တင်ဇော်လွင် ● သို့ပေမယ့် ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ်၊ ရိုးရိုးပဲဗျို့

January 14, 2017

တင်ဇော်လွင် ● သို့ပေမယ့် ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ်၊ ရိုးရိုးပဲဗျို့
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂ဝ၁၇

ကျွန်တော့်ဇာတိမြို့ဟာ ညောင်လေးပင်ပါ။ အဲဒီမြို့မှာ ကျွန်တော်အိမ်ထောင်မကျမီ (အသက် ၃ဝ အထိ) နေခဲ့ပါတယ်။ စာတိုက်နဲ့၊ အစိုးရရုံးနဲ့၊ ဈေးနဲ့၊ ဘူတာနဲ့၊ ရဲစခန်းနဲ့ဆိုတော့ မြို့တစ်ခုရဲ့အင်္ဂါတွေနဲ့ညီညွတ်တဲ့မြို့ ကလေးလို့ဆိုရမှာပေါ့။

အဲဒီခေတ် (၁၉၈ဝ တဝိုက်) အခါက ရန်ကုန်-မန္တလေးအစုန်အဆန် အမြန်ရထားကြီးဟာ ညောင်လေးပင်မှာ ရပ်တယ်။ ဒဂုံ-မန်းလို့ခေါ်ကြတဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (အစိုးရပိုင်) ရဲ့ ဟီးနိုးကားအသေးစားလေးတွေဟာ ညောင်လေးပင်မှာ ဂိတ်ချတယ်။ အဲဒီတော့ စားသောက်ရေးကလည်း (မြစ်တွေ၊ ချောင်းတွေ၊ အင်းအိုင်တွေ ပတ်ချာဝိုင်းနေတော့) ဖူလုံတယ်၊ ပေါများတယ်လို့ဆိုရင် မမှားပါဘူး။ စစ်တောင်းမြစ်ဆိုရင် ၄ မိုင်လောက်ပဲ ဝေးတယ်။ ရဲနွယ်ချောင်း၊ ဗိုင်းဒါးချောင်းတွေ၊ မြေသြဇာကောင်းတဲ့လယ်မြေ၊ ယာမြေတွေနဲ့ဆိုတော့ သား၊ ငါး၊ သီးနှံကလည်း အလျှံပယ်ပါပဲ။

မြို့ကလေးကို ဘာဖြစ်လို့ ညောင်လေးပင်မြို့လို့ခေါ်ရသလဲဆိုတာ ဟိုးငယ်ငယ်ကျောင်းသားဘဝက ဖတ်ခဲ့ဖူးတယ်။ အခု တော့ မေ့တေ့တေ့ဖြစ်နေပါပြီ။ (၁၉၇၂ ရှစ်တန်းကျောင်းသားဘဝက ဖတ်ခဲ့တာဆိုတော့လဲ ကြာလှပြီပေါ့။) ဒီလိုပါ…။

ခေတ်တွေ၊ ဘုရင်တွေ၊ နာမည်မမှတ်မိတော့ပါဘူး။ ထားပါတော့၊ ရှေးရှေးက ‘ထို’ ဘုရင်ကြီးဟာ လှေတွေနဲ့ တိုင်းခမ်းလှည့် လာသလား။ သူပုန်ရန်က ထွက်ပြေးလာသလား မသိတော့ပါဘူး။ မြို့နားက ‘ကြက်တူရွေးချောင်း’ ထဲကိုဝင်လာမိပြီး ညောင် ပြင်ကြီး ၄ ပင်တွေ့တဲ့အရပ်မို့ ညောင်လေးပင်’ လို့ ခေါ်တွေင်၊ သမုတ်ခဲ့သတဲ့။ အဲဒီလိုမရေရာတဲ့အချက်တွေပဲ မှတ်မိပါ တော့တယ်။

အင်း- ဖတ်မိတယ်ဆိုရတယ်၊ တကယ်ကို ခဏကလေးဖတ်မိတာပါ။ အဲဒီတုန်းက ၇ တန်း၊ ၈ တန်းမှာ လူ ရည်ချွန်စာမေးပွဲတွေ ဖြေနေရတော့ စာမေးပွဲမှာ၊ လူတွေ့နှုတ်ဖြေမှာ၊ ကိုယ့်မြို့အကြောင်းကို အမေးခံရလိမ့်မယ်၊ ကိုယ်မြို့အကြောင်းကိုသိ အောင်ဖတ်ထားရမယ်ဆိုတဲ့အချက်လည်း ပါတယ်လေ။ ‘အော်- တပည့်က ညောင်လေးပင်ကလား၊ ဒါဆိုရင် မင်းတို့မြို့ကို ဘာဖြစ်လို့ ညောင်လေးပင်မြို့လို့ခေါ်သလဲ သိမှာပေါ့၊ ပြောပြစမ်းပါကွာ’ ဆိုတဲ့မေးခွန်မျိုး အမေးခံခဲ့ရသည်ရှိသော် ဖြေနိုင် အောင်ပေါ့လေ။ အဲဒီတော့ ဆရာတွေရဲ့တိုက်တွန်း၊ စီစဉ်ပေးမှုကြောင့် အဲဒီညောင်လေးပင်မြို့ သမိုင်းစာအုပ်ကိုဖတ်ခွင့်ရခဲ့တယ်။ စာအုပ်ရယ်လို့ တိတိကျကျမဟုတ်ပါဘူး။ လက်နှိပ်စက်နဲ့ရိုက်ပြီး ချုပ်ထားတဲ့ဖိုင်တွဲလိုဟာမျိုးပါ။ အဲဒီတုန်းက နလကရုံး (နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီရုံး) ခေါ်တာပေါ့။ အဲဒီရုံးမှာ သွားထိုင်ဖတ်ရတာ။ တစ်ခေါက်ထဲပါ။ အိမ် ကိုသယ်လာလို့မရဘူး။ မငှားဘူး။ အမယ်-ကန့်သတ်လို့တောင် ရေးထားသေး။ (ဆိုလိုတာက လူတိုင်းကြည့်ခွင့်မရပေါ့)။ ဖတ်ရင်းနဲ့မှတ်စုစာအုပ်ထဲတော့ မှတ်ထားလိုက်မိပါရဲ့။ ဒါပေမဲ့ နှစ်တွေကြာတော့ မသိမ်းထားမိဘူး။  ထားပါတော့လေ။ နောက် သိတဲ့လူရှိမှပဲ ထပ်ပြီးမေးကြည့်ရတော့မှာပဲ။

ညောင်လေးပင်မြို့အဝင် (၁၉၈၄)


ညောင်လေးပင်အကြောင်းတွေးလိုက်တော့ ဝိုင်-အမ်-ဘီ-အေ အသင်းကြီး၊ (YOUNG MEN’S BUDDHIST ASSOCIATION) အကြောင်းလဲပါလာတယ်။ အင်္ဂလိပ်လက်အောက် ၁၉ဝ၆ ခုနှစ်မှာ ရန်ကုန်ကော လိပ်ကျောင်းသားတွေက နိုင်ငံရေးနိုးကြားပြီး၊ ရန်ကုန်မြို့မှာ ဝိုင်အမ်ဘီအေအသင်းရယ်လို့ စတင်တည်ထောင် ကြတယ်။ ‘မြန်မာ့နိုင်ငံရေးအစ၊ ဝိုင်အမ်ဘီအေက’ လို့ တောင် ဆိုကြတာမဟုတ်လား။ အသင်းဝင်တွေ တစ၊ တစ များပြားပြီး တိုးတက်တော့၊ အသင်းခွဲတွေကို ရန်ကုန်မြို့မှာသာမက၊ မြို့ ၈မြို့မှာထပ်ပြီးဖွင့်လှစ်ကြတဲ့အထဲမှာ၊ ညောင်လေးပင်မြို့ပါတယ်။ တခြားမြို့တွေကတော့ မြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ ပျဉ်းမနား၊ ပဲခူး၊ ပြည်၊ ပုသိမ်၊ ဟင်္သာတနဲ့ မော်လမြိုင်တွေပဲ။ ဒီတော့ နိုင်ငံရေးဘက်ကကြည့်ရင် ညောင်လေးပင်မြို့ဟာ အစဉ်အလာရှိခဲ့တယ် လို့ပြောရမှာပဲ။ အဲဒီ ဝိုင်-အမ်-ဘီ-အေ အသင်းအဆောက်အဦနဲ့ကပ်လျက် ရုပ်ရှင်ကိုလည်း ဝိုင်-အမ်-ဘီ-အေရုံလို့ ခေါ်တယ်။ အမျိုးသား (နေရှင်နယ်-NATIONAL) ကျောင်းဆိုတာလဲရှိတယ်။ အဲဒီလို ရှေးဦးဖွဲ့ခဲ့တဲ့အသင်းခွဲမြို့ ကြီးတွေကြားမှာ၊ ညောင်လေးပင်လို မြို့ငယ်ငယ်ကလေးက ဘာဖြစ်လို့ပါလာရသလဲလို့ စဉ်းစားမိလိုက်တော့ (ဖြစ်နိုင်ခြေရှိ တာပေါ့လေ)၊ အဲဒီတုန်းက ဝိုင်အမ်ဘီအေခေါင်းဆောင်ပိုင်းမှာရှိတဲ့ ဝတ်လုံတော်ရဦးပုဟာ ရွှေကျင်ဇာတိကိုး။ (ညောင် လေးပင်၊ ပုဇွန်မြောင်း၊ မဒေါက်၊ ရွှေကျင်ဆိုတာက နယ်ချင်းကပ်လျက်ဆက်လျက်)။ ဦးပုဟာ ဗာမာပြည်ကနေ၊ အင်္ဂလိပ်ပါ လီမန်မှာ တက်ရောက်အရေးဆိုရှင်းဖို့ သွားရောက်ခဲ့တဲ့ ဖေ၊ ပု၊ ရှိန် (ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်) ထဲက ဦးပုပေါ့။
×××××

ကျွန်တော့်မြို့အကြောင်းစဉ်းစားလိုက်ရင် လူပုဂ္ဂိုလ်တွေထဲကဆိုရင် ညောင်လေးပင်တောရကြီး ဆရာ တော်ဘုရားဦးအရိယ (၁၈၈၅-၁၉–)၊ လူထုဦးလှ (၁၉၁ဝ-၁၉၈၂) နဲ့ ဆရာကြီးဦးအုန်းကျော်၊ (၁၉၂၄-၁၉၈၃) တို့ဟာ တန်းစီပြီးပေါ်လာပါတယ်။ တောရကြီးဆရာတော်ဘုရားရဲ့ကျေးဇူးဟာ မြို့သူမြို့သား၊ နယ်သူနယ်သားတွေအပေါ်မှာ အတော်ကြီးမားလှပါတယ်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရပါ။

ဆရာတော်ကြီးဟာ သာသနာတော်မှာ အားကိုးလောက်တဲ့၊ ဝိသုဒ္ဓိမဂ်အရသာ၊ ပဋိစ္စသမုသပ္ပါဒ်အရသာ…စသဖြင့် ‘အရသာ ကျမ်း’ တွေကို ရေးသားခဲ့တဲ့ဆရာတော်ကြီးပါ။ ဆရာတော်ကြီးရဲ့ ပဋိစ္စသမုပ္ပာဒ်အခြေပြုဆိုတဲ့စာအုပ်ကလေးကို ကျွန်တော်တို့ညောင်လေးပင်တနယ်လုံးမှာ မသိသူမရှိပါ။ ညောင်လေးပင်တနယ်လုံးက မူလတန်းမှာ အဲဒီစာအုပ်ကို သင်ကြရပါတယ်။ ကျောင်းတွေမှာသင်ပေးတဲ့ ဆရာ ဆရာမ သက်သက်ရှိပါတယ်။ ပဋ္ဌမတန်းမှာ-ပဋ္ဌမဆင့်ကို သင်ရပါတယ်။ ဘာတွေပါသ လဲဆိုတော့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ ဂုဏ်တော်စတဲ့ လွယ်လွယ်တွေပေါ့။ (အရဟံ၊ ကိလေသာရန်သူကို၊ သတ်တော်မူတတ်သော မြတ်စွာဘုရားပါ တကား။…) အဲဒီလိုလွယ်လွယ်တွေ၊ ဒုတိယတန်းမှာ ဒုတိယဆင့်၊ အဲသည်လို တတန်းတက်ရင် တစ်ဆင့်စီတက်ပြီးသင်ရတဲ့အခါ၊ စတုတ္ထဆင့်မှာတော့ သဘောတရား၊ အဓိပ္ပာယ်တွေဝေဝေဆာဆာပါ လာပါပြီ။ ပိုခက်လာပါပြီ။ ဥပမာ-သောကပရိဒေဝနဲ့ ပတ်သက်လာတဲ့အကြောင်းအရာမှာ ‘ရေနွေးအိုးမီးထိုးသည်နှင့် တူ၏၊ ရေနွေးအိုးဆူ ပွက်သည်နှင့်တူ၏’စတဲ့ အပိုဒ်တွေပါလာတာ မှတ်မိနေပါသေးတယ်။ ပြီးတော့ အဆင့်လိုက်စာမေးပွဲတွေဖြေရပါ တယ်။ စတုတ္ထဆင့်မှာ တစ်အုပ်လုံးကိုကျက်ပြီး ဖြေရတာပါ။ အခမ်းအနားတွေကောင်းကောင်းပေးပါတယ်။ တမြို့နယ် လုံး မှာရှိတဲ့ ငယ်ရွယ်တဲ့ကလေးတွေကို ဘာသာရေးမျိုးစေ့ချပေးတဲ့ ဆရာတော်ကြီးပါ။

အဲဒီစာအုပ်ကလေးကို တနယ်လုံးကကျောင်းသားတွေသာမက မိဘတွေကပါ ကျေညက်နေကြလေတော့- သြကာသ၊ သြကာသအစချီတဲ့ ဘုရားရှိခိုးရွတ်တဲ့အခါ၊ သီလတောင်းတဲ့အခါ၊ ရေစက်ချ အမျှဝေတဲ့အခါ၊ တသံထဲညီညီညာညာ တိတိ ကျကျပေါ်ထွက်လာတာပေါ့။ (လေ့ကျင့်ထားတဲ့ တပ်သားတွေလိုလေ) စ-လယ်- ဆုံး အားလုံးကွက်တိသေသေသပ်သပ်ပေါ့။ (အဲဒီလိုသံပြိုင်ညီညာတာကို ညောင်လေးပင်ရောက်တုန်း သတိပြုမိတဲ့၊ ဒါရိုက်တာဦးသုခက သူ့ရဲ့စာတစ်အုပ်ဖြစ်တဲ့ ‘ဓမ္မကထာ၊ စာပဒေသာ’မှာ ချီးကျူးပြီးရေးခဲ့သေးတယ်)။

အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးအရိယ


ပြီးတော့၊ ဦးသုခကပဲ ဆရာတော်ဘုရားကြီးရဲ့ ဝိနည်းလေးစားပုံကို ဖော်ကျူးထားတဲ့ ‘ရဟန်းမစားရ သော ဆွမ်းတနပ်’ ဆို တဲ့ ဗီဒီယိုတစ်ခုရိုက်ခဲ့တယ်။ (နိုင်ငံတော်ဝန်ထမ်းတွေက အစိုးရရဲ့ဥပဒေကို လိုက်နာရသလို၊ သာသနာတော်ထမ်း၊ ဘုရားရဲ့ တပည့်သားရဟန်းတွေဟာ ဘုရားရှင်ရဲ့ဥပဒေဝိနည်းကို လိုက်နာရမယ်ဆိုတဲ့) ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ်ကို ဖော်ကျူးထားတာပါ။ သာသနာအတွက် အားထားလောက်တဲ့ရှား ရှားပါးပါး ဗီဒီယိုအခွေတစ်ခုပေါ့။

မိုးကုတ်ဆရာတော်ဘုရားကြီးဟာ- မိုးကုတ်မြို့မှာ ပြောင်းရွှေ့သီတင်းမသုံးခင် အမရပူရ၊ မင်းကွန်းနဲ့ ညောင်လေးပင်မြို့ (ဒီအရပ်၃ခုမှာ)တွေမှာ သီတင်သုံးခဲ့၊ တရားတွေဟောခဲ့ပါတယ်။ အဲဒီလိုညောင်လေးပင်မှာ ၄၊ ၅၊ ၆ နှစ်ဆက်တိုက် တရား ဟောဖို့ ကြွလာတိုင်း၊ ကြွလာတိုင်း မပျက်မကွက်လုပ်လေ့ရှိတဲ့ ဝတ္တရားတစ်ခုက တော့ အဲဒီတောရကြီးဆရာတော်ဦးအရိယကိုသွားပြီး ကန်တော့တယ်။ အဆုံးအမတွေကိုအရင်ခံယူတယ်တဲ့။ ပြီးမှ တရားဟောသတဲ့။
×××××

နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ လူထုဦးလှပါ။ (၁၉၁ဝ-၁၉၈၂)။ မန္တလေးသူ ဒေါ်အမာနဲ့အိမ်ထောင်ကျပြီး မန္တလေးမှာ လူထု သတင်းစာထုတ်၊ အခြေချလို့ မန္တလေးသားလို့ထင်ရပေမယ့် ဇာတိကတော့ ပုဇွန်မြောင်းရွာကပါ။ ညောင်လေးပင်ကနေ ၄ မိုင်ပဲဝေးပါတယ်။ အဘိုးအဘွားတွေဟာ ရမည်းသင်းကနေ၊ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာပြီး၊ ပုဇွန်မြောင်းမှာ အခြေချလိုက်တာပါ။ (စစ်တောင်းမြစ်ကမ်းပါးက ရွာတော်တော်များများဟာ၊ အထက်အရပ်ကပြောင်းရွှေ့လာကြတဲ့သူ တွေများပါတယ်။ ကျွန်တော့်ရဲ့အဖေဘက်က အဘိုးအဘွားတွေဟာ မလှိုင်၊ တောင်သာနယ်ကပါ။ နောက်တော့ မိုးခိုရွာ၊ ပျဉ်ရေရွာ စသဖြင့် ရွာတွေတည်ပြီး အခြေချလာတဲ့ ‘အညာသား’ တွေပါ။)

စောစောကပြောခဲ့တဲ့ တောရကြီးဆရာတော် ဦးအရိယနဲ့ လူထုဦးလှဟာ ညီအစ်ကိုဝမ်းကွဲတော်ကြပါတယ်။ (ညီအစ်မ ၂ ယောက်ကမွေးတဲ့သားတွေပါ)၊ ဦးလှဟာ ညောင်လေးပင်အာရ်စီအမ် (ROMAN CATHOLIC MISSION) သာသနာပြု ကျောင်းမှာ ၇ တန်းအထိ နေခဲ့သေးတယ်။ ပြီးမှရန်ကုန်ရောက်ပြီး ၁ဝ တန်းအောင်တာ။ သူရေးခဲ့တဲ့စာအုပ်တွေထဲက ‘ကျွန်တော်ဗြူရိုကရက်’ ဆိုရင် ညောင်လေးပင်မြို့က အငြိမ်းစားခရိုင် ဝန်ဦးစံတင် (၁၈၉၈-၁၉၆၉) ရဲ့အကြောင်းကို ခြယ်မှုန်း ရေးသားထားတာပါ။

လူထုဦးလှ (၁၉၁ဝ-၁၉၈၂)


နောင် ဦးလှဆုံးပါးပြီးတော့လဲ ဇနီးလူထုဒေါ်အမာနဲ့ မိသားစုတွေက နှစ်စဉ်ပုဇွန်မြောင်းရွာကိုရောက်လာ ပြီး မွေးနေ့အလှူ အတန်းတွေလုပ်ကြပါတယ်။ နှစ်စဉ်မပျက်ပါဘူး။ မန္တလေးကနေ အဲဒီပုဇွန်မြောင်းရွာအထိ ရောက်အောင်လာပြီး အလှူအ တန်းတွေလုပ်ကြ၊ စာကြည့်တိုက်တွေဖွင့်ကြနဲ့ ကျေးဇူးတရားကိုဖော်ကျူးကြပါတယ်။ (အဲဒီတော့မှပဲ ကျွန်တော်တို့နယ်သား တွေဟာ အထက်အညာမန္တလေးရဲ့ နာမည်ကျော် ကြာဇံဟင်းချက်ကို စားဖူးကြရပါသတဲ့။)

လူထုဦးလှရဲ့ဇာတိ ပုဇွန်မြောင်းရွာအဝင်


ညောင်လေးပင်နယ်တလွှားမှာ မသိသူမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ကျွန်တော်တို့ရဲ့ဆရာကြီး၊ တနယ်လုံးရဲ့ဆရာကြီး ဦး အုန်းကျော် (၁၉၂၄- ၁၉၈-) ဖြစ်ပါတယ်။ အခုဆိုရင် သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်လာပြီဖြစ်ပေမယ့် သူ့ရဲ့ပညာ ဒါနကျေးဇူးတွေကြောင့် ခုထိသတိရနေကြတာပါ။ အလယ်တန်းကျောင်းအုပ်ဆရာကြီးဘဝနဲ့ တနယ်လုံးက အထက်တန်း ၁ဝတန်းကျောင်းသားတွေကို (ကျောင်းအားရက် စနေ၊ တနင်္ဂနွေနေ့ တွေမှာ၊ ပိုက်ဆံမယူ၊ အလကား) စာသင်ပေးခဲ့တာပါ။

ဒုတိယကမ္ဘာစစ်ကြီး (၁၉၄၂ မှ ၁၉၄၅) ဖြစ်လို့ ဂျပန်ခေတ်ရောက်လာတော့ တိုင်းပြည်တစ်ခွင်လုံး စစ်ဘေးစစ်ဒဏ်ကြောင့် ဖရိုဖရဲဖြစ်ကုန်ပါတယ်။ အဲဒီခေတ်ကာလမှာ ဆေးကျောင်းတက်နေတဲ့ဆရာကြီးဟာ အမေနဲ့ ညီအစ်ကိုမောင်နှမတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျောင်းဆက်မတက်တော့ဘဲ ထွက်ခဲ့ပါတယ်။ နယ်တနယ်လုံးရဲ့ပညာရေးနိမ့်ကျနေတာကို မြင် တွေ့ရ၊ ပညာတတ်မှ တိုးတက်မယ်ဆိုတာကိုသိထားတဲ့ဆရာကြီးက ကျောင်းဆရာဘဝနဲ့ အရိုးထုတ်တော့မယ်၊ ပညာပါ ရမ်ီဖြည့်မယ်လို့ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့အလွတ်ပညာသင်ကျောင်းဆရာဘဝကို စတင်ပါတယ်။ နောက်တော့ အလွတ်ပညာ သင်ကျောင်းတွေ ပြည်သူသိမ်းတော့ ဆရာကြီးဟာ အလယ်တန်းကျောင်းအုပ်ဆရာကြီးဖြစ်လာပါတယ်။ ရိုးရိုးကုပ်ကုပ် နေရင်း၊ တကိုယ်ရေတကာယသမားဘဝနဲ့ မိခင်ကြီးကို လုပ်ကျွေးရင်း (တချိန်ထဲမှာလဲ) ကျောင်းသားတွေကို အခမဲ့စာသင် ပေးရင်း နယ်တနယ်လုံးရဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပါတယ်။

ဆရာကြီးဦးအုန်းကျော် (၁၉၂၄-၁၉၈၃)

ဆရာကြီး ‘နောက်ဘဝမှာ အူဝဲဆိုပြီးမွေးကတည်းက အကုန်သိပြီးသား၊ အကုန်တတ်ပြီးသားဖြစ်နေအောင် အခုဒီဘဝမှာ ငါ့တပည့်တွေကိုစာသင်ပေးပြီး ပညာပါရမီဖြည့်နေတာကွ’ လို့ ပြောခဲ့ရှာပါတယ်။
×××××

ကျွန်တော်တို့ညောင်လေးပင်မြို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တကယ့်ကိုဂုဏ်ယူစရာကောင်းတဲ့ပွဲတော်တစ်ခု လည်းရှိတယ်။ အဲဒီပွဲတော်က ရိုဗင်ကက်သလစ် ခရစ်ယာန်တွေရဲ့ ပွဲတော်တစ်ခုပဲ။ အဲဒါကတော့ လုဒ် (စ်) မယ်တော်သခင်မ ပွဲပါ။ (Our Lady of Loudes) မြို့လူထုကတော့ ခပ်လွယ်လွယ် ခရစ်ယာန်မယ်တော်ပွဲလို့ပဲခေါ်ကြတယ်။ ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလထဲမှာ အဲဒီပွဲတော်ကို ၄ ရက်ကျင်းပကြတာ။ ကျွန်တော်တို့ငယ်ငယ် ကလေးဘဝတုန်းက အဲဒီပွဲတော်ရောက်ရင် ရောပီးပျော်ကြတာပဲ။ ဗမာပြည်တနံတလျားက လာကြတာဆိုတော့ ခရစ်ယာန်ဘာသာဝင် လူမျိုးစုံ အဲဒီဘုရားကျောင်းဝင်းထဲမှာ၊ ဂူကလေးနဲ့ထားတဲ့  ခရစ်ယန်မယ်တော် (VIRGIN MARY) ရုပ်ထုပတ်ပတ်လည်မှာ ပြည့်ကျပ်နေတာပဲ။ တဲတွေထိုး၊ မီးရောင်စုံတွေထွန်း၊ စတုဒီသာထမင်းတွေကျွေးလို့။ အဲဒီမယ်တော်ရုပ်ထုကို ညကျတော့ မြို့ထဲကိုလှည့်ကြတယ်။ သူတို့ဘာသာဆုတောင်းစာ၊ တရားစာတွေကိုရွတ်လို့၊ ဖယောင်းတိုင်တွေကိုင်ကြလို့၊ အဲဒီမယ် တော်ပွဲ ကျင်းပလာတာ ကျွန်တော်တို့မမွေးခင် နှစ်ပေါင်းများစွာကလို့ဆိုကြတယ်။ ၁၉၇၇ မှာ ၇၅ နှစ်မြောက်ပြည့်ခဲ့တယ်လို့ ဖတ်ထားဖူးတော့ ၁၉ဝ၂ ခုနှစ်ကတည်းက ကျင်းပခဲ့တာလို့ဆိုရမှာပေါ့။

လုဒ် (စ်) မယ်တော်ရုပ်ထု (၁၉၈၅)
စာရေးဆရာဖေမြင့်၊ ကိုမျိုးညွန့် (စာပေလောက)

ဒေါက်တာမြင့်သိန်း၊ ပန်းချီဖေညွန့်ဝေ၊ မိတ်ဆွေများနဲ့စာရေးသူ ပြင်သင်ပြည် လုဒ်(စ်)မြို့ (LOUDES) မှာရှိတဲ့ VIRGIN MARY မယ်တော်ရုပ်ထုပုံစံအတိုင်း ကျောက်ဂူကလေးနဲ့ထုထားပြီး ခရစ်ယန်သာသနာပြုဖို့ ညောင်လေးပင်ကိုရောက်လာတဲ့ ခရစ်ယန်ဘုန်းကြီးတစ်ဦးက နေဖို့ကျောင်းဆောက်ပြီးတဲ့အခါမှာ အဲဒီကျောင်းကို Our Lady of Loudes လုဒ်(စ်)မယ်တော် ကိုအပ်နှံသတဲ့။ မယ်တော့်ရုပ်ထုကိုလဲ ပြင်သစ်ပြည်ကယူလာပြီး ကျောင်းမှာထားလို့ ပွဲတော်ကျင်းပလာခဲ့ကြသတဲ့။ (ဒီ ကျောင်းဝင်းထဲမှာရှိတဲ့ အာရ်စီအမ် (R.C.M-ROMAN CATHOLIC MISSION) ခရစ်ယာန်သာသနာပြုကျောင်းမှာ လူထုဦး လှဟာ ၇ တန်းအထိနေခဲ့ပြီးမှ ရန်ကုန်အစိုးရဟိုက်စကူးကျောင်းကနေ ၁ဝ တန်းအောင်ခဲ့တာပါ။)

ဂျပန်ခေတ်ရောက်တော့ ညောင်လေးပင်ကိုရောက်လာတဲ့ ဂျပန်စစ်သားတွေက ကျောင်းဝင်းထဲမှာနေ၊ ကျောင်းကိုလည်း ဖျက်ဆီးရုံမက၊ အဲဒီမယ်တော် လုဒ် (စ်) ရုပ်ထုကိုလည်း ဖျက်ဆီးသတဲ့။ နောက်တော့ပြန်ပြင်ပြီး ကိုးကွယ်ထားရှိခဲ့တာ အခုထိပါပဲ။ နှစ်မနည်းတော့ပါဘူး။ ဒီကျွန်တော်တို့ညောင်လေးပင်မြို့က ခရစ်ယန်ကျောင်း ဟာဆိုရင် လုဒ် (စ်) မယ်တော် (Our Lady of Loudes) ကိုအပ်နှံခဲ့တဲ့ ဗမာပြည်မှာ ပဋ္ဌမဦးဆုံးသောကျောင်းဖြစ်ပါသတဲ့။ ခရစ်ယန်ဘာသာဝင်တွေလည်း ဝမ်းသာ၊ ညောင်လေးပင်မြို့သားတွေလည်း ဂုဏ်ယူကြရတာပေါ့။ ကျွန်တော်တို့ငယ်ငယ် လူပျိုပေါက်အရွယ်မှာ ဒီပွဲကိုလာ ကြတဲ့ အနယ်နယ်အရပ်ရပ်မြို့ကြီးသူ၊ ခေတ်ဆန်ဆန်အချောအလှတွေကို ငေးကြည့်ရင်ခုန်ကြရတာလဲ မမေ့နိုင်စရာပါ။

မြို့နဲ့ပတ်သက်လို့ မမေ့နိုင်တာတွေကိုပြောရရင် မဒေါက်ရထာကြီးကလဲ မပါလို့မဖြစ်ဘူး။ မဒေါက်ကနေ (ပြွန်တန်ဆာအထိ (၁၆) မိုင်ရထားလမ်းအတိုကလေးကို ရေနွေးငွေ့သုံးစက်ခေါင်းအမဲကြီးဆွဲတဲ့ တွဲကနည်းနည်း ၄-၅တွဲပါ။ ဒေသလူထု အတွက်တော့ အားကိုးစရာကြီးပေါ့။ ညောင်လေးပင်က အိမ်ရှင်မတွေက အဲဒီ မဒေါက်ရထားကြီးရဲ့မြို့ကိုဝင် ဆွဲလိုက်တဲ့ ဥသြသံကြားရတော့မှ (မနက်၈နာရီခွဲ၊ ၉နာရီလောက်ပေါ့လေ)။ ဈေး ခြင်းဆွဲပြီး အိမ်ကဈေးဝယ်ထွက်ကြတာ။ အဲဒီမ ဒေါက်ရထားကြီးကို စောင့်နေကြတာလေ။ အသား၊ ငါး၊ အသီး၊ အနှံတွေက ရထားနဲ့ပါလာတော့ ပိုစုံတယ်လေ။ ညောင် လေးပင်ကနေ ပြောင်းရွှေ့သွားကြတဲ့ အစိုးရဝန်ထမ်းတွေ နောင်တွေ့လို့မေးကြည့်တဲ့အခါ သူတို့လွမ်းတာ အဲဒီမဒေါက်ရ ထားကြီးကိုတဲ့ ခင်ဗျ။

ကျွန်တော်တို့မြို့က စစ်တောင်းမြစ်နဲ့တခြားချောင်းတွေ၊ မြောင်းတွေ၊ အင်းတွေ၊ အိုင်တွေကလည်း ပတ်ချာဝိုင်းနေတော့… ငါးတွေ၊ ပုဇွန်တွေဆိုတာကလည်း ပေါလိုက်တာမှ၊ ငါးတွေကျပီဆိုရင် တချို့ကလဲ ငါးတွေ တက်ရင်လို့ပြောကြတယ်။ စား မကုန်နိုင်လို့၊ ငါးခြောင်းတွေခွဲရ၊ ငါးပိတွေသိပ်ရ လုပ်ကြရတယ်။ ကျွန်တော်လူမှန်းသိတတ်တဲ့အရွယ်ကတည်းက ရပ်ကွက် ထဲက မိသားစုတော်တော်များများဟာ ငါးပိကိုဆိုင်ကဝယ်မစားကြပါဘူးဗျာ။ ကိုယ့်ဘာသာကိုယ် ငါးပိလုပ်ကြ (ငါးပိသိပ်ကြပါ တယ်) ပါတယ်။ ငါးနဲ့ ဆားကိုသာ ဝယ်ထား၊ ငါးပိလုပ်ဖို့ကတော့ အိမ်ရှင်မတွေက အချင်းချင်း၊ တအိမ်နဲ့ တအိမ်၊ တလှည့်စီ ဓားတစ်ချောင်းကိုင်ပြီး ကူကြပါတယ်။ (ငါးပိခုတ်တယ်လို့ ခေါ်ကြတယ်)။

ကျွန်တော်တို့ကလေးတွေက အဲဒီခုတ်ထစ်၊ ဆားနယ်ထားတဲ့ ငါးပိငါးတွေကို နေလှမ်းတဲ့အခါမှာ အစောင့်တွေပေါ့။ ခွေးမဆွဲ၊ ကျီးမထိုးရအောင်၊ စောင့်ကြရပါတယ်။ ငါးပိလှမ်းတဲ့စင်တွေပေါ်မှာ အိမ်ကမှန်တင်ခုံပေါ်က မှန်တွေကိုထောင်ပြီး ငှက်တွေ မလာအောင် ခြောက်လှန့်ရတာပေါ့။ လှမ်းစရာသတ်သတ်မှတ်မှတ် နေရာမရှိပါဘူး။ အိမ်ရှေ့မှာ၊ လမ်းဘေးမှာ၊ နေရာရှိသလောက် ဒီလိုပဲဖျာကြမ်းပေါ်မှာ လှမ်းကြတာပါပဲ။ အင်း၊ ငါးပိဆိုတော့ နံပြီပေါ့ဗျာ၊ ‘နံလှချည်လား’ ရယ်လို့ ရပ် ကွက်ထဲမှာ ဘယ်သူမှ ပူညံပူညံလုပ်မနေကြပါဘူး။ ‘မွှေး လိုက်တာ’ လို့ပြောတဲ့သူတောင်ရှိသေး။ ‘ငါးပိကောင်’ စားချင်တဲ့သူ က ‘ဒီမှာ တကောင်ယူသွားပြီဟေ့၊ မင်းအမေကိုပြောလိုက်’ ဆိုပြီး ကောက်ယူသွားတာပါပဲ။ အပြန်အလှန် ကြည်ကြည်ဖြူဖြူ ပါပဲ။ အဲဒီလောက်ပေါများပြီး၊ အဲဒီလောက် ရင်းနှီးကြပါတယ်။

ကျွန်တော်မှတ်မိသေးတယ်။ တစ်နှစ်မှာများ ငါးသလောက်တွေကျလိုက်တာ။ ငါးစိမ်းတန်းက ငါးစိမ်းသည်တွေ တစ်ဈေးလုံးရှိ သမျှ အိမ်ရှင်မတွေ၊ တစ်မြို့လုံးကဈေးဝယ်တွေကို အကူအညီတောင်းရတော့တာပါပဲ။ လုပ်ပါဦး၊ ဝယ်ကြပါဦးလို့။ ငါးသ လောက်တွေကများလွန်းတော့ ရေခဲရိုက်ပြီး သိမ်းထားရအောင်လဲ မြို့ကတစ်ခုတည်းသော ရေခဲစက်ကရှိသမျှရေခဲတွေနဲ့လည်းမလောက်၊ အိမ်ရှင်မတွေံကလဲ သူတို့တတ်နိုင်သလောက် ဝယ်ပေးကြပါရဲ့။ ဒါပေမဲ့ ငါးသလောက်တွေက သိပ်ပြီးများ လွန်းနေတာကိုး။ ကုန်အောင်ဘယ်ဝယ်နိုင်ကြမတုန်း။ နောက်တစ်နေ့တော့ ညောင်လေးပင်ရဲ့ ကားဂိတ်၊ ဘူတာရုံတွေမှာ တုတ်တွေနဲ့ထိုးပြီးကင်ထားတဲ့ ငါးသ လောက်ကင်တွေ ဝါထိန်နေအောင်တွေ့ရတော့တာပါပဲဗျာ။
×××××

အော် လွမ်းမိပါသေး၊ နှုတ်ဆက်လိုက်ပါသေး၊ ညောင်လေးပင်ရယ်။

(တင်ဇော်လွင်)

ရည်ညွှန်းစာရင်း
(၁) ခေတ်ရေစီးထဲကပုဂ္ဂိုလ်များ၊ သမိုင်းသုတေသနဦးစီးဌာန (၂ဝ၁၁)
(၂) အကျော်ဇေယျ စာဆိုတော်များ – သန်းဝင်းလှိုင် (၂ဝဝ၉)
(၃) မြန်မာ့ရက်စဉ်သမိုင်း – သမိုင်းသုတေသနဦးစီးဌာန (၂ဝဝ၉)
(၄) ကျွန်တော်ဗြူရိုကရက် – လူထုဦးလှ (၁၉၇ဝ)
(၅) နှစ် ၉ဝပြည့် လူထုဦးလှ (၂ဝဝဝ)
(၆) မြန်မာ့နိုင်ငံရေးသမိုင်း ဦးလေးမောင် (၁၉၇၃)
(၇) ဓမ္မကထာ စာပဒေသာ – ဦးသုခ (၁၉၈၉)
(၈) မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဘဝသာသနာ – အရှင်ယောသိတ (၂ဝဝ၂)
(၉) ဆုတောင်းပြည့် လုဒ် (စ်) မယ်တော်သခင်မပွဲ ၂ဝဝ၃ – စာစောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်