သာထက်အောင် ● ရှေးမကျ တကျပုံပြင်

November 21, 2016

သာထက်အောင် ● ရှေးမကျ တကျပုံပြင်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

၁၉၇၃ ခုနှစ် ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိကနဲ့ ဘွဲ့ရလာတော့ လူက အသက် နှစ်ဆယ် စွန်းစွန်းပဲရှိ ပါသေးတယ်။  ဘွဲ့မရခင် ကျောင်းတက် နေတုန်းမှာတော့ အဆောင်ကြေး၊ ထမင်းလခ၊ အပိုသုံး၊ ကျောင်းလခတွေကို အိမ် ကပို့ပေး ထောက်ပံ့ပေးလို့ သိပ်မပူရပေမယ့် ကျောင်းပြီးဘွဲ့ရတဲ့အထိ အိမ်ကိုမှီခိုနေရသေးတယ်ဆိုရင် သိပ်မဟုတ်တော့ပါဘူး။  မန္တလေးက Transfer လုပ်လာတဲ့သူဆိုတော့ အစိုးရ အဆောင် မရလို့ နာနတ်တော လမ်းထဲက ပုဂ္ဂလိကအဆောင်မှာ ငှားနေပြီး လှည်းတန်းတ၀ိုက်က ရွှေမြိုင်တို့ ဒေါ်အေးကြင်တို့ဆိုတဲ့ ထမင်းဆိုင် တွေကတော့ ကျွန်တော်တို့လို အပြင်ဆောင် သမားတွေ မှီခိုအားထားရဆိုပါတော့။  ပြည်လမ်း လိုင်းပေါက်နားက ဗာစီတီ ထမင်းဆိုင်ပိုင်ရှင် ကိုကျော် သဘောကောင်းသလို သူ့ဇနီးကလည်း အင်မတန်ဖော်ရွေပြီး သန့်သန့်ပြန့်ပြန့် နဲ့ ည၊ မနက်စားမှ တလကို ကျပ် ၆၀ ပဲပေးရပါတယ်။

အဲဒီခေတ်က ပုဂ္ဂလိက အဆောင်တွေမှာနေရင် တလ ၃၀ ကျပ်၊ ထမင်းလခက ၆၀ ကျပ်၊ လက်မှတ်ထိုး စာရင် ၇၅ ကျပ် (မစားတဲ့ နပ်အတွက် မတွက်ပါဘူး)၊ ကျောင်းလခက ၁၅ ကျပ်၊ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုး၊ လမ်းစရိတ်နဲ့ဆို တလ ၁၅၀ လောက်တော့ ကုန်ပါတယ်။ (ဒူးယားနှစ်လိပ်တမတ်၊ ကျောင်းထဲက သံပုရာရည် တခွက် တမတ်၊ ဒံပေါက် တပွဲ နှစ်ကျပ်ခွဲ၊ ရုပ်ရှင်ရုံ ၀င်ခ တကျပ်ခွဲ၊ နှစ်ကျပ်ခွဲ၊ သုံးကျပ်ခွဲ)။

ခုခေတ်ကုန်ဈေးနှုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ပုံပြင်လိုဖြစ်နေပေမယ့် … အဲဒီခေတ်၊ အဲဒီအခါတုန်းကလည်း ဓနအင်အား မချမ်းသာ၊ အဆက်အသွယ်နောက်ခံ ဘက်ဂရောင်းကောင်းကောင်းမရှိသူတွေအဖို့တော့ ခက်ခဲပင်ပန်းစွာရုန်းကန်ကြရတာပါပဲ။

ဘွဲ့ရပြီးသူတယောက်အတွက် အဲဒီအချိန်က ထွက်ပေါက် ထွက်လမ်းက ဒုရဲအုပ် လျှောက်ချင်လျှောက်၊ ဒါမှမဟုတ် သမ၀ါ ယမဦးစီးဌာန၊ ဒါမှမဟုတ် တောသွားပြီး တွဲဖက်ကျောင်းဆရာလုပ်၊ အဆက်အသွယ်ရှိတဲ့ငွေ ကြေးတတ်နိုင်သူများကတော့ သင်္ဘောသား အိပ်မက် မက်ကြတဲ့အချိန်ဆိုပါတော့၊ တချို့လည်းတက္ကစီထွက်မောင်း။

ဘွဲ့ရလူငယ် တယောက်ဖြစ်ပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ ယောင်ချာချာနဲ့ တလကို မြန်မာကျပ်၂၀၀ ရဖို့ အခွင့်အလမ်းကို မမြင်တော့တဲ့အဆုံး တောသွားပြီး တွဲဖက်ကျောင်းဆရာ ဆိုတဲ့ အရပ်က စုပေးတဲ့ ငွေ၂၀၀ နဲ့ ဘ၀ကို ရှင်သန်ခဲ့ရပါတယ်။

တွဲဖက်ကျောင်းဆရာဘ၀ ၂ နှစ်လောက်လုပ်ပြီးတဲ့အခါကျတော့ စဉ်းစားရပြန်ပြီ၊ ဒီလိုပဲတော့ ကျောင်းဆရာဘ၀နဲ့ လမ်းဆုံး တော့ရမှာလားဆိုတဲ့ အတွေးက၀င်လာပြီး ကန်သေးသေးထဲမှာ ငါးကြီးကြီးရစရာအကြောင်း မရှိလို့ မြင်လာပြီး ရန်ကုန်ကို မိဘတွေနဲ့ အခြေပြန်ချပါတယ်။  ရန်ကုန်မှာ ဟိုဟာလုပ်ရနိုး၊ သည်ဟာကိုင်ရနိုးဖြစ် နေတဲ့ကျွန်တော့ကို မိဘတွေက ရှိတာ လေးထုခွဲပေးပြီး လေးဘီတစီးဝယ်၊ မင်းကားမောင်းစားတော့ဆိုတာနဲ့ ဘ၀တကွေ့မှာ ကျွန်တော် တက္ကစီ မောင်းသမား ဖြစ်ခဲ့ရပါသေးတယ်။  တမြို့လုံးပတ်ပြီး လှိမ့်နေရတဲ့ တက္ကစီအနီ စာရင်၊ ပရိုက်ဗိတ် တက္ကစီက ပိုက်ဆံအရ သိပ်မကွာလှဘဲ လူသက်သာတာမို့ ဘီ ၆၀၀ ဗင်လေး တစီးဝယ်ပြီး၊ အနော်ရထာလမ်းနဲ့ လွစ္စလမ်း (ဆိပ်လမ်းသာလမ်း) ထောင့်က ဂိတ်မှာ ပရိုက်ဗိတ်တက္ကစီ မောင်းသူ ဘ၀ရောက်ခဲ့ရပြန်ပါတယ်။

အဲဒီမှာ တင်အေးဆိုသူနဲ့ ကျွန်တော်ဆုံပြီး သူငယ်ချင်း ဖြစ်ခဲ့ရပါတယ်။  ဂိတ်မှာက လူစုံ ကားစုံဆိုပါတော့။   အဲဒီခေတ်အခါ တုန်းက ခုလောက်ကားမျိုးမစုံသေးတော့ ပါပလီကာ၊ ဖင်မလီယာ၊ လေးဘီးတို့ပဲများပါတယ်။  သင်္ဘောသားတွေ တင်သွင်း လာတဲ့ Hilux ပစ်ကပ်တွေကတော့ လူများများ၊ ပစ္စည်းတွေ ဘာတွေတင်ချင်တဲ့ သူတွေ၊ ဘုရားဖူးသွားချင်တဲ့ သူတွေလောက် ပဲ အသုံးများပါတယ်။  ဟိုနားသည်နားကတော့ ဆီစားလည်း သက်သာ လမ်းကြိုလမ်းကြားလည်း ၀င်လို့လွယ်တဲ့ ဂျပန်ကား လေးတွေပဲ အသုံးများပါတယ်။  အဲဒီထဲမှာမှ ကျွန်တော့်သူငယ်ချင်း တင်အေးက ရှားရှားပါးပါး FIAT ဆီဒင်ကားနဲ့ လာဆွဲ ပါတယ်။  သူ့ကားကို အကြောင်းပြုပြီး (ဂိတ်မှာ တင်အေး နှစ်အေးရှိတော့) သူ့ကို ဖိယက်တင်အေး လို့ခေါ်ကြပါတယ်။  အသက်က ကျွန်တော်နဲ့မတိမ်းမယိမ်းဆိုတော့ ခုဆိုသူလည်း ၆၀ ကျော်ရောပေါ့။ ထားပါတော့။

တင်အေးက ဒီဂိတ်မှာ ဆွဲလာတာလည်း ကြာပြီ သူ့အဖေကလည်း မက်ကင်းနစ်ဆိုတော့ သူ့ကိုကား Expert လို့ ဂိတ်က လူငယ်လေးတွေက မြင်ကြတယ်။  ဆိုင်းကမားသား ၀ါးလက်ခုပ်လေးတော့ တီးတက်သလို မက်ကင်းနစ်သားဆိုတော့ ကား အကြောင်းနည်းနည်းပါးပါးတော့ သိပါတယ်။  တကယ်ပြင်တက်တဲ့ အဆင့်ရှိသလားဆိုတော့လည်း မရှိပါဘူး။  ဂိတ်မှာကားနဲ့ ပတ်သက်လို့ ဆီမမှန်၊ မီးမမှန်၊  စက်သံလေးမှမမှန်ရင် ကိုတင်အေးနည်းနည်းကြည့်ပေးစမ်းပါဦးဆိုရင် သူကကြည့်ပေးတတ် ပါတယ်။  သူပြောတာ မှန်တာရှိသလို မှားတာတွေလည်းရှိသပေါ့။

အဲသလို… တနေ့တော့ တင်အေးတစယောက် တနေကုန်ပျောက်နေပါတယ်။  ဘော်ဒါတွေမေးကြည့် လိုက်တော့ မနက်အ စောကြီးကတည်းက အော်ဒါရသွားဆိုပဲ။  ညနေစောင်းလောက်တော့မှ သူဂိတ်ကိုပြန်ဝင် လာပါတယ်။  သူ့တွေ့တာနဲ့ ဟေ့ ကောင် မင်းဒီနေ့ အော်ဒါကြီးရလာတယ်၊ လက်ဖက်ရည်တိုက်ဆိုတော့ တင်အေးက တဟီးဟီးရယ်ရင်း၊ လာ.. လာ.. မင်း ငါပြောစရာရှိတယ်ဆိုပြီး နှစ်ယောက်သားလမ်းထိပ်က တရုတ်လက်ဖက်ရည် ဆိုင်မှာထိုင်ကြပါတယ်။

ထိုင်လို့မှလက်ဖက်ရည်တောင်မရောက်သေးဘူး ‘ဟီး-ဟီး- ဒီနေ့ ငါသောက်ရှက်ကွဲလာတယ်ကွ’ဆိုပြီး မချိုမချဉ်မျက်နှာနဲ့ သူ့ဇာတ်လမ်းကိုစပါတော့တယ်။

မနက်စောစော အော်ဒါရလို့ ဟိုဟိုဒီဒီလိုက်ပို့ရင်း တနေရာရောက်တော့ ပါစင်ဂျာကစောင့်ဗျာ၊ နည်းနည်းကြာမယ် ဆိုလို့ တင်အေးတယောက် ဆေးလိပ်သောက်ရင်း ကက်ဆက်လေးဖွင့်ငြိမ့်နေတုန်း… လမ်းရဲ့တဖက်မှာ အရပ်အခေါ် လိပ်ခုံးကား လို့ ခေါ်တဲ့ ဗောက်စ်ဝက်ဂွန် ကားတစီး ထိုးရပ်နေတာတွေ့ပါသတဲ့။  ကား မောင်းလာတဲ့သူက အမျိုးသမီး၊ အသက်ခပ်ကြီးကြီး ပညာတတ် လူကုံထံ ဖြစ်ဟန်ရှိတဲ့ပုံစံမျိုး စိန်နားကပ် တဖျပ်ဖျပ်နဲ့လို့ ဆိုပါတယ်။  ကားပေါ်တက်လိုက် ဆင်းလိုက်နဲ့ စိတ် အိုက်နေပုံပေါ်တဲ့ အဖွားကြီးကြည့်ပြီး ကားပျက်နေပြီဆိုတာ တင်အေး သဘောပေါက်လိုက်ပါတယ်။ ခုခေတ်လို မိုဘိုင်းဖုန်း တွေဘာတွေ မပေါ်သေးတဲ့ခေတ်ဆိုတော့ အနီးအနားမှာ ဖုန်းဆက်ဖို့ နေရာရှာမတွေ့ရင် အတော် ဒုက္ခရောက်တာကလား၊ အားနေတဲ့ တင်အေးက လမ်းတဖက်ကူးသွားပြီး ကားပျက်လို့လား အန်တီလို့ ၀င် စပ်စုလိုက်တော့ ဟုတ်တယ်လူလေးရေ၊ ကားကမောင်းရင်းထိုး ရပ်သွားလို့ နားလည်ရင် နည်းနည်း ကြည့်ပြုပေးပါ့လားဆိုတော့ တင်အေးကရပါတယ်။  ကျွန်တော်က မက်ကင်းနစ်ပါပေါ့။  အဖွားကြီးမျက်နှာဝင်းထိန်သွားပြီး၊ ပါးစပ်ကလည်း ဘုရားမတာ..ဘုရားမတာ တတွတ်တွက်ရွတ်ဆိုရင်း တင်အေးကိုအားကိုးတကြီး မျှော်လင့်ရှာတာပေါ့။

တင်အေးက ကားရဲ့ စက်ခန်းကိုကြည့်ချင်လို့ ရှေ့သွားပြီး ဘောနပ်ဖုံးကို ဖွင့်မယ်အလုပ် အဖွားကြီးက ‘လူလေးရယ်၊ အင်ဂျင် က နောက်မှာပါကွယ်’ ဆိုတဲ့ စကားလည်း ကြားရော တင်အေး ခေါင်းမိုးကြိုးပစ်ပြီး ထူပူပြီး ‘ဟဲ- ဟဲ-သိပါတယ်၊ သေချာအောင် ရှေ့ရော နောက်ရော စစ်ကြည့်တာပါ’ ဆိုပြီး ရှက်ရမ်းရမ်းခဲ့ပါသေးသတဲ့။  ရှေ့ လျှောက်ဒီထက် အရှက်ကွဲဖို့ အကြောင်းများ တာမို့ အန်တီ ကားက ၀ပ်ရှော့ပို့မှ ရမယ်ဆိုပြီး တချိုးတည်းလစ်ခဲ့တဲ့ အကြောင်းပြောပြီး တင်အေး တ၀ါးဝါးရယ်နေပါတော့တယ်။

ခုတလော ရွှေပြည်ကြီးက ၀ါးလုံးနင်းဝါးခြမ်းနင်း နိုင်ငံရေး၊ အမြီးအမောက်မတည့် အုပ်ချုပ်ရေးစနစ် ခပ်ထူထူ ခပ်ပိန်းပိန်း ကိုယ်စားလှယ်တော်များကို မြင်ရတွေ့ရတဲ့အခါ ဗောက်စ်ဝပ်ဂွန်ကားရဲ့ အင်ဂျင်ခန်း ရှေ့မှာရှိမှန်း နောက်မှာရှိမှန်း အသေအ ချာမသိဘဲ ကားပြင်ဖို့ကြိုးစားခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတင်အေး မျက်နှာကြီး မြင်မြင်ပြီး ပြုံးမိပါသေးတယ်။

သာထက်အောင်
နိုဝင်ဘာ ၂၀၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သာထက်အောင်

One Response to သာထက်အောင် ● ရှေးမကျ တကျပုံပြင်

  1. Ba Ba Gyi on November 21, 2016 at 10:23 pm

    ကျုပ်တို့ငယ်ငယ် ၅၀ခုနှစ်များက VW လိပ်ခုံးနဲ့ပေါင်မုန့်ကားများမြန်မာပြည်ရောက်စအချိန်မှာ နောက်စက်၊ air cooler ဆိုတာတွေ ဂဃဏန မကွဲတဲ့သူအချို့က ၁၀ပြားတန်စာစောင်တွေမှာ စာပေဆင်ဆာမရှိတဲ့လွတ်လပ်ခွင့်ကိုမတရားအသုံးချပြီး ဝထ္ထုရေးရာမှာ မန္တလေးကမေမြို့ကို VW လိပ်ခုံးကားနဲ့တက်ရာမှာ ၂၁ မိုင်စခန်းမှာ ကားရေဆူလို့ရေလဲရတယ်တို့၊ မေမြို့ရောက်တော့ရုက္ခဗေဒဥယျာဉ်ထဲသွားပြီး စတြော်ဘယ်ရီပင်အရိပ်အောက်မှာတရေးအိပ်တယ်ရေးလို့ရေး၊ ဖြီးဖြန်းပြီး လုပ်ချင်တာလုပ်ခဲ့ကြသေးတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်