စံပယ် – ၁၅ နှစ် သို့လည်ပြန်

January 16, 2017

Than Htay Maung

 

စံပယ် – ၁၅ နှစ် သို့လည်ပြန်
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၇

 မြက်ခင်းစိမ်းစိမ်းထူထူလမ်းကလေးအတိုင်း၊ ကိုယ်လျှောက်လာစဉ် ..
`ကြည့်စမ်းပါအုံး ကိုယ့်ကိုမှတ်မိသေးရဲ့လား’ လို့ နောက်ဖက်ဆီမှ ထွက်ပေါ်လာသောအသံကိုရုတ်တရက်ကြားလိုက်ရတယ်။
ကိုယ်ကအနောက်သို့လှည့်ကာ သူ့ကိုကြည့်လိုက်ပြီး `ခင်ဗျားဘယ်သူဆိုတာကျွန်တော်အမှတ်မရတော့ဘူးဗျာ’ လို့ပြောမိတယ်။
`မင်း ခပ်ငယ်ငယ်နုပျိုရွယ်က ပထမဆုံးတွေ့ခဲ့ဖူးတဲ့ သောကဆိုတဲ့သူလေ’ လို့သူကပြောလာတယ်။
သူ့မျက်လုံးအစုံကမူ မြူနှင်းများဆိုင်းနေသည့် နံနက်ခင်းနှယ် မှိုင်းမှုန်ရီဝေနေ၏။

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော စာဆိုကြီး တဂိုးရဲ့ အချိန်ကစကားပြောတယ် ဆိုတဲ့စာစုလေးကို ဖတ်ရင်း အတွေးတွေ ဖြန့်ကျက်မိသည်။###မြူနှင်းဆိုင်းရုံတင်မဟုတ်ပါ။
မိုးပြိုသောနေ့ကိုကြုံခဲ့သည်။

ထိုနေ့က ကွန်ပျူတာရှေ့မှာ ပရိုဂရမ်စာအုပ်ကြီးကိုချရင်း နမူနာပေးထားသော ပုစ္ဆာတစ်ခုကို ရေးကြည့်နေစဉ်ပေါ့။ ကရင်နှစ်သစ်ကူးပိတ်ရက်မို့ မနက်ပိုင်း မုန့်ဟင်းခါးချက်စားပြီး သမီးငယ်နှစ်ဦးက ကလေးထိန်းဖော်လေးနှင့်ဆော့နေကြသည်။ Program ထဲက IF pattern များ ထပ်ထပ်သွားပုံကို စဉ်းစားနေဆဲ တံခါးဘဲလ်တီးသံနှင့် မရှေးမနှောင်းဝင်လာသော လူစိမ်းဧည့်သည်နှစ်ဦးရဲ့ ထူးထူးဆန်းဆန်းအမူအရာနှင့် အိမ်ရှင်ကို ပြန်ပြီး ထိုင်ပါဦး ပြောသည်ကြောင့် စိတ်ထဲထင့်နေစဉ်မှာပင် “ Chief သဘောင်္ပေါ်က ပြုတ်ကျလို့ပါ” ဆိုသောစကားသံတို့ကြောင့် “ ဘာဖြစ်သွားသေးလဲဟင်” လို့ ယောင်ကန်းကန်းမေးမိသည်။ “ ခုထိတော့ ရှာမတွေ့သေးဘူး” လို့ပြောချိန်မှာတော့ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ရိပ်မိသလိုလိုဖြစ်ရင်း စိတ်ထဲမှာ Program ထဲက If တွေဟာ ပတ်ချာလည်နေပါတော့သည်။ အကယ်၍သာ ——-

မကြာခင်မှာပဲ နံဘေးကပ်ရက်ခန်းက ခင်မင်လှသည့်မိတ်ဆွေဇနီးမောင်နှံရောက်လာကာ ကလေးတွေကိုချော့မော့ခေါ်သွားရင်း ဖုန်းဆက်သင့်သူတွေထံ ဖုန်းဆက်နေကြသည်။ ကိုယ့်ဗိုက်ကို ကိုယ့်ဖာသာ ခပ်ဖွဖွပွတ်ရင်း “ ဗိုက်ထဲမှာ ကလေး လေးရှိတယ်လေ” လို့ တတွတ်တွတ်ရေရွတ်မိနေသည်။

သည်လိုနှင့် ခက်ခဲပင်ပန်းလှသော ၃ ရက်တာ ကျော်ချိန် ၂၀၀၂ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်မှာတော့ Body တွေ့ပြီဆိုတဲ့ ဖုန်းဝင်လာချိန်မှာ မိုးတကယ်ပြိုခဲ့သည်။ အသံကိုမြှင့်ကာ အမည်ကို’တ’ ရင်း အော်ငိုလိုက်တဲ့ အဒေါ်တစ်ဦးကို “အဲလိုမျိုး မငိုပါနဲ့” လို့ ခပ်မာမာပြောမိရင်း “အဖြေပြတ်ပြတ်သားသားသိရတာ ကောင်းတာပဲ” ဆိုတဲ့ တုံးတိတိ စကားထွက်မိသည်။

ရှာမတွေ့သေးချိန် ကြားရက်တွေ က အမျိုးတွေ ၊မိတ်ဆွေတွေရဲ့ တစ်ယောက်ယတြာ တစ်မျိုးဆီနှင့် ကျွန်းလေးတစ်ခုပေါ်မှာရှိနေတယ်ဆိုတဲ့ ဟောကိန်းတွေကြောင့် မျှော်လင့်ချက်တွေထားမိခဲ့သည်။ ဆွေမျိုးတွေအတော်များများကလည်း ကိုယ့်အနားမှာဝိုင်းဝိုင်းလည် အရိပ်အကဲကြည့်နေရင်း “ငိုချင် ငိုလိုက်ပါ” လို့ပြောကြပေမယ့် မျက်ရည်က ဘယ်လိုမှ ထွက်မလာ။ “ ဗေဒင်တွေလည်း ထပ်မမေးနဲ့တော့” လို့ပြောမိသည်။ အားလုံးလိုလိုက အေးပါ၊အေးပါ မမေးဘူးစိတ်ချတဲ့။ (နောက်မှပြန်သိရတာ ဗေဒင်တောင်မက၊ နတ်လေချွန်ပါ မေးပါသတဲ့)။

ဧည့်သည်တွေ၊သူငယ်ချင်းတွေကို ကောင်းကောင်းမွန်မွန်စကားတွေပြောတော့ သူတို့က စိတ်ထိန်းနိုင် လို့ တော်ပါသေးရဲ့တဲ့။

တကယ်တော့သိစိတ်က အတင်းထိန်း၊ မသိစိတ်ကဒီအဖြစ်ကို လက်မခံ။ သိစိတ်၊မသိစိတ် နှစ်ခုရဲ့ဝိရောဓိတွေဟာဗိုက်ထဲမှာ ၄လသာရှိနေသေးတဲ့သမီးငယ်မမွေးမချင်း ပြင်းထန်နေခဲ့ပါသည်။ ဘန်ကောက်မှာဖြစ်ခဲ့သည်မို့ လိုက်မသွားဖြစ်ပဲ ဘန်ကောက်မှာကျောင်းတက်နေသည့် ညီမငယ်မှ မိသားစုကိုယ်စား ဆောင်ရွက်ခဲ့သည်။ ၀ိုင်းဝန်းကူညီခဲ့ကြသူတွေကို အမြဲ ကျေးဇူးတင်မိသည်။

###

စိတ်ပေါ့ပေါ့ပါးပါးနှင့်ပျော်ရွှင်ချမ်းမြေ့စွာ နေရခြင်းသည် လူ့ဘ၀ရဲ့ဆုလာဘ်ကြီးတစ်ခုပင်ဖြစ်သည်။

ကျမရဲ့အဲဒီအချိန်ခံစားမှုသည် ရင်ထဲမှာ တစ်စုံတစ်ခုကြီးက ဖိထားသလိုတစ်ဆို့လေးလံနေသည်။ အဲဒီအရာကြီးကို ဖယ်ရှားပစ်ချင်သည်။ဘယ်လိုလုပ်ရင်ရမလဲ။ ဖောက်ထုတ်ပစ်ချင်စိတ်တွေ ပေါ်မိပါသည်။ပျော်ချင်လို့ သီချင်းတွေနားထောင်လည်း အပျော်စိတ်မပေါ်လာ။ စိတ်အေးချမ်းအောင် တရားထိုင်လည်း သမာဓိမတည်။ အသိမိတ်ဆွေတွေအဆက်မပြတ်လာမေးနေချိန် တုံးက ထွက်မလာသည့်မျက်ရည်တွေ ဧည့်သည်စဲလို့အရာရာပြီးဆုံးသွားချိန်မှာတော့ ကျလို့မဆုံး။

အလုပ်မှ ဆရာနှင့်လုပ်ဖော်ကိုင်ဘက်တွေက နားလည်စွာ အဆင်ပြေတဲ့အချိန်မှလာပါလို့ဆိုကြသည်။ ဒီတော့ဘာကိုမှ မစဉ်းစားချင်သည့်အချိန်တိုင်း စားစရာတွေတစ်ခုမဟုတ်တစ်ခုရှာကြံစားရင်း အိပ်ခြင်း၊စားခြင်းဖြင့်သာအချိန်တွေကုန်ဆုံးနေသည်။ ၀လို့ လှလို့ဆိုတဲ့အချိန်ဟာ အဲဒီအချိန်ဖြစ်သည်။

ဖေဖေက အလုပ်ပြန်ဝင်ဖို့တိုက်တွန်းသည်။ အလုပ်ကိုစသွားတဲ့နေ့ ကိုယ်ဝန်ဆောင်အင်္ကျီ အလှဆုံးကိုရွေးဝတ်သွားသည်။ နှုတ်ခမ်းနီဆိုး အလှပြင်မိပေမယ့် မျက်လုံးတွေမို့အစ်နေတဲ့ ကျမကို ဂရုဏာသက်စွာကြည့်ကြတဲ့အကြည့်တွေကိုမခံနိုင်။ ရုံးခန်းထဲက သတင်းစာတွေကိုအမှတ်မထင်လှန်ကြည့်ရင်း သူရဲ့နာရေးကြော်ငြာကိုတွေ့တဲ့အချိန်ဓာတ်လိုက်သွားသလို သတင်းစာကို တွန်းထုတ်မိသည်။ လမ်းသွားရင်းသစ်ပင်တွေကိုမြင်ရတာ ကြောက်သည်။ မိုးကောင်းကင်ကိုမော့မကြည့်ရဲ။ သမီးနှစ်ယောက်ကိုတောင်ရဲရဲမကြည့်မိသလို။ ဘုရားမှန်မှန်ရှိခိုးရက်နဲ့ ဘာကြောင့်ဒိအဖြစ်နဲ့ကြုံရသလဲဆိုကာ ဘုရားကိုတောင်စိတ်ဆိုးမိခဲ့တဲ့ မောဟတွေလျှံထွက်နေသောအချိန်ဖြစ်ခဲ့သည်။

သတင်းလာမေးသော မိတ်ဆွေအမတစ်ဦးက သူ့တုန်းက ၂ နှစ်လောက်တော့ခံစားရတယ်လို့ပြောတာကို မှတ်ထားပြီး အမြန်ဆုံး ၂ နှစ်ပြည့်ချင်နေတာလေ။

သူဆုံးပြီး တစ်နှစ်ပြည့်ချိန်မှာ အမျိုးတွေက နှစ်ပတ်လည်လုပ်မလားလို့ မေးကြတော့ လုပ်ချင်စိတ်မရှိ။ ကိုယ့်စိတ်ထဲမှာ နေ့တိုင်းလိုသတိရနေမိတော့ နှစ်ပတ်လည်တာမလည်တာ ကိုယ့်အတွက် အဓိပ္ပါယ်မရှိလှ။ အဲဒီကတည်းက နှစ်တွေဘယ်လိုပဲလည်လည် ဘာအမှတ်တရမှ မလုပ်ပဲနေခဲ့သည်။

ဓာတ်ပုံတွေလည်း မကြည့်ပဲ သိမ်းထားမိတာ သမီးငယ်လေး သိတတ်ချိန် ထုတ်ပြဖို့ အတော်စဉ်းစားခဲ့သည်။ သမီးငယ်များစိတ်ထိခိုက်လေမလား လို့ ရင်ထဲမှာ ကတုန်ကရင်နှင့်ပြမိချိန်မှာတော့ သူက တခွိခွိရီရင်း “ ဖေကြီးက ရုပ်ဆိုးကြီး” တဲ့။ မေမေကဘာလို့ ချစ်တာလည်းတဲ့။ ကျန်သမီး ၂ ယောက်ကလဲဝိုင်းကြည့်ရင်း “ ဒီပုံက ရီစရာကြီးတဲ့” ။ သမီးတွေကို “ ဟဲ့ ချောပါတယ်၊ စိတ်ထားကောင်းလို့ ချစ်တာပေါ့” လို့ မခံချင်သလိုလို ပြန်ပြောတော့ သမီးကြီးက “ ကိုယ်ထင် ကုတင်–လို့ဆိုသည်။ သမီးလတ်က “ခြေလေးချောင်း” လို့နောက်သည်။ သမီးတွေနှင့်စကားနိုင်လုရင်းဓာတ်ပုံတွေအတူတူပြန်ကြည့်ကြသည်။

###

အရင်တုန်းကတော့ စောင့်ရမှာ သိပ်ကိုကြာမယ်ထင်ခဲ့သည့်အချိန်တွေသည် ကိုယ်ဆီရောက်လာချိန် အတိတ်ကိုပြန်အလှည့်မှာ မြန်လိုက်တာလေ။ ခုတော့ ၁၅ နှစ်တာရုပ်ပုံလွှာတွေဟာဖြတ်ကနဲ၊ ဖြတ်ကနဲ။

ပထမဆုံးဝင်လာတဲ့ ရုပ်ပုံလွှာကတော့ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါ်ခင်မွန်ရဲ့ လက်ကို အတင်းကိုင်လှုပ်ရင်း ခွဲမွေးပေးပါ၊ကျမ ရိုးရိုးမမွေးနိုင်လို့ပါ လို့ ငေးတိငေးကြောင်နဲ့ပြောမိပြောရာပြောနေတဲ့ကျမပါ။ ကျမကို ဆရာမကြီးက ပထမတော့ချော့ပါတယ်။ အဒေါ်တွေ၊ ညီမတွေ၊ ယောင်းမတွေအားလုံးကလည်း အနားမှာ စိတ်ပူစွာနှင့် ခွဲမွေးပေးစေဖို့အားသန်နေကြသည်။ နောက်ဆုံးတော့ဆရာမကြီးက ကျမလက်ကိုဖယ်လိုက်ပြီး ခပ်မာမာနဲ့ “ သွား ဒပ်ဖရင်ကို ငါ့တပည့်တွေလည်း ငါ့လိုပဲ အားလုံးလုပ်နိုင်တယ်၊ မင်းလည်းလုပ်နိုင်တယ် ရေမွှာတောင်ပေါက်နေပြီ ရိုးရိုးပဲမွေးရမယ်” ဆိုပြီး မာန်လွှတ်လိုက်ပါသည်။ ခင်ပွန်းသည် မဆုံးမီကတည်းက သူ့ဆီမှာ ကိုယ်ဝန်အပ်ထားတာမို့ အဖြစ်အပျက်တွေအားလုံးကို ဆရာမကြီးကသိနေသည်။

နောက်ဆုံးမှာတော့ ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ်မှာ သမီးငယ်လေးကို ချောချောမောမောမွေးဖွားနိုင်ခဲ့သည်။အံ့သြဖွယ်ရာပင် ကျမစိတ်တွေသည် မီးဖွားပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေရှိလာခဲ့သည်။ ဆရာမကြီးဒေါ်ခင်မွန်လာရောက်ချိန်မှာ မေတ္တာပြည့်သောမျက်ဝန်းများနှင့် ကျမကိုကြည့်ရင်း “ ညည်းက ရှေ့လျှောက် လုံခြည်ကို တိုတိုတင်းတင်း ၀တ်ပြီးခရီးဆက်ရမှာ။ မလိုအပ်ပဲခွဲတာစိတ်တာတွေ မလုပ်ချင်လို့” ဟုပြောရှာသည်။ ဆရာမကြီး၏ကျေးဇူးတရားများကို ကျမအမြဲအမှတ်ရနေပါသည်။

###

ဒုတိယရုပ်ပုံလွှာကတော့ မြန်မာနိုင်ငံက သင်္ဘောကော်ပိုရေးရှင်းကြီးရဲ့ အခန်းတစ်ခန်းမှာပါ။ မျက်နှာထားခပ်တင်းတင်းနဲ့ အမျိုးသမီးဟာ သူ့စားပွဲပေါ်က ဖိုင်ကြီးကိုလှန်ပြရင်း “ မင်းကိုယ်တိုင်လက်မှတ်ထိုးယူထားပြီးပြီလေ၊ နောက်ပြီး မင်းအမျိုးသားက Duty ချိန်မှာ ဖြစ်တာမဟုတ်ဘူး၊သင်္ဘောသားတွေကို Dinner လိုက်ကျွေးပြီးအပြန်မှာ ဖြစ်တာ သောက်စားလာချိန်ဖြစ်မှာပေါ့” တဲ့။ သေသူရဲ့သိက္ခာကို ထိပါးတဲ့ စကားတွေကြောင့် တကိုယ်လုံးပူထူပြီး တဆတ်ဆတ်တုန်နေမိသည်။

သူမက Duty ချိန်မဟုတ်ဖူးလို့ပြောနေပေမယ့် P&I Club (Protection and indemnity insurance) က ပေးထားသော လျှော်ကြေးငွေ ဒေါ်လာ လေးသောင်းခြောက်ထောင်ကျော် စာရင်းစာရွက်က ကျမရှေ့ မှာ။ အရာရှိအမျိုးသမီးက မပြလိုပေမယ့် သူမရဲ့ ရုံးခန်းထဲက စာရေးကြီးက ဖိုင်တွဲထားသောထိုစာရွက်ကိုသေချာလှန်ပြပြီး ပါးစပ်ကလည်း ဂဏန်းအရေအတွက်ကို ရွတ်ပြနေသည်။ ကော်ပိုရေးရှင်းကြီးမှ ကျမအမျိုးသားရရှိသောလျော်ကြေးငွေ (ဒေါ်လာ) ကို မြန်မာငွေ ခြောက်ကျပ်နှုန်းနှင့်တွက်ကာ အမျိုးသားအရိုးအိုး မြန်မာပြည်မရောက်ခင်မှာပင် အိမ်ကိုလာ၍ သူတို့်ကော်ပိုရေးရှင်းမှ ထောက်ပံ့ကြေးလိုလို နှင့် ငွေ ၃ သိန်းပေးပြီး ကျမကိုလက်မှတ်ထိုးခိုင်းခဲ့တာဖြစ်သည်။

ဒီအကြောင်းတွေကိုသိသော မိတ်ဆွေများက ကျမဘက်မှ ဒေါ်လာငွေအတိုင်းရဖို့ အသနားခံတင်ပြကာတောင်းစေခြင်းဖြစ်သည်။ (စင်ကာပူမှအန်ကယ်ဦးစိုးအောင် ရဲ့ အားပေးမှုတွေကို သတိတရရှိမိသည်။) မိတ်ဆွေသူငယ်ချင်းများအားပေးမှုကြောင့် တစ်နှစ်ကျော်အားမွေးပြီး ဒီရုံးခန်းဆီရောက်လာခြင်းဖြစ်သည်။ဒါပေမယ့် အမျိုးသမီးထပ်ပြောလိုက်သည့်စကားကြောင့် ကျမအမျိုးသားနှင့်ပတ်သက်သည့်မည်သည့်ခံစားခွင့်ကိုမှထပ်တောင်းချင်စိတ်မရှိ။ ထိုကော်ပိုရေးရှင်းနှင့်လည်း ထိုအချိန်မှစ ဘာကိုမှ အဆက်အစပ်မလုပ်ခဲ့တော့ပေ။ သူမက “ ကျမတို့ကော်ပိုရေးရှင်းက သင်္ဘောသားတွေအတွက်အာမခံကြေးတွေကို တလျှောက်လုံးသူတို့ဆီသွင်းနေရတာ၊ ဒီလိုကိစ္စမျိုးဖြစ်မှ ကြုံတောင့်ကြုံခဲ ပြန်ရတာပါတဲ့။

###

မေတ္တာတွေ၊ ခေါင်းပုံဖြတ်တာတွေစသည်ဖြင့် အဖြစ်အပျက်အကောင်း အဆိုးအစုံစုံသည် ကျမကို တဖြည်းဖြည်း ပိုမိုခိုင်မာစေခဲ့သော အတွေ့အကြုံများဖြစ်ခဲ့သည်။

ဒီလိုနှင့် သူ၏အရိုးအိုးဂူသွင်းထားရာရေဝေးသုသန်ဆီ သူဆုံးပြီး၁၂ နှစ်အကြာမှာ သမီးငယ်နှင့်ရောက်ခဲ့သည်။ ကျမဦးလေးမိသားစုနှင့်အတူ (သူတို့သားငယ် ကျမ မောင် တစ်ဝမ်းကွဲအုတ်ဂူနှင့် အမျိုးသားအုတ်ဂူက ယှဉ်ရက်ပါ) ဂူပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ကြသည်။ သမီးငယ်က နံဘေးအုတ်ဂူက စာတွေကိုဖတ်ရင်း အုတ်ဂူတွေအများကြီးပဲနော်လို့ တအံ့တသြပြောသည်။ ကျမက ဂူသန့်ရှင်းရေးကူလုပ်နေသော ကလေးငယ်ကို မုန့်ဘိုးပေးရင်း သားက ကျောင်းနေသေးလားလို့မေးကြည့်တော့ ၅ တန်းတက်နေပါတယ်တဲ့။ မလှမ်းမကမ်း အုတ်ဂူတွေကြားက သူတို့ တဲလေးကို လက်ညှိုးထိုးပြသည်။ သားမှာ သူငယ်ချင်းတွေဘယ်နှစ်ယောက်ရှိလဲ ဆိုတော့ အများကြီးပဲဟုပြောသည်။ ထိုနေ့က ကျမစိတ်ထဲ သေဆုံးသွားသူတွေရဲ့အကြောင်းထက် ဂူနံဘေးက သက်ရှိလူသားတွေကိုပိုစိတ်ဝင်စားခဲ့သည်။

###

ည ကတော့ သူ့ကိုအိပ်မက် မက်သည်။ မတွေ့ရတာအကြာကြီးပဲ ဘယ်တွေသွားနေလဲလို့ ကျမက သူ့ကိုမေးတော့ သူ နောက်မိန်းမ ထပ်ယူထားသည်တဲ့။ ‘ ၀ုန်းကနဲ’ ကျမလန့်နိုးသွားခဲ့သည်။ ရင်တွေခုန်ရင်း စိတ်ဆိုးနေသလိုလို။ မနက်လင်းလုပြီမို့ အိပ်ရာထ ကိုယ်လက်မျက်နှာသန့်စင်ပြီး ထုံးစံအတိုင်း YTU ကျောင်းဘက်ဆီလမ်းလျှောက်ထွက်ခဲ့သည်။

လမ်းမှာ အိပ်မက်ကို ပြန်တွေးရင်း တနုံ့နုံ့ဖြစ်ကာ ယောင်းမဆီဖုန်းဆက်မိသည်။ သမီးတွေခေါ်သလို “အန်တီထွေးရေ ညက အမ အိပ်မက်ထဲ နင့်အစ်ကို နောက်မိန်းမယူသွားတယ်ဟယ်” ချစ်သောယောင်းမက ဖုန်းထဲကနေ ရယ်မောရင်း “ အိပ်မက်ထဲယူတာ ယူပါစေ” တဲ့။
သူပြောမှ ကျမလဲ တစ်ယောက်ထဲ အသံထွက်အောင်ရယ်လိုက်မိသည်။
‘ဟုတ်တယ်— သူအပြင်မှာ ယူလို့မရတော့ဘူး’ ။သူများတွေစိတ်ပူသလို ငါပူစရာမလိုတော့ပါလား ဆိုတဲ့အတွေးနဲ့ ကျေနပ်သွားသည်။

စိတ်ဆိုသောအရာသည် အရောင် စုံပြောင်းလဲနေပါလား။ ကျောင်းရှေ့ ရေပန်းနံဘေးမှာထိုင်ရင်း အမှတ်မထင် နံဘေးက ရေပန်းအလှူရှင်ကြေးပြားလေးကို တွေ့မိသည်။ အမည်တွေကိုကြည့်မိတော့ သူငယ်ချင်းတွေပါလား။ ဟော စိတ်ကလေးက ပြေးပြန်သည်။ ကျမစိတ်တွေတောရောက် တောင်ရောက်ကို လိုက်ဖမ်းတော့ ဖမ်းလို့ကိုမမိနိုင်။ အရောင်စုံ ပြေးနေသောစိတ်ကလေးကိုကြည့်နေရင်း နှင့် ကောင်းကင်ပြာကြီးသည် ကျယ်သည်ထက်ကျယ်ပြောလာကာ ကျမသည် ကောင်းကင်အောက်က အစက်ကလေးတစ်စက်ဖြစ်နေသည်။

“ ဟေး – – ဒီနေ့ နောက်ကျနေပါလား” လို့ မနက်တိုင်းတွေ့နေကျ ကျောင်းထဲက ဆရာမက နှုတ်ဆက်တော့ ပြန်လက်ပြလိုက်သည်။ လန်းဆန်းသောမနက်ခင်းလေကို တစ်ဝကြီးရှု၊ ပြာစင်သောကောင်းကင်ကြီးကိုမော့ကြည့်ရင်း (ခုတော့ ကျမ ကောင်းကင်ကြီးကိုမော့ကြည့်ရဲပါပြီ) လောကကြီးကို ချစ်ခင်စွာ ကျမလမ်းဆက်လျှောက်ခဲ့ပါသည်။

`ခင်ဗျားရဲ့မျက်ရည် ဝန်ထုပ်ဝန်ပိုးအားလုံး ဆုံးရှုံးခဲ့ရပြီလား’ အတန်ကြာခပ်မဆိတ်နေပြီးမှ ဒီစကားကို ကိုယ်ပြောမိတယ်။
ဆိတ်ငြိမ်စွာနေရင်းက သူပြုံးရှာတယ်။ သူ့မျက်ရည်တွေဟာ အပြုံးဘာသာကိုသင်ကြားဖို့ အချိန်ရခဲ့ပြီနဲ့တူရဲ့လို့ ကျွန်တော် တွေးတောခံစားမိတယ်။
`ကြေကွဲရမှုတွေကို အမြဲတစေအမြတ်တနိုး ရင်ခွင်ပိုက်ပစ္စည်းအဖြစ်နဲ့ ထားပါ့မယ်လို့ တခါတုန်းက မင်းပြောခဲ့တယ်မဟုတ်လား’ လို့ သူက ညှင်းသွဲ့စွာမေးပြန်တယ်။
`ဟုတ်ပါတယ်။ ဒါပေမဲ့ အချိန်တွေကြာညောင်းတော့လည်း အားလုံးကို ကိုယ်မေ့သွားပြီလေ’ လို့ရှက်ပြုံးနဲ့ပြောရတယ်။
`မင်းလဲပြောင်းလဲခဲ့ပြီပဲ’
သူ့လက်ကိုဆွဲကိုင်ရင်း ကိုယ်ပြောပြန်တော့ `တခါတုန်းက သောကတွေဟာ ခုတော့ငြိမ်းချမ်းမှုဖြစ်နေပြီလေ’ လို့သူကပြန်ပြောတော့တယ်။
ရာဘင်ဒြာနတ်တဂိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်