အောင်မော်ဦး – မောင်လူနပ်ကလေးတို့မြို

January 28, 2017


အောင်မော်ဦး – မောင်လူနပ်ကလေးတို့မြို
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၇

(၁)

သူ သည်မြို့လေးသို့ ပြောင်းလာသည်မှာ မကြာသေး။ မြို့လေးသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော်ငြား သူ့ဇာတိနှင့် နှိုင်းစာလျှင် ငယ်သည်ဟု ပြော၍ရသည်။ သို့သော် အချက်အချာကျသည့် မြို့ကြီးများနှင့် ထိစပ်သည့် နယ်နိမိတ်မျဉ်းပေါ်တွင်ရှိနေသဖြင့် ငယ်သော်လည်း မသေးဟု ပြောလျှင်ရသည်။

မြို့လေး၏ ဖွဲ့တည်မှုသည်ပင် မြို့သားများ၏ ဝတ်စားဆင်ယင်မှုနှယ် ထူးခြားထွေပြားသည်။ မြို့ခံများချည်း စုစည်း၍ သည်မြို့လေး ဖြစ်တည်လာခြင်းလား၊ သို့တည်းမဟုတ် နယ်စုံပယ်စုံမှ လူပေါင်းစုံ လာရောက်အခြေချရာမှ သည်မြို့လေး ဖြစ်တည်လာခြင်းလားဟူသည်ကို ဒုတ်ဒုတ်ထိ ပြောရန်ခက်သည်။ မြို့သူမြို့သားများက သူတို့ နားလည်သလို ပြောနေသရွေ့ တခုခုကို အတည်ယူရန် ခက်ကောင်းခက်နေပေမည်။ ထို့ကြောင့်ပင်ထင်သည်။ ဤမြို့လေး၌ ဘာသာစကားလည်း စုံ၍ ယဉ်ကျေးမှုလည်း စုံနေရခြင်းဖြစ်မည်။

သူ သည်မြို့လေးသို့ ပြောင်းလာပြီးမကြာမီပင် မြို့ခံတချို့နှင့် မျက်မှန်းတမ်းမိလာသည်။ ရံခါ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်ကလေး၌ ဆုံ၍၊ ရံခါ ကပိုကရို စာအုပ်ဆိုင်ကလေး၌ ဆုံသည်။ များသောအားဖြင့်တော့ မဝယ်မဖြစ် ဈေးကလေး၌ မဆုံမဖြစ် ဆုံဖြစ်ကြရသည်။

တနေ့သားမတော့ သူ့အခန်းသို့ မြို့ခံတချို့ အလည်ရောက်လာကြသည်။ သူတို့က သည်မြို့လေးကို တည်ထားသည်မှာ မည်ရွေ့မည်မျှကြာပြီဟု မည်သူမျှ တပ်အပ်မပြောနိုင်သော်ငြား မြို့သက်ရလာသည့် မြို့လေး တမြို့အနေနှင့်ဆိုလျှင် ယခုအချိန်အထိ မြို့တမြို့၏ ဥပဓိမရှိသေးကြောင်း၊ မြို့တမြို့၏ အင်္ဂါရပ်များနှင့် ညီညွတ် စေရန် သက်ဆိုင်ရာ အသင်းအပင်းများ၊ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရန်လိုကြောင်း၊ ထို့ကြောင့် မြို့သူ မြို့သားများအနေဖြင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးအတွက် တဦးနှင့်တဦး ညီရင်းအကိုများသဖွယ် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် အားတတ်သရော ရှင်းပြကြသည်။

သူသာဆိုလျှင်တော့ ကိုယ်နှင့်မသိသည့် တစိမ်းတရံစာတဦးအား ငယ်ပေါင်းကြီးဖော်နှယ် သူတို့လို ပြောဆို ဆက်ဆံဖြစ်မည်မဟုတ်မှာ သေချာသည်။ သို့နှင့် သူ့အမည်ကို စာရင်းတို့ထားလိုက်ကြပြီး အသင်းဖွဲ့စည်းရေးအတွက် သူ့ထံသို့ ဖိတ်စာပို့လိုက်မည့်အကြောင်း၊ သူတို့ ပြန်ဦးမည့်အကြောင်းပြော၍ နှုတ်ဆက်ကြသည်။ အံ့သြစိတ်၊ ဝမ်းသာ စိတ်တို့နှင့် ခေါင်းတညိတ်ညိတ် လုပ်နေမိသဖြင့် ကျေးဇူးတင်စကားပင် ပြောဖို့မေ့သွားရသည်။

တပတ်ခန့်အကြာ၌ တသက်နှင့်တကိုယ် မည်သည့် အစည်းအဝေးမျှ မတက်ခဲ့ဘူးသည့် သူ့ထံသို့ ဖိတ်စာ လေးတစောင် ရောက်လာသည်။ စင်စစ် သူသည် မည်သည့်အသင်းအဖွဲ့တွင်မှလည်း ပါဝင်ခဲ့ဖူးသူ မဟုတ်ချေ။ သို့သော် ညနေ(၅)နာရီတိတိဟူသော အချိန်သတ်မှတ်ချက်၊ မပျက်မကွက် ကြွရောက်ပါရန်ဟူသည့် တိုက်တွန်း တဝက် တောင်းဆိုတဝက်နှောထားသည့် အမိန့်တပိုင်းပါဖိတ်စာနှင့် သူ့ထံ တကူးတက လာရောက်ဆွေးနွေးကြသူ များ၏ မျက်နှာများအား ထောက်ထားရမည်ဟူသည့် လောကဝတ်တို့ကြောင့် သူ့အနေနှင့် မငြင်းသာတော့။

(၂)

အစည်းအဝေးခန်း၌ ပြီးခဲ့သည့်အပတ်က သူ့အခန်းသို့ လာရောက်ခဲ့ကြသူများအား တွေ့ရသည်။ သူ့အမည် ကိုခေါ်၍ ပြာပြာသလဲနှုတ်ဆက်ကြသည်။ သူတို့၏ အမည်များကို မမှတ်မိခြင်းအတွက် သူတို့အဖို့ ကိစ္စရှိပုံမရသော် လည်း သူ့ဘက်ကကြည့်လျှင်မူ မျက်နှာပူစရာ ကောင်းလှသည်။ ထို့ကြောင့်ပင် သူတို့ သတ်မှတ်ပေးသောနေရာ၌ အပြစ်မကင်းသူ တယောက်နှယ် မဝံ့မရဲထိုင်ရင်း သူတို့၏ လှုပ်ရှားမှုများကို အငူသား ကြည့်နေမိသည်။

သူတို့သည် ဖိုင်တွဲကိုယ်စီ၊ စာရွက်စာတမ်းကိုယ်စီနှင့် အလုပ်ရှုပ်နေကြသော်ငြား တဖွဲဖွဲဝင်လာကြသူများအား ပြာပြာသလဲနှုတ်ဆက်ခြင်း၊ နေရာချထားခြင်းများကို ဇယ်ဆက်သလို လုပ်နေကိုင်နေကြသည်မှာ ကျွမ်းကျွမ်းကျင်ကျင် နှင့် နိုင်နိုင်နင်းနင်း ရှိလှသည်။

သို့နှင့် ညနေ (၅) နာရီခွဲသွားသည်။ သူ့မိတ်ဆွေများ အလုပ်ရှုပ်နေကြဆဲဖြစ်သလို၊ သိနှင့်ပြီးသူ အချင်းချင်း ၏ ထွေရာလေးပါး ပြောသံဆိုသံများနှင့် ခန်းမလေးစည်ကားနေသည်။ ‘လူမစုံသေးဘူးလား’၊ ‘ငါးနာရီတောင် ခွဲပြီး သွားပြီ’ ဟူသည့် အသံများ ကြိုကြားကြိုကြား ထွက်လာသည့်အခါတွင်မှ အစည်းအဝေးစရန် သတိရကြတော့သည်။

သူ့မိတ်ဆွေများထဲမှ ပါးရည်နပ်ရည်ရှိပုံရသူက ယခုလို နောက်ကျမှ အစည်းအဝေးစတင်နိုင်သည့်အတွက် တောင်းပန်ပါကြောင်း၊ လူမစုံသေးသော်လည်း (နောက်ပိုင်း သူ့အတွေ့အကြုံများအရ ဘယ်တော့မှ စုံသည်ဟူ၍မရှိ) ယခုလိုအချိန်ပေး၍ တက်ရောက်ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမစမီ တဦးနှင့် တဦး အပြန်အလှန် မိတ်ဆက်ကြရန်လိုကြောင်း ပြော၍ သူ့ကိုယ်သူ စတင်မိတ်ဆက်ပါတော့သည်။

သည်တကြိမ်တွင်တော့ မျက်နှာပူရသည့်အဖြစ်မျိုး ထပ်မဖြစ်စေရန် တဦးချင်း၏အမည်များအား သေသေ ချာချာ မှတ်ထားလိုက်မည်ဟု တွေးထားသည်။ သို့သော် တကယ်တမ်းမိတ်ဆက်ကြသည့်အခါ မျက်နှာများကို သေသေချာချာ မကြည့်မိလိုက်သဖြင့် လူများနှင့် အမည်များအား တွဲ၍မမှတ်မိတော့။

ပါးရည်နပ်ရည်ရှိလှသည့် သူ့မိတ်ဆွေကပင် သူ့အခန်းသို့လာရောက်ခဲ့စဉ်က ပြောခဲ့သည့် စကားများကို ဥပမာ၊ ဥပမေယျများဖြင့် အာဝဇ္ဇန်းရွှင်စွာ ပြောနေသည်။ နောင်တွင် လက်ရုံးသဖွယ် အားကိုးရမည့်သူ ဖြစ်လာမည့်သူ တဦးက ဘေးမှနေ၍ ထိုသူ ပြောသမျှကို လိုက်လံရေးမှတ်နေသည်။ ရပ်မိရပ်ဖဟု ထင်ရသူတဦးက သည်မြို့လေးတွင် သာရေးနာရေးကိစ္စများသည် အဓိကကျကြောင်း၊ ထို့ကြောင့် ပထမဆုံး စတင်ဖွဲ့စည်းမည့်အသင်အဖွဲ့သည် သာရေး နာရေးအသင်းမျိုး ဖြစ်သင့်ကြောင်း အဆိုပြုပါသည်ဟု ထ၍ ဆွေးနွေးသည်။ ထိုအခါ သူ့မိတ်ဆွေ (သူ့ကိုယ်သူ မိတ်ဆက်ပေးစဉ်က ‘ကျနော် မောင်လူနပ်ကလေးပါ’ ဟု ပြောသည်ထင်သည်) ကိုမောင်လူနပ်ကလေးက အားလုံး၏ သဘောထားကို တောင်းခံသည်။

စောစောက သူတခါငါတလှည့် ပြောဟယ်ဆိုဟယ်နှင့် သက်ဝင်လှုပ်ရှားနေသော ခန်းမလေးသည် အပ်ကျသံ ပင် ကြားရမလောက် ဗြုန်းစားချည်း တိတ်ဆိတ်သွားသည်။ မျက်လွှာချသူကချ၊ စားပွဲကို လက်နှင့်ခြစ်သူကခြစ်၊ တောင်တောင်အီအီ ကြည့်သူကကြည့်နှင့် တခန်းလုံး၏အခြေအနေမှာ အမိန့်မရသေးသည့် တပ်ဖွဲ့တဖွဲ့နှယ် ချီတက်ရခက်နေပုံရသည်။

စောစောက အားတက်သရော ပြောဆိုခဲ့ကြသူများကို သူ တော်တော်အားနာသွားသည်။ မျက်လွှာချထား ရာမှ ဘာရယ်မဟုတ် မဝံ့မရဲနှင့် ဝေ့ကြည့်လိုက်တော့ ဘာရယ်ဟုတ်ပုံမရ သူ့လိုပဲ ဟိုဝေ့သည်ဝေ့ကြည့်နေကြသည့် မျက်လုံးများနှင့် သွားဆုံသည်။ ကြံရာမရ ယောင်နနနှင့် ခေါင်းညိတ်ပြလိုက်မိသည်။

အခြေအနေကို ထိန်းကျောင်းတတ်ပုံရသည့် ကိုမောင်လူနပ်ကလေးက “ဒီမိတ်ဆွေကတော့ အသင်းဖွဲ့စည်းဖို့ သဘောတူကြောင်း ခေါင်းညိတ်ပြီး ထောက်ခံနေပါတယ်”ဟု သူ့ထံ လက်ညှိုးထိုး၍ အားလုံးကြားအောင် ပြောလိုက် သည်။ ထင်သည့်အတိုင်းပင် စူးစမ်းသည့်မျက်လုံးများ ဆလိုက်မီးမောင်းထိုးသလို သူ့ထံကျရောက်လာသည်။ အူတူတူ ယောင်နနနှင့် နောက်တကြိမ် ခေါင်းညိတ်ပြလိုက်မိပြန်သည်။ “သဘောတူပါတယ်”ဟူသည့်အသံများ ခန်းလုံးပြည့် သွားသည်။ ချက်ဆိုနားခွက်က မီးတောက်ပြီးသား ဖြစ်နေပုံရသည့် မှတ်တမ်းလိုက်သူက “သာရေးနာရေးအသင်းကြီး ဖွဲ့စည်းရန် တညီတညွတ်တည်း သဘောတူကြကြောင်း ဆုံးဖြတ်လိုက်သည်”ဟု သူရေးထားသည့်စာရွက်ကို စာလုံးပေါင်းမမှားအောင် ဂရုစိုက်၍ သူကိုယ်တိုင် ပြန်ဖတ်ပြသည်။

ထိုမျှ ရေလာလျှင် မြောင်းပေးရန် ဝန်မလေးတတ်သည့် ကိုမောင်လူနပ်ကလေးက “အသင်းတခု ဖွဲ့မည် ဆိုလျှင် ယင်းအသင်းအား လမ်းညွှန်သွန်သင်မည့် နာယကအဖွဲ့တခု ဦးစွာဖွဲ့စည်းရန်လိုကြောင်း၊ ထို့အတူ ယင်း အသင်းအား ဦးစီးဦးဆောင်ပြုမည့် ကော်မတီတခုလည်း ဖွဲ့စည်းရန်လိုကြောင်း၊ နာယက အဖွဲ့တွင် မြို့မိမြို့ဖများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ပါဝင်ရန်လိုကြောင်း၊ ကော်မတီတွင် သွက်သွက်လက်လက်ရှိသူများ၊ အရည်အချင်းရှိသူများ၊ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်လိုသူများ ပါဝင်ကြရန်လိုကြောင်း” အားတက်သရော ပြောတော့သည်။

ကိုမောင်လူနပ်ကလေးက “ကျနော့်အနေနဲ့ကတော့ နာယကအဖွဲ့မှာ ဟောဒီက မြို့မိမြို့ဖ (၃)ဦးနဲ့ ဟောဟို က ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီး(၂)ဦး၊ ပေါင်း (၅)ဦးကို အဆိုပြုလိုပါတယ်”ဟု ပြော၍ ကန့်ကွက်မည့်သူ ရှိပါသလားဟု သုံးကြိမ်သုံးခါမေးသည်။ မည်သူမျှ တုတ်တုတ်မလှုပ်ကြသဖြင့် မှတ်တမ်းလိုက်သူက နာယကအဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းလိုက်ကြောင်း ဝမ်းခေါင်းသံကြီးနှင့် ကြေညာသည်။

“ခုလို နာယကအဖွဲ့ကြီးကို အောင်မြင်စွာဖွဲ့စည်းပြီးတဲ့နောက် နာယကလူကြီးများရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ အသင်းကော်မတီကို ဖွဲ့စည်းခွင့်ပြုရန် ပန်ကြားအပ်ပါတယ်ခင်ဗျား”ဟု အတိုင်နှင့် အစချီလိုက်သည်။ စကားပင်မဆုံး သေး၊ အဟမ်း .. အဟမ်း… ဆိုသည့် ချောင်းဟန့်သံကြီး ထွက်လာသည်။

တိုင်ပြီးလျှင် ဖောက်ရသည့် သဘောသဘာဝအတိုင်း အသစ်ချပ်ချွတ် နာယကကြီးက ကိုမောင်လူနပ် ကလေး၊ မှတ်တမ်းလိုက်သူနှင့် အခြား (၇) ဦးကို အဆိုတင်တော့သည်။ ထုံးစံအတိုင်းပင် အသင်း၏ အမှုဆောင် ကော်မတီကို အောင်မြင်စွာဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည်ခင်ဗျားဟူသည့် ဝမ်းခေါင်းသံကြီး ထွက်လာပြန် သည်။ သည့်နောက်မတော့ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်သဖြင့် အလျှိုအလျှို ထပြန်ကုန်ကြသည်။

သူလည်း ပြန်မည်အပြုတွင် “အေးဗျာ ကျနော်က နာယကကြီးနဲ့ ကြိုညှိထားပေမယ့် ခင်ဗျား ခေါင်းညိတ် လိုက်လို့ ဒီအသင်းလေး ဖြစ်လာတာဗျ၊ ကျေးဇူးတင်တယ်ဗျာ၊ အလုပ်တွေကတော့ အများကြီးလုပ်ကြရဦးမယ်ဗျို့” ဟု ကိုမောင်လူနပ်ကလေးက သူ့ကို လက်ဆွဲနှုတ်ဆက်ရင်းပြောသည်။ ဘာကြောင့်မှန်းမသိ ခေါင်းညိတ်ပြမိပြန်သည်။

(၃)

မြို့လေး၏ မနက်ခင်းသည် လက်ကမ်းကြော်ငြာများကြောင့် လှုပ်လှုပ်ရွရွဖြစ်နေသည်။ အသစ်စက်စက် ဖြစ်စဉ်တို့၏ ထုံးစံအတိုင်း အသင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသောထင်မြင်ချက်များသည် လူအများ၏နှုတ်ဖျား၌ ချဲ့ချဲ့ကားကား နေရာယူထားကြသည်။ လဖက်ရည်ဆိုင်တွင်လည်း ပြောကြသည်။ စာအုပ်ဆိုင်တွင်လည်း ပြောကြ သည်။ ဈေးတွင်လည်း ပြောကြသည်။

မည်သူကစ၍ တီထွင်လိုက်မှန်းမသိသော်လည်း ဤအခေါ်အဝေါ်သစ်များကြောင့်ပင် မြို့လေး၏ ဂုဏ်သိက္ခာ မှာ ကြီးကြီးမြတ်မြတ် ဖြစ်လာသည်။ အတည်အခန့်ရှိနှင့်ပြီးသော ပုဂ္ဂိုလ်များအား တင့်တင့်တယ်တယ် အသုံးအနှုန်း များနှင့် ပေါင်းစပ်လိုက်၍ ထင်၏။ ဟွန်ဒါယဉ်ကျေးမှုနှင့် အတိပြီးသော မြို့လေးသည် ကြည်ညိုစိတ်များဖြင့် ဖိတ်ဖိတ် လက်နေတော့သည်။

လက်ဖက်ရည်ဆိုင်လေးတွင် ဖောက်သည်တိုင်း၏အကြိုက်ကို နောကျေနေသည့် စားပွဲထိုးလေးက “အဘ လာတယ်ဟေ့၊ အဘအတွက် ပေါ့ကျဝမ်း၊ ပဲနံဝမ်း”ဟု လှမ်းအော်လိုက်ပြီး၊ ခုံတွင်ချထားသည့် သတင်းစာကိုကိုင်၍ ဖတ်နေကျ အဘအားပေးရန် အဝ၌ စောင့်ကြိုမည် ပြင်သည်။ ထိုအခါမျိုးများ၌ အဘသည် “မှန်းစမ်း ဘာတွေများ ထူးသတုံးဟ”ဟုဆိုပြီး အိတ်ထောင်ထဲမှ ရွှေကိုင်းမျက်မှန်ကလေးကိုထုတ်ကာ ထိုင်နေကျစားပွဲ၌ ထိုင်၍ နံနက်ခင်း သတင်းစာလေးကို စိမ်ပြေနပြေ ဖတ်မည်။ ထုံးစံအတိုင်း ရေနွေးတအိုးပြီးတအိုး ထပ်ဖြည့်ခိုင်းမည်။

ထိုအချိန်၌ (နောက်တကြိမ် ပြန်လုပ်မည်ဆိုလျှင် ဤအတိုင်းဖြစ်ရန် တော်တော်လေး ဇာတ်တိုက်ယူရမည့် အဖြစ်အပျက်တခု ရုတ်ချည်းဖြစ်သွားသည်) သူ၏စားပွဲနှင့် ဓားလွယ်ခုတ်သာသာတွင် ထိုင်နေသည့် ကိုမောင်လူနပ် ကလေးသည် ငေါက်ခနဲထ၍ “ဟာ နာယကကြီး ကြွပါခင်ဗျား၊ ကျနော်တို့စားပွဲမှာ ထိုင်ပါခင်ဗျား”ဟု ခရီးဦးကြိုပြုလိုက် သဖြင့် စားပွဲထိုးကလေးနှင့် အဘတို့ကြားမှ သမားရိုးကျ နံနက်ခင်းကလေးတခု ပြိုကွဲသွားရတော့သည်။

စားပွဲထိုးလေးအပါအဝင် အဘဟု အများကခေါ်ကြသည့် အဘခမျာ ကြောင်အမ်းအမ်း ဖြစ်သွားပုံရသည်။ ဘုမသိဘမသိနှင့် အိုးတို့အမ်းတမ်းဖြစ်တတ်သူတို့၏ အငိုက်မိပုံအတိုင်း အဘသည် ခေါင်းကုတ်သလိုလို၊ ခါးကုတ် သလိုလို မလုံမလဲနှင့် မယုံရဲရဲဖြစ်ကာ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်သည်။ ထို့နောက် တခုခုကို သဘောပေါက်သွား သလိုလို၊ ကျေကျေနပ်နပ် လက်ခံသွားသလိုလို မျက်နှာပေးမျိုးဖြင့် မိန့်မိန့်ကြီးပြုံးလိုက်ပြီး (သူ့ ခြေထောက်ထဲသာ ရောက်အောင်ပေးလို့ကတော့ သေချာပေါက် ဂိုးရမည်ဟူသည့် တိုက်စစ်မှူးတဦး၏ ယုံကြည်မှုမျိုးဖြင့် ကြုံးကန်ထည့် လိုက်ပုံမှာ) “ဥက္ကဌကြီးရော ရောက်နေတာကြာပြီလားဗျ”ဟု တလေးတစား ပြန်မေးလိုက်ပုံက ကြားရသူတိုင်း ကိုယ့်နားပင် ကိုယ်မယုံနိုင်အောင် ဖြစ်ကြရသည်။

(အန်ထွက်လာသည့် ဘောလုံးတိုင်း မဝင်မှာမပူရသည့် အကူတိုက်စစ်မှူးတယောက်၏ သေချာမှုမျိုးဖြင့် သေသေသပ်သပ် ပိတ်သွင်းလိုက်ပုံလေးကလည်း) “ဟုတ်ကဲ့ ကျနော်နဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးတို့ ရောက်နေတာသိပ်မကြာသေးပါဘူး”ဟု ပြောကာ အဘနှင့် ကိုမောင်လူနပ်ကလေးတို့ စားပွဲခုံ၌ နေရာယူကြသည်။

ရှိလှ (၃)မိနစ်သာသာခန့်သာကြာမည့် ထိုအဖြစ်အပျက်လေးကြောင့် တဆိုင်လုံး ငုတ်တုပ်မေ့သွားသည်မှာ နံပြားဖိုမှ တူးနံ့ကြီးသာ စူးခနဲထွက်မလာဘူးဆိုလျှင် တော်ရုံနှင့် သတိလည်ကြဦးမည် မထင်။

(၄)

မြို့ခံများသည် ‘နာယကကြီး’၊ ‘ဥက္ကဋ္ဌကြီး’၊ ‘အထွေထွေအတွင်းရေးမှူး’၊ အမှုဆောင်ကြီး’ ဟူသည့် အခေါ် အဝေါ်များအား ထွက်ကာစ သီချင်းသစ်များလို မရတရ လိုက်ဆိုကြသည်။ ဆိုရင်းဆိုရင်း နှုတ်ဖျားစွဲလာကြသဖြင့် ဆိုပြီးရင်း ဆိုကြသည်။ နာယကကြီးနှင့် ကော်မတီဝင်များသည်လည်း သွားအတူ လာအတူ၊ တပူးတွဲတွဲနှင့် ဟိုမှာသည်မှာ မကြာမကြာတွေ့ရလေ့ရှိတတ်သည်။

သူတို့နှင့် တွေ့ရဆုံရသည်မှာ အကြောင်းမဟုတ်လှ။ သို့သော် သူတို့ကို နှုတ်ဆက်ရသည်မှာ ခွတီးခွကျနိုင် သည်ဟု ပြောသံကြားရသည်။ နာယကကြီးနှင့်တွေ့လျှင် နာယကကြီးဟု ခေါ်ဝေါ်နှုတ်ဆက်လိုက်ရုံပင်။ ဥက္ကဋ္ဌကြီးနှင့် တွေ့လျှင် ဥက္ကဋ္ဌကြီးဟု ခေါ်ဝေါ်နှုတ်ဆက်လိုက်ရုံပင်။ သို့သော် တဖွဲ့လုံးနှင့် ပက်ပင်းတိုးသည့်အခါ မည်သို့ ခေါ်ဝေါ် နှုတ်ဆက်ရမည်မသိ။ နာယကကြီးတဦးတည်းကိုသာ ကွက်ပြီးနှုတ်ဆက်မည်ဆိုလျှင်လည်း အခြားသူများကို မလေးမစားပြုရာရောက်မည်။ တဦးချင်းကို နှုတ်ဆက်နေရမည်ဆိုလျှင်လည်း အချိန်အတော်ယူရမည်။ ထိုပြဿနာကို ရှောင်လွှဲ၍လည်းမရ၊ နေ့စဉ်နှင့်လည်းအမျှ ရင်ဆိုင်နေရသူမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပင် ဖြစ်သည်။

နှုတ်သွက်လျှာသွက်ရှိသူများထဲတွင် ကားစပါယ်ယာနှင့် စားပွဲထိုးများအား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုရုံနှင့် မလုံလောက်တော့ဟု ထင်သည်။ တီထွင်ဉာဏ်နှင့် ဖြတ်ထိုးဉာဏ်ကောင်းခြင်းအတွက် ဘွဲ့တခုခု (လောလောဆယ်မရှိသေးလျှင်လည်း ခပ်သွက်သွက်တီထွင်၍) အပ်နှင်းသင့်သည်ဟု ထင်မိသည်။

“ဟာ ဆရာတို့အဖွဲ့ လာတယ်ဟေ့။ နေရာပေး၊ ခုံရှင်း၊ သတင်းစာယူ၊ တူးတီး၊ သရီးကော် ထူးရှယ်ဆွဲမယ်ဗျို့” ဟု လှမ်းအော်လိုက်သည့် စားပွဲထိုးလေး၏ ပျာပျာသလဲ ခရီးဦးကြိုပြုလိုက်သံက ထွန်းကားတော့မည့် ယဉ်ကျေးမှုသစ် ၏ ကြွေးကြော်သံတခုသဖွယ် မြည်ဟီးသွားတော့သည်။

နောက်ပိုင်းရက်များ၌ တဦးချင်းနှင့် အဖွဲ့လိုက်ဆက်ဆံရေးကို အောင်မြင်စွာထူထောင်လိုက်နိုင်ပြီ ဖြစ်သဖြင့် မြင့်သည်ထက် မြင့်တက်လာနေသည့် မြို့လေး၏ယဉ်ကျေးမှုကို မြို့သားများကိုယ်တိုင်ပင် တအံ့တသြဖြစ်နေရသည်။ အခြားသူများထက် လာဘ်မြင်တတ်သည့် လဖက်ရည်ဆိုင်ပိုင်ရှင်၏“ဆရာ” ခေါ်သံက အကျယ်ဆုံးဖြစ်မည်ထင်သည်။

အဖွဲ့လိုက်နှင့်ဆုံလျှင် “ဆရာတို့”ဟုခေါ်၍ တဦးချင်းနှင့်ဆုံလျှင် “ဆရာ”ဟု ခေါ်လိုက်ရုံပင်။ ကောင်းသည် ထက် ကောင်းသည်မှာ လူချင်းမသိလျှင်ဖြစ်စေ၊ သိသော်လည်း နာမည်မေ့နေလျှင်ဖြစ်စေ (သို့တည်းမဟုတ်) ရာထူး အဆင့်အတန်းကို မသိလျှင်ဖြစ်စေ၊ သိသော်လည်း မေ့နေလျှင်ဖြစ်စေ “ဆရာ”ဟု တခွန်းတည်းခေါ်လိုက်ရုံနှင့် ကိစ္စပြတ်သွားသည်။ ခေါ်စ၌ မရဲတရဲဖြစ်နိုင်သော်လည်း ခေါ်နေကျသွားသောအခါ နှုတ်ကျိုးသွားကြသည်။

သို့သော် ယဉ်ကျေးမှုတရပ် ထွန်းကားသည်ထက် ထွန်းကားလာလျှင် အရှိန်လွန်တတ်သလား မပြောတတ်။ ဆိုက်ကားနင်းသူကို ဆိုက်ကားဆရာ၊ ကားမောင်းသူကို ကားဆရာ၊ မြင်းလှည်းမောင်းသူကို မြင်းလှည်းဆရာ၊ ဆံပင်ညှပ်သူကို ဆံသဆရာ စသဖြင့် ဆရာချင်း မိုးမွှန်ကုန်တော့သည်။

ငိုအားထက် ရယ်အားသန်ရသည်မှာ ဆရာတည်းဟူသည့် မူလတန်ဖိုးမှ သွေဖီ၍ လက်ပွေ့ သတင်းစာ ရောင်းသူကိုပင် “ဗျို့ သတင်းစာဆရာ၊ ဒီမှာ တစောင်လောက်”ဟု ခေါ်၍ ဝယ်ကြခြင်းဖြစ်သည်။ လမ်းမီးတိုင်များ အောက်မှ ပုရစ်ကောက်သူများသည်ပင်လျှင် ဝယ်သူနှင့် စကားပြောရာ၌ တဗူးမှ တဆယ်ထဲပါဆရာဟု ပြောရောင်း ရောင်းကြသည်။

(၅)

“ဒီအစည်းအဝေးက အရင့်အရင် အစည်းအဝေးတွေထက် အရေးကြီးတယ်ဗျ၊ ဆက်ဆက်လာခဲ့ဗျာ၊ ရော့ ဒီမှာ ဖိတ်စာ”ဟု ပြောပေး ပေးသွားသော အစောင် (၅ဝ)မြောက်ဖိတ်စာလေးကို သူ ထရံ၌ ထိုးထားလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် သတ်မှတ်ချိန်ထက် တနာရီခန့် နောက်ကျလေ့ရှိတတ်၍ သတ်မှတ်ဦးရေထက် သုံးပုံ တပုံခန့် လျော့လေ့ရှိတတ်သည့် အစည်းအဝေးများ၌ ယေဘုယျ ဆုံးဖြတ်ချက်များသာလျှင် အတည်ပြုနိုင်သည်က များသည်။ ချခဲ့ပြီးသမျှ ဆုံးဖြတ်ချက်များသည်လည်း မည်သည့်အခါမျှ အကောင်အထည်မပေါ်။ “အများနဲ့ လုပ်ရတာ ဆိုတော့ ဒီလိုပေါ့ဗျာ”ဟူ၍ စာရွက်ပေါ်၌ချည်းပြီးနေသည့် စီမံကိန်းများအား ကာပြော ပြောတတ်ကြသည်။

များသောအားဖြင့် ပြောမည့်အကြောင်းအရာကို ကြိုတင်ပြင်ဆင်မထားကြ။ ပြင်ဆင်သည်ဆိုလျှင်လည်း အိပ်ရာဝင်ခါနီး အညောင်းတထိုင်စာမျှသာ။ လက်တန်းပြောကြသည်က များသည်။ ထို့ကြောင့် တောင်ရောက် မြောက်ရောက်နှင့် လိပ်ပတ်မလည်။ လိုရင်းမရောက်။ မူလ ပြောသော အကြောင်းအရာက ပျောက်ကာ ဆင့်ပွားဥပမာ များနောက် တကောက်ကောက်လိုက်၍ မဆုံးနှင့် ကိုယ့်စကားကိုယ် နိဂုံးချုပ်ရ ခက်နေတတ်သည်။

တချို့က စကားကြုံလိုက်တတ်သည်။ (ကိုယ်ဘာပြောမည်ကို ကြိုတင်သတ်မှတ်မထားဘဲ အခြားသူ ပြောသည့်စကားအဆုံးကို ကောက်၍ ထိုနေရာမှ စပြောတတ်သည်) တချို့က ထူးမခြားနား အကြောင်းအရာကိုပင် ထူးခြားလေသယောင် ပြောတတ်သည်။ တချို့က ပြောပြီးသည့် အကြောင်းအရာကိုပင် တကြိမ်တခါမျှ မပြောရသေး သည့်နှယ် အတည်ပေါက်နှင့် ပြောတတ်သည်။ တချို့က ရေလည်းမြင့်စေ ကြာလည်းတင့်စေဟူသည့် သဘောမျိုးဖြင့် ကိုယ့်ထက်မြင့်သူကို ပင့်၍ ပြောတတ်သည်။ တချို့က အခြားသူကို အပြစ်ဖို့၍၊ တချို့က ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့ ကြသည်။ ဘုံတူသည့်အချက်မှာ ပြောသူတိုင်း လက်သီးလက်မောင်း တန်းကြခြင်းပင်ဖြစ်သည်။

တချို့က ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဟူသည့် နီတိကို ဖိနပ်နှင့်အတူ အခန်းဝ၌ ချွတ်ခဲ့ကြပုံရသည်။ တချို့က ဝန်ခံ၍ အမြတ်ထုတ်ကြသည်။ (မှားသည်ဟုကို ပြော၍မရသည့် မဆိုစလောက်ကိစ္စလေးတခုကို တကဲ့ အပြစ်အနာကြီးတခုနှယ် ချဲ့ကားဝန်ခံ၍ ကျန်သည့် (၉၉)ရာခိုင်နှုန်းကို သူ့ရိုးဂုဏ်ဟုအထင်ခံရရန် ပြောတတ်သည်။) များသောအားဖြင့် တဦးတည်းက ဒိုင်ခံပြော၍ ပြောသမျှသည်လည်း အတည်ဖြစ်သည့် အစည်းအဝေးများသည် မကျင်းပသေးမီနှင့် ကျင်းပပြီးအခြေအနေမှာ အဖြေသိပြီးသည့် ပွဲဟောင်းကြီး ပြန်ကြည့်ရသည့်နှယ်ပင် ရှိတော့သည်။

(၆)

စာအုပ်ကိုယ်စီနှင့် စာထိုင်ဖတ်နေကြသူများကိုတွေ့လိုက်ရသဖြင့် အခန်းများ မှားဝင်ခဲ့မိလေသလားဟု ထင်လိုက်မိသည်။ အားနာပါးနာနှင့် ပြန်ထွက်မည်ပြုစဉ် မျက်မှန်းတမ်းမိနေသူတဦးက “ဟေ့လူ လာလေဗျာ”ဟု လှမ်းခေါ်သည်။ လှမ်းကြည့်လိုက်တော့ အစည်းအဝေးကျင်းပရာ ဘဲဥပုံစားပွဲကြီးပေါ်၌ တချို့က စာရေးနေကြသည်။ တချို့က တကြောင်းဆွဲပန်းချီ၊ ရုပ်ပြပန်းချီ၊ ကာတွန်း ရုပ်ပုံ၊ ကယ်ရီကေးချား စသည်ဖြင့် စိတ်ဦးတည့်ရာ ရေးခြစ်နေ ကြသည်။ တချို့က ဂဏန်းပေါင်းစက်တလုံးနှင့် ငွေစာရင်းတွက်နေကြသည်။ တချို့က သိုသိုသိပ်သိပ်နှင့် တိုးတိုး ကြိတ်နေကြသည်။ တချို့က မိုဘိုင်းဖုန်းများနှင့် ဂိမ်းကစားနေသည်။ (ထိုဖုန်းများကြောင့်ပင် အစည်းအဝေးများ၌ ပြောသူရော နားထောင်သူပါ အာရုံနောက်ရသည်မှာ အကြိမ်ကြိမ်)။

စောစောက လှမ်းခေါ်သူက “ဒီလိုပေါ့ဗျာ။ လူစုံအောင်ချည်းစောင့်နေရတော့ မပြတ်သေးတဲ့ ရုံးအလုပ်တွေ ရှိရင် ဒီကိုယူလာပြီး လုပ်ရင်လည်းလုပ်၊ ဒါမှမဟုတ် အပျင်းပြေ တခုခုဖတ်ရင်လည်းဖတ်ပေါ့။ ဒါနဲ့ ခင်ဗျားလက်ထဲက ဘာစာအုပ်တုန်းဗျ”ဟု မေးသည်။ “မဂ္ဂဇင်းစာအုပ်ပါ၊ ပြန်အပ်ဖို့ယူလာတာ”ဟုပြောတော့ “ဒါဆို လဲဖတ်ရအောင်ဗျာ” ဟုဆို၍ သူ့လက်ထဲမှစာအုပ်ကို ထိုးပေးသည်။

ခန်းမ၏ အပြင်အဆင်မှာ ပြည့်စုံချင်လွန်းသည့် နှစ်ပတ်လည် အစီရင်ခံစာတစောင်၏ မျက်နှာဖုံးတခုနှင့် တူနေသည်။ နှစ်အလိုက် လှုပ်ရှားမှုဓာတ်ပုံများကို နေရာမလပ်ချိတ်ဆွဲထား၍၊ နှစ်အလိုက်ကြေညာချက်များကို သင်ပုန်းလေးငါးခုနှင့်အပြည့် ကပ်ထားကြသည်။ နှစ်ပတ်လည် စုံညီအစည်းအဝေးဟူသည့် စာတမ်းကို နက်ပြာရောင် နောက်ခံပိတ်စပေါ်တွင် စာလုံးဖြူဖြင့် ဖောက်ထားသည်။ ရှေ့၌ နာယကများနှင့် သဘာပတိများ နေရာယူရန်အတွက် ထိုင်ခုံများချထားသည်။ စားပွဲခုံရှည်ကြီး၏အလယ်၌ ပန်းဖလားတခု တင်ထားသည်။ စားပွဲခုံပေါ်၌ အလံတိုလေးများ၊ ရေနွေးကြမ်းအိုးများ၊ လက်သုတ်စက္ကူလိပ်များ၊ နှစ်ထပ်ဘီစကွတ်မုန့်များ၊ ဆေးလိပ်ခွက်များ၊ ဖိုင်တွဲများ ချထားသည်။

စင်မြင့်တဝိုက်၌ လက်ပတ်ကိုယ်စီပတ်ထားသူများ ဟိုမှသည်သို့ လူးလားခေါက်တုံ့ သွားလာနေကြသည်။ ရင်ဘတ်၌ ရွှေရောင်တောက်တောက် ရင်ထိုးတံဆိပ်ကားကားကြီးများ ထိုးထားသည်ကို ကြည့်ရသည်မှာ အလွန် အရေးပါသူများဖြစ်မည်မှန်း မပြောဘဲနှင့် သိနိုင်သည်။ ခန်းမ၏ယာဘက်ထောင့်၌ ကိုယ်တပိုင်းရုပ်ထုကြီးတခုကို တွေ့ရသည်။ သုံးလေးဦးက မီးများလင်းမလင်း၊ ပန်ကာများ လည်မလည်၊ မိုက်ကရိုဖုန်းများ အသံထွက်မထွက် စစ်ဆေးနေကြသည်။ သုံးချောင်းထောက် ကင်မရာများကို ကြည့်ရသည်မှာ သားကောင်တွေ့လျှင် မညှာမတာ ခုန်အုပ်ကြတော့မည့် ကျားရဲများနှယ် စူးစူးရဲရဲ နိုင်လှသည်။

“ဥက္ကဋ္ဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်ခင်ဗျား”ဟု ပြောလိုက်သည့် အခမ်းအနားမှူး၏ စကားအဆုံး၌ (လက်ခုပ်သံများကြားမှ) ကိုမောင်လူနပ်ကလေး စင်ပေါ်တက်လာသည်။

“ကဲ ကျနော်တို့မြို့မှာဆိုရင် ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ။ မဖွဲ့ထားသေးတဲ့ အသင်းအဖွဲ့ရယ်လို့ မရှိသလောက်ဘဲ။ ပညာရေးနယ်ပယ်မှာပဲကြည့်ကြည့်၊ ကျန်းမာရေးနယ်ပယ်မှာပဲ ကြည့်ကြည့်၊ ဘယ်နယ်ပယ်မှာပဲ ကြည့်ကြည့် သူ့အသင်းအဖွဲ့နဲ့သူ နေရာလပ်မကျန် ဖွဲ့စည်းပြီးသားချည်းပဲ။ ကိုမောင်လူနပ်ကလေးက ရာနှင့်ချီ၍ ဖွဲ့ထားစည်းထားသည့် အသင်းအဖွဲ့ကြီးငယ်များ၏ အမည်နာမများအား ဂုဏ်ယူဝံ့ကြွားစွာ ဖတ်ပြနေသည်။

ဒီလို အသင်းအဖွဲ့လေးတွေနဲ့ချည်း မလုံလောက်လို့ အဲဒီ အသင်းအဖွဲ့လေးတွေကို စုစည်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ချုပ်ကြီး (တပ်တွေစုထားရင် တပ်ပေါင်းစုကြီးပေါ့ဗျာ) ကလည်း အခိုင်အမာရှိပြန်ပါရောလား။ အဲဒီ အသင်း အဖွဲ့ချုပ်ကြီးကို ဦးဆောင်မယ့် ဂုဏ်ထူးဆောင် အသင်းအဖွဲ့ချုပ်ကြီး (တပ်ပေါင်းစုကြီးကို ဦးစီးတဲ့ မဟာဗျူဟာ ကော်မတီကြီးပေါ့ဗျာ) ကလည်း ရှိပြန်ပါရောလား။ အဲဒီ ဂုဏ်ထူးဆောင်အသင်းအဖွဲ့ချုပ်ကြီးကို လမ်းညွှန်မယ့် ဂုဏ်ထူးဆောင် နာယကချုပ် အဖွဲ့ချုပ်ကြီး (မဟာဗျူဟာကော်မတီကြီးကို ဦးစီးမယ့် မဟာ့မဟာ ဗျူဟာရေးရာနှင့် ဂုဏ်ထူးဆောင် နာယကများရေးရာ နာယကချုပ်အဖွဲ့ချုပ်ကြီးပေါ့ဗျာ) ကလည်း ရှိပြန်ပါရောလား။

ကိုမောင်လူနပ်ကလေးက မိုးတဖြိုက်နှစ်ဖြိုက်ကျရာမှ မှိုပွင့်ကြီးများနှယ် ကားကားစွင့်စွင့်နှင့် အသင်းအဖွဲ့များ ပေါ်ပေါက်လာပုံကို ရှင်းပြနေသည်။ ထို့နောက် (ခန်းမ၏ ယာဘက်ထောင့်ကို လက်ညှိုးထိုးလျက်) “ဟောဟိုမှာဆိုရင် ဂုဏ်ထူးဆောင်နာယကအဖွဲ့ချုပ်ကြီးမှာ အသက်ထက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရာသက်ပန်နာယကချုပ်ကြီးရဲ့ ကိုယ်တပိုင်းရုပ်ထုကိုလည်း ထုလုပ်ထားပြီးပါရောလား” (လက်ခုပ်သံများ ဝေါခနဲ ထွက်ပေါ်လာသည်)

“အဲဒီလို အဘက်ဘက်က အားကောင်းနေပေမယ်လို့ ကျနော်ကတော့ ပြီးပြည့်စုံတယ်ရယ်လို့ မယူဆသေးပါ ဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီးတော့မှ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဟာ မြို့လေးရဲ့အကျိုးအတွက် အသင်းအဖွဲ့တွေကို ဖွဲ့ခဲ့ကြတယ်။ ဖွဲ့ပြီးတဲ့အခါ သူ့ဆီ ကိုယ်သွားလေ့လာ၊ ကိုယ့်ဆီ သူ လာလေ့လာ၊ သူ့ဖွဲ့စည်းပုံဥပဒေ ကိုယ့်ပေး၊ ကိုယ့်ဖွဲ့စည်းပုံဥပဒေ သူ့ပေး၊ ကိုယ့်ကြေညာချက် သူ့ပေး၊ သူ့ကြေညာချက် ကိုယ့်ပေး၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းလေ့လာ၊ သူနဲ့ ကိုယ်နဲ့ ပူးပေါင်းဖွဲ့စည်း၊ သူနဲ့ကိုယ်နဲ့ ပူးပေါင်းကြေညာ စသည်ဖြင့် လုပ်ဆောင်နိုင်ခဲ့ကြတာဟာဖြင့် အလွန့်အလွန်ကို အဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုတွေသာဖြစ်ပါတယ်။ ဒါကို ကြီးကျယ် ခမ်းနားတဲ့ သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့ခြင်းရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုရင်လည်း ရနိုင်ကောင်းရဲ့လို့ ထင်မိပါတယ်”

ကိုမောင်လူနပ်ကလေးက စကားပြောရင်း ပရိတ်သတ်ကို မျက်လုံးဝေ့၍ အကဲခတ်သလို ကြည့်လိုက်သည်။ ထို့နောက် လည်ချောင်းရှင်းသလို ချောင်းတချက်နှစ်ချက် ဟန့်၍ ရေတကျိုက်သောက်လိုက်သည်။

“ဒါပေမယ့် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကိုတော့ မရည်ရွယ်ဘဲ ချန်လှပ်ခဲ့မိကြတယ်လို့ ပြန် လည် သုံးသပ်မိပါတယ်။ ဒါဟာ ဘယ်လို အသင်းအဖွဲ့မျိုးတွေကို ဖွဲ့ကြမလဲ၊ ဖွဲ့တဲ့အခါ ဘယ်လိုဖွဲ့ကြမလဲဆိုတဲ့ အချက် ပဲ ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့မှာ အတွေ့အကြုံမကြွယ်ဝသေးလို့၊ အသိသုတနည်းပါးနေသေးလို့လည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။ ခုလို ပြန်လည်သုံးသပ်နိုင်တဲ့ အခါကျတော့ နောင်မှာ ဒီလိုမဖြစ်ရအောင် ပြင်ကြရပါလိမ့်မယ်။

ဒီနေရာမှာ မခြွင်းမချန်ဝန်ခံဖို့နဲ့ မဖြစ်မနေတောင်းပန်ဖို့ လိုအပ်တာကတော့ (ရုပ်ထုကြီးကို လက်ညှိုးထပ်ထိုး) နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးကိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဤနေရာ ဤစင်မြင့်ပေါ်ကနေ အားလုံးရဲ့ကိုယ်စား နာယကလုံးဆိုင်ရာ နာယကချုပ်ကြီးအနေနဲ့ ကျနော်တို့ရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန် အပ်ပါတယ်” (လက်ခုပ်သံများမစဲသေးသဖြင့် ကိုမောင်လူနပ်ကလေးအဖို့ ရေသောက်ချိန် ထပ်ရသွားသည်။)

“ဒါကြောင့် နာယကလုံးဆိုင်ရာ နာယကချုပ်ကြီး(ကိုယ်တပိုင်းရုပ်ထု)ရဲ့ ရှေ့မှောက်မှာပဲ ဖွဲ့စည်းရန် ကျန်ရှိ နေသေးတဲ့ အသင်းအဖွဲ့တခုအား ဖွဲ့စည်းမည့်အကြောင်း အသိပေးကြေညာအပ်ပါတယ်ခင်ဗျား။ ဒီအသင်းကိုသာ ဖွဲ့စည်းပြီးပါက နောက်နောင် မည်သည့်အသင်းမျှ ထပ်မံဖွဲ့စည်းရန် မလိုအပ်တော့အောင် ပြီးပြည့်စုံသွားပြီ ဖြစ်ပါ ကြောင်းကိုလည်း ၀မ်းသာစရာသတင်းကောင်းအဖြစ် ထပ်လောင်းကြေညာအပ်ပါတယ်ခင်ဗျား”

သူ့တွင်ရှိသည့် အပြစ်တခုခုအား ၀န်ခံတော့မည့်နှယ် ရုတ်ချည်းပြောင်းသွားသည့်မျက်နှာပေးဖြင့် ကိုမောင်လူနပ်ကလေးသည် ခန်းမတခုလုံးကို ဝေ့၀ဲကြည့်လိုက်သည်။ ထို့နောက် ကော်မတီဝင်များဘက်သို့ တရားခံ သေဖော်ညှိသလို တချက်လှမ်းကြည့်၍ ပြောလက်စ စကားကို ဆက်ပြောသည်။

“အမှန်တကယ်က မည်သည့်အသင်းမျှ မဖွဲ့စည်းခင် ဒီအသင်းကို ဦးစွာပထမ ဖွဲ့စည်းရမှာဖြစ်ပါတယ် ခင်ဗျား။ သို့သော်ငြားလည်း ကျနော်တို့ရဲ့ ထုံးစံအတိုင်းလို့ ဆိုရမှာပေါ့ခင်ဗျာ။ နောက်ကျချည်း နေခဲ့ရတဲ့ ဘိတ်ဆုံး လူများလိုပေါ့ ခင်ဗျာ။ အများမြင်သာအောင် ဥပမာပေးရရင် ရွေးကောက်ပွဲကြီးပြီးခါမှ ရွေးကောက်ပွဲ ကော်မရှင် ပြန်ဖွဲ့သလိုမျိုး ဖြစ်နေတာမို့ ကျနော်တို့အဖြစ်က သူများပြုံးမယ်ဆိုရင်လည်း အပြုံးခံပြီးတော့ မြို့လေးအကျိုးအတွက် ဒီအသင်းလေးကို ခုပဲ ဖွဲ့စည်းရပါလိမ့်မယ်ခင်ဗျား”

ပန်တိုင်ရောက်ခါနီးသူတဦးနှယ် ကိုမောင်လူနပ်ကလေး၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။ လည်ချောင်းတချက်ရှင်း၍ ပိုမိုသေချာစေလိုသည့်သဘောဖြင့် လက်မှစာရွက်ကို ငုံ့ဖတ်လိုက်သည်။

“ဒီကနေ့ဖွဲ့စည်းမယ့်အသင်းကလေးရဲ့အမည်ကို ‘အသင်းအဖွဲ့များဖွဲ့စည်းရေးဆိုင်ရာ အသင်းအဖွဲ့’ လို့ အမည်ပေးထားပါတယ်ခင်ဗျား။ ဒါကြောင့် ယခုအချိန်မှစ၍ ‘အသင်းအဖွဲ့များဖွဲ့စည်းရေးဆိုင်ရာ အသင်းအဖွဲ့’ တခုကို စတင်ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါတယ်” (ဝေါခနဲလက်ခုပ်သံများ သောသောညံသွားသည်)

(၇)

မည်သူ့ အကျိုးရယ်ဟူ၍တော့ အပ်ကျမတ်ကျ ပြောရခက်မည်ဖြစ်သော်ငြား မမျှော်လင့်ဘဲ ညောင်ရေ အလောင်းခံလိုက်ရသည်ဟု ခံစားလိုက်ရသည်ကား အမှန်ပင်။

“လူကြီးမင်းများခင်ဗျား၊ ဒီနေ့အစည်းအဝေးမှာ တဦးချင်းအလှည့်ကျ ပြောပြီးဆိုပြီးကြပြီဖြစ်လို့ တော်တော် လည်း ပြည့်စုံပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအသင်းကိုမဖွဲ့စည်းခင် အရေးပါတဲ့ပုဂ္ဂိုလ်တဦးနဲ့ လူကြီးမင်းများကို မိတ်ဆက်ပေးလိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒီမြို့လေးကို ကျနော်တို့နောက်မှ ရောက်လာပေမယ့်လည်း ပထမဆုံး ဖွဲ့စည်း ခဲ့တဲ့ သာရေးနာရေးအသင်းလေးကနေစပြီး ခုချိန်ထိ စိုက်လိုက်မတ်တတ် ပါဝင်ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်ပါ တယ်။

ထို့အတူ အသင်းဝင်တဦးဖြစ်ပါလျက် ကနေ့အထိ ရာထူးရာခံတခုမှ လက်ဝယ်ပိုင်ပိုင် မရရှိဘူးသေးတဲ့ တဦးတည်းသော မြို့ခံပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်ခင်ဗျား။ ဒါကြောင့် သူ့ကို သူနဲ့သင့်တော်ရာတာဝန်တခုခု သတ်သတ်မှတ်မှတ်ပေးအပ်ဖို့ရာကတော့ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါမှလည်း မြို့လေးရဲ့ အကျိုးကို ခင်ဗျားတို့၊ ကျနော်တို့လို သယ်နိုင်ပိုးနိုင်မယ် မဟုတ်လား”ဟုပြော၍ သူ့ကို လက်ညှိုးထိုးပြကာ အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

လက်ခုပ်တီးခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာခွဲခြားမသိသော်လည်း ခုလို အသက်ပါသည့် ဇာတ်ဝင်ခန်းမျိုး အရောက်၌ ဘာလုပ်ရမည်ကို ကောင်းစွာသိထားကြသည့် မြို့သားများက တာဝန်ကျေပွန်စွာပင် လုပ်ရိုးလုပ်စဉ်အလုပ် ကို အချိန်ကိုက် လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

ထို့နောက် စကားပြောရန်ဖိတ်ခေါ်သည့် အခမ်းအနားမှူး၏ ပန်ကြားသံထွက်ပေါ်လာသည်။ သူသည် အလန့်တကြားနှင့် ကိုမောင်လူနပ်ကလေးကို အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။ ကိုမောင်လူနပ်ကလေးက (ပယ်နယ်တီဧရိယာထဲ ဖြတ်တင်ပေးလိုက်သည့် ဒေးဗစ်ဘက်ဟမ်း၏ မျက်နှာပေးမျိုးဖြင့်) သူ့ကို ပြုံး၍ကြည့်နေသည်။

သူ ထမှဖြစ်တော့မည်။ အစည်းအဝေးတက်သက်ရင့်သော်လည်း စကားပြောအတွေ့အကြုံ လုံးလုံးမရှိသဖြင့် ရင်တွေတဒုန်းဒုန်း ခုန်လာသည်။ လက်ဖျားခြေဖျားများ အေးစက်စေးထန်းလာသည်။ လည်ချောင်းများ ခြောက်ကပ် လာသည်။ လူနှင့် ကုလားထိုင်ပင် ထိနေသလိုလို၊ လွတ်နေသလိုလို ခံစားနေရသည်။ မျက်လွှာချ၍ လက်ဖဝါးချင်း ဖြစ်ညှစ်ပွတ်ချေနေရာမှ ဆတ်ကနဲမော့ကြည့်လိုက်သည်။

အလို သူ့ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် မျက်လုံးများ။ ချွေးစေးများပင် ထွက်လာသည်။ ကြံရာမရသည့်အဆုံး ပေါင်ပေါ်တင်ထားသည့် ဗလာစာရွက်များကို ကောက်ယူလိုက်သည်။ လေတချက်မျှ မတိုက် ပါဘဲနှင့် ဖျပ်ဖျပ်လူးနေသည့်စာရွက်များအား ကတုန်ကယင်လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ချုပ်ကိုင်ကြည့်သည်။ မရ။ စိတ်တည်ငြိမ်မှုရရန် ဗလာချည်းသက်သက်စာရွက်များအား မှိတ်မသုန် စိုက်ကြည့်နေသည့် သူ့ဟန်က ဆွေးနွေးမည့် အကြောင်းအရာကို အလေးအနက် ဆင်ခြင်နေသည်လားဟု ထင်ကောင်းထင်စရာပင်။

သူ့ကိုယ်သူ အားတင်းလိုက်သည်။ မပြောမဖြစ် ပြောရမည်ဖြစ်သဖြင့် သူများနှင့်မတူအောင် ပြောမည်ဟု ဆုံးဖြတ်၍ ရှေ့မှစားပွဲခုံကို လက်နှစ်ဖက်ဖြင့် တင်းတင်းရင်းရင်း ဆုပ်ကိုင်ရင်း ထရပ်လိုက်သည်။ ထိုအခါတွင်မှ တရစပ်တုန်နေသည့် ဒူးများ ညွှတ်ခွေကျသွားတော့မည်လားဟု စိုးရိမ်လာမိသည်။ ဒူးကို အာရုံစိုက်၍ ထိန်းမည် ကြံကာရှိသေး၊ ရင်ထဲက တလှပ်လှပ်တုန်၍ ခေါင်းထဲမလည်း မူးနောက်နောက်ဖြစ်လာသည်။ အာခေါင်များလည်း ခြောက်သည်ထက် ခြောက်ကပ်လာသည်။

မရည်ရွယ်ဘဲနှင့် ချောင်းတချက်ဟန့်မိသွားသည်။ သို့သော် အသံကားမထွက်။ ဤတွင်မှ ထွက်ပေါက်ရသွား သည့် သားကောင်တကောင်လို ရဲရဲတင်းတင်း ချောင်းတချက်ဟန့်လိုက်သည်။ (စစ်မြေပြင်၌ ပထမဆုံးသော ကျည်ဆံ တတောင့် ပစ်လိုက်ပြီးကာမှ ရဲစိတ်ဝင်သွားသည့် စစ်သားတယောက်နှယ် ခန်းမထဲ၌ သူ နေသားတကျဖြစ်သွားသည်) ဘာပဲဖြစ်ဖြစ်ဟူသည့်စိတ်ကို နှလုံးသွင်း၍ ကောက်ကာငင်ကာ ပြောချလိုက်သည်။

“ကျနော်ပြောချင်တာကတော့ ခုနက သူပြောသွားတာနဲ့ အတူတူပါပဲ”ဟု ရှေ့ခုံမှလူကို လက်ညှိုးထိုးပြပြီး မောပမ်းနွမ်းနယ်စွာဖြင့် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

အားလုံးက သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသဖြင့် ဘာများပြောခဲ့မိပါလိမ့်ဟု အထိတ်ထိတ် အလန့်လန့် စဉ်းစားကြည့်မိသည်။ သို့သော် ဗလုံးဗထွေးနှင့် ပြောလိုက်မိသည်များကို ကောင်းကောင်းမမှတ်မိတော့။ မတတ်နိုင်။ ပြီးမှပဲ အစည်းအဝေးမှတ်တမ်းကို ဖတ်ကြည့်ရတော့မည်။

သိသိသာသာနှင့် အတော်ကြာကြာတိတ်ဆိတ်သွားသည့် ခန်းမထဲ၌ လက်ခုပ်သံများ သောသောညံ ထွက်ပေါ်လာသည်။ (တဦးပြောပြီးတိုင်း အခြားသူများက လက်ခုပ်တီးကိုတီးရသည့် ယဉ်ကျေးမှုကိုသာ တီထွင် မထားခဲ့လျှင် သည်လိုအခြေအနေမျိုး၌ မည်သို့ ရှေ့ဆက်ရမည်ကို သိနိုင်ရန် ခဲယဉ်းလိမ့်မည်ထင်သည်)

ဘာကြောင့်ရယ်ဟူ၍တော့ တပ်အပ်မပြောနိုင်။ သို့သော်ငြား သူသည်လည်း လက်ခုပ်တီးနေမိသည်။

အောင်မော်ဦး

မေ၊ ၂၃၊ ၂၀၀၄။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, အောင်မော်ဦး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်