fbpx

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး

February 2, 2017

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇

“လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါဖြစ်၏” ဟူသော စကားကို ကြားဖူးခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော်သည် နိုင်ငံရေးကို စိတ်မဝင်စားလှပါ။ ထို့ကြောင့် ကျွန်တော့်ကိုလူဟူ၍သတ်မှတ်နိုင်ရန် ခက်ခဲပေ မည်။ မိမိ၏မိသားစုဖြင့်သာ အေးအေးလူလူနေချင်ပါသည်။ ဆူညံသံကင်းမဲ့သောအရပ်၌ နေထိုင်လိုပြီး တောတောင်ရနံ့၊ ကျေးလက်ရနံ့ပါသော စာများ ကဗျာများရေး၍သာ ဘဝကိုငြိမ်းချမ်းစွာ ဖြတ်သန်းလိုပါသည်။

နိုင်ငံရေးကို စိတ်မဝင်စားသော်လည်း အသက်တစ်ဆယ့်ငါးနှစ်သားအရွယ် ကိုးတန်းကျောင်းသား ဘဝက တောင်ဥက္ကလာပနေအိမ်မှ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်သို့ ခြေကျင်လျှောက်ခဲ့ဖူး သည်။ ထိုနေ့က ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်ဟူသော ကြွေးကြော်သံများလွှမ်းမိုးနေသည့် ထိုကွင်းပြင်ကျယ်ကြီး မှ အိမ်အပြန်ခရီးသည် မောပန်းသော်လည်း လူက နွမ်းမသွားသည်မှာတော့အံ့သြစရာ။

ဆယ်စုနှစ်ကာလ တချို့ကိုဖြတ်သန်းခဲ့ပြီးသောအခါတွင်လည်း ထိုနေ့ကို ကျွန်တော်မမေ့နိုင်။ ထိုနေ့ကိုမမေ့နိုင်သေးသလိုပင် ဘဝတွင် ပထမဆုံးမြင်ဖူးခဲ့ခြင်းဖြစ်ခဲ့သောမိန်းမသားတဦး၏စူးရှသော မျက်လုံးများ၊ ရဲရဲတောက်နေသော ပြောဆိုဟန်များကလည်း ကျွန်တော့်မျက်လုံးနှင့် နှလုံးသားထဲ ဝယ် သံမှိုနှင့်နှက်ထားသကဲ့သို့ စွဲထင်နေဆဲ။

သူမသည် ကျွန်တော့်မေမေနှင့်ရွယ်တူဖြစ်သည်။ ကျွန်တော့်မေမေအနေဖြင့် တခွန်းမျှမဟရဲသော စကားများကို များပြားလှစွာသော လူပုံအလယ်၌ ပြောကြားခဲ့သည်။ အာဏာရှင်များ၏ယုတ်မာကောက်ကျစ်ပုံ၊ ရက်စက်ပုံများကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပထမဦးဆုံးပုံဖော်ပေးခဲ့သူ မှာ ကျွန်တော့်ဘဝအတွက်တော့ သူမပင် ဖြစ်၏။

ထိုညက ခြေမျက်ရင်းထ၍ နာကျင်နေသောခြေထောက်ကို စောင်ခေါက်ပေါ်တင်အိပ်ရင်း အိပ်မက်ထဲမှာပင် အာဏာရှင်ကိုမုန်းနေမိသည်။ သူမ၏မဟုတ်မခံ “မကြောက်တရားများ” ကိုလည်း နောက်တနေ့နံနက်လင်းလင်းချင်း သတိပြန်ရမိသည်။ ခပ်လှမ်းလှမ်းမှမြင်တွေ့ခဲ့ရသောသူမကို အနီးကပ်မြင်တွေ့လိုစိတ်သည် တအုံနွေးနွေး။ စကားလေးများပြောခွင့်ရလျှင် အဘယ်မျှကျေနပ်ဖွယ်ကောင်းမည်နည်းဟူသောအတွေးက ရင်ထဲတွင် ဆွတ်ဆွတ်ပျံ့ပျံ့။

သို့သော်လည်း ကာလံ၊ ဒေသံ၊ ပယောဂံ အကြောင်းသုံးပါး မညီညွှတ်မမျှတမှုကြောင့် ကျွန်တော့် အတွေးမျှော်လင့်မှုများ ဝေးခဲ့ရပါသည်။ ထောင်ကျလျှင်ကျ၊ မကျလျှင် အိမ်ထောင်ကျတတ်သည်ဟု အများစုက သတ်မှတ်ထားသောခေတ်ကာလ၌ ကျွန်တော်အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်သည် ဝန်ထမ်းဘဝတွင်နေထိုင်ရင်း သူမနှင့်ကျွန်တော် ပို၍ဝေးခဲ့ရပါသည်။ လူချင်း ဘယ်နည်းနှင့်မျှ မဆုံနိုင်သော်လည်း စိတ်အတွင်းမှအမြဲတမ်း စကားလှမ်းပြောဖြစ်နေခဲ့ပါ၏။ လူဆိုသည်မှာ စွဲမိ စွဲရာအစွဲတစခုကိုအလွယ်တကူ စွန့်လွှတ်ဖို့ အတော်ခက်ခဲမည်ဟု ကျွန်တော်ထင်သည်။

ကျင်လည်ရာ ဝန်ထမ်းဘဝတလျှောက်လုံးတွင် အာဏာရှင်ဆန်သောအုပ်ချုပ်သူများနှင့်တွေ့လေ တိုင်း စိတ်မှာမကျေနပ်တော့။ ငယ်ဘဝကရောက်ခဲ့ဖူးသော ရွှေတိဂုံအနောက်မုခ်ဟောပြောပွဲဆီ သို့ စိတ်ကရောက်သွားတတ်သည်။ ခံစားချက်များကို သူမထံရင်ဖွင့်ပြချင်နေမိသည်။ သို့သော် အခွင့်မသာ။ ကျွန်တော်နှင့်ဝေးရာအရပ်၊ ကျွန်တော်တို့ လက်လှမ်းမမီနိုင်သောအရပ်တွင် သူမရောက်နေခဲ့ရသည်။ ဝန်ထမ်းဘဝမှ တိတ်ဆိတ်စွာကျွန်တော်နှုတ်ထွက်ခဲ့ပါသည်။ ကျွန်တော်အနေဖြင့် နိုင်ငံရေးကိုစိတ်မဝင်စားပါ။ သို့သော် သူမပြောခဲ့ဖူးသည့်အိမ်ရှင်မများ မီးဖိုချောင်တွင် ချက်စရာဆန်မရှိခြင်းသည်လည်း နိုင်ငံရေးမည်၏ဟုသဘောရသည့်စကားတချို့ကိုတော့မှတ်မိနေသေး သည်။ နိုင်ငံရေးကိုကျွန်တော်အနေဖြင့် စိတ်မဝင်စားသော်လည်း နိုင်ငံရေးကဖြင့် ကျွန်တော့် အပေါ် စိတ်ဝင်စားလွန်းလှပါသည်။

တောတောင်ရနံ့များကိုခံစားရင်း အပူပင်ကင်းကင်းမိသားစုဘဝဖြင့် ငြိမ်းချမ်းစွာနေလိုပါသော်လည်းမနေနိုင်သေး။ တကယ့်လက်တွေ့ဘဝတွင် လူစည်ကားရာလမ်းမကြီးနံဘေး၌ လက်ဖက်ရည်ရောင်းနေရသည်။ ညဥ့်အချိန်တွင် ကေတီဗီများ၊ အရက်ဆိုင်များမှပြန်လာကြသူများ၏အရှိန်မသေ နိုင်သေးသောသီချင်းသံနှင့်ဆူညံလှသော မော်တော်ယာဉ်အိတ်ဇောသံများကို နားဆင်နေရသည်။မခံစားလိုသော်လည်း ကံ၊ ကံ၏အကျိုးကြောင့် ခံစားနေရသည်။ ထိုအခြင်းအရာများသည်လည်း နိုင်ငံရေးမည်လေသည်လားဟု တခါတရံတော့ တွေးမိနေတတ်သေးသည်။

“လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါဖြစ်၏” ဟူသော စကားအရဆိုပါလျှင် ကျွန်တော့်ပတ်ပတ်လည်၌ နိုင်ငံရေးများဝိုင်းနေပေတော့မည်။ နိုင်ငံရေးကိုစိတ်မဝင်စားသည့်ကျွန်တော့်အား ယင်းတို့က ဝိုင်း ပတ်ထားပြီထင်ပါ၏။ သူ့ကို ကျွန်တော်စိတ်မဝင်စားလျှင် ကျွန်တော်သာ အခက်ကြုံရတော့မည်။

ကျွန်တော့်အနေဖြင့် ရိုးသားစွာဝန်ခံချင်ပါသေးသည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်များကိုမဲပေးရာတွင်လည်း သူတို့ကိုစိတ်မဝင်စားပါ။ နိုင်ငံရေးကိုပင်စိတ်မဝင်စားသူ ကျွန်တော့်အတွက် သူတို့ကိုစိတ်မဝင်စားသည်မှာ အဆန်းမဟုတ်ပါ။ ရွှေတိဂုံအနောက်မုခ်ဟောပြောပွဲ တွင် ကျွန်တော့်နှလုံးသားထဲသို့ သူမ၏စကားများနက်ရှိုင်းစွာအမြစ်တွယ်ခဲ့ပုံကို အထက်တွင်ဆိုခဲ့ ဖူးပါပြီ။ ကျွန်တော်မှတ်မိနေသော ဘဝများစွာကိုပြောင်းလဲပေးနိုင်မည်ဟုယုံကြည်သော အင်န်အယ်လ်ဒီအလံကိုသာကြည့်၍ မဲပေးခဲ့ခြင်းဖြစ်သည်။

တချိန်ချိန်တွင် သူမနှင့်စကားပြောခွင့်ရပါက ကျွန်တော်ပြောပြသည်များကို မိခင်ဖြစ်သူက သား ဖြစ်သူ၏စကားများကို ကြင်နာစွာနားထောင်ပေးသလို နားထောင်ပေးလိမ့်မည်ဟုလည်း မတန်မရာမျှော်လင့်ခဲ့ပါသည်။ သို့သော် ဝေးသထက်သာ ဝေးခဲ့ရပါသည်။

ထိုသို့ဝေးနေရသော်လည်း ဟိုးအရင်ကတည်းက သူမပြောပြခဲ့ဖူးသော နိုင်ငံရေးအသိတရား များစွာတို့သည် ကျွန်တော့်ကိုအချိန်ပြည့်အလုပ်ပေးလျက် ရှိပါသည်။

ဝမ်းရေးအတွက်ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်ကလေး၏လုပ်ငန်းလည်ပတ်မှုတွင် လည်း နိုင်ငံရေးများစွာပါသလို အပြင်ဆောင်တွင်ငှားရမ်းနေထိုင်ရပြီး တက္ကသိုလ်နောက်ဆုံးနှစ် တက်နေသောသမီးလေးနေထိုင်မကောင်းခြင်းသည်လည်း ကျွန်တော့်အတွက်တော့ နိုင်ငံရေးပင် ဖြစ်တော့သည်။
ဆောင်းဝင်စအချိန်တွင် သမီးလေးဖျားသည်။ တကယ်တော့ မဖျားသင့်ဘဲ ဖျားခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်များက သူ့တွင်အခက်အခဲရှိပါက ကျွန်တော့်ကိုလှမ်း၍ ပြောပြတတ်သည်။ သူ့အခက်အခဲလေးများကို အဝေးမှာနေသော်လည်း တတ်နိုင်သရွေ့ အကြံဉာဏ်ပေးကာ ဖြေရှင်း နိုင်ရန်အလို့ငှာ လမ်းပြပေးနိုင်ခဲ့သည်။ ဒီနှစ်တွင်မူ ကျွန်တော်ပင်ပန်းစွာ ရုန်းကန်နေရမှန်း သူသိ ရှာသည်။ တော်တန်ရုံအခက်အခဲများသာဖြစ်သည်ဟု ဘာသာသတ်မှတ်ပြီး ကျွန်တော့်ကို အကြောင်းမကြားခဲ့တော့ပေ။
သူပြောမပြ၍ ကျွန်တော်မသိရ။ ထို့ကြောင့် ဘာမှကူညီလမ်းပြမပေးနိုင်။ သူ့ဘာသာ ဖြေရှင်း ရင်း အချိန်ကြာသွားသည်။ အဖျားတာရှည်သွားသည်။ ကျောင်းပျက်သည်။ စာနောက်ကျသည်။ အဖျားသက်သာသည်နှင့် လွတ်သွားသောစာများနောက် အမီလိုက်ရပြန်သဖြင့် သူ့ခမျာ ပင်ပန်းလှ ရှာသည်။

အကယ်၍ သူ၏အခက်အခဲလေးများကို ကျွန်တော့်ကို ပြောပြခဲ့ပါမူ ထိုသို့ အခက်ခဲကြီးများထိ ရောက်သွားမည်မဟုတ်။ သို့သော် သမီးလေးကိုတော့ဖြင့် ကိုယ်ချင်းစာမိပါသည်။ ကျွန်တော်အပါ အဝင် ပြည်သူပြည်သားအများစုသည်ပင်လျှင် အခက်အခဲကြုံလေတိုင်း သူမကိုပြောပြဖြစ်ကြ သည်မဟုတ်ပါ။

ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုများကို လူမှန်းသိတတ်စအရွယ်ကစပြီးကြုံခဲ့ရသဖြင့် ကိုယ်ထူကိုယ်ထ ကြိုးစားဖြေရှင်းကြရင်း မဆန်းသလိုခံစားတတ်နေပြီ ဖြစ်ပါ၏။ မမျှော်လင့်ထားဘဲ မီးပျက်သွားခြင်း၊ လစဉ်အခွန်ပေးဆောင်နေရသော ရေပိုက်မှ ရေမလာတော့ခြင်းများ၊ ကုန်ပစ္စည်းဈေးနှုန်း တဒိုင်း ဒိုင်းနှင့် ခုန်ပေါက်တက်သွားခြင်းများ၊ ဆေးရုံတက်စဉ် ခုတင်မရခြင်းများသည် ဆန်းကြယ်သည့် ကိစ္စမဟုတ်တော့သလို ကျင့်သားရပြီး ဖြစ်ပါသည်။ ထိုသို့သော သေးသေးနုပ်နုပ် ရုပ်ပိုင်းဆိုင်ရာ ကိစ္စတိုင်းကို သူမထံအသိပေးနေရပါလျှင် နှောင့်ယှက်ရာပင်ကျလေမည်လားဟု ကျွန်တော်တွေးမိ ပါသည်။ နိုင်ငံတော်တိုးတက်ရေးအတွက် အရေးတကြီးကိစ္စရပ်များကို အပူတပြင်းဖြေရှင်း နေရ သောသူမဟု ကျွန်တော်နားလည်ထားပါသည်။ နိုင်ငံရေးကိုနားမလည်သော ကျွန်တော်သည် သူမကိုတော့ နားလည်မိသည်။ ကျွန်တော့်မေမေဆိုလျှင် ထိုမျှ အပင်ပန်းခံနိုင်မည်မဟုတ်။

တနေ့ကပူပူနွေးနွေးအဖြစ်ကို ပြန်တွေးမိသည်။ လာနေကျရေပိုက်မှ ရေမလာတော့။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ … လေးရက်မြောက်နေ့တွင် ရေပေးဝေသည့်အရင်းအမြစ်ရှိရာ ရေစက်ရုံသို့ သွားကြည့်မိသည်။ မည်သည့်ကြေညာချက်မှ ရေးမထား။ ရက်သတ္တပတ်ကျော်မှ စည်ပင်ကော်မီတီ အစည်းအဝေးခေါ်သည်။ ရေပေးဝေရာတွင်အသုံးပြုသည့်ရေတိုင်ကီများတင်ထားရာ ရေစင်ကြီး ကြံ့ ခိုင်မှုမရှိတော့သည့်အတွက် ပြင်ဆင်ရမည်။ ထို့ကြောင့် အလှူငွေထည့်ကြပါ။ ထိုအလှူငွေရပါမှ ပြင်ဆင်နိုင်မည်ဟု ပြောကြားသည်။

အလှူငွေထည့်ရမည့်အပေါ် စိတ်မကောင်းမဖြစ်မိပါ။ကျင့်သားရခဲ့ပြီးသောကိစ္စ ဖြစ်ပါ၏။ သို့သော် ထိုကိစ္စကို ပြည်သူလူထုထံသို့ကြိုတင်အသိပေးသင့်သည်ဟုတော့ ထင်မိပါသည်။ ထိုသို့ အသိမပေးခြင်းသည် စိတ်ပိုင်းဆိုင်ရာကို ဒဏ်ရာပေးခြင်းဖြစ်သည်ဟုလည်း နားလည်ထားပါ သည်။ တိုက်ဆိုင်မှုက များလွန်းသည်ထင်၏။ ထိုမှအပြန် လျှပ်စစ်ရုံးရှေ့ တွင် ကြေညာချက် ရေး ထား၍ ဖတ်ကြည့်မိသည်။ လျှပ်စစ်ဓာတ်အားပေးမှုနှင့်ပတ်သက်၍ လုပ်ငန်းများလုပ်ကိုင်မည် ဖြစ် သဖြင့် နံနက် ၅ နာရီမှ ညနေ၅ နာရီထိ ဓာတ်အားပြတ်တောက်မည့်အကြောင်း ရေးသားထား သည်။ အသံထွက်၍ပင် ချီးကျူးမိပါသည်။ ထိုသို့သောဝန်ကြီးဌာနကိုမှမချီးကျူးလျှင် အဘယ်ကို ချီးကျူးရမည်နည်း။ ထိုနေ့က ည ၉ နာရီကျော်မှမီးပြန်လာပါသည်။ ထမင်းမချက်လိုက်ရသူ။ အမှောင်ထဲထိုင်နေရသူ။ ထိုသူများစိတ်ထဲ ခဏဝင်ကြည့်ဖြစ်ပါသည်။ ကျွန်တော်နှင့်ထပ်တူပင်။

ထိုသို့သောကိစ္စများကို သူမနှင့်မမျှော်လင့်ပဲတွေ့ရ၍ပြောပြခွင့်ကြုံခဲ့လျှင်ပင် ပြောပြဖြစ်မည် မထင်တော့ပါ။အဖက်ဖက်မှနိမ့်ကျ၊ နောက်ကျနေခဲ့ရသော နိုင်ငံတော်ကို ဆင်းရဲတွင်းမှလွတ်မြောက်စေရန်သူမကြိုးစားနေရှာသည်။ ပြည်ပအကူချေးငွေများဖြင့် ကျားကန်နေရသည်။ သခွတ်ပင်က မီးတကျည်ကျည်လုပ်မနေချင်တော့။ ကျွန်တော်ဆန္ဒမဲပေးခဲ့သော လွှတ်တော်အမတ်များကိုတော့ဖြင့် ပြောပြချင်ပါသေးသည်။ ခက်နေသည်မှာ သူတို့နာမည်များကိုပင် ကျွန်တော့်မှာ ခပ်မေ့မေ့။ အစောပိုင်းအချိန်က အရောက်အပေါက်များသလောက် ယခုပျောက်နေကြသည်။ သင်တန်းတက်နေကြသည်လား၊ ယန္တရားကြီးလည်ပတ်ပုံကို လေ့လာနေကြသည်လား ကျွန်တော်မတွေးတတ်ချေ။

ကျွန်တော့် လက်ဖက်ရည်ဆိုင်လေးတွင်အသုံးပြုရန်အတွက် မီးသွေးအိတ်များ ဝယ်ထားပါသည်။ မီးသွေးပေါများခြင်း၊ ရှားပါးခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပေမည်။ ယခင်က ဝယ်ရလွယ်သည်။ အဖိုးတန်သစ်များပင် ပြည်ပသို့ အလုံးလိုက်မှောင်ခိုကြသည့်ခေတ်မို့ မီးသွေးဖုတ်ခြင်းသည် မထူးဆန်းလှ။ ယခုအစိုးရက ပတ်ဝန်းကျင်နှင့် သယံဇာတရင်းမြစ်များကို တန်ဖိုးထား ထိန်းသိမ်း လာသည်။ ယခင်ကလို မီးသွေးဝယ်၍ မလွယ်ကူတော့။

ရှားရှားပါးပါးဝယ်ထားရသော မီးသွေးအိတ်ကို မပြီး မီးဖိုနားသို့နေရာရွေ့သည်။ အလေးချိန်က နင့် နေသည်။ အသားကောင်းဖြစ်မည်။ ဝယ်ရကျိုး နပ်ပေပြီ။ အိတ်ကိုဖွင့်လိုက်သည်။ ရေစိုမီးသွေးများကို ကြားညှပ်ထားသည်။ ရေစိုမီးသွေးခပ်ထိုင်းထိုင်းက သာမန်ထက် ပိုလေးနေ သည်။ မသင်္ကာ၍ ဇလားထဲသွန်ချလိုက်သည်။ အောက်ခြေတွင် အမှိုက်သရိုက်များနှင့် အမှုန်များ ကို တွေ့လိုက်ရသည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း ခံလိုက်ရပေပြီ။ မတတ်နိုင်။ ဒီခေတ် ဒီအခါတွင် ဒီထက်ကောင်းတာ မမျှော်လင့်နိုင်တော့ပေ။ အလုပ်ဖြစ်ရန်သာ ဝီရိယပိုထုတ်ရမည်။ အတော်ကြိုးစား၍ မွှေးမှ မီးစွဲလာသည်။ အမှိုက်များက ပြာများဖြစ်ပြီး လေဝင်ပေါက်ကို ပိတ်စေ သည်။ ထိုမီးအရှိန်လောက်ဖြင့် အချိုခြောက်နှပ်၍မရပါ။ အခန့်မသင့်လျှင် အောက်စော်ပင် နံနေပေလိမ့်မည်။

ယပ်ပြင်းပြင်းခတ်လိုက်သောအခါမှ ပြာများလွင့်ထွက်သွားပြီး မီးရှိန်ရလာပါသည်။ အခုမှ နီနီရဲရဲ မီးကျီးခဲအစစ်များသာ ကျန်နေခဲ့သည်။ ထိုမီးမျိုးဖြင့်နှပ်မှသာ အချိုခြောက်နံ့လေး သင်းပေမည်။

နေရာတိုင်းတွင် နိုင်ငံရေးနှင့်မကင်းသဖြင့် ကျွန်တော်သည်လည်း နိုင်ငံရေးသတ္တဝါပီသရန် ကြိုးစားရဦးမည်။ ။

ကျော်ကျော်(မြရည်စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)