ညီတင့် ● ကျနော်နဲ့ ကျောင်းသားသမဂ္ဂစာစောင်များ

December 25, 2016

ညီတင့် ● ကျနော်နဲ့ ကျောင်းသားသမဂ္ဂစာစောင်များ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

စစ်အာဏာသိမ်းလိုက်တော့ ကျနော်တို့ လုပ်ရမှန်းမသိ နဝေတိမ်တောင် ဖြစ်ကုန်ပါတယ်။ မန္တလေးမှာ ရပ်ကွက်တိုင်းက စစ်တပ်လွယ်လွယ်နဲ့ဝင်မလာနိုင်အောင်လမ်းတွေကို ပိတ်ဆို့ကြပါတယ်။ သပိတ်မမှောက်ခင် မန္တလေးရေပေးဝေရေးစီမံကိန်း က လမ်းတိုင်းမှာ ကွန်ကရစ်ပိုက်လိုင်းကြီးတွေ ချထားပါတယ်။ အဲဒီပိုက်လိုင်းတွေနဲ့ လမ်းတွေပိတ်ကြတာပါ။

အာဏာသိမ်းပြီးနောက်နေ့မနက် မိုးတားတိုက်ကနေလူစုခွဲထွက်လာတော့ ကိုစိန်ဝင်းအိမ်သွားပြီး သတင်းစာတွေမီးရှို့တယ်။ ပြီးတော့ ဘယ်သွားရမှန်းမသိ။ မြတ်မင်းသူနဲ့ ကျောင်းသားဆရာ၊ သူတို့ကိုယ်သူတို့ သရဏဂုံတင်ပြီး လဖုန်းကျောင်းထဲ အခိုင်အမာနေကြတယ်။ ကျနော်လည်း မြတ်မင်းသူတို့နဲ့ပူးပေါင်းမယ်ကြံပြီး လဖုန်းကျောင်းဖက်လာခဲ့တယ်။ လဖုန်းကျောင်းအဝင်အဝသံတခါးသော့ခတ်ပိတ်ထားတယ်။ ဒါနဲ့နောက်ဖေး ၈၁ လမ်းက ကျော်တက်နေကျ အုတ်တံတိုင်းရှိရာ သွားရတယ်။ ၈၁ လမ်းရောက်တော့ မြတ်မင်းသူနဲ့ ကျောင်းသားတချို့ အုတ်တံတိုင်းပေါ်မှာ အရံသင့်တွေ့ပါတယ်။ သူက ကိုမြင့်သစ် ဘယ်လဲလို့ မေးတယ်။ မင်းတို့နဲ့ပူးပေါင်းမလို့လာတာဆိုတော့ ဟာခင်ဗျားပြန်တော့ ကျောင်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျနော်တို့အားလုံးဆုတ်ပြီတဲ့။ သပိတ်စခန်းတွေအားလုံး အလံတွေလွှင့် အတွင်းက သော့ခတ် လူရှိသယောင်နဲ့ အားလုံး ကိုယ်ယောင် ဖျောက်ကြတယ်။ အတားအဆီးတွေနဲ့ လူမရှိတဲ့ သပိတ်စခန်းတွေသိမ်းမိဖို့ စစ်တပ်က လေးငါး ရက်ကြာပါ တယ်။

မန္တလေးတက္ကသိုလ်သပိတ်စခန်းကို ညမှာပစ်ခတ်ပြီး ဝင်သိမ်းပါတယ်။ ဇော်မိုးကျော်အဖေ အငြိမ်းစားဗိုလ်ကြီးက တော်တော် ရက်စက်တဲ့ကောင်တွေကွာ ငါတို့ရန်သူစခန်းဝင်သိမ်းတာတောင် အဲဒီလောက် မီးအား (ကျည်အား) မပေးဘူးတဲ့။ တက္က သိုလ်ဝင်သိမ်းတာ စကြာနွယ်စဉ်ရပ်က ကားခေါင်မိုးပေါ်အိပ်နေတဲ့ ကားစပါယ်ရာ သေနတ်မှန်သေသတဲ့။ ဦးပွားဘုရားနားမှာ ခုနစ်ယောက်လောက် အပစ်ခံရပြီး သေတယ်ပြောကြတယ်။ ညမထွက်ရအမိန့်ဆိုတော့ ညမှာလျှောက်သွားနေတဲ့ အရူးတွေ ပစ်သတ်ခံကြရပါတယ်။ ၂၆ ဘီလမ်း အရူးမကြီးကိုပစ်သတ်ပြီး ညကရန်သူတယောက်ကိုသုတ်သင်လိုက်ကြောင်း ဗိုလ်ချုပ် ထွန်းကြည်က ရေဒီယိုကနေ ကြေညာလို့ တမြို့လုံး မချိသွားဖြဲ။ ဘာပဲဖြစ်ဖြစ် သပိတ်ကာလ အာဏာသိမ်းကာလမှာ မန္တ လေးက ရန်ကုန်လောက် သွေးမြေမကျပါ။

လူငါးဦးထက် ပိုမစုရ။ လူစုလို့ရတာ ဗွီဒီယိုနဲ့ဘီယာဆိုင်ပဲ ရှိပါတယ်။ ဘာလုပ်ရမှန်းမသိအတူတူ ဗွီဒီယိုရုံ တရုံပြီးတရုံပြောင်းကြည့်။ညနေပိုက်ဆံကပ်တဲ့သူငယ်ချင်းကလာခေါ်။ ကျုံးဘေး မန်းသီတာ ဥယျာဉ်ထဲက ဘီယာဆိုင်သွား။ သပိတ်ကာလတလျှောက် ဖြတ်ထားခဲ့တဲ့အရက်နဲ့ပြန်ပြီး ဖူးစာဆုံပါ တယ်။ စစ်တပ်က မန်းသီတာထဲမှာ ဘီကိုဈေးချိုချိုနဲ့ ရောင်းပါတယ်။ စစ်ချီတေးတွေ ဆောင်းဘောက်နဲ့အကျယ်ကြီး ဖွင့်ပေးထားတယ်။ ဘီယာနဲ့ဆိတ်သားကင်မြည်းကြပေါ့။
လူကြီးတွေက ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာကြည့်နေတဲ့။ ဘယ်သူ့မှတော့မဖမ်းသေးပါ။ စစ်တပ်က နေရာတိုင်းရပ်ကွက်တိုင်း ချထားတယ်။ လမ်းသွားလမ်းလာတွေစစ်ဆေးတယ်။ သပိတ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေတွေ့ရင် ရိုက်တယ် လက်သီးနဲ့ထိုးတယ်၊ စစ်ဖိနပ်နဲ့ကန်တယ် သေနတ်ဒင်နဲ့ ဆောင့်သတဲ့။ မိန်းကအထွက် ထနောင်းရိပ်လက်ဖက်ရည်ဆိုင်နား ကျနော်စစ်ဆေးခံရ ပါတယ်။ အိတ်ထောင်ထဲရှာမယ်လုပ်တော့ ဆေးရုံစာအုပ်ပါပါတယ် ဆေးခန်းကပြလာတာပါ ကြည့်ဦးမလားဆိုပြီး ကျနော်က အိတ်ကပ်နှိုက်ပြမယ်လုပ်ပါတယ်။ စစ်သားက နေပါစေဆိုပြီး သွားခိုင်းလိုက်တယ်။ လူကလည်း လူမမာပုံပေါက်မေတာကိုး။ တက္ကသိုလ်ကထုတ်ပေးထားတဲ့ သတင်းထောက်ကဒ်ပြားလေး ၃၇ လမ်းက ကျနော့်ထမင်းပေါလန် ခင်အောင်ဝင့်အိမ်က အိမ်သာထဲ ထားပြစ်ခဲ့ရတယ်။ ကိုယ်တော့ တနေရာရာခိုလှုံမယ်ဆိုတော့ ခင်အောင်ဝင့်က စာကလေးအင်း ရွာလိုက်ပို့တယ်။ အဲဒီမှာတညအိပ်၊ နောက်နေ့ပြန်လာ ညနေကျမှ ပြန်တော့မယ်အောက်မေ့ပေမဲ့ စာကလေးအင်းကို မပြန်ဖြစ်တော့။ ကြုံရာမှာအိပ်ဖြစ်တော့တယ်။

တလခွဲကျော်ကျော် လူတွေမှာအလုပ်မလုပ်ရ။ သပိတ်ပဲမှောက်နေကြတော့ စားဝတ်နေရေး ခက်ပါတယ်။ ဆန်ဈေးထိုးတက်သွားတယ်။ ထမင်းမစားနိုင်တော့ ဂျုံမှုန့်နဲ့ချပါတီ လုပ်စားကြတယ်။ ချပါတီကို စောမောင်မုန့်လို့ခေါ်ကြပါတယ်။ မုံရွာခဏပြန်တော့ သူငယ်ချင်းခင်မောင်ကျော်အိမ်က စောမောင်မုန့်စားခဲ့ရသေးတယ်။ မန္တလေးကလူတွေအလွန်ချစ်စရာ ကောင်းပါတယ်။ ရှိတာလေးမျှဝေစားကြတယ်။ ဂျုံမှုန့်ရောင်းတဲ့သူတွေက ဈေးလျှော့ရောင်းပေးကြတယ်။ ရပ်ကွက်တိုင်းမှာ အိမ်ရှေ့ဂျုံမှုန့်အိတ်ကလေးတွေချ ဈေးလျှော့ရေင်းပေးတဲ့ဆိုင်ကလေးတွေ ပေါ်လာပါတယ်။

ဒီအချိန်မှာ မန္တလေးအထွေထွေသပိတ်ကော်မတီ ဆရာတော်တွေနဲ့ မြို့လူကြီးများလည်း ဘာဆက် လုပ်ရမယ်မသိ ရန်ကုန်အမေအထားကိုစောင့်ကြည့်နေကြပါတယ်။ ကျနော်တို့ကျောင်းသားတွေလည်း လူကြီးတွေဆုံးဖြတ်မှာကိုစောင့်နေကြတယ်။ ပါတီစုံဒီမိုကရေစီသွားမယ်။ ပါတီတွေဖွဲ့နိုင်တယ်လို့ စစ်အစိုးရကဆိုတော့ ပါတီဖွဲ့မဖွဲ့ဆွေးနွေးကြတယ်။ ပါတီဖွဲ့လိုက်ရင်လည်း အဖမ်းခံရမယ့်လူစာရင်း ပေးသလို ဖြစ်မှာလည်း စိုးရိမ်နေကြတယ်။

ရန်ကုန်က အောင်စုတင်ပါတီ ထွက်လာတယ်။ မိုးသီးဇွန်လူ့ဘောင်သစ်ပါတီထောင်တယ်။ မြအေးတို့က ဆိုရှယ်လစ် ကွန်မြူနစ်ဆန့် ကျင်ရေးပါတီထောင်တယ်။ မန်းအထွေထွေသပိတ်ကော်မတီက ပါတီထောင်ဖို့ ဆုံးဖြတ်ပါတယ်။ မြအေး မိုးသီးတို့ပါတီ ရုံးတွေမန်းလေးလာဖွင့်ကြတယ်။ မြအေးတို့က သူတို့ရုံး ကျနော်တို့ ကျောင်းသားတွေ သုံးခွင့်ပေးပါတယ်။ တောခိုမလား ပါတီထောင်မလား သမဂ္ဂယူဂျီ လှုပ်ရှားကြမလား။ ရွေးစရာသုံးလမ်းရှိပါတယ်။ ရန်ကုန်ကျောင်းသားတွေက ထိုင်းဖက်ထွက်ကြတယ်။ ကျနော်တို့က အနီးဆုံး အိန္ဒိယနဲ့ ရှမ်းအက်စ်အက်စ်အေပဲ ရှိတယ်။ တောခိုရင် ကိုယ့်ဘာသာခိုကြ။ ကျန်တဲ့ကျောင်းသားတွေပါတီထောင်မလား။ ယူဂျီလုပ်မလား။

မြတ်မင်းသူတို့က ကျောင်းသားခေါင်းဆောင်တွေစုပြီး မြအေးတို့ ဂေါ်စတာရုံးမှာ စည်းဝေးလုပ်ကြပါတယ်။ မဲခွဲဆုံးဖြတ်ကြတော့ သမဂ္ဂယူဂျီလုပ်မယ်ဆိုတာက အများစုဖြစ်တယ်။ ဒါနဲ့ သမဂ္ဂအသီးသီး ပြန်ဖွဲ့ကြပါတယ်။ ကျောင်းသားတချို့ကခွဲထွက်ပြီး ပါတီထောင်ပါတယ်။ မြတ်မင်းသူတော့ စိတ်ဆိုးလို့ ဖျောင်းဖျပေးရပါတယ်။ သူတို့က ယူဂျီမလုပ်ရဲတဲ့ကျောင်းသားတွေ အိမ့်ပြင်ထွက်လာအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါတီထောင်ကြတာပါ။ ကျောင်းသားတွေပါတီထောင်သင့်သလား မထောင်သင့်ဘူးလား အဖြေခုချိန်မှာရှင်းလောက်ပါပြီ။ ယူဂျီသမဂ္ဂတွေကျနော်တို့မျိုးဆက်ပြီးတော့ ၉၆ ၉၉ ၂၀၀၇ ထိ ဆက်လက်တည်ရှိပါတယ်။ လူထုထောက်ခံမှုလည်း အပြည့်အဝရကြပါတယ်။

ကျောင်းသားပါတီတွေကတော့ ဖျက်သိမ်းခံကြရတယ်။ မိုးသီးတို့ပါတီက နယ်စပ်ထွက်သွားရတယ်။ ဗကသပြန်ဖွဲ့တော့ ယူဂျီသဘောနားလည်အောင် ကြေညာချက်ရေးပေးဖို့ မြတ်မင်းသူခိုင်းတာနဲ့ ကျနော် ဗကသကြေညာချက် ရေးပေးရပါတယ်။ ဗကသဖွဲ့သလို ဆေး၊ ဂျီတီအိုင် အခြေခံပညာ ခရိုင်သမဂ္ဂတွေ အသီးသီးဖွဲ့ပါတယ်။ အားလုံးဗကသထဲမှာ အညီအညွတ် ပေါင်းဆုံကြတယ်။ ဗကသ ဥက္ကဋ္ဌသန့်ဇင်၊ ဒုဥက္ကဋ္ဌဇော်မိုးကျော်၊ အတွင်းရေးမှူး စိုးသိမ်း၊ ဘဏ္ဏာရေး ဥမ္မာမြင့်ပါ။

ခရိုင်ဥက္ကဋ္ဌက ညိုမင်းထက်ပါ။ ညိုမင်းထက်က ဆယ်တန်းအောင်ခါစ အတွေ့အကြုံနည်းသေးတော့ သူ့ကိုကူညီဖို့ ခရိုင်အဖွဲ့လေးတဖွဲ့ ကျနော်ဖွဲ့ပါတယ်။ ကျနော်တို့အဖွဲ့က သက်နောင် ဆေးကျောင်း သန်းနိုင်ဦး(ဘဲဥ) အောင်ဂျမ်း မန်းကဗျာဆရာတို့ ဖြစ်ပါတယ်။ သမဂ္ဂဖွဲ့ပြီးတော့ စာစောင်ထုတ်ဖို့ စီစဉ်ကြတယ်။ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂထုတ တပ်လှန့်သံဂျာနယ်ကို ကျနော်ဦးစီး ထုတ်ဝေပါတယ် ။ ။

တပ်လှန့်သံဂျာနယ်ကို ကျနော်နဲ့အောင်ကျော်ဆန်းနှစ်ယောက် ဒိုင်ခံရေးကြပါတယ်။ စာမူတွေပန်းချီ ကာတွန်းရုပ်ပုံတွေ ဖယောင်းစက္ကူပေါ် ရေးရပါတယ်။ ဖယောင်းစက္ကူက ပါးပါးလေး။ ရေးနေကျလူမျိုးသာ ရေးတတ်ပါတယ်။ မရေးတတ်ရင် စက္ကူစုတ်သွားတတ်တယ်။ ကျနော်တို့ကို အားပေးထောက်ခံတဲ့ပန်းချီဆရာတွေကိုအကူအညီတောင်း ရေးခိုင်းရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကလည်း ယူဂျီဆိုပြီး ပေါ့ပေါ့မလုပ်ကြနဲ့ ထောင်ဆယ်နှစ်ချနိုင်တယ်လို့ ခြိမ်းခြောက် ထားပါတယ်။ ဖယောင်းရေးပြီးရင် ဖယောင်းလှိမ့်ရပါတယ်။ မန္တလေးမှာစာရိုက်စာကူးစက်တွေရှိပေမဲ့ ဘယ်သူမှ ကူးပေးရဲမယ်မဟုတ်ပါ။ ကိုယ့်ဘာသာ လက်နဲ့လှိမ့်ပါတယ်။ လက်လှိမ့်ဆိုတော့ မင်ကျမင်န မသပ်ရပ် တချို့စာသားတွေ ဖတ်မရဖြစ်တတ်တယ်။ စာကူးစက်ဝယ်ဖို့လည်းမတတ်နိုင်။ ဝယ်နိုင်ဦးတော့ ထောက်လှမ်းရေးက မျက်စိဒေါက်ထောက်ကြည့်နေတာ။ ရောင်းသူကလည်း မရောင်းရဲလောက်ပါ။ ကျနော်တို့ဂျာနယ်ကိုဖတ်မိတဲ့ ကျူရှင်ဆရာတယောက်က သူ့ စာကူးစက်နဲ့ ကူးပေးမယ်တဲ့။ ကြားလူတယောက်ကနေ ပြောလာပါတယ်။ နောက်ပိုင်း ကျနော်တို့ထုတ်သမျှစာစောင်တွေကို အဲဒီကျူရှင်ဆရာကပဲ ကူးပေးပါတယ်။ ကြားလူအဆင့်ဆင့်ဆိုတော့ ကျနော်တို့ကို ဘဝပျက်မှမကြောက် ရဲရဲဝံ့ဝံ့အကူအညီပေးခဲ့တဲ့ အဲဒီကျူရှင်ဆရာဘယ်သူလဲဆိုတာ ခုချိန်ထိကျနော်မသိပါ။
ရေဆင်းကျောင်းသားတွေက စာစောင်ဂျာနယ်လုပ်ငန်းကျွမ်းကျင်သူတွေဖြစ်ကြတယ်။ သူတို့အတွက်သူတို့လိုတဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေ ကျနော်ရေးပေးရပါတယ်။ ကျန်တဲ့ ဗဟိန်း အောင်ဆန်း၊ အောင်ကျော်၊ ဗထူးဂျာနယ်တွေကတော့ ကျနော့်ဆီရောက်လာပါတယ်။ တချို့ဖယောင်းဖောက်ပြီးသားတွေ။

များသောအားဖြင့် စာမူတွေချည်းသက်သက်ရောက်လာတာ များပါတယ်။ ကျနော်က စိစစ် ပန်းချီဆရာအပ်။ လိုနေတဲ့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးခေါင်းကြီးတွေ ဖြည့်ရေးပေးရတယ်။ ကာတွန်းမပါရင် ပန်းချီဆရာတွေကို ကာတွန်းဆွဲခိုင်းရတယ်။ ပြီးရင် ကြားလူကတဆင့် ကျူရှင်ဆရာစာကူးစက်မှာ စာကူးခိုင်းရတယ်။

၈၈ အာဏာသိမ်းပြီးနဲ့ ၈၉ ဇူလိုင်လအတွင်း အထက်ဗမာပြည်ကထွက်တဲ့ဂျာနယ်စာစောင်တွေထဲမှာ အနည်းဆုံး ကျနော်ရေးတဲ့ စာတပုဒ်ကတော့ ပါတာချည်းပါပဲ။ ကလောင်နာမည်လည်း အမျိုးမျိုးခံထားပါတယ်။ တော်တော်များများ မမှတ်မိတော့ပါ။ ကျနော်မှတ်မိတဲ့ကလောင်နာမည်တွေက တာရာဟိန်း၊ ရဲအောင်ကျော်၊ အယ်ဒီတာတဦး၊ ဆိုတာ တွေပဲ။ မြတ်မင်းသူက မြတ်ဟိန်းအောင်၊ ဇော်မိုးကျော်က ဇော်ဝေ၊ ညိုမင်းထက်က ညိုဟိန်း နာမည်တွေနဲ့ရေးတာ မှတ်မိနေပါတယ်။
ဗဟိန်းဂျာနယ်စထုတ်တော့ ဂျာနယ်အမှတ်(၁)မှာ ကိုဗဟိန်းအကြောင်း မိတ်ဆက်ဆောင်းပါး ကျနော်ရေးပါတယ်။ တာရာဟိန်းနာမည်နဲ့ပါ။ ဗဟိန်းမျက်နှာဖုံးကို စိုးဝင်းငြိမ်းဆွဲပါတယ်။ လက်ရေးက မောင်နွေစမ်းပါ။

၈၉ မတ်လ ဖုန်းမော်အထိမ်းအမှတ်ထင်ပါတယ်။ ဗကသကျောင်းသားတွေ ဘုရားကြီးမှာ လှုပ်ရှားမှုလုပ်ကြတယ်။ ထောက်လှမ်းရေးက သန့်ဇင်အပါအဝင် ကျောင်းသားတွေကို ဖမ်းပါတယ်။ ပထမအကြိမ် ဖမ်းခံကြရခြင်းပါ။ ဗကသတဖွဲ့လုံးနီးပါး ပါသွားတယ် ။မိန်းကလေးတွေလည်း ပါတယ်။ သူတို့ကို နန်းတွင်းမှာစစ်ကြောနေတုန်း ကျနော်ကသူတို့သက်သာအောင် ဗဟိန်းဂျာနယ် ထုတ်ဝေ လိုက်ပါတယ်။ ထောက်လှမ်းရေးဆီ ဂျာနယ်တန်းရောက်သွားပါတယ်။ ညိုမင်းထက်ကို ဂျာနယ်ပြပြီး ဒီမှာ မင်းရေးတဲ့ဆောင်းပါးပါတယ်လို့ပြောသတဲ့။ သူတို့သက်သာအောင်လုပ်လိုက်တဲ့ကိစ္စဟာ ကျောင်းသားတွေနောက်မှာ အောက်ခြေသိမ်း ကူညီလုပ်ကိုင်ပေးသူတွေရှိတယ်လို့ ထောက်လှမ်းရေး ကို သတိပြုမိသွားစေပါတယ်။

၁၉၉၁ လား ..၁၉၉၂ လား မမှတ်မိပါ။ ရှစ်လေးလုံးနှစ်ပတ်လည် နားနီးချိန်ပါ။ သတင်းစာတွေပြန်ကြည့်ရင်တော့တွေ့မှာပါ။ ဗိုလ်ချုပ်ခင်ညွန့်က ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် ကျောင်းဆင်းပွဲမှာ တက္ကသိုလ်ဆရာဆရာမများကို မိန့်ခွန်းခြွေပါတယ်။ တက္ကသိုလ်ဆရာ ဆရာမတွေ အနေနဲ့ ကျောင်းသားတွေနိုင်ငံရေးမလုပ်အောင် စောင့်ကြည့်ရမယ်။ ကျောင်းသားတွေထဲမှာ လုပ်ရည် ကိုင်ရည်ကောင်းတဲ့ ကျောင်းသားမျိုးရှိတယ်ဆိုတာ ဂရုစိုက်ကြရမယ်တဲ့။ ဥပမာ မန္တလေးတက္ကသိုလ် မဟာဝိဇ္ဇကျောင်းသား တင်မောင်မြင့်လို ကျောင်းသားမျိုးဆိုပြီး ကျနော့်အကြောင်းအသေးစိတ် ပြောပါ တော့တယ်။
ကျနော်ဟာ ဆရာသမဂ္ဂဖွဲ့ပေးသူ၊ လယ်သမားသမဂ္ဂဖွဲ့ပေးသူ၊ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂကို နောက်ကွယ်က ကြိုးကိုင်သူရယ်လို့ စွပ်စွဲပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ပြောကြားချက်တွေဟာ အမှန် တဝက် အမှားတဝက် ချဲ့ကားပြောဆိုချက်တွေ ဖြစ်ပါတယ်။

ကျောင်းသားတွေကို ဘယ်လိုလူတယောက် ဘယ်ပါတီအဖွဲ့အစည်းမျိုးကမှ ကြိုးကိုင်လို့မရပါ။ ကျောင်းသားတွေက လက်ခံမယ်မဟုတ်ပါ။ သမိုင်းမှာ ဦးနု၊ ဦးကျော်ငြိမ်းတို့ ကြိုးကိုင်ဖို့ကြိုးစားခဲ့ကြတယ်။ ကြိုးကိုင်မရတော့ သွေးခွဲခဲ့ကြတယ်။ ကျောင်းသားအကျိုး နိုင်ငံ့အကျိုး ဆောင်ရွက်တဲ့ကျောင်းသားတွေကို သွေးခွဲလည်း ခဏသာ ကွဲမယ်။ တချိန် စည်းစည်းလုံးလုံး ပြန်ပေါင်းမိကြတာပါပဲ။ ဦးနုက ဗကသကြိုးကိုင်မရတော့ မကသခွဲထွက်စေတယ်။ ၈၈ အပြီး ဗိုလ်ချုပ် ခင်ညွန့်လည်း မကသဆိုပြီး မင်းဇေယျာတို့ကို ခွင့်ပြုခဲ့ပါတယ်။ ဘယ်လိုဖြစ်သွားကြပါသလဲ။ အားလုံးသိကြပြီးပါ။ ခွပ်ဒေါင်းအလံတော် ဗကသနာမည်တွေဟာ ကိုအောင်ဆန်း ကိုဗဟိန်းတို့ စွဲကိုင်ခဲ့တာပါ။ ဘာ့ကြောင့်နာမည်ပြောင်း အလံပြောင်းချင်ရသလဲ။ နာမည်ပြောင်း အလံပြောင်းချင်သူ တွေဟာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ကို ငြင်းပယ်သူတွေဖြစ်တယ်။ ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ နောင်တော်ကျောင်းသားကြီးတွေကို ငြင်းပယ်သူတွေ ဖြစ်တယ်။ သမိုင်းကိုငြင်းပယ်သူတွေလည်း ဖြစ်ပါလိမ့်မယ်။

ဒီနေ့မျိုးဆက်သစ် ညီနောင်ကျောင်းသားများ စဉ်းစားစေချင်ပါတယ်။

နောက်ပြီး ခွပ်ဒေါင်းအလံဟာ ကျောင်းသားပိုင် ပြည်သူပိုင်အလံတော် ဖြစ်တယ်။ ဘယ်ပါတီအဖွဲ့အစည်းမှ ပိုင်ဆိုင်ခွင့်မရှိပါ။ ပါတီတရပ်ဖြစ်မှတော့ ကိုယ့်အလံကိုယ် ဖန်တီးနိုင်စွမ်းရှိရပါမယ်။ ကျောင်းသားအရိပ် မခိုသင့်ပါ။ ကျောင်းသားအလံယူသုံးပြီး ကျောင်းသားတွေကိုဖမ်းဆီးတယ်ဆိုတာ လက်ခံနိုင်စရာ မရှိပါ။

ဒါကြောင့် ကျောင်းသားအလံတော်ကို ကျောင်းသားတွေလက်ထဲ ပြန်ထည့်ပေးဖို့ တောင်းဆိုပါရစေ။ ပါတီတခုရှိပါတယ်။ ဂဠုန်ဆရာစံရဲ့အလံယူသုံးထားတာ။ ဂဠုန်ဆရာစံရဲ့အလံက ဖိနှိပ်ခံတောင်သူ လယ်သမားများနဲ့သာ ဆိုင်ပါတယ်။ ပါတီအလံ မလုပ်သင့်ပါ။ ဒီလိုသမိုင်းဝင်အလံတော်တွေကို ပါတီအလံအဖြစ် အသုံးပြုခွင့် နိုင်ငံတော်ကလည်း မပေးသင့်ပါ။
၁၉၈၈ အာဏာသိမ်းပြီးနောက် အထက်ဗမာပြည်ကျောင်းသားလှုပ်ရှားမှုများအရှိန်အဟုန် ကောင်းခဲ့ပါတယ်။ ၈၉ ဖက်ဆစ်တော်လှန်ရေးနေ့ချီတက်ခြင်း ဇွန်လမှာ ကျောင်းသားညီလာခံ ခေါ်နိုင်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ရှိပါတယ်။ အဲဒီအကြောင်းတွေကို ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့သူ သန့်ဇင်၊ ဇော်မိုးကျော်၊ မြတ်မင်းသူတို့ ရေးဖို့ကောင်းပါတယ်။ ကျနေိာကတော့ သူတို့နောက်ကွယ်က လိုရာလုပ်ပေးရသူမို့သူတို့လောက်မသိနိုင်ပါ။

၈၉ ဇူလိုင် ဇာနည်နေ့မှာ ဒေါ်အောင်းစုကြည်ချီတက်အလေးပြုဖို့ လှုပ်ရှားမှုများလုပ်ကြပါတယ်။ အနီးကပ်ပြီး မချီတက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အခုလို သတင်းမီဒီယာ မထွန်းကားသေးတော့ ခွ(ဂွ) ကျကုန်ပါတယ်။

ဇူလိုင်ဆယ့်ကိုးကစပြီး တပြည်လုံး လူဖမ်းပွဲ စပါတော့တယ်။ ကျနော်လည်း အခြေမလှတော့တာမို့ တိမ်းရှောင်ရပါတော့တယ်။ ဖြန့်ဝေရမယ့် ဗဟိန်းစာစောင်ထုတ်ကြီးဟာ တမ္ပဝတီက သူငယ်ချင်းပန်းချီဆရာအိမ်မှာ ကျန်ခဲ့ပါတော့တယ်။ ကျောင်းသားတွေကိုသွားယူဖြန့်ဝေဖို့ မှာထားပစ်ခဲ့ပါတယ်။ အဲဒီစာစောင် ဖြန့်ဝေဖြစ်သလား မဖြစ်ဘူးလား ကျနော်မသိတော့ပါ။ ။

ညီတင့်
(၂၀၁၀ မှာ အာဏာရလာတဲ့ဦသိန်းစိန်က နိုင်ငရေးအကျဉ်းသားတွေ အသုတ်လိုက်လွှတ်ပေးခဲ့ တယ်။၂၀၁၃ ရှစ်လေးလုံး ငွေရတု ရန်ကုန် မန္တလေးခြိမ့်ခြိမ့်သဲ ကျင်းပကြပါတယ်။ မန္တလေးရှစ်လေးလုံးလှုပ်ရှားမှု စာအုပ်ထွက်ပါတယ်။ အဲဒီအချိန်က ကျနော်တို့လိုလူတွေအတွက် သမ္မတလွတ်ငြိမ်းခွင့် မထွက်လာသေးပါ။ စာအုပ်ထဲမှာ ကျနော်ရေးခဲ့တဲ့ စာတပုဒ်မှ မပါလာပါ။ အခြေအနေအရ သူငယ်ချင်းတွေ နှာစေးနေကြပါတယ်။ ၂၀၁၃ ဒီဇင်္ဘာမှ ကျနော်တို့ လွတ်ငြိမ်းခွင့်ရ  တာပါ။ ရှစ်လေးလုံးအထိမ်းအမှတ်စာအုပ်မှာ ကျနော့်နာမည်ကို မောင်တင်သစ်နဲ့ မြတ်မင်းသူက ထုတ်ပြောထားပါတယ်။ ပိတောက်ပွင့်သစ်မှာ ခင်အောင်ဝင့်က ထုတ်ပြောပါတယ်။ ကျနော့်အတွက် မှတ်တမ်းဝင် မဝင်က အရေးမကြီးပါ။ လူငယ်ဘဝ နိုင်တဲ့ဝန်ကိုထမ်းခြင်း ဖြစ်ပါတယ်။ ယူဂျီဆိုတာလုပ်ပြီးရင် မေ့ထားရမဲ့အရာသာ ဖြစ်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်