ဖိုးထက် ● မလွတ်လပ်တဲ့ နေ့များ

January 6, 2017

ဖိုးထက် ● မလွတ်လပ်တဲ့ နေ့များ
(မိုးမခ) ဇန်နဝါရီ ၆၊ ၂ဝ၁၇

ဆယ်စုနှစ် နှစ်ခုမက ကျွန်တော့်အပေါ် ခင်မင်တွယ်တာသော သူငယ်ချင်းဖြစ်သူ ဖုန်းဆက်လာသည်။

“နင် မာလာ့ကို သိတယ်မို့လား”

“အေး.. သိတယ်.. မာလာရယ် ပွင့်နိုင်ခဲလှတယ်။ ဂုဏ်နှင်းဆီ ရွှေလေးရယ်လို့ ငါ စစနေတဲ့တစ်ယောက်ဘဲ သိပ်သိပေါ့”

“နောက်မနေနဲ့အကောင်။ အေး သူ့ယောင်္ကျားကိုရော သိတယ်မို့လား”

“သိပါ့ဗျာ။ ငါနဲ့ကိုးတန်းကတည်းက ခင်လာတာ။ သူ့နာမည်က ဆရာမင်းသိင်္ခဇာတ်ကောင်ကြီး စနေမောင်မောင်လို့ သူ့အဖေ က ရှည်တော်မူပြီး နာမည် မှည့်ခဲ့လို့ဒင်း ဗိုလ်သင်တန်းပါသွားတော့ နရင်းအအုပ်ခံရပြီး နာမည်တောင် ပြောင်းလိုက်ရဆိုလား။ တစ်ရပ်ကွက်ထဲဗျား။ ဘောလုံးကန်ဖက်ဗျား။ ရည်းစားထားဖက်ဗျား။ အဲဒါ ဘာဖြစ်လဲ”

“အေး သူတပ်ရင်းမှူး ဖြစ်သွားတယ်လေ”

“ဒင်း ပေလို့အခုမှ တပ်ရင်းမှူးဖြစ်တာနေမှာ။ အခု ဘယ်မှာ သူတာဝန်ကျနေလဲ။ လွှတ်တော်ထဲ ရှိမနေပြီးရော။ စစ်သားဘဲ တာဝန်ကျရာ ရှိမှာပေါ့”

“ငါပြောမယ့်စကားတောင် ဘယ်ရောက်ရောက်ကုန်မှန်းကို မသိဘူး။ နင်နဲ့စကားပြောရတာ ကီးမကိုက်ဘူး”

“အေး နင့်ကီးကြီးကလဲ အီးဖလက် မှောက်ရက်ကီးကြီးကိုး။ ငါနဲ့ ဘယ်ကိုက်ပါ့မလဲ။”

“တော်စမ်း။ အခုပြောမှာ အခု နင့်သူငယ်ချင်း တိုက်ပွဲမှာကျသွားတယ်။ နင့်ဂုဏ်နှင်းဆီ မာလာ ကလေးသုံးယောက်နဲ့မုဆိုး မ ဖြစ်ကျန်ခဲ့တယ်။ အဲဒါ ငါဖုန်းနံပါတ်ပို့လိုက်မယ်။ ဖုန်းလေးတော့ဆက်လိုက်အုံး”


သူငယ်ချင်းတွေ၊ ငယ်သူငယ်ချင်းတွေ၊ ခင်ရ မင်ရသူတွေ ဖုန်းဆက်တိုင်း ဘယ်တော့မှ တည်တည်တံ့တံ့မပြောတတ်ဘဲ မျက်နှာရူးတတ်သည့်ကျွန်တော် ဘာပြန်ပြောရမှန်းပင်မသိ။ တစ်ဖက်က ဖုန်းဆက်လာသူ သူငယ်ချင်းက သူ့ဘဝတလျှောက် လုံး ဟုတ်ရဲ့လားဟာလို့ နှစ်ခါပြန်မေးရအောင် မယုံကြည်၊ စိတ်မချရသောသူလည်းမဟုတ်။ သူများ အတင်အဖျဉ်း ဘယ် တော့မှမပြောသူ။ တဆိတ်ကို ဘယ်တော့မှ တအိတ် မလုပ်တတ်သောသူ။

“အေး ဒါဆို ဖုန်းနံပါတ်ပို့လိုက်။ ငါဆက်လိုက်မယ်။ ဒါဘဲဟာ” ဟု စကားဖြတ်ကာ ဖုန်းချလိုက်သည်။

နံရံပေါ်က ပြက္ခဒိန်ကို လှမ်းကြည့်မိတော့ဇန်နဝါရီ ၄ ရက်။ လွတ်လပ်ရေးနေ့။ ဘယ်နေ့မှာ လွတ်လပ်ရေးရပြီး ဘယ်နေ့မှာ လွတ်လပ်ရေးတွေ ဆုံးရှုံးကုန်ကြသနည်း။ ဒီနှစ်ပိုင်းအတွင်း ရင်းနှီးသော သူငယ်ချင်းတွေ တယောက်ပြီး တယောက်၊ တ ယောက်ပြီး တယောက်။ အချိန်မတိုင်ခင်ကြွေသောသစ်သီးတွေလို ကြွေကျခဲ့ကြသည်။ မလွတ်လပ်သော ဘဝတွေကို ချန် ထားခဲ့ကြီး လောကကြီးထဲကနေ အားမနာတမ်း ထွက်သွားလိုက်ကြသည်။

စနေမောင်မောင်

သူ့အမေက သူနာပြုဆရာမကြီး။ သားတို့ သားတို့နှင့်အလွန်ပြည့်ဝသော အမေ။

သူနဲ့ကျွန်တော်က ကျောင်းမတူ။ ရပ်ကွက်လဲမတူ။ သို့သော် ဂိမ်းဆိုင်မှာ အတူတူဆုံကြသည်။ သူနဲ့ကျွန်တော်က ရမ်ဘို ငါး ကောင် ၅ ငါးကျပ်ဆိုသည့် နီတမ်းဒိုး တီဗွီဂိမ်းမှာ အတွဲညီသည်။ ဆိုင်ရှင်ကိုယ်တိုင်က မင်းတို့နှစ်ယောက်ဆိုရင် သုံးကောင် ငါးကျပ်သတ်မှတ်ခြင်းကိုခံရသည့်အတွဲညီသော အတွဲအစပ်။ သုံးကောင်တည်းနဲ့ ရမ်ဘို အခန်းကုန်အောင် ဆော့နိုင်သော အတွဲ။

“ဟကောင်..အဲဒီနေရာမှာ အပေါ်က အနီ သေနတ်ကိုင်အကောင် ကျလာမှာ။ မင်း အဲဒါပစ်ပေးထား။ ငါက ဒီဘက်က အ ကောင်ကြီးပစ်မယ်။။ မင်းရှင်းထား။ S သေနတ်မင်းစားထား။ ငါ့ကို မီးသေနတ်ပေးစား။ ငါက အနားထိ ကပ်ရှင်းမယ်”

သူပြောသမျှ ကျွန်တော် လိုက်နာရသည်။ ကျွန်တော်က နောက်လိုက်။ ကာပစ်ပေးရသော သူ။ သူက ဖိုက်တာ။ အရှေ့ တက်သွားလိုက်။ အနောက်ကို ဆုတ်လာလိုက်။ ခုန်လိုက်။ မှောက်လိုက်။ ကျွန်တော်က သူ့ကို လုံခြုံစိတ်ချရအောင် ကာပစ်။ ကူပစ်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ကြသည်အထိ မဟုတ်တာ လုပ်မယ်ဆိုရင် ကျွန်တော်က သူ့ကို သွားခေါ်သည်။ သူ ကလည်း ကျွန်တော့်ကို မမေ့။ နောက် တက္ကသိုလ်ပြီး OTS ပါသွားတော့ ကျွန်တော်နှင့် သူက အဆက်အသွယ်ပြတ်သွားတာ လေးနှစ် ငါးနှစ်လောက်။ သူအိမ်ပြန်လာချိန် ကျွန်တော်က ရပ်ကွက်ထဲမှာရှိမနေ။ ကျွန်တော် ရပ်ကွက်ထဲမှာကပ်နေချိန် သူက တာဝန်နဲ့။ ပြန်တွဲဖြစ်ပြန်တော့လည်း မာလာ့ကြောင့်။ မာလာက ကျွန်တော်တို့အတန်းထဲက။ ချစ်စရာ ကယား-မြန် မာစပ် မျက်နှာဖူးဖူးနှင့် ကောင်မလေး။ ကျွန်တော်က “မာလာရယ် ပွင့်နိုင်ခဲ့လှတယ်” ဆိုသည့်သီချင်းကိုဆိုပြီး မာလာ့ကို စနေကျ။ မျက်နှာလေးနီနီရဲပြီး ကျွန်တော်ကို အကောင်စုတ် မစနဲ့ဟု တွေ့ကရာနှင့် လိုက်ထုနေကြ။ စနေက (ကျွန်တော်က သူ့ကို စနေလို့ဘဲ ခေါ်သည်) မာလာ့ကို တွေ့တွေ့ချင်း ဒါ ရေစက်ဘဲကွ။ ဒါ ပဌန်းဆက်ဘဲဟု သူ့ဘာသာပြော၊ သူ့ဘာသာ သမုတ်ပြီး ကျွန်တော့်ကို မိတ်ဆက်ခိုင်းသည်။ ငါးမိနစ်ခန့်ဘဲ မိတ်ဆက်ပေးလိုက်ရသည်။

နောက်ပိုင်း သူတို့ရည်းစားဖြစ်သွားတာ သိသည်။ အိမ်ထောင်ကျသွားတာ သိသည်။ ကျွန်တော်က အဝေးမှာ။ စနေနဲ့ပြန်တွေ့ တော့မင်းက တကယ်စစ်တိုက်ထွက်ရတဲ့တကယ့်စစ်သားလားဟု ကျွန်တော် မေးဘူးသည်။ “တိုက်ရပါတယ်ကွ။ ဒါပေမယ့် မင်းနဲ့ရမ်ဘို တိုက်သလိုမဟုတ်ဘူး မောင်ရေ။ သေနတ်ကို ငပွေးတွေရှိမယ့်ဘက်ချိန်ပြီး လူက ခေါင်းကိုငုံ့ထားရတာကွ။ သူရဲကောင်း လုပ်နေလို့မရဘူး ငါ့ကောင်။ ငါ့မှာ မာလာလဲရှိနေပြီ မို့လား။”

ဗိုလ်သင်တန်းဆင်းသူတွေ အများစု (အများစုကို ဆိုလိုသည်) သူတို့ကျောင်းကဆင်းလာရင် လမ်းလျှောက်လျှင် ခြေလှမ်း ကျယ်လာသည်။ ရင်ကော့လာသည်။ ခေါင်းမော့လာသည်။ စကားပြောရင် အသံကျယ်လာသည်။ လူသောက်ညင်ကပ်စရာ ကောင်းလောက်အောင် တစ်ချို့က ငါသိ၊ ငါတတ် လုပ်ချင်တတ်သည်။ (အများစု။ မယုံရင် လိုက်ကြည့်) စနေကတော့ ငယ် ပေါင်းတွေမို့လားမသိ။ သူ့ထမင်း သူစားပြီး သောက်ညင်ကပ်စရာ ကောင်းသောအမူအရာများ ကျွန်တော့်ရှေ့မှာ ပြုမူတာ မတွေ့ဘူး။ ဗိုလ်ကြီးဘဝနှင့်သူ့ကို ပြန်တွေ့သည်အထိ ရီရီမောမော။ ပျော်ပျော်ရွှင်ရွှင်။ ပွင့်ပွင့်လင်းလင်း။

သူနဲ့ကျွန်တော် မတွေ့ဖြစ်ခဲ့တာ ကြာပြီ။ မာလာတစ်ယောက် တက္ကသိုလ်ဆရာမလုပ်နေတာ ကျွန်တော်သိသည်။ ဒီကောင် တောင်ကြီးဘက်မှာ တာဝန်ကျနေတာ ကြားရသည်။ ကိုယ့်ဘဝအမောနဲ့ကိုယ်။ ကိုယ်စီ ကိုယ်စီ ရှုပ်ထွေးပွေလီလှသော လူ့ လောကကြီးထဲမှာ လျှောက်နေကြရသူတွေမို့ အဆက်အသွယ် ပြတ်သလောက် ဖြစ်နေတာ ကြာခဲ့ပြီ။ အခု အဆက်အသွယ် ပြန်ရပြန်တော့လည်း တိုက်ပွဲမှာ ကျသွားခဲ့ပြီ။ မာလာနဲ့ သူ့ကလေးသုံးယောက်ကို ချန်ထားခဲ့သည်။ ဆန်းကျယ် ရက်စက် လွန်းလှသော လူ့ကံကြမ္မာတွေ။

စစ်ပွဲနဲ့သေခြင်း။ စစ်ပွဲဆိုသည့်နာမ်နှင့်သေခြင်းဆိုသည့်နာမ်နှစ်ခု ဆက်စပ်ပတ်သက်မှုကို ကျွန်တော်ပြောလိုခြင်းမဟုတ်။ စစ်ပွဲဆိုတာ ကမ္ဘာဦးအစကတည်းက ရှိခဲ့သည်။ သေခြင်းတရားကလည်း ထို့အတူ။ ကမ္ဘာပျက်သည်အထိ လူသတ္တဝါတွေ ထိတွေ့နေရမည့်စစ်ပွဲနဲ့သေခြင်း။ အတ္တမာန်မာနများ အဆုံးစွန်ထိ ရောက်လာကြလျှင် လူနှစ်ဦးကြားမှာ စစ်ပွဲတွေဖြစ်သည်။ မိသားစု နှစ်ခုကြားမှာ စစ်ပွဲတွေဖြစ်သည်။ နိုင်ငံနှစ်ခုအကြားမှာ စစ်ပွဲများဖြစ်ကြသည်။ အခုလည်း ဖြစ်နေကြလည်း။ အရင် ကလဲ ဖြစ်ခဲ့ကြတာ မရေမတွက်နိုင်။ နောင်လဲ ဆက်ပြီး ရှိနေအုံးမည့်စစ်ပွဲများ။
စစ်ပွဲတွေ မကောင်းတာ လူတိုင်းသိသော်လည်း၊ ရှောင်ဖို့ကြိုးစားကြသော်လည်း စစ်မီးတစ်ခု မငြိမ်းနိုင်ခင် နောက်ထပ် စစ်မီးတစ်ခု ထပ်ပြီးဖန်တီးကြတာ ကမ္ဘာကြီးက ရိုးလို့တောင် နေပါပြီ။ ကျွန်တော်တို့ဆီမှာရော၊ ကျွန်တော်တို့မြေပေါ်မှာရော မရေမတွက်နိုင်သော စစ်ပွဲကြီးများ၊ စစ်တလင်းကြီးများ ဖြစ်ခဲ့ကြသည်။ ဆရာမြသန်းတင့်၏ နောက်ဆုံး ဘာသာပြန် “အရှည် ကြာဆုံး စစ်ပွဲ” စာအုပ်ကြီးကို ကျွန်တော်ဖတ်ဖြစ်ရင်း တောကြုံအုံကြားမှစပြီး မြို့ကြီးတွေပေါ်အထိ ကျွန်တော်တို့နိုင်ငံ၊ ရေ၊ မြေပေါ်မှာ စစ်ပွဲတွေ၊ တိုက်ပွဲတွေ။ အမုန်းမပါသော စစ်ပွဲများ။ အတ္တမပါသော စစ်ပွဲများ။ ခေတ်စနစ်ကြီးရဲ့ လှောင်ပြောင် ရယ်မောမှုတွေကြားက စစ်ပွဲများ။

နံရံပေါ်က ပြက္ခဒိန်ဆီသို့ ကျွန်တော့်မျက်လုံးများက ဝေ့ဝဲရောက်ရှိသွားပြန်သည်။ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့။ ကျွန် တော့်တယ်လီဖုန်းက မက်ဆေ့ခ်ျရောက်ကြောင်း အသံပြုသည်။ “မာလာ့ဖုန်းနံပါတ်။ ဝ၉xxx၊ ဆက်မရရင် ပြန်ပြော” တဲ့။ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကျွန်တော်ဆက်ရမည့် ဖုန်းနံပါတ်တခု။ ဂဏန်းတွေ၊ နံပါတ်တွေ။ အချို့ဂဏန်းတွေ၊ နံပါတ် တွေ တမင်တကာကို ကျွန်တော် မေ့ပစ်ခဲ့သည်။ မေ့ထားခဲ့သည်။ မာလာ့ဖုန်းနံပါတ်ကိုလည်း မေ့ပစ်လိုက်သည်။ ကျွန်တော် ဖုန်းဆက်ချင်စိတ်မရှိ။ စနေ တိုက်ပွဲကျချိန် ကျွန်တော့်သူငယ်ချင်း ကလေးသုံးယောက်အမေ မုဆိုးမကို အားပေးစကားပြော ချင်သော်လည်း လူမသိ၊ သူမသိ မုဆိုးမတွေ၊ ဖတဆိုးတွေ ဘယ်လောက်များ ရှိနေမည်လဲ။

လွတ်ပင် လွတ်လပ်သော်ငြား မလွတ်လပ်နိုင်ကြသေးသော ကျွန်တော်တို့နိုင်ငံရဲ့ စစ်ပွဲတွေကြားမှာ စနေ့လို ချစ်ခင် မြတ်နိုး ဖွယ်ကောင်းသော လင်ယောင်္ကျားများ၊ အဖေများ ဘယ်လောက်တောင် စတေးထားခဲ့ပြီးပြီလဲ။ ဘယ်အထိများ ဆက်ပြီး စ တေးနေကြရအုံးမှာလဲ။ လွတ်လပ်ရေးနေ့မှာ ကျွန်တော် မလွတ်လပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။ မလွတ်လပ်ကြသော ငါတို့ပါ လားဟု ဆက်တွေးနေမိသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်