စန်းသူ့မောင် – ဈေးလား

February 6, 2017

ရွာတန်းရှည် ဈေးကလေးမြင်ကွင်း (ဓာတ်ပုံ – မောင်ရစ်)
 

– ဈေးလား
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၁၆။ (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၇

မွေးချင်းထဲမှာ ကျွန်မက အကြီးဆုံးမို့ အမေ့လက်ကသုံးတောင်ဝှေး။ လူမှန်းသိစကတည်းက အမေ့လက်တို လက်တောင်းတာဝန်ခံ ဖြစ်ခဲ့ရသည်။

“သမီး မန်ကျည်းသီးမှည့်လေး ပြေးဝယ်လိုက်ဦး ကုန်နေတယ်”

“သမီး ကလေးက မှိန်းနေတယ် အမေခွါလို့မဖြစ်ဘူး၊ သမီးပဲ သင့်ရာ ဝယ်ပြီး ချက်လိုက်တော့”

အိမ်မှာက အဖေတစ်ယောက်တည်း ဝင်ငွေရှိတာ။ ချွေလျော့သုံးရမည်ကို မည်သူမျှမသင်ဘဲ ကျွန်မ သိနေ ပါသည်။ ကျွန်မတို့ ငယ်စဉ်က အာလူး တစ်ပိဿာမှ  တစ်ကျပ် တစ်ကျပ်ခွဲ။ အာလူး ငါးဆယ်သားဝယ် ပုစွန်ခြောက်နှင့် ဆီပြန်ချက်ထားလိုက်သည်။ တခါတရံ အပေါ့အငန် အဆင်မပြေလျှင် အမေက မြည်းရင်း ပြင်လိုက်သည်။

သည်လိုနှင့် ကျွန်မ ဆယ်ကျော်သက်တွင် ဈေးဝယ်ခြင်းအတတ် ၆၀% တတ်နေခဲ့ပြီ။

“ပဲသီးဝယ်ရင် ကျစ်ကျစ်လေးဝယ်လေ သမီးရဲ့”

“ငါးဝယ်ရင် ပါးဟပ်ဖြဲကြည့် ရဲနေမှဝယ်။ ငါးက ဖြူရော်ရော်ဖြစ်နေရင် မလတ်ဘူး”

“ကြည့် ဒီပုစွန်က လတ်တယ်၊ ဟိုဗန်းက ပုစွန်က အကောင်သာကြီးတာ မလတ်ဘူး”

“ဟိုမှာ ဆန်ဆေးရွက်တွေ။ ဝယ်ရအောင်ဟေ့။ ပြုတ်တို့ရအောင်”

အမေ့လက်ဦးပို့ချချက်တွေက ကျွန်မအတွက်များစွာ။ သည်လိုနှင့် ဝယ်တတ်ခြမ်းတတ် စီမံခန့်ခွဲတတ်ခဲ့ပြီ။

“ဆရာမရေ ဆရာမတပည့် ဆုမွန်လေ ငြုပ်သီးစိမ်းရင့်ရင့် သွားဝယ်ခဲ့လို့ လွှတ်လိုက်ပါတယ်၊ အဲဒါ အနုအရင့် မသိလို့တဲ့ မဝင်းကိုမေးပြီးမှ ဝယ်ခဲ့ရတယ်တဲ့”

ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ငြုပ်သီးစိမ်း အနုအရင့်မသိသည်ကို အဖွားဖြစ်သူက ဂုဏ်ယူစွာ သဘော ကျနေသည်။

“အဖွားရယ် ဒါလေးတွေက အဖွားဈေးဝယ်ထွက်ရင် သူ့ကိုပါ ခေါ်သွားပေါ့။ ပြ-ပြထားပေါ့။ ဒါမှ သိမှာ တတ်မှာလေ။ ကျွန်မကိုလဲ အမေက သည်လိုသင်ခဲ့ ပြခဲ့တာပဲ”

မလွှဲမရှောင်သာဝင်ပြီး အကြံပြုမိသည်။ ဆရာ လုပ်သလိုများ ဖြစ်နေမလားပဲ။ ဒီနေ့အခေါ် ရှော့ပင်က စိတ်ဝင်စားစရာ ကောင်းပါသည်။

အယ်လ်ဇိုင်းမား ကာကွယ်စေဖို့ လိုက်နာရမည့်အချက်တွေ ဖတ်မိသည်။ မှတ်မိသည်များကတော့

– တရားထိုင်ရမည်

– စာရေးစာဖတ်ရမည်

– လမ်းလျှောက်ရမည်

– သီချင်းဆိုရမည်

– ဈေးဝယ်ရမည်

– ဖုန်း/ ကားနံပါတ်တွေ အလွတ်ကျက်ရမည်။

ဒီအချက်တွေထဲက ဖုန်း/ ကားနံပါတ်တွေ ကျက်မှတ်ဖို့ဆိုတာကလွဲပြီး တော်တော်များများ လုပ်ဖြစ်နေသည်။ ဈေးဝယ်တာကတော့ မဝယ်ပါနဲ့လို့ တားတောင်မရ။ တစ်သက်လုံး ဝယ်ခြမ်းလာခဲ့ရတာပဲ။

ဒီတော့ မနက်တိုင်းလိုလို အိမ်မှ အင်းလျားကန်ထိ လမ်းလျှောက်သည်။ ပြီးတော့ လှိုင်ဈေးသို့ ဈေးသွာဝယ် သည်။ ပြီးမှ လိုင်းကားစီးပြီး အိမ်ပြန်သည်။ ဒီနေ့လည်း ဈေးသို့ ခြေဦးတည်နေမိပြီ။ ပြီးတော့ ဒီဈေးမှာ ဈေးသည်တွေ နဲ့က ဘော်ဒါတွေ ဖြစ်နေပြီ။ ဈေးဝယ်တယ်ဆိုတာလည်း အထင်သေးလို့မရ။ အနုပညာတမျိုးဖြစ်သည်။ သားငါး အရင်ဝယ်ပြီး လိုက်ဖက်မည့် အသီးအရွက်ဝယ်မည်လား။ ဒါမှမဟုတ် အသီးအရွက်အရင်ဝယ်ပြီး လိုအပ်သည့် သား ငါး ဝယ်မည်လား။ ဒီနေ့တော့ သားငါးတန်းကို အရင်သွားမိသည်။

သားငါးတန်းကတော့ ထုံးစံအတိုင်း သန့်ရှင်းမှုအားနည်းသည်။ နင်းရတာ သတိထားရသည်။ သူများကိုလည်း တက်မနင်းမိအောင် ကိုယ့်ကိုလည်း အနင်းမခံရအောင် သတိကြီးကြီးထားရသည်။ မဝယ်လို့မှ မဖြစ်တာ။ အတွေးစ ကို ဒီမှာတင်ရပ်မှ။ မရပ်ရင် ကုန်ဈေးနှုန်းဆိုတာကြီး ပါလာမည်။ ဒီခေတ်က ကိုယ့်ဝမ်းကိုယ် မသဒ္ဓါဘူးဆိုသည့်ခေတ်။ သည်တော့ ကုန်ဈေးနှုန်းကို မေ့ထားရသည်။

“ဘော်ဒါရေ ငါးခူကြီးတွေ လတ်လိုက်တာ ဘယ်လောက်ချိန်လိုက်ရမလဲ”

သူတို့ဘာသာ ကြော်ငြာပြီး ဝယ်အားကိုပါ အတည်ပြုချက်ယူကြသည်။

“အစ်မ ကျွန်မဆိုင်မှာ မဝယ်တာကြာပြီနော်၊ ဟင်း စိတ်တိုတယ်”

“ပြန်ရှည်လိုက်၊ ပြန်ရှည်လိုက်။ စားချင်တာလေးတွေ အလှည့်ကျဝယ်နေရတာမို့ပါ။ ဒီပုစွန် ဘယ်ဈေးလဲ။ ငါးဆယ်သားချိန်”

“ဒီလို လုပ်စမ်းပါ”

ဝယ်နေကျမို့ပေးပြီဆိုတော့လည်း သာသာထိုးထိုးပေးကြသည်။ ဒီသံယောဇဉ်တွေနှင့် ဒီဈေးမှာ အားပေး ဖြစ်တာ ကြာနေပြီ။ ကြက်သားတန်းဘက် ရောက်လာပြီ။

“ရှိလား”

“ရှိတယ်”

“ခြေထောက်၊ ခေါင်း ငါးဆယ်သား။ အသဲအမြစ် သုံးဆယ်သား။ ဗမာမဟုတ်ရင် မထည့်နဲ့နော် ရှိသလောက်ပဲ ချိန်”

“ဟုတ်ကဲ့ပါ၊ တစ်ခါထဲ ကိုင်လိုက်ရမလား”

“ကိုင်ပေးပါ”

ကလီစာတွေမစားပါနဲ့ဟု လမ်းညွှန်ချက်တွေသိသော်လည်း တခါတရံ ကလီစာဟင်းလေးစားချင်မိ၍ ဝယ်မိ သည်။ ဒါပေမဲ့ စီပီတွေကိုတော့ မစားလို။ စီပီမှ မစားရင် ဘာသွားစားမလဲ။ ဒါအများစားနေတဲ့ အစာပဲဟု တချို့က ဆိုသည်။ ဟုတ်ပါသည်။ ကျွန်မကတော့ ကြက်ဝယ်တိုင်း အသားဝယ်ဝယ်၊ အရိုးဝယ်ဝယ် စီပီဆိုမဝယ်။ ဗမာကြက်ပဲ ဝယ်ဖြစ်သည်။ ဝယ်တယ်ဆိုလည်း ဝယ်နေကျဆိုင်ပဲ ဝယ်ရဲသည်။ အလေးအချိန်အတွယ် စကားမများချင်လို့ ဈေးမဆစ် ပါ။ အလေးချိန်တွယ်ကိုတော့ ပြည့်ပြည့်ဝ၀ လိုချင်သည်။

အော်-ဟုတ်တယ်။ မေ့နေလိုက်တာ။ ကလစ်ကုန်နေပြီ။ ကလစ်ဝယ်ရမည်။ သတိရတုန်းဝယ်မှ။ တခါတည်း ဂွဆံညှပ်ပါ ဝယ်ရမည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူကျွန်မအတွက် မနက်တိုင်း မျိုးချစ်စိတ်မြား အသည်းမှာ စူးရသည်။ ဆံပင်ဖြီးသင် ကလစ်ညှပ်တိုင်း ယိုးဒယားကလစ် ယိုးဒယားကလစ်။ ကိုယ့်ဗမာကလစ်တွေက ဘယ်လိုမှ အသုံးမဖြစ်။ အော်-ဖြစ်လာရလေ တို့တတွေ။ ဆံပင်ညှပ်ဖို့ ကလစ်လေးကအစ မထုတ်လုပ်နိုင်တဲ့ဘဝပါလား။ ယိုးဒယားကလစ်ဆိုပြီး ကိုယ်တွေကအစ ရွေးချယ်ရသည်။ ဘာဖြစ်လို့ ငါတို့ ဒီလောက် ညံ့နေရတာလဲ။ ညံ့သည့်ဘဝ မှာ ကိုယ်ဘာကြောင့်ညံ့နေလဲဆိုတာတောင် အဖြေမရှာနိုင်တဲ့အထိ ညံ့တာ။ ကိုယ်ဘာများတတ်နိုင်ဦးမှာလဲဆိုပြီး အော်ဟစ်ပစ်လိုက်ချင်သည်။

_ _ _ _ _

ဟယ်-ဗြုန်းမွှေးတွေ။ ဗြုန်းမွှေးကို တစ်အိမ်လုံး ကြိုက်ကြသည်မို့ တစ်ရာဖိုးနှစ်စီးဝယ်သည်။ ဆားနှင့် ရေစင်စင် ဆေးပြီး တို့စားရမည်။ အိမ်မှာက ငပိရည် တို့စရာက အမြဲရှိနေရသည့်ဟင်းလျာ။ ဒီတော့ အတို့အမြှုပ်လေးက မပါ မဖြစ်။

“ဒီမှာ ဆန်ဆေးရွက်လေး ဘာလေး မတင်ဘူးလား”

“ဆန်ဆေးရွက် ဘာလုပ်စားရတာလဲ ကျွန်မ ကြားတောင်မကြားဖူးဘူး”

စိတ်ပျက်စရာ။ ဆရာကြီးဇေယျကို ပြေးသတိရမိသည်။ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပတ်ဝန်းကျင်ကို အမြဲထိတွေ့ လေ့လာနေစေချင်ခဲ့သူ။ သည်အတွေးအမြင်မှ ဖိတ်လျှံထွက်လာသော “ကောက်ရိုးနွယ်”ကို ကျွန်မ ယနေ့အထိ မှတ်မှတ်ရရ ဖြစ်နေဆဲ။ ဈေးထဲတွင် ကောက်ရိုးနွယ်တွေ့လျှင် ဆရာကြီးကို လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဝယ်သည်။ တို့စရာအဖြစ် ထမင်းဝိုင်းတွင် ထည့်ကျွေးဖြစ်သည်။

ကြည့် …

လယ်ထွက်ကိုင်းထွက် အသီးအနှံရောင်းသူက ဆန်ဆေးရွက်ကို ကြားတောင်မကြားဖူးဘူးတဲ့။

“အရွက်က အဝါလေးလေ။ တို့စရာ အနေနဲ့ပဲ စားရတာ။ ပြုတ်လိုက်ရင်လဲ အဝါရောင်လေးပဲ။ ဘာမှလဲ အရသာမရှိဘူး။ ဒါပေမဲ့ ထမင်းစား သိပ်မြိန်တာ”

“မသိဘူး ဆရာမ”

ပြီးပြီ။ ဟိုတလောကလည်း အိမ်သို့ အလည်လာသော ဧည့်သည်မိသားစုကို အပြန်တွင် ခြံထွက် ရဲယိုရွက်၊ ဒန့်သလွန်ရွက်လေးများ ခူးပေးလိုက်ချင်၍ မေးမိသည်။

“ရဲယို၊ အဲဒီရဲယိုက ဘာလုပ်စားရတာလဲဟင်။ အိမ်မှာက ဒန့်သလွန်အရွက်အသီးလေးတော့ စားပါတယ်” တဲ့။

သေချင်ပြီ။ ဆေးဘက်ဝင် အပင်မှန်းလဲမသိ။ မြန်မာဟင်းလျာတစ်ခွက်အဖြစ် စီစဉ်ချက်ပြုတ်စားသောက်နိုင် မှန်းလည်းမသိ။ တိုက်ခန်းယဉ်ကျေးမှု ထွန်းကားနေလို့လား။ စိုက်ပျိုးရန် ခြံမြေလေးတွေနှင့် မနေဖြစ်သော လူနေမှု ကြောင့်လား။ ကိုယ့်ဓလေ့ရိုးရာ သီးပင်စားပင်ကို စိတ်ဝင်စားမှု နည်းသောကြောင့်လား။

ကျွန်မကတော့ သစ်ပင် ပန်းပင်တွေကို ငယ်စဉ်ကတည်းက ချစ်ခင်မြတ်နိုးလာခဲ့သူ။ ကျွန်မ ခြံထဲတွင် စိုက်၍ ရနိုင်သလောက် သီးပင်စားပင်လေးများ စိုက်သည်။ စားသောက်ဆိုင်မှ ဝယ်စားရသော ခေါက်ဆွဲကြော်တစ်ပွဲထက် ကျွန်မခြံထွက် မန်ကျည်းရွက်သုပ်လေးနဲ့ဖြစ်ဖြစ်။ ကင်းပုံသီးကြော်လေးနဲ့ဖြစ်ဖြစ် ထမင်းစားရတာ ကျေနပ်ရောင်ရဲ နေမိသူ။ အခုလည်း ဈေးဝယ်ရင်း ကျွန်မ စားချင် လိုချင်သော ရာသီပေါ်ဟင်းရွက်ဟင်းသီးလေးများကို မေးမိခြင်း ဖြစ်သည်။

“အစ်မ မုန့်ညင်းစုံရှိတယ်”

“ဘယ်လိုရောင်းလဲ”

“ဒီမုန့်ညင်းဖြူက တစ်စီးတစ်ရာ အစ်မ။ ထိုင်ဝမ်က တစ်ရာ့ငါးဆယ်”

“ကျွန်မ လျှာက ကိုယ့်ပြည်တွင်းဖြစ်နဲ့ပဲ တည့်တယ်။ မုန့်ညင်းဖြူပဲ နှစ်စီးပေး”

ဒီလိုအညွှန်းမျိုး ကျွန်မစိတ်ပျက်သည်။ ယိုးဒယားဆီးသီး။ တရုတ်ဆီးသီးတဲ့။ ဗမာဆီးသီးက မစားကောင်းတဲ့ အသီးလား။ ကြက်ဟင်းခါးသီးကအစ ထိုင်ဝမ်သီးတဲ့။ ခက်ရချည်ရဲ့။

“အစ်မရေ နာနတ်တွေ ချိုတယ်။ ထုံးကြီးသီးတွေ”

“အိုကေ ဒီလိုလေးလဲ ကြားရပါဦးမှ။ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ရေမှာလည်း စိုက်လို့ရတာပဲ”

“နှစ်လုံးပေး တခါတည်း ခွါပေးနော်”

“အစ်မ ကျွန်မဆီကလည်း ဝယ်ဦးနော်။ သလဲသီးတွေ ကောင်းတယ်”

“ဝယ်ချင်တယ် ဘယ်လိုရောင်းလဲ”

“တရုတ်သီးတွေ အစ်မရေ။ ဒီဘက်က ရှစ်ရာ၊ ဟိုဘက်က တစ်ထောင်”

လာပြန်ပြီ။ သလဲသီးကို ကိုယ့်နိုင်ငံထဲမှာ စိုက်လည်းရတာပဲ။ တခါက ပုသိမ်ကြီးတွင် သင်တန်းတစ်ခု တက်ဖူး သည်။ ဆရာတစ်ဦးအိမ်တွင် သလဲပင် စိုက်ထားသည်။ သုံးလေးလုံးသီးနေသည်။ ခူးတော့ တစ်လုံးလာကျွေးတာ စားခဲ့ရသည်။

“ဗမာ သလဲသီး မရှိဘူးလား”

“ဟင်”

အားနာပေမဲ့။ ကျွန်မရင်ထဲက မကျေနပ်စိတ်လေး ဈေးသည်ဆီ ရောက်သွားပြီ။ ကျွန်မ မှားသွားပြီ။ ကျွန်မ စိတ်မကောင်းဖြစ်မိသွားသည်။ ဈေးသည်ကတော့ ရောင်းကုန် ရောင်းမှာပဲပေါ့။ ကြော်ငြာဝင်မှာပဲပေါ့။ ဒါကို ကျွန်မ နားလည်လက်ခံရမည်။ ဒီတော့ အမှားပြင်ရသည်။

“တစ်ထောင်တန်တစ်လုံးပေး”

ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရသည်လေ။

“ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပါသည်”

ဆန်စပါးတွေ၊ လယ်ယာကိုင်းကျွန်းသီးနှံတွေ ပေါများဝေဆာသော နိုင်ငံဟု တစ်ချိန်လုံး သိနားလည်ခဲ့ရသော နိုင်ငံ။ တဖြည်းဖြည်း လူမှန်းသိတတ်လာလေလေ မြေယာထွက်ကုန်တွေ သားငါးတွေ ရှားပါးလာတာ ဈေးနှုန်းကြီးမြင့် လာတာ တွေ့နေ သိနေရသည်။ ဘာဖြစ်လို့လဲ။ ကျွန်မတို့ ညံ့လွန်းရာ အသုံးမကျရာ ကျနေပြီ။

 ဒီကြားထဲ ကိုယ့်မြန်မာ့ ရေမြေထွက် သားငါးသီးနှံတွေအစား ပြည်ပနိုင်ငံအမည်တွေ တပ်တပ်ပြီး ပေါ်လာတဲ့ သီးနှံသားငါးတွေ။ ကျွန်မ ဒါတွေကို မနှစ်သက်နိုင်။ ဟိုတုန်းကလိုပဲ သဘာဝမြေဩဇာနဲ့စိုက်တဲ့၊ လတ်ဆတ်ဖွံ့ထွားတဲ့၊ အရသာရှိတဲ့ ကိုယ့်မြေ ကိုယ့်ရေထွက် ဟင်းရွက်သီးနှံတွေ၊ လတ်ဆတ်ပေါများတဲ့ သီးနှံတွေ ယနေ့ တတိုင်းပြည်လုံး စားစေချင်လှပါသည်။

သည်စိတ်သည်ဆန္ဒကို အခြေခံ၍ ရွှေပြည်တော် မျှော်တိုင်းမဝေးဟု ယုံကြည်မျှော်လင့်နေမိသူ ကျွန်မ ဈေး အပြန်လမ်းတွင် ခြေလှမ်းများ အားပြည့်သွက်လက်နေပါတော့သည်။

စန်းသူ့မောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်