လွင် (ဘော်တွင်း) ● တန်ဖိုး

January 14, 2017

● တန်ဖိုး
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၇

စာသင်ခန်းထဲသို့ မရဲတရဲလှမ်းဝင်လာသောသက်နှင်းကို ကလေးတွေက ပြုံးချိုစူးစမ်းသော မျက်နှာများနှင့်ကြည့်ကာ “မင်္ဂ လာပါဆရာမ”ဟု တညီတညာတည်း နှုတ်ဆက်လိုက်သည်။ သက်နှင်းလဲ ခပ်တည်တည်နှင့် “မင်္ဂလာပါကွယ်၊ ထိုင်ကြ ထိုင်ကြ” ဟု ပြန်ပြောလိုက်သည်။ ရင်ထဲမှာမူ တထိတ်ထိတ်။ ဘာကဘယ်လို စသင်ရမှန်းမသိ။ အို ဘာဖြစ်လဲ။

ပထမတန်းကလေးတွေပဲဟုတွးကာ သတ္တိမွေးလိုက်သည်။ သွက်လက်ပုံရသော ကျောင်းသားလေးတယောက်က နီညို ရောင် နှင်းဆီပန်းတပွင့် လာပေးသည်။ “ကျေးဇူးပါကွယ်” ဟုတုံ့ပြန်ရင်း သက်နှင်း၏ ဆံထုံးတော်ကြီးတမာသီးတွင် ထိုးစိုက် ပန်လိုက်သည်။

ကျောင်းသားလေး၏ မျက်နှာဝင်းပသွားပြီး နေရာသို့ပြန်သွားထိုင်လေသည်။

သက်နှင်းက တက္ကသိုလ် ဒုတိယနှစ်ပဲရှိသေးသည်။ အရေတော်ပုံလှုပ်ရှားမှုများအပြီး၊ တက္ကသိုလ်ကျောင်းတွေပိတ်နေချိန်၊ အခြေခံပညာကျောင်းများတော့ပြန်ဖွင့်ပြီ။ ကျောင်းတက်စရာလည်းမရှိ၊ ဘာလုပ်ရမှန်းလဲမသိတော့ စိတ်မလေရအောင် သက်နှင်းတို့မြို့နယ်က ရွာကလေးတရွာမှ မူလတန်းကျောင်းတကျောင်းမှာ လုပ်အားပေးအဖြစ် ဝင်လုပ်သည်။

သက်နှင်းတို့မြို့ကနေ ၂ မိုင်ပျော့ပျော့လောက်သာဝေး၍ ၅ မိနစ် ၁၀ မိနစ်လောက် စက်ဘီးနင်းသွားလျှင်ရောက်သည့် ရွာ ကျောင်းကလေး ဖြစ်သည်။ သက်နှင်းတို့မြို့ပေါ်ကျောင်းတွေမှာ ဆရာဆရာမတွေ၊ ကျောင်းပိတ်ထားတုန်း သက်နှင်းလို လုပ်အားပေးသူတွေ အများအပြားရှိပေမယ့် ဒီရွာကျောင်းကလေးမှာတော့ ဆရာ၊ ဆရာမ အတန်းစေ့ရုံသာရှိသည်။ ဒါ တောင် မြို့နှင့်နီး၍ ဖြစ်သည်။

ဆရာ ဆရာမတယောက်ယောက်ကျောင်းမလာနိုင်လျှင် အတန်းတတန်းမှာ လွတ်နေတော့သည်။

ဒီတော့ လုပ်အားပေးဆရာမကလေး သက်နှင်းလည်း ယောင်ချာချာလုပ်နေ၍မရ။ တတန်းမဟုတ်တတန်း ဝင်ရသည်။

သက်နှင်းက “ဆရာမနာမည် ဒေါ်သက်သက်နှင်းပါ၊ ဆရာမက အခုမှဒီကျောင်းမှာ လုပ်အားပေး ဆရာမအဖြစ် လာလုပ်တာ၊ ဒီနေ့ဒီအတန်းက ဆရာမခွင့်ယူတာကြောင့် ဆရာမက အစားဝင်ပေးတာပါ” ဟု မိတ်ဆက် စကားဖြင့် စလိုက်သည်။ “ဆရာမ နာမည်ကိုရေးပြပါ” ဟု ကလေးတယောက်ဆီက အသံထွက်လာသည်။ ကျောင်းသင်ပုန်းကြီးပေါ်မှာ နာမည်ကို ရေးပြ လိုက်တော့ ကလေးတွေက ဖတ်စာအုပ်ပေါ်မှာ၊ ဗလာစာအုပ်ရှေ့ဆုံး စာမျက်နှာမှာ နောက်ကျောမှာ၊ စာအုပ်ဖုံးအတွင်းဖက်မှာ အလျင်းသင့်သလို ကူးရေးကြလေသည်။

အင်း၊ မြန်မာစာက စသင်မှာပေါ့ ဟုတွေးကာ “မြန်မာစာ ဖတ်စာအုပ်ထုတ်ကြမယ်” ဟုဆော်သြရင်း “ကလေးတို့ ဖတ်စာ ဘယ်လောက်ရောက်သွားပြီလဲ” ဟု မေးလိုက်သည်။

“သင်ခန်းစာ ၆ ပါ” ဟု တညီတည်းဖြေကြသည်။ သက်နှင်းလည်းသင်ခန်းစာ ၆ ကိုဖွင့်လိုက်သည်။ ဇွန်ပန်းရုံအနီး၊ လှည်းဘီး နွံထဲ ကျွံနေသည်ဆိုပါလား။

“ကဲ ဖတ်စာ ၆ ကို စဖတ်ကြရအောင်”

ငယ်ငယ်ကအ်ာဟစ်ဆိုခဲ့ပြီး အခု ဒုတိယနှစ်ရောက်သည်အထိ မှတ်မိနေသည့်ဖတ်စာပဲ။

စာလုံးပေါင်း ဖတ်ရမယ်ဟုစိတ်ကူးလိုက်သည်။ သက်နှင်း စိတ်ထဲက အရင်ဖတ်ကြည့်သည်။

ကကြီး သေးသေးတင် ဝဆွဲရပင့်၊ ဟုတ်သေးဘူး။ ကကြီးဝဆွဲသေးသေးတင် ရပင့်၊ အင်း ဝဆွဲနဲ့ရပင့် ဘယ်ဟာက အရင်ဆိုရ တာပါလိမ့်။ သက်နှင်းမျက်စိလည်သွားသည်။ စာလုံးပေါင်းမဖတ်တာကြာပြီပဲ။ ဒီတိုင်းဆို ရှေ့ကဖတ်ပြလို့ မဖြစ်ချေဘူး။ သက်နှင်းချွေးပျံလာသည်။ ဒါပေမဲ့ ဆရာမဆိုတော့ ဟန်ကိုယ့်ဖို့။

“ကိုင်း၊ ဖတ်စာ ၆ က ပထမဆုံးအပုဒ်ကို ဖတ်ပြကြပါဦးကွယ်”

“ဇကွဲ ဝဆွဲ နသတ်ဇွန်၊ ပစောက်ရေး နသတ်ပန် ဝစ္စနှစ်လုံးပေါက်ပန်း၊ ဇွန်ပန်း၊ ရကောက် သေးသေးတင်……”  ကလေးတွေက အားကြိုးမာန်တက်ဖတ်ကြသည်။ ဆရာမအသစ်မို့ သူတို့အစွမ်းကိုပြချင်နေကြသလိုပင်။ ဆရာမသက်နှင်းမှာတော့ ကလေး တွေနောက်က အသာလိုက်ဆိုရင်း စာလုံးပေါင်းရွတ်ပုံကို လိုက်မှတ်နေရလေသည်။

နောက်သင်္ချာ၊ အင်္ဂလိပ်စာတို့အတွက်တော့ သက်နှင်း စာတတ်သွားပြီ။ ကလေးတွေကိုအရင်ရွတ်ဆိုခိုင်း ရေးခိုင်းလိုက်သည်။ ဒါဆို ဘယ်လိုဆက်သင်ရမလဲဆိုတာ သက်နှင်းသိသွားပြီ။

နောက်ပိုင်းမှာတော့ ပထမတန်းကိုတာဝန်ယူရသောဆရာမက မီးဖွားခွင့်ယူသွား၍ သက်နှင်းပဲ တောက်လျှောက် တာဝန်ယူ သင်ရတော့သည်။ ဆရာမ၏သားကလေးကလည်း ပထမတန်းမှာပဲ ဖြစ်သည်။ ဆရာမက ကိုယ်လေးလက်ဝန်နှင့်ဖြစ်တာ ကြောင့် ဆိုက်ကား၊ မြင်းလှည်းတို့နှင့် ကျောင်းလာရသည်။ ဆရာမမီးဖွားခွင့်ယူတော့ သားကလေးကို သက်နှင်းနှင့်အတူ ကျောင်းကို ခေါ်သွားပေးမည်ဆိုသော်လည်း မအေနားကပ်နေချင်သူကလေးက သက်နှင်းနှင့် မလိုက်လို။ ဆရာမကလည်း မထည့်။ သူ့သားကို သူသင်ပေးပါမယ်ဟု ဆိုပါသည်။ ကလေးကျောင်းခေါ်ချိန်အတွက်ကတော့ ကြည့်လုပ်ပါလိမ့်မည်။

ပထမတန်းသင်ရတာပျော်ဖို့ ကောင်းသည်။ ကလေးတွေက ကျောင်းနှင့် အသားကျနေပြီ။ သူငယ်တန်းကလေးတွေလို ငို ဟယ် ယိုဟယ်မရှိတော့။ စာရေးဆိုရေးသည်။ ဖတ်ဆိုဖတ်သည်။ တွက်ဆိုတွက်သည်။ သိပ်မပင်ပန်းလှ။

ဒီပထမတန်းကိုမကိုင်ရမီ သူငယ်တန်းအခန်း တစ်ရက်ဝင်ရဖူးသည်။ ကလေးတွေက ဆရာမအသစ်ဝင်သည်ဆိုတော့ သက် နှင်းအနားမှာ ဝိုင်းဝိုင်းလည်။ တုတ်လည်းမကိုင်၊ ငေါက်လည်းမငေါက်သော ဆရာမအသစ်ကိုကြောက်လည်း မကြောက်ကြ။ သူတို့သင်ခန်းစာက “က” ရေးနေချိန်။ သူတို့စာအုပ်တွေထဲမှာ “က” ရေးဖို့ မျဉ်းကြောင်းတွေ သားပေးရသည်။ သက်နှင်းက တယောက်ချင်းခေါ်ပြီး သားပေးသော်လည်း၊ နောက်ကလေးတွက ခုံမှာထိုင်မစောင့်၊ သက်နှင်းနားမှာ တိုးဝှေ့နေကာ စာအုပ်တွေ ထိုးပေးနေကြသည်။ ကိုယ့်နေရာကိုယ်ထိုင်ကြဖို့ပြောလိုက်လဲ ခဏပဲနေပြီး သက်နှင်းနားကို ပြန်ဝိုင်းအုံလာ ကြသည်။

မျဉ်းသားသည့်ကိစ္စပြီးသွားတော့လည်း မနားရ။ တယောက်က ခဲတံကျိုးသွားပြီ။ သက်နှင်းက ခဲတံချွန်ပေးတော့ နောက်က လေးတွေရဲ့ခဲတံတွေ တန်းစီ၍ကျိုးကုန်ပြီး ခဲတံချွန်ပေးနေသော ဆရာမအသစ်နားတွင် ဝိုင်းအုံနေပြန်တော့သည်။ ကျောင်း ဆင်းခေါင်းလောင်းထိုးမှပဲ သက်နှင်းအနားရတော့သည်။ သက်နှင်းကိုယ်တွင် ကလေးတွေထံမှ ချေး (ဂျီး) နံ့ ချွေးနံ့များ စွဲကျန်လျက်။

ပထမတန်းကတော့ ဒီလိုမဟုတ်၊ စည်းကမ်းကျနေပြီ။ အမှတ်ခြစ်ပေးသည့်အချိန်လောက်ပဲ ဝိုင်းအုံကြသည်။ ဒါလည်း စာ အုပ်တွေထပ်ခဲ့ကြဟုပြောလိုက်လျှင် ဖြေရှင်းပြီးသား ဖြစ်သွားသည်။ ဒါကြောင့် ပထမတန်းသင်ရတာ သက်နှင်း အတော် ပျော်လေသည်။

ကလေးတွေကကျောင်းကိုအရုပ်ကလေးတွေ၊ ဘောလုံးကလေးတွေ ယူလာတတ်ကြသည်။ ဒါတွေက သက်နှင်းအတွက် သင်ထောက်ကူတွေဖြစ်လာလေသည်။ ပထမတော့ သူတို့စာသင်နေချိန် အတန်းထဲမှာမကစားအောင် သိမ်းထားခြင်းဖြစ် သည်။ အင်္ဂလိပ်စာသင်ခန်းစာမှာတော့ ဒီကစားစရာလေးတွေ အသုံးဝင်လာသည်။ “It is a book. It is a pencil. It is a doll. It is a ball.”
သင်ရတာလွယ်လွယ်လေး။ သက်နှင်းက စာအုပ်တအုပ်လက်မှာကိုင်ပြီး “What is it?” ဟုမေးလိုက်လျှင် ကလေးတွေက “It is a book” ဟုပြန်ဖြေရုံပဲ။ သူတို့ ကစားစရာလးတွေကို ကိုင်ပြပြီးမေးလျှင်တော့ “It is a doll” “It is a car” စသဖြင့် ဝမ်းသာအားရ ဖြေကြသည်။

စာအုပ်တွေ ခဲတံတွေထက်၊ ရုပ်ပုံဆွဲပြတာထက်၊ သူတို့၏ပစ္စည်းကလေးတွေကိုပြပြီးဖြေရတာ ပိုစိတ်ဝင်စားကြသည်။ ဒီ တော့ကလေးတွေ၏ ဦးထုပ်များ၊ ထီးများ၊ တခါတရံ ယောက်ျားလေး တယောက်ယောက်၏ရှပ်အင်္ကျီတို့သည် သက်နှင်း အတွက် သင်ထောက်ကူပစ္စည်းများ ဖြစ်လာသည်။

တစ်လလောက်ကြာပြီးသည့် နောက်မှာတော့ သက်နှင်းက ကလေးတွေနှင့်တသားတည်း ဖြစ်သွားတော့သည်။  ကျောင်း ရောက်ပြီဆိုတာနှင့် သက်နှင်းခေါင်းမှာ ပန်းပေါင်းစုံဝေသည်။ ပန်းရောင်၊ အဝါရောင် စက္ကူပန်းတွေတောင် ပါသေးသည်။ ကလေးတွေပေးသမျှပန်းတွေကို ပန်ရသည်ကိုး။

ဒီလိုနှင့် မီးဖွားခွင့်ယူထားသောဆရာမ ခွင့်ရက်စေ့လို့ကျောင်းပြန်တက်ပြီ။ သက်နှင်းနှင့် ကလေးတွေကို ကြည့်ပြီးနောက်ဆုံးစာမေးပွဲကြီးလည်း တစ်လပင်မလိုတော့တာမို့ သက်နှင်းပဲ ဆက်သင်လိုက်ဖို့ ပြောလေသည်။ သက်နှင်းကလည်း ကလေး တွေနှင့်ပျော်နေပြီမို့ ခွဲရမှာတောင် ကြောက်နေပြီ။ ဆရာမက ရုံးခန်းထဲမှာပဲ နေသည်။ ဆရာမ၏သားကလေးကလည်း စာ သင်ခန်းထဲကိုမလာ။ မအေနားသာ ကပ်နေသည်။ဆရာမကလည်း သူ့သားကို ဘေးမဲ့ပေးထားသည်။

စာမေးပွဲကြီးအတွက် မေးခွန်းနှစ်စုံထွက်လာသည်။ မေးခွန်းထုတ်တာတော့ သက်နှင်းတာဝန်မယူရပါ။ (ထိုစဉ်က လပတ်စာ မေးပွဲများစစ်ရသော စနစ်မဟုတ်သေးပါ။ ပထမအစမ်း၊ ဒုတိယအစမ်းနှင့် အတန်း တင်စာမေးပွဲကြီးသာ စစ်ရသည်။) ဆရာ မက ဒီမေးခွန်းနှစ်စုံကို သက်နှင်းအားပြပြီး ကလေးတွေကို လေ့ကျင့်ပေးဖို့ပြောလာသည်။ သက်နှင်းလုပ်ရမည်ပေါ့။ ဆရာ မ၏သားကလေးကိုတော့ ဆရာမကိုယ်တိုင်ပဲ လေ့ကျင်ပေ့းမည်။ ဆရာမက ပြောသည်။ သားစာမေးပွဲကြီးမှာ ပထမရရင် သူ့အဖေက ရုပ်မြင်သံကြားဝယ်ပေးမည်ဟု ပြောထားသည်တဲ့။

ဆရာမ အမျိုးသားကမြို့ပေါ်မှာ စီးပွားရေးအတန်အသင့်ပြေလည်သော ကုန်သည်တဦးဖြစ်သည်။ ထိုစဉ်က ရုပ်မြင်သံကြား က ခုလိုမပေါများသေး။ တရပ်ကွက်လုံးမှာမှ နှစ်လုံးသုံးလုံးလောက်ပဲ ရှိသည်။ လူကုံထံတို့၏ အဆောင်အယောင်တခု။

သက်နှင်းကလေးတွေကို လေ့ကျင့်ပေးပါသည်။ မေးခွန်းအတိုင်းတော့ မဟုတ်။ သင်ခန်းစာတွေကို ကလေးတွေ နား လည် အောင် သင်ပေးထားသည်ပဲ။ ဆရာမပေးလိုက်သော မေးခွန်းနှင့်အဖြေကို တိုက်ရိုက်သင်ကြားလေ့ကျင့်ပေးတာမျိုး သက် နှင်း မလုပ်ခဲ့။

သည်လိုနှင့်စာမေးပွဲကြီးရောက်လာခဲ့သည်။ သက်နှင်းကလေးတွေဖြေနိုင်သည်။ သချာင်္နေ့မှာတော့ ထူးခြားသည်။ စာစီသူ၏ အမှားလား၊ ကျောင်းအုပ်ကြီးက ပြန်လည်ပြင်ဆင်လိုက်တာကြောင့်လား မသိ။ မူလလေ့ကျင့်ခိုင်းထားသောမေးခွန်းနှင့် အ နည်းငယ်လွဲသွားသည်။ သို့သော် နားလည်သည့်ကလေးတွေဆိုလျှင် အေးအေးဆေးဆေးဖြေလို့ရတာမျိုး။ ဒီတော့စက တည်းက တိုက်ရိုက်မေးခွန်းကို လေ့ကျင့်ထားတာမဟုတ်သော သက်နှင်းရဲ့ကလေးတွေလည်း အေးဆေးပဲဖတ်ကျော်နိုင်ကြ သည်။

ဒါပေမဲ့ ဆရာမရဲ့သားလေးကတော့ တမျိုးဖြစ်သည်။ ဆရာမသည် သားလေးကို အဖြေတွေသာ ကျက်ခိုင်းထားသည်။ နံ ပါတ်ဘယ်လောက်ဆိုရင် ဘာရေးဆိုတာမျိုး။ သားဖြစ်သူသည်မေးခွန်းတွေကို မဖတ်၊ မမှတ်ဘဲ အဖြေတွေချည့် အလွတ် ကျက်ထားသူဆိုတော့ မေးခွန်းမှာ ပြောင်းသွားသည်ကိုမသိ၊။ သူ့အမေသင်ထားသည့်အတိုင်း အဖြေတွေသာ ချရေးလေ သည်။

စာစစ်ပြီးသည်အထိ သက်နှင်း လုပ်အားပေးခဲ့ပါသည်။ သက်နှင်းအတန်းထဲက ကလေးတယောက်က အမှတ်အများဆုံးနှင့် ပထမရသည်။ ဆရာမ၏သားလေးကတော့ သချာင်္မှာ အမှတ်တွေလျော့သွား၍ ပထမမရပါ။ ဒီအခါမှာ ဆရာမထံမှ သက်နှင်းမထင်မှတ်သော စကားထွက်လာသည်။ “ငါ့သားလေးကို ပထမရအောင် အမှတ်ဖြည့်ပေးလိုက်မယ်” ဆိုသတည်း။
သက်နှင်းဘာပြောရမှန်းမသိ။ ဆရာမကသက်နှင်း၏ အံ့အားသင့်သောအကြည့်ကို သိပုံရပါသည်။ သူ့ဘာသာလည်း လိပ် ပြာလုံဟန်မတူပါ။ သူက ဆက်ပြောပါသည်။

“အဖြေမှားသွားတာ သားလေးအပြစ်မှမဟုတ်တာလေ။ ငါကိုယ်က ဒီလိုဖြေလို့ အလွတ်မှတ်ခိုင်းထားတာကိုး၊ သားလေးက တီဗီသိပ်လိုချင်နေတာ။”

သက်နှင်းတာဝန်ယူရသော သင်ရသော အတန်းကကလေးများ သင်ခန်းစာကျေညက်ဖို့ သက်နှင်းတာဝန်ကျေခဲ့ပြီးပါပြီ။ အ မှတ်ပေးဇယားကိုဖြည့်သွင်းလက်မှတ်ထိုးဖို့ သက်နှင်းမှာလုပ်ပိုင်ခွင့်မရှိပါ။ ဆရာမသည် သူ့သားထက် ရုပ်မြင်သံကြားစက်ကိုပိုချစ်ခြင်းသည်လည်း သက်နှင်း၏ တာဝန်မဟုတ်ပါ။ တက္ကသိုလ်တွလည်း ပြန်ဖွင့်တာကြောင့် ကျောင်းကလေးကို သက် နှင်း နှုတ်ဆက်ခဲ့ပါသည်။

အခုတော့လည်း ရုပ်မြင်သံကြားသည် အိမ်တိုင်းတွင်ရှိသည့် သာမာန်အသုံးဆောင်ပစ္စည်းဖြစ်နေပါပြီ။

လွင် (ဘော်တွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်