အောင်မော်ဦး ● သည်ပြည်မှာ ဘေးဘယာ ဝေးကွာကြစေသား (စာအုပ်အတွေး၊ စာအုပ်အရေး)

February 3, 2017

အောင်မော်ဦး ● သည်ပြည်မှာ ဘေးဘယာ ဝေးကွာကြစေသား (စာအုပ်အတွေး၊ စာအုပ်အရေး)
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇

လက်ခုပ်ထဲက
ရေဘဝမို့
ငါတို့ အေးမြရသော်လည်း
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ ဖြစ်လိုက်ချင်ပါဘိ။

မောင်သာယာ


ဒေါ်အောင်ဆန်းစုကြည်ကို “အာဂအမျိုးသမီး” လို့ပြောရင် သာမန်ပြည်သူတွေသာမက အာဏာရှင် စစ်ဗိုလ်ချုပ် ကြီးတွေ ကပါ အသိအမှတ်ပြုလက်ခံကြမယ်ထင်ပါတယ်။ ဒါနဲ့ သူဘယ်လိုတွေးခေါ်စဉ်းစားသလဲ၊ ဘယ်လို ရပ်တည်ရုန်းကန် သလဲဆိုတာ သိချင်လာပါတယ်။ ဒါကြောင့် သူရေးတဲ့ ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ပါ တယ်။ အမှောင်လွှမ်းနေတဲ့ လူမှုအဆောက်အအုံထဲမှာ အလင်းသစ်တစကို လက်ကနဲ တွေ့လိုက်ရသလိုပါပဲ။ ဖိနှိပ်မှုနဲ့ ကြောက်ရွံ့မှုဆိုတဲ့ အမှောင်ထုကို ခွင်းပစ်လိုက်တဲ့ အဲဒီအလင်းရောင်သစ်လေးကို သူသူငါငါ မြင်စေတွေ့စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီစာအုပ်လေးကို ညွှန်းဖြစ်ပါတယ်။

နှစ်ပေါင်း (၁ဝဝ) ကျော်လောက် ကိုလိုနီစနစ်အောက်မှာ ကျွန်ဖြစ်ခဲ့ရတဲ့၊ ပြီးတခါ နှစ်ပေါင်း (၅ဝ) ကျော် အာဏာရှင်စနစ်နဲ့ အောက်မှာ ခါးစည်းခံနေရပြန်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ စိတ်အခြေအနေဟာ ဘယ်လို ဖြစ်နေနိုင်ပါသလဲ။

သခင်ဆို ကျွန်ကြောက် ကြောက်၊ အလုပ်ရှင်ဆို အလုပ်သမားကြောက် ကြောက်၊ သူဋ္ဌေးဆို အစေအပါးကြောက် ကြောက်၊ အထက်ဆို အောက်ကြောက် ကြောက်၊ စစ်တပ်ဆို အရပ်သားကြောက် ကြောက်နဲ့ အားကြီးသူကို အားနည်းသူကြောက် ကြောက်ကြပုံ ဟာဖြင့် ယဉ်ကျေးမှုတခုလိုများ ထွန်းကားနေပြီလားဆိုတာ ဆန်းစစ်ရ မတတ်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ‘အကြီးအကဲဟေ့’လို့ ဆိုတာနဲ့ကို အရိုအသေကုန်အောင် ကြောက်ကြ ရတော့တာကိုး။

ဥစ္စာဓန ဆုံးရှုံးမှာကြောက်။ မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်သူနဲ့ ကွေကွင်းမှာကြောက်။ ဆင်းရဲမှာကြောက်။ အလုပ်ပြုတ်မှာ ကြောက်။ ငတ်မှာကြောက်။ အခွင့်အလမ်းလက်လွတ်မှာကြောက်။ နှိပ်စက်ညှဉ်းပန်းခံရမှာကြောက်။ ထောင်ကျမှာကြောက်။ သေမှာကြောက်နဲ့ ကြောက်မဆုံးဖြစ်ရရှာတဲ့ လူသားရဲ့ စိတ်အဆောက်အအုံကလေး ခြစွဲနေခဲ့တာ မျိုးဆက်ဘယ်နှစ်ဆက် တောင် ရှိပါပြီလဲ။

ဒီနေရာမှာ “အကာအကွယ်မဲ့မှု” (Vulnerable) ဆိုတဲ့စကားက တော်တော်တာသွားပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့၊ တန်ဖိုးထားမှုမဲ့ရုံတင်မက ကိုယ်စွမ်းကိုယ်စပါ ပျောက်ရှသွားတဲ့ထိ ဝပ်တွားသွားတာ၊ အားမာန်မဲ့ သွားတာမျိုးပါ။ လူငယ် လုံမငယ်တွေဆို အညွှန့်တုံးသွားတာမျိုးပါ။ လူတွေမှာ ပင်ကိုယ်အရည်အသွေးတွေ ရှိစမြဲပါ။ ဒီလိုရှိမှန်းသိလျက်နဲ့ ဖော် ထုတ်ခွင့်မရတဲ့၊ ရှိလို့ရှိမှန်းတောင် မသိကြတော့တဲ့ ရှင်လျက်နဲ့ သေနေရတဲ့ ဘဝမျိုးပါ။ ကိုယ့်ဘာသာ ဖြစ်ခွင့်မရတဲ့ ပြဋ္ဌာန်းခံဘဝကိုရောက်သွားတာမျိုးပါ။

ဘယ်လို အကာအကွယ်မဲ့မှုမျိုးလဲ ဆိုတာထက် နိုင်ငံအစိုးရက နိုင်ငံသားတွေကိုပေးတဲ့ တခုတည်းသော အကာအကွယ်ဟာ အကျဉ်းထောင်တွေကလွဲပြီး ဘာများ ရှိအုံးမှာတဲ့တုန်း။ (အကာအကွယ်မဲ့မှုနဲ့ပတ်သက်လို့ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်တဝင့် ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်-စကားချပ်) ဒီတော့ကာ ‘လွပ်လပ်မှုနည်းလေ အကာအကွယ်မဲ့မှု များလေ’။ ‘လူ့အခွင့်အရေးကင်းမဲ့လေ အကာအကွယ်မဲ့မှု တိုးပွားလေ’ ဆိုတဲ့ အလင်းအမှောင်သဘောကို ဆင်ခြင်မိပါတယ်။

နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်ဆိုတာနဲ့တင် မလုံခြုံတော့လို့ “ရှုး  တိုးတိုး၊ တိတ်တိတ်နေ။ မပြောနဲ့။ ပွဲပြတ် သွားမယ်”ဆိုတဲ့ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ကြတာမျိုးပါ။ မိသားစုဝင်ချင်း မတိုင်ပင်ရဲ၊ မိတ်ဆွေသင်္ဂင်္ဟချင်း မတိုင်ပင်ရဲ တဲ့ မလုံမလဲ၊ မယုံရဲရဲ လူ့အဖွဲ့အစည်းတခုရဲ့ နိစ္စဓူဝအခြေအနေပါ။ မြင်မိရင်ကိုပဲ အပြစ်သင့်နေနှင့်ပြီ၊ ပြောများပြောမိရင်တော့ ဒဏ်ပါသင့်ပြီပေါ့။ စကားလုံးတလုံးဟာ ပုဒ်မတခုနဲ့ညီနေတယ်။ ဥပမာ ‘လူ့အခွင့်အရေး’ ဆိုရင် (၅) (ည) လို့သာ နားလည် ထားကြတော့တယ်။

ကြောက်ရွံ့မှုဆိုတဲ့စကားရဲ့အဓိပ္ပာယ်ဟာ ဘာပါလဲ။ ကိုယ့်ထက် အားကြီးသူကိုကြောက်တာ၊ ကိုယ့်ထက် အာဏာရှိသူကို ကြောက်တာ၊ ကိုယ့်ထက် ချမ်းသာသူကိုကြောက်တာ၊ ကိုယ့်ထက် လုပ်ပိုင်ခွင့်ရှိသူကိုကြောက်တာ စသဖြင့် ဒီိလို ကြောက် တာမျိုးကို ကြောက်ရွံ့မှုလို့ လူအတော်များများက အဓိပ္ပါယ်ဖွင့်လေ့ရှိပါတယ်။ ဖိနှိပ်ခံရလွန်းတဲ့အခါ၊ အနိုင်အထက်ပြုကျင့်ခံရလွန်းတဲ့အခါ ကျိုးနွံသွားတတ်တဲ့ လူ့သဘာဝမို့ ဒါကို ကြောက်ရွံ့မှု အစစ်အမှန်လို့ ပြောနိုင်ပါ့မလား။

ဒါဖြင့် ကြောက်ရွံ့မှု အစစ်အမှန်ဆိုတာ ဘာပါလဲ။ အားကြီးတဲ့သူက အားနည်းတဲ့သူကိုကြောက်တာ၊ အာဏာရှိတဲ့သူက အာဏာမဲ့တဲ့သူကိုကြောက်တာ၊ ချမ်းသာတဲ့သူက ဆင်းရဲနွမ်းပါးတဲ့သူကိုကြောက်တာ၊ လုပ်ပိုင်ခွင့် ရှိတဲ့သူက လုပ်ခွင့်ကိုင်ခွင့် မရှိတဲ့သူကို ကြောက်တာ။ ဒီလို အဓမ္မက ဓမ္မကိုကြောက်တာမျိုးကိုသာ တကယ့်ကြောက်ရွံ့မှု အစစ်အမှန်လို့ ပြောရမယ် ထင်ပါတယ်။

ဒီလို အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့နည်းနဲ့။ အာဏာရှိသူက အာဏာမဲ့သူကို ဖိနှိပ်တဲ့နည်းနဲ့။ ချမ်းသာသူက ဆင်းရဲသူကို သွေးစုပ်တဲ့နည်းနဲ့။ လုပ်ပိုင်ခွင့်ရှိသူက လုပ်ခွင့်ကိုင်ခွင့်မရှိသူကို ပိတ်ပင်တားဆီးတဲ့ နည်းနဲ့ ပြုမူတာတွေဟာ ‘အတွင်းအကြောက်တရား’ကလာတဲ့ ဖော်ပြချက်တွေသာဖြစ်ပါတယ်။ သူတို့က လူတွေကို ငြိမ်နေ၊ ဝပ်နေ၊ ပိနေ၊ ပြားနေ ကြစေလိုတယ်။ မြင်နေ၊ သိနေ၊ ကြားနေ၊ လှုပ်ရှားနေတာမျိုး လုံးလုံး မလိုချင်ကြဘူး မဟုတ်လား။

ဒါကို အဟုတ်ထင်မိတဲ့အခါကျတော့ မဟုတ်တာလုပ်မှန်းသိလျက်နဲ့ မပြောရဲ။ မတရားပြုကျင့်ခံရမှန်းသိလျက်နဲ့ မလွန်ဆန်ရဲ။ မရိုးသားမှန်းသိလျက်နဲ့ မငြင်းပယ်ရဲတော့ဘဲ ငုံ့ခံတတ်တဲ့အခြေအနေကို ရောက်သွားရော။ ဒီတော့ လူလိမ်လူညာတွေ၊ လူပါးလူနပ်တွေ၊ လူကောက်လူညစ်တွေ၊ လူဆိုးလူယုတ်တွေကို လူတွင်ကျယ် လုပ်ခွင့်ရအောင် နေရာပေးမိလျက်သား ဖြစ်သွားတော့တာပေါ့။

လူတွေကို အဂတိလိုက်စား ဖောက်ပြားစေတာ အာဏာမဟုတ်။ စိုးရိမ်ကြောက်ရွံ့မှုပါ။ အာဏာလက်လွှတ်ရမှာကို ကြောက် ရွံ့တာဟာ အာဏာရှင်တွေကို ဖောက်ပြန်စေပြီး၊ အာဏာရဲ့ဒဏ်ချက်ကို ကြောက်ရွံ့တာဟာ ဖိနှိပ်ခံရသူတွေကို ဖောက်ပြန် စေတယ်လို့ စာရေးသူက ရှုမြင်ပါတယ်။ ဒီတော့ကာ ကြောက်ရွံ့မှုနဲ့ဖောက်ပြန်မှုဆိုတာ ခေါင်းနဲ့ပန်းလို စိတ်ချင်းကပ်နေ တဲ့အရာပါလားလို့ ဆင်ခြင်မိပါတယ်။

ဒီလို အကြောက်တရားမျိုးဟာ သာမန်ပြည်သူတွေကိုတင် လွှမ်းမိုးနေတာမဟုတ်ပါ။ အာဏာရှင်တွေကိုလည်း လွှမ်းမိုးနေပါ တယ် ဆိုတော့ အံ့သြမင်သက်ရရုံမက လေးလေးနက်နက်လည်း ဆင်ခြင်ကြည့်မိပါတယ်။ ကိုယ့်ကို ဖိနှိပ်နေသူတွေက ကိုယ့်ကိုပြန်ကြောက်နေကြလိမ့်မယ်လို့ ဘယ်သူထင်မိမတုန်း။ ဟုတ်ပါတယ်။ ဒါဟာ သမားရိုးကျ ဆင်ခြင်ပုံကနေ ခွဲထွက် လိုက်တဲ့ တွေးထောင့်သစ် တခုပါ။

“ငြိမ်းချမ်းရေးဆိုတာ အတိုက်အခံအားလုံး နှုတ်ဆိတ်နေတာ။ လုံခြုံရေးဆိုတာ သူတို့အာဏာတည်မြဲရေးကို သေချာအောင် လုပ်တာ”လို့သာ အဓိပ္ပာယ်ကောက်ယူရင်တော့ ခုလုပ်နေတဲ့ အမျိုးသားညီလာခံဟာ ဂျာအေး သူ့အမေရိုက်ဆိုသလို ဖြစ်ဦးမှာပဲလို့ သည်စာအုပ်ကလေးကိုဖတ်ရင်း အတွေးပွားမိပါတယ်။ ဥပဒေဆိုတာ အုပ်စုတစုရဲ့ အလိုဆန္ဒတခု မဖြစ်ရဘူး လို့ ဆိုထားတာ ကလား။

အဂတိတရားလေးပါးထဲက ကြောက်ရွံခြင်းဆိုတဲ့ ဘယာဂတိဟာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်အားလုံးကို နစ်မွန်းစေရုံမက တဖြည်းဖြည်းပျက်စီးစေတဲ့အပြင် အခြားဂတိသုံးပါးရဲ့ မူလအရင်းအမြစ်လည်း ဖြစ်ပါသတဲ့။ ကြောက်လွန်း အားကြီးတဲ့အခါကိစ္စတိုင်းကို အလွယ်တကူနဲ့ ကျိုးကျိုးနွံနွံလက်ခံဖို့ ဝန်မလေးတတ်ကြတော့တဲ့ သဘောလို့ နားလည်ရ ပါတယ်။

မင်းကျင့်တရားဆယ်ပါးကို တပါးချင်းဆီ သရုပ်ခွဲပြတာ ဖတ်ရပြန်တော့ မင်းတင်မက ပြည်သူတွေပါ ကျင့်ကြံဖို့လိုအပ်တယ်လို့ ရည်ညွှန်းသလားတောင် ဆိုရမလားပဲ။ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေကို အုပ်ချုပ်တာမျိုး မဟုတ်လား။

မသေရုံတမယ် ရုန်းကန်ရပ်တည်နေရလို့သာမဟုတ်၊ ဒီလို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လူ့ဘဝရဲ့ ရှက်ဖွယ်လိလိ အခြေအ နေတွေကြောင့် လူတွေက စစ်တပ်ဆို အော့နှလုံးနာနေကြပါပြီ။ ဒါပေမယ့် စစ်တပ်ထဲမှာလည်း တရားမျှတမှုကို လိုလားသူ တွေရှိနေတယ် ဆိုတဲ့အချက်ကိုတော့ဖြင့် နာစရာချည်းပဲမို့ လက်ခံဖို့ ဝန်လေးကောင်း ဝန်လေးနေနိုင်ပါတယ်။ သို့သော်လည်း ၁၉၉ဝ ရွေးကောက်ပွဲတုန်းက စစ်တပ်ပိုင် မဲဆန္ဒနယ်တွေမှာ စစ်တပ်ပါတီ အပြတ်ရှုံးပြီး၊ လူထုပါတီ အပြတ်နိုင်ခဲ့တာကိုကြည့်ရင် ဒီအချက်မှန်ကန်ကြောင်း သက်သေထူနေပါတယ်။

အစစ်မှန်ဆုံး တော်လှန်ရေးဆိုတာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ပုံဖော်တဲ့ စိတ်သဘောထားတွေနဲ့ တန်ဖိုး ထားမှုတွေကို ပြောင်းလဲဖို့လိုအပ်နေပြီဆိုတဲ့ အသိကနေပေါက်ဖွားလာတဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ ပဲ ဖြစ်ပါတယ်တဲ့။ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦးရဲ့ ဒီလို ကြံ့ကြံ့ခံနိုင်စွမ်းတဲ့ စိတ်ခွန်အားရဲ့ အရင်း အမြစ်ဟာ ဘာများပါလိမ့်။ ဒီလို ရေအစုန်ကို ဆန်နိုင်စွမ်းတဲ့ စိတ်စွမ်းအင်ဟာ ဘယ်ကလာတာပါလိမ့်။ ထုထည်ကြီးတဲ့ ‘အတွင်းအောင်ခြင်း’ ပေပဲလား။

ဒါပေမယ့် လူတွေကို မကြောက်ရွံ့ကြဖို့ တဖွဖွပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ကြောက်ပါတယ်။ သူ ကြောက်ပုံက သူတပါးကို မတရားလုပ်ရမှာ။ သူတပါးကို လိမ်လည်လှည့်ဖြားရမှာ။ သူတပါးကို အနိုင်အထက်ပြုကျင့်ရမှာ။ သူတပါးကို ညှဉ်းပန်းသတ်ဖြတ်ရမှာ။ ကိုယ်ပေးတဲ့ကတိကို ကိုယ်ကိုယ်တိုင် ပြန်ဖျက်ရမှာ။ ပြိုင်ဘက်ပင်ဖြစ်စေဦးတော့ ဂုဏ်သိက္ခာရှိရှိ အနိုင်မယူရမှာ။ ကိုယ်သာတဲ့အခါ လက်စားပြန်ချေရမှာ  အဲဒီလို သေးနုတ်သိမ်ဖျင်းရမှာကို ကြောက်တာမျိုးပါ။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ သူအကြောက်ကြီးပုံက အများအကျိုး မသယ်ပိုးရမှာ။ အများအတွက် အနစ်နာ မခံရ မှာ။ မတော်မတရားတာကို မတုံ့ပြန်ရမှာ။ မတရားတဲ့ အမိန့်အာဏာမျိုးတွေကို တရားသဖြင့် မဖီဆန်ရမှာ။ အမိတိုင်းပြည်ကို အများသူငါလို ချစ်ခွင့်မရမှာ အဲဒီလို မလုပ်ရမှာကိုလည်း ကြောက်ပါသေးတယ်။

လူတွေ ကြောက်နေကြတာကတော့ သေချာပါပြီ။ ဒီလို အကြောက်လွန်ခြင်းဟာ အဖိနှိပ်ခံတိုင်းပြည်တွေမှာ ပြန့်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတခုပါ။ ဒါ့ပြင် နာတာရှည်ရောဂါလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုရောဂါမျိုးကို ကုစားရပါမယ်။ ဒါပေမယ့် ဆေးနဲ့ ကုရမှာတော့မဟုတ်။ အတွေးအခေါ်နဲ့ ကုရမှာပါ။ ကဲ “ကျမတို့တတွေ  ကြောက်ကြောက်နဲ့ပဲ လုပ်စရာရှိတာ လုပ် ကြပါစို့” တဲ့။

စာအုပ်ကလေး ဖတ်လို့ဆုံးသွားပေမယ့် အတွေးက မဆုံးသေး။ မြို့မငြိမ်းရဲ့ “ဘေးဘယာ xx ဝေးကွာ xx ကင်းစင်ပမယ် xx သည်ပြည် xx”ဆိုတဲ့ တေးသွားကို အတွေးထဲမှာ ကြားလိုက်မိသလိုလို။ မြူမှောင်ဝေကင်းလို့ တိုင်းတခွင် လင်းချင်းတော့မယ့် နိမိတ်လေများလားလို့ ထင်မိရင်း။

အောင်မော်ဦး

(၂ဝဝ၄ ခုနှစ်၌ ခေတ်ပြိုင်အွန်လိုင်းတွင် ‘ဗဟုလှိုင်း’ ဟူသည့် ဘုံအမည်ဖြင့် ဖော်ပြခဲ့ဖူးပါသည်)

စာအုပ်အမည် – ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
စာရေးသူ – အောင်ဆန်းစုကြည်
ဘာသာပြန်နှင့်စာတည်း – ဒေါက်တာအောင်ခင် (လန်ဒန်)
ထုတ်ဝေနှစ် – ၁၉၉၃ ခုနှစ်။ ပထမအကြိမ်။
ပုံနှိပ် – Biddles Ltd., Guildford (ISBN – 0 86120 049 7)
ထုတ်ဝေ- La Haule Books, West Lodge, La Haule, Jersey, Channel Island, UK
မျက်နှာဖုံးပန်းချီ – ဦးပေါ်သိမ်း
ဖြန့်ချိ – ထိုင်းနိုင်ငံအတွင်း – River Books, Tel: (662) 225 4936, Fax:(662) 225 3861.
မူရင်း – အင်္ဂလိပ်ဘာသာ Freedom From Fear by Aung San Suu Kyi.
တည်းဖြတ် – ဒေါက်တာမိုက်ကယ်အဲရစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ရသဆောင်းပါးစုံ, အောင်မော်ဦး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်