မောင်စွမ်းရည် – ဆရာဝန်စာရေးဆရာ ကဗျာဆရာမကြီး ဒေါ်ကြည်အေး

January 26, 2017

မောင်စွမ်းရည် – ဆရာဝန်စာရေးဆရာ ကဗျာဆရာမကြီး ဒေါ်ကြည်အေး
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၇

သြော်… ကြယ်ပွင့်တွေဟာ တစ်ပွင့်ပြီးတစ်ပွင့် ကြွေကျနေကြတာပါပဲလား။ ခုလဲ စာပေကြယ်ပွင့် တစ်ပွင့် ကြွေခဲ့ပြန်ပါပကော။ “” တဲ့။ အမည်ရင်းကတော့ ဒေါ်ကြည်ကြည်ပဲ ဖြစ်ပါတယ်။ ရန်ကုန် ဇာတိတဲ့။ ၁၉၂၉ ခုနှစ် ဒီဇင်ဘာ ၁၃ မှာ မွေးဖွားသူဖြစ်လို့၊ ခုကွယ်လွန်ချိန် ၂၀၁၆ ဒီဇင်ဘာလ ၂၈ မှာ သူ့အသက်ဟာ ၈၇ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။

မိဘတွေက ကုန်သည်မျိုးရိုးဖြစ်လို့ သမီးမိန်းကလေးကို ပညာရေးမှာ အားမပေးခဲ့ပါဘူး။ ဒါ့ကြောင့် ပညာရေး ပြတ်တောင်း ပြတ်တောင်းဖြစ်ခဲ့ရတာ ခဏခဏပါပဲတဲ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ သုံးတန်း အောင်ပြီး ပညာသင်ပျက်ခဲ့ရတယ်။ စစ်ကြီးပြီးလို့ ကျောင်းတွေ ပြန်ဖွင့်တော့ သတ္တမတန်းကစပြီး ကျောင်းပြန် တက်ရတယ်။ ၇တန်း၊ ၈တန်း၊ ၉ တန်းနဲ့ တက္ကသိုလ်ဝင်တန်းတို့ကို တစ်နှစ်ခွဲနဲ့ အောင်ခဲ့တယ်။ တက္က သိုလ်ဝင်တန်းမှာ အင်္ဂလိပ်စာဂုဏ်ထူးနဲ့ အောင်တဲ့အပြင် ထိပ်ဆုံး ၁၀ ယောက်မှာ စာရင်းပေါက်ခဲ့ပါတယ်။

မကြည်ကြည်က ဉာဏ်ကောင်းတယ်။ ပညာသင်ရာမှာ ကျောင်းမှာသင်တာထက် ကိုယ့်ဘာသာဖြတ် လမ်းက လေ့လာဆည်းပူးခဲ့တာများတယ်ဆိုပါတယ်။ မြန်မာစာပေ အင်္ဂလိပ်စာပေတို့ကို ကိုယ့်ဘာသာ လေ့လာ ခဲ့တယ်။ တချို့ ပျို့ကဗျာစာအုပ်တွေကို တစ်အုပ်လုံးအလွတ်ကျက်ဖူးသတဲ့။ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဆေးတက္ကသိုလ်ကို ၅နှစ်ကြာတက်ခဲ့ပြီးမှ မိဘတွေက မိန်းကလေးပဲ ဒီလောက်တတ်ရင် တော်ရောပေါ့ဆိုပြီး ကျောင်းထုတ်လိုက်ပြန်တာနဲ့ ပညာလမ်းပြတ်သွားခဲ့ရပြန်တယ်။ ကမာရွတ်လှည်းတန်းမှာ အင်္ဂလိပ်စာ နည်းပြ ဆရာလုပ်နေတဲ့ ဦးခင်မောင်လတ်တို့နဲ့ ဆက်မိပြီး ပညာရေးကို ပြန်ဆက်တော့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရ တယ်။ ဘွဲ့ရပြီးတော့ တက္ကသိုလ်မှာပဲ အင်္ဂလိပ်စာ ကျူတာ (နည်းပြ) ၀င်လုပ်လိုက်ပါသေးတယ်။ တစ်နှစ်တည်း ပါပဲ။ နောက်-တစ်နှစ်-နှစ်နှစ်နားပြီး ဆေးတက္ကသိုလ်ကို ပြန်တက်လိုက်တယ်။ ၁၉၇၀ နှစ် ဆရာဝန်ဖြစ်တယ်။ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး တစ်နှစ်လောက်နဲ့ နားလိုက်ပြန်တယ်။

၁၉၇၁ မှာ အမေရိကန်ပြည်ထောင်စုကို ထွက်သွားပြီး ချီကာဂိုမှာ အလုပ်သင်ဆရာဝန်ဘ၀နဲ့ ပညာ ဆက်လက်ဆည်းပူးပြန်တယ်။ ၁၉၇၃-၇၆ နှစ်များအတွင်းမှာတော့ နယူးယောက်မြို့ကိုကူးပြီး စိတ်ရောဂါအထူး ကုဆေးပညာများ ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ နယူးယောက်က အရှေ့မြောက်မြို့ကြီးများက တက္ကသိုလ်တွေမှာ ကထိက၊ အထူးကုဆရာဝန် အလုပ်ကိုလုပ်ပါတယ်။ ၁၉၈၆-၈၈ ခုနှစ်၊ အသက် ၆၀ ၀န်းကျင်မှာ စင်စင်နတီတက္ကသိုလ်ကို ကူးပြီး စိတ်ရောဂါကုဆေးပညာများကို ဆက်လက်ဆည်းပူးပြန်ပါတယ်။ ၁၉၈၈ ဆိုတာ ဗမာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားတဲ့နှစ်ပေါ့။ အဲဒီနှစ်မှာ အမေရိကားကနေ အင်္ဂလန်ကို ပြန်သွားလိုက်ပါတယ်။ အင်္ဂလန်ကို ပြန်သွားတယ်လို့ ပြောရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ် သုံးဆယ်လောက်က တစ်ခါ အင်္ဂလန်မှာ နေလိုက်ခဲ့ဖူးသေးတာကိုး။ လန်ဒန်မြို့-ဘီဘီစီ အသံလွှင့်ဌာနမှာ အသံလွှင့်ခဲ့ပါသေးတယ်။

အင်္ဂလန်ရောက်တော့ အစိုးရဆေးရံကြီးတွေမှာရော၊ ကိုယ်ပိုင်ဆေးခန်းတွေမှာရော ဆရာဝန်လုပ်ရင်း အသက်မွေးဝမ်းကျောင်းပြုပါတယ်။ အင်္ဂလန်မှာ ၁၉၈၈ က ၂၀၀၁ ခုနှစ်အထိ နေထိုင်အလုပ်လုပ်ပြီး အလုပ်က အပြီးအပိုင် အနားယူလိုက်ပါတယ်။ အသက် ၇၀ ကျော်ပေါ့။ ပြီးတော့ သားသမီးများရှိရာ အမေရိကန်ပြည် ထောင်စုကို ပြန်ပါတယ်။ အိုဟိုင်းယိုးပြည်နယ်မှာ အခြေချနေထိုင်တယ်လို့ပဲ ကျွန်တော်အကြမ်းဖျင်းမှတ်မိပါ တော့တယ်။ အိုဟိုင်းယိုးမှာနေတုန်းက ကျွန်တော်က ဖို့တ်ဝိန်းမြို့မှာ နေတယ်။ အိုဟိုင်းယိုးနဲ့ ဖို့တ်ဝိန်းတို့က သိပ်မဝေးလှဘူး။ ဒါ့ကြောင့် သွားရောက်တွေ့ဆုံပါတယ်။ ခြံကျယ်ဝင်းကျယ်ကြီးထဲမှာ တစ်ထပ်အိမ်တစ်လုံးနဲ့ တစ်ယောက်တည်းနေပါတယ်။ အနီးအနားမှာ သားသမီးအိမ်ရှိတယ်လို့ ဆိုပါတယ်။ အိမ်ခြံဝင်းထဲမှာတော့ အင်္ဂလိပ်ကဗျာတွေထဲမှာပါတဲ့ အက်ဖိုးဒစ်ပန်းပင်တွေနဲ့ ကျူးလစ်ပန်းပင်တွေ ပွင့်နေပါတယ်။ ခြံစည်းရိုကတော့ တောခြုံပုတ်တွေပါပဲ။ ရှဥ့်ကလေးတွေက ခြုံပုတ်ထဲက ထွက်လာပြီး မြက်ခင်းပေါ် ပြေးလွှားခုန်ပေါက်နေတာ မြင်ရပါတယ်။ ယုန်ကလေးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ယုန်လေးတွေ၊ ရှဥ့်လေးတွေနဲ့ သမင်လေးတွေ ကို ၀ါရှင်တန်မြို့စွန်ရပ်ကွက်တွေမှာ မြင်တွေ့ခဲ့ရဖူးပါပြီ။ ဒီတိုင်းပြည်မှာ မြို့နီးဝန်းကျင်က အကောင်ပလောင် လေးတွေကို လက်တဲ့စမ်းလေ့မရှိကြပါ။ အမဲလိုက်ချင်ရင် အမဲလိုက်ခွင့်ပေးထားတဲ့ တောကြီးမျက်မည်းထဲကို သွားပြီး ပစ်ရတယ်လို့ ဆိုပါတယ်။

အိမ်မှာတော့ တခြားအိမ်တွေမှာ တွေ့ရလေ့ရှိတဲ့ တီဗီတို့၊ ရေခဲသေတ္တာတို့အပြင် စန္ဒရားတစ်လုံးကို လည်း တွေ့ရပါတယ်။ စန္ဒရားပေါ်မှာ ဂီတသင်္ကေတတွေနဲ့ တွဲထားတဲ့ သီချင်းစာအုပ်တစ်အုပ် တင်ထား ပါတယ်။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်၊ ဖော်ဖော်ရွေရွေလက်ခံတွေ့ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ဖို့တ်ဝိန်းကို ရောက်နေတဲ့ ကဗျာဆရာ မောင်စိုးချိန်နဲ့ စာရေးဆရာ မောင်သစ်ဆင်းတို့ နှစ်ယောက်အပြင် အင်္ဂလန် အသံလွှင့်ဌာန (ဘီဘီစီ) မျာ အသံလွှင့်ဖူးတဲ့ မြန်မာဆရာဝန်တစ်ယောက်လည်း ပါပါတယ်။ ကျွန်တော်တို့ကို သူ့သားအိမ်က ချက်ပြီး ပို့တာလို့ထင်ပါရဲ့။ မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ သိပ်မပြော ဖြစ်ခဲ့ပါဘူ။ သူတစ်ဦးတည်း စန္ဒရားတစ်လုံးနဲ့ ဘယ်လိုနေတယ်ထိုင်တယ်၊ စားသောက်တယ်ဆိုတာ တွေလောက်ပဲ ပြောဖြစ်ကြပါတယ်။ စန္ဒရားလေးတီးလိုက်၊ စာရေးလိုက် စာဖတ်လိုက်ပါပဲတဲ့။

အိုဟိုင်းယိုးက ပြန်လာပြီးနောက် ကျွန်တော်က သားသမီးတွေရှိရာ နယူးယောက်ကို ပြောင်းလာခဲ့ပါ တယ်။ မကြာခင်မှာ ဒေါ်ကြည်အေးလဲ သူ့သမီးရှိရာ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့တယ်လို့ ကြားရတော့ ကျွန်တော်သွားတွေ့ဖို့ ကြိုးစားပေမယ့် တွေ့ခွင့်မရတော့ပါဘူး။ မြန်မာစာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ နိုင်ငံ ရေးသမားတွေနဲ့ လုံးဝမတွေ့ချင်တော့ဘူးဆိုတဲ့ သတင်းမျိုးကို ကြားသိရပါတယ်။ နယူးယောက်မှာ တစ်မြို့ တည်းနေကြပေမယ့် သာရေးနာရေးကိစ္စတွေနဲ့ ပွဲလမ်းတွေမှာတောင် မဆုံရပါ။ သူ့ခမျာ ကားတိုက်ခံရပြီး ခြေကျိုးထားလို့ ဘယ်မှ မသွားရဘူးလို့လည်း ကြားရပါတယ်။ သူမသွားနိုင်ပေမယ့် ဘယ်သူ့ကိုမှလည်း လာခွင့် မပြုပါ။ ဘယ်တုန်းက သိကြသလဲတော့ မဆိုနိုင်၊ လွတ်လပ်တဲ့အာရှအသံက စန်းစန်းတင်နဲ့တော့ အဆက် အသွယ်ရှိတယ်လို့ သိရပါတယ်။ သူကွယ်လွန်သည်အထိ တစ်မြို့တည်းနေသူချင်း တွေ့ခွင့်မရလိုက်တာ ၀မ်းနည်းစရာပါ။

သူကွယ်လွန်တော့ သားသမီး ၆ ယောက် (သားသုံးယောက်၊ သမီး သုံးယောက်) ထွန်းကား ကျန်ရစ် တယ် ကြားသိရပါတယ်။ သူအိမ်ထောင်ပြုတာက ၁၉၃၅ ဆိုတော့ သူ့အသက် ၂၄-၂၅ နှစ်အရွယ်ပေါ့။ အိမ်ထောင်သက် ၅၀ ကျော်။

သူစာရေးတာက ၁၉၇၄ လောက်ကပါ။ အက် ၁၈ နှစ်ပေါ့။ ဒဂုန်တာရာရဲ့ တာရာမဂ္ဂဇင်းက မွေးထုတ် လိုက်တဲ့ ကလောင်ရှင်ပါ။ တာရာမဂ္ဂဇင်းမှာ စပြီးပါခဲ့တဲ့ ၀တ္ထုတိုက “ထိုည” တဲ့။ သူ့ရဲ့ နာမည်ကြီးကဗျာက “တစ္ဆေ” ထင်ပါတယ်။

“ညကြီးမင်းကြီး၊ ထပြီးထိုင်နေ၊
အိပ်ရာတွေဲ၊ တွန့်ကြေမွလိပ်
သိပ်ညစ်တယ်…” စသဖြင့် မှတ်မိပါတယ်။

ဆရာ ဒဂုန်တာရာက “တဟီတီသွားရအောင်” ကဗျာနဲ့ နာမည်ကြီးပါတယ်။ “ပြည်သူ့စာပေ” ကို ဘမ်းတင်ကြွေးကြော်ပြီး ပြည်သူ့ဘ၀နဲ့ ကင်းကွာတဲ့ စာမျိုးကိုက တန်းတင်ရပါမို့လားလို့ ဝေဖန်လှောင်ပြောင် ခံရပါတယ်။ ဘာပဲဖြစ်ဖြစ်-ခေတ်စမ်းစာပေက ရုန်းထွက်ပြီး သစ်ဆန်းတဲ့ အကြောင်းအရာ၊ သစ်ဆန်းတဲ့ အတွေး အခေါ်၊ သစ်ဆန်းတဲ့ ရေးဟန်များကြောင့် ဆရာတာရာနဲ့ အတူ “ကြည်အေး”၊ “ကြည်အေး” ဆိုပြီး ဟစ်ကြွေးခဲ့ ဖူးပါတယ်။ ၁၉၄၇ က ကြည်အေးဟာ ၁၉၅၇ ထိ ၁၀ နှစ်ကြာတော့ထိအောင် အရှိန်တက်တုန်းပါ။

၁၉၅၆-၅၇ မှာ ကျွန်တော်တို့ တက္ကသိုလ်ရောက်ပါပြီ။ နံရံကပ်စာစောင်တွေမှာ ပေါက်စည်၊ မောင်သိင်္ဂါ၊ ဇော်ဇော်အောင် (မောင်မိုးသူ) တို့က ကြည်အေးဟန်ကဗျာများကို တွင်တွင်ကျယ်ကျယ် ရေးနေကြပါတယ်။ ဇော်ဇော်အောင်က ဇော် (သလ္လာ) သလ္လာမောင်သင်းရီ-ကလောင်နာမည်များ ရေးပါတယ်။ မောင်သိင်္ဂါဆိုတာက မောင်သာနိုးပါ။ သူတို့ ၄ ဦးဟာ “ကြည်အေး”ခရေဇီတွေအဖြစ် ထင်ရှားပါတယ်။ ကန်မြဲနန်းမြင့်နွယ်၊ မောင်ဝင်းဖေ (မြင်းခြံ)၊ အင်းဝအောင်ဆွေ တို့က တောကျောင်းတွေက လာတာဆိုတော့ ခေတ်မဆန်ကြပါ။ ကြည်အေးခရေဇီ မဖြစ်လာကြပါ။ သူတို့သုံးဦးက တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်ဆိုပြီး ခေတ်စမ်းရေးဟန် က ရုန်း မထွက်ခဲ့ကြပါ။ ဒါ့ကြောင့် နှောင်းလူငယ် စာပေသမားတွေက သူတို့ကို မော်ဒန်ထဲ စာရင်းမသွင်းဘဲ “Neo-Khitsan” တဲ့။ ခေတ်စမ်းလက်သစ်၊ ခေတ်စမ်းနောက်ဆက်တွဲလို့ပဲ အသိအမှတ်ပြုခဲ့ကြပါတယ်။ (“မောင်မိုးသူ”ဆိုတာ ကြည်အေးရဲ့ တခြားကလောင်နာမည်၊ “မမိုးသူ” က ယူသလိုလို ကြားဖူးပါတယ်။ မောင်မိုးသူကို မေးကြည့်ပါ။)

မောင်သင်္ဂါနဲ့ မောင်မိုးသူတို့က ထောင်ဝင်ထောင်ထွက်များလို့ ကြည်အေးကဗျာနဲ့ အဆက်ပြတ်သွားခဲ့ ကြပြီး ဇော်ဇော်အောင်က ထောက်လှမ်းရေးဝတ္ထုထဲ လျှိုးဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ “ဂျူး” တို့တစ်တွေ မန္တလေး ဆေးတက္ကသိုလ်ဘက်မှာ ကလောင်သွေးကြတော့ “ကြည်အေးရောဂါ”(သည်းခံပါ-အပြင်မှာ အဲဒီလိုပဲ ပြောပါတယ်) ပြန်ထလာကြပါတယ်။ “စိတ်ကူးယဉ်အပျင်းထူမကလေးများရဲ့ စရိုက်ဟန်ပန်”လို့ တင်မိုးက ဆိုလေ့ရှိပါတယ်။ ခု မော်ဒန်-ပို့စ်မော်ဒန်စတဲ့ ကဗျာများမှာတော့ ကြည်အေး ကွင်းဆက်ပြတ်သွားခဲ့ပြီ။ ထင်းရှူးပင်ရိပ်က ဘာသာပြန်၊ ကဗျာကွင်းဆက်လို့ ဆိုရမလားမသိပါ။

“ကြည်အေး”က ကဗျာမှာသာမက ၀တ္ထုဘက်မှာလည်း နာမည်ရပါတယ်။ “ကျွန်မပညာသည်”၊ “မီ”၊ “နွမ်းလျအိမ်ပြန်”၊ “ဖုန်းသက်တိုင်”၊ “တမ်းတတတ်ည်”၊ “ကာဖွဲ့ဆိုသီ”၊ “မောင် ကိုကိုနဲ့ မြနန္ဒာ” စတဲ့ ၀တ္ထုများဟာ တွင်ကျယ်ဆဲပါ။ တကျော့ပြန်ပုံနှိပ်ထုတ်ဝေတိုင်း လူငယ်တွေက ဖတ်နေကြဆဲပါ။

ကြည်အေးနဲ့အတူ တာရာမဂ္ဂဇင်းက မွေးထုတ်လိုက်သူတွေကတော့ မိုးစည်၊ မောင်စည်သူ၊ ကြည်လင်၊ အောင်လင်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကျော်အောင် စသူတွေ ဖြစ်ပါတယ်။ သူတို့က ဆရာမကြီးကြည်အေးအရင် တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ကုန်ကြပါပြီ။ သူတို့ထဲမှာ အသက်အငယ်ဆုံး ဒေါ်ကြည်အေးက နောက်ဆုံးကွယ်လွန်တာပါ။

ကဗျာဆရာတင်မိုးကတော့ အများနားလည်လွယ်အောင် တင်မိုးခံစားမှုလည်း ပေါ်အောင်ပြောရရင် (တောသားစိတ်) ပါ။ “ဗမာပြည် ပြန်ချင်တယ်”ပဲ တဖွဖွပြောပါတယ်။ ကြည်အေးကတော့ အင်္ဂလန် အမေရိကန်မှာပဲ မွေ့လျော်သူပါ။ ဒါပေမဲ့ သူကွယ်လွန်တော့ ဗုဒ္ဓဂါယာမှာ သူ့အရိုးအိုးကို မြှုပ်နှံမယ်လို့ မှာကြားသွားခဲ့ကြောင်း သိရပါတယ်။

တစ်မြို့တည်းနေသူဖြစ်ပြီး ကဗျာရေးသူချင်းလည်း ဖြစ်ကြပေမယ့် ကြည်အေးကို ကျွန်တော်က တစ်ခါပဲ ဆုံဖူးလိုက်တာပါ။ သူဘယ်အရပ်မှာနေတယ်ဆိုတာတောင် မမှန်းဆတတ်ပါ။ ဒါ့ကြောင့် ကြည်အေး အလွမ်းစာကို သူစိမ်းဆန်ဆန်ပဲ “ကျမ်းကိုး၊ မှန်းကိုး” တွေနဲ့သာ ရေးလိုက်ပါတယ်။ ကြည်အေးစာပေ အဓွန့်ရှည် စေ၊ ကြည်အေးဝိညာဉ်ဟာ ဗုဒ္ဓအရိပ်မှာ ငြိမ်းချမ်းစွာ လဲလျောင်းနိုင်ပါစေသတည်း။

မောင်စွမ်းရည်
၂၀၀၇ ဇန်န၀ါရီ ၁၂
နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်