မောင်လှဝင်း (မြင်းခြံ) ● အလွမ်းညို့သန်း ဝ တောင်တန်းမှာ (၃)

January 17, 2017

မောင်လှဝင်း (မြင်းခြံ) ● အလွမ်းညို့သန်း ဝ တောင်တန်းမှာ (၃)
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၇

● တောင်တန်းပေါ်က ဆရာဝန်မ
ကျွန်တော်ငယ်စဉ်က ဘဝသံသရာ ရုပ်ရှင်ကား ကြည့်ခဲ့ရတော့ စိတ်ထဲမှာစွဲနေတဲ့ မြင်ကွင်းတခု ရှိခဲ့တယ်။ နှင်းမြူတွေ ဆိုင်း နေတဲ့ ရှမ်းတောင်တန်းတွေပေါ်မှာ ဆရာဝန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက် ဇေယျကြီးက လားတွေမြင်းတွေပေါ်မှာ ဆေးအိတ်တင်ပြီး တောင်တန်းတွေက ဆင်းရဲသားတိုင်းရင်းသားပြည်သူလူထုကို မေတ္တာစေတနာတွေနဲ့ဆေးလိုက်ကုပေး နေတဲ့အခန်းပါ။ (အဲဒီအချိန် ငယ်စဉ်က ဒီမြင်ကွင်းစိတ်ကစွဲပြီး ကြီးလာရင် ဆရာဝန်ဖြစ်ချင်စိတ် ပေါက်မိတယ်။ ဒါပေမဲ့ ဆ ရာဝန်တော့ ဖြစ်မလာပါ။ တော်လှန်ရေးသမားနဲ့ ကွန်မြူနစ်တော့ ဖြစ်လာခဲ့တယ်။)

ကျွန်တော်တို့ကိုယ်တိုင် လားတွေ မြင်းတွေပေါ်မှာ ဆေးအိတ်တွေတင်ပြီး တောင်တန်းတွေပေါ်က ဆင်းရဲသားလူနည်းစုတိုင်းရင်းသားပြည်သူတွေထံ ဆေးကုသွားခဲ့ရမယ်လို့ စိတ်ထားမှာ တခါမှ မျှော်မှန်းမထားခဲ့ဖူးဘူး။

ကာဝိုင်းရွာကလေးမှာ ခရီးထောက် တညနားခိုပြီး နောက်နေ့ မနက်ဝေလီဝေလင်း ကျွန်တော်တို့ခရီးထွက်လာတော့ တောင် ပေါ်ဒေသထုံးစံအတိုင်း နှင်းမြူတွေ သိပ်သိပ်သည်းသည်း မှိုင်းမှုန်ဝေသီနေဆဲပါ။ လား လေးငါးကောင်လောက်ပေါ်မှာ ဆေး အိတ်တွေ၊ ဆေးကုသရေးကိရိယာတွေ၊ ဆေးဝါးတွေ မြို့နယ်တခုလုံး လိုက်လံဆေးကုသဖို့အတွက် အစုံအလင် ပါရှိခဲ့ပါ တယ်။ အရံသင့်သုံးလို့ရတဲ့ ဒရစ်သွင်း ဆေးအိတ်တွေလည်း အတော်များများ ပါရှိလာခဲ့ပါတယ်။ မြင်းလားတွေမှာ ဆေးကုသ ရေးကိရိယာတွေနဲ့ ဆေးဝါးတွေပဲတင်ပြီး ဆရာဝန်တွေ ရဲဘော်တွေကတော့ ခြေလျင်ပဲလျှောက်ကြရပါတယ်။

ကာဝိုင်းရွာကနေ တောင်မြင့်ပေါ်က လူသွားလမ်းကျဉ်းလေးအတိုင်း  ဒေါက်တာလှကျော်ဇောနဲ့ သူရဲ့ အလုပ်သင်ဆရာဝန် လေးတွေ၊ ဆေးလုပ်သားတွေနဲ့ကျွန်တော်တို့တတွေ ထွက်လာခဲ့ရာမှာ ကိုယ့်ရှေ့ လေးငါးခြောက်လံလောက်ကိုသာ လမ်း ကို မြင်ရပါတယ်။ နှင်းမြူတွေ ဆိုင်းနေလို့ရှေ့တခေါ်လောက်ကိုဆိုရင် သဲသဲကွဲကွဲ မမြင်ရပါ။ အဲဒီတခေါ်လောက်ဆီကပဲ ငိုသံယိုသံတွေ ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒါနဲ့ကျွန်တော်က ဆေးကုသရေးအဖွဲ့လူတန်းတွေ မြင်းတွေကို ခဏ လောက် ရပ်တန့်နေစေပြီး ကျွန်တော်နဲ့ ကျွန်တော်ရဲ့ ဘာသာပြန်ရဲဘော်လေးက ရှေ့ကိုဆက်သွားပြီး ဘယ်သူတွေလဲ၊ ဘာ ဖြစ်တာလဲဆိုတာ ရှေးဦးသွားကြည့်ကြပါတယ်။

တောင်ပေါ်ရွာလေးတရွာက ဝအမျိုးသား အမျိုးသမီးတွေပါပဲ။ လေးငါးခြောက်ယောက်လောက် ရှိပါမယ်။ လမ်းခရီးမှာ သူ တို့ရဲ့ ကလေးငယ်သေသွားလို့ ငိုယိုနေကြတာပါ။ ကျွန်တော်တို့ ဆေးကုသရေးအဖွဲ့တွေ ကာဝိုင်းရွာမှာ ရှိနေတယ်ဆိုလို့ သူတို့ လာပြကြတာပါ။ ညက ကလေးအပြင်းဖျားတာ မသက်သာလို့အခု နံနက်စောစော ကျွန်တော်တို့ဆီထွက်လာရင်း အခုလို ကလေးဆုံးသွားတယ်လို့ ပြောပြကြပါတယ်။

ဒါနဲ့ကျွန်တော်လည်း နောက်ကြောင်းပြန်လှည့်ပြီး ရဲဘော်လှကျော်ဇောကို အကျိုးအကြောင်းပြောပြကာ သူတို့ကို ခေါ်လာ ခဲ့ပါတယ်။  ရှေ့ရောက်တော့ ကလေးသေလို့ငိုနေတဲ့ လူအုပ်ကို ရဲဘော်လှကျော်ဇောတို့ တွေ့ဆုံမိပါပြီ။ ကလေးမိဘတွေကို ရဲဘော်လှကျော်ဇောက တွေ့ဆုံပြီး မေးမြန်းစုံစမ်းပါတယ်။ ညက အပူကြီးလို့ ကလေးငါးခါခြောက်ခါလောက် တက်သွား ကြောင်း ပြောပါတယ်။ ရဲဘော်လှကျော်ဇောက သေသွားတယ်ဆိုတဲ့ ကလေးကို သူကြည့်ဦးမယ်တဲ့။

သူနဲ့သူရဲ့ အလုပ်သင်ဆရာဝန်လေးတွေ သေသွားတယ်ဆိုတဲ့ ကလေးအလောင်းကို လက်နှိပ်ဓာတ်မီးတွေ ထိုးပြီး (အ လင်းရောင် ကျမလာသေး) စမ်းသပ်ကြည့်ရှုကြပါတယ်။ ကျွန်တော်ကတော့ ဘာမှ နားမလည်တော့ ခပ်လှမ်းလှမ်းကပဲ ရပ် စောင့်ကြည့်နေပါတယ်။

“ဟယ်…မသေသေးဘူး။ အပူကြီးလို့တက်ပြီး မျောနေတာ။ မြန်မြန်လုပ်….မြန်မြန်လုပ်” ရဲဘော်လှကျော်ဇောက သူ့တပည့် အလုပ်သင်ဆရာဝန်မလေးတွေကို ဘာတွေယူခဲ့ ဘယ်လိုလုပ် စသဖြင့် ညွှန်ကြားနေတယ်။ ကျွန်တော်က ကလေးရဲ့မိခင် မျက်နှာဟာ ကလေး မသေသေးဘူးဆိုတာနဲ့ ချက်ချင်းဝင်းလက်သွားတာ သတိပြုလိုက်မိတယ်။ ကလေးမိဘတွေနဲ့ ရွာသားတွေက သူတို့ရဲ့ဗဟုသုရှိသလောက်နဲ့ ကလေးသေပြီလို့ ဆုံးဖြတ်လိုက်ကြတာကိုး။

သူတို့ ဆရာဝန်တသိုက် ကလေးအနားမှာ ပြုစုကုသတာတွေနဲ့အလုပ်ရှုပ်သွားတယ်။ ဆေးတွေထိုးတယ်။ တောင်မြင့်ကြီး ပေါ်က လူသွားလမ်းလေးပေါ်မှာပဲ ဒရစ်သွင်းတာ လုပ်တယ်။

အတော်လေးကြာတော့ ရဲဘော်လှကျော်ဇောက ကျွန်တော်နဲ့ကလေးရဲ့မိဘတွေကို ပြောပြတယ်။ “ကလေး မသေတော့ပါ ဘူး။ ဒါပေမဲ့ တရက်ကျော်ကျော်လောက်တော့ ကျွန်မတော့ ဆက်ပြီးစောင့်ရှောက်ပေးဖို့ လိုတယ်။ စီစဉ်ပေးပါ”တဲ့။

ကလေးမိဘတွေ လာတဲ့ ရွာက နည်းနည်းဝေးတယ်။ အဲဒီနေရာထိ ကလေးကို ပြန်ခေါ်မသွားသင့်ဘူး။ ဒါနဲ့ကျွန်တော်တို့ အဲဒီလမ်းရဲ့အောက် နည်းနည်းသွားရင်ရောက်တဲ့ ရွာကလေးဆီကို လူမမာကလေးနဲ့မိဘတွေရော ကျွန်တော်တို့ ဆေးအဖွဲ့ တွေပါ ဆင်းသွားခဲ့ကြပါတယ်။

ရွာလူကြီးတွေခေါ်ပြီး အကျိုးအကြောင်းပြောပြကာ နေရာထိုင်ခင်း စီစဉ်ခိုင်းရပါတယ်။ သင့်တော်တဲ့ အိမ်ကျယ်ကြီးတအိမ်မှာ ကလေးကို ဆေးကုသပေးသလို အဲဒီရွာမှာရှိတဲ့ လူမမာတွေကိုလည်း ဆေးကုပါတယ်။ ညကျ အဲဒီရွာလေးမှာ တရွာလုံးက လူတွေခေါ်ပြီး ကျန်းမာရေးအသိ ရရှိပေးဖို့ ဟောပြောပွဲစီစဉ်ပြီး ဟောပြောတာလည်း လုပ်ရပါတယ်။ သေပြီဆိုတဲ့ ကလေး ငယ် စိတ်ချရလောက်အောင် ပြန်ကောင်းလာတော့ ကျွန်တော်တို့ အဲဒီရွာကနေ ရှေ့ဆက်ခရီးထွက်ခဲ့ကြပြန်ပါတယ်။ ဆေး အဖွဲ့က အသက်ကယ်ပေးလိုက်ရတဲ့ အဲဒီကလေးရဲ့နာမည်ကိုတော့ ကျွန်တော် ခုထိမှတ်မိနေဆဲပါ။ “အိုက်အောင်” တဲ့။

ကျွန်တော်တို့ခရီးစဉ်က မြို့နယ်တခုလုံး တတောင်ဆင်း တတောင်တက်၊ တရွာဝင် တရွာထွက်နဲ့ဆေးကုသတာ၊ ဆေးပေး တာ၊ ကျန်းမာရေးဟောပြောပွဲလုပ်တာတွေလုပ်ဆောင်တဲ့ ခရီးစဉ်ပါ။ ဝမ်းရောဂါလို ကပ်ရောဂါဖြစ်တယ်လို့ယူဆရတဲ့ ဒိုင် နယ်နဲ့ကျေးရွာတွေကို ဦးစားပေးသွားရောက်ကုသရပါတယ်။ လမ်းကျတဲ့ ရွာတွေမှာ စတည်းချပြီး အနီးအနားက လူနာတွေ လာရောက်ပြီး ကုသခိုင်းရပါတယ်။ ရွာတိုင်းတော့ မသွားနိုင်ပါ။ သိပ်ပြင်းထန်တဲ့ လူနာ၊ ဆေးကုသတဲ့ဆီ မလာနိုင် လောက်အောင် ရောဂါပြင်းထန်တဲ့လူနာဆိုရင်တော့ ဆရာဝန် ဆရာဝန်မလေးတွေ ၂ ယောက်တတွဲ၊ သုံးယောက်တတွဲ စေ လွှတ်ပြီး သွားရောက်ကုသစေပါတယ်။

ရဲဘော်လှကျော်ဇောရဲ့ အလုပ်သင်ဆရာဝန်လေးတွေမှာ လူမျိုးစုံလင်ပါတယ်။ ဝ အမျိုးသား အမျိုးသမီးတွေပါသလို အ လယ်ပိုင်း ပြောက်ကျားဒေသကနေ ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ ပန်ဆန်းကိုလာပြီး ဆေးပညာသင်ယူနေကြတဲ့ ရှမ်း၊ ပအို့၊ အင်းသား အမျိုးသား အမျိုးသမီးလေးတွေလည်း ပါဝင်ကြတယ်။ ရဲဘော်လှကျော်ဇောက သူ့တပည့် အလုပ်သင်ဆရာဝန် လေးတွေကို လူနာများကို လက်တွေ့ကုသရင်း လက်တွေ့သင်ကြားပြသပေးတာလည်း လုပ်ရပါတယ်။ ညကျလို့ ကျန်းမာ ရေး လူထုဟောပြောပွဲတွေ ကျရင်လည်း သူပဲ အဓိကဟောပြောရတာပါ။

(ပါတီရဲ့ ခွင့်ပြုမှုနဲ့ညွှန်ကြားမှုအရ လူထုဆေးကုသရေးအတွက် ဝနယ်လူထုကျန်းမာရေးဆိုးတဲ့အခါမှာ ကျွန်တော်က ပန် ဆန်းဆေးရုံကို ဖြစ်စေ၊ ရဲဘော်လှကျော်ဇောရဲ့ ပါတီဗဟိုဆေးကျောင်းဖြစ်စေ လိုက်လံကုသပေးဖို့ တောင်းဆိုရတယ်။ အဲဒီ အခါမှာ ဆေးရုံကဖြစ်စေ၊ ဆေးကျောင်းကဖြစ်စေ ဆေးဆရာဝန်တွေနဲ့ လူတွေစီစဉ်ပေးပြီး တောင်တွေပေါ် လိုက်လံကု သပေးစေတယ်။ တကြိမ်တည်းနဲ့ပြီးသွားတဲ့ နယ်လှည့်ဆေးကုသရေးမဟုတ်ပါ။ အကြိမ်ကြိမ် လူထုကျန်းမာရေးအတွက် ဆေးကုသရေးခရီးတွေ ကျွန်တော်တို့ ထွက်ခဲ့ကြပါတယ်။ တခါတလေ ရဲဘော်လှကျော်စော ခေါင်းဆောင်လိုက်ပါတတ်သလို တခါတလေ ဆေးရုံက ဒုနိုင်ငံရေးမှူး ရဲဘော်ငွေ၊ တခါတလေ ဆေးရဲမှ ဆေးတာဝန်ခံရဲဘော်တချို့ ဦးစီးလိုက်ပါတတ် ကြပါတယ်။)

ခရီးက ပင်ပန်း၊ ကုသပေးရတဲ့ လူနာတွေများပြား (တရွာလုံးနီပါး ဖျားနာနေကြတဲ့ရွာတွေလည်း ရှိပါတယ်) လို့ မောပန်းကြ ပေမယ့် ဆေးအဖွဲ့ဝင်အားလုံးဟာ ပျော်ရွှင်တက်ကြွနေကြပါတယ်။ ပြည်သူ့အကျိုးကို ထိထိရောက်ရောက် ဆောင်ကြဉ်းပေး ရတဲ့လုပ်ငန်းတခုကို စီစဉ်ပါဝင်လုပ်ဆောင်ရတဲ့အတွက် ကျွန်တော်လည်း ဝမ်းသာဂုဏ်ယူနေမိပါတယ်။ သက်ဆိုင်ရာ ဒိုင် နယ်ကျေးရွာခေါင်းဆောင်တွေက ဆေးအဖွဲ့ဝင်တွေအတွက် အစားအသောက်တွေကို သူတို့အတတ်နိုင်ဆုံး အကောင်းဆုံး စီစဉ်ပြုစုကြပေမယ့်လည်း သူတို့ ဝ အမျိုးသား ဓလေ့ထုံးစအရ ချက်ပြုတ်တာဆိုတော့ မြို့ကြီးတွေပေါ်က ဧည့်ခံထမင်း ဝိုင်း တွေလောက်တော့ ဘယ်ကောင်းနိုင်ပါ့မလဲ။ အစားဆင်းရဲတာ ခံနိုင်ကြပေမယ့် အိပ်တာမှာတော့ နည်းနည်း ပြဿနာရှိတယ်။ တချို့ရွာတွေမှာ ကြမ်းပိုး လွန်လွန်းအောင်ကို ကိုက်တယ်။ နှစ်နဲ့ချီပြီး မွေးထားတဲ့ ကြမ်းပိုးတွေလားလို့ထင်ရလောက်တယ်။ လူတွေထိုင်နေတဲ့အနား ကြမ်းပိုးတွေ ပြေးလွှားနေတာတောင် မြင်ရတဲ့အိမ်တွေ ရှိပါတယ်။

ပန်ဆန်းမြို့နယ်က ရွာတွေအားလုံးဟာ ဝရွာတွေချည်း မဟုတ်ပါဘူး။ တချို့က ရှမ်းရွာ၊ တချို့က လားဟူရွာ စသဖြင့် ရှိနေကြတာပါ။ လားဟူရွာတရွာမှာ ရယ်စရာတခု ကြုံရပါတယ်။ အိမ်ခြေမများလှပါ။ နှစ်ဆယ်လောက်သာရှိတဲ့ ရွာငယ်လေး ပါ။ အဲဒီရွာမှာ (ကိုဆော့) ဆိုတဲ့ ရဲဘော်ဟောင်းကြီးတယောက် အိမ်ထောင်ကျနေပါတယ်။ သူက သခင်ဗသိန်းတင်တို့၊ ရဲ ဘော်ကြည်ပြိုင်တို့ ဒီဘက်တက်လာကတည်းက ပါလာတဲ့ ရဲဘော်ဟောင်းကြီးတယောက်ပါ။ ခိုင်းတာသာ လုပ်တတ်သူဖြစ်ပြီး ဘာရာထူးအဆင့်မှလည်း ရသူမဟုတ်ပါ။ ရိုးတော့ ရိုးသားလှတဲ့ ရဲဘော်ဟောင်းကြီးပါ။

ကျွန်တော်တို့ အဲဒီရွာမှာ ဆေးကုတော့ “ဘယ်လို ဖြစ်တာလဲ” လို့ လူနာကိုမေးတိုင်း စကားပြန်က ဘာမှမပြန်ရသေးဘူး၊ လူနာက သူ့မှာ ဘယ်လိုဖြစ်တာဆိုပြီး သူ့ဝေဒနာတွေကို ဗမာလိုပြောပြနေပါတယ်။ နောက်တယောက် လူနာ။ အဖျားတက် တာ ဘယ်နှစ်ရက်ရှိပြီလဲလို့မေးတာ စကားပြန်က ဘာသာမပြန်ရသေးဘူး၊ လူနာက ဗမာစကားနဲ့ ပြန်ဖြေနေပြန်ပါရော။ ကျွန်တော်က မနေနိုင်တော့ဘဲ “ဘယ်လိုလဲ….ခင်ဗျားတို့က တရွာလုံး ဗမာစကားတတ်နေကြသလား” ဆိုတော့ ….

“ဟုတ်တယ်…ကျွန်မတို့မတတ်လို့ ဘယ်ရမလဲ။ ကိုဆော့ကို လားဟူစကားသင်ပေးတာ သူက လုံးလုံးသင်မရတော့ ကျွန်မ တို့ကပဲ ဗမာစကားသင်လိုက်ကြရ၊ တတ်လိုက်ကြရတာပေါ့” တဲ့။ ဦးဆော့တယောက်ကြောင့် တရွာလုံး ဗမာစကားတတ် သွားတဲ့ ရွာကလေးလို့ ကျွန်တော်သတ်မှတ်မိပါတယ်။

တချို့ရွာတွေမှာ ရဲဘော်လှကျော်ဇော၊ အလုပ်သင်ဆရာဝန်လေးများ၊ ပန်ဆန်းဆေးရုံက ဆေးလုပ်သားလေးများ လူတွေအ များကြီး ဆေးထိုးတာတောင် မလုံလောက်လို့ကျွန်တော် ဆေးထိုးသင်ပြီး ဝင်ထိုးပေးရတာတောင် ရှိပါတယ်။ ဝ အမျိုးသမီး တယောက်ကို ဆေးထိုးပေးတာ သွေးကြောနည်းနည်းထိမိပြီး သွေးစို့လာကတည်းက ကျွန်တော် နောက်နောင် ဆေးမထိုး တော့ပါဘူး။

ရဲဘော်လှကျော်ဇောဟာ ဒီလိုဆေးကုသရေးတာဝန်၊ ဟောပြောရေးတာဝန်တွေနဲ့ ပင်ပန်းရုံမက ခရီးသွားလာရေးမှာ မြင့်မား လှတဲ့ တောင်တန်းကြီးတွေရဲ့ အဆင်းအတက်တွေကို မညည်းမညူ ဇွဲနဘဲနဲ့အံခဲလမ်းလျှောက်တယ်။ မြင်းလားတွေအပိုပါတာ စီးလို့ရပေမယ့် သူက ဆေးအဖွဲ့တခုလုံးရဲ့ခေါင်းဆောင်။ သူ့ရဲဘော်တွေနဲ့အတူတွဲလျှောက်ပြီး ခက်ခဲပင်ပန်းမှုတွေကြား ခြေထောက်တွေ ပေါက်ပြဲတဲ့အထိ ကြိုးစားလျှောက်လှမ်းခဲ့ပါတယ်။ (ရှေ့တန်း စစ်မြေပြင်ဆေးရုံ ဝါးရုံတောထဲမှာ ဖွင့်လှစ် ကုသရတဲ့အခါလည်း သူ့ရဲ့တော်လှန်ရေးအကျိုးပြုစိတ်ဓာတ်ကို  ဖော်ပြနိုင်ခဲ့တယ်။) ကျန်တဲ့ ဆေးအဖွဲ့ဝင် ရဲဘော်တွေ လည်း သူ့လိုပဲ အဆင်းရဲအပင်ပန်းခံ စိတ်ဓာတ်နဲ့သည်ခရီးစဉ်မှာ ကြိုးစားခဲ့ကြတယ်။ အားလုံးဟာ ပါတီအသွးအသားထဲက နီမြတဲ့ သွေးရည်တစက်၊ အစိတ်အပိုင်းတခုပဲ မဟုတ်ပါလား။

ရဲဘော်လှကျော်ဇောက လူနာတယောက်ရဲ့ ပြီတည် ယောင်ကိုင်းနေတဲ့ အတော်ကြီးတဲ့အနာတလုံးကို ခွဲစိတ်တဲ့ဖြစ်ရပ်ကို ဒီခရီးစဉ်အတွင်း ကျွန်တော့်စိတ်ထဲ အမှတ်ထင်ထင် ဖြစ်နေခဲ့ရပါတယ်။ တောင်ပေါ်က ရွာကလေးမှာ ခွဲရတာဆိုတော့ ဘာ မေ့ဆေး ထုံဆေးမှ မပါရှိနိုင်ပါ။ ဒီအတိုင်း အစိမ်းလိုက်ပဲ ခွဲရပါတယ်။ ခွဲလိုက်လို့အနာထဲက ပြည်တွေလည်း ထွက်လိုက်ရော ဆိုးလိုက်တဲ့ အနံ့အသက်။ ဆိုးဆိုးရွားရွား ပုပ်နေတဲ့ ပြည်တွေလို့ထင်ပါတယ်။ ကျွန်တော်ရော ဘေးကကူပေးနေတဲ့ ဆေးကျောင်းသူလေးတွေရော အိမ်အပြင် ဝရံတာဘက်ထွက်ပြီး ဝေါ့ဝေါ့နဲ့ ထိုးအန်ကုန်ကြတယ်။ ရဲဘော်လှကျော်ဇော တ ယောက်ဘဲ မရွံမရှာ မပျို့မအန် စိတ်မပျက်ဘဲ လူနာကို ဆက်ခွဲနေလို့ သူ့ရဲ့ဆရာဝန်စိတ်ဓာတ်ကို အံ့သြချီးကျူးမိပါတယ်။

တချို့ရွာတွေက ကျန်းမာရေးညံ့ဖျင်းတာရဲ့ အကြောင်းရင်းတခုဖြစ်တဲ့ ရွာတွေရဲ့ ကျန်းမာရေးပတ်ဝန်းကျင်မကောင်းတာကိုလည်း ရဲဘော်လှကျော်ဇောက ထောက်ပြတယ်။ ဒါထက် ပိုဆိုးတာက အိမ်တွေမှာ အလောင်းတွေကို လေးငါးခြောက်လ တချို့ဆို နှစ်နဲ့ချီပြီး မမြှုပ်မနှံဘဲ ဒီအတိုင်း အိမ်ပေါ်မှာဆက်ထားတဲ့ပြဿနာပဲ။ တချို့ဆို အလောင်းက အရည်တွေ အိမ် အောက်မြေပြင်ကျတဲ့အထိ ရှိတယ်။ ရဲဘော်လှကျော်ဇော၊ အလုပ်သင်ဆရာဝန်ဖြစ်တဲ့ ဆေးကျောင်းသူကျောင်းသားတွေနဲ့ကျွန်တော်တို့ မြို့နယ်၊ ဒိုင်နယ်က တာဝန်ရှိသူတွေ ဆွေးနွေးပွဲ လုပ်တာလည်း ရှိပါတယ်။ ဒါ့တွေ လုံးဝပပျောက်ရေးအတွက် မြို့နယ်ကို တာဝန်ခံထားတဲ့ ကျွန်တော်တို့က တာဝန်ယူရမယ်ပြောတယ်။  (အဲဒီအကြောင်း သီးသန့်ရေးသားပါဦးမယ်။) ကျွန်တော်တို့က လူထုရဲ့ဓလေ့လိုဖြစ်နေတဲ့ အစွဲအလမ်းတွေကို ချက်ချင်းပြုပြင်လို့မရတာကို ပြန်ရှင်းပြတယ်။ သူတို့က လူထုရဲ့ မှားယွင်းနေတဲ့အသိက လူအများကို ထိခိုက်ပျက်စီးစေတာမို့ မဖြစ်ဖြစ်အောင်  မရ ရတဲ့နည်းနဲ့ ပြောင်းလဲပစ်ရမယ် ပြောတယ်။

ကျွန်တော်တို့တတွေ ဆွေးနွေးလိုက် အပြင်းအထန်ငြင်းခုံလိုက်၊ ကတောက်ကဆဖြစ်လိုက်။ ဒါပေမဲ့ လူထုအကျိုး အားကြိုး မာန်တက်ဆောင်ရွက်ရင်း ကျွန်တော်တို့တတွေ စိတ်ဓာတ်တွေ ရွှင်လန်းတက်ကြွနေခဲ့ကြတယ်။ တော်လှန်ရေး ရဲဘော် ရဲဘက် တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေမဟုတ်လား။

အောက်ပါ ဘာသာပြန်ကဗျာလေးတပုဒ်နဲ့ သည်စာတမ်းကို အဆုံးသတ်ပါ ရစေ။

တောင်တန်းပေါ်က ဆရာဝန်မ

 

မနက်ခင်းနေခြည်ဟာ
နှင်းရည်ပုလဲပန်းတွေကို ထိနမ်းနေတယ်။

ကောင်းကင်ပြာထဲက
တိမ်လွှာတွေများပြားလှ
ကခုန်နေတယ်။

ဘောင်ဘင်ခတ်နေတဲ့
စမ်းရေတွေ စီးဆင်း
သီချင်းတပုဒ် ညည်းဆိုတယ်။

သူတို့ဟာ
“ဖိနပ်ဗလာ” နဲ့
တောင်တန်းရွာက၊ မွန်မြတ်လှတဲ့
ဆရာဝန်မကို
ကြိုဆိုနေကြတာပါပဲ။

ဆေးပင်ဆေးရွက် တခွက်စာ
တဆုပ်စာ နွယ်ငန်းရိုင်းတွေနဲ့
နီတဲ့ နှလုံးသား
ကျွမ်းကျင်တဲ့လက်များက
ရောဂါကို ကုသစမ်းသပ်
ကျမ်းတွဲလေးတွဲ ကြီးမြတ်မွန်
လမ်းညွှန်အဖြစ်ထား
နိုင်ငံခြားကိရိယာတန်ဆာပလာ
မပါပေမယ့်လဲ
ခွဲစိတ်ကုသနိုင်ခဲ့တယ်။

အရှေ့ရွာတွေမှာ သွေးစမ်းသပ်
အနောက်ရပ် ကျီးတောမှာ
လှည့်လည်ကာ
ဖိနပ်မပါတဲ့ ခြေအစုံဟာ
နေရာတကာရောက်
ပေါက်ပြားကိုင်စွဲ
တောင်ပေါ်မှာ ပျိုးကြဲ
တကယ်ပဲ သူ့လက်ဟာ
လယ်ယာအလုပ်မှာ
တတ်နိုင်တယ်။

တောင်တွေ ပြောင်းလဲ
လမ်းတွေလဲ ကွေ့ကောက်
ရောက်ရွာ ကျေးရွာ အသီးသီးဟာ
ခင်မင်စွာ နှုတ်ဆက်
ကျေးလက်ရဲ့ ဆင်းရဲများ
အလတ်အောက်လွှာလယ်သမားတို့
အားရလှိုက်လဲ ကြိုကြမြဲ။

နီရဲတဲ့ နှလုံးသည်းပွတ်
ပြည်သူများကို ပေးအပ်
မွန်မြတ်ထက်မြက်တဲ့
သူ့ရဲ့ ပျိုရွယ်ခြင်းဟာ
သူရဲကောင်း တေးသီချင်းကို
ဖွဲ့နွဲ့သီဆိုနေတယ်။


(Chen Pei ရဲ့ Woman Doctor in The Mountains ကို ဘာသာပြန်သည်)

မောင်လှဝင်း (မြင်းခြံ)
၁၉ရ၀ ခုနှစ်များက မိုးဝေမဂ္ဂဇင်း တစောင်မှာ ဖော်ပြခဲ့တဲ့ ဘာသာပြန်ကဗျာပါ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်