ငြိမ်းချမ်းအေး ● ပညာရေး ဘာကြောင့် အရေးကြီးသလဲ

November 9, 2016

ငြိမ်းချမ်းအေး ● ပညာရေး ဘာကြောင့် အရေးကြီးသလဲ
(Education Digest / The Ladies News / မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆

ကျနော်တို့ တိုင်းပြည်မှာ အုပ်စိုးခဲ့သမျှ အစိုးရ အဆက်ဆက် အရင်ခေတ် စနစ် အဆက်ဆက်မှာလည်း ပညာရေးကို အားပေးတယ် ဆိုကြပါတယ်။ နဝတ/နအဖ တပ်မတော် အစိုးရ လက်ထက်မှာဆိုရင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့” တောင် ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့ အခြေအနေကတော့ အားလုံး သိတဲ့ အတိုင်းပါပဲ။ သူသူကိုယ်ကိုယ် ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရဆဲ ခေတ်ဆိုး စနစ်ဆိုး ဒဏ်ရာ အနာကို မှတ်မှတ်သားသားလေး ဖြစ်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အညွှန်းကိန်း တွေနဲ့ လေ့လာကြည့်ရအောင်ပါ။ အနာကြီး တပြပြနဲ့လို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ထုတ်ပြန်တဲ့ ၂၀၁၅ လူသားဖွံ့ဖြိုးမှု အစီရင်ခံစာပါ ညွှန်းကိန်းအရဆိုရင် မြန်မာနိုင်ငံက ကုလ အသိအမှတ်ပြု ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံထဲမှာ ၀.၅၃၆ တန်ဖိုးနဲ့ အဆင့် ၁၄၈ ချိတ်ပါတယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းတွေက အဓိက အချက်ကြီး ၃ ချက် ကို အခြေခံ တွက်ချက်ပါတယ်။ အသက်ရှည်နှုန်းကို အခြေခံတဲ့ ကျန်းမာသက်ရှည်နေထိုင်နိုင်ခွင့်၊ အရွယ်ရောက်တဲ့ လူဦးရေရဲ့ ကျောင်းနေတဲ့ နှစ် ပျမ်းမျှ အရေအတွက်ကို အခြေခံတဲ့ ပညာဗဟုသုတ ရှာဖွေနိုင်ခွင့်နဲ့ စုစုပေါင်းပြည်တွင်းဝင်ငွေကို အခြေခံတွက်ချက်တဲ့ ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်း ခံစားနိုင်ခွင့် ၃ ချက်ကို အခြေခံပါတယ်။

မဆလ ခေတ် ၁၉၈၀ ခုနှစ်ကနေ ပြန် ခြုံကြည့်ရင်တော့ ဒီညွှန်းကိန်း ၀.၅၃၆ (အဆင့် ၁၄၈) က တိုးတက်လာခြင်းပါလို့ အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ဒေသတွင်းက အခြား ဆင်းရဲတဲ့ (မဖွံ့ဖြိုးသေးတဲ့) လာအို (ညွန်းကိန်း ၀.၅၇၅ ၊ အဆင့် ၁၄၁) ၊ ကမ္ဘောဒီးယားနိုင်ငံ (၀.၅၅၅ ၊ အဆင့် ၁၄၃) တွေနဲ့ ယှဉ်ရင်တောင် အောက်ရောက်နေသေးတာကို သတိချပ်စေချင်ပါတယ်။

ဘဝမျက်မြင်အသိနဲ့ ကြည့်ရင်လည်း နိုင်ငံမှာ လူသားအရင်းအမြစ် အရည်အသွေး၊ ဖွံ့ဖြိုးမှုနဲ့ လူသားဂုဏ်အင်နဲ့ လျော်ညီစွာ သိက္ခာရှိရှိ လူသားတယောက်လို ပီပီပြင်ပြင် နေနိုင်မှု၊ မွေးရာပါ ရပိုင်ခွင့်တွေ ပြည့်စုံမှု အင်မတန် နိမ့်ကျနေတာကိုလည်း အားလုံး သိရှိနိုင်ပါတယ်။

ဒီပြဿနာ ကို ဖြေရှင်းဖို့ရာ အခြေခံ အုတ်မြစ် ဖြစ်တဲ့ နိုင်ငံရေး ပြဿနာ၊ စနစ်ပြဿနာကို မျက်မှောက်ပြုရပါမယ်။ တပါတည်းနဲ့လည်း လူသားဖွံ့ဖြိုးမှု အတွက် အင်မတန် အရေးပါတဲ့၊ ဒေါက်တိုင်တခုလည်း ဖြစ်တဲ့ ပညာရေးကိုလည်း ဇောင်းပေးရပါမယ်။ အထက်မှာ ဆိုခဲ့တဲ့ လူသားဖွံ့ဖြိုးရေးညွှန်းကိန်းပါ အခြေခံ အချက် ၃ ခုစလုံးဟာ ပညာရေး ပါမှသာ ပြည့်စုံမှာ ဖြစ်လို့ ဖြစ်ပါတယ်။ ကျန်းမာ၊ ချမ်းသာ၊ သက်ရှည် ဗဟုသုတ ပြည့်စုံတဲ့ လူတမ်းစေ့ ဘဝ နေထိုင်နိုင်ရေးအတွက်က ပညာရေးမှ အပ အခြား အားကိုးရာ မရှိပါ။

၂၀၁၁ နောက်ပိုင်း အရပ်သား အစိုးရလို ပြောကြတဲ့ ခေတ်စနစ် လွန်ခဲ့တဲ့ ငါးနှစ် (၂၀၁၀/၂၀၁၁-၂၀၁၆ ဧပြီ မတိုင်မီ) တိုင်းပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ အသုံးစရိတ်တွေဟာ (အရင် စစ်တပ်လုံးလုံး အုပ်ချုပ်စဉ်ခေတ်များထက်ယှဉ်ရင်) များပြားလာခဲ့ပြီး ထိုက်သင့်တဲ့ အကောင်း အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီ စရိတ်ဟာလည်း ကာကွယ်ရေး စစ်စရိတ်တွေနဲ့ယှဉ်ရင် နည်းနေပါသေးတယ်။ ဒါတောင် တရားဝင် စစ်အသုံးစရိတ်က ၂၀၁၁-၂၀၁၂ ဘဏ္ဍနှစ်မှာ စုစုပေါင်းရဲ့ ၁၉.၂ ရာခိုင်နှုန်း သုံးနေရာကနေ ၂၀၁၄-၂၀၁၅ ခုနှစ် အရောက်မှာ ၁၂ ရာခိုင်နှုန်းအထိ လျှော့ချလာတာပါ။

အခု အရပ်သား အများစုလို့ ဆိုကြတဲ့ ဒီမိုကရေစီ ပါတီ အစိုးရ ခေတ် သမ္မတ ဦးထင်ကျော် လက်ထက်မှာတော့ အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်တွေကို ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေမှာ ပို သုံးဖို့ ပြီးခဲ့တဲ့ ဇွန်လ တုန်းက သမ္မတ ကိုယ်တိုင်က ဦးဆောင် တောင်းဆိုခဲ့ပါတယ်။ အစိုးရသစ်ဟာ လက်ရှိ အချိန်ထိ ပြီးခဲ့တဲ့ အစိုးရခေတ် လွှတ်တော် က ဆွဲခဲ့တဲ့ ဘဏ္ဍာရေးပြဋ္ဌာန်းချက် အတိုင်းပဲ သွားနေရသေးတဲ့ အခက်အခဲရှိနေလို့ ပြည်ထောင်စု လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက အသုံးစရိတ် ပြန်လည်သတ်မှတ်ရေး လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်း ငွေဖြည့်ရာက ရတဲ့ အခွန်တွေကို ပညာရေးအတွက် သီးသန့် သုံးမယ်ဆိုတဲ့ ထပ်ဆောင်း ဖြည့်စွက် ပြင်ဆင်မှုပဲ သတ်မှတ်နိုင်ခဲ့ပါတယ်။

လက်ရှိ ဘဏ္ဍာရေးအသုံးစရိတ် ခွဲဝေမှု အရ ပညာရေး ကဏ္ဍ အတွက် ကျပ် ၁,၅၀၁ ကုဋေ (စုစုပေါင်း သုံးစွဲမှု ရဲ့ ၇.၀၃ ရာခိုင်နှုန်း) ရှိပါတယ်။ မနှစ်က စရိတ် ကုဋေ ကျပ် ၁, ၄၅၉ (၆.၇၉ ရာခိုင်နှုန်း) ထက်တော့ တိုးတက်လာပါတယ်။ ၂၀၁၆ ခုနှစ် ကျောင်းဖွင့်ရာသီမှာ ဆင်းရဲချမ်းသာ အားလုံးတန်းတူ ပညာသင်ခွင့်ရဖို့အတွက် အမှန်တကယ် ငွေကြေး ကုန်ကျမှု မရှိတဲ့ အခမဲ့ အခြေခံပညာရေးစနစ်ကို (အရင်ခေတ်တွေနဲ့ ယှဉ်ရင်) ပိုမို ကောင်းမွန်မှန်ကန်စနစ်ကျစွာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တာကို သတိပြု မိပါတယ်။ အခု အစိုးရသစ်လက်ထက် ရက်ပေါင်း ၂၀၀ ကျော် အတွင်းမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး အမှီအခိုကင်း ရပ်တည်နိုင်တဲ့ တက္ကသိုလ်နဲ့ ကျောင်း ပညာရေး စနစ်ကို အာမခံတဲ့ ပညာရေးဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အချောသတ် ပြင်ဆင် အကောင်အထည် မဖော်နိုင်သေးတဲ့ အားနည်းချက်တွေ ရှိနေပေမယ့် သက်မွေးပညာရေး၊ ကျောင်းပြင်ပ ပညာရေး ဆွေးနွေးပွဲ တွေ အပါအဝင် အထွေထွေ ပညာရေး မြှင့်တင်မှု အစီအစဉ်တွေ ဖော်ဆောင်လာတာလည်း အကောင်းအဖြစ် မြင်ရပါတယ်။ ဒါကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေတဲ့ ပညာရေးကဏ္ဍကို အလေးမပေးလို့ မဖြစ်လောက်အောင် တိုင်းပြည်ရဲ့ ပကတိ အခြေအနေက အလွန်အမင်း နိမ့်ကျနေပြီဆိုတာကို လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ အခြေခံကျကျ နားလည်တယ်ဆိုတာ ယုံကြည်ပါတယ်။

ကုစားရမယ့် အနာတွေကို စာရင်းနဲ့ ပြန် ဖွဲ့ရရင် အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်အတွက် မြန်မာပြည်ဆိုင်ရာ စာရင်းဇယားမှာ တိုင်းပြည်ရဲ့ လူ ၄ ယောက်မှာ ၁ ယောက် (၂၅.၆ ရာခိုင်နှုန်း) ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် သတ်မှတ်နိုင်တဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတယ် ဆိုပါတယ်။ ဒါဟာ ဒေသတွင်းမှာ ဆင်းရဲမှု အမြင့်မားဆုံးပါ။ တိုင်းပြည်ရဲ့ ၇၀ ရာခိုင်းနှုန်းကျော် လူဦးရေ နေထိုင်နေတဲ့ ကျေးလက်ဒေသတွေမှာဆိုရင် ဆင်းရဲမှုနှုန်းက နှစ်ဆ မြင့်တက်နိုင်ပါတယ်။ မြန်မာပြည်မှာ ကလေး ၁, ၀၀၀ မှာ အယောက် ၄၀ ဟာ သူတို့ရဲ့ ၁ နှစ် ပြည့် မွေးနေ့ မတိုင်ခင် အသက်ဆုံးရှုံးရတယ်လို့လည်း စာရင်းက ထောက်ပြပါတယ်။ []

ဒီအနေအထားက ရုန်းထွက်နိုင်ဖို့ရာ တိုင်းပြည်မှာ ပညာရေးကို အင်ပြည့်အားပြည့် ရင်းနှီးမြှုပ်နှံမှသာ ဖြစ်ပါမယ်။ ဘာကြောင့်ပါလဲ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သုတေသန တွေ့ရှိတွေကို အခြေခံပြီး အကြောင်းပြချက် ၃ ချက် ကို အကျဉ်းချုံး တင်ပြပါမယ်။

၁) ပညာရေးက အသက်တွေကို ကယ်တင်နိုင်
ဆူကြုံနိမ့်မြင့် ကျား + မ အားလုံး တန်းတူ ပါဝင်နိုင်တဲ့ ပညာရေး စနစ်သာ တိုင်းပြည်မှာ တည်ဆောက်နိုင်ခဲ့ရင် လူမှုအသိုင်းအဝန်းမှာ အမျိုးသမီး ကြီး/ငယ်များရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့်တွေ မြင့်တက်လာပါမယ်။ အကျိုးဆက် အဖြစ် မိသားစု စီးပွားရေးနဲ့ ဝင်ငွေ တိုးတက်လာပါမယ်။ ပညာရေး မြင့်လာခြင်းနဲ့ အတူ မိခင်တွေရဲ့ ကျန်းမာရေး အသိ ဗဟုသုတနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း တိုးလာပြီး ကျန်းမာ သန်စွမ်း ဘေးကင်း လုံခြုံ နေထိုင် အသက်ရှင်နိုင်တဲ့ မိသားစု လူမှုဘဝတွေကို ပိုမို ဖန်တီးလာနိုင်ပါမယ်။ တပါတည်း မီးဖွားစဉ် မိခင်နဲ့ ကလေး သေဆုံးမှု၊ အသက် ၅ နှစ် အောက် ကလေး သေဆုံးမှု နှုန်း တွေလည်း လျော့ကျလာပါမယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့ဖူးတဲ့ စစ်တမ်းတချို့ အရဆိုရင် ပညာတတ်တဲ့ မိခင်က မွေးတဲ့ ကလေးငယ်ရဲ့ အသက် ၅ နှစ် အထိ အသက်ရှင်နိုင်မှု အခွင့်ဟာ ပညာမတတ်တဲ့ မိခင်က မွေးတဲ့ ကလေးထက် နှစ်ဆ ရှိတယ် ဆိုပါတယ်။ ပညာတတ်တဲ့ မိခင်ဟာ (လူမှု-စီးပွား နိမ့်ပါးနေပါစေဦး) သူ့ကလေးကို ကာကွယ်ဆေးထိုးဖို့ရာ ကျောင်းမနေဖူးတဲ့ မိခင်နဲ့ ယှဉ်ရင် ၅၀ ရာခိုင်နှုန်း ပိုတယ်လို့လည်း လေ့လာမှုတွေက ထောက်ပြပါတယ်။ ကလေးငယ်များ အာဟာရ ပြည့်မီရေး၊ ကိုယ်အလေးချိန် ပြည့်မီရေးနဲ့ ဖွံ့ဖြိုးမှု မှန်ကန်ရေးအတွက်လည်း စာသင်ဖူးတဲ့ မိခင်တွေက ပို ဂရုစိုက်တယ်လို့ ပြောပါတယ်။ ပညာတတ် မိခင်တွေဟာ HIV/AIDS လို ကူးစက်တတ်တဲ့ ရောဂါတွေအတွက်လည်း မှန်ကန်တဲ့ ဗဟုသုတ အသိကို ရှာဖွေနိုင်ကြတယ် ဆိုပါတယ်။ ကျောင်းမှာ စာ ၆ နှစ်နဲ့ အထက် သင်ဖူးတဲ့ မိခင်တွေဟာ မသင်ဖူးတဲ့တဲ့ မိခင်တွေထက် ပိုပြီး ကလေးသူငယ်ပြုစုစောင့်ရှောက်နည်း၊ လုံခြုံစိတ်ချတဲ့ မီးဖွားနည်း စတဲ့ ကျန်းမာရေး ပညာ အသိတွေကို ရှာမှီးလိုကြပြီး မိခင်နဲ့ကလေး သေဆုံးမှု၊ ဖျားနာမှုတွေကို လျှော့ချနိုင်တယ်လို့ သုတေသန ရလဒ်တွေ အရ သိရပါတယ်။

၂) ပညာရေးက ဘဝတွေကို ကယ်တင်နိုင်
ပညာရေးဟာ စီးပွားရေးတိုးတက်မှု အတွက် ရေတိုမှာကော ရေရှည်မှာပါ မဖြစ်မနေ ကြိုတင် ဖြည့်ဆည်းထားရမယ့် အခြေခံလိုအပ်ချက်လည်း ဖြစ်ပါတယ်။ စက်မှုခေတ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်တဲ့ သတင်း အချက်အလက် နည်းပညာနဲ့ ဆန်းသစ်မှု အတွေးအခေါ်သာ အခရာ ဖြစ်တဲ့ ခေတ်သစ်ကမ္ဘာမှာ ပညာမရှိဘဲ စီးပွားရှာလို့ မရတော့ပါဘူး။ စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းပြည် ဖြစ်စေဦး ပညာ အရင်းအနှီး၊ နည်းပညာ မြှပ်နှံမှု မထည့်ဝင်ဘဲ တိုးတက်မှု လမ်းကြောင်းကို မှန်မှန်ကန်ကန် ဖော်ဆောင်နိုင်မှာ မဟုတ်ပါ။

Plan International နိုင်ငံတကာ စီမံကိန်း အဖွဲ့အစည်း ရဲ့ ၂၀၀၈ ခုနှစ်က ပြုလုပ်တဲ့ လေ့လာမှု တခုအရ ဆိုရင် အမျိုးသမီးငယ်တွေကို ယောက်ျားလေးများနဲ့ တန်းတူ ညီမျှတဲ့ ပညာရေး အခွင့်အရေး မပေးခြင်းကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေဟာ နှစ်စဉ် ဒေါ်လာ ၉၂ ကုဋေ ဆုံးရှုံး နစ်နာ နေရတယ်လို့ ထောက်ပြပါတယ်။ နိုင်ငံတကာ ငွေကြေး အဖွဲနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး လှုံ့ဆော်မှု အဖွဲ့ တို့ရဲ့ အဆိုအရ ဆိုရင် လူတဦတယောက်ရဲ့ ဝင်ငွေဟာ သူ ကျောင်းနေဖူးတဲ့ နှစ် ၁ နှစ်ချင်း ကိုလိုက်ပြီး ၁၀ ရာခိုင်းနှုန်း စီ တိုးသွားနိုင်တယ် ဆိုပါတယ်။ အဆင့်မြင့် ကောင်းမွန်တဲ့ ပညာရေး စနစ်ကနေ တိုင်းပြည်ရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်နိုင်မှုစွမ်းကို လည်း မြှင်တင်ပေးနိုင်တယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထိပ်သီးဘောဂဗေဒပညာရှင် တဦးလည်း ဖြစ်၊ အမေရိကန် သမ္မတ အိုဘာမားရဲ့ စီးပွားရေး အတိုင်ပင်ခံ တဦးလည်း ဖြစ်တဲ့ လောရင့်စ်ဆမ်မားစ် ရဲ့ အဆိုအရ ဆိုရင် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ အမျိုးသမီးတွေကို ပညာသင်ယူ ခွင့် အပြည့် ပေးခြင်း အစီအစဉ် ထက် ပိုကောင်းတဲ့ တိုင်းပြည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆိုတာ မရှိပါဘူးတဲ့။

၃) ပညာရေးက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပေးနိုင်
ဒီမိုကရေစီ စနစ် အခြေခံခိုင်မာ ရေရှည် တည်တံ့ခိုင်မြဲရေးနဲ့ လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခနဲ့ စစ်ပွဲတွေကို ထိန်းချုပ်စေရေး အတွက်လည်း ပညာရေးဟာ အုပ်မြစ် တခု ဖြစ်တယ် ဆိုပြီးလည်း နိုင်ငံတကာက အကြမ်းဖက်မှု၊ စစ်ပွဲနဲ့ ပဋိပက္ခ အထူးပြု စစ်တမ်းတွေက ဆိုပါတယ်။ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ အဖွဲ့ တခုဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာ တခု အရဆိုရင် အမျိုးသားများ အကြမ်းဖက်မှုမှာ ပါဝင်နိုင်မှုဟာ ကျောင်းနေတဲ့ နှစ် အနည်းအများ အပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်း အထိ သိသာ ထင်ရှားစွာ လျှော့ချ နိုင်တယ် ဆိုပါတယ်။

ပညာရေးကနေ လူ အချင်းချင်း အပြန်အလှန်လေးစားမှု၊ လူ့ ရဲ့ မွေးရာပါ ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခရှိမှုကို ကျား-မ၊ အသေားအရောင်၊ လူမျိုး၊ ဘာသာ၊ ကိုယ့်အင်္ဂါ မခွဲ အသိအမှတ်ပြု လေးစား တန်ဖိုးထားတတ်မှု၊ မတူကွဲ ပြားခြားနားတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို နားလည် လက်ခံတတ်မှု၊ လူမှု-စီးပွား တရားမျှတမှုကို ရှေးရှုလိုမှုနဲ့ သဘာဝပတ်ဝန်းကျင် သတ္တ ရုက္ခ လောကကို ချစ်မြတ်နိုးတတ်မှု ကို ပေးစွမ်းနိုင်ပါတယ်။ ပညာရေး ဟာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု၊ အကြမ်းဖက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းပါတယ်။ နိုင်ငံမှာ ကိုယ်ပိုင် တွေးခေါ် မြော်မြင်နိုင်စွမ်းတဲ့ ပညာတတ်လူဦးရေ များလာလေ အစွန်းရောက် အကြမ်းဖက်သမားများရဲ့ စည်းရုံးသိမ်းသွင်းနိုင်မှုနဲ့ ထိရောက်မှုက ကျဆင်းလာလေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် ပညာရေး ကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြင့် တိုင်းပြည်မှာ မရှိ မဖြစ် တည်ဆောက်ဖို့လိုနေတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်လည်း ကျွဲကူးရေပါ အကျိုး ဖြစ်ထွန်း စေပါတယ်။

ဆောင်းပါးကို နိဂုံးချုပ်ရရင် ကိန်းဂဏန်းတွေကကော၊ မျက်မြင် လူမှုဘဝကပါ တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ ပညာ အဘက်ဘက် ချွတ်ခြုံကျနေမှုကို ပြနေပါတယ်။ ဒါတွေကို ကုစားဖို့ရာ ပညာရေးရဲ့ အသုံးဝင်၊ အသုံးတည့် မှု မရှိမဖြစ် “Essential” အနေအထားကိုလည်း ဆောင်းပါးမှာ တင်ပြခဲ့တဲ့ အတိုင်း သိနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာမရခင် ပညာရေး ကွန်ရက်ထောင်ကာ ပညာရေး ရန်ပုံငွေ ဂီတပွဲတွေ ကျင်းပစဉ်အခါက ပြည်သူ့အချစ်တော် ရော့ခ်ကာကြီး လေးဖြူ ပါဝင်သီဆိုရင်း ပြောခဲ့သလို “ပညာရေး အရေးကြီးတယ်” စကားအတိုင်းပဲ လက်ရှိမှာ အာဏာနဲ့လုပ်ပိုင်ခွင့်တွေ ရလာပြီ ဖြစ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ ပညာရေး ကဏ္ဍ ကို အာရုံစိုက် မြှင်တင်ရင်း တိုင်းပြည်ကိုလည်း ဓားမနောက်ပိုက်ခွေး အနေအထားက လွတ်အောင် ကြံဆောင်နိုင်မယ်လို့ မျှော်လင့်နေရကြောင်းပါ။

ငြိမ်းချမ်းအေး
နိုဝင်ဘာ ၃၊ ၂၀၁၆ (စာပြီးရက်စွဲ)
(ဆက်သွယ်ရန်နှင့် ပြန်လည် ဝေဖန်ရန် – nyeinchanaye81@gmail.com)
Some Burma (Myanmar) data statistics related links.:
http://data.worldbank.org/country/myanmar

http://www.worldbank.org/en/country/myanmar

https://www.adb.org/countries/myanmar/poverty

မှတ်ချက် — ယခု ဆောင်းပါးကို “ပညာရေး အရေးကြီးသည်” အမည်ဖြင့် Education Digest Weekly Journal ပညာပဒေသာ အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅) အမှတ် (၄၄) တွင် မူလ ပုံနှိပ် ခဲ့သည်။ The Ladies News Journal တွင်လည်း ဖော်ပြခဲ့သည်။

Education Digest Journal Link :

https://web.facebook.com/TheNewEducationDigestJournal/posts/1132398203511436:0

The Ladies News Journal Link:

http://theladiesnewsjournal.com/articles/tue-2016-11-08-1440/4137

https://web.facebook.com/News.TheLadies/posts/652888428219463:0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်