ခင်ဇော်မိုး ● ဆောင်းည

February 3, 2017

● ဆောင်းည
(မိုးမခ) ဇန်နဝါရီ ၃၊ ၂ဝ၁၇

(၁)
ဆောင်းဝင်လာပြီမို့ အအေးဓာတ်က ကဲသထက်ကဲလာပြီ။ နေညိုလာသည်နှင့် အပြင်မှာအေးစိမ့်လာတော့သည်။ နှင်းမှုန် လေးတွေဟာ ဆောင်းညရင်ခွင်မှာ ကြွေသည့်ပန်းကလေးများသာ။ အေးလွန်သည့်ဆောင်းညတွေဟာ ချောက်နက်ထဲကို ကျနေသူလိုခံစားရသည်။ မြောက်ပြန်လေနှင့် ခရီးနှင်လာသောဆောင်းဟာ အလွမ်းကိုရင့်မှည့်စေသည်။ သူမရော ဆောင်း ညအလှကို ခံစားမိလေမလား။ ကျွန်တော့်ကိုရော လွမ်းဆွတ်နေလေမလား။ ဘယ်အရာမှ မရေရာပါ။ ဒါပေမယ့် ဖမ်းဆုပ်မရ သည့်စိတ်ဟာ သတိရတိုင်းယိမ်းနွဲ့နေသည့်သစ်ကိုင်းဖျားတွေလို။ လွင့်လို့ ယိမ်းလို့။ ဘယ်လောက်ထိ ညွှတ်ကော့သွားမယ် ဆိုတာ ဒီဂရီတိတိကျကျမရှိ။ ကျွန်တော်ကိုယ်တိုင်ရော ဘယ်အချိန်ထိ လွမ်းဆွတ်နေမည်မသိ။ ဘယ်လောက်ထိ လွမ်းနေ ကြောင်း ပြောပြ၍မလုံလောက်။

ပုလဲသွယ်နှင်းမှုန်နှင်းရည်တို့နှင့်ရောကာ သက်ပြင်းတွေကို တိုးတိုးတိတ်တိတ်ချနေမိသည်။ အေးလွန်းသည့်ဆောင်းညထဲ အလွမ်းကြောင့် အနေခက်ရလွန်းပါသည်။ ခင်ဗျားတို့ရော ဆောင်းညရင်ပြင်ထဲ ကောင်းကင်ကိုငေးမော့ကာ တဦးတ ယောက်ကို သတိတရလွမ်းနေဖူးပါသလား။  ဒါမှမဟုတ် ချိန်းဆိုထားသည့် ချစ်သူကို စောင့်စားဖူးပါသလား။ တဖြည်းဖြည်း အသက်ကင်းမဲ့သွားသည့် နာရီထိုးသံတွေကြား မူးဝေနေဖူးပါသလား။ ဆောင်းအငွေ့နှင့် ရော်ရင့်ဝါနေသည့်သစ်ရွက်တချို့ တဖျောက်ဖျောက်ကြွေသံတွေကြား ချစ်သူခြေသံကို နားစွင့်ဖူးပါသလား။ ငွေရောင်ဆမ်းထားသည့် နှင်းမှုန်တို့ကျရာကြားမှ ချစ်သူအလာကို ငေးရီနေဖူးပါသလား။ မျှော်လင့်ရင်း မျှော်လင့်ရင်းနှင့်  ကမ်းပါးတွေ ဟပ်ခနဲ ဟပ်ခနဲ ပြိုကျသလို ရင်ထဲခံစား ဖူးပါသလား။ တုန့်ပြန်နိုင်စွမ်းမရှိသော လှိုင်းရိုက်ခံရသည့် သဲသောင်ပြင်နှင့် ကျောက်ဆောင်တို့ကို မြင်ဖူးပါသလား။ ဘယ်သူမှမသိလိုက်ဘဲ၊ ဘယ်သူမှသတိမထားခံရဘဲ ပဲ့ကြွေသွားသည့် သဲမှုန်တွေ၊ ကျောက်မှုန်တွေလို ကျွန်တော့်နာ ကျင်မှုတွေဟာ ပဲ့ကြွေနေခဲ့သည်။ ဘယ်သူမြင်လိုက်ပါသလဲ။ ရေလှိုင်းတွေအားယူပြီး ခြေအဆုတ်မှာ ဟိုက်စားနေသည့် သဲသောင်လှိုင်းအတွန့်တွေ၊ လှိုက်စားခံနေရသည့် ကျောက်ဆောင်အရစ်အရစ်တွေကိုပေါ့။ ကျွန်တော့်ရင်ထဲမှာ သူမ ခြေသံ မကြားရသည့် အရွေ့တွေကြား၊ သူမအရိပ်အရောင်မမြင်ရသည့် မြင်ကွင်းတွေကြား လှိုင်းပုတ်ခံရသော သဲသောင်ပြင်နှင့်ကျောက်ဆောင်လိုပါပဲ။ လှိုက်ခနဲ၊ ဟိုက်ခနဲပေါ့။ ကျွန်တော့်မှာ အတိတ်ကဆောင်းညတည၏အဖြစ်ကို သတိရမိရင်း ခွေးရူး လိုက်ခံရသူလို မောပန်းစွာ။

ခပ်မှိန်မှိန်လရောင်ဖြာသောညတွင် ကြယ်ကလေးများ မင်းမူလေပြီ။ ဟိုတပွင့် ဒီတပွင့် တလက်လက်တောက်ပနေသည့် ကြယ်ကလေးများက ဆောင်းည၏အဆင်တန်ဆာတမျိုးပင်။ အမျှင်တန်းနေသော တိမ်မျှင်တိမ်စတွေက ပန်းချီဆရာတဦး စုတ်တံကျဲကျဲ ဖြင့် စိတ်လိုလက်ရ ခတ်ခြစ်ထားသည့်နှယ်။ လရောင်တို့တွင် နှင်းရည်ကလေးများ စီးခိုကျနေသည်။ အနားရှိသစ်ပင်မှသစ်ရွက်ကလေးများမှာ နှင်းရည်တို့စိုစွတ်နေလေပြီ။ လေအဝေ့မှာ ယိမ်းနွဲ့သွားလျှင် လရောင်အောက်တွင် နှင်းရည်တို့စိုနေသောကြောင့် လက်ခနဲ လက်ခနဲ။ အလင်းအားဖျော့ဖျော့သာရှိသည့် လခြမ်းကွေးကွေးကလေးက လပြည့် ဝန်းကြီးထက် အသွားနှေးသလိုလို။ ကျွန်တော့်အကြည့်တွေကို ကောင်းကင်ဆီ ရွှေ့မိသည်။ လက်သည်းခြမ်း သဏ္ဌာန် လခြမ်းလေးဟာလည်း အလင်းမှိန်မှိန် အရွေ့နဲနဲမို့ စိတ်တွေညှိုးရော်နေသလားပါပဲ။ နုံးချိနေသောကျွန်တော့် စိတ်တွေဟာ လိုရာကိုဆွဲယူတွေးနေမိသည်။ ကျွန်တော့်လိုပဲ စိတ်ထိခိုက်နွမ်းလျှနေသလားပေါ့။ အတွေးတွေဟာ ကျနေသည့်နှင်းမှုန် ကလေးများလို ကျဲပြန့်လို့။ ကောင်းကင်ထက်က ကြယ်ကလေးများလို နေလိုရာနေလို့၊ ကြွေလိုရာကြွေလို့ပေါ့။

တချိန်တုန်းက ဆောင်းညရင်ပြင်ထဲ သူမအလာကိုသာ မျှော်ငေးလျှက်။ သူမခြေသံကိုသာ ငံ့လင့်နေလျှက်။ ရောက်လာနိုးနိုးမို့ နှင်းတွေစိုသည့် ဆောင်းရင်ပြင်ထဲက ခြေတလှမ်းမျှ မရွှေ့မိပဲ နေခဲ့ဖူးသည်။ နှင်းရည်တို့ဟာ နှလုံးသားကို စိုရွှဲဖို့မစွမ်းသာ။ အေးလွန်းသည့် ဆောင်းလေသရမ်းတွေက တောင်ပံတွေခတ်သလို။ ကျွန်တော့်အသွေးအသားတို့သည့် အေးစိမ့်၍နေလေပြီ။

ကောင်းကင်ထက်က နှင်းတွေ တဖွဲဖွဲကျနေသည့်အဖြစ်။ သစ်ရွက်တွေပေါ်ကတဆင့် တွဲခိုပြီး မျက်ခင်းအိအိတွေပေါ် ကျသွားသည့်အဖြစ်။  ဆောင်းညထဲ ဝိုးတဝါးကျနေသည့်နှင်းတွေကြောင့် ညဟာစိုထိုင်းနေတော့သည်။ ညဟာမှုံရီနေတော့ သည်။ အေးလို့။ တချိန်တုန်းက  ခုံတန်းလေးပေါ်မှာ  သူမအလာကိုစောင့်ရင်း ကိုယ့်ကိုယ်ကို ပန်းပုရုပ်သဖွယ် ထုဆစ်နေမိသူ။ ကျွန်တော်ဟာ ဥတုအရွေ့ကြား အသက်သွင်းခံလိုက်ရသည့် ရေအေးအေးများလို။ ပြီးတော့ ကျွန်တော်ဟာ မတ်စောက်နေ သည့် ရေခဲတောင်အစွယ်တခုလိုပေါ့။

အေးခဲလို့။ ကျွန်တော့်စိတ်တွေ ရေလွှာချပ်ကလေးတွေလို ခိုက်ခိုက်တုံလို့။ ကျွန်တော့် နှလုံးသားဟာ ဆွေ့ဆွေ့ခုန်လို့။ ချစ် စိတ်ဟာ သူရဲဘောမကြောင်ဘူး။ သူမအလာ အခုထိမျှော်မိဆဲ။

(၂)
ညည့်နက်လာ၍လား။ လခြမ်းကွေးကွေးလေးဆီက အလင်းတွေထက်ရှလာသည်။ ကြယ်ကလေးတွေ အကြည့်ဟာ ပိုပြီးစူး ရှတောက်ပနေပြီ။ ငယ်ဘဝကိုပင် သတိရလွမ်းဆွတ်မိပေါ့။ ငယ်ဘဝ ဆောင်းညတွေထဲမှာ အခုလိုခံစားမှုတို့ ထွေပြားခြင်း မရှိခဲ့။ ရိုးရှင်းသည်။ လမင်းကြီးကိုငေးခဲ့ဖူးပေမယ့် ထိုအချိန်က နာကျင်ကြေကွဲမှုတို့မရှိ။ လသာညဆို ဆန်ဖွတ်သည့် အဘိုးအိုနှင့် ယုန်ကလေးအကြောင်းပဲ စဉ်းစားဖူးသည်။ သူတို့ပုံရိပ်တွေကို ရှာကြည့်ခဲ့ဖူးသည်။

အေးလွန်းသည့်ဆောင်းည၏ ညရင်ပြင်ထက် ကောင်းကင်ကိုမော့ပြီး ကြည့်ဖူးသူများလည်းရှိလိမ့်မည်။ ထိုအထဲတွင် ကျွန် တော်သည် စာရင်းဝင်တဦးပင်။ ကျွန်တော်တို့ငယ်စဉ်က ဆောင်းညအေးအေးများတွင် အဖေနှင့်အမေတို့ စကားဝိုင်းဖွဲ့သော ဆောင်းမီးဖိုဘေးတွင် မီးလှုံရင်းဖြင့် ဆောင်းညများကိုကုန်ဆုံးဖူးသည်။  ဆောင်းရာသီစာတွေ စားကြသည်။ ဆောင်းဝင်ပြီ ဆိုသည်နှင့် စပါးခင်းတွေမှည့်ဝင်းကြပြီ။ စပါးပေါ်တော့မည့်အချိန်ဆို မုန့်ပေါင်းတွေစားကြရပြီ။ ဆောင်းတွင်း စပါးပေါ်သည့် ရာသီမှာပဲ မုန့်ပေါင်းကိုစားကြရမြဲ။ ပြီးတော့ တင်းဝါးတွေစားရသည့်ရာသီ။ ရွာဈေးတပါတ်တခါဖြစ်သည်။ ထိုဈေးနေ့ဆိုလျှင် တင်းဝါးသည်များ ရောက်လာစမြဲ။ တခါတလေတော့လည်း ဈေးကြားရက်တွေမှာ ခေါင်းရွက်သည်အဖြစ် တင်းဝါးသည်တွေ ပေါက်ရောက်လာသည်မို့ စားရလေ့ပင်။ ထိုတင်းဝါးများကို ကောက်ညှင်းဆန်နှင့်ရေစပ်စပ်ရောထည့်ကာ မီးဖုတ်ကြသည်။ ဒေသစာ၊ ပေါ်ပင်ရာသီစာဖြစ်သောကြောင့် တက်မက်ကြသည်။ ရိုးအီသွားခြင်းမရှိကြ။ ထို့နောက် ဆောင်းရာသီစာတခု ကျန်သေးသည်။ ထိုရာသီစာကတော့ ထန်းမြစ်ပင်။ ကျွန်တော်ဒေသ၊ ကျွန်တော်ရွာလေးသည် ထန်းပင်ပေါများသော ဒေသဖြစ်သည့်အတွက် ထန်းမြစ်ဆိုသည်မှာ ပေါများသည့်ရာသီစာပင်။ ကျွန်တော်တို့ငယ်ငယ်ကဆို ယာကန်သင်းပေါ်ပေါက်နေသည့်ထန်းပင်မှ ကြွေကျသည့် ထန်းသီးများကို လိုက်ကောက်ပြီး ယာခင်းတနေရာမှာပင် စုပုံ၍ ထန်းမြစ်ကျင်းအဖြစ် မြေဖြင့်ဖွဲ့အုံထားသည်။ ထို့ကြောင့် ထန်းမြစ်ဟူသည် ရာသီရောက်သည်နှင့် အားမနားတမ်း စားကြရတော့သည်။ ဆောင်းညမီးဖိုတွင် ထန်းမြစ်ဖုတ်၊ထန်းမြစ်ပြုတ်တို့ မပါမပြီး။ စည်းကားလှသည်။

မိုးရာသီအချိန်က အိမ်အပြင်လမ်းမှထက်သို့ အုံ့ဆိုင်းကျနေသော မန်ကျည်းကိုင်းများကို အရိပ်ကြောင့်ရွာလမ်းတွေမပျက်ရန် ဖြတ်ခုတ်ထားသော မန်ကျည်းကိုင်းသားများသည် ဆောင်း၏ ရာသီစာတမျိုးပင်။ တရိပ်ရိပ် အနှိမ့်အမြင့်၊အစုန်အဆန် `က´ နေသော မီးတောက်များထက်တွင် လက်တွေကို ဖြန်ကျက်ကာ သူရဲကောင်းလုပ်ပြကြသည်။ ကလေးအရွယ်မို့ ဂုဏ် ပြိုင် အားကျမခံ မီးတောက်မီးညွှန့်လေးတွေထက် လက်ကလေးတွေနှင့် ဖြတ်တိုးကြသည်မှာ ပြန်တွေးမိတိုင်း ရယ်ရွှင်ဖွယ်ဖြစ် ရသည်။ အခုချိန်များ အရင်လိုမိသားစုတွေပြန်ဆုံဖြစ်ခဲ့ရင် အဲသလိုပင် လုပ်ချင်ပါသေးသည်။ ကျွန်တော်တို့မောင်နှမတတွေ ငြင်းခုံချင်သေးသည်။ အခုတော့ ရင်ထဲကအလွမ်းမီးညွှန့်မီးတောက်တွေကိုသာ သက်ပြင်းတွေနှင့်ဖြတ်ရိတ်နေမိသည်။

ရွာကလေးမှာ ငြီးငွေ့ချိန်ဆိုသည်မှာ မရှိ။ ကျွန်တော်တို့အတွက် ရွာကလေးမှာ လသာသည်ဖြစ်စေ၊ မသာသည်ဖြစ်စေ။ ချစ်ခင်စုံမက်စရာအတိ။ မဖယ်ခွာနိုင်စရာအပြည့်။ လမသာသည့် ညတွေဆို ဆောင်းမီးဖိုတွင်မီးလှုံရင်း ကြယ်တွေပြိုင်ရေ တွက်ကြသည်။ ကျွန်တော်တို့ မောင်နှမတတွေ ကြယ်တွေရေတွက်ရင်း ငြင်းခုန်ကြသည့်အခါ အဖေနှင့်အမေက `ကြယ်တွေမရေတွက်ကောင်းဘူး´ ဟုပြောခဲ့ဖူးသည်။ ထိုနေ့ကစ၍ အခုချိန်ရောက်သည်ထိ ကျွန်တော် ကြယ်တွေမရေတွက် ဖူးတော့ပါ။ လမသာသည့်ညဆို အဘိုးနှင့်ယုန်ကလေးအကြောင်း မပြောဖြစ်ကြတော့။ ဒါ့ကြောင့် ကြယ်တွေကိုသာ ငေးဖြစ် တော့သည်။ ကောင်းကင်ကကြယ်တွေကြည့်ရင်း ကြယ်တွေအမည်ကို မေးခဲ့ဖူးသည်။ ကြယ်တွေအလာကို ငေးမျှော်စောင့်စား ခဲ့ဖူးသည်။ ခုနှစ်စင်ကြယ်မလာမခြင်း လည်တဆန့်ဆန့်နှင့်ငေးမော့ဖူးသည်။ ညနက်မှလာသည့် မောင်ရင်ဆိုင်းထမ်းကြယ်ကိုမျှော်ရင်း ဆောင်းမီးဖိုဘေး အိပ်ပျော်ခဲ့ဖူးသည်မှာလည်း အကြိမ်ကြိမ်။ ရောင်စုံမီးတွေပွင့်ပြီး အချိန်မှန်ပျံသန်းလေ့ရှိသည့် လေယျာဉ်ပျံကို `ဝုန်းဝုန်းကောင်´ ဟုခေါ်ခဲ့သည်။ ငယ်ဘဝဆောင်းညတွေဟာ ဂရုဏာသက်စရာကောင်းလှသည်။

(၃)
ရုတ်တရက် ဝေ့တိုက်သွားသည့်လေညှင်းအေးအေးကြောင့် ကြက်သီးများပင် ထသွားသည်။ ကျွန်တော့်အကြည့်တွေကို ကောင်းကင်ကနေ မြေပေါ်သို့ ရွှေ့လိုက်သည်။ ညဟာဝိုးတဝါး။ အလွမ်းဟာ ဝိုးတဝါး။ `ဆောင်းညအိပ်မက် ကယောက် ကယက်´ဆိုကြသည်။ ဆောင်းညအတွေးဟာလည်း ဟိုပြေးဒီပြေးပါပဲ။ သူမကို ဒီညရင်ပြင်ထဲ လွမ်းနေမိသလို၊ မှောင်ပြပြ အလင်းအောက်က ရွာကလေးကိုလည်း ကျွန်တော် လွမ်းရပါသည်။ ငယ်ဘဝ ဆောင်းညတွေထဲ လွမ်းစရာအတိနှင့် ပြန်မရ နှိုင်တော့သည့် ပုံရိပ်တွေကြား ကျွန်တော့်ရင်ဘတ်ကြီးတခုလုံး အင့်နေအောင်ခံစားရပါသည်။ ပြန်တမ်းတလို့ မရတော့သည့် အကြောင်းအရာတွေထဲ ယောင်ယောင်ယမ်းယမ်း `ဆောင်း´ရယ်လို့ပဲ ကျွန်တော် `တ´လိုက်မိတော့သည်။

ခင်ဇော်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments