ကျော်ကျော် (မြရည်စမ်း) ● ဆောင်းဖျားကို ကုသခြင်း

December 25, 2016

ကျော်ကျော် (မြရည်စမ်း) ● ဆောင်းဖျားကို ကုသခြင်း

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

အလုပ်ပင်ပန်းပြီး  အိပ်ရေးပျက်များလာပြီဆိုလျှင် အစားအသောက်ပါပျက်ပြီး ကျနော်ဖျားတတ်သည်။ အခုလည်း ကိုယ် လက် မအီမသာဖြစ်နေပြီ။ အချိန်မီဆေးမသောက်လျှင် မုချဖျားတော့မည်။ ဆောင်းဖျားလိုက်သည်ဆိုသောစကားကို  ငယ် စဉ်ကတည်းက ကြားဖူးခဲ့သည်။ ဖျားလည်း ဖျားခဲ့ဖူးသည်။  အိပ်ရာမှလူးလဲထကာ  ဆေးပုလင်းများထားရာဆီသို့ ခြေလှမ်း လိုက်သည်။  ကြမ်းပျဉ်များ၏အေးစက်သော အတွေ့အထိကြောင့် ကျောရိုးထဲ စိမ့်ခနဲဖြစ်သွားသည်။

ဆောင်းညသည် တိတ်ဆိတ်နေ၏။  မိုင်ဝက်ခန့်ဝေးသော ဘူတာရုံလေးဆီမှ ရထားတစင်း၏ အသံရှည်ဆွဲလိုက်သော  ဥသြ သံကိုပီပြင်စွာ ကြားလိုက်ရသည်။ စိတ်သည် အတိတ်သို့ လျှင်မြန်စွာ ကူးခတ်ပြန်၏။

လွန်ခဲ့သော နှစ်ပေါင်း ၂၀  နီးပါးက  ဆောင်းညတညတွင်  မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေး တောင်ကြားထဲရှိ တဲငယ် လေးတလုံးတွင်  ကျနော် အပြင်းအထန် ဖျားနေခဲ့ဖူးပါသည်။ အနားတွင် ဘယ်သူမှမရှိကြ။ စခန်းတဲလေးဆောက်ထားရာ  တောင်ကမူလေး အောက်ဘက်မှ ရထားများ တစီးပြီးတစီးဖြတ်သွားသံ၊ အတက်ရထားများ စက်ရှိန်တင်သံ၊ ကွေ့တွင် သံ လမ်းနှင့် ရထားဘီးဖလန်းများ  တကျီကျီပွတ်ကြိတ်သံများကိုနားထောင်ရင်း  အဖျားတက်နေခဲ့သည်။ စခန်းတွင် အလုပ်လုပ် နေကြသောသူများအားလုံးက တဖက်ဘူတာရုံလေးအနီးတွင်ရှိသည့်ရွာမှ ဇာတ်ပွဲကိုသွားနေကြသည်။

ရထားသံတိတ်သွားသည်နှင့်တဖက်ချောက်ကြီးထဲမှ  ရေစီးသံသဲ့သဲ့ကိုကြားရသည်။  အမည်မသိသော ညဥ့်ငှက်ပေါင်းစုံ၏ အသံသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်။ တောင်ကြားဒေသ ရာသီဥတုက ခိုက်ခိုက်တုန်အောင်ချမ်းရသည့်အထဲ ကျ နော့်အဖျားက  နာတာရှည်ချင်နေပြီ။

ဤနေရာလေးသို့ ကျနော်ရောက်နေသည်မှာ မိုးဦးကာလထဲက ဖြစ်သည်။  ရောက်စကတော့ သာယာလှပသည့်ရှုမျှော်ခင်းများနှင့် စိမ်းလန်းသောမြင်ကွင်းများကြောင့် ပျော်ရွှင်နေခဲ့သည်။ လုပ်ငန်းခွင်၌လည်း တက်ကြွမှုအပြည့်နှင့်။

နောက်ပိုင်းတွင်  အလုပ်ပင်ပန်းမှုများကြောင့် မကြာခဏဆိုသလို  ဖျားနာတော့သည်။ ထိုဖျားနာနေသည့်ရက်များတွင် အိမ် ပြန်မနားဖြစ်သော်လည်း  အိပ်ရာထဲကွေးနေဖြစ်သည်။ ထိုအခါ ယခုလုပ်ကိုင်နေရသောလုပ်ငန်းခွင်နှင့်ပတ်သက်၍  အတွေး များစွာ တွေးဖြစ်ခဲ့သည်။ အတွေးထဲတွင် လုပ်ငန်းခွင်ကိုဆက်လက်လုပ်ဆောင်ရင်း အပြီးသတ်ကို မှန်းဆကြည့်မိသည်။  ရင်လေးရပါသည်။ ဘယ်လိုမှ  အဆင်ပြေချောမွေ့စွာ အပြီးမသတ်နိုင်မည်မဟုတ်သည့် လုပ်ငန်းစဉ်တခုတွင်  ပင်နယံလေး တခုအဖြစ် ကိုယ်တိုင်ပါဝင်နေရကြောင်းသိလာရပါသည်။

သို့သော် ထိုအလုပ်ကိုကျနော်ငြင်းပယ်ဖို့ အခွင့်မသာ။ လွတ်လပ်စွာရွေးချယ်ခွင့်မရသော အခြေအနေတွင် ရောက်နေပါသည်။ ကျနော့်ကို အားကိုးအားထားပြုနေသော ဇနီးနှင့် ငယ်ရွယ်သေးသောသမီးငယ်၏မျက်နှာကိုမြင်မိတိုင်း အလုပ်မှ ထွက်ခွာ သွားဖို့ ဟန်ပြင်သည့်ခြေလှမ်းများ တုံ့ဆိုင်းရပ်တန့်သွားခဲ့ရသည်။

အဖျားတက်နေရင်းနှင့်ပင် တောင်ထိပ်ပေါ်တွင်ရပ်နားထားသော မြေထိုးစက်ကြီးများဆီ စိတ်ကရောက်သွားသေးသည်။

မနက် ၆ နာရီထိုး၍ ထိုစက်ကြီးများ နိုးသံကြားလျှင်  နေကောင်းတာ မကောင်းတာ အပထား၊ တုတ်တစ်ချောင်းကို အားပြု၍  ထိုတောင်ထိပ်ပေါ်သို့ တက်ရမည်။ ထိုစက်ကြီးများ လုပ်ငန်းလုပ်သည်ကို အချိန်မှတ်၍ ကြီးကြပ်ရမည်။

ထိုစက်ကြီးများအနက်  ဘက်ဟိုးသည် တောင်ကြားဒေသလေးသို့ ပထမဆုံးရောက်ရှိလာသောစက်ကြီးတစ်စီးဖြစ်လေ၏။ ကျနော်သူ့ကို စတင်၍မြင်မိချိန်တွင် အံ့အားသင့်ခဲ့ရဖူးသည်။ ကက်တာပီလာ တံဆိပ်အမှတ်အသားနှင့် ဘက်ဟိုးသည် သံ လမ်းဘေးတွင် အဘိုးအိုတစ်ယောက် ပင်ပန်းနွမ်းနယ်စွာ ဒူးထောက်ထိုင်နေသလို ယိုင်နဲ့နဲ့။

ရထားသံလမ်းများက အဖြောင့်သက်သက် ရှား၏။ မြွေလိမ်သလို  မြွေကောက်သလို အကွေ့များသာပေါသည်။ ကွေ့ ဒီဂရီ လည်း  များလှသည်။  ရှေးယခင်ကတော့  သွားလာ၍  အဆင်ပြေခဲ့ပါလိမ့်မည်။  ရာသီဥတုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ မီးရထားစင်းရေ များပြားလာမှုအခြေအနေအရ  ယခုအခါမှာတော့  အဆင်မပြေ။  သံလမ်းနှင့်ကပ်လျက် တ ဖက်မှာ ခပ်မတ်မတ်အနေအထားဖြင့်  တောင်နံရံတခုရှိပြီး   အခြားတဖက်တွင်  ခပ်ရေးရေးချောင်းကွေးကလေးကို  လှမ်းမြင် ရသော ချောက်နက်ကြီးတခုရှိလေသည်။

အခြေအနေက  မိုးသည်းထန်စွာ ရွာသွန်းတတ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ်လိုလမျိုးဆိုလျှင်  ခပ်မတ်မတ် တောင်နံရံသည်  ပြို ဆင်းလာတတ်သည်။ ပြိုဆင်းလာလျှင်  မြေသားကြီးသက်သက်မဟုတ်ပဲ  ကျောက်စိုင် ကျောက်ခဲကြီးများကိုပါ  အဖေါ်ခေါ် လာတတ်သည်။  ထိုသို့ တောင်ပြို၍ ရထားလမ်းပေါ်ပိတ်ဆို့ပါက ဘက်ဟိုးသည်  မရပ်မနားအလုပ် လုပ်ရပါသည်။

တောင်ပေါ်တွင် ခုတ်လက်စတန်းလန်းပစ်ထားခဲ့ကြသော တမလန်းပင်များ၊ ကျွန်းပင်များကိုကြည့်၍ အခြေအနေကို မှန်း ဆ နိုင် ပါသည်။ နေရာတော်တော်များများတွင်  ကျွန်းပင်ငုတ်တို၊ တမလန်းပင်ငုတ်တိုများကို  တွေ့ရသည်။သစ်ပင်သစ်မြစ်များ ၏ အထိန်းအသိမ်းမခံရသော မိုးရေများသည် တောင်စောင်းကို တောက်လျှောက်ကြီး တိုက်စားဖဲ့ချကြသည်။

ပြိုကျလာသော ကျောက်တုံးများနှင့်မြေကြီးများကို တစ်ဖက်ချောက်ကြီးထဲသို့ မကြာခဏ ကုပ်ယူဖယ်ချရခြင်းကြောင့်လော  နဂိုကတည်းက  တပတ်နွမ်းစက်ကြီးဖြစ်သောကြောင့်လောမဆိုနိုင် ဘက်ဟိုး၏ ဂေါ်စွယ်များ တုံးနေပေပြီ။  ချိန်းများကလည်း  ခြေမသန်သောလူအိုတစ်ယောက်နှယ်။ ရှေ့တိုးနောက်ဆုတ်လုပ်ရတိုင်း ထစ်အ ထစ်အနှင့် သွက်လက်စွာ မလှုပ်ရှားနိုင်ရှာ တော့။

တစ်ခါက  ရထားလမ်းကို  ကန့်လန့်ဖြတ်ရပ်လျက်သားနှင့်   ချိန်းပြတ်သွားဖူးသည်။  အထက်မှ ဆင်းလာသည့်  အစုန်ရထားက  ရောက်လုနီးပြီ။ ကျနော့်မှာ  လမ်းပိတ်အလံနီကြီးကိုင်၍ ရထားလာနေသည့်အရပ်သို့ ပြေးရသည်။ အဝေးမှမြင်နိုင်မည့်   ရှား ရှားပါးပါး လမ်းဖြောင့်တွင်  ထိုအလံနီကြီးကို   ပိတ်၍ တားရသည်။ အဆင်းရထားသည်  ဘရိတ်ကို  ထိန်း၍ ထိန်း၍  အုပ်ရင်း  လမ်းပိတ်အလံနီကြီးနှင့်  ထိလုထိခင်မှ  ရပ်တန့်နိုင်လေသည်။  ထိုအခါမှ  မောမောနှင့်သက်ပြင်းချနိုင်သည်။ ထိုနေရာအတွင်း  ရထားမတော်တဆမှုဖြစ်ပါက  ကျနော့်ဝန်ထမ်းမှတ်တမ်းလေးတွင် မင်နီစွန်းသွားမည်မှာမုချ။ သွေးစွန်းခဲ့ရသော၊ သွေးစွန်း နေဆဲဖြစ်သော၊ သွေးစွန်းနိုင်သေးသော ကိစ္စရပ်များစွာကိုပင်  အလေးအနက်မထားဘဲ  ဖက်ရွက်လေလွှင့်သလို  သဘော ထားနိုင်ကြသော လူကြီးမင်းများ  တပုံတပင်ရှိနေသော်လည်း ကျနော့်အတွက်မှာ  ဝန်ထမ်းမှတ်တမ်း မင်နီစွန်းမှာလေးကိုပင် သေမတတ် ကြောက်နေမိသည်။

ဘက်ဟိုးအတွက်  အဖေါ်နှစ်ယောက်ဖြစ်သော D7 နှင့် D8 ဘူဒိုဇာနှစ်စီးက  နောက်မှ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ WBY  တွဲဖြင့်  တင်လာသော  ထိုနှစ်ကောင်ကို အောက်ဆင်းရန်အတွက် ဘက်ဟိုးက  ကူညီခဲ့ရသေးသည်။

အစောပိုင်းက  တောင်ပေါ်မှပြိုကျလာသော  ကျောက်တုံးနှင့်မြေကြီးများကို ရှင်းလင်းဖယ်ရှားပေးရန်သာ  တာဝန်ယူထားသော ဘက်ဟိုးအိုကြီးသည် တာဝန်သစ်တိုးခဲ့ရသည်။

မီးရထားလမ်းသည် ထိုနေရာလေး၌ ကွေ့ဒီဂရီများလွန်းသဖြင့် နောက်ထပ်တင်သွင်းလာသည့် စက်ခေါင်းကြီးများနှင့်  တ ချို့ လူစီးရထားတွဲများဆိုလျှင် မဖြတ်သန်းနိုင်။ ထိုကွေ့လေးကို ဖြေလျှော့ပေးလိုက်မှ ဟန်ကျမည်။

ထိုသို့တွေးမိလေသောလူကြီးမင်းများသည်  ကွေ့ကိုဖြေလျှော့ရန်အတွက်  သံလမ်းကို တောင်ကမ်းပါးရံဘက်သို့ ရွေ့ရန်စဉ်း စားကြသည်။ ထိုအခါ တောင်ဖြိုသည့်လုပ်ငန်းခေါင်းစဉ် ပေါ်လာတော့သည်။

ခပ်မတ်မတ်အနေအထားရှိသော တောင်ပေါ်သို့  ဒိုဇာနှစ်စီးတက်၍ရအောင် ဘက်ဟိုးက  အကူအညီပေးခဲ့ရပါသည်။ ယခု အချိန်အထိလည်း  ဘူဒိုဇာနှစ်စီး တောင်ပေါ်မှ  ထိုးချလိုက်သောမြေကြီးများ၊ ကျောက်တုံးများကို  ဖယ်ရှားလမ်းဖွင့် ပေးနေရ ဆဲ။   သို့သော်  လမ်းကစိတ်မချရသေး။  မိုးလယ်ကာလတွင်  ဘက်ဟိုးအိုကြီး ဟိုက်ဒရောလစ်ဆီ ပြတ်သွားပြီး  ကျနော်လည်း  အက်ဖ် ပလပ်စ် ဟူသော ငှက်ဖျားရခဲ့သည်။

လုံခြုံချောမွေ့သည့် လမ်းခရီးဆိုလျှင်၊ ရထားနဲ့သွားမလား ကားနဲ့ သွားမလား မေးလာခဲ့သော်ကျနော်အနေနှင့် ရထားဖြင့် သာ သွားချင်ပါသည်။ ရထားပြတင်းကိုဖြတ်ပြီးမြင်ရသော အသက်ဝင်နေသည့် ပန်းချီကားချပ်တွေ  အများကြီးကို  ခံစားနိုင်၍ ဖြစ်သည်။ နောက်တကြောင်းမှာ  ရထားပေါ်မှာ  ခြေခင်းလက်ခင်းသာပါသည်။  သို့သော်  ခရီးဆုံး ဘူတာသို့  လက်မှတ် ဖြတ်ထားပြီး မရောက်မခြင်း ဘယ်အချိန် ဘာဖြစ်မှာပါလိမ့်ဟူသော  ကြောက်စိတ်ဖြင့် စီးနင်းလိုက်ပါရမှုမျိုးကိုတော့လည်း  မလိုချင်ပြန်။

ဘက်ဟိုးဖြင့်  ကူးချည်သန်းချည် အကြိမ်ကြိမ်လုပ်ထားသဖြင့်  သံလမ်းများသည်  ရေချိန်မမှန်တော့ပါ။  အလျားလိုက်ရော ကန့်လန့်ပါ  လွဲနေကြပြီဖြစ် သည်။  ကွေ့နေရာများတွင်လည်း  ပက်လက်လန်ချင်နေပြီ ဖြစ်သည်။  ရထားသည်  နဂိုမူလ သတ်မှတ်မိုင်နှုန်းဖြင့် မောင်း၍မရတော့။ စက်ခေါင်းမောင်းသည် တစ်ဖက်ဘူတာမှပေးလိုက်သော လမ်းရှင်းစာရွက်ပေါ်တွင် ရုံပိုင်ရေးပေးလိုက်သည့် ခွင့်ပြုမိုင်နှုန်းဖြင့်သာ မောင်းရလေသည်။ သံလမ်းနှင့် ရထားဘီးတာယာများ ကြိတ်ပွတ်သံ  တကျီ ကျီ ထွက်နေသည်။

ရထားတွဲအတွင်း၌  ခရီးသည်တချို့သည်  မျက်စိစုံမှိတ်၍  ပါးစပ် ပွစိ ပွစိနှင့်  ကိုးကွယ်ရာဘာသာ၏  ဘုရားစာများကို ရွတ် ဖတ်နေကြပုံရလေသည်။ အကြောက်အလန့်မရှိပုံရသော ခရီးသည်တချို့ကတော့  ပြတင်းဝမှ ခေါင်းထွက်ကာ  ရထားနှင့်ထိ လုငြိလုဖြစ်နေ သော  ကျောက် စွန်းများကို  ငေးသူငေး၊ စမ်းသူစမ်း  လုပ်နေကြသည်။  တချို့ကလည်း  ပြုတ်ကျလာတော့ မယောင်  ဖြစ်နေသော  ကျောက်သားနံရံပေါ်မှ  ကျောက်တုံးကျောက်စိုင်များကိုမြင်ပြီး  ဆတ်ခနဲ  ခေါင်းပြန်ဝင်သွားကြသည်။  လူအမျိုးမျိုးတွင်  ကြောက်စိတ်လည်းအမျိုးမျိုးရှိကြပေမည်။ ကြောက်စိတ်လုံးဝကင်းစင်သူလည်း ရှိပေဦးမည်။ တချို့တလေ က  မမြင်ရဘဲ အကြားနှင့်ကြောက်ကြသည်။ တချို့တဝက်မှာ  မြင်ရမှ ကြောက်ကြမည်။ တချို့ကတော့  မြင်ရသော်လည်း  မကြောက်ကြ။

နေ့စဉ်နှင့်အမျှ   ရထားဖြတ်တိုင်း  မြင်တွေ့နေရသော  ခရီးသွားများကို ကြည့်ရင်း   သူတို့၏   ကြောက်စိတ်အနေအထားကို  ခန့်မှန်းခဲ့ဖူးသည်။

မြောက်ပြန်လေထဲတွင်  အဝေးမှ  ဆိုင်းသံဗုံသံများ  လွင့်မျှောပါလာသည်။  အဆန်ရထားတစ်စီးဖြတ်သန်းသွားသံကိုလည်း ကျယ်လောင်စွာကြားရပြန်သည်။ မကြာခင် မိုးလင်းတော့မည်။  ဇာတ်ပွဲလည်း  မိုးလင်းလျှင်  ပြီးသွားပေမည်။  ကျနော့် အ ဖျား ကတော့ မကျသေးပေ။  သံလမ်းနှင့်ရထားဘီးတာယာပွတ်ကြိတ်သံများ  တဖြည်းဖြည်းတိုးသွားသည်။  ရထားတစ်စီး နောက်ထပ်ရောက်လာလျှင်  ထိုအသံများပြန်ကြားရဦးမည်။

တစ်ခါတလေတော့လည်း  ကိုယ်တိုင်သာဝန်ကြီးဖြစ်ချင်မိတော့သည်။  ကျနော်သာ ဝန်ကြီးဖြစ်ပါက  ထိုနေရာမှ ကွေ့များကို  မဖြစ်နိုင်မှန်းသိသိကြီးနှင့်  ဖြေလျှော့မနေတော့။ တောင်ကြီးကိုလည်း  ဖြိုမနေတော့။   လမ်းခရီးတွင်  အန္တရာယ်များလှသော  ထိုနေရာကို  တခြားနေရာမှ  ရှောင်ကွင်းချင်ရှောင်ကွင်းမည်။ သို့တည်းမဟုတ်  ဥမင်လှိုဏ်ခေါင်း ဖောက်ချင် ဖောက်ဖြစ်မည်။ ကျနော်ဝန်ကြီးဖြစ်ပါက လုပ်ခွင့်ရှိပါမည်လား။ ဒါလည်းမသေချာလှ။  အတက်အဆင်း ကြီးရသည့်ကြားထဲ အန္တရာယ် ချောက်ကမ်းပါးနှင့်  မတ်မတ်တောင်နံရံကြားတွင်ရှိသော  ရထားလမ်းသည်   ကျနော့်ကို  စိန်ခေါ်နေလိမ့်မည်။ ကျနော်ကရော  ယခုလို အငယ်တန်းအင်ဂျင်နီယာလေးဘဝက  စိတ်ထားမျိုး  ထိုအချိန်တွင်  ရှိမှ ရှိပါဦးမည်လား။  ဒါလည်း မသေချာလှ။  လူဆိုသည်မှာ ဥစ္စာ ၊သြဇာနှင့် အာဏာ၏ ဖြားယောင်းမှုနောက်သို့  ကောက်ကောက်ပါအောင်  လိုက်သွားတတ်ကြသည်ဟု  ကြားဖူးခဲ့သည်။ မြင်လည်းမြင်ဖူးခဲ့ပြီးပြီ။  ပြည်သူပြည်သားများ၏  သွယ်ဝိုက်ပိုင်ဆိုင်ကြသော  ဓနဥစ္စာဖြင့်  နိုင်ငံရပ်ခြားမှ ဥပဒေပညာဆည်းပူးခွင့်ရသောဥပဒေပညာရှင် ဒေါက်တာကြီးပင်လျှင်  ပြည်သူ ပြည်သားများကို  သားစဉ်မြေးဆက် ဒုက္ခပေးထားခဲ့သော  သာဓကကို မြင်ခဲ့ဖူးပါပြီ။

ချွေးများအလွန်အမင်းထွက်လာပြန်သည်။  ဆရာဝန်ညွှန်ကြားချက်မပါဘဲ  ကြုံသလိုသောက်ထားသော  တရုပ်ပြည်လုပ်ငှက် ဖျားဆေးသည်  ခဏတာအတွက်တော့  အဖျားကိုသက်သာစေသည်။  လုံးဝပျောက်ကင်းရန်တော့ မဖြစ်နိုင်ပေ။ ထိုနေရာ လေးမှ  ထွက်ခွာသွား၍  ဆေးဝါးများကိုညွှန်ကြားချက်နှင့် သောက်သုံးရင်း  အားမွေးမှသာ   ဆောင်းဖျားပြတ်နိုင်မည်။  ကျ နော်သိပါသည်။  ကျနော့်ကြောက်စိတ်ကို ကျနော် မောင်းထုတ်ပစ်နိုင်ရမည်။

အစုန်ရထားတစ်စင်းဝင်လာသံ ကြားရပြန်ပြီ။  ဇာတ်ပွဲမှ  ဆိုင်းသံဗုံသံများ တိတ်ဆိတ်နေ သည်။  စခန်းမှ  ပွဲသွားကြည့်သူများ  ပြန်လာကြတော့မည်။  မှုန်ဝါးနေသော မျက်လုံးများ ဖြင့်  လက်ပတ်နာရီမှ  မီးစုန်းလက်တံများကို  ကြည့်မိသည်။ လင်းကာ နီးပါပြီ။  သံလမ်းနှင့် ရထားဘီးတာယာပွတ်ကြိတ်သံ ကြားရပြန်သည်။ အော်ဟစ်သံတချို့ ကို လည်းကြားရပြီ။ ဘူဒိုဇာနှစ်စီး  စက်နိုးသံကို  မကြားချင်တော့။  သူတို့အလုပ်လုပ်ကြလျှင် ဘက်ဟိုးအို ကြီး  အလုပ်ရှုပ်ရဦးမည်။ ကျနော်လည်းဆောင်းဖျားက  ပြတ်မည်မဟုတ်တော့။  ကျနော်ဝန်ကြီးဖြစ်၍ လုပ်ခွင့်သာလျှင်   ဒီလမ်းကို  ဒီလိုမလုပ်ပဲ  တခြားနည်းဖြင့်  လုပ်မည်။  ကွင်း ချင်ကွင်းမည်။ ထွင်းချင်ထွင်းမည်။ ဒီလမ်းသည်  ကျနော့်ဆောင်းဖျားလိုမကြာခဏ  လဲမကျစေရ။  ကျနော်စိတ်ပြောင်း သွားနိုင်သည်။  အာဏာမူးသွားနိုင်သည်။ သြဇာရစ်သွားနိုင်သည်။  မှေးကနဲ ပြန်အိပ်ပျော်သွားပြန်သည်။

ထိုနေ့နေ့လည်ပိုင်းတွင် အဆန်ရထားတစ်စီးဖြင့် လုပ်ငန်းခွင်မှ အိမ်သို့ပြန်ခဲ့ပါသည်။ ရထားထိန်းတွဲပေါ်ထိုင်ရင်း ၊ ယိမ်းထိုး နေသော ကိုယ်ခန္ဓာကို ထိန်းသိမ်းရင်း စီးကရက်တလိပ် ကို  မီးညှိခဲ့တာကိုလည်း အမှတ်တရရှိနေပါသည်။

ဆေးလုံးလေးများကို  ရေအေးစက်စက်ကြီးဖြင့်  မျိုချလိုက်ပါသည်။ လည်ချောင်းတလျှောက်စီးမျှောရင်း  ပါသွားသည့်  ဆေးလုံးလေးများ၏  အထိအတွေ့ကို   ကျနော်သိနေသည်။

ကျော်ကျော် (မြရည်စမ်း)
ဒီဇင်ဘာ ၂၁၊၂၀၁၆
ည ၁၁ နာရီတိတိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်