အောင်မော်ဦး ● သမ္မတကြီး ခင်ဗျား …..

January 23, 2017

အောင်မော်ဦး ● သမ္မတကြီး ခင်ဗျား …..
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၇

နိုဘယ်မြန်မာစာပေပွဲတော်၌ သမ္မတကြီးဦးထင်ကျော်က ရသစာပေ များများဖတ်ကြရန် တိုက်တွန်းပြောကြားသည်ဟူသည့် သတင်းတပုဒ်ဖတ်လိုက်ရသည်။ အားတက်သွားသည်။ တွေ့လား၊ ရသစာပေကိုတန်ဖိုးထားတဲ့ ငါတို့သမ္မတကွ၊ စာဖတ်တဲ့ ငါတို့သမ္မတကွ ဟူ၍ ဂုဏ်ယူဝံ့ကြွားစွာ လက်သန်းထောင်လိုက်သည်။ ထို့အတူ ဖတ်စရာ ရသစာပေများလည်း များများစားစားရှိရန်လိုအပ်သဖြင့် ကျနော်တို့အနေဖြင့် ဝိုင်းဝန်းဖန်တီးကြရပေလိမ့်မည်။

သို့နှင့် ကျနော်တို့ရေးခဲ့သည့်စာများအား ပြန်ငဲ့ကြည့်မိသည်။ တော်လှန်ရေးကာလတလျှောက် တစိုက်မတ်မတ်ရေးခဲ့ကြ သည်က တော်လှန်စာပေများချည်းသာ။ ထိုအထဲမှ ဆောင်းပါးဆိုလျှင် အကျိုးနှင့်အကြောင်းနှင့် ပြေပြေပြစ်ပြစ်ရှိသဖြင့် နည်းနည်းတော်သေးသည်ဟု ဆိုရမည်။ သို့သော် ကဗျာကျလျှင်မူ ထိုသို့မဟုတ်။ ပေါက်ကွဲအားပြင်းပြင်းနှင့် တော်လှန်စစ်ခင်း နေတတ်သည်။ တော်တော်တန်တန်ကဗျာသည်ပင်လျှင် မီးတောက်တခွက် ပက်ခနဲ ကျိုက်လိုက်ရသည့်နှယ် သွေးကြော တလျှောက် ပူဆင်းသွားတတ်သည်။ များသောအားဖြင့်တော့ ကိုယ့်ကဗျာကိုယ် ကျည်ကာဝတ်၍ ဖတ်ရမည့်ကိန်းမျိုး။

သို့သော် ယခုအချိန်သည် အစိုးရသစ်တက်၍ ဒီမိုကရေစီခေတ်သို့ရောက်ပြီဟု ဆိုနေကြချိန်ဖြစ်သည်။ ခေတ်ပြောင်းသွားပြီဟု တချို့က ဆိုကြသည်။ သူတို့ပြောသလိုပြောင်းသွားပြီဟု အတတ်ပြောရန်ခက်သည့် ပြဿနာတချို့ကိုမူ တွေ့နေရဆဲဖြစ် သည်။ ဆိုကြပါစို့။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် ပုဒ်မ ၆၆ (ဃ)။ ဆိုကြပါစို့၊ နှင့် ပြည်တွင်းငြိမ်း ချမ်းရေးလှုပ်ရှားမှု စသည်ဖြင့်။

ထားတော့။ အပြောင်းအလဲနှင့်လိုက်လျောညီထွေဖြစ်မည့် ရသ ကဗျာတပုဒ်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤတွင်မှ ကျနော့်ဘာသာ ပြန်သတိထားမိသည်။ ကျနော် တခါမျှ အချစ်ကဗျာမရေးခဲ့စဖူး။ အချစ်ကဗျာရေးရန်လည်း မတွေးတောခဲ့ စဖူး။ သို့နှင့် ဖတ်ခဲ့ဖူးသည့် အချစ်ကဗျာများအား ပြန်စဉ်းစားကြည့်သည်။ သို့နှင့် မောင်စိန်ဝင်း၏ သောကခြေရာ ရတနာ ကဗျာများအား ပွေးတကောင်နှယ် တကုပ်ကုပ် တူး၍ မောင်ပန်းမွှေး၏ ပိုစ့်ကဒ် ကဗျာများကို ဖဲချပ်များနှယ် တဖျပ်ဖျပ်လှန်မိ သည်။ အချစ်ကဗျာတပုဒ်၌ ပါဝင်သင့်သည့် စွယ်တော်ရွက် ကလေးများ၊ လိပ်ပြာလေးများ၊ လေပြေလေညင်းကလေးများ၊ ဆံနွယ်စလေးများ၊ သနပ်ခါးနံ့လေးများ၊ ညှို့မျက်နြ်းများ၊ ကော့ညွှတ်သွယ်နှုတ်ခမ်းများ စသည်ဖြင့် မရှိမဖြစ် အီကွေးမင့်များ အားလည်း ၀မ်းစာသဖွယ် စုဆောင်းထားလိုက်သည်။

ထို့နောက် အိမ်စာပြီးသည့်ကလေးတဦးနှယ် ကျနော့်ကိုယ်ကျနော် ပိုင်လောက်ပြီဟု ထင်သည့်အချိန်၌ ကဲ … လာလေရော့ အချစ်ကဗျာဟု ကြုံးဝါး၍ စရေးပါသည်။ စမ်းရေးကာစဖြစ်သဖြင့် လေးကြောင်းတပိုဒ်ရေးလျှင် လွယ်ကူမည်ဟုထင်မိသည်။ သို့သော် ကံဆိုးစွာပင် ကျနော့်အချစ်ကဗျာမှာ စာကြောင်းရေ (၃) ကြောင်းထက်ပိုပြီး ဆက်ရေး၍မရ။ လေးကြောင်းမြောက် အရောက်၌ ကျနော့်ကဗျာလေးခမျာ ဆီကုန်သည့်ကားတစီးနှယ် ထိုးထိုးရပ်သွားသည်။

ချစ်သူရေ
ကိုယ့်လက်ကိုတွဲ
ရဲရဲလိုက်ခဲ့
(—————) စတုထ္တစာကြောင်းအရောက်၌ စောစောက ကျနော်ဆောင်ထားသည့် မပါမဖြစ် ၀မ်းစာ စကားလုံးများအား မည်သို့မျှ ထည့်၍မရ။ ကဗျာက ရှေ့ဆက်၍မရတော့။ ညှစ်၍မထွက်တော့။ သို့နှင့် ကျနော့်စိတ်ထဲ လျှပ်တပြက်ပေါ်လာသည့် စကားလုံးတလုံးကို ကောက်ထည့်လိုက်သည်။

ချစ်သူရေ
ကိုယ့်လက်ကိုတွဲ
ရဲရဲလိုက်ခဲ့
(စစ်ပွဲများနဲ့ ဝေးတဲ့အရပ်ဆီ)။
လေးကြောင်းလည်းပြည့်၍ ကာရန်လည်းမိသွားသည်။ သို့သော် အချစ်ကဗျာနှင့် “စစ်” ဆိုသည့် စကားလုံး၊ တော်တော် အကျည်းတန်သည့်ကိစ္စ၊ ခဏထားကွာ၊ နောက်မှ စကားလုံးပြန်လဲမည်ဟုဆို၍ နောက်တပိုဒ်ထပ်ရေးသည်။

ချစ်သူရေ
(—————)
အချစ်ကြီးချစ်သူတွေ
ချစ်ပြီးရင်းချစ်ကြမယ်။

ဤအပိုဒ်ကျပြန်တော့ မတူသည့်ပြဿနာနှင့် ကြုံရပြန်သည်။ ချဲသမားစကားနှင့်ပြောရလျှင် ထိပ်စည်းနှင့် နောက်ပိတ်ကို အသေကြိုက်နေသော်လည်း အလယ်ထိုင် မရွေးနိုင်သဖြင့် စီးရီးဆွဲရမည့်ကိန်းဆိုက်နေသည်။ ချဲဆိုလျှင်တော့ အဆင်ပြေနိုင် သည်။ သို့သော် ယခုက ကဗျာဖြစ်နေသဖြင့် စီးရီးဆွဲ၍မရ။

ချစ်သူရေ
(စစ်ကြီးပြီးရင်)
အချစ်ကြီးချစ်သူတွေ
ချစ်ပြီးရင်းချစ်ကြမယ်။

စောစောကအတိုင်းပင်။ အချစ်ကဗျာနှင့် “စစ်” ဆိုသည့် စကားလုံး၊ မဖွယ်မရာ တွဲဖက်နေသည့် ကိစ္စ။ ထစ်ခနဲဆိုစစ်ပွဲကြီးက ဝင်ဝင်လာသဖြင့် ကျနော့်ကဗျာသည်လည်း အချစ်ကဗျာမမည်တော့။ အနိဋ္ဌာရုံကျစွာ နောက်ကြောင်းပြန်လှည့်နေမှန်း ကျနော့်ဘာသာသိနေသည်။ သို့သော် အချစ်ကဗျာဖြစ်ချင်ဇောနှင့် ပကတိလူမှုဘဝထင်ဟပ်ချက်များအား မသိကျိုးကျွံပြု၍ ရသစာပေကို ဇွတ်အတင်း ဖန်တီး၍ ရနိုင်ပါ၏လော။ ထိရှသည့် ရသအား ပေးနိုင်ပါ၏လော။

ကျနော်တော်တော်အကြံအိုက်သွားသဖြင့် ဟိုလျှောက်သည်လျှောက် လျှောက်နေသည်ကို ဒေါ်နက်က ဘာဖြစ်နေတာလဲဟု လှမ်းမေးသည်။ ကျနော့်ပါးစပ်မှ “သမ္မတနဲ့ စပ်တူ ကဗျာရေးမလို့” ဟူ၍ လွှတ်ခနဲထွက်သွားသည်။ ကြံကြီးစီရာတော်ဟူသည့်အကြည့်ဖြင့်ကြည့်၍ ဒေါ်နက်ပြုံးသည်။

“ဟ .. ကဗျာဆရာ့သား၊ ရသစာပေကိုတန်ဖိုးထားတဲ့ သမ္မတ၊ ကဗျာမချစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ မဇ္ဈိမလှိုင်းက ကိုရဲ လွင်တို့လည်း စပ်တူသီချင်းရေးကြတာပဲ” ဟုပြန်ပြောလိုက်သည်။ “သမ္မတနဲ့ စပ်တူကဗျာရေးမယ်သွားလုပ်တာ တော် ကြာ ပုဒ်မတခုခုနဲ့ ငြိနေမှဖြင့်” ဆိုပြီး ဒေါ်နက်ကပြောသည်။ ဗိုလ်မှူးချစ်ကောင်းကို သွားသတိရသည်။ “နှစ်ဆယ့်ရှစ်နှစ်စာ စာရင်းချုပ်လိုက်တော့ တို့ရှစ်လေးလုံးမျိုးဆက်ကိုယ်၌ကိုယ်က (ပုဒ်မတခု) ဖြစ်နေ (သေး) တာပါပဲကွာ” ဟူ၍ ပြန်ပြော လိုက်သည်။

ကျနော်နှင့် ကဗျာစပ်တူရေးရန် ကမ်းလှမ်းချက်ကို ပထမတော့ သို့ … ဦးထင်ကျော်.. နိုင်ငံတော်သမ္မတ…” စသဖြင့် အစချ ရန်စဉ်းစားလိုက်သည်။ သို့သော် ပေဖူးလွှာအစီအစဉ်နှင့် တူနေသည်ကတကြောင်း၊ သမ္မတကြီးထံ ဆက်သွယ်ရန် အီးမေး၊ ဖုန်း၊ လိပ်စာ စသဖြင့် မရှိသည်ကတကြောင်း၊ စာပို့ပေးမည့် လူကြုံမရှိသည်ကတကြောင်းတို့ကြောင့် ပြောက်ကျား ဆက်သွယ်ရေးနည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းက မြန်၍ တိုက်ရိုက်ရောက် သည်။ ဤနည်းကိုသုံးကာ ဆက် သွယ်ရေးရဲဘော်များ၏အကူအညီဖြင့် ရှေ့တန်းမှနေ၍ ဒေါင်းအိုးဝေသို့ ကျနော် ကဗျာတပုဒ်ပို့ဖူးသည်။

“အင်ကြင်း-မာလာ မှ ထနောင်း-ကံ့ကော် ….။ အင်ကြင်း-မာလာ မှ ထနောင်း-ကံ့ကော် … ။ ရထားလား …။ ရထားဖြစ်ရင် အကြောင်းပြန်”

“အောင်မော်မှ ထင်ကျော် …။ အောင်မော်မှ ထင်ကျော် …။ ရထားလား ….။ ရထားဖြစ်ရင် အကြောင်းပြန်”

သမ္မတကြီးခင်ဗျား …
ကျနော်အထက်တွင်ရေးထားသည့် ကဗျာနှစ်ပိုဒ်၌ သမ္မတကြီးအနေဖြင့် တပိုဒ်လျှင် တကြောင်းမျှသာ (အစားထိုး) ဖြည့်ပေးရန်လိုပါသည်။  ကျနော့်အနေဖြင့်ဆိုလျှင် ကဗျာခေါင်းစဉ်ကို “အချစ်ရေ … သွားစို့” ဟု ပေးလိုပါသည်။ သို့သော် သမ္မတကြီးစိတ်ကြိုက်ခေါင်းစဉ်တခုခုလည်း ပေးနိုင်ပါသည်။

သမ္မတကြီးခင်ဗျား …
နိုင်ငံတော်သမတတဦးနှင့် နိုင်ငံသားတယောက် စပ်တူရေးသည့်ကဗျာ၊ မကောင်းလျှင်သော်မှ အမှတ်တရဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဟု ထင်မိပါသည်။

သမ္မတကြီးခင်ဗျား …
နိုင်ငံတော်သမ္မတတဦးနှင့် နိုင်ငံသားတယောက် စပ်တူရေးသည့်ကဗျာ၊ မကောင်းလျှင်သော်မှ “ရသ” မြောက်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲဟု ထင်မိပါသည်။

“အင်ကြင်း-မာလာ မှ ထနောင်း-ကံ့ကော် ….။ အင်ကြင်း-မာလာ မှ ထနောင်း-ကံ့ကော် … ။ ရထားလား …။ ရထားဖြစ်ရင် အကြောင်းပြန်”

“အောင်မော်မှ ထင်ကျော် …။ အောင်မော်မှ ထင်ကျော် …။ ရထားလား ….။ ရထားဖြစ်ရင် အကြောင်းပြန်”

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၂၂၊ ဇန်န၀ါရီ၊ ၂၀၁၇။

 

မှတ်ချက်။ အထက်၌ သမ္မတကြီး၏ အမည်အား ဆက်သွယ်ရေးအသုံးအနှုန်းအတိုင်း သုံးနှုန်းထားခြင်းဖြစ်ပါသည်။ အရိုအသေတန်စေရန် ရှေ့မှ (ဦး) မတပ်ဘဲ သုံးနှုန်းထားခြင်းမဟုတ်ပါ။ လေးနက်စေရန် ထပ်ပြောပါမည်။ (ဆက်သွယ်ရေးအသုံးအနှုန်းအတိုင်း) သုံးနှုန်းထားခြင်း ဖြစ်ပါသည်။ ကျနော့်အမည်က အောင်မော်ဖြစ်သဖြင့် (ဆက်သွယ်ရေးအသုံး အနှုန်းအရ) အနှင့်မကို အင်ကြင်းမာလာဟု စကားဝှက်သုံးပါသည်။ သမ္မတကြီးအမည်က ထင်ကျော်ဖြစ်သဖြင့် (ဆက်သွယ် ရေး အသုံးအနှုန်းအရ) ထနှင့်ကကို ထနောင်းကံ့ကော်ဟု စကားဝှက်သုံးပါသည်။ ထို့ကြောင့် ထွက်လာသည့် ၀ှက်စာအတိုင်း သုံးနှုန်းထားခြင်းဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, အောင်မော်ဦး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်