မောင်စိုးချိန် ● ကြည်အေး… သို့မဟုတ်

January 18, 2017

● ကြည်အေး… သို့မဟုတ်   
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂ဝ၁၇

(က)
“ဆရာရေ ဆရာမကြီးဒေါ်ကြည်အေးဆုံးရှာပြီ။ အခုပဲ facebook မှာ သူကွယ်လွန်သွားတဲ့သတင်းကို ဥက္ကာနဲ့အတူဖတ်နေ ကြတာ”

ကိုဥက္ကာက အိမ်တခါးကိုဆွဲဖွင့်၊ အိမ်ခန်းထဲကျနောဝင်လာသည်နှင့် တပြိုင်နက် ကြားလိုက်ရသည့် သတင်းစကား။ ကို ဝင်းထွန်းညွန့် (လဘသ-မန်း) က ထိုသတင်းကိုပြောပြစဉ် လျှပ်စစ်ကြင်စက် အတို့ခံရသလို နှလုံးခုန်သံ တခဏ ရပ်ဆိုင်းသွား သည်ဟု ခံစားရသည်။ ဝမ်းနည်းကြေကွဲမှု၊ နှမျောတသမှု။ အမသဖွယ် ချစ်ခင်လေးစာခဲ့သမျှ တသကြေကွဲမဆုံး ခံစား လိုက်ရသည်။ လမင်းတစင်း ကြွေဆင်းခဲ့လေပြီကော။ ၂ဝ၁၆ ဒီဇင်ဘာ ၂၈၊ အသက် ၈၇ နှစ် မမနဲ့ စာပေအရ ကျွမ်းဝင် နေခဲ့ကြသည့် ကိုဥက္ကာ (ပန်ချီဦးခင်မောင်ရင်၏တူသားတပည့်)၊ ကိုဝင်းထွန်းညွန့်နှင့် ကျနော်တို့သုံးယောက်မှာ ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်တခုသဖွယ် စကားမပြောပဲ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ဇာတ်တိုက်ထားသလိုပါပဲ။

“မမရုပ်ပုံလွှာကို ရေးမယ် ရေးမယ်နဲ့ ကျနော်မရေးဖြစ်ခဲ့ဖူးဗျာ အခုတော့ ရေးရတော့မယ်။ မမလည်း ကျနော်ရေးတဲ့ သူ့ရုပ်ပုံ လွှာကို မဖတ်နိုင်တော့ဘူးပေါ့”

“ဆရာရေးမယ့် ဆရာမကြီးရုပ်ပုံလွှာကို ကျနော်စာရိုက်ပေးမယ် အဆင်ပြေရင်လည်း Facebook မှာ တင်ပေးမယ်ဗျာ” ဟု ကိုဝင်းထွန်းညွန့်က ပြောသည်။

တိုက်ဆိုင်လွန်းသည်ဟုဆိုရပေမည် ပြည်တွင်းမှာ ကဗျာစာအုပ်တအုပ်ထုတ်ဝေဖို့ စီစဉ်ခဲ့ပြီးသား ကျနော့်ကိုယ်ရေးသမိုင်းအကျဉ်းနှင့်အတူ ကျနော့်ဓာတ်ပုံကိုထည့်ချင်သည်။ ဓာတ်ပုံပို့ပေးပါဆိုပြီး တောရိုင်းနှင်းဆီစာပေတိုက်မှ ကိုသက်ဦးက တောင်းဆိုခဲ့သည်မှာ ၂လနီးပါးကြာခဲ့ပြီ ယနေ့မှ ဓာတ်ပုံတချို့ကို ပို့မည်ဟုရည်ရွယ်ပြီး သယ်ဆောင်လာခဲ့သည်။

“တိုက်ဆိုင်လိုက်တာဗျာ မမကြည်နဲ့တွဲရိုက်ထားတဲ့ ပုံတွေပါလာတယ် စာအုပ်တိုက်ကိုပို့မယ်ဆိုပြီး ယူလာခဲ့တာ အခုတော့ ဆွမ်းခံရင်း ငှက်သင့် facebook ပေါ်တင်ဖို့ပါဖြစ်သွားပြီ”

၂ဝဝ၃ ဧပြီလ ၂ဝ ရက်နေ့။ အင်ဒီယားနားပြည်နယ် လီဘနွန်မြို့ကလေးတွင်နေထိုင်လျက်ရှိသည့်  မမကြည်ထံသို့ ကျနော် သွား လည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၃ နှစ်က။ ဖုန်းထဲမှာစကားပြောရသည်မှာ အားမလို အားမရ။ ချိန်းဆိုခဲ့ပြီးနောက် မမထံ သွားလည်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီးမောင်စွမ်းရည်၊ ဒေါက်တာမောင်ကျော် (ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီးဟောင်း) နှင့် မောင်သစ်ဆင်း (RFA) တို့လည်း တပါတည်း ပါလာကြသည်။ ထိုစဉ်က မမကြည်နဲ့ ကျနော်တို့အုပ်စု အမှတ်တရ ရိုက် ကူးခဲ့ကြသည့်ဓာတ်ပုံတွေပေါ့။

(ခ)
ဆရာမကြီးကြည်အေး၏ စာရေးသည့်ကလောင်သက်မှာ ၆၉ နှစ်။ မွေးသက္ကရာဇ်က ၁၉၂၉။ တာရာမှာ ၁၉၄၇ အတွဲ ၁ အမှတ် ၅ တွင် ဖော်ပြခဲ့သည့် “မြစ်လည်မှာ ချစ်လည်တုန်းက” ကဗျာနှင့် ပထမဆုံးပုံနှိပ်ဝတ္တုဖြစ်သည့် “ထိုည” ဝတ္တုတို ဖော်ပြခဲ့ရာ တာရာ ၁၉၄၇ အတွဲ ၁၊ အမှတ် ၄ မှစ၍ ရေတွက်ကြည့်သည့်အခါ ၆၉ နှစ်။ ကျနော့်အသက်ထက်ပင် ၂ နှစ်ကြီး သည်။

အသက် ၁၈ နှစ်သမီးအရွယ်တွင် ကဗျာတွေ ဝတ္တုတွေရေးသားနေခဲ့ပြီ။ သက်ငယ်နု ဆယ်ကျော်သက်အရွယ်မှာပဲ အောင် မြင်ထင်ရှားခဲ့သည့် ကမ္ဘာပေါ်မှ စာရေးဆရာ ကဗျာဆရာများထဲတွင် ကြည်အေးနှင့် ဒဂုန်တာရာတို့သည် အပါအဝင်ဖြစ်သည်။ ခေါင်းထဲ ဖြတ်ခနဲစဉ်းစားမိခဲ့သည့် အချက်အလက်တခု အချင်းအရာတခု။ မမကြည်သည် ထူးခြားမှုရှိသည့် အံ့ဖွယ်ကောင်း သော အမျိုးသမီးစာရေးဆရာမ ကလောင်ရှင်၊ ဂန္တဝင်စာပေထဲမှ လမ်းခွဲထွက်လာခဲ့ပြီး အရေးအသားပုံစံသစ် အတွေးသစ် စကားလုံးသစ်၊ ဟန်သစ်ဖြင့် သူ့ကလောင်ကို ထူထောင်အောင်မြင်ခဲ့ခြင်းက သူမ၏ထူးခြားချက်။ အံ့ဖွယ်ရာအချက် ဖြစ်လာ ခဲ့သည်ပဲလေ။

၁၉၄၇ ဆရာဒဂုန်တာရာက တာရာကို ထွန်းညှိခဲ့ပြီးသည့်နောက်ပိုင်းကာလ ကျနော်တို့ခေတ်မှာပဲ ဆရာမကြည်အေး၏ ဟန်သစ် အတွေးသစ်တို့ကို အတုယူကာ ကဗျာ ဝတ္တုဖွဲ့စည်းမှုလမ်းသစ်ထဲသို့ တိုးဝင်လာခဲ့ကြသည့် ကလောင်သစ်တချို့ ရှိခဲ့ဖူးသည်။ တကယ်လည်း ခေတ်ကိုလွှမ်းမိုး စာရေးဆရာ လူငယ်တို့ကိုလွှမ်းမိုးနိုင်ခဲ့သည့် ကြည်အေး။ နည်းတဲ့ပါရမီတော့ မဟုတ်။ ပါရမီဆိုသည်မှာ တဘက်ကမ်းခတ်အောင် ကြိုးစားအားထုတ်ကူးခတ်ခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ သူမက ထိုပါ ရမီရှိသူ ပိုင်ဆိုင်ခဲ့သူ။

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။


တက္ကသိုလ်ကောလိပ်ကျောင်းဆရာဖြစ်လာခဲ့စဉ် လက်ဘက်ရည်ဆိုင်ထဲတွင်၊ မြန်မာစာအဓိကဘာသာယူသော စာသင်ခန်း ထဲတွင် ကဗျာဝါသနာထုံသည့် လူငယ်ကျောင်းသားများနှင့် မမရေးဖွဲ့ခဲ့သည့် “တစ္ဆေ” ကဗျာကို ဆရာနှင့်ကျောင်းသား ပြိုင် တူရွတ်ဆို ပျော်ရွှင်ခဲ့ကြဖူးသည်။ ထိုကဗျာကိုမှ မဖတ်ဆိုဖူးသူသည် ခေတ်နောက်တွင် ဆယ်ဘူတာနောက်ကြကျန်ရစ် ခဲ့တော့မည်။ ထိုနှစ်ကာလကို သမင်လည်ပြန် ငဲ့စောင်းကြည့်လျင် ၁၉၇၇- ၁၉၇၈ နှစ်ကာလများ ထိုစဉ်က ကောလိပ် ကျောင်းဆရာ၊ တဘက်မှာ မဟာတန်းတက်နေသော ကျောင်းသား၊ စာရေးဆရာပေါက်စ၊ မြေအောက်တော်လှန်ရေးတွင် စတင်ပါဝင်ကာစ။ ဒုတိယဘဝကို စတင်မောင်းနှင်စလို့ ဆိုရမယ်။ မမကြည်ကား အမေရိကန်သို့ရောက်နေသည့်နှစ်ကာလ ၁၉၇၂။ နောက်ပိုင်း အင်္ဂလန်တွင် ဆရာဝန်အဖြစ် အသက်မွေး။ နောက်ဆုံးအမေရိကန်သို့ ပြန်လည်ရောက်ရှိလာခဲ့။ ပြည်ပ သို့ရောက်နေသည့် မမကြည်သည် ခေတ်လူငယ်တို့၏ သူ့ကဗျာများအပေါ် ရိုက်ခတ်သည့် ပဲ့တင်သံများကို သိမှ သိပါလေစ။

ယခု တခဏမှာပင် ပြည်တွင်းကလူငယ်တွေ ဘယ်သူ့ကဗျာတွေကို စွဲလမ်းနေခဲ့ကြသနည်း။ မည်သည့်ကဗျာကို ပဲ့တင်ရိုက် ခတ်မည်နည်း။ သိချင်လိုက်တာ မမကြည်ရယ်။ ဆရာဒဂုန်တာရာတို့ မမကြည်တို့ဆိုတာက ကျနော်တို့ခေတ်ရဲ့ ကဗျာဘုရား တွေ မဟုတ်လား။

မမ ကဗျာတချို့ရဲ့ သံလိုက်ဓာတ် ဆွဲငင်စကဝိုင်းထဲမှာ ကျနော် ငိုက်ကြခဲ့ဖူးတယ်။ အတွေးအခေါ်ကောင်းသလောက် ကဗျာ က လှတယ်။

ပလူပျံများ
တောင်ပံပက်လက်၊ စက်ရဟတ်သို့
ဖျတ်ဖျတ်လှည့်ကူး၊ မြူးတူးရွရွ
ဖူးမြနီယွန်၊ ဖြုခြည်သွန်သော
မီးပြွန်ပူငွေ့၊ တိုးညှပ်ဝှေ့ကြ။


မျက်ရည်လည်မိတယ် မမရေ။ လွမ်းလည်းလွမ်း၊ ကြေလည်း ကြေကွဲ၊ ဝမ်းနည်းပက်လက်ပိုဖြစ်ရတယ်။ မမ ကဗျာတွေကို ကျနော့်ဝတ္တုတိုတွေထဲမှာ ထည့်သုံးခဲ့ပါတယ်။ မမရဲ့နာမည်၊ ကဗျအမည်ကိုလည်း ရိုးသားစွာ ဖော်ပြခဲ့ပါတယ်မမ။ ချစ်သူ ကြင်သူတို့ဘဝမှာ သောကဒူက္ခတွေဟာ မီးငွေ့လို ပူလောင်ကျွမ်းမြေ့ပါစေ။ ပိုးဖလံကောင်တွေလိုပဲ ဘဝအပူတောမှာ ချစ် သူနဲ့ ခွဲမထွက် တွဲလျက်ပျော်မယ်၊ လှလိုက်တဲ့ သစ္စာ။ မမက “သစ္စာသစ်” ခေါင်းစဉ်နဲ့ ကဗျာဖွဲ့ခဲ့တယ်မဟုတ်လား

ရှေးကဆိုရိုး
ပိုးဖလံမျိုး၊ မီးကိုတိုးသတဲ့
မောက်ဖြိုးရွှေတောင်၊ မြိုက်လောင်ပူနွေး
မီးငွေ့ပေးမှ၊ အသက်ရရှိ
ကျမချစ်မြဲ၊ သံသာဝဲမှ
ခွဲထွက်ချင်ဖူး၊ တက်မက်ဦးမည်။
…………
မွှေ့ပျော်ငြိတွယ်၊ သေမျိုးနွယ်လည်း
ရယ်ရွှင်ဝံ့စား၊ ငါလူသားဟု
တရားထွန်းသစ်၊ သတ္တိဖြစ်၏။


ကျနော့်ဝတ္တုတွေထဲက ဇာတ်ကောင်တွေကို မမကြည်၏ သစ္စာသစ်ကဗျာထဲမှ စာပိုဒ်တချို့ကို ကောက်နုတ်ပြီးရွတ်ဆိုစေခဲ့ သည်။ သူတို့ချစ်သူများ၏ နှလုံးသွေးကြောတွေထဲက လည်ပတ်သွေးများသည် စိုးရွံ့အေးစက်ရာမှ နိုးထပူနွေးလာပေလိမ့်မည်။ ခွန်အားသတ္တိများသည် ဘဝအတွက် တွန်းအားဖြစ်လာပေလိမ့်မည်။

ကျနော်စွဲလန်းခဲ့သည့် မမကဗျာတွေထဲက “မြို့လည်လမ်း” ကဗျာက မမကြည် အမေရိကန်သို့ ထွက်လာမည့်နှစ်မှာ ရေးခဲ့ သည့် ကဗျာ။ ရန်ကုန်မြို့လည် ရုပ်ရှင်ရုံရှေ့က ရုပ်ရှင်လက်မှတ် တိုးရောင်းနေကြသည့် အောက်ခြေပျံကျ အလုပ်သမားများ ဘဝ၊ ငပိသိပ် ငချဉ်သိပ် ဘတ်စ်ကားတွင် အသက်စွန့် တွဲလောင်းခိုစီးရသည့် ခရီးသည်ဘဝ၊ ထို့နောက် သူတောင်းစား၊ အိုးမဲ့အိမ်မဲ့ လမ်းဘေးရောက် လူ့ဘဝ၊ တိုက်ကြို တိုက်ကြားမှာ သေဆုံးသွား၊ ဆေးကျောင်းသားတို့အတွက် ခွဲစိတ်ဖို့ အဖိုး တန် လူသေကောင်အလောင်းဖြစ်လာခဲ့ပုံ၊ သွေးသားရောင်းစားနေရသည့် ညဥ့်ငှက်များ၊ လူတန်းစားပေါင်းစုံ အခြေခြရာ မြို့လယ်လမ်းကို ထိုကဗျာ၏ နိဂုန်းစာကြောင်းအတိုင်းပင် “ခေတ်ရဲ့ပန်ချီရေးခဲ့သည်”

မြို့လည်လမ်းဘဝကို အရှိတိုင်းအသက်ဝင်အောင် ရေးဖွဲ့နိုင်စွမ်းရှိသူ ကဗျာဆရာမကြီး။ ကဗျာကဝေရှင်၊ ကဗျာကဝေမ။ ကဗျာဖတ်သူ၏ ရင်ကို ညှို့ငင်ဖမ်းစားနိုင်သူ။

(ဂ)
မမကြည်၏ ဝတ္တုအတို အရှည်တွေထဲက ကျနော်ကြိုက်နှစ်သက်တာတွေရှိသကဲ့သို့ မကြိုက်တာတွေလည်း ရှိသည်။ အတ္တ ဘဝမှ နဝါဒ (Existentialism) တရပ်တွင်ရှိနေသည့် လူ၏ ဘဝလွတ်မြောက်ရာသည် သေခြင်းပင်ဖြစ်သည်ဆိုသော အ တွေးအခေါ်ကို မမက အသက်သွင်းသည်ဟု ဆွဲချက်တင်ထားသည့် “နွမ်းလျအိမ်ပြန်” ဝတ္တုကို ကျနော်မကြိုက်၊ ဝတ္တုဖွဲ့စည်း တင်ပြပုံ အနုပညာမြောက်သလောက် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည်ဟု ကျနော်က ယူဆသည်။ ပျားရည်ဆမ်း အဆိတ်၊ ကြောက်စရာကောင်းသည့်အနုပညာ။ ထိုသို့စွဲလမ်းခဲ့သည့် ဝတ္တု။ ရိုမီယိုနှင့် ဂျူးလိယက် ရုပ်ရှင်ကိုကြည့်ပြီး ချစ် သူတွေ အတူတကွ အသက်စွန်ခဲ့သည့်ကာလမတိုင်မှီတည်းက နွမ်းလျအိမ်ပြန်ထဲက ဇာတ်လိုက်မိန်းကလေးလို သတ်သေခဲ့ ဖူးသူတွေ ရှိသည်။ မမနှင့်တွေ့လျှင် နွမ်းလျအိမ်ပြန်ကို ဆွေးနွေးရင်ကောင်းမလား၊ အဖိနှိပ်ခံလူတန်းစားရဲ့ ဘဝလွတ်မြောက် ရေးပန်းတိုင်က သေခြင်းတရားမှ မဟုတ်တာ။ ကြောက်မက်ဖွယ်ကောင်းသည့် သေတွင်းထောင်ခြောက် အတွေးအခေါ်။ မဟာတန်းတက်နေသော ကျောင်းသားဘဝတွင် ထိုဝါဒကို ဆန့်ကျင်ခဲ့သူ၊ ပါမောက္ခ ဦးခင်မောင်ဒင်က ထောက်ခံဝေဖန်သမျှ ကျနော်က မက်စဝါဒကို သိသမျှနည်းနည်းကလေးနဲပဲ ဆန့်ကျင်တိုက်ခိုက်ခဲ့သူ။ ပိုလန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေး မှူး၏ အတ္တဘဝမှ နဝါဒအပေါ် သုံးသပ်ချက်ကို ကြိုးစားပြီးနားလည်အောင် ကျနော်လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားအတွေးအခေါ်ကို ကိုင်စွဲကာ ထိုဝါဒကို ဆန့်ကျင်ခဲ့သည်ဟု ဆိုရခြင်းဖြစ်သည်။

မမကြည်ထံသွားလည်မည့် အစီအစဉ် ရေးဆွဲပြီးသည့်နောက်တွင် ထိုအတွေးမျှင်က ကျနော့် ဦးနှောက်ကို ရစ်ပတ်ချည်နှောင် ထားနှင့်ခဲ့ပေသည်။ မမနှင့် ပြန်ဆုံတွေ့လျှင် “နွမ်းလျအိမ်ပြန်” ကို ဆွေးနွေးရင်ကောင်းမလား။ “ကျမပညာသည်” ဝတ္တုကို နွမ်းလျအိမ်ပြန်ထက် ဘာကြောင့်ကြိုက်နှစ်သက်ကြောင်း မမကိုပြောပြရန် အသင့်ဖြစ်နေခဲ့သည်။

“မမရေ ကျနော်တို့ ရှင်လောင်းလှည့်နေပြီ၊ မမအိမ်ကို ရှာမတွေ့ဖူး၊ ရပ်ကွက်ထဲကို ကျနော်တို့ဝင်လာနေပြီလို့ ထင်တာပဲ၊ ထပ်ပြီးလမ်းညွှန်ပါဦး”

မမက လမ်းပြပြန်သည်။ အိမ်ရှေ့လမ်းမအစပ်မှာ မမရပ်စောင့်နေမယ်ဟု ဆိုသည်။ ဝင်္ကဘာတခုထဲ ဝင်သွားခဲ့ရာမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး မမထံရောက်လာခဲ့သည်။ လမ်းမဘေးတွင်ရပ်လျက်သား သူမကို တွေ့ရသည်။

“ဟောဗျာ မမကတော့ လမင်းထက်တလေးသာ အေးမြလိုက်တာတော့ ဖြစ်နေပြီ၊ မမအလှက အေးမြတုန်းပဲဆိုတာကို ပြော တာပါ။”

“ကဲ .. လာကြ လာကြ မြှောက်မနေနဲ့ အုန့်နို့ခေါက်ဆွဲကျွေးမယ် … ချက်ထားတယ်”

ဟုတ်ပြီ ဒါမှ ငါ့အမကွ၊ ကျနော်ကမကြားတကြားဟစ်သည်။ ကိုယ့်ကိုကိုယ် ကျောင်းသားလူငယ်လေး၊ ပူတူတူလေး လုပ်ပစ် လိုက်သည်။ မမကပြုံးလျက်။ တမင်လှပသေသပ်အောင် ဆင်ယာဉ်ဝတ်စားထားခြင်းမရှိ အိမ်မှာဝတ်သည့် ဖလန်တည် ဘောင်းဘီက ခပ်ပွပွ။ ထို့အတူ အင်္ကျီကလည်း ပွပွဖောင်းဖောင်း၊ ဆံပင်က ခေတ်ပေါ်ဂုတ်ဝဲ၊ အိမ်ရှင်မကြီးတယောက်၏ ရိုးရှင်းသော ဝတ်စားဆင်ယဉ်မှု။ ပန်းမပန်၊ ရေမွှေးမဆွတ်။ စိန်ရောင်ရွှေရောင်တောက်ပမှုမရှိ ခေတ်ကိုလွှမ်းသော စာရေး ဆရာမကို ခေတ်ပေါ်ဝတ်စားဆင်ယဉ်မှုက လွှမ်းမိုးမထားခဲ့ပါလား။

ကားပေါ်ကဆင်းလာလာခြင်း ဆရာကြီးမောင်စွမ်းရည်၊ ဆရာကြီးဒေါက်တာမောင်ကျော်၊ မောင်သစ်ဆင်းတို့နှင့် မိတ်ဆက် ပေးလိုက်သည်။ မမအပြုံးက စောစောကထက်ပင် ပွင့်လန်းလာသည့် ပန်းတပွင့်ဖြစ်နေသည်။

မမကြည်က ဆရာကြီးတွေကို နေရာထိုင်ခင်းပေးပြီးသည်နှင့် မီးဖိုခန်းသို့ဝင်သည်။ မမနောက်ကျောဖက်တွင် ကျနော်က ကပ်ပါလိုက်လာခဲ့သည်။ အုန်းနို့ခေါက်ဆွဲစားဖို့ ပြင်ဆင်ကြသည်။ မမက ဟန်ဆောင်ပန်ဆောင်ခြင်းမရှိ။ ဗမာလူမျိုးတို့၏ ပွင့်လင်းရိုးသားသော ယဉ်ကျေးမှုကို ကျနော်တို့နှင့် မမကြားတွင် အထင်းသားတွေ့ရသည်။ နှစ်များစွာ ကပ်တွယ်နေသည့် ယဉ်ကျေးမှုပစ္စည်း အသက် ၃ဝ ဝန်းကျင် အိမ်ရှင်မတယာက်နှယ် မမဟန်ပန်လှုပ်ရှားမှုက သွက်လက်ချက်ခြာနေသည်။ ဝတ်ကြေ တန်းကြေ ဧည့်ဝတ်ကြေဖို့ထက် အရိုးသားဆုံး စေတနာအထက်သန်ဆုံး ဧည့်ခံကျွေးမွေးပြုစုခြင်းဘက်သို့ ရောက် နေခဲ့သဖြင့် ကျနော့်မှာ ကြည်နူး၍ မဆုံးတော့။ သူမ၏ မေတ္တာမီးအိမ် အလင်းတန်းက ဖြာကြလျက်သား။ ဟန်ဆောင် ပန် ဆောင် မလုပ်တတ်သည့် ဗမာစာရေးဆရာမပါတကား။

“အင်း … မမကတော့ ကုသိုလ်တွေအများကြီးရမှာပဲ သိလား”

“ဘာဖြစ်လို့လည်း ပြောပါဦး”

“ဒီလောက်ငတ်ကြီးကြနေတဲ့ ကျနော့်ကို မမကျွေးမွေးရလို့ပဲ”

မမက အသံတိတ်ရယ်သည်။ ကျနော်တို့ကလည်း အားပါးတရစားကြသည်။ “အသက်ရှည် အဆင်းလှပါစေ၊ ကျန်းမာငြိမ်း အေးပါစေ၊ ပိုလို့ ထင်ရှားကျော်ကြားဖို့ ကဗျာတွေ ဝတ္တုတွေ ရေးသားနိုင်ပါစေ၊ ဖန်တီးနိုင်ပါစေဗျာ။ အိမ်း သာဓု အနုမောတနာ ဝေကြပါကုန်သော် ….”

ကျောင်းထိုင်ဆရာတော်ကြီး လေသံပေါက်နေပုံရသည်။ ဆရာ သုံးပါးက ရယ်မောကြလျှက်။ လေးယောက်စာ  ဆုပေး ရ တာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော် မမရယ်၊ ဟုတ်တယ်မဟုတ်လား။ တကယ်က ထိန်းထားလို့ အားနာလို့သာ ဒီမျှ မက မမကို စချင် နောက်ချင်နေတာလေ။

ပုဂံတွေဆေးကြောပြီး မီးဖိုခန်းထဲက ကျနော်ထွက်လာတော့ မမက စကားဝိုင်းထဲ ရောက်နှင့်နေခဲ့ပြီ။ စကားဝိုင်းက ဟိုအ ကြောင်း ဒီအကြောင်း ထွေရာလေးပါး ဆွေးနွေးနေကြ။ နေရေးထိုင်ရေး ဘဝအကြောင်း။
“ဝတ္တုတွေ ကဗျာတွေ မမ ဆက်ရေးဖြစ်ရဲ့လား”

ကျနော်မေးချင်နေသည့်မေးခွန်းကို မသွယ်ဝိုက်ပဲ တုံးတိတိမေးချလိုက်သည်။ မမက တခဏ တွေငေးနေသည်။

“ရေးမှာပါ၊ အခုလောလောဆယ်တော့ ရေးဖို့တာစူနေတုန်းပဲ ဆိုပါတော့၊ ယနေ့ အမေရိကန်ခေတ်ပေါ်ဝတ္တုတွေကို လေ့ လာနေတယ်။ လေ့လာရေး တိုးမြှင့်တာပေါ့ကွယ်။ ဒီနေ့ကာလမှာ စာရေးဆရာတွေဟာ လူတွေရဲ့ အတွင်းစိတ်၊ အတွင်းစိတ် ဓာတ်နှင့် အင်မတန်ဆန်းကျယ်တဲ့ စိတ်တွင်းခံစားမှုတွေကို အထင်းသားပေါ်လွင်အောင် ရေးသားလာကြတယ်ကွဲ့ စိတ်မ နောမှာဖြစ်ပေါ်လာတဲ့ စိတ်အတွေး၊ စိတ်ကူးစိတ်သန်း၊ စိတ်ခံစားချက်တွေက လူတွေရဲ့စိတ်ပိုင်းဘဝကို တိုက်ရိုက်ထင်ဟပ် နေတတ်တယ်၊ ဝတ္တုရေးဆရာက အသက်ဝင်လာအောင် ဇာတ်ကောင်ကတဆင့်ပြသတာပဲ၊ စာရေးဆရာဖန်တီးတဲ့ ဇာတ် ကောင်တွေက အဲဒီလူ့အတွင်းစိတ်ကို တိုကရရိုက်ဖော်ပြခြင်းပါပဲ၊ တခါတရံ သွယ်ဝိုက်ပေါ့”

အမေရိကန် ခေတ်ပေါ်ဝတ္တုစာရေးဆရာတွေရဲ့ လူ့အတွင်းစိတ်ကို ရေးချယ်ခြင်းကို မမကရှင်းပြသည်။ အနောက်တိုင်းပန်ချီ တွေထဲက ဆန်းသစ် စိတ္တဇပန်းချီဝါဒများနှင့် မမပြောနေသည့် သဘောတရားကို ထင်ဟပ်ကြည့်မိသည်။ ပန်ချီကားတချပ် သီကုံးခြယ်သရာတွင် မြင်တဲ့အတိုင်းမရေး ခံစားရသည့်အတိုင်း ရေးကြသည်။ ပန်းချီဟာ တိတ်ဆိတ်တဲ့ကဗျာ။ ကဗျာဆိုတာ စကားပြောတဲ့ ရုပ်ပုံ။ ပန်းချီဆွဲနေတဲ့အခါမှာ ပန်းချီဆရာသည် မက္ကင်းနစ်ဖြစ်သည် ဒါပေမယ့် စိတ်ကူးတဲ့အခါ၊ စဉ်းစား ခံစားတဲ့အခါမှာတော့ သူဟာ ကဗျာဆရာပဲ။ “ဒါဟာလည်း ခေတ်ကိုထင်ဟပ်ချက်ပါပဲ ဒီနေ့ခေတ်မှာ စီးပွားရေး လူမှုရေး နိုင်ငံရေး၊ ပြီးတော့ လူမှုရေးဘဝတွေက သိပ်ရှုပ်ထွေး ပွေလီလာတယ်။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်ကထက် လူ့ဘဝဟာ ရှုပ်ထွေးနက်ရှိုင်းလာတယ်လေ၊ အဲ့ဘဝက လူ့စိတ်ကို ရိုက်ခတ်လာတယ်၊ ဒါကြောင့် စိတ်ခံစားမှုတွေ စိတ်ကူးတွေ ဘဝရဲ့ ရောင်ပြန်ဟပ်ချက်တွေဟာ စိတ်တွင်းမှာ ပေါ်ပေါက်လာတယ်။ လူ့ဘဝရုပ်ပိုင်းထက် စိတ်ပိုင်းကို အလေးထားပြီး ရေး သားခြင်းပါပဲ”

လွန်ခဲ့သည့်ရက်က လေ့လာခဲ့သည့် ဆန်းသစ်စိတ္တဆပန်းချီဝါဒများကို ပြေးမြင်နေမိပြန်သည်။

“မမရေးမယ့် ဝတ္တုတွေကို အမေရိကန် အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ရေးမယ်လို့ စိတ်ကူးထားတယ်”

မမအကြည့်က ကျနော့်မျက်နှာပေါ်ကျရောက်နေဆဲ။ နေခြည်မျှင်တန်းက သစ်ရွက်ကြားကနေ မြက်ခင်းပြင်ပေါ်သို့ စီးဆင်း ထိုးကြနေသည့်နှယ်ပင်။ ကျနော်မေးခဲ့သည်ကို စူးစူးစိုက်စိုက် အာရုံပြု၍ ရှင်းပြဖြေဆိုခြင်း ဖြစ်နေသည်။ ကျနော်က မှတ် သားနာယူနေသည့် သင်တန်းသားတပည့်အဖြစ်နှင့်။

ပြည်တွင်းက စိတ်ခံစားမှုကို အလေးထားဝတ္တုဖွဲ့နွဲ့သူတဦးထံသို့ အတွေးကရောက်သွားခဲ့သည်။ မမ ဆွေးနွေးနေသည့် အကြောင်းအရာနှင့်လည်း ဆက်စပ်သွားသည်။ မမကြည်ဟု တသသခေါ်ပြီး ခင်မင်ကျွမ်းဝင်သော စာရေးဆရာနိုင်ဝင်းဆွေ ကို သတိရသည်။ ဆရာမကြည်အေးက ဆရာနိုင်ဝင်းဆွေ၏ ဝတ္တုတချို့ကို ကြိုက်နှစ်သက်ခဲ့ဖူးသည်။ အကြောင်းပြချက်က လူ့စိတ်ခံစားမှုကို ပီပြင်အောင် လှပအောင် ချယ်မွှန်းနိုင်စွမ်းရှိလို့ပဲဟု ဝေဖန်ခဲ့ဖူးသည်။

“စကားမစပ် မမကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ဘဝအသင်္ချေ၊ နွေတည၊ မြစပယ်ရုံ၊ မဟူရာမေတ္တာတို့ကိုရေးတဲ့ ဆရာနိုင်ဝင်းဆွေနဲ့ တောထဲမှာ အတူနေ အတူတိုက်ခဲ့ဖူးတယ်။ အခုတော့ သူကွယ်လွန်ကျဆုံးခဲ့ရှာပြီ။ မမစာတွေ ကဗျာတွေအကြောင်း၊ လူ ခြင်း မမနဲ့ရင်းနှီးခဲ့တဲ့အကြောင်း၊ သူ့ဝတ္တုတွေအပေါ်ထားတဲ့ မမသဘောထားတွေကို တော်လှန်ရေးဒေသက သူ့တဲအိမ် ကလေးအပေါ်မှာ ကျနော်နေထိုင်ခဲ့စဉ် မကြာခဏဆိုသလို ကြားခဲ့ရတာ”

သူမမျက်နှာက ဝင်းလက်သွားသည်။ မျက်ဝန်းက ရုတ်တရက် ဝိုင်းစက်သွား။

“ အော် .. တောထဲမှာ အတူနေခဲ့ကြတာကိုး။ အခု သူက ဆုံးရှာခဲ့ပြီပေါ့။ အေးကွယ်.. ဆုံးရှုံးမှုကြီးတခုပဲ”

မမက သူ့ဉာဉ်အတိုင်း သူတပါးကိစ္စကို စေ့ငုစပ်စုချင်ပုံမရ၊ ပြောပြလျှင် နားထောင်မည်၊ မေးလျှင် ဖြေမည်၊ စပ်စုတတ်သည့် သဘာဝ သူ့မှာမရှိ၊ ယခင်ကတည်းက မမနှင့်ဆွေးနွေးတိုင်း မစပ်စု အတင်းမပြောသည့် ချစ်ဖွယ်လေးစားဖွယ် လှပသည့် သူမစရိုက်သဘာဝကိုပဲ တွေ့ရသည်။

အချိန်မရသည်ကတကြောင်း၊ မမကြည်နှင့် တယောက်ချင်းဆွေးနွေးမှ ကောင်းမွန်မှာဖြစ်သည့်အတွက် ကျနော့် ဝတ္တုတို စုစည်းမှု စာအုပ်အပေါ် မမ ဘယ်လိုကောက်ချက်ပေးချင်သလဲဆိုသည်ကို မမေးတော့၊ အချိန်လည်းမရတော့။ ထို့အပြင် နွမ်းလျအိမ်ပြန်ကိုလည်း မဆွေးနွေးလိုတော့ နောက်နေ့တွေဖုန်းဆက်မှပဲ ဆွေးနွေးကြတာပေါ့ဟု တေးမှတ်လိုက်ရသည်။

(ဃ)
ထိုစဉ်က မမနေထိုင်သည့်အိမ်နှင့် ပတ်ဝန်းကျင်ကိုထိတွေ့ရသည်။ မမအတွက် စိတ်ကူးစိတ်သန်းတွေရရှိဖို့ တိတ်ဆိတ်ငြိမ် သက်မှုနှင့် ငြိမ်းချမ်းမှုသည် လိုအပ်ပေလိမ့်မည်။ မမတယောက်ထဲကိုပဲ တွေ့ရသည်။ ကျန်တဲ့ ဘယ်မိသားစုဝင်ကိုမှ မတွေ့ ရ။ တယာက်တည်း အလွတ်လပ်ဆုံးလေ့လာ၊ အနုပညာဖန်တီးခွင့် ရထားနေပြီဟု ထင်မြင်သဖြင့် မမအတွက် စိတ်ချမ်း မြေ့ရပါသည်။ ဗမာပြည်မှာဆိုလျှင် ယခုကဲ့သို့သော တည်ငြိမ်အေးချမ်းမှု၊ လွတ်လပ်မှု ရနိုင်ပါ့မလား။

မမကြည်ထံမှမထွက်ခွာမှီ ကားဂိုဒေါင်ရှေ့တွင် မတ်တတဝိုင်းဖွဲ့ စကားပြောကြရင်း မမနှင့်ပတ်ဝန်းကျင်ကို ကျနော်တို့ အကဲ ခတ်ကြသည်။ တိတ်ဆိတ်ရပ်ကွက်ထဲမှ မမနေထိုင်အိမ်က နှစ်ထပ်အိမ်၊ သေသပ်လှပသည့် ခေတ်ပေါ်အိမ်ယာအဆောက် အဦး၊ မမစိတ်ချမ်းမြေ့မှာပါ။

“ကဲ…သွားပြီမမရေ၊ မမကျန်းမာပါစေ”

ကားမောင်းထွက်လာခဲ့စဉ် လမ်းဘေးတွင် မမ အငိုင်သားကျန်ရစ်ခဲ့သည်။ နောက်နေ့တွေမှာ မမထံ ဖုန်းဆက်သည်။ တပတ် ကို ၃ ရက်ထက်တော့ နည်းမည်မထင်။ မမပြောသမျှကို ကျနော်က နားထောင်မှတ်သားသည်။ အထူးသဖြင့် မမငယ်ဘဝ၊ ကျောင်းသူဘဝ၊ စာပေနယ်ထဲဝင်ကာစ ခေတ်ပတ်ဝန်းကျင် အခြေအနေနှင့် ထိုပတဝန်းကျင်နှင့် ဆက်ဆံရေး။ သမိုင်းအချက် အလက်များ ပါလာသည်။ စစ်ပြီးစခေတ် သရုပ်ပါလာသည်။ ယဉ်ကျေးမှုထုံးတမ်း စရိုက်ကောင်းများကို ပန်းသဖွယ် ဦးထိပ် ပန်ဆင်ခဲ့ပုံတွေ ပါလာသည်။ ခေတ်သမိုင်းထဲတွင် ဖြတ်သန်းခဲ့သည့် သူမ၏ရုပ်ပုံလွှာ အပိုင်းအစများကို မြင်လိုက်ရသည်။ အရှက်ကြီးသော၊ အိနြေ္ဒသိက္ခာဖြင့် ထည်ဝါသော ယဉ်ကျေးသိမ်မွေ့သည့် ဗမာအမျိုးသမီးလောကကိုပါ ဖတ်ရှုခွင့်ရလိုက် သည်။

ကျနော့် ဝတ္တုတိုစုစည်းမှုအပေါ် မမရဲ့ကောက်ချက်ကို ကြားပါရစေမမဟု ပြောတော့၊ မမက လျောလျောရှူရှူပဲ ပြောသည်။ သူမ စိတ်ထဲတွင် သူ့ကောက်ချက်က ကိန်းအောင်းထားခဲ့ပုံရသည်။

“အင်း..ပြောပါ့မယ် ကိုစိုးချိန်၊ ကျမဆောက်ခဲ့တဲ့အိမ်က အပြင်ကကြည့်လျှင် ကြီးကျယ်ခန်းနားတဲ့ အရိပ်အရောင်တွေ တွေ့ ရမှာပါ။ တကယ်က အိမ်ကြီးထဲမှာ ပစ္စည်းပစ္စယ ရှိလှတာမဟုတ်ပါဖူး။ အိမ်ကြီးက ဟောင်းလောက်ပေါက် ကိုစိုးချိန် တည် ဆောက်ထားခဲ့တဲ့အိမ်က သေးငယ်ပါသေးတယ်။ နောင်တော့လည်း ကိုစိုးချိန်တည်ဆောက်တဲ့အပေါ်မှာတည်ပြီး အိမ်ကြီး တဆောင်ဖြစ်လာမှာပါပဲ။ အခုရှိတဲ့ ကိုစိုးချိန်ရဲ့အိမ်ကလေးထဲမှာတော့ ကျောက်မျက်တွေအပြည့်၊ တန်ဖိုးရှိတဲ့ အိမ်က လေးပဲ”

မှတ်ကရော၊ ထင်ထားခဲ့သည်နှင့် တလွဲစီ၊ ဘာဆက်ပြောရမှန်းမသိ နှုတ်ဆွံ့သွားသည်။ မမက သူ့စာပေ အဆောက်အဦးနှင့် ကျနော့်အိမ်ကလေးကို ထင်ရှားသိသာစေရန် နှိုင်းယှဉ်ပြောသည့်တိုင်ထိမျှအထိ မမက မိမိကိုယ်ကို မနှိမ့်ချသင့်ဖူးဟု ခံစားရ သည်။ သေးသိမ်မှန်ကုတ်သွားအောင် မလုပ်သင့်ဟု တုန့်ပြန်ခဲ့မိသည်။

“အင်း… မမက လုပ်လိုက်ပြီ။ တန်ဖိုးကြီးတဲ့အိမ်ကြီးဟာ အတွင်းပိုင်းမှာ ကျောက်မျက်ရတနာတွေမပြည့်ဝပဲ ဘယ်လိုမှ မဖြစ် နိုင်ဖူး။ ကျနော့်တဲအိမ်ကလေးကလည်း မမပြောသလောက်မဟုတ်သေးပါဖူးလေ။
ကမူးရှူးတိုး ကျနော်က တုန့်ပြန်သည်။ ဖုန်းထဲတွင် မမရယ်သံမြမြကို ကြားလိုက်ရတယ်။ ပကတိ အရှိတရားတွေအပေါ်မှာ အထင်တွေ အမြင်တွေဆိုတာက ကွဲလွဲတပ်ပါတယ်။ တထပ်တည်း ဘယ်ကျပါ့မလည်းဟု မမက ထက်ပြောသည်။ ကျနော့် စိတ်ထဲတွင် ယခုတိုင် မခံချည့်မခံသာ ဖြစ်နေတုန်း။ မမက သူ့အနုပညာပေါ်တွင် အလေးထားသည်မှာ မှန်သည်။ သို့သော် မိမိကိုယ်ကို ကျမအိမ်က အတွင်းဖက်မှာ ဟောင်းလောင်းပေါက် ဆိုတဲ့အထိတော့ ပစ်ပစ်ခါခါ မနှိမ့်ချသင့်ဖူးဟု ယခုထက်တိုင် ခံစားနေရသည်။

အနုပညာ မာန၊ မာန်စွယ် ကင်းမဲ့ခဲ့လေသလား။ မာနကြီးသည့် အနုပညာရှင်တချို့ကို တွေ့ခဲ့ဖူးသည်။ သူတို့လိုပဲ မာနမိုးကြိုး ပစ်သံ တချွင်ချွင်က သူမရင်ထဲမှာ ညံနေမလားလို့ပါ။ အနုပညာမာန မရှိခဲ့ပါလား။

မမကြည် သို့မဟုတ် စာရေးဆရာမ ကဗျာဆရာမ ကြည်အေးကွယ်လွန်ခဲ့သည့်နေမှာပဲ ကြည်အေး၏ရုပ်ပုံလွှာကို ချယ်မွမ်း နေခဲ့မိသည်။ ယခု သည်ရုပ်ပုံလွှာ တဖွဲ့တနွဲ့၏ နိဂုံကို ဒီစာကြောင်း သဘောထားတွေနဲ့ပဲ ရေးလိုက်ပါရစေ မမရယ်။

မြန်မာစာပေ၊ ဗမာစာပေ အနုပညာလောကထဲမှာ အတွေးသစ်၊ အရေးသားသစ်၊ ဟန်သစ်ကို ထူထောင်ခဲ့တဲ့ ကလောင်ရှင် ဖြစ်တယ်ဆိုတဲ့ ကောင်းမွန်လှပသော ဂုဏ်ဒြပ်တွေဟာ နေလကြယ်ပွင့် ကောင်းကင် မြေလွှာ ရှိနေသမျှ တည်တန့်ရှင်သန် နေမှာပါလို့။ မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေအတွက် ပြောစရာရှိလာတဲ့ နမူနာကောင်းတွေ အနုပညာစာပေထဲမှာ ထား ရစ်ခဲ့တဲ့ ကြည်အေးအဖြစ် စာပေသမိုင်းထဲမှာ မမရှိနေမှာပါလို့…..။

မောင်စိုးချိန်
ဒီဇင်ဘာ ၂၉၊ ၂ဝ၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်