မောင်မောင်စိုး ● ရှမ်းမြောက် စစ်မြေပြင်

November 27, 2016

မောင်မောင်စိုး ● ရှမ်းမြောက် စစ်မြေပြင်
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၆

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA/MNDAA/TNLA/AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက ရှမ်းပြည်မြောက်ပိုင်း နေရာတော်တော်များများတွင် စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့သည်။ ၎င်းတို့ပြုလုပ်သည့် စစ်ဆင်ရေးနယ်မြေတွင် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မူဆယ် ၁၀၅ နယ်စပ်ကုန်သွယ်ရေးဇုံပါဝင်ပြီး အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းလည်း ယာယီပိတ်ဆို့သွားပေရာ ပြည် တွင်းရော ပြည်ပမှပါ အထူးအာရုံစိုက်မိသွားခဲ့ပေတော့သည်။

တကယ်တော့ အဆိုပါဒေသစစ်မြေပြင်ဖြစ်နေသည်မှာ ယခုမှမဟုတ်ပေ။ ဗမာပြည်လွတ်လပ်ရေး မရှေးမနှောင်းကာလကပင် စစ်မြေပြင်ဖြစ်နေသည့်ဒေသဖြစ်သည်။ ယေဘုယျအားဖြင့် ထိုဒေသအားပုံဖေါ်ပြရလျှင် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ကားလမ်း၏ မြောက်ဖက် အရှေ့ဖက်နှင့် အနောက်ဖက် တောင်ဖက်ခြမ်းဖြစ်သည်။

ဒေသ ၁။ လားရှိုး – သိန္နီကားလမ်း၊ သိန္နီ – ကွန်လုံ ကားလမ်းနှင့် သံလွင်မြစ်ကြားရှိ မုန်းကျက် မုန်းယော်ဒေသ။

ဒေသ ၂။ ကွန်လုံ၊ ဟိုပန်၊ ပန်လုံ ဒေသ။

ဒေသ ၃။ ကွန်လုံ မြောက်ဘက် ချင်းရွှေဟော် လောက်ကိုင် ကိုးကန့်ဒေသ (သံလွင်မြစ်နှင့် တရုတ်မြန်မာနယ်စပ်ကြား)

ဒေသ ၄။ ကွန်းလုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ် ကားလမ်းနှင့် မြောက်ဖက် တရုတ်မြန်မာနယ်စပ် အရှေ့ဖက် သံ လွင်မြစ်ကြား (ကြူကုတ်၊ ပန်ဆိုင်း မုန်းပေါ်ဒေသ၊ မုန်းကိုး ဖေါင်းဆိုင်ဒေသ၊ မုန်းယား မုန်းဟောင်ဒေသ၊ တာမိုးညဲဒေသ၊ မုန်းစီး နားလယ်ဒေသ)

ဒေသ ၅။ မြောက်ဖက်၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်းကားလမ်းနှင့် တောင်ဖက် သီပေါ၊ ကျောက်မဲ၊ မိုးမိတ် အနောက်ဖက် ရွှေလီမြစ်ကြား (နမ့်ဆမ် မန်တုန်ဒေသ ရွှေလီချိုင့်ဝှမ်းဂွင်) ဟူ၍ လွယ်ကူစွာရှင်းလင်းကြည့်မြင်နိုင်ရန်အ တွက် အကြမ်းဖျဉ်းအားဖြင့် ဒေသ ၅ ခုအဖြစ် ပိုင်းခြားကြည့်မြင်နိုင်ပါသည်။

● ဒေသအလိုက် တိုင်းရင်းသားလူမျိုးစု စုဖွဲ့မှု
ရှမ်းမြောက်ဒေသ တခုလုံးတွင် ရှမ်း၊ ကချင်၊ တအန်းပလောင် ကိုးကန့်တရုတ်နှင့် အခြားတိုင်းရင်းသားအချို့အပြင် တရုတ် ရွာအချို့လည်းရှိသည်။ ဒေသ ၁ တွင် ရှမ်း၊ ကချင်၊ တအန်းပလောင်နှင့် တရုတ်ရွာများရှိသည်။ လူဦးရေ မထူထပ်လှပေ။ ဒေသ ၂ တွင် ဝ လူမျိုးများနှင့် ရှမ်းရွာရှိသည်။ လက်ရှိ ဝကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပါသည်။ ဒေသ ၃ တွင် ကိုးကန့် တရုတ်အများစုဖြစ်ပြီး တအန်းပလောင်ရွာအချို့လည်းရှိသည်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်သည်။ ဒေသ ၄ ၌ ရှမ်း၊ ကချင်၊ တအန်းပလောင်တို့အပြင် တာမိုးညဲတဝိုက်နှင့် မုန်းစီးနားလယ် အရှေ့သံလွင်မြစ်ဘေးတွင် တရုတ်နှင့် ကိုးကန့်တရုတ်ရွာအနဲငယ်ရှိသည်။ ရှမ်းမြောက်ပိုင်းသည် မူလက သိန္နီစော်ဘွားအုပ်ချုပ်ရေးနယ်ထဲတွင်ရှိသည်။ ဒေသ ၄ အတွင်း နယ်အလိုက်အုပ်ချုပ်သူများမှာ ကချင်ဒူဝါများဖြစ်သည်။ ဒေသ ၅ အတွင်း နန့်ဆမ် မန်တုန်နှင့် ငါးတောင် ကိုးတောင် နယ်တို့ပါဝင်သည်။ နမ့်ဆမ် မန်တုန်နယ်သည် မူလက နမ်ဆမ်တောင်ပိုင်စော်ဘွား၏နယ်ဖြစ်ပြီး လက်ရှိ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသဖြစ်သည်။ ငါးတောင် ကိုးတောင်ဒေသကတော့ မူလ ကချင်ဒူဝါများ အုပ်ချုပ်သည်။

ထိုဒေသတခုလုံးအရ သိန္နီ မူဆယ် နမ့်ခမ်းမြို့များနှင့် သိန္နီကွင်းမူဆယ် နမ့်ခမ်း ကြူကုတ် ပန်ဆိုင်းကြား တောင်ပေါ်မြေ ပြန့်များနှင့် ရှမ်းမြောက်တခုလုံးရှိ တောင်ကြားမြေပြန့်များတွင် ရှမ်းရွာများရှိသည်။ တောင်တန်းများတွင် တအန်းပလောင် ကချင်တို့ နေထိုင်ကြသည်။ ကိုးကန့် တရုတ်ရွာများကတော့ ကိုးကန့်ဒေသနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းတဝိုက်တွင် ရှိသည်။

● လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှုများဖြစ်စဉ် အကျဉ်း
ထိုဒေသတွင် ပထမဆုံးလက်နက်ကိုင်ပုန်ကန်မှု သယ်ဆောင်လာသူမှာ ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်တွင် အစိုး ရစစ်တပ်မှပုန်ကန်ခဲ့သည့် ဗိုလ်ကြီးလဖိုင်နော်ဆိုင်းနှင့် အဖွဲ့ဖြစ်သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် မေမြို့ခေါ် ပြင်ဦးလွင် အား သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ချီတက်ခဲ့ပြီး နမ့်ခမ်းအား သိမ်းပိုက်ခဲ့သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင်တရုတ်ပြည်သို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။ အဆိုပါ ဗိုလ်နော်ဆိုင်း၏အဖွဲ့နှင့်ပူးပေါင်းရန် မိုးမိတ် အထက်ဖက်ရှိ လွယ်ရဒူဝါ လထော်ခွန်ထွန်းဦးစီး အင်အား ၁၀၀ ခန့် ပုန်ကန်ခဲ့ကြသေးသော်လည်း ဗိုလ်နော်ဆိုင်းအဖွဲ့နှင့် မပူးပေါင်နိုင်ဘဲ ဖြိုခွဲခံခဲ့ရသည်။ ဤလှုပ်ရှားမှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် ပထမဆုံး လက်နက်ကိုင်ပုန်ကန်လှုပ်ရှားမှု ဖြစ် ခဲ့သည်။ အထက်ဖေါ်ပြပါ ဒေသ ၅ အတွင်းဖြစ်ခဲ့သည်။

ရှမ်းမြောက်တွင်း ဒုတိယ လက်နက်ကိုင်ပုန်ကန်မှုမှာ ဒေသ ၃ ဖြစ်သည့် ကိုးကန့်ဒေသတွင်ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော်ဘွား များ အာဏာစွန့်သည့်အချိန်တွင် ကိုးကန့်စော်ဘွား၏ ကာကွယ်ရေးတပ်ခေါင်းဆောင် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့မှ ပုန်ကန်ခဲ့ ကြသည်။ ပုန်ကန်အစောပိုင်းတွင် ကိုးကန့်စော်ဘွား ဂျင်မီယန်မှ ပူးပေါင်းခဲ့သော်လည်း ၁၉၆၇ ခုနှစ်တွင် ဂျင်မီယန်သည် အစိုးရထံ အလင်းဝင်ခဲ့သည်။ ဖုန်ကြားစင်းညီအကိုကမူ လက်နက်မချဘဲ တရုတ်နယ်စပ်ကပ်၍ အရှေ့မြောက် ဗကပနှင့် ပူးပေါင်းခဲ့သည်။ ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန့်အဖွဲ့သည် လက်ရှိအချိန်ထိ အစိုးရအား ပုန်ကန်တိုက်ခိုက်နေဆဲအဖွဲ့ဖြစ်သည်။

ရှမ်းမြောက်ဒေသတွင် တတိယ ပုန်ကန်မှုသည် ဒေသ ၅ အတွင်းဖြစ်ပွားသည်။ ၁၉၅၈ ခုနှစ်တွင်စတင်ခဲ့သည့် ရှမ်းတို့၏ နွမ်စစ်ဟန်လှုပ်ရှားမှအစပြု၍ ၁၉၆၀ တွင် ဒေသ ၅ အတွင်းရှိ နမ့်ဆမ်တဝိုက်နှင့် နမ့်ခမ်းတဝိုက်တွင် ပလောင်တပ်ရင်း ၅ နှင့် တပ်ရင်း ၆ ဟူ၍ ပေါ်ပေါက်ခဲ့သည်။ ထိုတပ်များသည် နောင်တွင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ PSLO/PSLA ဖြစ်လာခဲ့ သည်။ ၂၀၀၅ ခုနှစ် PSLO/PSLA လက်နက်စွန့်ရပြီးနောက် ၂၀၀၇ နောက်ပိုင်း တအန်းပလောင်လက်နက်ကိုင်ဖွဲ့စည်းနိုင်ရေး ပြန်လည်လှုပ်ရှားခဲ့ကြပြီး ၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ PSLF/TNLA ကို ဖွဲ့စည်းနိုင်ပြီး ယနေ့တိုင် လှုပ်ရှားခဲ့သည်။ TNLA သည် နောက်ပိုင်းတွင် KIA/MNDAA တို့နှင့်ပါ မဟာမိတဖွဲ့ခဲ့ပြီး ဒေသ ၃ နှင့် ဒေသ ၄ အတွင်း၌ပါ လှုပ်ရှားခဲ့သည်။

ထို့အတူ နွမ်စစ်ဟန် အတူပေါ်ပေါက်လာသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပဖွဲ့ SSA သည်လည်း သိန္နီဒေသ မူဆယ် နမ့်ခမ်းဒေသမိုးမိတ်အထက် ကွန်ခါဒေသတို့တွင် လှုပ်ရှားခဲ့သည်။ ဖြစ်စဉ်တလျောက်တွင် အင်အားနည်းသွားခြင်း အင်အား ကောင်းလာခြင်းများရှိသော်လည်း လှုပ်ရှားမှုကား မပြတ်ခဲ့ပေ။

၁၉၆၁ ခုနှစ် သိန္နီကွင်းအတွင်း အစပြု၍ KIA အဖွဲ့အစည်းပေါ်လာသည်။ KIA သည် ဒေသ ၄ အတွင်းရှိ မုန်းစီး မုန်းထန်ဒေသ မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယား မုန်းဟောင်ဒေသ မုန်းပေါ်ကြီးဒေသ တို့အပြင် ဒေသ ၅အတွင်းရှိ မိုးမိတ်အထက်ပိုင်း ကိုးတောင်ဒေသတို့တွင် လှုပ်ရှားစုဖွဲ့သည်။ ၁၉၆၈ ခုနှစ် မုန်းကိုးဒေသသို့ အရှေ့မြောက် ဗကပ ဝင်ရောက်လာပြီးနောက် ထိုဒေသအချို့မှ KIA တို့ နောက်ဆုတ်ပေးလိုက်ရသော်လည်း ၁၉၈၉ အရှေ့မြောက် ဗကပပြိုကွဲပြီးနောက် တဖြေးဖြေး ပြန်လည်ထိုးဖေါက် နေရာယူနိုင်ခဲ့သည်ကို တွေ့ရသည်။

၁၉၆၈ ခုနှစ် အရှေ့မြောက် CPB (ဗကပ) တို့ ဒေသ ၄ အတွင်းသို့ မုန်းကိုးမှစတင်ဝင်ရောက်လာပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုးဖေါင်းဆိုင်ဒေသ မုန်းပေါ်ကြီး ကြူကုန်ပန်ဆိုင်းဒေသ မုန်းယား မုန်းဟောင်းဒေသ ဒေသ ၃ ရှိ ကိုးကန့်ဒေသတို့ကို ထိမ်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းသို့ လည်းဝင်ရောက်လှုပ်ရှားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပပြိုကွဲပြီးနောက် မူလ CPB ချုပ်ကိုင်သည့် ဒေသ ၃ နှင့် ဒေသ ၄ အတွင်းအား ကိုးကန့်အဖွဲ့ MNDAA မှထိန်းချုပ်လှုပ်ရှားခဲ့ပြီး ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင်၌ PSLO နှင့် KIA တို့မှ ထိမ်းချုပ်လှုပ်ရှားခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း MNDAA ကိုးကန့်အဖွဲ့သည် ဒေသ ၃ ရှိ ကိုးကန့်ဒေသကိုသာ ထိမ်းချုပ်နိုင်ခဲ့ပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယားမုန်းဟောင်ဒေသတို့အား မုန်ဆာလ၏ MDA မုန်းကိုးကာကွယ်ရေးတပဖွဲ့က ပြန်လည်ချုပ် ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလအဖွဲ့ ပြိုကွဲပြီးနောက် တပ်မတော်က ထိုဒေသအား ပြန်လည်နေရာ ယူထားနိုင်ခဲ့သော် လည်း KIA တပဖွဲ့များက ပြောက်ကျားပုံစံဖြင့် ပြန်လည် စည်းရုံးနေရာယူထားနိုင်ခဲ့သကဲ့သို့ ၂၀၁၃ ခန့်မှစ၍ MNDAA ကိုး ကန့်အဖွဲ့က ပြန်လည်ထိုးဖေါက်နေရာယူလာခဲ့သည်။

၁၉၆၈ ခုနှစ်တွင်ပေါ်ထွက်လာည့် အရှေ့မြောက်ဗကပအား ရင်ဆိုင်ရန် ဖွဲ့စည်းထားခဲ့သည့်ခွန်ဆာဦးစီး လွယ်မော်ကာ ကွယ်ရေးအဖွဲ့သည် နောက်ဆုံး အစိုးရအား ပုန်ကန်ပြီးနောက် ဒေသ ၁ အဖြစ် ဖေါ်ပြထားသည့် မုန်းကျက် မုန်းရော် ဒေသ တွင် အခြေစိုက်ခဲ့သည်။ ခွန်ဆာအဖွဲ့လက်နက်ချ ပြီးနောက်၎င်းအဖွဲ့မှ ဘိုမွန်ခေါင်းဆောင်သည့်အဖွဲ့သည် ပသစအဖြစ် ထိုဒေသတွင် ယခု အခြေစိုက်လှုပ်ရှားနေသည်။ ထို့ပြင် ထိုဒေသသည် မြောက်ပိုင်းမှ တောင်ပိုင်း ထိုင်းနယ်စပ်သို့ ဆင်းသည့် လမ်းကြောင်းပေါ်တွင်ရှိသည်ဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့တိုင်းလိုလို ဖြတ်သန်းသွားလာလှုပ်ရှားလေ့ရှိသည့်ဒေသ ဖြစ်သည်။

ဒေသ ၂ အဖြစ်ဖေါ်ပြထားသည့် ကွန်လုံ ဟိုပန် ပန်လုံဒေသတွင် ၁၉၇၀ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသ ဝ ဒေသတွင် အရှေ့ မြောက် ဗကပတို့အင်အားကောင်းလာပြီးနောက် စစ်ရေးအရ လှုပ်ရှားခဲ့သည်။ တိုက်ပွဲများဖေါ်ခဲ့သည်။

ထို့ကြောင့်လည်း ထိုရှမ်းမြောက်ဒေသတွင် ယနေ့တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှုပ်ရှားခဲ့ပြီး တိုက် ပွဲကြီးငယ်များစွာဖြစ်ပွားခဲ့သည့်ဒေသ ဖြစ်ခဲ့သည်။ ကွန်လုံ ဟိုက်ကဘားတိုက်ပွဲ ပန်ကော်ချူးရွှေတိုက်ပွဲ စီစီဝမ်တာပန် တိုက်ပွဲကဲ့သို့ လနှင့်ချီ၍တိုက်ရသော တိုက်ပွဲများထိုဒေသ၌ ဖြစ်ပွားခဲ့သည်။ ကွတ်ခိုင် မူဆယ်ကားလမ်းပေါ်တွင် တပ်မ ၉၉ ဒုတပ်မမှူး ဗိုလ်မှူးကြီး သူရညွှန့်တင်သည် ၁၉၇၅ ခုနှစ်တွင်လည်းကောင်း၊ သိန္နီ ကွန်လုံကာလမ်းပေါ်တွင် တပ်မ ၆၆ ဗျူ ဟာမှူး ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုသည် ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ စသည့် တပ်မတော်အရာရှိကြီးများ ကျဆုံး သည့် တိုက်ပွဲများဖြစ်ခဲ့ပွားခဲ့သည်။

● ယခင်နှင့်ယခု နှစ်ဖက်စစ်အင်အားအခြေအနေ
၁၉၈၉ ခုနှစ် ဗကပ မပြိုကွဲခင်ထိ စစ်အင်အားအခြေအနေမှာမုန်းကိုးဒေသ ကိုးကန့်ဒေသရှိ ဗကပအင်အား ၃၀၀၀ ခန့် PSLO/PSLA ပလောင်တပဖွဲ့ အင်အား ၅၀၀ ခန့် KIA တပ်မဟာ ၄ အင်အား ၅၀၀ မှ ၈၀၀ ခန့် စုစုပေါင်း အင်အား ၄၀၀၀ ကျော်ခန့်ရှိသည်။ ထို့ပြင် သိန္နီအနီးနှင့် မိုးမိတ်ကွန်ခါဒေသတွင် လှုပ်ရှားသည့် SSPP/SSA အင်အားအချို့ရှိသည်။

၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲသည်နှင့်အတူ KIA တပ်မဟာ ၄ မှ ဗိုလ်မှူးမထုနော်နှင့် အင်အားအချို့ ခွဲ ထွက်ပြီး နောက် ရှမ်းမြောက်ရှိ လက်နက်ကိုင်အင်အားများ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်းမှစ၍ တစတစပြန်လည်၍ အင်အားတိုးတက်လာသည်ကို တွေ့ရသည်။ လက်ရှိအချိန် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားများမှ ခန့် မှန်းချေအရ အောက်ပါအတိုင်းရှိမည်ဟု ယူဆရသည်။

၁။ KIA တပ်မဟာ ၄ / တပ်မဟာ ၆ အင်အား ၁၅၀၀ ခန့်

၂။ MNDAA တပ်မဟာ၂၁၁/၃၁၁/၅၁၁ အင်အား ၂၀၀၀ ခန့်

၃။ TNLA တပ်မဟာ ၁/၂/၃/၅ နှင့်ဗျူ ဟာ ၂ ခုခန့် အင်အား ၆၀၀၀ ကျော်ခန့်

၎။ AA တပ်ရင်း ၂ ရင်းခန့် အင်အား ၅၀၀ ခန့် ( AA မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပဖွဲ့ဖြစ်သော်လည်း မြောက်ပိုင်းရှိ မဟာမိတ်များနှင့်ပူးပေါင်း၍ နယ်စပ်တွင် တပ်ဖွဲ့ပြီး ရခိုင်သို့ ပြန်လည်ထိုးဖေါက်ရန် ကြိုးစားနေသောအဖွဲ့ဖြစ်သည်)

၅။ မြောက်ပိုင်းနယ်မြေအချို့တွင် လှုပ်ရှားနေသော SSPP/SSA အင်အားအချို့တို့ရှိရာ စုစုပေါင်း အင်အား ၁၀၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပတို့ မပြိုကွဲမှီကာလထက်အင်အား ၂ ဆခန့် တိုးတက်လာသည်ဟု ဆိုရပါမည်။ ထို့အတူ အဆိုပါ လက်နက်ကိုင်အင်အားစုများကို ရင်ဆိုင်သည့် တပ်မတော်အင်အားမှာလည်း ၁၉၈၉ မတိုင်မှီက ပုံမှန် အားဖြင့် အင်အား ၅၀၀၀ မှ ၇၀၀၀ ခန့်ထိ တိုးမြှင့်ရင်ဆိုင်ခဲ့ပြီး ၁၉၈၆/၈၇ စီစီဝမ် တာပန်တိုက်ပွဲကာလက အင်အား ၁၀၀၀၀ ကျော်ထိ တိုးမြှင့်သုံးစွဲခဲ့သည်။ ယနေ့တွင်လည်း တဖက်အင်အားနှင့်လျော်ညီသည့်အင်အားကို သုံးစွဲမည်ဟု ယူဆရပါ သည်။

● အခြေအနေသုံးသပ်ချက်
ရှမ်ပြည်မြောက်ပိုင်း၌ အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်ကိုင်အင်အားစုများတွင် ၁၉၆၈ မှ ၁၉၈၉ ထိရှိခဲ့သော အရှေ့မြောက် ဗကပတဖွဲ့သာ အယူဝါဒပေါ် အခြေခံခဲ့ပြီး ကျန်အဖွဲ့အားလုံးသည် အမျိုးသားရေးပေါ်တွင် အခြေခံပါသည်။ ယနေ့ရပ်တည်နေသော အဖွဲ့အားလုံးသည် အမျိုးသားရေးပေါ်တွင် အခြေခံရပ်တည်ပြီး သူ့လူမျိုးအလိုက်၏ ထောက်ခံမှု ကိုရရှိအောင် အားထုတ်၍ ရပ်တည်နေကြခြင်းဖြစ်သည်။ အရှေ့မြောက် ဗကပ ပြိုကွဲရခြင်းသည်ပင် အစိုးရတပ်မတော်နှင့် စစ်ရေးအရ တိုက်ခိုက်ရှုံးနိမ့်၍ပြို ကွဲရခြင်းမဟုတ်ဘဲ အမျိုးသားပြဿနာ တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင်၍ ပြိုကွဲခဲ့ ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးပြဿနာအား ဖြေရှင်းနိုင်ရေးအတွက် သော့ချက်ပြဿ နာမှာ တိုင်းရင်းသားတန်းတူရေးပြဿနာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြဿနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာကို အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖွေနိုင်ရေးဖြစ်သည်ဟု သုံးသပ်ရပါသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပဖွဲ့များ စစ်ရေးအရ ထိုဒေသ၌ လှုပ်ရှားနိုင်ခြင်း၏ ပထမအကြောင်း အချက်မှာ ထိုဒေသ၌ ရှမ်း ကချင် တအန်းပလောင် ကိုးကန့်တရုတ်စသည့် ဒေသခံတိုင်းရင်းသားကျေးရွာများသာရှိပြီး ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ထောက်ခံမှု ရရှိထားခြင်းကြောင့်ဖြစ်သည်။ အစိုးရဖက်မှရပ်တည်သော တိုင်းရင်းသား အချို့အနေနှင့် နမ့်ခမ်း ပန်ဆေးပြည်သူ့စစ် မူဆယ်မြို့မပြည်သူ့စစ် မုန်းပေါ်ပြည်သူစစ် ကွတ်ခိုင်ပြည်သူ့စစ် ဖေါင်းဆိုင်ပြည်သူ့စစ်ကောင်းခါးပြည်သူ့စစ် ဆင်ကျော့ပြည်သူ့စစ် စသည်ဖြင့်ရှိသော်လည်း ဒေသခံတိုင်းရင်းသားများ၏ထောက်ခံမှု ရရှိမှု အားနည်းသည်။

ဒုတိယအချက်မှာ ထိုဒေသသည် တောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲကာ ပြောက်ကျားစစ်ဆင်ရန် ကောင်းမွန်သည်။ ဒေသခံတိုင်းရင်းသားများ၏ စည်းရုံးသိမ်းသွင်း၍ထောက်ခံမှုရယူထားနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် လှည့်လည်ပြောက်ကျားစစ်ဆင်ရန် အားသာချက်ရှိသည်။

မန္တလေး မူဆယ်လမ်းမကြီးသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်သည်။ မြန်မာပြည်ကူးစည်ကူးသန်းရောင်းဝယ်မှု ၏ ၇၅ ရာခိုင်နှုန်းသည် ထိုလမ်းမမှ သွားလာနေပြီး နိုင်ငံတော်အစိုးရ၏ နေ့စဉ်ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းသည် ထိုကုန်သွယ်မှုလမ်းကြောင်းမှရရှိနေသည်ဟု ဆိုပါသည်။ သို့သော်လည်း ထိုပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးမဆိုထားနှင့် အဆိုပါကားလမ်းမကြီးအားပင် သွားလာရလွယ်ကူချောမောအောင် ဖောက်လုပ်နိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောနေရာများတွင် စစ်ပွဲများဖြစ်ပွားသည်မှာ အံ့သြစရာ မရှိပေ။

● နိဂုံး
ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်းပါဝင်နေသောအဖွဲ့အားလုံးပါဝင်ရေးဆိုသည့် အခြေခံမူပေါ်မှ သွားရန်လိုအပ်ပေမည်။ ထို့ပြင် တိုင်းရင်းသားများ တန်းတူရေးကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန်လိုအပ်ပါသည်။

မောင်မောင်စိုး (Mg Mg Soe)
၂၆၊ ၁၁၊ ၂၀၁၆ နေ့က ဧရာဝတီ (မြန်မာပိုင်း) တွင်ဖေါ်ပြပြီး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်