မောင်လူရေး – အရပ်ကထိန် ဇာတ်ကထိန် မြတ်ကထိန်

November 15, 2016

Artist – Than Htay Maung

မောင်လူရေး – အရပ်ကထိန် ဇာတ်ကထိန် မြတ်ကထိန်
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

ရန်ကုန်မှာ ဟိုနားဒီနား သွားတော့ ကထိန်ပွဲတွေ တွေ့ရတယ်။ တနေရာမှာ မီးရောင်မလင်းတလင်း၊ ကီးဘုတ်တလုံး၊ ဆောင်းဘောက်နှစ်လုံး၊ ဆိုမယ့်သူတယောက်စာ ဆန့်တဲ့ စင်သေးသေးနဲ့ ဘေးက ကထိန်မဏ္ဍပ်လေးမှာ အမေတခု သားတခုမို့သာဘဲလေ ဆိုပြီး သီချင်းဆိုနေတာတွေ့တော့ ကိုယ့်ဆီက ကထိန်ပွဲတွေကို သတိရတယ်။

ကိုယ့်ဆီကဆိုတာ ရွာကထိန်နဲ့ ရွှေဘိုမဟာဘုံကထိန်ပါ။

ကထိန်နီးပြီဆို ကလေးတုန်းက သိပ်ပျော်။ အဘိုးအဘွားများရှိရာ ရွာကို ဘေးကျားဆိုတဲ့ ရန်အောင်မန်းကား ဘတ်စလုံးကြီးနဲ့အပြည့် တရွှေလုံး တမျိုးလုံးစုပြီး သွားကြရမှာ မဟုတ်လား။ တခါတလေတော့လဲ ရွာက ဦးလေးရဲ့ ဆားတောင်မန်းဆိုတဲ့ ကားကြီးနဲ့ပေါ့။ သူလဲ ဘတ်စလုံးလိုပါဘဲ။ ဒီကားတွေရဲ့ ဘော်ဒီကိုလဲ ဆားတောင်ကဘဲ ရိုက်တာများတာကိုး။ လိုင်းကားနဲ့ လိုက်သွားတဲ့အခါဆိုရင်လဲ ပျော်စရာကတမျိုး။ ကားလမ်းမှာ အမျိုးတွေက လှည်းနဲ့ လာစောင့်နေတာဆိုတော့ လှည်းစီးရမှာတွေးပြီး ပျော်နေပီးသား။ လှည်းစီးရတာ သိပ်ဇိမ်ကျတယ်။ လှည်းပေါ်ကောက်ရိုးထုံးတွေတင်၊ အဲဒီပေါ် ဖျာကြမ်းခင်း၊ ပီးရင် သင်ဖြူးထပ်ခင်း။ အိအိ အိအိနဲ့ စီးလို့သိပ်ကောင်း။ နွားလဲ ဝင်မောင်းလို့ ရတယ်လေ။ ရွာက ထန်းဂေါင်းဒေါင့်ရွာ။ ပြောရင် ဒဂေါင်းဒေါင့်လို့ဘဲ ပြောကြတယ်။ ဝက်လက်မြို့နယ်။

သိတယ်မဟုတ်လား။ ရွာဆိုတာ။ တရွာလုံးအမျိုးချည်းဘဲ။ ဘယ်အိမ်သွားစားစား။ ဟိုအိမ်က ရေနွေးသောက်လာခဲ့ကြအုံး၊ ဒီအိမ်က ရေနွေးသောက်ကြွခဲ့ကြအုံးနဲ့။ လာနှုတ်ဆက်ရင်း ခေါ်ကြ၊ တအမ်သွားတာမြင်ရင် မြင်တဲ့သူက ခေါ်ကြ။ မုန့်ကတော့ မြို့ကဝယ်တဲ့ စလေဘီ၊ ရွာလုပ် မုန့်ဘောက်၊ ပဲပြုတ်ကျော်၊ လက်ဖက်သုတ်၊ ငှက်ပျောသီး ဒါတွေများတယ်။ ငှက်ပျောသီးက ခွန်စိမ်း။ အခွံပေါ် အနက်ပြောက်လေးတွေ ထင်နေပြီဆို သိပ်စားကောင်း။ ရွာရောက် ကားပေါ်ကဆင်းတာနဲ့ အဘတွေ အမေကြီးတွေ ဦးလေးတွေ နှုတ်ဆက်ရင်း ဆန်အိုးဆီ တန်းပြေးတာဘဲ။ စဥ့်အိုးကြီးထဲမှာ ဆန်တွေထည့်ထားတယ်။ ဆန်ကို ဘယ်တော့မှ အပြည့်မထည့်ဘူး။ ငှက်ပျောသီးအုပ်ရအောင် နေရာချန်ထားတာ။ အဲဒီထဲမှာ ငှက်ပျောသီးတွေ ရှိတယ်။ အခု ဆေးမှည့်တွေနဲ့ အရသာကွာခြားပုံကို ဆန်အိုးထဲက ငှက်ပျောသီးအရသာ မစားဘူးတဲ့သူက သိပ် ခန့်မှန်းတတ်မှာ မဟုတ်ဘူး။

ရွာကထိန်မှာ အရေးကြီးတာရှိတယ်။ အဲဒါက ဇာတ်ပွဲ။ ဘေးရွာတွေကလဲ လာကြည့်တယ်။ လှည်းတွေနဲ့ရော ခြေလျင်ရော။ ရွာကနေ တခြားမြို့ရွာရောက်နေသူတွေလဲ အကုန်နီးနီး ပြန်လာကြတယ်။ ဇာတ်ဆိုတာက ရွှေမန်းလား စိန်မာဒင်လား မေးမနေနဲ့။ အဲဒါတွေက ဧရာမဘုရားပွဲကြီးတွေ ဘာတွေမှ။ ဘုန်းကြီးပျံတို့ ဘာတို့ဆိုရင်တောင် မန္တလေးဇာတ်၊ မုံရွာဇာတ်တွေ။ ဒါက အရပ်ဇာတ်။ အရပ်ဇာတ်ဆိုတာ ရွာသူရွာသားတွေဘဲ ကကြတာ။ ကိုယ့်ဘာသာ ပြဇာတ်ရေး၊ အော်ပဒါရေး၊ ဇာတ်ညွှန်းခွဲ၊ ဒါရိုက်တာလုပ်၊ နောက်ခံတေးဂီတအတွက် ဆိုင်းသမား ဗုံသမား ဂစ်တာသမား ဒရမ်သမားတွေ ရှိကြတယ်။ အကုန်ရွာက။ အဲ အဲ မင်းသမီးတော့ ရွာက မရဘူး။ ရွာသူတွေက ယိမ်းအကနဲ့ စတိတ်ရှိုးလာက်ဘဲ။ မင်းသမီးကတော့ မန္တလေးတက်ငှားရတယ်။ ဇာတ်မင်းသမီးတွေပေါ့။

ဒီနေရာမှာ ပြဇာတ်ဒါရိုက်တာက သိပ်အရေးကြီးတယ်။ ပြဇာတ်ထဲပါမယ့်သူတိုင်း အနည်းဆုံး မင်းသမီးလက်ကိုတော့ ကိုင်ရမှ။ ပခုံးမဖက်ရတဲ့တိုင်အောင်ပေါ့။ ဆိုင်ဆိုင် မဆိုင်ဆိုင် ကိုင်ရမှ။ ထည့်မရေးထားလည်း စင်ပေါ်ရောက်တာနဲ့ မင်းသမီးဆီ တန်းလာတာဘဲ။ မင်းသမီးကတော့ အခန်းတိုင်း ပါရတယ်ထင်တာဘဲ။ ပြဇာတ်ရေးတဲ့သူကလည်း လူတိုးတိုင်း ပြင်ရေးရတယ်။ ခုခေတ်စကားနဲ့ပြောရရင် တော်ရုံ စကေးနဲ့ မရဘူးပေါ့လေ။ မင်းသမီးလက်မှ မကိုင်ရရင်လဲ ပါကြမှာမဟုတ်ဘူး ဒါဆိုရင် ဇာတ်ကတဲ့စရိတ်တွေ ကာမိဖို့ မဖြစ်နိုင်ဘူး။ ဒီဇာတ်ကဖို့ မီး၊ ကားလိပ်၊ မင်းသမီးငှားက၊ အသံချဲ့စက်ငှားခ ဘာညာသာရကာစရိတ်တွေအကုန်လုံးက ရွာဘုံပိုက်ဆံနဲ့ လောက်တာမဟုတ်ဘူး။ ပါမယ့်သူတွေ ထည့်ခိုင်းရတာ။ ယိမ်းကချင်သူလဲထည့်၊ သီချင်းဆိုချင်သူလဲထည့်၊ ပြဇာတ်ကမည့်သူလဲ ထည့်၊ အော်ပရာကမယ့်သူလဲ ထည့်၊ ဘယ်နေရာပါပါ ထည့်ဘဲ။ အဲတော့ လူများမှဖြစ်မှာ။

တရွာလုံး သူ့အိမ် ကိုယ့်အိမ် ဘယ်သူက ဘယ်နေရာတဲ့ဆိုတာကလဲ ပြောမဆုံး။ ဇာတ်ဝင်ခန်းသုံးမလို့ဆိုပြီး ဟိုဟာဆွဲသွား၊ ဒီဟာဆွဲသွား၊ အမတွေ ညီမတွေရဲ့ အဝတ်အစား အသုံးအဆောင်တွေလဲ မနေရဘူးပေါ့။ ယမ်းဖောက်ဖို့ မီးခြစ်ဆံတွေ ခွာ၊ အသားကို ထွင်းပြီး ဆုံလုပ်ဖောက်ရတာ။ သေနတ်သံ မပါရင် ပြဇာတ်ဖြစ်တာမဟုတ်ဘူး။ ပြဇာတ်တိုက်ကြ အကတိုက်ကြ၊ စတိတ်ရှိုးအတွက် သီချင်းတိုက်ကြ၊ ပွဲခင်းထဲ တန်းလျားတွေ ကုတင်တွေ ကောက်ရိုးတွေ ဖျာတွေနဲ့ နေရာသွားလုပ်ကြ၊ ချက်ကြ ပြုတ်ကြ၊ ကြော်ကြ လှော်ကြ၊ အော်ကြ ခေါ်ကြနဲ့ တရွာလုံး အုံးအုံးထလို့။

ညနေ မီးလှည့်အတွက် အပျိုတွေကလဲ ပြင်ကြ ဆင်ကြ။ အကိုတွေကလဲ ယဉ်စ ယဉ်စ။ တီးဝိုင်းသမားတွေကလဲ ဂွီကြ ဂွမ်မ်ကြ။ အဲလိုနေ့တော့ ရွာမှာ မီးစက်မောင်းတယ်။ ဘုရားမီးနဲ့ လမ်းမီးပေါ့။ အိမ်တွေကတော့ အောက်လင်းဓာတ်မီးကြီးတွေ ထိန်ထိန်လင်းလို့။ မီးလှည့်ဆိုတာ အပျိုတွေ ကလေးတွေက ဖယောင်းတိုင်ကိုယ်စီထွန်းပြီး ရွာတပတ်ပတ်ပြီး ဘုရားသွား မီးပူဇော်တာ။ အကိုတယောက်များ ကထိန်နီးပြီဆို မောင်းနေတဲ့ကား ထိုးပြီး ပစ်ထားလိုက်တော့တာဘဲ။ ဘယ်သူမောင်းမောင်း မမောင်းမောင်း လှည့်မကြည့်တော့ဘူး။ တီးဖို့ ဆိုဖို့ အသံချဲ့စက်ငှားဖို့ တီးလုံးတိုက်ဖို့တွေ လုပ်တော့တာဘဲ။ လ ချီလုပ်ရတာတွေနော်။

ဒီအရပ်ဇာတ်ကနေ ပြဇာတ်မင်းသားဖြစ်သွားတဲ့သူတွေ ရှိတယ်။ ကိုယ်ပိုင်တောင် ဇာတ်တွေ ဘာတွေ ထောင်လို့။

အော် ရွာကထိန်။ လွမ်းစရာ။

အင်း ခုတော့ ဒါတွေ ဒါတွေ မရှိပါလေတော့။ စစ်အစိုးရတက်ပြီးနောက်ပိုင်း တစတစ ပျောက်ကွယ် သွားပါပကော။ လူမစုရတာ။ ခွင့်ပြချက်တောင်းရတာ။ တခုခုဖြစ်မယ်နော်၊ ဖြစ်ရင် မလွယ်ဘူးဆိုတဲ့ ဘယ်က ဘာမှန်းမသိတဲ့အရာတွေကို ကြောက်နေရတာတွေ။ မလုပ်ချင်ကြပါနဲ့ကွာ၊ ဘာမှ မလုပ်တာ အေးပါတယ်ဆိုတဲ့ဟာတွေနဲ့ ရပ်ရွာတွေရဲ့ ညီညွတ်လှပ တက်ကြွကိုယ်စီ ကြည်ကြည်လင်လင်လုပ်ကြတဲ့ သဟဇာတ်တွေလဲ အရပ်ဇာတ်နဲ့အတူ ပျောက်ကွယ်သွားပါပကော။

နောက် ရွှေဘိုကထိန်။

ရွှေဘိုကထိန်ရဲ့ ထူးခြားချက်က တမြို့လုံးခင်းသမျှ လမ်းမတော်မှာ လာစုကြတယ်။ အငြိမ့်တွေ ဇာတ်တွေပါတယ်။ ကထိန်ပွဲဈေးတန်းလျှောက်ရတဲ့အရသာက တမျိုး။ လှူတာ တန်းတာတွေကို မြင်ရတဲ့ပီတိအပြင် ကိုယ့်ပါဝင်မှုတခုခုလဲ တနေရာရာမှာတော့ ရှိတာကိုး။ ဒီအရသာမျိုးက တခြားပွဲမှာ မရဘူးလေ။

ကထိန်ဆိုတာက တခြားပွဲလမ်းနဲ့ မတူတာက သူက ငွေကို တနှစ်လုံးစုရတာ။ ပြောရရင် တနှစ်လုံး အားယူလာတာပေါ့။ ဈေးသူ ဈေးသားတွေဆိုရင် ဆယ့်ငါးပြာစုတို့ နှစ်ဆယ့်ငါးပြားစုတို့က စပြီးရှိတယ်။ သူ့ခေတ်နဲ့ သူပေါ့လေ။ နေ့စဉ်စုတယ်။ ကထိန်ကြေး ကောက်ပေးတဲ့သူတွေရှိတယ်။ အထည်တန်း စက်တန်း ကုန်စိမ်းတန်း စတဲ့ အမျိုးအစားလိုက်ပေါ့။ တချို့ကွမ်းယာဆိုင် လက်ဖက်ရည်ဆိုင် အရက်ဆိုင် စာအုပ်ဆိုင်လေးတွေမှာ ကိုယ့်ဖောက်သည်နဲ့ကိုယ် သဒ္ဓါကြေး၊ တချို့လဲ အပတ်စဉ် လစဉ်စုကြတာတွေလဲရှိတယ်။ ကားအသင်းတွေကြ ကားထွက်ရင် ကထိန်ကြေးကို တခါတည်း ဖြတ်ထားလိုက်တာတွေ ရှိတယ်။

စုပုံအမျိုးမျိုးရှိပေတဲ့ တူတာကတော့ တနှစ်လုံးစုလာတာ။
အဲဒီငွေထဲကမှ ပျော်ပွဲရွင်ပွဲကြေးကဘယ်လောက်၊ မဏ္ဍပ်အတွက်ကဘယ်လောက်၊ ကထိန်ခင်းဖို့က ဘယ်လောက်ဆိုတွက်ကြတာ။ အဲဒီခင်းမယ့်ထဲမှာလဲ မဏ္ဍပ်မှာ အမာခံဝယ်ဖို့က ဘယ်လောက်၊ ကိုယ်ခင်းဖို့ မဲကျတဲ့ကျောင်းမှာ သံဃာဘယ်လောက်ရှိ၊ အပါးစေ့ ဘာလှူမယ်၊ ပီးတော့ ကျောင်းမှာ အထူးလိုအပ်တာ ဘာရှိလဲ၊ အဲဒါသုံးဖို့ ထပ်ခွဲရတယ်။ ဘုန်းကြီးကလဲ သူ့ကျောင်း သူ့ရပ် သူ့ရွာအတွက် ဘာလိုပါလိမ့် စဉ်းစားရတယ်။ ကျောင်းအတွက်တင် စဉ်းစားလို့ မရဘူး။ ရပ်ရွာရဲ့ ကိစ္စဝိစ္စတိုင်းကလဲ ဘုန်းကြီးကျောင်းအခြေပြုလုပ်ကြတာဆိုတော့ ဥပမာ ဒန်အိုးအကြီးကြီးတွေ လိုသလား၊ တချို့လဲ ကျောင်းဆောင် မတည်ပေးဘို့လိုသလား စဉ်းစားကြတာပ။ ကထိန်ဆိုတာ သင်္ကန်းချို့တဲ့တဲ့ရဟန်းကို ဦးစားပေးလှူဒါန်းဖို့ ဘုရားရှင်စီမံခဲ့တဲ့အတိုင်း သင်္ကန်းလောက်တော့ ဒီခေတ်ကအပျော့ပေါ့ဆိုတော့ ကျန်တဲ့ အသုံးအဆောင် အားနည်းချက်ကို ဖြည့်ဆည်းပေးတဲ့အဆင့် ရောက်သွားပြီလေ။ သက်ဆိုင်ရာ ကျောင်းရဲ့ ရပ်ရွာ တကာတကာမကလဲ ဒို့ကျောင်း ဒို့ရွာ လာပြီး ကထိန်ခင်းမှာဆိုတော့ လူဘယ်နှစ်ရာပါမလဲဆိုတာမေးပြီး ကျွေးမွေးဖို့ စီမံချကိပြုတ်ကြ။ အလွန်လှတဲ့ ရပ်ရွာ သဟဇာတဖြစ်မှုတွေပေါ့။

ကထိန်ခင်းကြမယ်ဆိုတော့ ခုနကပြောတဲ့ ကထိန်ရဲ့အနှစ်သာရတခုဖြစ်တဲ့ ဘုရားအလိုကျ ချို့တဲ့တာဦးစားပေးမူကို လက်ကိုင်ထားလို့ ဆင်းရဲနွမ်းပါး ချို့တဲ့ကျောင်းကို ရှာကြတယ်။ ကထိန်လှည့်ဟာ သိပ်အရေးကြီးတယ်။ လူပျော်တွေ လူပျက်တွေ သရုပ်ဖော်ပုံအမျိုးမျိုးနဲ့ တင်ဆက်ခွင့် ရသလို အဆို အကဝါသနာရှင်လေးတွေလဲ တပွဲတလမ်း အကဲစမ်းခွင့်ရ ထင်ပေါ်ရင်လဲ စင်တော်ကောက်ခံရတာပေါ့။ အတီးအမှုတ်ဝါသနာပါသူတွေလဲ တီးခွင့် ဆိုခွင့်ရကြတာပေါ့။ ဒီကထိန်လှည့်ချိန်မှာ ပရောဖက်ရှင်နယ်တွေ ပါဘူးလေ။ ကိုယ့်ထဲကိုယ့်ဟာတွေချည်းဘဲ။ တစိမ်းမငှားဘူး။ ပျော်ဖို့ လုပ်ကြတာတွေချည်းဘဲလေ။

အင်း … လွမ်းလို့ ရေးကြည့်တာပါ။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်