ခင်လွန်း ● ကမ်းပါးနှစ်ဘက်၊ ဇစ်တချောင်းနဲ့ ငါ့ပါးပေါ်က အမွှေးရှည်ရှည်တချောင်း

November 15, 2016

ခင်လွန်း ● ကမ်းပါးနှစ်ဘက်၊ ဇစ်တချောင်းနဲ့ ငါ့ပါးပေါ်က အမွှေးရှည်ရှည်တချောင်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ညက လမင်းနဲ့ရင်မဆိုင်ရဲတဲ့ကျနော် အိပ်ရာစောစော ဝင်ခဲ့တယ်။

လူတယောက်လိုပြီး ကစားရတဲ့ဘောလုံးသင်းတသင်းလို ကစားကွက်ဟာနေခဲ့တာမျိုး ရှိမှာမဟုတ်တာတော့ ကျနော်ယုံ တယ်လေ။ လပြည့်ညဆို လူတိုင်းကိုယ်စီ ခြေစွမ်းထက်ကြတာမျိုးမဟုတ်လား။ အဲဒါတောင် ကပ်သီးကပ်သပ်တွေးပြီး လမင်းကိုအားနာတာနဲ့ ဝရံတာဘက်တော့ ခဏထွက်ငေးမိသေးတာ၊ လိပ်ပြာမလုံတတ်တဲ့ ကင်းခြေများတကောင် လိုနေ မှာပေါ့။ လမင်းမှာ ကျနော်ဝှက်ထားတဲ့ ပုံရိပ်တွေကို လပြည့်ပြီဆိုရင် မနေနိုင်မထိုင်နိုင်လောက်အောင်ပဲ ပတ်စ်ဝဒ်နှိပ်ပြီး ဖွင့် ဖောက်ခဲ့မိတာ ချည်းပါပဲ။

ဒါပေမဲ့ ဒီတခါ တန်ဆောင်မုန်းလကြီးပြည့်တော့မယ်ဆိုကတဲက ကျနော်စိတ်သိပ်လှုပ်ရှားနေခဲ့တယ်။ မှန်တာဖွင့်ပြောရရင် ကျနော်သိပ်ဝမ်းနည်းနေတာ။ ကျနော်သိပ်ငိုချင်နေတာ… ဟော….ပြောရင်းကိုပဲ မျက်ရည်ကစို့လာပြန်ပါပြီ

အမေ တွေ့ရင် ပြောအုံးမှာ
ငါသား မျက်ရည်ခံမှည့်တွေက အလွမ်းသယ်တတ်သတဲ့
မျက်ရည်လွယ်တတ်သတဲ့။
ကျနော်တော့ပြောရင်းတွေးရင်းပဲ မျက်ရည်ကျပြီအမေ….

တကယ်ဆို လွန်ခဲ့တဲ့ ၄ – ၅ လ ဝါဆိုပြီးကတည်းက ကျနော့်ရင်ထဲမှာ အလွမ်းဆူး ကြီးကြီး တချောင်းထိုး ဝင်စိုက်နေတော့တာ။ မှတ်မှတ်ရရ ကျနော့်အသက် ၅၀ ပြည့်နေ့တုန်းကပေါ့အမေ။ စိတ်ထဲစူးဝင်နေတဲ့အလွမ်းကို သက်သာရာရလိုရငြား ကျနော် လုပ်နိုင်တာက အဝေးကအမေ့ကို ရည်စူးပြီး ဝါဆို သင်္ကန်းတစုံ လှူနိုင်ခဲ့တာလေးပါပဲ။ အမေသိစေချင်လိုက်တာလေ။ ဒါလေးတောင်အမေ့ကို လှမ်းမပြောနိုင်တဲ့ ကျနော့်အဖြစ်ကလည်း ကမ္ဘာကြီးနှစ်ခြမ်း ဟက်တက်ကြီးခွဲထားတဲ့ ကမ်းပါးနှစ် ဘက်ကို ဇစ်တချောင်းဆွဲစေ့ပစ်လိုက်သလို မလုပ်နိုင်ခဲ့သေးတာကိုပေါ့။ အဲဒါ ရင်ဘက်ဟပြဲကြီးဖြစ်နေတဲ့ ကျနော့်ရဲ့ ပွက် ပွက်ထဆာလောင်မှုပေါ့။

ဟုတ်တယ်။ အမေကလှမ်ပြီး သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့ကိုပဲ ဟော့ဒီကမ်းပါးနှစ်ဘက်ကို ကျနော် ဆွဲစေ့မပစ်နိုင် ခဲ့သေးဘူး။ တံတားတွေအတန်တန်ထိုးခဲ့ကြပေမယ့် ကမ်းပါးတွေအဖန်ဖန်ပြိုပြိုကျခဲ့ ပြန်တော့ အမေနဲ့ကျနော်အကြား နှစ်ပရိစ္ဆေဒအလွမ်းမြစ်ကြီးကသာ နာကျည်းဖွယ်အဖြစ် တအိအိ တအိအိနဲ့ တွင်တွင်စီးမြဲ စီးလျက်ပေါ့ အမေ။

ကျနော်အသက် ငါးဆယ်ပြည့်တဲ့နေ့တုန်းက ဒဂျစ်တယ်ကင်မရာလေးတလုံးအကူအညီနဲ့ ကျနော့် ကိုကျနော် ပြန်မြင်ခဲ့ရ တယ်။ မောပန်းနွမ်းလျဖွယ်ကောင်းလှတဲ့ ကာလရှည်ရှည်တွေကြား လွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ တိုရေရှားရေနိုင်လှတဲ့ အမေနဲ့ပတ်သက်ရာစကားတခွန်းကို ကျနော်ကြားရခဲ့တယ်။ အခုဆိုရင် အမေဟာ အဖေ့ရုပ်ကြွင်းဓာတ်ပုံကို ကျနော်လို့သာ ထင်မှတ် နေတော့သတဲ့။ အဲဒီ့တုန်းက အမေသတိမကောင်းတော့ဘူး သူငယ်ပြန်ချင်နေပြီဆိုတာ ကျနော်ဖြင့် မကြား ရဲရဲကြားလိုက်ရတာ ဆင်းရဲဒုက္ခကြီးလိုက်တာလေ။

နောက်တခုက မိသားစုဘဝတလျှောက်လုံး အကြိမ်ကြိမ်စိုက်ခဲ့ဖူးပါလျက် အုန်းပင်လေးတပင်ဖြစ်ဖို့ ဒုလ္လဘတရားဟာ ကျနော်အိမ်က ထွက်ခွာသွားရလိမ့်မယ်လို့မထင်ထားတဲ့တချိန်တုန်းမှာ အမှတ်မထင်စိုက်ခဲ့ရာက အခုတော့ဖြိုင်ဖြိုင်ကို သီး လို့တဲ့။ အဲဒါကိုတော့ အမေက ငါ့သားစိုက်ခဲ့တဲ့ အုန်းပင်လေးဆိုပြီး တဖွဖွတသသ ရယ်ပဲတဲ့လေ (ကျနော်အမေ့အိမ်က ကျနော်မထွက်ခင်လေး ကဲ …သား ဒီတခါ ကိုယ့်စိတ်ကူးနဲ့ကိုယ် စိုက်ကြည့်စမ်းဆိုတော့ ကျနော်ကိုယ်တိုင် ခြံဝင်းထဲ စိုက်ကြိုက် နေရာရွေးပြီး စိုက်ခဲ့တာပါ)။ အင်း …အဖေကတော့ အုန်းပင်မှ မဟုတ်ပါဘူး၊ ဘာပင်ကိုမှ စိုက်ခဲ့ဖူး တာမှ မရှိဘဲ လေ။

ကိုယ့်ကိုယ်ကို ပြန်မြင်ရတာလေးပြောအုံးမယ်အမေ။ ကျနော်သာအမေ့လိုများ သတိတွေဖောက် ပြန်နေခဲ့ရင် ကိုယ့်ပုံ ကိုပြန်ကြည့်ပြီး အဖေလို့များထင်နေမလား မဆိုနိုင်ဘူး။ တထေရာတည်း တဖြတ်တည်းပဲအမေ။ တူလိုက်သမှ။ (တကယ်က အဖေ့လောက်ကျနော်ကမချောဘူးလို့ အဖေမသေခင် ကိုယ်တိုင်ပြောခဲ့ဖူးတာအမှတ်ရမိပါတယ်) အဖေလည်း ငါးဆယ်ဝန်း ကျင်လောက်ဆို ဆံပင်တွေ ဆွတ်ဆွတ်ဖြူနေတာ ကျနော်မျက်လုံးထဲစွဲနေတုန်းလေ။ အခု ကျနော်လည်း ဒီလိုပါပဲ အမေ။ ကျွဲကော်ကိုင်းမျက်မှန်အောက်က အဓိပ္ပာယ်တွေပျောက်ဆုံးနေတဲ့ အဖေ့မျက်လုံးအစုံလို ကျနော့်မှာဖြစ်နေလေမလားဆိုတာကိုတော့ အမေကလွဲပြီးဘယ်သူမှ ခွဲခြားနိုင်မယ်မထင်ဘူးအမေ။

ကျနော်အသက် သုံးဆယ်အရွယ်တုန်းက လပြည့်ညလေးတညကိုတော့ အောက်မေ့ပါသေးရဲ့။

အမေက ဟိုးရန်ကုန်နဲ့မိုင်ငါးရာလောက်ဝေးတဲ့ မြို့တမြို့မှာတာဝန်ကျနေတဲ့ ကျနော့်အထက်အစ်မ တကိုယ်ရေတကာယ သမားဆီ လိုက်နေရတုန်းကလေ။ ကျနော်ကတော့ မိသားစုပိုင် အိုအိုမှေးမှေး ခယိုးခယိုင် အိမ်လေးကိုအစောင့်အဖြစ် တယောက်ထဲ ကျန်ခဲ့တဲ့အခါတုန်းကပေါ့။ ဘယ်အိမ်ထောင်မှုဒုက္ခကိုမှမရှာဘဲ အမေ့ကိုပင်တိုင်လုပ်ကျွေးနေတဲ့ အစ်မရဲ့စိတ် မချနိုင်မှုတွေထဲက အမေဟာလေ အမယ်မယ်အကြောင်းကြောင်းတွေပြပြီး ရန်ကုန်ရေစီးထဲ ဖြစ်သလိုကျင်လည်နေရတဲ့ ကျနော့်ဆီ မရောက် ရောက်အောင် တယောက်ထဲ ပေါက်ချလာတတ်တယ်လေ။ ကျနော်သတိရနေတာက အဲဒီ့ရက်တွေ ထဲက တန်ဆောင်မုန်းလ ပြည့်တညအကြောင်းပဲပေါ့။

အဲဒီ့ညမှာ မိုင်ငါးရာခရီးကို အသက်အရွယ်ကိုမှမထောက် အပန်းတကြီး မောပန်းပြီးလာခဲ့ရတဲ့ အမေဟာ အနားလေး တောင်မယူနိုင်ဘဲ ကျနော့်ကို မျက်လုံးပေမှေး ကလေးလေးတယောက်ကို ကြည့်သလို မျိုးစေ့စေ့ကြည့်နေရှာတယ်။ အဲဒီ့အကြည့်က ကျနော့်အရည်ပြားတွေထဲ တိုးဝင်ပြီး ခန္ဓာကိုယ်တခုလုံးဆီ တစိမ့်စိမ့်စီးဝင်နေသလားလို့တောင် ကျနော်ဖြစ် နေခဲ့တယ်။

ကျနော်တယောက်ထဲ ဘယ်လိုနေ ဘယ်လိုစားသလဲ အမေပူရှာတယ်။ လုပ်လက်စမဂ္ဂဇင်းလေး ကလည်းပြုတ်သွားတော့ အလုပ် လက်မဲ့ဖြစ်နေတဲ့ သူ့သားဒုက္ခအိုးကြီးအတွက် အမေ့မှာ မအေးရရှာဘူးထင်ပါရဲ့။

အမေအိပ်တော့လေ ပင်ပန်းလာတယ်ဆိုလို့ပြောလဲ မအိပ်ဘူး။  ကျနော့်အိပ်ရာဘေး ပွစာထနေတဲ့ ဟိုစာအုပ်လေးကောက်လှန် ဒီစာအုပ်လေးကောက်လှန်နဲ့ (တကယ်က အမေစာမဖတ်တတ်ရှာပါဘူး) ကျနော့်မျက်နှာကိုပဲ ငေးငေးလေးကြည့်နေတော့ တာပါပဲ။

ဒီလိုနဲ့နေရင်း ကျနော်ကအမေအိပ်သွားအောင် အိပ်ရာပေါ်ကျနော်ကိုယ်တိုင် အသာလှဲချလိုက်တယ်။ ဒါမှ အမေလိုက်အိပ်မှာမဟုတ်လား။

မဟုတ်ဘူးဗျာ…
အမေက ကျနော်နဲ့ဘေးချင်းယှဉ်လှဲနေရာက ငေါက်ကနဲထထိုင်လိုက်ပြီး … ဟဲ့သား နင့်ပါးမှာ ဟိုအမွှေးရှည်လေးရှိသေး လားတဲ့၊ အဲဒီလို ကောက်ကာငင်ကာမေးလိုက်တာ။ ဒိုင်း ကနဲ ကျနော့်ရင်အုံပေါ် လမင်းကြီးတည့်တည့်ပြုတ်ကျလာသလို ခံစားလိုက်ရတယ်။ အို အမေရယ်လို့ စိတ်ထဲကပြောရင်း နင့်နေတော့တာပါပဲ။

ကြည့်လေ၊ ကျနော်တို့မှာက မောင်နှမ ၆ ယောက်ရှိတယ်၊ အမေက အဲဒါတွေအားလုံးကို ဒီလောက် အသေးစိတ်မှတ်နေရရင် သေရောပေါ့။ အမေရယ် မပင်ပန်းဘူးလား။

ဟုတ်တယ်။ ကျနော်လူပျိုပေါက်လေးဖြစ်လာတော့ ဘယ်ဘက်အခြမ်းက ပါးပေါ်မှာ အမွှေးဖြူဖြူရှည် ရှည်လေးတချောင်း ပေါ်ခဲ့ဖူးတယ်။ အဲဒီ့အမွှေးလေးက သာမန်ထက်တော်တော်လေးကို ရှည်နေတော့  တလွင့်လွင့်နဲ့မို့ ထူးထူးဆန်းဆန်းဖြစ်ပြီး အမေ့ကိုပြောပြဖူးတယ်။ အမေက ကျနော့်ပါးပေါ်က အမွှေးနုနုလေးကိုပွတ်သပ်ကြည့်ပြီး တအံ့တသြဖြစ်လို့။ မျက်နှာပေါ်မှာ လည်း ကမ္ဘာဦးရဲ့ နေ့သစ်တနေ့လို တောက်ပချိုမြိန်လို့။

အို … သိပ်ကောင်းတာပဲသားရေ၊ အဲဒါလေး ကျွတ်မသွားစေနဲ့နော်တဲ့။

ဒါနဲ့ ကျနော်လည်း ဘာကောင်းတာလဲအမေရဲ့လို့ မေးတော့တာပေါ့။ အမေပြောတာက ဒီလို အမွှေးဖြူလေးရှိတဲ့လူဟာ ဘုန်းကြီးတယ်။ သက်ရှည်တယ်။ (ဘုန်းတန်ခိုးကိုဆိုလိုတာပါ)၊ အခြွေအရံ လူချစ်လူခင်ပေါတယ်။ မင်းလည်း ဖြစ်တတ် တယ်။ ချမ်းလည်း ချမ်းသာမယ်တဲ့။ အဲဒီ့တုန်းက ကျနော်ကလည်း ဘာမှသိပ်သိသေးတာမဟုတ်တော့ အမေ့အဟောကို သဘောအကျကြီးကျလို့။ အမွှေးရှည်ရှည်လေးတချောင်းက တန်ခိုးတယ်ရှိတယ်ထင်တာကိုး။

ခုတော့ နှစ်ပေါင်းလည်း တော်တော်ကြာသွားမှပဲ။ ကျနော်ဖြင့် ဒီအမွှေးလေးတချောင်းကို ဘယ်လို မှတ်မှတ်ရရရှိနိုင်တော့မှာလဲ၊ အမေပြောသလို ဘုန်းကြီး၊ မင်းဖြစ်၊ ချမ်းသာ …ဆိုတာတွေဖြစ်နေခဲ့ရင် တော့ တမျိုးပေါ့။ ခုဟာက လောကဓံနဲ့ကျနော်နဲ့ စာရင်းရှင်းပွဲတွေမှာ ကိုယ်ဘက်ကချည်းအတုန်း အရုန်းအလူးအလဲ ဖြစ်နေခဲ့တာတွေဆိုတော့ …

အင်း၊ ကျနော့်စိတ်ထဲမှာ ဘယ်တုန်းကမှန်းမသိ ရှိမနေတော့တဲ့ ဒီအမွှေးလေးတမျှင်က အမေ့ဆီမှာ ကျန်ရှိနေတုန်းကိုး။ ကျနော့် အသက်သုံးဆယ်အရွယ်လွန်လွန်ထိ ရှိနေတုန်းကိုး။

ပြီးခဲ့တဲ့ ၀ါဆိုက ကျနော့်အသက် ၅၀ ပြည့်ခဲ့ပါပြီ အမေ။

အမေက ယောက်ျားဝါဆို မိန်းမပြာသိုဆို မြတ်တယ်ဆိုလား … သားတယောက်အတွက် အဲဒီ့စကားလေး သာသာထိုးထိုး ဖြည့်တွက်ပြီးပြောခဲ့ဖူးသလို အမေဆက်ပြီး ယုံကြည်ပါသေးသလား အမေ။ မပင်ပန်းဘူးဆိုရင် ကိုယ်ယုံတာလေး ကိုယ်ပွေ့ပိုက်ထားပြီး အသက်ဆုံးတိုင် နေသွားပါ။

အမေရယ်၊ တပင်ရွှေထီးအလောင်းအလျာရဲ့ နဖူးတည့်တည့်အလယ်မှာ မွေးကတည်းက ရွှေရောင် အမွှေးရှည်ရှည်လေးတချောင်းပါသတဲ့။ ဘုန်းမီးနေလတောက်စားမယ့် ဘုရင်တပါးရဲ့ အတိတ်နမိတ် တဲ့။ အဟုတ်ပဲ သူက ဘုရင်ဖြစ်လာသတဲ့။

ကျနော့်ပါးပေါ်က အမွှေးဖြူဖြူရှည်ရှည်လေးတချောင်းကရော ဘာဖြစ်အုံးမှာလဲအမေ။

ကျနော့် ၅၀ ပြည့်မွေးနေ့ဓာတ်ပုံမှာတော့ တခေါင်းလုံးဖွေးဖွေးလှုပ်အောင် ဖြူနေပါပေါ့။

ဘုရင်ဖြစ်ဖို့ ဘယ်တုန်းကမှ ဆုကြီးမပန်ခဲ့ဘူးပေမယ့် အမေနဲ့ပြန်ဆုံဖို့တော့ သားမွေးနေ့မှာဆု တောင်းခဲ့တယ်အမေ။

အရွယ်ရှိတုန်းက သားရှိရာကို မိုင်ငါးရာမက ဘယ်လောက်ဝေးဝေးနေရာကဖြစ်ဖြစ် ပန်းလို့ပန်းရ ကောင်းမှန်းမသိ၊ နွမ်းလို့နွမ်းရကောင်းမှန်မသိ အပြေးလာတတ်တဲ့အမေဟာ အခုအသက်အရွယ် ထောက်လာလို့ ကမ္ဘာကုန်ကျယ်သရွေ့ မလိုက်နိုင်တော့လို့ မဟုတ်ပေမယ့် သားအမိချင်းခြားထားတဲ့ ကမ်းပါးနှစ်ဘက်က အမြင်နီးသလောက် ဝေးလွန်းလှပါပ ကောအမေရယ်။

ဟော့ဒီ့ မြစ်ကမ်းပါးနှစ်ခုကိုသာ အမေပြောသလို ကျနော်ကဘုန်းကြီးတဲ့သားတယောက်အဖြစ် ဆွဲစေ့ပစ်နိုင်တဲ့ လက်ရုန်း ဘုန်းကံများရှိခဲ့ရင် …

အမေရယ်…အမေ့ရင်ခွင်ထဲခေါင်းထိုးဝင်ပြီး သားပါးပေါ်က အမွှေးဖြူဖြူလေးတချောင်းရှာပါအုံးတော့ လား နိမိတ်ကောင်း အတိတ်ကောင်းတွေ ဟောပါအုံးတော့လားလို့ ပြောလိုက်ချင်တာလေ။

ခင်လွန်း
၂၀၀၇ ၊ ဒေါင်းအိုးဝေမဂ္ဂဇင်း (လထုတ်မမှတ်မိတွင် မောင်ကြီးပြည်စိုး ကလောင်အမည်ဖြင့်ရေးသားခဲ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ခင်လွန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)