ထွန်းဝင်းငြိမ်း ● အမျိုးသားအောင်ပွဲနေ့နဲ့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းရဲ့ နေရှင်နယ်ဒေးဘွဲ့လေးချိုးကြီး

November 26, 2016

ထွန်းဝင်းငြိမ်း ● အမျိုးသားအောင်ပွဲနေ့နဲ့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းရဲ့ နေရှင်နယ်ဒေးဘွဲ့လေးချိုးကြီး

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

● အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့
၁၉၂ဝ မှာ ကိုလိုနီအစိုးရက တက္ကသိုလ်အဆင့်မြင့်တိုးမြှင့်ပေးဖို့ ယူနီဗာစီတီအက်ဥပဒေရေးဆွဲပါတယ်။ အဲဒီဥပဒေအရ မြန်မာနိုင်ငံမှာ တက္ကသိုလ်တစ်ခုနဲ့ လက်အောက်ခံကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမှာဖြစ်ပါတယ်။ အဲဒီလက်အောက် ခံကျောင်းကလည်း ရန်ကုန်မြို့မှာသာ ရှိရမှာပါ။ ကျောင်းသားအားလုံး ကျောင်းအိပ်ကျောင်းစား နေရမယ်။ နေ့ ကျောင်းသား မရှိစေရ။ ပြင်ပမှ စာမေးပွဲ ဖြေဆိုခွင့်မပြု။ ဆယ်တန်းအောင်တဲ့ ကျောင်းသားတိုင်း တက္ကသိုလ်တက်ခွင့်မရှိ။ အထူးတန်းတွင် တစ်နှစ်နေရမယ် စသည်ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ပါတယ်။

ယူနီဗာစီတီအက်ဥပဒေဟာ မြန်မာတိုင်းရင်းသားအများစုအတွက် ပညာရေးပိတ်ပင်ရာ ရောက်ပါတယ်။ ဥာဏ်ထက်ပြီး ငွေ ကြေးမပြည့်စုံတဲ့ ကျောင်းသားတွေ အထက်တန်းပညာသင်ကြားခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ကျောင်းသားတွေက မခံမ ရပ်နိုင်ဖြစ်ကာ အုံကြွလာပါတယ်။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုလိုနီအစိုးရက လက်မ ခံပါဘူး။ ဒီဇင်ဘာလ တစ်ရက်နေ့မှာပဲ ယူနီဗာစီတီ အက်ဥပဒေကို ဇွတ်အတင်း အတည်ပြုလိုက်ပါတယ်။

မြန်မာနှစ် ၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၂ဝ ပြည့် ဒီဇင်ဘာလ ၅ ရက်) နေ့မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန် ကောလိပ်တို့က ကျောင်းသားတွေ သပိတ်မှောက်ကြပါတယ်။ ရွှေတိဂုံဘုရားအရှေ့ဖက်က ဦးအရိယကျောင်းမှာ သပိတ်စခန်းဖွင့်ပါတယ်။ စာနယ်ဇင်းတွေကလည်း ဝိုင်းဝန်းထောက်ခံကြပါတယ်။ သူရိယသတင်းစာဆရာ မစ္စတာမောင်မှိုင်း ဘွဲ့ခံ ဆရာလွန်းက ထိပ်ဆုံးကထောက်ခံခဲ့ ပါတယ်။ ”ဝေးခရီးကပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့”ဆိုပြီး ဖွဲ့ဆိုကာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ အမြို့မြို့အနယ်နယ်ရှိ ကျောင်းတွေကလည်း တညီတညွတ်တည်း သပိတ် မှောက်ကြပါတယ်။ ပြည်သူလူထုကလည်း ဝန်းရံခဲ့ကြပါတယ်။ ဒီသပိတ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ကျောင်းသားတွေ ပထမဦးဆုံး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် ကျယ်ကျယ်ပြန့် ပြန့် ဆင်နွှဲလိုက် တဲ့ တိုက်ပွဲဖြစ်ပါတယ်။

● ဟုန်းဟုန်းတောက် ရည်ရွယ်ချက်များ
“အမိဗမာပြည်ကိုချစ်ရန် လူမျိုး၏ ပိုမိုအရာရောက်သောအရေးကိစ္စများတွက် ကိုယ်ကျိုးကိုဖြုတ်ပစ်နိုင်ရန်နှင့် သေသော် လည်း မိမိအမျိုးကို ချစ်သောစိတ်နှင့် သေနိုင်ရန်တို့သည် ဗဟန်းရှိ အမျိုးသားကျောင်းများ၏ ဟုန်းဟုန်းတောက်ရည်ရွယ်ချက်များဖြစ်သည်” ဟု သပိတ်မှောက် ကျောင်းသားတွေက ထုတ်ဖော်ခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားများကောင်စီဟာ ယူနီဗာစီတီအက်ဥပဒေကိုပြင်ဆင်ပေးဖို့ ဆိုင်ရာအာဏာပိုင်များထံ တင်ပြ တောင်းဆိုခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒါကြောင့် သပိတ်မှောက်ကျောင်းသားတွေအဖို့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်း တွေ ထူထောင်ဖို့ ရွေးချယ်ရပါတော့တယ်။

၁၉၂ဝ၊ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ ပြုလုပ်တဲ့ ဂျီစီဘီင်္အေအသင်းချုပ်ကြီးက အစည်းအဝေးတရပ်ပြုလုပ်ပြီး တက္ကသိုလ် သပိတ်ကိစ္စကို တင်ပြဆွေးနွေးကာ အောက်ပါဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ခဲ့ပါတယ်။

၁။ ဗမာနိုင်ငံအရပ်ရပ်ရှိ အမျိုးသားကျောင်းများ ထည်ထောင်ဖွင့်လှစ်ရန်။
၂။ ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတကျောင်းတည်ထောင်ဖွင့်လှစ်ရန်။
၃။ အသင်းချုပ်ကြီးနှင့်ဆက်သွယ်ထားသောအသင်းခွဲများက တည်ထောင်ထားသောစာသင်ကျောင်းများကိုလည်း အမျိုး သားကျောင်းများအဖြစ် ပြောင်းလဲရန်။
၎။ အမျိုးသားကျောင်းများ စုပေါင်းအုပ်ချုပ်ရန် လိုအပ်သောစီစဉ်ညွှန်ကြားချက်စသည်တို့ကို ပြုလုပ်နိုင်ရန် အမျိုးသားပညာ ရေးအဖွဲ့ ဖွဲ့စည်းရန်တို့ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်အရ တချိန်တည်းမှာပဲ အမျိုးသားကျောင်းအမြုတေတွေကို အမြို့မြို့မှာ သပိတ်မှောက် ကျောင်းသားကြီး တွေရဲ့ စေတနာ့ဝန်ထမ်းအားပေးတာတွေ၊ အမြို့မြို့မှာရှိကြတဲ့ မြို့မိဖြို့ဖ ဝံသာနုကြီးများရဲ့ စေတနာသဒ္ဓါတရားတွေကို ခံယူရရှိပြီး တမဟုတ်ချင်း ပျံ့နှံ့ပေါ် ထွက်လာပါတယ်။ နွေရာသီစာမေးပွဲများအမီ ကျောင်းသားလူငယ်တွေ ဆက်လက်ပညာသင်ကြားခွင့်ရရှိခဲ့ပါတယ်။

၁၉၂၃ ခုနှစ်မှာ ယူနီဗာစီတီအက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါတယ်။ ၁၉၃၄ ခုနှစ်တွင် အမျိုးသားနေ့ကို ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေး ရပါတယ်။ ၁၉၃၇ ခုနှစ်မှတော့ အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးရပါတယ်။ အမျိုးသားနေ့ကို အကြောင်းပြုပြီး မြန်မာတမျိုးသားလုံး နိုင်ငံရေးနိုးကြား လာခဲ့ကြပါတယ်။ စာပေအနုပညာအခင်းအကျင်းတွေ ထင်သာမြင် သာ တိုးတက်လာပါတယ်။ မြန်မာတွေရဲ့ မီးခဲပြာဖုံး အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုတက်ကြွလာခဲ့ပါတယ်။ ပိုမိုပြင်းထန် လာခဲ့ပါတယ်။ ဒါကြောင့်လည်း မျိုးချစ်စာဆိုကဝိကြီးက အမျိုးသားနေ့ကို ”အောင်ပွဲအစ ပထမ မင်္ဂလာဒေး” ဆိုပြီး မျောက် ဂဏ္ဏိထဲက “နေရှင်နယ်ဒေးဘွဲ့ လေးချိုးကြီး” မှာ ဖွဲ့ဆိုတင်ပြခဲ့တာ ဖြစ်ပါတယ်။

“နေရှင်နယ်ဒေးဘွဲ့ လေးချိုးကြီး”

အေးဆုမြတ်လှုံ ယမုန်သောင်ရေကမ်းပေပ
လေးဆူ့ဓာတ်ပုံ ဒဂုန်တောင်ခြေစခန်းတွင်မှ
နောင်အရှည်မနွမ်း
ပြောင်သရေ လျှမ်းဝေသောရယ်လို့
ဇောစိတ်ပတ္ထနာ
အောင်မြေဗဟန်းဆီက ညောင်သပြေပန်းတွေနဲ့
အောင်စေမှန်းပါတဲ့ ”ကောလိပ်”ပါ။

အကြောင်းပြရမှာဖြင့်
တကောင်းက စပါလို့
ခေတ္တရာသည်တစ်လျှောက်ကဲ့ပြင်
ပြည်ပေါက္ကန် ရွှေမြင်စိုင်းမှာတော့
သမိုင်းစာရင်းအရ သတင်းလှခဲ့တဲ့
မင်းမျာ့ဘုန်းတန်ဆောင် မဟာသမ္မတတွေနှင့်
စစ်ကိုင်း ပင်းယ အင်းဝ ကုန်းဘောင်
အခါလှစဉ်ကတော့
သာသနာ့ ဒါယကာတွေ ထောင်ရောင်ခြည်ကြောင့်
မှောင်မသီ ပြောင်ကြည်လို့ ရွှန်းတဲ့ပြင်
တောင်ဒီမှာ အောင်စည်ရွမ်းခဲ့တယ်
ထွန်းလှည့်အခါတွေနော်ရှင်
တစ်ဝန်းတစ်ဖွဲ့ ညွှန်းသနဲ့သာပ
လွမ်းတဲ့စရာ။

နေနန်းအိမ် ရာဟုဖမ်းသည်သို့
ပြည်မန်းနှစ်ကြိမ် မြန်မာဇမ္ဗူ့ကြငှန်းတွင်မှ
ကမ္ဘာဥဒါန်းမှာဖြင့် အရိုးအစဉ်ကွာ
တန်ခိုးအကြင် အာဏာရယ်နှင့်
မထင်သမ္ဘာသေး၊
အမျိုး”အင်ပါယာ”တွင်မှ အဝင်အပါထွေး။

မဖြောင့်စွာလေလေ့ မဖြောင့်စွာ
တစ်မှောင့် တစ်အာဏာနှင့်
ထောင့်နှစ်ရာ ရှစ်ဆယ်နှစ်ဟာက
တစ်ခေတ်တစ်ခါ ထချိန်ထင့်
မြန်မာ့ဘောင် ပျော်ဖွယ်အချက်တွေနှင့်
လတန်ဆောင်ကျော် ဆယ်ရက်တွင်မှ
ပေါ်ထွက်ကာ တစ်မူပြီတဲ့
ယူနီဗာစီတီ အက်ကယ်လို့
အဆက်နွံတွင် မကွာဖို့
တစ်သက် ဝန်တင်စရာပ
ကျွန်ပညာ နိသျည်းကိုဖြင့်
ဟိတ်ကြီး တစ်ဟန်မထင်လို့မို့
မြန်ခွင်မှာ ကိုင်း ယောက်ျားဟဲ့လို့
မခံချင်ရှာသူ ”ဘွိုင်းကောက်တား”တွေ မဖြင့်
စွန့်စားကာ ရုန်းညာတန်းခဲ့သမို့
စံခန်းမြန်မာပလ္လင်မလေ
”မှန်နန်းရာဇဝင်”ကလဲ သစ်ချိန်နှင့်
ပါရမီပြောင်ပြောင် အကဲရယ်နှင့်
မကြာမီ အခေါင်စွဲရအောင်ဟာ
အနှောင်မမြဲစရ မှောင်ထဲကထရမယ့်
မြန်မာ့သဘင်အခါ ရွေးကြတဲ့
ချောင်ထဲက ဒကာမတွေတောင်မှ
နောင်အကဲလှစေမယ့်
အောင်ပွဲအစ ပထမ မင်္ဂလာဒေး။ ။


ဇာတိမာန်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်းဖွဲ့ဆိုခဲ့တဲ့အတိုင်း အမျိုးသားနေ့ဟာ ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးရဲ့ အောင်ပွဲအစ ပထမမင်္ဂလာနေ့ ဖြစ်ပါတယ်။ အဲဒီနေ့ကို အကြောင်းပြုပြီး မြန်မာတို့ နိုးကြားလာခဲ့တယ်။ ပညာရေးအမြင် ကျယ်လာခဲ့တယ်။ အမျိုးသား စိတ်ဓာတ်တရှိန်ရှိန် မြင့်တက်လာခဲ့တယ်။ အဲဒီစိတ်ဓာတ်တွေကြောင့်ပဲ အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေကို တွန်းလှန်တိုက်ဖျက်နိုင်ခဲ့ ကြတာဖြစ်ပါတယ်။ တိုးတက်တဲ့ ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် ဖိနှိပ်မှုမှန်သမျှကို ခေါင်းငုံမခံတွန်းလှန်သွားကြမှာဖြစ်တယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံဟာ ကိုလိုနီကျွန်ဘဝက လွတ် မြောက်လာခဲ့ကြတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၂၂၊ ၁၁၊ ၂ဝ၁၆

ကိုးကား
၁။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလေးချိုးတရာ မောင်တင်ရွှေ
၂။ ဒေါင်းအိုးဝေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းမောင်မောင်အေး (စစ်ကိုင်း)
၃။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း အောင်ထွန်း

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags