မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၇ – ၁၈)

December 3, 2016

● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၇ – ၁၈)
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။

———–

ကိုယ်ပြေလည်လာတဲ့အခါမှာ ကိုယ်ချင်းစာပြီးတော့ ကျနော့်ခြံကြီးကလည်း အကျယ်ကြီးပဲ၊ ကျနော်က အဆောင်နှစ်ဆောင် ထားတယ်

မာန်။ ။ ဒါဆို ကျနော်တစ်ခုလောက်ဖြတ်မေးပါရစေဆရာ။ ဆရာ ၁၉၇၀ တဝိုက်မှာ အိမ်ထောင်ကျတယ်လို့လည်း သိရတယ်၊ အဲဒီမှာဆရာဇာတ်ညွှန်းရေးပြီးတော့ မင်္ဂလာဆောင်ရတယ်၊ ဆောင်ပြီးတော့ နေလာကြတယ်၊ အဲဒီတော့ အန်တီရှယ်လီနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေ ပြောပြပါဦးဆရာ။ ဆရာ သူ့ကို တော်တော်လေးကျေးဇူးတင်တဲ့အကြောင်းတွေ ပြောဖူးတာလည်းရှိတယ်၊ ဆရာ့ဘဝဖြတ်သန်းမှုပေါ့။
မင်းသစ်။ ။ မဟုတ်ဖူး၊ ဟိုဟာလေ၊ ကျနော့်လိုလူမျိုး၊ ကျနော့်လို အပေါင်းအသင်းစုံတယ်၊ အပေါင်းအသင်းများတယ်၊ အ ပေါင်း အသင်းအတွက်ပဲစဉ်းစားနေတဲ့လူတစ်ယောက်ကို သူသည်းခံနိုင်တာ အံ့ဩတယ်။

မာန် ။ ။ ဒါဆိုဖြတ်မေးပါရစေ၊ အစပိုင်း သူနဲ့ဆရာတွေ့ခဲ့တာလေး၊ ဆရာတို့ဆုံခဲ့တဲ့ အကြောင်းအရာလေး။
မင်းသစ်။ ။ စတွေ့တာကတော့ ကျနော် မရိုးသားဖူးဗျ၊ ကျနော်မရိုးသားဘူးဆိုတာက သူ့ ကျနော်အင်္ဂလိပ်စာတော်လို့ကြိုက်တာ၊ ကြိုက်တာ၊ ချစ်တာမဟုတ်ဘူး၊ ဖြစ်ပုံ ဖြစ်ပုံ၊ တွေ့တာက အလုပ်သမားရေးရာ ညကျောင်းမှာ၊ သူက ENGLISH သင် တယ်၊ ကျနော်က BIO သင်တယ်။

ကျနော်က သူ့ကို၊ ဟိုဟာဗျာ၊ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်လည်း ကျနော့်ရဲ့တွေးခေါ်စဉ်းစားပုံတွေ ကဗျာ၊ နည်းနည်း ညံ့ပါတယ်၊ ကျနော် အဲဒီလိုပဲသတ်မှတ်တာ၊ သူများလို မြင့်မြတ်မှု မွန်မြတ်မှုဆိုတာတွေ သူများလောက်ရှိမယ် ကျနော် မထင်ဘူး။ အဲဒီတော့ မိန်းမ၊ ဘယ်လိုမိန်းမယူမလဲ၊ ပညာတတ်တဲ့မိန်းမယူမယ်၊ အထူးသဖြင့် အင်္ဂလိပ်စာကောင်းရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မျိုးဆက်သားသမီးတွေအတွက်၊ စီမံကိန်းနဲ့စီမံကိန်းနဲ့၊ ညကျောင်းမှာတွေ့တဲ့အခါကျတော့ သူက အင်္ဂလိပ်စာအရမ်းတော်တယ်ဗျာ၊ သူက မြန်မာ့အသံမှာ ရုပ်မြင်သံကြားမပေါ်ခင်ကတည်းက ENGLISH ပိုင်းအစီ အစဉ်က အစီအစဉ်မှူးဗျ၊ အဲဒါနဲ့ ကျနော်သူ့ ကြိုက်တာ၊ အဲဒီတော့ ယူဖြစ်ကြတာပေါ့၊ နောက်ကျတော့လည်း ချစ်သွားတယ်ဗျ၊ ချစ်သွားတယ်ဆိုတာက ကျနော့်လိုလူမျိုးရဲ့ဒဏ်ကိုခံလို့ပဲ၊ ကျနော့်ရဲ့ဒဏ်တင်မကဘူး၊ ကျနော့်အပေါင်းအသင်းရဲ့ ဒဏ်ပါ လှိမ့်ခံရတာ၊ ထောင်ထွက်တွေရော၊ နယ်သပိတ်စခန်းကပြေးလာတဲ့သူတွေရော၊ ဆေးလာကုတဲ့ ကောင်တွေရော၊ တအုပ် ကြီးတမကြီးဗျ၊ အဲဒီဒဏ်တွေကိုခံရတာ၊ အဲဒီတော့ စာရေးဆရာကဗျာဆရာတွေလည်း ပါတာပေါ့၊ စာရေးဆရာ ကဗျာ ဆရာတွေက ကျနော့်ထက်တောင် သူ့ကိုပိုချစ်သေးတယ်၊ ဟိုဟာပေါ့၊ ကျနော့်ဆီမုန့်ဖိုးတောင်းရင် တစ်ဆယ်ရတယ်၊ သူ့ ဆီမုန့်ဖိုးတောင်းရင် နှစ်ဆယ်ရတယ်၊ ဟိုကောင်တွေက တယောက်စီတောင်းတယ်၊ ဟဲဟဲဟဲ၊ အဲဒီလိုဗျ။

မာန် ။ ။ ဟုတ်ပြီ၊ ကျနော်ထပ်ဆက်မယ်ဆရာ၊ ဆရာ့ရဲ့ပရဝဏ်ကြီးထဲမှာ စာရေးဆရာဆရာမတွေ အများကြီး ကျင်လည် ခဲ့ကြတယ်၊ ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) ကလည်းပြောတယ်၊ ဆရာဟိန်းလတ်တို့ကလည်း တကူးတကပြောတယ်၊ ဆရာ့ကို ကျနော် အင်တာဗျူးခါနီးမှာတောင် ဆရာဟိန်းလတ်ရဲ့သမီး မေသရဝဏ်ဦးက အဲဒီနေ့ညနေက ကျနော်မလာဖြစ် ဘူးထင်လို့ ဖြစ်အောင် သွားဗျူးပေးဖို့ ကျနော့်ကိုအကြောင်းကြားတယ်၊ မက်ဆေ့ပို့တယ်၊ ကျနော်ဗျူးဖြစ်ပါတယ်လို့ အ ကြောင်းပြန်လိုက်တယ်၊ သူက ဆရာ့ဆီကျနော်ရောက်မလာမှာ စိုးရိမ်လို့ပါ၊ အဲဒီလိုမျိုးတွေပေါ့ဆရာ၊ ဆရာ့အပေါ် စာပေ သမားတော်တော်များများက တန်ဖိုးထားကြတယ်၊ ဒါကြောင့် ဆရာတို့ခြံထဲမှာ၊ ဆရာခုနကပြောသလို ဆရာဆရာမတွေ နေသွားခဲ့ကြတဲ့ကာလကအဖြစ်အပျက်လေးတွေ ဆရာမှတ်မိသလောက်ပြောပြပါဦး။
မင်းသစ် ။ ။ အဓိကက၊ အဓိကကတော့ဗျာ၊ ကျနော်က နယ်ကဗျ၊ နယ်ကနေတက်လာရတာ၊ ရန်ကုန်မှာစားဖို့က ပြဿ နာမဟုတ်ဘူး၊ ကျနော့်တုန်းက တော်တော်ဒုက္ခရောက်ဖူးတယ်၊ တခါတလေ ကျနော်ပြဿနာတက်ရတယ်၊ ရန်ကုန်ရောက် ခါစက ဘွဲ့ရပြီးတော့ လက်ထဲပိုက်ဆံလည်း မရှိဘူး။

အိပ်စရာလည်း မရှိဘူး၊ အဲဒီတော့ ပဲဆုပ်တစ်မတ်ဖိုး (၂၅) ပြား ကို သုံးလုံးရတယ်၊ အဲဒီ့ ပဲဆုပ်လေး သုံးလုံးကို ဝါးစား ထည့်လိုက်ပြီးတော့၊ အဲဒီတုန်းက လှည်းတန်းအဝိုင်းကြီး မဖျက်ရသေးဘူးဗျ၊ အဲဒီမှာ ရေသုံးခွက်ဆင့်သောက်၊ ပြီးတော့မှ လှည်းတန်းအဝိုင်းအောက်မှာ ခါးထောက်ရပ်ပြီးမှ၊ ငါ၊ တနေ့နေ့မှာ၊ ဒီရန်ကုန်မြို့ကြီးမှာ တစုံတရာတော့ဖြစ်ရမယ်ကွ..၊

မာန် ။ ။ ဟာ၊ ကောင်းလိုက်တာဆရာရယ်၊ ဘယ်ကာလလဲ
မင်းသစ် ။ ။ ဟဲဟဲ၊ စားစရာတော့မရှိသေးဘူး။ ၁၉၆၈ လောက်ပေါ့၊ စာပေလောကကြီး ပြုပြင်လိုက်မယ်တို့၊ ပြောင်းလဲ ပစ်လိုက်မယ်တို့၊ ဂီတလောကကြီး ဘာလုပ်မယ်တို့ ညာလုပ်မယ်တို့၊ သိတယ်မို့လား ဟေးဟေး၊ အဲဒီတော့ ကျနော် အဲဒါကိုမကြောက်ဘူး ကိုမာန်ရဲ့၊ နေဝင်မှာကြောက်တာ။

မာန်။ ။ နေဝင်ရင် ….
မင်းသစ် ။ ။ အိပ်စရာမရှိတာ၊ အိပ်စရာမရှိတော့ ကျနော်ဘာလုပ်ရတုန်းဆိုတော့ ဘူတာကြီး သွားအိပ်တယ်၊ ကုလားထိုင်တို့၊ ဖျာတို့ ဘယ်ငှားနိုင်လိမ့်မတုန်း အဝေးကြီး၊ အဲဒီမှာပညာတတ် ညာဉ်ကလည်း မပျောက်သေးတော့ ကြမ်းပေါ်လည်း မအိပ် ချင်ပြန်ဘူး၊ အဲဒီတော့ မော်လမြိုင် ရထားလက်မှတ်ပေါက်မှာ လက်မှတ်ဝယ်လို့ရှိရင် ဝယ်တဲ့သူက လက်ကလေးတင်ပြီး ဝယ်ဖို့၊ တစ်ပေကျော်ကျော်လောက် သစ်သားပြားလေး ရိုက်ထားတယ်၊ အဲဒီပေါ် ကျနော်တက်အိပ်တယ်၊ မနက်လေးနာရီ လောက်ကျတော့ ကျနော့်ခါးကို တုတ်နဲ့ထိုးတော့တာပဲ၊ လက်မှတ်ရောင်းမယ့်သူက၊ မျက်စိဖွင့်ကြည့်တော့ အကုန်တန်းစီ နေကြပြီ၊ အဲဒီမှာထရတယ်၊ ထားပါတော့ဗျာ၊ ရန်ကုန်မှာ ကျောတနေရာစာက သိပ်ခက်တယ်၊ အဲဒီတော့ ကျနော်က ကိုယ်ပြေလည်လာတဲ့အခါမှာ ကိုယ်ချင်းစာပြီးတော့၊ ကျနော်တို့ခြံကြီးကလည်း အကျယ်ကြီးပဲ၊ ကျနော်က အဆောင်နှစ် ဆောင် ထားတယ်။

ယနေ့မြန်မာစာပေလောကတွင် တဟုန်ထိုးသောက်လာကြသော အကောင်လေးတွေ
—————————————————————
မာန်။ ။ဆရာ၊ အဲဒီရှေ့ပိုင်းလေးပြတ်သွားမှာစိုးလို့ပါ၊ ဒီခြံကို ဝယ်ဖြစ်တဲ့အကြောင်လေးပြောပါဦးဆရာ။
မင်းသစ် ။ ။ ဒီခြံကဒီလိုဗျ၊ တစ်ဝက်က မိန်းမဘက်က အမွေဆိုင်မို့လို့ အမွေရတာ၊ နောက်တစ်ဝက်က ရှယ်လီ့အဒေါ်ပိုင်တာ၊ အဲဒီအဒေါ်ဆီကနေ ကျနော်ကိုယ်ပိုင်ဝယ်လိုက်တာ၊ အဲဒီဝယ်ထားတဲ့ တစ်ဝက်ကို လော်စစ်ဟန်ဆီ ကျနော်ပြန်ရောင်းလိုက်လို့ပါသွားတာ၊ အဲဒီလို၊ ဒီခြံထဲမှာ ကျနော်က အဆောင်နှစ်ဆောင်ဆောက်တယ်၊ ယောက်ကျားလေးဆောင်မှာ အဆောင် မှူးက မောင်သင်းခိုင်၊ နေတဲ့သူက လူစုံပဲဗျာ၊ များသောအားဖြင့်တော့ ထောင်ထွက်တို့ ပြေးလာတဲ့ကောင်တို့ အဲဒီလိုလူတေ များတယ်။

မာန်။ ။ အဆောင်ပါ ဖွင့်ပေးလိုက်တာလားဆရာ။
မင်းသစ် ။ ။နေကြလေ၊ ထမင်းလည်းကျွေးတယ်၊ အရက်ဖိုးလည်း ပေးရတယ်၊ မြို့ထဲသွားဖို့ ကားခလည်း ပေးရတယ်၊ ဘယ် အချိန်စာရေးကြသလဲတော့ မသိဘူး။

မိန်းခလေးဆောင်ကြတော့ တခါတလေ ဆရာမကြီးဒေါ်ခင်ဆွေဦးက နားအေးပါးအေးစာရေးချင်လို့ လာရေးတယ်၊ အငယ် တွေကတော့ ရာသက်ပန်တို့ ခက်မာတို့ စုထားတို့ပေါ့ဗျာ၊ အဲဒီလိုဗျ၊ အဲဒီလိုနေလာကြတော့ မနက်မိုးလင်းရင် သံချောင်း ခေါက်လိုက်တာပဲ၊ breakfast ရပြီ၊ လာစားကြပါပေါ့၊ နောက်တခါ brunch (နေ့လယ်စာ) ရပြီပေါ့။

အဲဒီချက်တဲ့ပြုတ်တဲ့အလုပ်ကိုလုပ်တာလည်း ဗကပတောပြန်တွေ၊ သူတို့ကအချက်အပြုတ်ကောင်းတယ်၊ စာဖိုမှူးတွေ၊ သူတို့ဟာသူတို့ ဈေးသွားကြ၊ ချက်ပြုတ်စားသောက်ကြတာပေါ့ဗျာ။

မာန် ။ ။ အဲဒီကာလမှာ ဆရာကျူရှင်သင်နေတုန်းပဲလား၊
မင်းသစ် ။ ။ ဟာ၊ အဲဒါကြောင့် ကျနော်ရပ်တည်နိုင်တာပေါ့၊ ဆယ်တန်းစာမေးပွဲနီးရင် ကျနော်တ ဂုဏ်ထူးဦးသိန်းနိုင်တို့က မန္တလေးကိုနေ့ချင်းပြန်စာသွားသင်ကြတယ်၊ ရန်ကုန်ကိုတစ်ရက်ပိတ်ပြီး နေ့ချင်းပြန်သွားသင်ပေးရတယ်၊ အမှန်ကတော့ လောဘ၊လောဘဇောတွေပါ၊ လောဘရယ်၊ ပြီးတော့က ရန်ကုန်-မန္တလေးကူးသင်တယ်ဆိုတဲ့ ဂုဏ်၊ကြွားချင်တာလဲပါတာပေါ့၊ ဒါက ကိုယ်အသက်ကြီးမှ ပြန်စဉ်းစားမိတာ။
မာန် ။ ။ ဟုတ်တာပေါ့၊ ဟုန်းဟုန်းထနေတဲ့ကာလဆိုတော့ လုပ်တိုင်းဖြစ်နေတာပေါ့။
မင်းသစ် ။ ။လုပ်တိုင်းဖြစ်တာပေါ့ဗျာ၊ အဲဒီလိုနေလာကြရင်း၊ မိန်းကလေးဆောင်အောက်ထပ်မှာ ကြတော့ အိမ်ထောင်သည် လိုင်း၊ ဆောင်းဝင်းလတ်တို့ မိသားစုနေကြတယ်၊သူတို့ကတော့ ကျနော်တို့နဲ့ရောစားတာမဟုတ်ပါဘူး၊ သူတို့ဘာသာ တစ်အိုးစားကြတာ၊ ကျနော့်အိုးကတော့ ဘယ်သူပဲဝင်စားစားမကုန်ပါဘူး၊ ဒီလိုပဲရှိတာစားကြတာပဲ၊ ညနေကျလို့ရှိရင် စကားစည်ပြီ ဝိုင်းကြီးစည်ပြီပေါ့၊ ကျနော်ကလည်း စာသင်ပြီးပြီ၊ သောက်ပြီလေ၊ အကုန်လုံးသောက်တဲ့ ကောင်တွေချည်းပဲ၊ ကျနော်အဲဒီတုန်းကစပြီးတော့ ပြောတာ၊ ရေးတာကနည်းနည်းဗျာ၊ သောက်တာကများများ၊ အဲဒါကြောင့် သူတို့လောက နာမည်ပေးထားတယ်၊ ယနေ့မြန်မာစာပေ လောကတွင် တဟုန်ထိုးသောက်လာကြသောအကောင်လေးတွေဆိုပြီး၊ ဟေး ဟေး၊ မင်းတို့ ကောင်တွေ ဘယ်အချိန်ကြည့်ကြည့်ကွာလို့၊ ခင်ဗျားဗျာ၊ မူးနေတာချည်းပဲ၊ နောက်ပြီးကျတော့ ပိုက်ဆံလွယ်လွယ်ရမယ့်အလုပ်တွေလုပ်ကြတယ်၊ ဆိုပါစို့၊ ဟင်္သာတမောင်နွယ်ထွဋ်တို့ဆိုရင် တင်အောင်နီရဲ့ပြာကလောင် ပြာက ချောင် တွေလည်း ရေးရတယ်၊ ဆွေမင်း (ဓနုဖြူ) ရဲ့မြိုင်ရာဇာတွတ်ပီတွေလည်း ရေးရတယ်။

မာန်။ ။ စာဖြည့်ပေးတာလားဆရာ။
မင်းသစ် ။ ။ ဇာတ်လမ်းရေးရတာပေါ့၊ ကျန်တဲ့လူတွေက ဘာမှပိုက်ဆံရတဲ့လုပ်ငန်းကို မလုပ်ကြဘူး၊ ကဗျာရေးတယ်၊ တစ် လကို ကဗျာတပုဒ်ဆိုရင် ဘယ်နှပုဒ်စာရမယ်၊ ဒါမျိုးပေါ့ဗျာ၊ ဒါပဲ။ ကျန်တာ သူတို့အတွက်မလိုဘူး၊ ကျနော်နဲ့အတူနေ အတူစားပေါ့၊ နေစရာစားစရာမပူရတဲ့အပြင် သောက်စရာပါရနေတာ၊ အဲဒီတော့ နေကြတယ်ဗျာ၊ နောက် ကျနော်စီးပွားပျက် တော့မှ အဲဒီအဝန်းအဝိုင်းကြီးလည်း တဖြည်းဖြည်းနဲ့ တပ်ဆုတ်ကုန်ကြတာ။

မာန် ။ ။ဘယ်လောက်ကြာသလဲဆရာ။
မင်းသစ် ။ ။လေးနှစ်လောက်ရှိမယ်။

 

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး

One Response to မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၇ – ၁၈)

  1. Catwoman on December 3, 2016 at 7:33 pm

    With all due respect you sound bipolar. You have many traits of it. Drinking, adopting people, grandiose delusions, spending money, traveling far to eat a meal, all points to bipolar disorder. I have many patients and it s treatable.
    They have many ideas such as writing a great novel. It s never to late to analyze yourself.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်