာကအစ ရင်ထိတ်ရသည်အထိ ကျယ်လောင်နေတာ၊ မိမိချိုးဖို့ရေကိုပင် မဖြည့်ချင် ကြတာ၊ အဲဒီလိုလူတွေမှာ ဘာကြောင့်အသိတရား ခေါင်းပါး နေပါ လိမ့်.?။ ဘယ်လိုမှ သည်းမခံနိုင်တော့သည့် ကိစ်္စကတော့ မနက် ဝေလီ ဝေလင်း ၄နာရီအချိန်လောက်မှာ မီးသွေးမီးဖိုဖြင့် မီးမွှေးသည့် အတွက် ကျွန်မတို့ အခန်းထဲသို့ မီးခိုးငွေ့များ အလုံးလိုက် ၀င်လာခြင်းပါပဲ။

ညဥ့်နက်မှ အိပ်ကြသူများမို့ အိပ်ကောင်းနေသည့်အချိန်မှာပဲ အသက်ရှူကျပ်လာကာ နိုးလာပါတော့သည်။

“လာ လာ ညီမလေး။ ကိုကိုတို့ အပြင်ထွက် လမ်းလျှောက်ရ အောင်”

အကောင်းမြင်သဘောဖြင့် ဘာမှမပြောဘဲ အပြင်ထွက်နေတာတောင်မှ ရန်တွေ့ခံရသောအခါ ကျွန်မတို့၏ စိတ်ရှည်သည်းခံမှုတို့လည်း တာကျိုးခဲ့ရသည်။ အဆင်ပြေနိုင်မည်ထင်သည့် နေရာတခုသို့ ထပ်မံ ပြောင်းရွှေ့ခြင်းဖြင့်သာ ပြဿနာကို ဖြေရှင်းခဲ့ရသည်။

(၃)

“အိမ်ပြောင်းရတာ မောတောင်လာပြီ ကိုကိုရယ်၊ ပြီးတော့.အဆင် မပြေတာတွေကလည်း တနေရာမှာ တမျိုးပါပဲ။ ညီမလေးတို့မှာသာ ကိုယ်ပိုင်အိမ် ကလေးရှိနေရင် ဘယ်သူ့မျက်နှာမှလည်း ကြည့်စရာ မလိုဘူး။ ရိုးရိုး သားသားရှာဖွေ နေတဲ့သူတွေကျတော့ အိမ်ကလေး တလုံးပိုင်ဖို့တောင် မလွယ်ပါလား ကိုကိုရယ်”မွန်းကြပ်မှုမှ ပြေလျော့လို ပြေလျော့ငြား ရင်ဖွင့်မိတော့ သူ့မျက်ဝန်းမှာ မျက်ရည် ကြည်တို့ ဝေ့၀ဲနေသည်။

ဆူညံမှုတို့ဖြင့် နိုးထခဲ့ရ၊ အိပ်စက်ခဲ့ရသော နေ့ရက်တို့ ဘယ် လောက်တောင်များပြားနေ ပြီလဲ။

“ကိုကိုလည်း ကြိုးစားနေပါတယ်ကွာ။ မင်းအပေါ် တာဝန် မကျေသေးသလို ခံစားနေရတယ်။ အခုလို နေရာမျိုးမှာ မင်းကို ရေရှည် မထားရက်ပါဘူး”

လောကကြီးတွင် ကျွန်မ အလိုချင် ၊ အတပ်မက်ဆုံးမှာ “အိမ်” ကလေးတလုံးသာဖြစ်သည်။ အိမ်ကလေးနှင့် ပတ်သက်သော ကျွန်မ၏ မျှော်လင့်ချက်က ဆက်လက် ရှင်သန်နေဆဲပါပဲ။

(၄)

စိတ်ကူးထဲမှ အိမ်ကလေးကို ပုံဖော်ကြည့်လျှင်တော့ လက်ရှိသောကများကို ကျွန်မ ခေတ္တမေ့လျော့သွားရသည်။ ထို အိမ်ကလေးသည် နွေးထွေး မှု၊ လုံခြုံမှု၊ ချစ်ခြင်းမေတ်္တာ တို့ဖြင့် ထုံမွှမ်းထားသော Home Sweet Home ဖြစ်ရမည်။ သိပ်ပြီး ကျယ်ဝန်းဖို့ မလိုသလို သိပ်ပြီးလည်း ခမ်းနားဖို့လည်း မလိုပါ။ တထပ်တိုက် ကလေးတလုံးဆိုလျှင် လုံလောက်ပြီ။ အိမ် ကလေးကို အပြာနုရောင်ဆေးသုတ်ပြီး ခန်းဆီးများကို ပန်းနုရောင် တပ်ဆင်ချင်သည်။ မြေကွက်လပ်တွင် နှင်းဆီ၊ စံပယ်ပင်များကို စိုက်ပျိုးထားမည်။ ကျွန်မတို့ နှစ်သက်သော ပန်းချီကားများကို အိမ်နံရံတွင် ချိတ်ဆွဲထားမည်။ စာအုပ်များကို နံရံကပ်စာအုပ်စင်များတွင် သပ်သပ် ရပ်ရပ်ထားရှိမည်။

ဇိမ်ခံပစ္စည်းများကို ကျွန်မတို့ အိမ်ကလေးတွင် ထားရှိမည် မဟုတ်ပါ။ သဘာဝလေကို ရှူရှိုက်ပြီး၊ သဘာဝ ရေအေးအေးကို ရေအိုးစင်မှ ခပ်ယူသောက်သုံးမည်။ မနက်လင်းလာလျှင် ဆူညံသံများ မကြားရဘဲ ကျေးငှက်လေးများ၏ တေးသီသံဖြင့်သာ နိုးထချင်သည်။ စိုက်ပျိုးထားသော ပန်းပင်များကို ဂရုတစိုက်ရေလောင်းပေးမည်။ ပန်းပင်များပေါ်သို့ အရောင်စုံသောလိပ်ပြာလေးတို့လည်း လာရောက် နားခိုစေချင်ပါသည်။

(၅)

ညက မက်ခဲ့သော အိပ်မက်ထဲတွင် ကျွန်မစိတ်ကူးထဲမှ အိမ်ကလေးဆီသို့ ရောက်သွားခဲ့သည်။ ကျွန်မနှင့်သူ နှစ်ယောက်တည်းနေထိုင်သော အိမ် ကလေးသည် ငြိမ်းချမ်းခြင်းဖြင့် နွေးထွေးနေသည်။

အိမ်နှင့်ပတ်သက်သော အိပ်မက်များကို ကျွန်မ တယုတယ သိမ်းဆည်းထားချင်သည်။ အိပ်မက်ထဲမှ အိမ်ကို ပိုင်ဆိုင်ခွင့်ရမည်ဟု ကျွန်မက ယုံကြည်မျှော်လင့်ချင်ပါသည်။

သီရိဂေဟာဟုပြောနိုင်သည့် အိမ်ကလေးတအိမ် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်ကတော့ ကျွန်မနှလုံးသားထဲတွင် အမြဲစိမ်းလန်းရှင်သန်နေ ဦးမှာပဲ ဖြစ်ပါသည်။

သွေး (စစ်ကိုင်း)
၁၉ ဇန်န၀ါရီ ၂၀၁၁
၂၀၁၁၊ မတ်လ ၊ နှလုံးအိမ်မဂ္ဂဇင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်