ငြိမ်းချမ်းအေး – စာနယ်ဇင်းသမားရဲ့ သတ္တိ

November 12, 2016

 

ငြိမ်းချမ်းအေး  – စာနယ်ဇင်းသမားရဲ့ သတ္တိ
(The Ladies News Journal) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၆

မြန်မာပြည်သမိုင်းမှာ စာအုပ်တအုပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာတွေ၊ ထောင်ကျခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ စစ်အာဏာရှင် စနစ် နှစ်ငါးဆယ်ကျော် ကြီးစိုးတဲ့ ခေတ်မှာဆိုရင် ဆောင်းပါး တပုဒ်၊ စာအုပ် တစအုပ် ရေး တာတောင် မဟုတ်၊ စာအုပ် တအုပ် ဂျာနယ် တစောင် ဖတ်ရုံ၊ လက်ဝယ်တွေ့ရှိရုံနဲ့လည်း ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီဘက်ခေတ်အတွက် ဥပမာ ပေးစရာ ဖြစ်စဉ် ဖြစ်ရပ်တွေများလွန်းတော့ ထူး မဖော်ပြတော့ပါ။

အတိတ်သမိုင်း စာပေ စာနယ်ဇင်း လောကက ဂုဏ်ပြုထိုက်တဲ့ မှတ်တိုင်တွေကိုတော့ အနည်းငယ် ဖော် ထုတ်ချင်ပါတယ်။

ဥပမာ – လွှတ်တော်ရှေ့နေကြီး လက်ပံတန်း ဦးဘတင် (ဘီအေ ဘီအယ်လ်) (၁၈၉၀-၁၉၄၀) ဆိုရင် သူ့ရဲ့ ၁၉၃၉ ခုနှစ် နဂါးနီ တိုက်ထုတ် ဂျာပန့်သူလျှို (မူရင်း စာလုံးပေါင်း အတိုင်း) စာအုပ်ကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် ဝင်လာချိန်မှာ ဖမ်းဆီး အသတ်ခံခဲ့ရပါတယ်။ စာအုပ်က ဖက်ဆစ်စနစ်ရဲ့ သရုပ်သကန် အမှန်ကို ဖွင့်ဟ ပြထားတဲ့ အီတလီ လူမျိုး ကြေးစားစစ်သားနဲ့ သူလျှို တဦး ဖြစ်သူ Amleto Vespa ရေး “Secret Agent of Japan: A Handbook to Japanese Imperialism (1938)” ကို ဘာသာပြန် ထားတာပါ။

စာအုပ် အကျဉ်းချုံး ဘာသာပြန်ကို သတင်းစာဆရာ ဦးထွန်းဖေ (ထွန်းနေ့စဉ်) က မူလ ပြန်ခဲ့ပြီး နောက် နဂါးနီစာအုပ်တိုက်က လက်ဝဲစာပေ တွေကို စနစ်တကျ လေ့လာထားသူ၊ ဆိုရှယ်လစ် သဘောတရားဆိုင်ရာ ပညာရပ်တွေကို အင်္ဂလန်ကနေ ရယူထားသူ ဦးဘတင် ကို အပြည့်အစုံ ပြန်ခိုင်းလို့ ဂျပန် အရှေ့တောင်အာရှ ကို ဝင်တော့မယ်မှန်း သိလျက်နဲ့ အင်္ဂလိပ်ကိုတော်လှန်လိုတာကြောင့် လူထုကြားမှာ ဂျပန်လိုလားနေချိန် ဖြစ်ပါလျက် မကြောက်မရွံ့ အမှန်ကို အမှန်တိုင်း ဖက်ဆစ် စနစ်ရဲ့ ဆိုးဝါးရက်စက် လူမဆန်ပုံတွေကို ဖွင့်ချ လမ်းပြခဲ့ပါတယ်။ ဦးဘတင်ဟာ လက်ယာ အစွန်းရောက် ဂျပန်ဖက်ဆစ်စနစ် ဆန့်ကျင်ရေးတွေ ပါးပါးလေးထည့် ထားတဲ့ ဆိုရှယ်လစ်ဝါဒနှင့် နိသျည်း (စီးပွားရေးအပိုင်း) စာအုပ် (မူရင်း Theory and Practices of Socialism by John Strachey, 1936) ကိုလည်း ဘာသာပြန်ပြီး ၁၉၄၀ ခုနှစ်မှာ ထုတ်ခဲ့ဖူးပါတယ်။

ဒီလို ဂျပန်ဆန့်ကျင်ရေး စာအုပ်တွေ အတွက် အဲဒီ ခေတ်မှာ ဝေဖန် သူတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဆစ် ဂျပန် စစ်တပ် တကယ် မြန်မာပြည် ဝင်ချိန်မှတော့ ဒါတွေဟာ အမှန်ပါ့လား ဆိုတာ အားလုံး သိသွားပါတယ်။ ဒါပေမယ့် အဒီအချိန်မှာ တိုင်းပြည် ရဲ့ အန္တရာယ်ကို စောစီးစွာ အလင်းပြ နှိုးဆော်ခဲ့တဲ့ ဘာသာပြန် စာရေးသူ အတွက် အဆုံးသတ်ရလဒ် ကတော့ ဂျပန်ဖက်ဆစ်တွေရဲ့ သတ်ဖြတ်ခြင်း ခံရတာပါပဲ။

မြန်မာပြည် စစ်အာဏာရှင်စနစ် တပ်မတော်ရဲ့ ဆရာရင်း ဖြစ်တဲ့ ဂျပန်ဖက်ဆစ် “ဓားမိုး သေနတ်ကိုး” ခေတ်အောက်ရောက်စဉ် အချိန်မှာလည်း အထက်မှာ ဖော်ပြခဲ့တဲ့ ဦးဘတင် အသတ်ခံရမှုလို ဖြစ်စဉ်တွေ ရှိပေမယ့် စာသမား၊ သတင်းသမားတွေကတော့ ငြိမ်ဝပ် ပိပြား မနေကြပါဘူး၊ ဂျပန်ကင်ပေတိုင်နဲ့ ဆင်ဆာ အောက်မှာ ရအောင် စာတွေ၊ သတင်းတွေ ရေးခဲ့တဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။

စက္ကူရှားတဲ့ ခေတ်မှာ သတင်းစာ ထုတ်ရတော့ ဂျပန် စစ်တပ်နဲ့ စိစစ်ရေး ဆင်ဆာ အဖွဲ့က ဖြုတ်လိုက်တဲ့ ကွက်လပ်အဖြူကြီး တွေ အတိုင်း ထွက်ခဲ့ရတဲ့ သတင်းစာတွေက မြန်မာသတင်းစာဆရာ၊ စာနယ်ဇင်းဆရာကြီးများရဲ့ သတ္တိကို ဖော်ညွန်းနေပါတယ်။ သတင်းစာများကနေ ပြောခဲ့တဲ့ သမိုင်းတွေကို ပြန်လှန်ကြည့်ပြီး ယနေ့ခေတ် ဆရာများ အတုယူ သင့်လှပါတယ်။ ဂျပန်ခေတ်မှာတောင် ဆင်ဆာလွတ်အောင် ရေးနိုင်စွမ်းတဲ့ သတင်းစာဆရာကြီး စာရေးဆရာကြီးရဲ့ ဇဝနရဲ့ ထေ့လုံး၊ လှောင်လုံး တွေမျိုးကိုလည်း ယနေ့ခေတ် စာနယ်ဇင်း ဆရာများ ဦးခိုက်သင့်လှပါတယ်။

ဒါ့အပြင် မြန်မာစာရေးဆရာတွေ တီထွင်ဆန်းသစ်ပြီး ဂျပန်စစ်ဖိနပ်အောက် ရောက်နေတဲ့ခေတ်မှာပဲ စတင်ခဲ့တဲ့ စာရေးဆရာအသင်း ရန်ပုံငွေ အတွက် စာရေးဆရာတွေ ကိုယ်တိုင် ကပြတဲ့ စာရေးဆရာပြဇာတ် ဆိုတာတွေဟာလည်း ဖိနှိပ်တဲ့ ခေတ်စနစ်ကို တနိုင် အံတုကာ စာနယ်ဇင်းဆရာများ စင်ပေါ်တက် ပြဇာတ်ကတဆင့် ပြည်သူလူထု ကိုယ်စား ရင်ဖွင့်ခြင်း တမျိုး ဖြစ်တယ်လို့လည်း သုံးသပ်နိုင်ပါတယ်။

လွတ်လပ်ရေးရပြီးခေတ် ဖ-ဆ-ပ-လ ဒီမိုကရေစီ အစိုးရ ဆိုသော်ငြားလည်း စစ်တပ်လိုလားသူ ဆိုရှယ်လစ်အုပ်စုက ပြည်ထဲရေးကို ကိုင်ပြီး နိုင်ငံရေးဆန့်ကျင်မှု မှန်သမျှကို နှိပ်ကွပ်နေချိန်မျိုးမှာလည်း သတင်းစာဆရာ၊ စာရေးဆရာတွေ စာရေး၍ တဖုံ၊ ပြဇာတ်တွေ ကိုယ်တိုင် ရေး ကိုယ်တိုင် ကပြီး တသွယ် တာဝန်ကျေခဲ့ပါတယ်။ “မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူး ကွယ့်လေး..” (တောင်သမန်လယ်စား မောင်ဖေငယ်၊ ပန်းဆိုးတန်း ဝင်းဝင်းရုံ ၊ ဒဂုံခင်ခင်လေးရဲ့ “စာဆိုတော်” နန်းတွင်း ဝတ္ထုတော်ကြီးကို ကျောရိုးအခြေခံ) ဆိုတဲ့ ‘လေ’ မျိုးဟာ အဲဒီခေတ်ရဲ့ လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလို၊ ယနေ့တိုင်အောင်လည်း သိမီသူများ ရင်ထဲ စွဲလမ်းရပါတယ်။

၁၉၅၈-၆၀ ခုနှစ်နဲ့ ၁၉၆၂ နောက်ပိုင်း စစ်အာဏာရှင် စနစ် လုံးလုံးရောက်ချိန်မှာတော့ သူရဲကောင်း တခေတ်ကို မွေးဖွားဖို့ စစ်ဗိုလ်များက ကူညီ ပါရမီဖြည့်သည့်အလား အဖမ်းမခံရတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ အင်မတန်ရှားပါတယ်။ သတင်းစာဆရာတွေရဲ့ ဘိုးအေကြီး သခင်ကိုယ်တော်မှိုင်း (၁၉၆၄ ကွယ်လွန်) တောင် ဆုံးတာ စော သွားလို့ နို့မို့ ဗိုလ်နေဝင်းနဲ့ တပည့်ကျော်များ လက်ချက် မိမယ် ထင်ပါတယ်။

ဆရာကြီး ရွှေဥဒေါင်း၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ လူထု ဒေါ်အမာ၊ လူထု ဦးလှ၊ မြသန်းတင့်၊ လူထု စိန်ဝင်း၊ ဦးဝင်းတင်၊ ကြေးမုံ ဦးသောင်း၊ စိန်ခင်မောင်ရီ ကနေ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ရွှေကူမေနှင်း ၊ မင်းလူ (ကဗျာတပုဒ်ကြောင့် ထောင်ကျသူ)၊ မသီတာ (စမ်းချောင်း)၊ ကိုအောင်ထွန်း (ကျောင်းသားလှုပ်ရှားမှု သမိုင်း ပြုစုသူ) အဆုံး ယုံကြည်ချက်အတွက်၊ စာနယ်ဇင်း အလုပ်တွေ အတွက် အနစ်နာခံ ထောင်သွင်းအကျဉ်းကျခံ သူတွေ မြန်မာ့စာနယ်ဇင်း သမိုင်းမှာ အထင်ကရ အများအပြား ရှိခဲ့ပါတယ်။ နာမည် ဖော်ပြထားသူတွေဟာ ဥပမာ အဖြစ် ပြခြင်းပါ။ အနည်းစုပါ၊ မင်းပြစ် မင်းဒဏ်ကို အံတု မကြောက်မရွံ ရင်ဆိုင်ခဲ့တဲ့ စာပေသမား၊ သတင်းစာ ဂျာနယ် ဆရာတွေ ဒုနဲ့ဒေး မရေတွက်နိုင် ရှိပါတယ်။

စစ်တပ်ရဲ့ အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တရက်မှာ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်နေဝင်းနဲ့ သတင်းစာဆရာများ ထိပ်တိုက်တွေ့ပုံနဲ့ သတင်းစာဆရာရဲ့ သတ္တိ ကို ကြေးမုံဦးသောင်းက သူ့ရဲ့ ဘီလူးတို့ရွာ (၁၉၉၉ ခုနှစ်၊ မူလ RFA အသံလွှင့်ဆောင်းပါးများ) စာအုပ်မှာ “ဗိုလ်ချုပ်ကြီးနေဝင်း၏ ပထမဆုံးနှင့် နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲ” ဆိုပြီးလည်း တခုတ်တရ ထည့်ရေးဖူးပါတယ်။ ဗိုလ်နေဝင်းက သတင်းစာရှင်းလင်းပွဲ ဆိုပြီး သတင်းစာဆရာတွေကို ခေါ်၊ ပြီးတော့ သူက နောက်ကျလာ၊ သူတပည့်တွေကို မအေ နှမ ကိုင်တုပ် ဆဲ ပြီးတော့မှ ရှေ့ထွက်လာပြီး “ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ၊ မေးချင်တာ မေးကြလေ” ဆိုပြီး လူမိုက်ဂိုက် လုပ်ပုံကို သတင်းစာဆရာကြီး ဗမာ့ခေတ် ဦးအုန်းခင် ရဲ့ တုံ့ပြန်ပုံ အဖြစ်အပျက်ကို ဖွဲ့နွဲ့ရေးထားတာပါ။

ဦးအုန်းခင်က လူကြီးလူကောင်း တယောက်နဲ့ လျော်ညီစွာ ရှေ့ခုံမှာ ယဉ်ယဉ်ကျေးကျေး ထိုင်နေရာက ခြေထောက်တဖက် ခုံပေါ်တင်ပြီး ဒူးကို လက်နဲ့ တဖြတ်ဖြတ်ပုံကာ အသံအောင် အသံကျယ်ကြီးနဲ့ “ဗိုလ်နေဝင်း ခင်ဗျား ဖိတ်လို့ ကျူပ်တို့လာတာ၊ ပြောချင်တာရှိရင် ပြော၊ မရှိရင် ပြန်မယ်၊ ကျူပ်တို့ အချိန်ကုန် မခံနိုင်ဘူး” ဆိုပြီး အာဏာလက်စောင်းထက်လှတဲ့ သက်ဦးဆံပိုင်တမျှ တန်ခိုးထွားနေတဲ့ ဗိုလ်နေဝင်းကို ပြန်ခံ ပက်ပုံက သတင်းစာဆရာရဲ့ သတ္တိပါပဲ။ ဒီအတွက်လည်း ၁၉၆၂ စစ်တပ်က လုံးဝ အာဏာသိမ်းပြီးချိန်မှာ ပထမဆုံး ဖမ်းခံထိသူမှာ ဦးအုန်းခင် ပါပဲ။ ဒါပေမယ့် စာနယ်ဇင်းသမားရဲ့ ပြောင်မြောက်တဲ့ သတ္တိ၊ ဗျတ္တိ ကို ပြနိုင်ခဲ့ပါတယ်။

ကျနော်တို့ မြန်မာပြည်ရဲ့ စာနယ်ဇင်း သမိုင်းနဲ့ ပုဂ္ဂိုလ် တွေရဲ့ ပုံရိပ်ကောင်းက အဲဒီလိုပါ။ ယနေ့ ပုဂ္ဂိုလ် များ အတုယူနိုင်ရင် ကောင်းပါတယ်။ သမိုင်းကို မလေ့လာဖူးတဲ့ ယနေ့ခေတ် လူငယ်များအတွက် လည်း ဗဟုသုတနဲ့ စဉ်းစားသုံးသပ်နိုင်အောင် အနည်းအကျဉ်း တင်ပြလိုက်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူအတွက် သတ္တိပြောင်မြောက်ခဲ့ကြတဲ့ ရဲရင့်သူ စာပေ၊ ဂျာနယ်၊ မဂ္ဂဇင်း စာနယ်ဇင်းသမား အပေါင်းအား ဂုဏ်ပြုလျက် … …။

ငြိမ်းချမ်းအေး
နိုဝင်ဘာ ၁၁၊ ၂၀၁၆
(ဆက်သွန်ရန်နှင့် ဝေဖန်ရန် nyeinchanaye81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်