နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ (၃) (နိဂုံး)

December 15, 2016

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ (၃) (နိဂုံး)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆

[၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်ကပြုလုပ်မည့် “ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာ တမ်းဖတ်ပွဲ” အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့်စာတမ်း ဖြစ်သည်။]

၎။    ဆွေးနွေးဖက်အပြောင်းအလဲများ
    (က)    အစိုးရနဲ့လက်ဝဲအင်အားစု
    (ခ)    အစိုးရ၊ တိုင်းရင်းသားအင်အားစုများနဲ့ လက်ဝဲပါတီ
    (ဂ)    အစိုးရနှင့် ဖက်ဒရယ်မူအတွက် ဆွေးနွေးပွဲများ
၅။    လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲ
၆။    ခြုံငုံသုံးသပ်ချက်
–    နိဂုံး
–    နိဂုံးအညွှန်း

အပိုင်း (၁) နှင့် (၂) ပြန် ဖတ်ရန် —

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ (၁)
http://moemaka.com/archives/54983
http://blog.moemaka.com/2016/11/blog-post_925.html

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ (၂)
http://moemaka.com/archives/55045
http://blog.moemaka.com/2016/11/blog-post_845.html

၎။ ဆွေးနွေးဖက်အပြောင်းအလဲများ

အခုဒီစာတမ်းရေးနေတဲ့ ၂၀၁၆ အောက်တိုဘာလကုန်ပိုင်းဆိုရင် ဖြစ်ခဲ့တာ ၆၉ နှစ်နားနီးနေပါပြီ။ အစိုးရအဖွဲ့ အနေနဲ့ပြောရရင် ဖဆပလအစိုးရ (၁၉၄၈-၅၈)၊ စစ်အာဏာသိမ်း (အိမ်စောင့်) အစိုးရ (၁၉၅၈ -၆၀)၊ ပထစဦးနုအစိုးရ (၁၉၆၀-၆၂)၊ တော်လှန်ရေးကောင်စီ (မဆလနဲ့တပါတီစစ်အာဏာရှင်) အစိုးရ (၁၉၆၂ -၈၈)၊ တတိယစစ်အာဏာသိမ်းအစိုးရ (န၀တနဲ့ နအဖအစိုးရ) (၁၉၈၈-၂၀၁၀)၊ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးအစိုးရ (၂၀၁၀-၂၀၁၅) နဲ့ အခုလက်ရှိဦးထင်ကျော်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့ဖြစ်ပါတယ်။

ရှေ့ပိုင်းအစိုးရအဆက်ဆက်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မဖြစ်ခဲ့ပါဘူး။ တော်လှန်ရေးကောင်စီ အစိုးရနဲ့ဆွေးနွေးတော့ လည်း ပျက်ခဲ့တယ်။ ၁၉၆၃ ဆွေးနွေးပွဲပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကြီး မားမားမရှိခဲ့ပါဘူး။ ရှိခဲ့တဲ့ဆွေးနွေး ပွဲတွေက တပါတီချင်း (တဖွဲ့ချင်း) နဲ့ပဲ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာလည်း (၁၉၈၀ ၀န်းကျင်) မဆလစစ်အစိုးရက သူတို့ဘက်က အသာစီးရယူချင်စိတ်၊ သူတို့ လက်အောက်ထဲကို ခေါင်းလျှိုဝင်စေချင်စိတ်တွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ အဲဒါတွေကတော့ ဗမာပြည်ကွန် မြူနစ်ပါတီနဲ့ ကေအိုင်အိုတို့နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာဖြစ်ပါတယ်။

အဲဒီကာလရှည်ကြီးထဲမှာ အဓိကရှိနေခဲ့တာကတော့ အစိုးရဘက်ရဲ့ထိုးစစ်တွေပဲဖြစ်ပါတယ်။ အစိုးရအ ဆက်ဆက်ဟာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အပြုတ်တိုက်ရေး၊ အပြတ်ချေမှုန်းရေးဘက်ကပဲမူတည် စဉ်းစားခဲ့တာကိုတွေ့ရ ပါတယ်။ ဒါပေမဲ့သူမပြုတ်ကိုယ်မနိုင်၊ ကိုယ်မပြုတ်သူမနိုင်တဲ့ အခြေအနေကဆက်ရှိလာ၊ ကြာလာတဲ့အပေါ်မှာ နိုင်ငံရေးပြသနာကြောင့်ဖြစ်လာခဲ့ရတဲ့ ပြည်တွင်းစစ်မီးကိုအစိုးရဘက်က ငြှိမ်းသတ်ဖို့မစဉ်း စားခဲ့ဘူးလို့ ပြောရမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာဆက်စပ်လာလို့ စစ်ချုပ်ငြိမ်းသွားအောင်လုပ်တဲ့နည်း (၂) နည်းရှိတယ်ဆိုတာကို ပြောပြချင်ပါတယ်။ ရှေ့ကမျိုး ဆက်တွေရဲ့ ပြောခဲ့ပြီးသားရှိတာမို့ အဲဒါကိုပဲ ကိုးကားပြပါ့မယ်။

”စစ်ရပ်စဲတဲ့နည်းလမ်းနှစ်နည်း၊ နှစ်မျိုးရှိတာကို ကျွန်တော်တွေ့ရပါတယ်။ ပထမတနည်းကတော့ အပြုတ်တိုက်ရေး၊ တ နည်းအားဖြင့် တဘက်ကတဘက်ကို လက်နက်ချအရှုံးပေးစေတဲ့နည်းဖြစ်ပြီး နောက်တနည်းကတော့ တဘက်နဲ့တဘက် ဆွေးနွေးဖြေရှင်းပြီး ရပ်စဲတဲ့နည်းဆိုပြီး နှစ်နည်းရှိပါ တယ်။” ၁၃

ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ တဘက်နဲ့တဘက် ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ပြသနာရဲ့ဇာစ်မြစ်ကိုပြန်ကြည့်ပြီး ရှိနေတဲ့အခြေအနေကို နိုင်ငံရေးအရအဖြေကောင်းထွက် အောင် ညှိနှိုင်းဆွေးနွေးရင်း နှစ်ဘက်စလုံးက လက်ခံနိုင်တဲ့ရလဒ်ဖြစ်လာအောင် အဖြေရှာကြတာပဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးဖြစ်အောင် ကြိုး စားခဲ့တဲ့ ဆွေးနွေးပွဲတွေရှိခဲ့ဖူးပါသလားဆိုတာကို မြန်မာနိုင်ငံရဲ့ပြည်တွင်း စစ်နောက်ခံကားပေါ်ကနေ ရှာကြည့်ကြရဦးမှာ ပါ။ ရှာတွေ့ပြီဆိုရင် ရှာတွေ့တဲ့အချိန်ဟာ ပြည်တွင်းငြိမ်းချမ်းရေး ခရီးအတော်ပေါက်ရောက်နေချိန် (ဒါမှမဟုတ်) ငြိမ်းချမ်းရေးရနေတဲ့အချိန်ဖြစ်ပါလိမ့်မယ်။

အခုတော့ ပြည်တွင်းစစ်သမိုင်းနောက်ခံကားထဲကနေပြီး ဆွေးနွေးဖက်တွေအကြောင်းနဲ့ အပြောင်းအလဲတွေကို ဆွဲထုတ် ကြည့်ပါ့မယ်။

၎။ (က) အစိုးရနဲ့လက်ဝဲအင်အားစု
ပြည်တွင်းစစ်အစကာလကို ၁၉၄၈ခုနှစ်၊ မတ်လ (၂၈) ရက်လို့ သတ်မှတ်ကြတဲ့အကြောင်းပြောခဲ့ပြီးပါပြီ။ အဲဒီမတိုင်ခင်ကာ လမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ရှိခဲ့ပါသလား။

”၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) ကို မတရားသင်းကြေညာ ၆၅၆၆၆ ပြည်တွင်းစစ် အစကာလကို ၁၉၄၈ ခုနှစ်၊ မတ်လ (၂၈) ရက်လို့ သတ်မှတ်ကြတဲ့အကြောင်း ပြောခဲ့ပြီးပါပြီ။ အဲဒီမတိုင်ခင်ကာလမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ရှိခဲ့ပါသလား။

”၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) ကို မတရားသင်းကြေညာခဲ့ရပြန်သည်။ သခင်စိုးသည် ၄င်း၏နောက်လိုက်များရှိရာဒေသများတွင် အကြမ်းဖက်နည်းများဖြင့် အစိုးရဆန့် ကျင်ရေးလှုပ်ရှားမှုများကိုပြုလုပ်ခဲ့သည်။

ပြည်တွင်းစစ်ဆင်နွှဲရန်လည်းသခင်စိုးကလှုံ့ဆော်ခဲ့သည်။ ပြည်တွင်လည်း ကွန်မြူနစ်ပါတီ (ဗမာပြည်) ၏ လမ်းစဉ်ကို လက်ခံသော ဦးစိန္တာနှင့် ဘုံပေါက်သာကျော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းအစိုးရလက်ထက်မှစ၍ လက်နက်ကိုင်ပုန်ကန်ခဲ့ သည်။” ၁၄

ဒါက ပြည်တွင်းစစ် စဖြစ်တဲ့ကာလသတ်မှတ်ချက်နဲ့ပတ်သက်လို့ အဲဒီ့ကာလမတိုင်ခင်ရှိနေတဲ့အခြေ  အနေကိုထုတ်ပြတာပါ။ ၁၉၄၈၊ မတ်လ ၂၈ ရက်တုန်းက ဗမာပြည်မမှာစဖြစ်တော့မှပဲ ပြည်တွင်းစစ်ရယ်လို့ သတ်မှတ်ခဲ့တာကိုလည်း သတိပြုမိမယ် ထင်ပါတယ်။ အဲဒီသတ်မှတ်ချက်နောက်ကွယ်မှာ ဘယ်လိုနိုင်ငံရေးရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုပါ စဉ်းစားမိကြ လိမ့်မယ်ထင်ပါတယ်။

”ရဲဘော်ဖြူများသည် ဖဆပလအစိုးရ၏လက်ဝဲညီညွှတ်ရေးလမ်းစဉ်ကို လက်မခံနိုင်ကြသဖြင့် ၁၉၄၈ခု နှစ်၊ ဇူလိုင်လ ၂၉ ရက်တွင်တောခိုကာ” ၁၅ လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။

”၁၉၄၈၊ သြဂုတ်လ (၈ မှ ၁၉ အထိ) ဗိုလ်စိန်တင်ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၁) တောခိုတယ်။ စစ်ဦးစီးဗိုလ် ဇေယျ၊ တပ်ရင်းမှူးဗိုလ်ရဲထွဋ်ဦးဆောင်တဲ့ မင်္ဂလာဒုံတပ်ရင်းမှရဲဘော်အချို့၊ ပဲခူးရှိ တပ်ရင်း (၆) မှ အရာရှိအကြပ်တပ်သားများပါရဲဘော်အချို့၊ စုစုပေါင်းအင်အား (၃၅၀) ခန့်ဟာ စစ်ကား (၃၂) စီးဖြင့် သြဂုတ် (၁၉) ရက်မှာ အစိုးရကိုဆန့်ကျင်တောခိုခဲ့ကြတယ်။ အဲဒီတပ်မတော်မှ တောခိုတပ်တွေကို ”တော်လုန်သောဗမာ့တပ်မတော်” RBA လို့ခေါ်ကြတယ်” ၁၆

ဒါတွေကို ထုတ်ပြနေတာဟာ ဗမာပြည်ရဲ့ပြည်တွင်းစစ်သမိုင်းအစောပိုင်းနဲ့ နောက်ပိုင်းကာလတွေမှာ အစိုးရတွေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးဖက်အနေအထားကိုရောက်လာတဲ့ ၀ါဒရေးရာယုံကြည်ချက်အရ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့အဖွဲ့ တွေကို ပြချင်လို့ဖြစ်ပါတယ်။

”၁၉၅၈ သြဂုတ်လ (၁၅) ရက်မှာ ပြည်သူ့ရဲဘော်ပါတီဟာ လက်နက်စွန့်ကြောင်း ကြေညာပြီးတရားဝင် ပါတီအဖြစ် ရပ်တည် သွားပါတယ်” ၁၇

အဲဒါကြောင့်လည်း ၀ါဒသဘောထားအရ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ပါတီဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကွန် မြူနစ်ပါတီ၊ ဗမာပြည် (အလံနီပါတီ) ပဲ အဓိကရှိတော့တယ်လို့ပြောနိုင်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးပါတီတွေထဲမှာ လက်ဝဲ၀ါဒအခြေခံနဲ့ တော်လှန်ရေးလုပ်နေတဲ့ပါတီအဖွဲ့အစည်းတွေ ရှိနေပေမယ့် လူမျိုးနဲ့ဒေသနာမည်ကိုပဲ ခံယူထားကြတာ ကို တွေ့ရပါတယ်။

၁၉၆၃ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရနဲ့ ဆွေးနွေးကြတဲ့အကြောင်းကို ‘ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သမိုင်းဝင် စာရွက်စာတမ်းများ၊ အမှတ်-၁’ဆိုပြီး ထုတ်ခဲ့တယ်။ အဲဒီထဲမှာ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်) နဲ့ဆွေးနွေးတဲ့အကြောင်းကို မှတ်တမ်းထဲမှာမတွေ့ရပါ။ အဲဒီအစားသုံးပါတီ (ကေအဲန်ယူပါတီ၊ မွန် ပြည်သစ်ပါတီ၊ ကရင်စီအမျိုးသားတိုးတက်ရေးပါတီ)က ၁၉၆၃၊ သြဂုတ် (၂၈) ရက်နေ့စွဲနဲ့ တော်လှန်ရေးကောင်စီ ကိုအကြောင်းပြန်ကြားချက်ထဲမှာ အလံနီပါတီနဲ့ပတ်သက်ပြီး ဒီလိုရေးထားတာတွေ့ရတယ်။

”….. …..၂၀.၈.၆၃ နေ့ညမြန်မာ့အသံရေဒီယိုမှ တော်လှန်ရေးကောင်စီနှင့် အလံနီကွန်မြူနစ်ပါတီ (ဗမာ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အပြီးအပိုင်ဖျက်သိမ်းလိုက်ကြောင်းကြေညာသည်ကိုကြား သိရပါသည်။ ဤကြေညာ ချက်ကို ကြားသိရသည့်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို မုချပြန်လည်တည်ဆောက်နိုင်ရမည်ဟု မျှော်လင့်ယုံကြည်လျက်ရှိကြကုန်သော ပြည်သူလူထုကြီးနှင့်တကွ ကျွန်တော်တို့သုံးပါတီအနေဖြင့် ၀မ်းနည်းခြင်းဖြစ်မိပါ သည်” ၁၈

အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်) နဲ့ဆွေးနွေးပွဲဟာ အစောပိုင်းကာလမှာကတည်းက ပျက်သွားခဲ့တာနဲ့ပတ်သက်လို့ အဲဒီ ကာလက (၂၃၊ သြဂုတ်၊ ၁၉၆၃ထုတ်) လူထုသတင်းစာမှာ ဖော်ပြခဲ့တဲ့သတင်းမှာလည်း ဒီလို ရေးသားခဲ့ပါတယ်။

”အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့်တော်လှန်ရေးကောင်စီတို့ ဆွေးနွေးပွဲပျက်ပြားသွားသည်နှင့် ပတ်သက်၍ ထိုသတင်း ကိုကြားရသည့်နေ့မှာ စိတ်အထိခိုက်ဆုံးနေ့ပါပဲဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ယနေ့သတင်းထောက်များကို ထုတ် ဖော်ပြောကြားသည်။” ၁၉

သတင်းရေးတဲ့ရက်ကို သြဂုတ်လ ၂၁ရက်ဆိုပြီးဖော်ပြထားပါတယ်။ အလံနီပါတီဘက်ကဆက်ဆွေးနွေး ဖို့ကမ်းလှမ်းတဲ့ သတင်းတွေလည်း ဖတ်ရပါသေးတယ်။ တော်လှန်ရေးကောင်စီဘက်က မတုံ့ပြန်ခဲ့လို့ဆွေးနွေးပွဲ ထပ်မဖြစ်ခဲ့ဘူးလို့ ယူဆရ ပါတယ်။

၁၉၆၃ခုနှစ်နောက်ပိုင်းမှာ မဆလအစိုးရနဲ့ အလံနီကွန်မြူနစ်ပါတီတို့ကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်လို့မကြားရ တော့ပါ။ ”၁၉၇၀ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် သခင်စိုး၏ဇနီးဒေါ်ခင်စုနှင့်လသား အရွယ်သား ခင်မောင်စိုး (ခ)သီတာအေးတို့နှင့်အတူ အလင်းဝင်ခဲ့သည်။” ၂၀

အဲဒီနောက်ပိုင်းမှာ သခင်စိုးကိုအစိုးရက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ရုံးတင်စစ်ဆေးပြီး သေဒဏ်ချတယ်။ ၁၉၈၀မှာ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်တယ်။ သခင်စိုးအလင်းဝင်ပြီးနောက်ပိုင်းမှာ အလံနီကွန်မြူနစ်ပါတီလည်း လက်နက်ကိုင် တော်လှန်ရေးနယ်ပယ်ကနေ ပျောက်ကွယ်သွားတယ်လို့သိရပါတယ်။

နိုင်ငံရေးသဘောထားနဲ့ လက်နက်ကိုင်တော်လှန်ရေးပါတီဘ၀ကို တွန်းပို့ခံခဲ့ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းမှုတွေက လွတ်လပ်ရေးရပြီးခေတ်၊ ပြည်တွင်းစစ်ဖြစ်ပြီးနောက်ပိုင်းကတည်းက တလျှောက်လုံးရှိခဲ့ပါ တယ်။ တခါတလေ စာချင်းအပေးအယူလုပ်ပြီးဆွေးနွေးတာ၊ တခါတလေ လူချင်းတွေ့ပြီး ဆွေးနွေးညှိနှိုင်းတာမျိုးတွေက ၁၉၈၀ ခုနှစ်အထိ ရှိခဲ့ပါတယ်။

ဖဆပလခေတ်တုန်းကရှိခဲ့တဲ့ ငြိမ်းချမ်းရေးသဘောထားတွေနဲ့ပတ်သက်လို့ ဖော်ပြချင်ပေမယ့် စာတမ်းရှည်မှာစိုးလို့ ချုံ့ပြီး တင်ပြပါ့မယ်။ အဲဒါကတော့ ၁၉၅၇၊ မေလ (၁) ရက်တုန်းက ဗန်းမော်တင်အောင်ရေးခဲ့တဲ့ ”ပြည်တွင်းငြိမ်းချမ်းရေးအတွက် တခုတည်းသောနည်းလမ်း”ဆိုတဲ့ ဆောင်းပါးထဲက ငြိမ်းချမ်းရေးမူ (၂) မူဆိုတာပဲ ဖြစ်ပါတယ်။

”နိုင်ငံတော်အစိုးရအဖွဲ့က အလိုရှိနေသည်ဆိုသော ငြိမ်းချမ်းရေးတွင်

(၁) သောင်းကျန်သူများအားလုံး ခြွင်းချက်မရှိ လက်နက်ချရမည်။

(၂) နောက်နောင်တွင် လက်နက်ကိုင်သောင်းကျန်းမှုများကို သေတပန်သက်တဆုံး မပြုလုပ်တော့ပါဟူ၍ အတိအလင်း ၀န်ခံရမည်။

(၃) လက်နက်ချလာသူများအား ရာဇ၀တ်ပြစ်မှုကြီးများရှိလျှင် ပြစ်မှုအလျောက် အပြစ်ဒဏ်ပေးမည်။ သို့ရာတွင် သက်ညှာ စွာ စဉ်းစားနိုင်သမျှ စဉ်းစားမည်ဟူသော အခြေခံအချက်အလက်များပါရှိသည်။

လက်နက်ကိုင်တော်လှန်ရေးကြသူများက အလိုရှိနေသည်ဆိုသော ငြိမ်းချမ်းရေးတွင်

(၁) တိုက်ခိုက်လျက်ရှိသော ပြည်တွင်းစစ်ပွဲအား အမြန်ဆုံးရပ်စဲနိုင်ရေးအတွက် နှစ်ဦးနှစ် ဖက် တွေ့ဆုံဆွေးနွေးလိုသည်။

(၂) မတရားသင်းကြေညာထားသော အသင်းအဖွဲ့များကို တရားဝင်ခွင့်ရရှိအောင် ထုတ်ပြန် ကြေညာပေးပါ။

(၃) ဥပဒေစည်းဝိုင်းနှင့် နယ်နိမိတ်အတွင်း၌သာလျှင် နိုင်ငံရေးအာဏာရယူရေးအတွက် လုပ်ကိုင်သွားတော့မည်။

ဤတွင် ငြိမ်းချမ်းရေးချင်း အတူတူပင်ဖြစ်သော်လည်း အခြေခံကွဲလွဲချက်များရှိနေသော နိုင်ငံတော်အစိုးရအဖွဲ့၏ ငြိမ်းချမ်း ရေးမူနှင့် လက်နက်ကိုင်တော်လှန်နေကြသူများ၏ ငြိမ်းချမ်းရေးမူ (၂) မူကို ကွဲကွဲပြားပြား တွေ့ရှိနေရပေသည်။ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးမူသည် စစ်ရှုံးသူအား စစ်နိုင်သူက ပေးအပ်လေ့ရှိသော ရာဇသံအမျိုးအစားဖြစ်သည်ကို တွေ့ရှိ နေရပေသည်။ (ဥပမာ-ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး၌ မဟာမိတ်တို့က ဂျာမနီနှင့် ဂျပန်တို့အားပေးအပ်ခဲ့သော ရာဇသံ များ။)။ လက်နက်ကိုင်တော်လှန်နေကြသူများ၏ ငြိမ်းချမ်းရေးမူသည် စစ်ပွဲတခု၌ သူမနိုင်ကိုယ်မနိုင်ရှိကြသော အခြေအ နေမျိုး၌ ကမ်းလှမ်းချက်အမျိုးအစားဖြစ်သည်။ (ဥပမာ-အင်းဝဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့၏ ပြည်မြို့စစ်ပွဲ၌ စစ်ပြေငြိမ်း ခဲ့ကြသလို)၂၁

အဲဒီဆောင်းပါးမှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့”သူမသာ၊ ကိုယ်မနာ သင်ပုန်းချေငြိမ်းချမ်းရေးမူ” ကို လူတိုင်းက ကြိုက်နှစ်သက်ထောက်ခံလာကြတဲ့အတွက် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လိုမူမျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးကောင်စီခေတ် ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တော့ အလံနီကွန်မြူနစ်ပါတီနဲ့ အစိုးရအဖွဲ့ကိုယ်စား လှယ်တို့ သီးခြားဆွေးနွေးသလို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လည်း သီးခြာေးဆွးနွေးခဲ့ပါတယ်။ ထူးခြားတယ်လို့ ပြောလို့ရတာ ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီက တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေနဲ့ တပ်ပေါင်းစုလုပ်ထားတဲ့ “အ မျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ)” မှာလည်းပါနေတာကြောင့် မဒညတအဖွဲ့ဝင်အနေနှင့်လည်း အစိုး ရနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလည်း အစိုးရဘက်က အကျပ်ကိုင်မှုတွေကြောင့် ပျက်ခဲ့ရပါ တယ်။

၎(ခ)။    အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ကွန်မြူနစ်ပါတီ

ငြိမ်းချမ်းရေးဆွေးနွေးပွဲသမိုင်းမှာ လူသိနည်းပြီး မှတ်တမ်းတင်ထားတာလည်း ထင်ထင်ရှားရှားမရှိတဲ့ ဆွေးနွေးပွဲတွေ ရှိခဲ့ဖူး ပါတယ်။ အဲဒီအထဲမှာ ၁၉၄၉ ခုနှစ်၊ ဧပြီ (၆) ရက်တုန်းက ကရင့်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဖဆပလအစိုးရတို့ရဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲလည်း ပါဝင်ပါတယ်။ အစိုးရနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေကို အများသူငါ ပြည်သူလူထုတွေ မသိရတဲ့ အကြောင်းရင်း တွေထဲမှာ ကျွန်တော်တို့က အစိုးရရဲ့ ထုတ်ပြန်ချက်တွေကပဲ တဆင့် သိခွင့်ရခဲ့ကြလို့ ဖြစ်ပါတယ်။ တခါတလေမှာ အခုလို ဝေးကွာလှမ်းတဲ့ နှစ်ကာလတွေက ကိစ္စတွေကို သိခွင့်မရ၊ မသိကြတာက သမိုင်းမှာ တာဝန်ရှိသူတွေက အဂတိတရားလေးပါးထဲက “ဘယာဂတိ” ကြောင့် အမှန်ရေးရမှာကိုကြောက်ပြီး သမိုင်းကို ထိန်ဝှက်ဖျောက်ဖျက်တာ၊ ဖုံးကွယ်တာ၊ အမှားကို အမှန်ဖြစ်အောင်ရေးခဲ့တာတွေကြောင့် ဖြစ်ပါတယ်။

ကေအဲန်ယူ (KNU) နဲ့ ဖဆပလအစိုးရတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို ဒီလိုမှတ်တမ်းတင်ထား တာ ဖတ်ရပါတယ်။ ဥက္ကဋ္ဌမန်းဘဇံကိုယ်တိုင် အသံသွင်းယူထားတဲ့ တိပ်ခွေကနေ မူရင်းအတိုင်း ဖော်ပြထားတာလို့ ဆိုပါတယ်။

“အင်းစိန်တိုက်ပွဲ (၁၁၁) ရက်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ နိုင်ငံရေးပြဿနာတခု ဖြစ်လာတယ်။ ဖြစ်ရတဲ့အ ကြောင်းကတော့ ကရင်ကိုတိုက်ဖို့ ကွန်မြူနစ်တွေနဲ့စေ့စပ်ရာမှာ စေ့စပ်ပွဲပျက်သွားတော့ ကျွန်တော်တို့က ရင်ဘက်ကို လှည့်လာတယ်။ လှည်ပုံလှည့်နည်းက ကရင်တွေကို စည်းရုံးပေးဖို့ ရန်ကုန်မှာရှိနေတဲ့ အင်္ဂလိပ်သံအမတ်ကြီး Mr. Boker (မစ္စတာဘိုကာ)၊ အိန္ဒိယ သံအမတ်ကြီး Dr. Rauf (ဒေါက်တာရပ်ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး Mr.M.D. Ali (မစ္စတာအာလီ) တို့အပြင် ခရစ်ယာန်အင်္ဂလီကန် ဂိုဏ်းချုကြီး Bishop West (ဘိရှော့ဝက်စ်)၊ ဆာစံစီဖိုးသမီး မစ္စဘမောင်ချိန်တို့ကို ချဉ်း ကပ်ပြီး ကျွန်တော်တို့နဲ့ လာကမ်းလှမ်းတယ်။ ဥက္ကဋ္ဌစောဘဦးကြီးဆီ ဦးနုက စာရးတယ်။ စာပါအကြောင်းအရာကတော့ “ခင်ဗျားတို့နဲ့ ကျွန်တော်တို့ တိုက်နေကြတာမကောင်းဘူး။ တိုင်းပြည်လည်း မီးလောင်ကုန်ပြီ။ ကရင်ကော ဗမာလူထုပါ သေ ကြေကြတဲ့အတွက် ပြဿနာကို ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမယ်။ ဖြေရှင်းမယ်” ဆိုပြီးတော့ ကမ်းလှမ်းတယ်။ ဥက္ကဋ္ဌ စောဘဦးကြီးက ဒါကိုလက်ခံပြီး ၁၉၄၉ ခုနှစ်၊ ဧပြီလ (၆) ရက်မှာ သွားတွေ့တယ်။ …… တွေ့ဆုံဆွေးနွေးရာမှာ ဖဆပ လအစိုးရဘက်က ကျင်လည်စွာ နည်းပရိယာယ်များ ကျင့်သုံးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဗြိတိသျှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘိရှော့ဝက်စ်၊ ဆာစံစီဖိုးသမီး မစ္စကလာရာဘဲင် ဘမောင်ချိန်တို့ရဲ့ ဆွဲဆောင်ဖိအားပေးမှုကြောင့်လည်းကောင်း၊ တွေ့ဆုံစေ့ စပ်ရေးမှာ လက်နက်ချရေးသို့ ရောက်သွားတယ်။ KNU ဥက္ကဋ္ဌကြီးစောဘဦးကြီးက ဖဆပလဘက်မှ တင်ပြလာတဲ့ လက် နက်ချရေးအစီအစဉ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်တယ်။”၂၂

ဒါဟာ ဗမာပြည်အစိုးရအဆက်ဆက်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မလိမ့်တပ်တ်လုပ်မှုရဲ့ သမိုင်းအစလို့ ပြောရမှာလည်းဖြစ်တယ်။ အဲဒီဖြစ်စဉ်မှာ စောဘဦးကြီး လက်မှတ်ရေးထိုးခဲ့တာကို အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြတယ်။ လက်နက်ချတာ ဖြစ်နေလို့ လက်မခံဘူးဆိုပြီး ၀ိုင်းဆွေးနွေးတော့ စောဘဦးကြီးကိုယ်တိုင်က လုပ်ရမယ့်အစီအစဉ်ကို အကြံပေးတယ်။ ဦးနု တို့ ဖဆပလအစိုးရနဲ့ မန်းဘဇံတို့ရဲ့ KNDO တို့ဆွေးနွေးတယ်။ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပျက်သွားပြီး အင်းစိန်တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုနဲ့ အစိုးရတွေရဲ့ ဆွေးနွေး ဖက်ဖြစ်ခဲ့ကြတဲ့ ကာလရဲ့ အစဦးဆုံးဆွေးနွေး ပွဲလို့ ပြောရင်ရမယ်ထင်ပါတယ်။

နောက်ပိုင်းကာလတွေမှာလည်း အစိုးရအဆက်ဆက်နဲ့ ကေအဲန်ယူတို့အကြားမှာ ဆွေးနွေးပွဲ တွေရှိခဲ့ပါ သေးတယ်။

“ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ကရင်တမျိုးသား လုံးဆိုင်ရာ ဆန္ဒပြ ပွဲကြီးတွင် “ပြည်တွင်းစစ်အလိုမရှိ”ဟူသော ကြွေးကြော်သံကိုကိုင်စွဲ၍ ပြည်တွင်းစစ်ဖြစ်ပွားမှုကို ဆန့်ကျင်ကြောင်း၊ နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးရန် တောင်းဆိုကြောင်း အတိအလင်းဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြခဲ့ရုံမက ၁၉၄၉ ခုနှစ် ကရင်အမျိုးသား တော်လှန်ရေးဖြစ်ပွားလာသည့်အချိန်မှစ၍ ၁၉၄၉ တွင် တကြိမ်၊ စုစုပေါင်း (၄)ကြိမ်မျှ အာဏာ လက် ကိုင်ထားသူအဆက်ဆက်နှင့် တွေ့ဆုံဆွေးနွေးသည်။ သို့ရာတွင် တွေ့ဆုံဆွေေးနွးပါသည် နိုင်ငံရေးပြဿနာများကို လွတ်လပ်မျှတစွာ ဆွေးနွေးဖြေရှင်းနိုင်သည့်အဆင့်သို့မရောက်မီ အပစ်အခတ်ရပ်ဆိုင်း ထားရေး ဆွေးနွေးသည့်အဆင့်မှာပင် အာဏာလက်ပိုင်ထားသူအဆက်ဆက်က တွေ့ဆုံဆွေးနွေးရေး ကို တဖက်သတ်ဖျက်ဆီးခဲ့ခြင်းများမှာ အလွန်တရာမျှပင် ၀မ်းနည်းဖွယ်ကောင်းလှပေသည်။”၂၃

ဒါကတော့  ဗမာပြည်အစိုးရအဆက်ဆက်နဲ့   တွေ့ဆုံဆွေးနွေးခဲ့တဲ့  KNU  အဖွဲ့ရဲ့ ခေါင်းဆောင် တယောက်ကပေးတဲ့ မှတ်ချက်လည်း ဖြစ်ပါတယ်။

နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးပါတီဖြစ်တဲ့ ရင်နီအမျိုးသားတိုားတက်ရေးပါတီ (KNPP) ရဲ့ အမြင်ကို လည်း ဒီလိုပြောထားတာရှိပါတယ်။

“ငြိမ်းချမ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်တိုင်း အကြမ်းဖက်နည်းဖြင့် အာဏာရယူထားသော ဗမာစစ်အုပ်စုတွေကသာ တဖက်သတ်ကျခဲ့တာသာဖြစ်သည်။ ………..သာဓကပြရမည်ဆိုလျှင် ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီနှင့် သုံးပါတီဆွေးနွေးပွဲ (မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) တွင် ငြိမ်းချမ်းရေးကို ရှေးရှု၍ ဤသုံးပါတီသည် တော်လှန်ရေဂး ကောင်စီစစ်အုပ်စုနှင့် ဆွေးနွေးခဲ့ပါသည်။ သို့သော် ဤဆွေးနွေးပွဲသည် စစ်အုပ်စုမှ တဖက်သတ်မှု ကြောင့် အောင်မြင်မှုမရှိခဲ့ပါ….။

တဖန် ၁၉၉၅ ခုနှစ်တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနှင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကရင်နီတွင်ရှိသမျှ နိုင်ငံရေးအခြေခံမူအားလုံးကို စွန့်လွှတ်ပြီး ၀န်ချတောင်းပန်မှု လုပ်ခဲ့သည့်တိုင် န၀တစစ်အုပ်စုသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအပေါ် မလိမ့်တပတ် ပြုလုပ်ခဲ့သည်။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီအပေါ် နိုင်ငံရေးအမြတ်ထုတ်ပြီး စစ်ရေးအရအချောင်အနိုင်ယူလိုက်ခြင်း သာ ဖြစ်သည်။ စိတ်ရင်းစေတနာ ၄င်းတို့မှာ လုံးဝမရှိ။….။

နိုင်ငံရေးနှင့် ပတ်သက်လာလျှင် ဗမာပြည်သူလူထုကြီးတရပ်လုံးအား ကိုယ်စားပြုမှုမရှိသော ဗမာစစ်အုပ်စုသည် ဖြစ်သင့်တာ ထက် မိမိတို့ဖြစ်ချင်သည့်ဘက်ကိုသာ လက်နက်အားကိုးပြီး လုပ်ခဲ့သည်။”၂၄

ဒါကလည်း အစိုးရနဲ့ ဆွေးနွေးဖက်ဖြစ်ခဲ့တဲ့ KNPP ရဲ့ အမြင်သဘောထားဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ တော်လှန် ရေးကောင်စီ (အစိုးရ) နဲ့ အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တို့ရဲ့ ဆွေးနွေးပွဲပျက်ပြားပြီးတဲ့နောက် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့စွဲနဲ့ (မဒညတ) ဗဟိုကိုယ်စားလှယ်က ပြည်သူလူထုသို့ တင်ပြချက်ဆိုပြီး ထုတ်ပြန် ကြေညာတဲ့စာထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီလိုဖော်ပြထား တာကို ဖတ်ရပါတယ်။

“(၃) မဒညတအနေဖြင့် ယခုအခြေအနေတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဦးနှစ်ဘက်စလုံး ဆက်လက်ကြိုးပမ်း လျှင် ဖြစ်မြောက်ရရှိနိုင်သော အခြေအနေများရှိသေးသည်ဟူ၍ စွဲမြဲစွာ ယုံကြည်လျက်ပင်ရှိပါသည်။ ယခုအခါ ငြိမ်းချမ်းရေး အလင်းရောင် ထွက်ပြူခါစဖြစ်ပြီးမှ ပြည်တွင်းစစ်မီးအိနမ်သလ္လာများနှင့် ထပ်မံ၍ ပိတ်ဖုံးမသွားစေချင်ပါ။

ထို့ကြောင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပျက်သွားစေကာမူ၊ မိမိဘက်မှ တပ်များက တော်လှန်ရေးကောင်စီ၏တပ်များကို စတင်တိုက်ခိုက်ခြင်းမပြုဘဲ လက်တွေ့ရထားပြီဖြစ်သော တစုံတရာ အေးငြိမ်းလာသောအခြေအနေကို ထိန်းသိမ်းသွား၇န် ဆက်လက်ကြိုးပမ်းမည် ဖြစ်ပါသည်။…..။

မဒညတအဖွဲ့အနေဖြင့် ဤသဘောထားအတိုင်း တပြည်လုံး အာသာငမ်းငမ်း တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးရရေးအတွက် ဆက်လက်ကြိုးပမ်သွားမည်ဖြစ် ကြောင်း ပြည်သူလူထု ကြီးအား တင်ပြအပ်ပါသည်။”၂၅

မဒညတဘက်က ဒီလိုသဘောထားရှိခဲ့ပေမယ့် တော်လှန်ရေးကောင်စီအစိုးရ (နောင်-ဖဆလ အစိုးရ) ဘက်ကနေပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လုပ်တာမျိုး မရှိတော့ပါဘူး။ အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာမျိုး မရှိပေမယ့် တဖွဲ့ချင်းခွဲထုတ်ပြီး ဆွေးနွေးတာမျိုးတော့ လုပ်ခဲ့ပါတယ်။ ဒါကလည်း နိုင်ငံတကာ အခြေအနေနဲ့ ပတ်သက်တယ်။ ၁၉၈၀ ၀န်းကျင်ကာလက ကမ္ဘာမှာ ဆိုရှယ်နယ်ချဲ့ဖြစ်လာတဲ့ ဆိုဗီယက်အန္တရာယ်နဲ့အတူ အာရှမှာလည်း ဗိယက်နမ်က စစ်ရေးအရ အားကောင်းခိုင်မာလာတဲ့ အခြေအနေအောက်မှာ ဒီလိုဆွေးနွေးပွဲတွေ ဖြစ်လာရတာပါပဲ။

၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲရပ်ဆိုင်းသွားချိန်မှာ အစိုးရဘက်က တိုင်းပြည်သို့ တင်ပြချက် ဆိုပြီး ထုတ်ပြန်ခဲ့တာတွေလည်း ရှိပါတယ်။ မဒညတနဲ့ တွေ့ဆုံဆွေးနွေးမှုကိစ္စကို ဒီလိုထုတ်ပြန်ခဲ့ပါ တယ်။

“တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်ချက်အရ ဗမာပြည်ကွန်မြူနစ်ပါတိနှင့် ကေအဲန်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ပါဝင်သည့် (၃) ပါတီတို့သည် တော်လှန်ရေးကောင်စီနှင့် လာရောက်ဆွေးနွေးကြ ပါသည်။ ဤပါတီအဖွဲ့အစည်း များသည် တော်လှန်ရေးကောင်စီနှင့် ဆွေးနွေးနေစဉ်ချင်းဦးစီးအဖွဲ့ကိုပါ ထည့်သွင်း၍ အမျိုး သားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့အနေဖြင့် တော်လှန်ရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ …. ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းလိုက်ရသည့်အကြောင်း ရင်းမှာ မဒညတအနေနှင့် စစ်ပြိုင် အစိုးရဖော်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေမှုနှင့် ထိုအားထုတ်မှုကို ဆက်လက်ခွင့်ပြုနေပါက တိုင်းပြည်နှစ်ခြမ်းကွဲသည်အထိ ကြီးမားသောအန္တရာယ်ကျရောက်မည်ကို တော် လှန်ရေးကောင် စီက မြင်တွေ့လာသောကြောင့် ဖြစ်ပါသည်။”၂၆

တိုင်းပြည်ချောက်ထဲကျတော့မယ်ဆိုတာမျိုး၊ တိုင်းပြည်နှစ်ချြမ်းကွဲတော့မယ့် အန္တရာယ်ဆို တာမျိုးတွေဟာ စစ်အစိုးရ အဆက်ဆက်ရဲ့ သုံးနေကျလက်သုံးစကားတွေထဲမှာ ပါလေ့ရှိပါတယ်။ မဒညတဘက်က ထုတ်ပြန်ခဲ့တာနဲ့ သဘောထားနဲ့ ကွဲလွဲမှုရှိနေတာကို သတိထားမိကြလိမ့်မယ် ထင် ပါတယ်။ အဲဒီတုန်းက “ကချင်လွတ်လပ်ရေးကောင်စီနဲ့ တော်လှန်ရေးကောင်စီအစိုးရတို့လည်း ဆွေး နွေးခဲ့ကြပါသေးတယ်။ ၁၉၆၃၊ စက်တင်ဘာလ (၇) ရက်မှာ စတင်ဆွေးနွေးခဲ့ကြညပီး နိုဝင်ဘာ ၁၅ ရက်၊ ရန်ကုန်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲကို သဘောတူညီချက်မရလို့ အပြီးသတ်ရပ်ဆိုင်းလိုက်တယ်လို့ အစိုးရက ကြေညာပါတယ်။ ရဲနီကျော်ဇံရွှီးခေါင်းဆောင်တဲ့ရခိုင်ပြည်ကွန်မြူနစ်ပါတီနဲ့ ၁၉၆၃ ခု၊ ဇူလိုင် (၁၈) ရက်မှာ စတင်ဆွေး နွေးခဲ့တာမှာ သဘောတူညီချက်မရလို့ နိုဝင်ဘာ (၁၈) ရက်က ငပလီစခန်းမှာ လုပ်တဲ့ဆွေးနွေးပွဲကို အပြီးသတ်ရပ် ဆိုင်းလိုက်တယ်လို့ အစိုးရက ကြေညာပါတယ်။”၂၇

ဒါတွေဟာ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံး အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ၁၉၈၀ ၀န်းကျင်ကာလမှာ မဆလအစိုးရက ဗကပ၊ ကေအိုင်အေတို့နဲ့ တဖွဲ့ချင်းစီ ဆွေးနွေး ခဲ့ကြတာလည်း ရှိပါသေးတယ်။ အဲဒီ ဆွေးနွေးပွဲတွေလည်း မအောင်မြင်ခဲ့ဘူးဆိုတာ တွေ့ရပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဘက်ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ ပြည်သူလူထု ထံသို့ တင်ပြချက်ထဲမှာ အစိုးရအပေါ် အရေးကြီးတဲ့ မှတ်ချက်တခုကို တွေ့ရပါတယ်။ တခြား အကြောင်းအရာတွေ တင်ပြချင်ပေမယ့် စာတမ်းရှည်မှာစိုးလို့ ဒီမှတ်ချက်လေးပဲ ဖော်ပြလိုက်ပါတယ်။

“စေ့စပ်ဆွေးနွေးရေးကို တဖက်သတ်ဖျက်ဆီးသူတွေဖြစ်တယ်။ ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာကို ဆက်လက်ရှည်ကြာအောင် လုပ်နေသူတွေဖြစ်တယ်။”၂၈

ဟုတ်မဟုတ်ဆိုတာကိုတော့ သမိုင်းကို ခေါက်တုံ့ခေါက်ပြန်လှန်ပြီး သုံးသပ်ကြည့်ရင် တွေ့မိ ကြလိမ့်မယ်လို့ ပြောချင်ပါတယ်။

၎(ဂ)။    အစိုးရနှင့် ဖက်ဒရယ်မူအတွက် ဆွေးနွေးပွဲများ

၁၉၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းပြီးတော့ ဆန္ဒပြသပိတ်မှောက် နေသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့တာ အားလုံးသိပြီးသားမို့ ပြောစရာမလိုတော့ဘူး ထင်ပါတယ်။ အဲဒီကာလနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောထဲရောက်သူရောက်သွားကြ၊ နိုင်ငံရေးပါတီ ထောင်သူထောင်ကြဖြစ်နေတုန်းမှာပဲ မြို့ကြီးတွေ (အထူးသဖြင့်-ရန်ကုန်နဲ့ မန္တလေး) က နိုင်ငံရေးလှုပ်ရှားမှု တွေ၊ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေက အရှိန်အဟုန်ကောင်းနေခဲ့ပါေးတယ်။ ဒါပေမဲ့ န၀တစစ်အစိုးရက ဖိနှိပ်ဖြိုခွဲ တာတွေ၊ ဖမ်းဆီးထောင်ချတာတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ တဖြည်းဖြည်း အရှိန်လျော့ကျသွားတယ်။ ၁၉၉၀ ရွေးကောက်ပွဲလုပ်ပေးတော့လည်း အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးတော့တဲ့ အပြင် ဖမ်းဆီးထောင်ချကာ၊ နုတ်ထွက်ဖို့ ဖိအားပေးခဲံရတာတွေကြောင့် ရွေးကောက်ခံ NLD အမတ် တချို့လည်း ထိုင်းနိုင်ငံနယ်စပ်ကို ရှောင်တိမ်းပြီး နိုင်ငံရေးလုပ်ရတာတွေ ရှိလာပါတယ်။
တချိန်တည်းမှာပဲ န၀တစစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး စစ်ရေးပဋိပက္ခအရှိန်ကို လျှော့ချတာမျိုးတွေ လုပ်လာပါတယ်။ အခြား တဖက်မှာလည်း ထိုးစစ်ကြီးတွေနဲ့ အကြီးအကျယ်တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဲဒီကာလမျိုးမှာ ထိုင်းနယ်စပ်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားကြေညာချက်ကို ၁၉၉၅ ခုနှစ်၊ မတ်လ (၃) ရက်မှာ ထုတ်ပြန်ခဲ့ တယ်။ အဲဒီအထဲက သဘောထားတချို့ကို ထုတ်နုတ်တင်ပြပါမယ်။

“၂။    မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းကို မှန်မှန်ကနက်န် ရှုမြင်သုံးသပ်မှုပြု ပြီးမှသာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဇွေနိုင်မည်ဖြစ်သည်။ မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးမဲ့ရခြင်းအကြောင်းရင်းများထဲတွင် အဓိကပြဿနာ နှစ်ခု ပါဝင်နေပေသည်။ ၄င်းတို့မှာ –
(က)    တိုင်းရင်းသားလူမျိုး၏ ရသင့်ရထိုက်သော အမျိုးသားအခွင့်အရေးများကို ငြိမ်းချမ်းစွာ တိုက်ပွဲ ၀င် တောင်းဆိုမှုအား မြန်မာနိုင်ငံ၌ အုပ်ချုပ်ခဲ့သော စစ်အစိုးရအဆက်ဆက်နှင့် စစ်အာဏာရှင် များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်မှုသို့ တွန်းပို့ခံခဲ့ရခြင်း။
(ခ)    ဒီမိုကရေစီနျင့် လူ့အခွင့်အရေးအတွက် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ တောင်းဆိုတိုက်ပွဲဝင်မှု ကို စစ်အာဏာရှင်များက ရက်စက်စွာ ဖိနှိပ်ခဲ့၍ ဒီမိုကရေစီလိုလားသူများသည် နည်းမျိုးစုံဖြင့် ရပ်တည်တိုက်ပွဲဝင်နေကြရခြင်း။ တို့ဖြစ်သည်။
၃။    ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် –
(က)    နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး၊
(ခ)    ပြဿနာ၌ ပါဝင်ပတ်သက်နေသော အင်အားစုအားလုံး ပါဝင်ဆွေးနွေးဖြေရှင်းခွင့် ရရှိရေး၊
(ဂ)    ပြဿနာ၌ ပါဝင်ပတ်သက်နေသူများ အချင်းချင်းအကြား အပြန်အလှန်လေးစားရေး နှင့် တန်းတူအသိအမှတ်ပြုရေးဟူသော မူများကို အခြေခံရပေမည်။”၂၉
ဒါကတော့ ပြည်တွင်းစစ်ဖြစ်ရခြင်းအကြောင်းရင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အခြေခံ သဘောထားတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီကာလတွေမှာ ရှိနေတဲ့အခြေအနေနဲ့ တိုင်းပြည်အတွက် အရေးတကြီးဖြေရှင်းရမယ့် ပြဿနာ တွေနဲ့ ပတ်သက်လို့ ၁၉၉၃ ခုငနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟို စည်ရုံးရေးကော်မတီရဲ့ တိုင်းပြည်သို့တင်ပြချက်ထဲမှာပါတဲ့ သဘောထားကိုလည်း ဖော်ပြချင်ပါသေးတယ်။
“၃။    အစိုးရ တဘက်၊ ပြည်သူလူထုကြီးက တဘက်ဖြစ်နေသော ပဋိပက္ခသည် ဗမာ ပြည်ရှိ ပဋိပက္ခပေါင်းစုံများစွာအနက်က အဓိကပဋိပက္ခဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူလူထုဘက် မှ ထာဝရရပ်တည်ွားမည်။ အဘက်ဘက်မှ ဆုတ်ယုတ်ပျက်ပြားနေသော မျက်မှောက်ဗမာပြည် ပြောင်းလဲတိုး တက်စေရန်အတွက်ဆိုလျှင် –
(က)    ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမည်။
(ခ)    စစ်မှန်သောဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။
(ဂ)    အမျိုးသားအားလုံး တန်းတူသွေးစည်းညီညွတ်ရမည်ဟု ယူဆပါသည်”၃၀

ဒီသဘောထားဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တလျှောက်လုံးတင်ပြခဲ့တဲ့ အလံ (၃) လက်သဘော ထားပဲဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက အခြေအနေနဲ့ ကိုက်ညီခဲ့သလို ဒီကနေ့ လက်ရှိအခြေအနေနဲ့လည်း ကိုက်ညီနေတုန်းဖြစ်ပါတယ်။

အဲဒီလို ငြိမ်းချမ်းရေးသဘောထားအမြင်တွေ ထုတ်ပြန်နေဆဲကာလထဲမှာပဲ န၀တအစိုးရက Ceasefire ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ လုပ်ခဲ့ပါတယ်။ တချို့အဖွဲ့တွေနဲ့ အပစ်ရပ်လုပ်ပြီးမှ ပြန်ပျက်သွားတာတွေဖြစ်ခဲ့ပါတယ်။ (ဥပမာ-KNPP) အပစ်ရပ်ဆိုတဲ့အတိုင်း ပစ်ခတ်တိုက်ခိုက်မှုပဲ ရပ်စဲခဲ့တာဖြစ်ပြီး နိုင်ငံရေးပြဿနာဖြေရှင်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီကို ရောက်မ လာခဲ့တာ တွေ့ရပါတယ်။

အဲဒီလိုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းအတိုင်းလုပ်ခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲနဲ့ ပြည်ခိုင် ဖြိုးပါတီအစိုးရလက်တာလယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်တလာပြီး (၅) လအကြာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စအတွက် တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းချက် ထွက် လာတယ်။ အဲဒါကြောင့်လည်း ၂၀၁၁ စက်တင်ဘာလမှာ တိုင်းရင်းသားလူမျိုးများရဲက ညီလာခံတရပ်ကို ခေါ်ယူပြီး နိုင်ငံတော်အစိုးရရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်ဟာ နိုင်ငံရေးထောင်ချက်ဖြစ်မလား၊ ငြိမ်းချမ်းရေးအခွင့် အလမ်းဖြစ်မလားဆိုပြီး ဆွေးနွေးဝေဖန်သုံးသပ်ခဲ့ကြတယ်လို့ ဖတ်ရတယ်။ အဲဒီနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၁၄) ဖွဲ့က သက်ဆိုင်ရာပြည်န်ယအစိုးရတွေနဲ့၊ ပြည်ထောင်စုအစိုးရနဲ့ တဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြပါသေးတယ်။ အဲဒီအခြေအနေအဆက်အစပ် ကို ဒီလိုရေးထားတာ တွေ့ရတယ်။

“၂၀၁၂။     ဖေဖော်ဝါရီတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံတို့၏ အစည်းအဝေးတရပ်ကို ပြန် လည်ခေါ်ယူကျင်းပပြီး တိုင်းရင်းသားလူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးစီမံချက် (Ethnic Peace Plan) တရပ် ကို ရေးသားပြုစုခဲ့ကြသည်။ ၂၀၁၂ စက်တင်ဘာလတွင် တိုင်းရင်းသားညီလာခံတရပ်ကို ထိုစဉ်က တရားဝင် တည်ရှိခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏ တပ်ပေါင်းစုကြီး (၄)ခုမှ ပူးတွဲဦးဆောင်၍ ကျင်းပခဲ့ပါသည်။ ထိုတပ်ပေါင်းစုများမှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (UNLDLA)၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) နှင့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တို့ဖြစ်ပါသည်။ ထိုညီလာခံတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ ဆက် ဆောင်ရွက်ရန် UNFC ကို တာဝန်ပေးအပ်ပြီး WGEC ခေါ် Working Group For Ethnic Coordination (တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့) ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။”၃၁

အဲဒီနောက်ပိုင်းမှာ အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ခဲ့တာကို အသေးစိတ်မတင်ပြတော့ပါ။ ၂၀၁၄ စက်တင်ဘာလမှာလုပ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြဿနာကြီးတွေ ဖြစ်ခဲ့တာကို ဒီလိုရေးထားတယ်။

“၂၀၁၄၊ သြဂုတ်လ ဆွေးနွေးပွဲအောင်မြင်မှုကြောင့် စက်တင်ဘာလဆွေးနွေးပွဲတွင် စာချုပ်မူကြမ်း တခုလုံးကို သဘောတူညီနိုင်ကြလိမ့်မည်ဟု အားလုံးက မျှော်လင့်စောင့်စားခဲ့ကြသည်။ သို့ရာတွင် မမျှော်လင့် ဘဲ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စကြောင့် ဆွေးနွေးပွဲတခုလုံး ပျက်သွားတော့မလို ဖြစ်ခဲ့ရ သည်။”၃၂

အဲဒီနောက်ပိုင်း နိုဝင်ဘာလထဲမှာ အစိုးရတပ်က အေအိုင်အိုဌာနချုပ်၊ လိုင်ဇာမှာရှိတဲ့ ဗိုလ်သင်တန်း ကျောင်းကို အမြောက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဗိုလ်လောင်း (၁၇) ဦးကျဆုံးခဲ့တယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒီဇင်ဘာမှာ တရားဝင်ဆွေးနွေးပွဲအနေနဲ့ မလုပ်နိုင်ဘဲ နည်းပညာအရ ဆွေးနွေးပွဲဆိုပြီး တဆင့် လျှော့ချဆွေး နွေးပွဲလုပ်ခဲ့ရတယ်။ တိုင်းရင်းသားဘက်က ခေါင်းဆောင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ မတက်သလို အစိုးရ ဘက်က တပ်မတော်အရာရှိကြီးတွေလည်း မတက်ရောက်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ၂၀၁၅ ၊ သြဂုတ်လ (၇) ရက် တုန်းက ကျင်းပခဲ့ပြီး၊ ၂၀၁၅၊ အောက်တိုဘာ (၁၅) ရက်မှာ တရားဝင်လက်မှတ်ရေးထိုးခဲ့တယ်။ အားလုံးပါဝင် ရေးမူကို အစိုးရဘက်က လက်မခံတဲ့အတွက် အဖွဲ့ (၈) ဖွဲ့ပဲ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။

အခု သမ္မတ ဦးထင်ကျော်အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (ပထမအကြိမ်) ကို နေပြည်တော်မှာ ၂၀၁၆၊ သြ(ုတ်လ (၃၁) ရက်ကနေ စက်တင်ဘာလ (၃) ရက် အထိ ကျင်းပခဲ့တယ်။ ဒါပေမဲ့ NCA မှာ အားလုံးပါဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေကြရတုန်း ဖြစ်ပါတယ်။ အဲဒီညီလာခံကျင်းပပြီး ရက်ပိုင်းထဲမှာပဲ အစိုးရတပ်တွေက KIA ကို အြီးအကျယ်ထိုးစစ်ဆင်ခဲ့တယ်။ ကရင်ပြည် နယချြမ်းမှာလည်း နယ်ခြားစောင့်တပ် (BGF) နဲ့ အစိုးရတပ်တွေပေါင်းပြီး၊ DKBA ကို ထိုးစစ်ဆင်တယ်။ အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ RCSS (SSA) နဲ့လည်း တုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ကြား နေရတယ်။
ပြည်သူလူထူဘက်ကလည်း မြို့ကြီးတချို့မှာ ထိုးစစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဆန္ဒပြပွဲလုပ်တဲ့ သင်းတွေ ကြားနေဖတ်နေရတယ်။
ပြည်တွင်းစစ်ဖြစ်ခဲ့တာ ၇၉ နှစ်နီးပါးကြာခဲ့ပါပြီ။ ငြိမ်ျးခမ်းရေးဟာ လာလိုလျှင် အနီးလေးဖြစ်ပါလျက်နဲ့ ခုထိ ခရီးက ဝေးနေတုန်းပဲ ဖြစ်ပါတယ်။

၅။    လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲ
နော်ဝေနိုင်ငံရဲ့ ပြည်တွင်းစစ်သိုင်းမှာ အာဏာရအစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေး ရအောင်လုပ်ဖို့ကိစ္စမှာ ခေါင်းမာခဲ့ကြတာကို သတိပြုမိတယ် ၁၉၄၈ ကနေ ၁၉၅၈ အထိ အာဏာရခဲ့တဲ့ ဖဆပလအစိုးရဟာလည်း သူမနာ ကိုယ်မနာငြိမ်းချမ်းရေးထက် သူပုန်တွေအကုန် လက်နက်ချအလင်းဝင်လာ ရေးဘက်မှာ ပိုပြီးအာရုံကျခဲ့တယ်။ ၁၉၅၈-၆၀ အိမ်စောင့်အစိုးရ (ပထမအကြိမ် အာဏာသိမ်းစစ်အစိုးရ) လက် ထက်မှာလည်း ငြိမ်းချမ်းရေးရဖိုပထက် အတိုက်အခံတွေကို ဖိနှိပ်ဖို့ပဲ စိတ်ထက်သန်ခဲ့တယ်။ ၁၉၆၂ မှာ အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်နေ၀င်းအစိုးရကလည်း ငြိမ်းချမ်းရေးတကယ်လိုချင်တာမဟုတ်ဘဲ ပြည်သူလူ ထုကို ငြိမ်းချမ်းရေးမျက်လှည့်ပြပွဲလုပ်ဖို့ပဲ ဇောကပ်နေခဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့ ဝေးသထက် ဝေးပြီး သူပုန်တွေကို အပြုတ်တိုက်ရေးထိုးစစ်တွေ များသထက်များအောင်လုပ်ရင်း တိုင်းပြည်မွဲလာတော့ ၁၉၈၈ မှာ ပြည်သူတွေရဲ့ ချဲလင်း (စိန်ခေါ်) သံတွေကြားကနေ နောက်တဆင့်ဆုတ်သွားခဲ့တယ်။ ကတုပ်ကျင်းထဲက စစ်တပ်ကို ပြန်ထွက်ခိုင်းပြီး တတိယအကြိမ် အာဏာသိမ်းစစ်အစိုးရကို မွေးထုတ်လိုက်တယ်။ န၀တ၊ နအဖစစ် အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးထက် အပစ်အခတ်ရပ်စဲရေး (Cease-fire) လုပ်ပြီး နိုင်ငံရေးအရ ရေရှည် အာဏာဆုပ်ကိုင်ထားနိုင်ရေးအတွက်ပဲ ဇောင်းပေးထားခဲ့တယ်။ ပြီးတော့ အာဏာကို ကြာကြာ ထိန်းချုပ်ထားပြီး စစ်တပ်က ရေရှည်မှာ အာဏာဗဟိုချက်နေရာမှာ ရှိနေအောင်လို့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲ ခဲ့တယ်။ ခုတော့ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးကြီးစိုးခွင့်ရယူထားတဲ့ ၂၀၁၈ ဖွဲ့စည်းပုံယန္တရားကြီးက အရှိန် ကောင်းကောင်းနဲ့ လည်ပတ်နေပါပြီ။

၂၀၁၂ ဒီဇင်ဘာလတုန်းက လူထုပုံရိပ်ဂျာနယ်မှာ ကျွန်တော်ရေးသားခဲ့သော စာပိုဒ်ကို ကြုံကြိုက်လို့ ကိုးကားပါရစေ။

“ဟိုယခင်အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ခဲ့သော၊ မလုပ်ချင်ခဲ့သော အမွေဆိုးကို ယခုအစိုးရက ချေဖျက်ပြီး စစ်မှန်ခိုင်မာ၊ အာမခံချက်ရှိသော ငြိမ်းချမ်းရေးကို တည်ဆောက်ပြ နိုင်လျှင် မြန်မာနိုင်ငံ၏ သမိုင်းတွင် စံပြအစိုးရဖြစ်မည်။ လက်ခမောင်းခတ်၍ ဂုဏ်ယူဝင့်ကြွားနိုင်သော အစိုးရ ဖြစ်မည်။ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်သောအစိုးရဟူသည်မှာ ပြည်တွင်းစစ် ၆၅နှစ်တာကာလမှာ ပေါ်မလာ ခဲ့ဖူးသေးပါ။ ပြည်ခိုင်ဖြိုးအစိုးရသည် ဤဂုဏ်သိက္ခာကို ရအောင် ယူသင့်ပါသည်။ ဒါမှလည်း နတ်လူသာဓု ခေါ်မည့်အစိုးရ ဖြစ်လိမ့်မည်။”၃၃
ဒီဆောင်းပါးနာမည်က “ငြိမ်းချမ်းရေးချိုးငှက်က အစိုးရလက်ထဲမှာ” ဆိုတာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးအစိုး ရလက်ထက်မှာ “တနိုင်ငံလုံး ပစ်ခတ်တိုကိခုက်မှုရပ်စဲရေးသဘောတူစာချုပ်” ကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးနိုင် တဲ့အထိ မလုပ်နိုင်ခဲ့ပါဘူး။ အဲဒါကတော့ အားလုံးပါဝင်ရေးမူကို သဘောမတူခဲ့လို့ ဖြစ်ပါတယ်။
နှစ်ပေါင်း (၇၀) နီးပါးဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့အတွက် အချိန်ယူပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရမယ်ဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သိကြ၊ နားလည်ကြပါသည်။ ယုံကြည်မှု တည်ဆောက် ရေးကလည်း အရေးကြီးတဲ့နေရာမှာ ရှိတယ်ဆိုတာကို လက်ခံထားကြပါတယ်။

“တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို ခြုံငုံ၍ သုံးသပ်ပါက မိမိတို့ရင်ဆိုင်ရသော အခက်အခဲဆုံး ပြဿနာသည် ယုံကြည်မှု (Trust) ထက် ငြိမ်းချမ်းရေးကို ဖန်တီးယူရမည်ဟူသော သန္နိဋ္ဌာန်ချခြင်း (Commitment)က ပို၍အရေးကြီးသည်ဟု ထင်ခဲ့ပါသည်။… ခိုင်မာသော သန္နိဋ္ဌာန်သာရှိပါက မယုံကြည်ရာက ယုံကြည်ရာသို့ ပြောင်းနိုင်မည်ဟု မြင်ခဲ့သည် ။ သို့ရာတွင် တကယ်လက်တွေ့ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်ကြသောအခါ ယုံကြည်မှု မရှိသောကြောင့် အကြိမ်ကြိမ်သော ဆွေးနွေးပွဲများတွင် ရှေ့မတိုးဘဲ နောက်ကြောင်း ပြန်လှည့်သည်များကို ကြုံရပါသည်။”၃၄

ဒီကောက်နုတ်ချက်ကတော့ ဆွေးနွေးပွဲဖြစ်စဉ်ထဲမှာ ဦးဆောင်ပါဝင်ခဲ့သူတယောက်ရဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရဲ့အစဟာ နိုင်ငံရေးပြဿနာနဲ့စခဲ့တာဖြစ်ပေမယ့် စစ်ပွဲကရေရှည်ဖြစ်လာတဲ့အခါမှာ နှစ်ဘက်စလုံးရဲ့ အနာတရတွေ၊ အာဃာတတွေကပါ ဒီပြဿနာရဲ့ နောက်ဆက်တွဲပါဝင်မှုဖြစ်လာပါတယ်။ အလိမ်ခံရတာ လှည့်စားခံရတာတွေ အကြိမ်ပေါင်းများစွာနဲ့ ပေါင်းလိုက်တော့ တဘက်နဲ့ တဘက်မှာ သံသယ အမြင်လွှမ်းမိုးလာခဲ့တာတွေကို ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ထုတ်ပြောတဲ့အဆင့်ဖြစ်လာတယ်။ မယုံကြည် မှုတွေက ဆွေးနွေးပွဲမှာ ရှေ့တန်းရောက်လာတာမျိုးတွေအထိ ဖြစ်လာတယ်။ အတိတ်သမိုင်းဖြစ်ရပ်တွေက လည်း ဒီအမြင်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးနေခဲ့တာကြောင့်လည်း ပါပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးချိုးငှက်ကတော့ အစိုးရအဆက်ဆက်ရဲ့လက်ထဲမှာ ရှိနေခဲ့တာ အသေ အချာပဲဖြစ်ပါတယ်။ အခုအစိုးရရဲ့ လက်ထဲမှာရော ငြိမ်းချမ်းရေးချိုးငှက်က ရှိနေပါပြီလား။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁)၊ ပုဒ်မ ၆(စ)မှာ –

“နိုင်ငံတော်အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နုင်ရေး”၃၅
ဆိုပြီး ပြဋ္ဌာန်းသတ်မှတ်ထားတယ်။ အခန်း ၅၊ ပုဒ်မ ၂၃၂ (ခ)၊ အပိုဒ် (၂)မှာ –

“ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရ မည်။”၃၆

ဆိုပြီး ပြဋ္ဌာန်းထားတာအပါအ၀င် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းထားပုံ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များထဲက လုပ်ပိုင်ခွင့်တွေ၊ လွှတ်တော်အဆင့်အသီးသီးထဲက တပ်မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စတွေမှာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်အရ ဦးဆောင်ခွင့်၊ စီမံခွင့်၊ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်တွေ ရယူထားပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို တပ်မတော်က ပါဝင်ထမ်းဆောင်ရုံမကဘဲ အပိုင်သိမ်းယူပြီး ချှုပ်ကိုင်ထားတာပဲ ဖြစ် ပါတယ်။

ဒီကနေ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်ရအောင်ပါ။

နိုင်ငံတကာမှာရော  ဗမာပြည်သမိုင်းမှာပါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (သူပုန်) တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြမယ်ဆိုရင် အစိုးရနဲ့ သူပုန်ပဲ ဆွေးနွေးကြရိုးထုံးစံရှိပါတယ်။ စစ်တပ်ဆိုတာ အစိုးရရဲ့ အမိန့်ညွှန်ကြားမှုအောက်မှာပဲ အမြဲတမ်း ရှိခဲ့ပါတယ်။ စစ်တပ်က ပါတီကို အမိန့်ပေးလို့မရဘူး။ စစ်တပ်က အစိုးရကို အမိန့်ပေးလို့မရဘူးဆိုတာ အစဉ်အလာပဲဖြစ်ပါတယ်။ စစ်တပ်က ပါတီကို အမိန့်ပေးရင် အဲဒီတော် လှန်ရေးပါတီရဲ့ နိုင်ငံရေးက ပျက်တတ်တယ်။ စစ်တပ်က အစိုးရကို အမိန့်ပေးရင် အဲဒီအစိုးဟာ ရုပ်သေးအစိုးရ (ဒါမှမဟုတ်) အတောင်အလက်မစုံတဲ့အစိုးရမျိုးပဲ ဖြစ်တတ်ပါတယ်။

ဒီကနေ့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြည့်ရင် (ရာခိုင်နှုန်းတွေ၊ အရေအတွက်တွေ မပြောတော့ ပါဘူး) ငြိမ်းချမ်းရေးဆွေးနွေးဖက်ဟာ အစိုးရနဲ့ သူပုန်တင်မကဘဲ စစ်တပ် (တပ်မတော်) ကလည်း အဓိက ဆွေးနွေးဖက်ထဲ ရှိနေတာကို တွေ့ရတယ်။ အဲဒီအထဲမှာမှ အဓိကအဆုံးအဖြတ်ဟာ စစ်တပ်နဲ့ သူပုန်လက် ထဲမှာရှိတယ်။ အစိုးရက တတိယနေရာကို ရောက်နေတယ်။ ပြီးတော့ ထပ်ခွဲကြည့်ဥှီုးမယ်ဆိုရင် (၃)ဖက်စ လုံးက ငြိမ်းချမ်းရေးရချင်၊ လိုချင်တယ်လို့ပြောထားတယ်။ သူပုန်ကလည်း ငြိမ်းချမ်းရေး၊ စစ်တပ်ဘက်ကလည်း ငြိမ်းချမ်းရေးလို့ ပြောကြတယ်။ ဒါပေမဲ့ ထိုးစစ်ဆင်နွှဲရေးလုပ်တာ မလုပ်တာက စစ်တပ်ခေါင်းဆောင်တွေရဲ့ သဘောဆန္ဒပေါ်မှာ မူတည်နေတယ်။ စစ်တပ်က ထိုးစစ်တွေလုပ်လာရင် ငြိမ်းချမ်းရေးအာမခံချက် ပျက်မယ်။ အစိုးရက စစ်တပ်ကို ထိုးစစ်တွေ မလုပ်ပါနဲ့၊ ရပ်ပါလို့ ပြောလို့မရဘူး။ အခုလက်ရှိ ဦးထင်ကျော် အစိုးရလက်ထက်မှာမှ ဒီအခြေအနေဖြစ်လာမဟုတ်ပါ။ သမ္မတဦးသိန်းစိန်လက်ထက်မှာကတည်းက တပ်က ကေအိုင်အေကို တိုက်တယ်။ သမ္မတက ထိုးစစ်ကိုရပ်ပစ်ဖို့တားတယ်။ တပ်က မနာခံဘဲ ဆက်တိုက်ပြတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံထဲက ကာချုပ်လုပ်ပိုင်ခွင့်နဲ့ လုပ်တာလို့ပြောရင် ရတယ်။ အစိုးရဖွဲ့တဲ့အခါ ၀န်ကြီး (၃) နေရာ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်) ကို ကာချုပ်ဆီက တောင်းရမယ်လို့ ဆိုထားကတည်းက ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတနဲ့ အပြိုင် (ဒါမှမဟုတ်) အထက်မှာရှိနေပြီးသားဆိုတာ ပြောစရာမလိုတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိကအဆုံးအဖြတ်ဟာ စစ်တပ်လက်ထဲမှာရှိနေတယ်ဆိုတာ မထူးဆန်းတော့ဘူးလို့ သတ်မှတ်ရေတော့မှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုက်လာလို့ ၂၀၁၆၊ အောက်တိုဘာလထုတ် “ယနေ့ခေတ်” မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးထဲက သဘောထားတခုကို ထုတ်နုတ်ပြပါရစေ။

”ဘက် (၃)ဘက်ရှိနေတဲ့ နေရာမှာ အဓိကအဆုံးအဖြတ်ကို ပေးမယ့်သူဟာလည်း စစ်တပ် (တပ်မတော်) ပဲ ဖြစ်နေတာလည်း ထူးခြားတဲ့အခြေအနေလို့ ပြောရမယ်ထင်ပါတယ်။ သူပုန်နဲ့ အစိုးရက ငြိမ်းချမ်းရေးကို (သေလောက်အောင်) ရချင်ယူချင်နေစေဦးတော့၊ စစ်တပ်က “ဟင့်အင်း” ဆိုပြီး ငြင်းသံလေး ထွက်လာရင် “ဘိုးဘိုးအောင်” လည်း ၀င်ကယ်လို့မရပါဘူး။ အစိုးရကို ဘာတော့ မလုပ်နဲ့၊ ဒါပဲလုပ်ပါလို့ စစ်တပ်ကပြောရင်လည်း “စစ်တပ်က အစိုးရရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ရမယ်၊ သြဇာမပေးနဲ့” လို့ ပြောရဲတဲ့၊ ပြောလို့ရတဲ့ အခြေအနေမဟုတ်ပါဘူး။ လက်ရှိမောင်းနှင်နေတဲ့ ယန္တရားကြီးဟာ ၂၀၀၈ ခေခြဥက လက်ညှိုးထိုး ထားတဲ့အတိုင်း လည်ပတ်နေရတာ၊ အဲဒီယန္တရားကြီးရဲ့ ခလုတ်ကို ကိုင်ထားတာက စစ်တပ်ပဲ မဟုတ်လား။”၃၇
ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာရှိနေသလဲဆိုရင် စစ်တပ် (တပ်မတော်) လက်ထဲမှာပဲ အဓိကရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စစ်တပ်လက်ခုပ်ထဲက ငြိမ်းချမ်းရေးလို့ တင်စားချင်ရင် လည်း ရပါတယ်။ အခုအစိုးရလက်ထဲမှာတော့ ငြိမ်းချမ်းရေးချိုးဖြူငှက်မရှိတာက သေချာပါတယ်။

၆။    ခြုံငုံသုံးသပ်ချက်

ဒီစာတမ်းမှာ ပြည်တွင်းစစ် စဖြစ်ခဲ့ရတာနဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လှုပ်ရှားမှု တွေကို အကြမ်းဖျင်းတင်ပြခဲ့ပါတယ်။ ပြည်တါင်းစစ် အနှစ် (၇၀) နီးပါးမှာ စစ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရဖို့ ကြိုးစား ခဲ့ပေမယ့် အခုအထိ ငြိမ်းချမ်းရေးမရခဲ့ရတာ ဘာကြောင့်လဲဆိုတာကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းစစ် ဘာ ကြောင့်ဖြစ်ရသလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ရော၈ါသိမှ ဆေးရှိမှာလို့ ဆိုတတ်ကြ သလို ရောဂါသိပေမယ့် ဆေးမရှိသေးတာတွေ၊ ဆေးရှိပေမယ့် အဲဒီဆေးကို ရော၈ါကုဖို့ ထုတ်မသုံးတာတွေလည်း ရှိ တတ်ကြသကို သတိထိားမိကြမယ်ထင်ပါတယ်။

(၁)    ပြည်တွင်းစစ် စဖြစ်ခဲ့ရတာဟာ အာဏာရအစိုးရက လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုရုံးခွင့်၊ ဆန္ဒပြခွင့်အပါအ၀င် ဒီမိုကရေစီအခ၊ွင့်အရေးတွေကို မပေးဘဲ ချိုးဖောက်ဆန့်ကျင်ရုံသာမကဘဲ အတိုက်အခံ ပါတီကို ဖမ်းဆီးခဲ့တာကြောင့် (တောထဲမောင်းချခဲ့တာကြောင့်) ပြည်တွင်းစစ် စဖြစ်ဃဲ့တာပါ။ ပြည်တွင်းစစ် ကျယ် ပြန့်လာတာရတာကတော့ ပင်လုံစာချုပ်မှာပါတဲ့ ကတိက၀တ်တွေကို အကောင်အထည်မဖော်ပေးဘဲ ငြင်းပယ်ချောင်ထိုးထားခဲ့လို့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဖြစ်လာတာကနေ စစ်မီးဧရိယာ ကျယ်ပြန့်ခဲ့တာဖြစ်ပါတယ်။ အာဏာရအစိုးရအဆက်ဆက်ဟာ ဒီမိုကရေစီကို ကာကွယ်မြှင့်တင် တာမျိုး မလုပ်ခဲ့ဘဲ ချိုးဖောက်ဖျက်ဆီးခဲ့မှုရဲ့ ဆိုးကျိုးဆက်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

(၂)    ပြည်တွင်းစစ်ဟာ အစိုးရကြောင့်ဖြစ်ရတယ်ဆိုတာကို အဓိကအနေနဲ့ တွေ့ရပါတယ်။ (သမိုင်း အမှန်ကို ပြန်လေ့လာဖို့လည်း အကြံပြုချင်ပါတယ်။)

(၃)    ပြည်တွင်းစစ် ရပ်စဲရေးကို သူပုန်တွေဘက်က တရားမျှတမှုရှိရှိ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်း ချင်ကြပေမယ့် အစိုးရတွေအဆက်ဆက်က လက်နက်ချအညံ့ခံစေချင်ခဲ့တာကို တွေ့ရပါတယ်။

(၄)    ပြည်သူလူထုကြီးအများစုက လိုလားတဲ့ ငြိမ်းချမ်းရေးဆန္ဒကို အစိုးရအဆက်ဆက်က ဂရုမစိုက် ဘဲ စစ်ဆက်တိုက်ရေးလမ်းပေါ်မှာ ဆက်ရှိနေခဲ့တာကြောင့် လူထုဆန့်ကျင်ရေးသဘောထားရှိတဲ့ အစိုးရတွေကို ရှေ့ပိုင်းအစိုးရတွေကို) သတ်မှတ်ရမှာဖြစ်ပါတယ်။

(၅)    အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းအရ မဖြေ ရှင်းဘဲ စစ်ရေးနည်းလမ်းအရ ဖြေရှင်းရင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကို သောင်းကျန်းသူတွေ အဖြစ် မြင်လာအောင် လူထုကို လိမ်ညာဝါဒဖြန့် မှိုင်းတိုက်ခဲ့တာလည်း တွေ့ရပါတယ်။

(၆)    စစ်ပွဲဆက်ရှိနေရင် အာဏာချုပ်ကိုင်နိုင်မှု ပိုမြဲမြံတာကြောင့်ရယ်၊ စစ်ပွဲကြောင့် စီးပွားဖြစ်လာ တာကြောင့်ရယ်၊ အာဏာနဲ့ စီးပွားရဲ့ အကျိုးဆက်ကနေ ယန္တရားပိုမိုခိုင်မာလာတာကြောင့်ရယ်တွေပေါ်မှာ အခြေခံပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရေးထက် စစ်မီးဆက်လက်တောက်လောင်နေရေးကို အစိုးရတွေက အာရုံစိုက် ခဲ့ကြတာ တွေ့ရပါတယ်။

(၇)    ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေထဲမှာ တခုကတော့ နိုင်ငံရေးအခြေခံပေါ် က စစ်တိုက်ခဲ့ကြတဲ့သူပုန်တွေအပေါ် နိုင်ငံရေးအရ တန်းတူသဘောမထားဘဲ အထက်စီးကနေ ကြည့်မြင် သဘောထားခဲ့ကြတာကိုပါ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

(၈)    အခုလက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သမ္မတဦးသိန်းစိန်လက်ထက်က ဆောင်ရွက်ခဲ့မှုရဲ့အဆက် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကကျတဲ့ အဆုံးအဖြတ်ဟာ အစိုးရနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ လက်ထဲမှာမရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာပဲ ရှိနေတာကို ထူးခြားတဲ့အခြေအနေ အခင်းအကျင်းတခုအနေနဲ့ တွေ့နေရပါတယ်။

လတ်တလောကာလဟာ ငြိမ်းချမ်းရေးအပေါ် ပြည်သူလူထုရဲ့ အာရုံစိုက်မှု ပြန်လည်မြင့်တက်လာတဲ့ ကာလလို့ ပြောနိုင်ပါတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးလည်း နာလန်မထူဖြစ်ခဲ့ရ၊ ဒီမိုကရေစီ လည်း ကျိုးကြေခဲ့ရ၊ ပညာရေး ကျန်းမာရေး အသုံးစရိတ်တွေလည်း စစ်စရိတ်ဖြစ်ခဲ့ရ၊ စစ်ကြောင့် စစ်အာဏာ ရှင်စနစ်လည်း ပိုမိုခိုင်မာတောင့်တင်းခဲ့ရပါတယ်။ စစ်ကြောင့် ဘ၀ပျက်ခဲ့ရ၊ အနာဂတ် ပျောက်ခဲ့ရတဲ့ တိုင်းသူ ပြည်သားတွေရဲ့ မျက်နှာကိုကြည့်ပြီး တိုင်းပြည်ကောင်းစားတိုးတက်ရေး၊ ပေမီဒေါက်မီ တိုင်းပြည်ဖြစ်ရေးဘက် ကို မျက်နှာမူကြဖို့ လိုအပ်သထက် လိုအပ်လာပါပြီ။

ဒီအခြေအနေကောင်းကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် တိုင်းပြည်ထဲမှာ စစ်မက်ကင်းပြီး ငြိမ်းချမ်းရေးရတဲ့ အခြေ အနေရှိနေဖို့ လိုအပ်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်ထဲမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်လာတဲ့ အခြေအနေရှိလာအောင်၊ အားလုံးရဲ့ ငြိမ်းချမ်းချင်တဲ့ဆန္ဒတွေကို နိုင်ငံရေးအရ တန်းတူအဆင့် အတန်းနဲ့ ဆွေးနွေးညှိနှိုင်းပြီး အကောင်းဆုံး၊ အပြေလည်ဆုံးအခြေအနေရလာအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ဒီအတွက် လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ တာဝန်ရှိနေကြသူတွေရဲ့ အဓိကတာဝန်ရှိနေသူ တွေက တိုင်းပြည်မျက်နှာ၊ ပြည်သူလူထုမျက်နှာ၊ တိုင်းပြည်နဲ့ လူထုတရပ်လုံးရဲ့ အနာဂတ်ကံကြမ္မာအရေးကို လေးလေးနက်နက်တွေးပြီး ငြိမ်းချမ်းရေးတိုင်းပြည်ဖြစ်အောင် အားထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

နိဂုံး

နှစ် (၇၀) နီးပါးဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ရှိခဲ့တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းရေးအကောင် အထည်ဖော်ရေးဖြစ်စဉ်တွေကို အချိန်တိုအတွင်းမှာ တင်ပြဖို့ကြိုးစာတဲး့ ဒီစာတမ်းဟာ ပြည့်စုံတဲ့စာတမ်းမဖြစ် နိုင်ဘူးဆိုတာကို နားလည်ထားပြီးသားဖြစ်ပါတယ်။

စာတမ်းရေးဖို့ မာတိကာစဉ်တုန်းက ငြိမ်းချမ်းရေးဆိုင်ရာ (အစိုးရဘက်၊ သူပုန်ဘက်၊ ငြိမ်းချမ်းရေး ကြိုး ပမ်းသူဘက်) သဘောထားအမြင်တွေနဲ့ ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးခဲ့တဲ့လူ့အသက်တွေ၊ အိုးအိမ်တွေ၊ ရွာတွေ၊ တန်ဖိုးတွေ၊ စစ်စရိတ်ကုန်ကျမှုတွေ၊ ဒုက္ခသည်စခန်းအရေအတွက်တွေ၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပြည်တွင်း ထဲက ဒုက္ခသည်စာရင်းကိန်းဂဏန်းတွေ အပါအ၀င် အတော်များများကို ထည့်သွင်းဖော်ပြဖို့ စဉ်းစားခဲ့ပေမယ့် ရတဲ့အချိန်အတိုင်းအတာ၊ စာမျက်နှာအကန့်အသတ်တွေကြောင့် မဖော်ပြနိုင်ခဲ့တာကိုလည်း ၀န်ခံရမှာ ဖြစ်ပါ တယ်။

ငြိမ်းချမ်းရေးလမ်းမှာ ဖဲ့ချန်ထားခံရတာတွေ၊ လှည့်ပြန်သွားတာတွေအကြောင်းရော၊ တိုက်ပွဲကြားထဲမှာ ချိုးဖြူငှက်ကလေး ရှင်နေသေးသလား၊ သေသွားပြီလား၊ ဒဏ်ရာတွေကြောင့် ပြန်မထနိုင်တော့ဘူးလားဆိုတဲ့ စူးစမ်းသုံးသပ်မှုတွေလည်း ထည့်သွင်းဖော်ပြဖို့ စဉ်းစားခဲ့ပေမယ့် မရေးဖြစ်ခဲ့ပါဘူးဆိုတာကိုလည်း ၀န်ခံချင်ပါ သေးတယ်။

ဘာပဲဖြစ်ဖြစ်၊ အခုတင်ပြခဲ့စာတမ်းဟာ ဗမာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးအကြောင်းကို ကောက် ကြောင်းဆွဲနိုင်လောက်အောင် အထောက်အပံ့ဖြစ်စေခဲ့မယ်ဆိုရင် ရေးသားရကျိုးနပ်ပါပြီ။

အားလုံးကို ကျေးဇူးတင်ပါသည်။
နောင်ကျော်

နိဂုံးအညွှန်း
၁။    ဦးရွှေအောင်၊ ဘ၀အမြင်သစ်၊ စာ- ၂၂-၃၃။
၂။    သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာ-၁၂၃။
၃။    သခင်တင်မြင်၊ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ-၁၂၁၊ ၁၂၂၊ ၁၄၄။
၎။    ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှသည် မန်ဟိုင်းဆိသို့၊ စာ-၁၄၄-၅။
၅။    ပြည်တွင်းငြိမ်းချမ်းရေးသဘောထား၊ ဗိုလ်မှူးချုပ်ကျော်ဇောမိန့်ခွန်း၊ စာ-၁၅။
၆။    ဗိုလ်မှူးချစ်ကောင်း၊ အနှစ်နှစ်ဆယ်၊ စာ-၁၂၆။
၇။    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှတ်တမ်း၊ စာ-၆။
၈။    ပြည်တွင်းငြိမ်းချမ်းရေးသဘောထား…၊ G.S. ဦးထွန်းတင်၏ အမှာစာ။
၉။    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှတ်တမ်း၊ စာ-၃၅၂။
၁၀။    ဥာဏ်မောင်ချစ် အို…ရွှေချိုးဖြူငဲ့”ကူ” ပါလှည့်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၁၁၊ နိုဝင်ဘာလထုတ်။
၁၁။    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ……….၊ စာ- ၄၃၀-၄၃၁
၁၂။    အောင်စောဦး၊ လွတ်လပ်ရေးရွှေရတု၊ ပြည်တွင်းစစ်နှစ်ငါးဆယ် (စာအုပ်၏ တတိယပိုင်း)။
၁၃။    ဗိုလ်မှူးချုပ်ကျော်ဇော၏ မိန့်ခွန်း (ပြည်တွင်းငြိမ်းချမ်းရေးသဘောထား…)၊ စာ- ၅၃။
၁၄။    ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (ပထမတွဲ)၊ စာ- ၇၅။
၁၅။    ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (ပထမတွဲ)၊ စာ- ၈၁။
၁၆။    ၀င်းတင့်ထွန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနေ့စွဲစဉ်သမိုင်း (အကျဉ်းချုပ်)၊ စာ – ၅၉။
၁၇။    ၀င်းတင့်ထွန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီနေ့စွဲစဉ်သမိုင်း (အကျဉ်းချုပ်)၊ စာ – ၈၀။
၁၈။    ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ စာ-၁၀၄။
၁၉။    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှတ်တမ်း၊ စာ-၄၁၁။
၂၀။    ဆရာကြီးသခင်စိုး (ဆောင်းပါးစုစည်းစာအုပ်)၊ စာ – ၁၀၄။
၂၁။    အောင်စောဦး၊ လွတ်လပ်ရေးရွှေရတု၊ ပြည်တွင်းစစ်နှစ်ငါးဆယ်၊ စာ – ၄၁၊ ၄၂။
၂၂။    အောင်စောဦး၊ လွတ်လပ်ရေးရွှေရတု၊ ပြည်တွင်းစစ်နှစ်ငါးဆယ်၊ စာ – ၂။
၂၃။    ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌကြီးစောဘိုမြ၏ အမှာစာ၊ အောင်စောဦး၊ လွတ်လပ်ရေးရွှေရတု၊ ပြည်တွင်းစစ်နှစ်ငါးဆယ်။
၂၄။    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရီမာန်ထူး၏အမှာစာ၊ အောင်စောဦး၊ ၄င်းစာအုပ်။
၂၅။    ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ စာ-၂၄၉၊ ၂၅၀။
၂၆။    အောင်စောဦး လွတ်လပ်ရေးရွှေရတု ….. ၊ စာ – ၃၃၂။
၂၇။    အောင်စောဦး လွတ်လပ်ရေးရွှေရတု ….. ၊ စာ – ၃၃၆။
၂၈။    အောင်စောဦး လွတ်လပ်ရေးရွှေရတု ….. ၊ စာ – ၃၄၈။
၂၉။    အောင်စောဦး လွတ်လပ်ရေးရွှေရတု ….. ၊ စာ – ၄၂၇။
၃၀။    အောင်စောဦး လွတ်လပ်ရေးရွှေရတု ….. ၊ စာ – ၄၃၂။
၃၁။    ဆလိုင်းလျန်မှုန်း (ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု (အတွဲ-၁) အမှာစာ – III
၃၂။    ဆလိုင်းလျန်မှုန်း (ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု (အတွဲ-၁) အမှာစာ – VI
၃၃။    နောင်ကျော်၊ ချိုးကူသံလေးကို မလွမ်းဘူးလားအမေ၊ စာ – ၆၇။
၃၄။    ဆလိုင်းလျန်မှုန်း (ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု (အတွဲ-၁)၊ အမှာစာ – VI
၃၅။    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာ – ၃။
၃၆။    ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာ – ၈၆။
၃၇။    နောင်ကျော်၊ ကြံဖော်ကြံဖက် ၃ယောက်သားအနက်တွင်မှ…၊ ယနေ့ခေတ်၊ ၂၀၁၆၊ အောက်တိုဘာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, နောင်ကျော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်