ခင်ဇော်မိုး ● ဒီဇင်ဘာဟာ မှုန်ရီနေတယ်

December 2, 2016

● ဒီဇင်ဘာဟာ မှုန်ရီနေတယ်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆

ကျွန်မရောက်သွားတော့ ကျောင်းအုပ်ဆရာကြီးက စားပွဲမှာစာအုပ်ဖတ်နေသည်။ ကျန်တဲ့ ဆရာတဦးနှင့် ဆရာမနှစ်ဦး ကတော့ ကလေးတွေကို `အက´သင်ပေးနေကြသည်။ ဆရာလေးက ဦးရွှေရိုးနှင့် ဒေါ်မိုးကို သင်ကြားပေးနေပြီး ဆရာမ လေးနှစ်ဦးကတော့ `အက´ အဖွဲ့တခုစီ တာဝန်ယူသင်ကြားပေးနေသည်။

ဆရာကြီးနှင့်လည်း စကားလက်စုံကြရင်း အကသင်နေသည့် ဆရာမနှင့်ကလေးတွေကို ကြည့်နေမိသည်။ ဥမမယ် စာမ မြောက်လေးတွေဖြစ်ကြသည့် နှစ်တန်း၊ သုံးတန်း၊ လေးတန်း ကလေးငယ်လေးများကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေသော ဆရာ ဆရာမလေးတို့၏ စိတ်ရှည်နိုင်စွမ်းမှာ မည်သည့်အရာနှင့် နှိုင်းတုရပါမည်နည်း။ နာသုံးနာနှင့် ပြည့်သောသူများ ဖြစ်သည်ဟု အဆိုပြုထားသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ ပြဋ္ဌာန်းစာအုပ်ထဲက စာများကိုသာမကဘဲ ကလေးများအသက်အရွယ်နှင့်လိုက်ဖက်စပ်ဟပ်သည့် ပြင်ပလောကဆိုင်ရာ အသိအလိမ္မာများ ကိုလည်း သင်ကြားပေးကြသည်။ သူတို့ကား အခြေခံပဓာနအကျဆုံးသော ဥယျာဉ်မှူးများပင်တည်း။ ကလေးများအား ပျိုးပန်းပင်လေးများနှယ် ရေလောင်း ပေါင်းရှင်းပေးကြရသည်။ ပညာနို့ရည်တိုက်ကျွေးပြီး အသိလွဲအမြင်မှားခြင်း၊ ခံယူချက်မှားနေခြင်း စသည့်ဘဝကို နစ်မြှပ်စေနိုင်သော ပေါင်းပင်သဖွယ်အမှားများကို ဖယ်ရှားပေးကြရသည်။ ပြုပြင်ပေးကြရသည်။ ဆရာ ဆရာမတွေများကား ဝတ်ကျေတန်းကျေရုံ စာသင်ပုန်းပေါ်ဝယ် မြေဖြူခြစ်ကြသူများ မဟုတ်ကြချေ။ အင်တိုက်အားတိုက် လယ်ယာစိုက်ပျိုးကြသည့် လယ်သမားများသဖွယ်သာတည်း။

သီးနှံပင်တွေ ပွင့်ဖို့သီးဖို့အရေး၊ ပိုးမထွေးဖို့အရေး အရိပ်တကြည့်ကြည့် ပြုစုကြသူများလို ဆရာ၊ ဆရာမတွေမှာလည်း သူတို့ကျောင်းသား/သူတွေ ဘယ်နေရာမှာတော် ဘယ်နေရာမှညံ့ ဆိုသည်ကို အရိပ်တကြည့်ကြည့်နှင့်ပင်။  မေတ္တာအားဖြင့်  ခရီးနှင်ပေးသော ပဲ့ကိုင်ရှင်များဟု ဆိုရပါမည်။

ဒီဇင်ဘာ အာစရိယပူဇော်ပွဲအတွက် `အက´သင်ပေးနေကြသည်။ စာမေးနီးပြီဆိုလျှင်လည်း ညကျောင်းပါ စာသင်ပေးကြရှာသေးသည်။ သူတို့ကိုယ်ပိုင်အချိန်များကို ကလေးတွေအတွက် ပေးထားသည်။ ကလေးတွေစာလိုက်နိုင်သည်ဆိုရင်ပဲ သူတို့မှာ ကျေနပ်ကြရသည်။ ပီတိဖြစ်ကြရသည်။ ဒါ့ကြောင့် ဆရာဟူသည် ပီတိကိုစား၍ အားဖြစ်သည်ဟု ပြောစမှတ်ပြုကြခြင်း ဖြစ်လိမ့်မည်။

ရွာမှာ ကိုယ်ထူကိုယ်ထကျောင်းကလေးကနေ ရွာ၏ကြိုးစားအားထုတ်မှုကြောင့် အခုလို မူလတန်း ကျောင်းလေး ပွင့်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်ထူကိုယ်ထစနစ်ဖြစ်သောကြောင့် ရွာကိုသာ ခွဲတမ်းချခဲ့သည်။ အလုပ်ရှင်ဆိုလျှင် အလုပ်ရှင်အလိုက်၊ အလုပ်သမား လက်လုပ်လက်စား ဆိုလျှင်လည်း အလုပ်သမားအထိုက်အလျောက် ခွဲတမ်းချခဲ့သည်။ ရွာကလူတွေလည်း လူမှုရေး၊ စီးပွာရေး အကြပ်အတည်းထဲမှ လိုလိုလားလားပင် ပေးလှူခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ မူလတန်းကျောင်းကလေး ပွင့်ခဲ့ပြီသာ။

တခြားရွာဘက်ကျောင်းသို့ ကလေးများခရီးဝေးသွားစရာမလိုသည်မှာလည်း အဆင်ပြေ ကောင်းမွန် လှပါသည်။ တခုရှိပါ သည်။ ကျွန်မတို့ရွာသေးသေးလေးမှာ မူလတန်းကျောင်းလေးရှိနေ၍ သူငယ်တန်း ကလေးများ များပြားခြင်းပင်။ ရွာဓလေ့အရ မိခင်များက ကျွန်မတို့အရပ်မှာ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးများကို ကျောင်းပျော်အဖြစ် ကျောင်းထည့် သည်။ ကျောင်းပို့သူက ပို့သည်။ ဆရာကြီးနှင့်အတူ ဆရာ၊ ဆရာမလေးများ ဘာမှမပြောကြပါ။ မငြူစူကြပါ။ တချို့ကလေး များက မုန့်ဆာ၍ ငိုသူက ငိုကြသည်။ တချို့ကလေးများက ဆော့ကစားရင်း စာအုပ်ခဲတံပျောက်၍ ငိုကြသည်။ တချို့ကလေး များက ရှူးပေါက်ချပြီး ငိုကြသည်။ တခါတလေ ဆရာမလေးများခမျာ အိမ်သာသို့ ပို့ပေးကြရသည်လည်း ရှိသည်ဟု ဆရာကြီးက ပြန်လည်ပြောပြသည့်အခါ ကျွန်မနှင့်အတူ ဆရာကြီးကပါ သဘောကျစွာရယ်သည်။ ဆရာမလေးတွေမှာ ဆရာဆိုလည်းဟုတ်သည်။ မိခင်ဆိုလည်း မမှားပေ။

မှတ်မိပါသေးသည်။ ကျွန်မဆယ်တန်းကျောင်းသူဘ၀တုန်းက အဖြစ်အပျက်ကလေးကို ယနေ့တိုင် မမေ့နိုင်ပါ။ ကျွန်မနည်း တူ ကျွန်မသူငယ်ချင်းများသည်လည်း ပြန်ပြောင်းပြောကြသည့်အခါတိုင်း ရယ်မောမိကြရင်း ဆရာကြီး၏မေတ္တာကိုအမှတ်တရရှိနေကြလိမ့်မည်။ ကျွန်မတို့သူငယ်ချင်းတယောက် နှစ်ဝက်စာမေးပွဲဖြေချိန်တွင် အလွန်ဖျားနေသောကြောင့် မဖြေလိုက် ရပေ။ သို့သော် နေပြန်ကောင်းသည့်အခါတွင် တာဝန်အရ အခန်းထဲတွင် တကိုယ်တော် စာမေးပွဲ ကျင်းပပေးသည်။ ထိုနေ့က ကျောင်းပိတ်ရက်ဖြစ်သည်။

နေ့လည်တွင်အဆင်ပြေသောကြောင့် ဘော်ဒါမှအိမ်သို့မပြန်ပဲ ကျောင်းသို့သာ စာမေးပွဲဖြေရန် သူငယ်ချင်းဖြစ်သူနှင့်အတူ ကျွန်မတို့အဖော်လိုက်ခဲ့သည်။ ကျွန်မနှင့်အတူ သူငယ်ချင်းနှစ်ယောက် အပြင်ကသာစောင့်နေခဲ့သည်။

မွန်းတည့်ချိန်ဖြစ်သောကြောင့် ဗိုက်ဆာလေပြီ။ ကျောင်းပိတ်ရက်ဖြစ်၍ မုန့်ဈေးတန်းလည်းမရှိပေ။ ကျောင်းဆောင်ဝရန် တာမှသာ ခေါက်တုံ့ခေါက်ပြန် သွားနေမိသည်။ ခြေဦးတည့်ရာ စကားတွေဆိုနေ ကြသည်။

ထိုစဉ် ကျွန်မတို့အဆောင်နှင့် မျက်စောင်းထိုးအဆောင်မှ ဆရာကြီးထွက်လာပြီး လက်ယပ်ခေါ်သည်။ ကျွန်မတို့သုံးဦးသား နည်းနည်းလန့်သွားသည်။ ကျောင်းအုပ်ဆရာကြီးဖြစ်နေသောကြောင့် စကားပြောရမှာပင် ရှဲတဲတဲ ဖြစ်နေပါသည်။ သို့သော် မတတ်နိုင်။ သွားရပါသည်။ ဆရာကြီးက `ကျောင်းပိတ်ရက်မှာ ဘာလာလုပ်ကြတာလဲ´ဟုမေးပါသည်။ ကျွန်မတို့သုံးဦးသား အကျိုးအကြောင်း ကို ခရေစေ့တွင်းကျ ပြောပြကြသည်။ ထိုအခါမှ `သြော်´ဟုရေရွတ်ကာ `ထမင်းဆာနေကြရော့ပေါ့ ငါ့တပည့်တွေ၊ ညည်းတို့ အဲ့မှာစကားပြောနေကြတာ ကြားတာကြာပြီ´ဟု ဆရာကြီးက စကားထပ်ဆိုသည်။ ထိုအခါ ကျွန်မတို့သူငယ်ချင်းသုံးဦးသား `ဟုတ်´ဆိုသောစကားကို တယောက်ကိုတယောက်ကြည့်ရင်း ပြုံးစိစိဖြင့် ပြောလိုက်မိသည်။ ထို့နောက် ဆရာကြီးက အခန်းတွင်းက ထမင်းလာပို့သော၊ ကျွန်မတို့အတန်းမှ သင်္ချာဆရာအား လှမ်းပြောသည်။

“မင်းကလည်း ဒီရွာခံပဲကွာ အိမ်ကိုသာပြန်စားလိုက်တော့၊ ငါကမဆာဘူး။ နည်းနည်းစားလိုက်ပြီးပြီ။ ကလေးတွေကို ထမင်း ချိုင့်ပေးလိုက်ပါကွာ” ဟူသောစကားကြောင့် ကျွန်မတို့သူငယ်ချင်းသုံးဦး အံ့သြသင့်မိသည်။ အားနာလွန်း၍ `မဆာပါဘူး´ ဟု ကျွန်မသုံးဦး မချိုမချဉ်မျက်နှာဖြင့် ငြင်းသော်လည်း မရပေ။

ဒါနှင့်ပဲ `ပန်းတော်ရိုးနဲ့ရေအိုး´ဆိုသလို ထမင်ချိုင့်နှင့်ဗိုက်ဆာနေကြသည်နှင့် ကာရန်ကွက်ကျ ညီသွားကြသည်။ သုံးယောက်သား ထမင်းချိုင့်ကို ဝရန်တာလမ်းပေါ်မှာပဲဖွင့်ပြီး စားကြသည်။ ဗိုက်ဆာနေ၍လား၊ဆရာကြီး၏ထမင်းချိုင့်ဖြစ်၍လားမသိ စားမြိန်လှသည်။ အလုအယက် အချည်ရည်ကပါမကျန် စောင်းသောက်ကြပြီး ပြောင်တလင်းခါအောင် စားကြသည်။

အဲ့ဒီအဖြစ်တွေကို ကျွန်မတို့ဘယ်သောအခါမှ မေ့မည်မဟုတ်သလို၊ ထိုအဖြစ်တွေကို လွမ်းဆွတ်နေမိ ဖူးပါသည်။ ထိုအချိန်မှာ အလုအယက်သူ့လက်ရည် ကိုယ့်လက်ရည် မရွံ့ဘဲ အတူစားနေသော ကျွန်မတို့သုံးဦးကို ကြည့်ပြီး ဆရာကြီးကပြုံးနေသည်။ ဆရာကြီးမစားလိုက်ရဘဲ ကျွန်မတို့စားရပေမယ့် အားအပြည့်နှင့် ဆရာ့ကြီးအပြုံးတွေကအင်မတန်လှပနူးညံ့နေသည်ဟု ခံစားမိသည်။

တပည့်တွေအပေါ်ထားရှိသော ဆရာ၊ ဆရာမတို့၏ လေးနက်သည့် မေတ္တာတရားကို ခံစားမိလိုက် သည်။ တကြိမ်တခါမှ စကားမပြောဖူးပေမယ့် ကျောင်းအုပ်ဆရာကြီးသည် ကျွန်မတို့တတွေအား သူ၏သားသမီးများသဖွယ် ချစ်မြတ်နိုးသည်ဟု နားလည်မိသည်။ စိတ်ထဲမှာရင်းနှီး၍ ပိုပြီးလေးစားကာ ပို၍ချစ်ကြရပါသည်။ ထိုနေ့က ထမင်းစားခဲ့ရသည့် အရသာနှင့်စိတ်ခံစားမှုအား အဘယ်သို့မေ့နိုင်ပါအံ့။

အခုတော့ ဘယ်အရပ်ဘယ်ဆီမှာများ တာဝန်ကိုထမ်းဆောင်နေသည်မသိ။ ဆယ်စုနှစ်နီးပါးအချိန်ပင် ကြာခဲ့လေပြီ။ ဘယ်ကျောင်းတော်မှာပဲ ဥယျာဉ်မှူးဖြစ်ဖြစ် သူတို့တတွေဟာ ပန်းကလေးတွေကို ချစ်သောသူ၊ သစ်ပင်ကလေးများပျိုးထောင်သူများသာဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အမူအယာအားဖြင့် လည်းကောင်း၊ အသံပိုင်းဆိုင်ရာ အားထုတ်မှုဖြင့်လည်းကောင်း ၊ ဉာဏ်ပိုင်းဆိုင်ရာ အသိအမြော် အမြင်ဖြင့်လည်ကောင်း ကြိုးစားအားထုတ်၍သာ ကွဲပြားတတ်သိနားလည်အောင် သင်ကြားပေးကြ သည်။ ပင်ပန်းမှုကို အလေးမထားနိုင်ကြရှာ။ ဘယ်ဒေသ ဘယ်ဥယျာဉ်မှာပဲရောက်ရောက် ပြုစုပျိုးထောင်ဖို့ အားအပြည့်နှင့်။ လှော်ခတ်ပေးဖို့ တက်တပြင်ပြင်နှင့်ပေါ့။ ကျွန်မတို့ကို ပြုစုပျိုး ထောင်ခဲ့သော ဥယျာဉ်မှူးတို့သည် ဘယ်သို့ရောက်နေမည်မသိတော့သလို  ရောက်စေလိုသော ကမ်းတဖက်သို့ လှော်ခတ်ပေးခဲ့သော ပဲ့ကိုင်လက်တို့သည် ဘယ်သို့ခရီးပေါက်နေပြီမသိ။ သူတို့အပြုံးကို အခုတော့လွမ်းဆွတ်တတ်ခဲ့ပြီ။
ဆရာ ဆရာမတို့အတွက် မုန့် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတအိုးကို လှယ်ထည့်ပေးခဲ့ပြီး နှုတ်ဆက်၍ ပြန်ခဲ့တော့သည်။ သူငယ်တန်းတုန်းက စ၊ စာ၊ စား /ဆ၊ ဆာ၊ ဆား စသဖြင့် အခေါက်ပေါင်းမရေတွက်နိုင်အောင် ချပေးခဲ့သည့် ဆရာ့ကိုလည်း သတိရလွန်းပါသည်။ `ဝ´ လုံးမရေးတတ်သည့်လက်ကလေးတွေပေါ် ပိုးကိုင်ပြီး မငြီးမငွေ့ သင်ပေးခဲ့သည့် ကန့်ကူလက်လှည့် ဟုဆိုအပ်သော ဆရာမကိုလည်း  သတိရလွန်းပါသည်။

“သြော် မေတ္တာရှင်တွေရယ်” ဟူသော စကားလုံးမှအပ တံဆိပ်မကပ်တပ်တော့။
အိမ်အပြန်လမ်းသည် နေခင်းကြောင်ကြောင်မှာပင် မှုန်ရီလို့။
ထို့အတူ ကျွန်မစိတ်များသည်လည်း မှုန်မှုန်ရီရီ တုန်တုန်ရီရီဖြစ်လို့ပါပဲ။
ဒါဟာ ဒီဇင်ဘာ၏ပယောဂကင်းပါရဲ့လား။

ခင်ဇော်မိုး
၂၉.၁၁.၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်