နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

February 6, 2017

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇

(တစ်)
ည ၁၂ နာရီကျော်သွားပြီ။ အိပ်ချင်စိတ်က နည်းနည်းလေးမှ မရှိသေး။ ပြတင်းတံခါးတရွက်ကို အသာတွန်းဖွင့်လိုက်သည်။
တစီစီမြည်အော်နေသော ပိုးကောင်မွှားကောင်တွေအောက်မှာ ဒီဇင်ဘာညသည် စိမ်းမှောင် အေးစက်လျက်။ ဘိုဟီးမီးယန်း လရောင်ဟာလည်း ကမ္ဘာရဲ့ဘယ်ဘက်အခြမ်းကိုရောက်နေ လေသည်မသိ။ ညသည် အလင်းတစ်ဆံခြည်မျှင် မျှမရှိသော အမှောင်ထုထဲမှာ မှောင်ချင်တိုင်း မှောင်နေလေသည်။

တမာရွက်ချွန်တွေကြားမှာတော့ အမှောင်နှင့်ကပ်ငြိနေသော ကြယ်ပွင့်လေးတွေကို ဖြိုးခနဲ ဖျပ်ခနဲ လှမ်းလှမ်းမြင်နေရသည်။

ခုတလော ပျင်းရိငြီးငွေ့ခြင်းဟာ ကိုယ်တွေဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတာလား။ ဒါမှမဟုတ် ကိုယ်တွေကပဲ ပျင်းရိငြီးငွေ့ခြင်းမှာ ပျော်ရွှင်နေတာလားတော့မသိ။ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် လောကသုံးပါးဟာ အေးစက်ထိုင်း မှိုင်းလို့။

စိတ်ထဲက ဘယ်လိုဖြစ်လာသည်မသိ။
Fb ကိုဖွင့်ကြည့်ချင်စိတ်ပေါ်လာသည်။ စားပွဲပေါ်က ဖုန်းကိုယူပြီး ဖွင့်ကြည့်လိုက်သည်။ ဖွင့်ပြီးစက္ကန့်ပိုင်းအတွင်းမှာပင် post တခုတက်လာသည်။

“ပန်လှည့်တော့ချစ်ဦးငယ်” ဟာ ကျွန်မရဲ့ဘဝထဲမှာ အမြဲတမ်းရှိသွားမယ့် သီချင်းတပုဒ်ပါပဲ……

Post က စာနှစ်ကြောင်းသာရှိသော်လည်း ကျွန်တော့်တကိုယ်လုံး ပူနွေးသွားသည်။ စာလုံးလေးတွေကို အတန်ကြာအောင် ငေးစိုက်ကြည့်နေမိသည်။

ငွေမှုန်ဖွေးဖွေး မြားတန်းသွယ်သွယ်…
ခရေပန်းတွေ တဖြိုက်ဖြိုက်ကြွေတယ်…ရွှေခရေပင်ရိပ်ဝယ်…
ပန်သူမယ့်မှာ စိုးထင့်ကာရယ်…မြေနီလမ်းကဆီးလို့သာကွယ်…
ကြိုနေမယ်ချစ်သည်းရယ်…..

ဆို့ဆို့နင့်နင့်….ကြေကြေကွဲကွဲ သီဆိုသွားခဲ့သော ကိုစိုးပိုင်ရဲ့သီချင်း။

သည်သီချင်းလေးဟာ ကျွန်တော့်ဘဝမှာတော့ အလေးအနက်ပြုအပ်သော သီချင်းတပုဒ်…

ပြီးတော့ဒဏ်ရာဒဏ်ချက်တွေနှင့်….. ပုဂ္ဂလိကနာကျင်မှုတွေနှင့်….အမှတ်ထင်ထင်ဖြစ်ခဲ့ရသောသီချင်း။

ဒီ Post ကို တင်သူဟာ ဒီသီချင်းလေးကို သူမရဲ့ဘဝထဲမှာ အမြဲတမ်း ရှိသွားမယ့် သီချင်းတပုဒ်ပါလို့ ဘာဖြစ်လို့များ ပြော လိုက်ရပါလိမ့်။ သူမဟာလည်း ကိုယ်တွေလိုပဲ ပန်လှည့်တော့ ချစ်ဦးငယ်သီချင်းကို အစွဲအလမ်းကြီးမားခဲ့သူတဦး ဖြစ်နေပါ သလား။

ကျွန်တော့်အကြားအာရုံထဲကို နူးညံ့သောဂစ်တာသံတွေ တိုးရှဲလွင့်ဝင်လာသလိုပါပဲ။ ဘဝထဲမှာ ခြစ်ရာရှရာတွေများခဲ့သောသီချင်းဆိုတော့လည်း သီချင်းနှင့်ဆက်နွယ်သည့် လူတွေအားလုံးကို ဒီဇင်ဘာနှင်းတွေအောက်မှာ ကျွန်တော် လွမ်းသွားပါ သ ည်။

အထူးအားဖြင့် မူးမူး …….

အထူးအားဖြင့် မမဟန်နီ ……

အထူးအားဖြင့် ကျွန်တော်တို့ကို ထူပြိန်းသော အမှောင်သားထဲသို့ စုပ်ယူဆွဲချသွားခဲ့သော နှစ်ကာလများ…….

(နှစ်)
ကျွန်တော်တို့ ခုနှစ်တန်း ရှစ်တန်းကျောင်းသားဘဝက ကြိုးမဲ့ကြေးနန်းဝင်းထဲမှာနေသော စောမောင်ကျားက PT ရှိသော နေ့မျိုးဆိုလျှင် ကျောင်းသို့ ဂစ်တာယူလာခဲ့တတ်ပါသည်။ အဲသည်တုန်းက မူးမူးဟာ လက်ယက်စမ်းမှာနေတော့ စောမောင် ကျားနှင့် နီးသည်။ သူတို့နှစ်ယောက်မှာ ကျောင်းသွားကျောင်းပြန် အမြဲတမ်းတပူးပူး တတွဲတွဲ။

သူတို့နှစ်ယောက်ဟာ ငြိမ်းအေးချိုလွင်တဲ့ ဂစ်တာရနံ့တွေကြားမှာ မွေးဖွားလာခဲ့သည့်လူတွေ ဖြစ်နေလို့လားတော့မသိ။ ဂစ် တာကို ထိစမ်းလိုက်လေတိုင်း  နှစ်လိုဖွယ်အသံတွေ ဟာသူတို့ရဲ့လက်ချောင်းတွေထဲကပေါ့ပါးညင်သာစွာ လွင့်ကျလာတတ် ပါသည်။

သူတို့တွေရဲ့နှလုံးသားအခံကိုက အသံများရဲ့ညင်းပျောင်းအပေါ် တိမ်းညွှတ်နေတာလည်း ပါလိမ့်မည်။

အထူးအားဖြင့် မူးမူး…….
နဂိုကတည်းက အေးစက်လေးကန်စွာနေတတ်တဲ့ မူးမူးဟာ သူချစ်မက်သည့် ဂစ်တာကို ထိစမ်းကိုင်တွယ်နေရလျှင် ကျောက်ဆစ်ရုပ်တရုပ်အလား  မိန်းမောငြိမ်သက်လို့။

အဲဒီအချိန်မှာ သူ့ရဲ့အသက်ဇီဝဓာတ်ဟာ ခေတ္တခဏ ပြတ်တောက်နေသလား။ မူမူးဟာ မူးမူးအဖြစ်နှင့် ဖြစ်တည်နေသေး ရဲ့လား သူ့ကိုယ်သူတောင် သတိပြုမိပုံမရပါ။ ဂစ်တာဖလက်ပေါ်မှာ ကင်းမလက်မည်းတကောင်လို တရွရွလှုပ်ရှားနေတဲ့ သူ့ရဲ့ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကိုကြည့်ပြီး မူးမူးကို အကြိမ်ပေါင်းများစွာ ကျွန်တော်ငေးကြည့်ခဲ့ဖူးသည်။

သူဟာ Santana ရဲ့ Black Magic Woman ကို ချွဲနွဲ့နေအောင်တီးနိုင်သလို Eagle ရဲ့ Hotel California ကိုလည်း ပြတ် ပြတ်တောက်တောက်နှင့် မာမာတင်းတင်းလေးဖြစ်အောင် တီးခတ်နိုင်သူဖြစ်သည်။ ထိုစဉ်က Ventures ၏ အကောင်းဆုံး ဟုဆိုအပ်သော တီးခတ်မှုတွေကို သူတီးပြီဆိုလျှင် တော်ရုံလူမဆိုထားနှင့်။ ကျွမ်းလှချည်ရဲ့ဆိုသော ဂစ်တာသမားတွေပင် သူ့လက်ချောင်းတွေရဲ့အရွေ့အလျားအောက်မှာ နစ်မျောသွားရလေသည်။ ထိုအချိန်က လူငယ်တွေအကြား ဖေးဘရိတ်ဖြစ် နေသော သီချင်းတွေအားလုံးကို မူးမူး သပ်ရပ်လှပစွာ တီးခတ်နိုင်ပါသည်။ တခုတော့ရှိသည်။ သူ့ကို Notes တွေလာ မပြောနှင့်။ Notes တွေကို သူဘာမှ မသိ။ တီးလုံးတခု သို့မဟုတ် သီချင်းတပုဒ်ကိုလည်း တခေါက်နှစ်ခေါက်နားထောင်ရုံမျှနှင့် သူ ပြန်ပြီးမတီးနိုင်ပါ။ ခုနှစ်ခေါက်ရှစ်ခေါက်လောက် အာရုံစူးစိုက်မှုအပြည့်နှင့် နားထောင်ပြီးလျှင်တော့ အဲဒီတေးသွားဟာ သူ့ရဲ့အသွေးအသားထဲမှာ ရောထွေးစိမ့်ဝင်သွားတော့သည်။ ဘယ်အချိန်လာတီးခိုင်းမလဲ။ ဘယ်လိုKey မျိုးနှင့်တီးခတ်ကြမှာ လဲ။ အဲဒီလို အချိန်မျိုးဆိုလျှင် သူ့ရဲ့လက်ချောင်း ရှည်ရှည်သွယ်သွယ်လေးတွေဟာ ပူနွေးလှပတဲ့ အသံသစ်တွေအတွက် နိုးကြားလန်းဆန်းနေလေပြီ။

သူနှင့်ပတ်သက်ပြီး ကျွန်တော်အသေအချာပြောရဲတာ တခုပဲရှိသည်။ လောကသုံးပါးရဲ့ ဘယ်လိုနေရာမျိုးကိုပဲ  ရောက် ရောက်။ ဂစ်တာသည်သာ သူ့ဘဝရဲ့သန့်ရှင်းသော ဝိညာဉ်တော်။ ဂစ်တာသည်သာ သူဘဝရဲ့ အလေးအမြတ်ထားရာ ကမ္ဘာဦးကျမ်း။

ကျွန်တော်ကဖြင့် အဲဒီအချိန်ကတည်းက သူ့ရဲ့အနုပညာဟာ တချိန်ချိန်မှာ လင်းဖြာတောက်ပခွင့်ရလိမ့်မည်ဟု မျှော်လင့်ထား သူဖြစ်သည်။ မူးမူးဟာ သံစဉ်များရဲ့ကြည်လင်လှပမှုအပေါ် အာရုံကပ်ငြိနေလို့လားတော့မသိ။ သီချင်းဆိုဖို့ကို အမြဲငြင်း ဆန်သူ ဖြစ်လေသည်။ သူ စိတ်လိုလက်ရရှိလျှင်တော့ ဘယ်သူကမှ မတိုက်တွန်းရပါဘဲနှင့် ဆိုတတ်သော သီချင်းတပုဒ် ရှိသည်။

စိုးပိုင်ရဲ့”ပန်လှည့်တော့ ချစ်ဦးငယ်”  ဒီသီချင်းကို သူဆိုလိုက်ရင် သူ့ရဲ့အသံအေးအေးလေးဟာ လွမ်းလွမ်းဆွေးဆွေးဖြစ်သွား သလိုပါပဲ။ အဲဒီအချိန်မှာပဲ သူ့ရဲ့မျက်လုံးတွေဟာလည်း မှုန်မှုန်မှိုင်းမှိုင်းနဲ့ ငေးရီကြေကွဲလို့။

ပန်လှည့်တော့ချစ်ဦးငယ်ထဲကို သူ့ရဲ့ဝိညာဉ် ပူးကပ်သွားပြီဆိုရင်တော့သူ့ရဲ့သီချင်းသံဟာဆိုနေရင်း ဆိုနေရင်းနဲ့ နာကျင် ထစ်အသွားတတ်တာ။ အတီးပိုဒ်က ပျစ်ပျစ်ချွဲချွဲလိဒ်ဂစ်တာသံဟာ ဝမ်းနည်းကြေကွဲစရာကောင်းနေတတ်တာ။ ဆိုနေရင်းနဲ့ သူ့ခေါင်းလေးကိုအသာအယာ မော့မော့ပြီး ဖြည်းဖြည်းလေးနဲ့ အောက်ကိုငုံ့ငုံ့သွားတတ်တာ။ ကွေးလိမ်နေတဲ့ သူ့ရဲ့ဆံပင် မည်းမည်းရှည်ရှည်တွေဟာ သူအောက်ကိုငုံ့သွားလိုက်တိုင်း သူ့ရဲ့မျက်နှာနုနုလေးပေါ်ကို ဝဲဖြာအုံ့ဆိုင်းသွားတတ်တာ။

အဆုံးသတ်အတီးပိုဒ်ကို ခေါင်းငုံ့နေရင်းနဲ့ ကြေကြေကွဲကွဲ တီးလေ့ရှိတာ။ အားလုံးပြီးစီးသွားလို့ ခေါင်းကိုပြန်မော့လာရင် သူ့ ရဲ့မျက်လုံးမည်းမည်းတွေဟာကြေကွဲမှုန်ဝေနေတတ်တာ။ ဘာဖြစ်လို့မှန်းလည်း မသိဘူး။ အဲဒီသီချင်းကိုဆိုပြီးရင် တအားဝမ်းနည်းတာပဲလို့တိုးတိုးတိမ်တိမ်အသံလေးနဲ့ ပြောလေ့ရှိတာ။အဲဒီအချိန်မှာပဲ ကျွန်တော်တို့ဟာ ရင်တွေ တဖျပ်ဖျပ်ခုန်ပြီး ဘာကို လွမ်းမှန်းမသိလွမ်းနေခဲ့ရတာ ကျွန်တော် အသေအချာပြောရဲပါသည်။ အဲဒါတွေကိုကြည့်ပြီးတော့ပဲ မမဟန်နီဟာ မူးမူးအပေါ် ရက်ရက်စက်စက်ကြွေသွားတာပဲ ဖြစ်ပါလိမ့်မည်။

(သုံး)
လာဗင်ဒါသစ်ခွ ဒါမှမဟုတ် ပန်းနုရောင်နှင်းဆီပွင့်တွေ ထိုးစိုက်ထားတတ်တဲ့ အပြာနုရောင်ကြွေပန်းအိုး၊ သက်ငြိမ်ရေဆေး ပန်းချီကားများ၊ ဟော်လိုဂစ်တာသုံးလုံး၊ မြန်မာ့စောင်းကောက်တခု၊ အသံတွေ ခုန်ထွက်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ ပီယာနိုတစ်လုံး။ ရောင်စုံမီးပွင့်လေးတွေနဲ့ စိမ်းစိုသစ်လန်းနေတတ်သော ခရစ္စမတ်သစ်ပင်ငယ်လေးများ။ ကျွန်တော်စွဲစွဲထင် ထင် အမှတ်ရနေဆဲဖြစ်တဲ့ မမဟန်နီတို့အိမ်ရဲ့ ဧည့်ခန်းအခင်းအကျင်းပါပဲ။ နောက်…ရှိသေးတယ်။ ခေါင်းလေးငဲ့စောင်းပြီး လောကကြီးကို ကရုဏာသက်စွာကြည့်ငေးနေလေတဲ့ ဘုရားသခင်ရဲ့ပုံတော်။

ဘာဖြစ်လို့မှန်းလည်း မသိဘူး။ မမဟန်နီတို့ အိမ်ရဲ့အဝန်းအဝိုင်းကို ရောက်သွားလေတိုင်းကျွန်တော်တို့ရဲ့စိတ်ထဲမှာ ငြိမ်း အေးသွားသလို အမြဲခံစားခဲ့ရတယ်။ ဆိတ်ငြိမ်ရပ်ကွက်က တခုသောလမ်းလေးပေါ်မှာတော့ မမဟန်နီတို့ရဲ့အိမ်ကြီး ပေါ့။ မျက်နှာစာအိမ်တန်းမရှိတဲ့ မမဟန်နီတို့လမ်းမှာ အဆောက်အအုံဆိုလို့ လေးလုံးပဲရှိပါတယ်။ အမြဲတမ်း ငြိမ်ဆိတ်နေတတ်တဲ့ အဲဒီနေရာလေးဟာ မြို့စွန်မဟုတ်ပေမယ့် မြို့ရဲ့အနားသတ်မျဉ်းလေးလို ဖြစ်နေပါတယ်။

လမ်းကလေးထဲမှာလည်း သက်တမ်းရင့် စိန်ပန်းပင်ကြီးတွေနဲ့ ပိတောက်ပင်အိုကြီးတွေရဲ့ အကိုင်းအခက်တွေဟာ ညွှတ်အိကိုင်းကျလို့။စိန်ပန်းကြွေတဲ့ရာသီဆို  လမ်းကလေးဟာ စိန်ပန်းပွင့်တွေနဲ့ ရဲရင့်လန်းဆန်းလို့။

တခါတခါမှာ မမဟန်နီဟာ သူတို့တိုက်ကြီးပေါ်က လေသာဆောင်မှာ ဂစ်တာတီးပြီး သီချင်းထွက်ဆိုတတ်ပါတယ်။ အဲဒီ လိုသီချင်းထွက်ဆိုလေတိုင်း ကျောလည်အထိရောက်နေတဲ့ သူ့ရဲ့ဆံစညိုမျှင်တွေကို အရိုင်းဆန်ဆန်ဖြန့်ချထားတတ်ပါတယ်။ ဘာရယ်လို့မဟုတ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ အဲဒီဆံပင်ညိုညိုမျှင်မျှင်လေးတွေကို တစ်ခါတစ်ခါတော့လည်း ကိုင် ကြည့်ချင်လှပါရဲ့။

မမဟန်နီဟာ More than l can say၊ Yesterday၊ Take me home country road၊ Do l love you သီချင်းတွေကို အသံအားကောင်းကောင်းနဲ့ အမြဲဆိုလေ့ရှိတာပေါ့။ အဲဒီသီချင်းတွေထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ More than l can say ပါပဲ။

မမဟန်နီ လေသာဆောင်မှာသီချင်းထွက်ဆိုတိုင်း မလှမ်းမကမ်းက စိန်ပန်းပင်ကြီးတွေအောက်မှာ မိန်းမောငြိမ်သက်နေတဲ့ ကျွန်တော်တို့အုပ်စုကို သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ မမဟန်နီနဲ့ ကျွန်တော်တို့ဟာ တကြိမ်တခါမှလည်း စကားမပြောဖူး ပါဘူး။ မမဟန်နီနဲ့ ကျွန်တော်တို့ကြားမှာ ဘိုင်အိုဂရပ်ဖီတွေက အရေးမကြီးလှပါဘူး။ အရေးကြီးတာက မမ ဟန်နီသီချင်း ဆိုနေတဲ့အချိန်မှာ၊ မမဟန်နီရဲ့ သွယ်လျလက်ချောင်းလေးတွေနဲ့ ဂစ်တာကြိုးမျှင် ထိခတ်မိရာက လွင့်စဉ်ပြန့်ကျဲထွက်ကျ လာတဲ့ သံစဉ်အပိုင်းအစလေးတွေထဲမှာကျွန်တော်တို့ဟာ တသားတည်း စီးဆင်းနေဖို့ပါပဲ။

မမဟန်နီဟာ အဲဒီအချိန်တုန်းက ကျွန်တော်တို့မြို့ကလေးထဲက ရှားပါးလွန်းလှစွာသော တက္ကသိုလ်ကျောင်းသူတဦးပါ။ ပြီး တော့ စက်ရုံကြီးတခုက အရာရှိကြီးတယောက်ရဲ့သမီး။ မြို့ကလေးထဲကိုလာလေတိုင်း အစိမ်းနုရောင် zephyr ကားလေးနဲ့ လာလေ့ ရှိပါ တယ်။ အမိုးဖွင့် zephyrကားလေးနောက်မှာ မမဟန်နီပါသွားလေတိုင်း သူမရဲ့ ဆံပင်ညိုညို ပျော့ပျော့လေးတွေ လေထဲမှာ လွင့်မျောမျှင်တန်းနေတာကို ငေးကြည့်ပြီး မူးမူးဟာ မိန်းမောမင်သက်ခဲ့တာပေါ့။ ပြောမယ်ဆိုရင်ပေါ့။ မူးမူးနဲ့ မမဟန်နီတို့ကြားမှာ အခိုင်အခန့်ပိတ်ဆို့ထားတဲ့ တံခါးရွက်တွေဆိုတာ အထပ်ထပ်ပေါ့။

သူတို့နှစ်ယောက်ဟာ ကျွန်တော့်အတွက်တော့ အဆုံးသတ်ဖို့ ခက်ခဲနေတဲ့ ဆာရီယယ်ပန်းချီကားတချပ်ပါပဲ။ ထိစမ်းဆုပ် ကိုင်ဖို့ ခက်ခဲနေတဲ့ အိပ်မက်ထဲက မြူခိုးတွေပေါ့။ ဒါပေမဲ့ အဲဒီဆာရီယယ်တံခါးရွက်တွေဟာ ကျွန်တော်တို့ရှေ့မှာတင်ပဲ မယုံကြည်စရာကောင်းလောက်အောင် တချပ်ပြီး တချပ် ပွင့်ထွက်လာခဲ့ပါတယ်။

အထူးအားဖြင့် “ပန်လှည့်တော့ ချစ်ဦးငယ်” မူးမူးရဲ့ ချွဲချွဲနွဲ့နွဲ့တီးခတ်မှုနဲ့ ထိရှကြေကွဲတဲ့ သီဆိုဟန်အောက်မှာ မမဟန်နီဟာ
ချစ်ခြင်းတရားကို ရှာဖွေတွေ့ရှိသွားခဲ့ပုံရပါတယ်။

ဂီတဟာ ပိတ်နေတဲ့တံခါးရွက်တွေကိုကွာကျလာစေနိုင်သလို နူးညံ့တဲ့အချစ်ပန်းတွေကိုလည်း အလျင်အမြန် ဖူးပွင့်လာစေနိုင်စေတယ်ဆိုတာအဲဒီအချိန်ကတည်းက ကျွန်တော်သိထားခဲ့ပြီပေါ့။

(လေး)
ခေတ်ကြီးဟာ မြစ်ကြီးတမြစ်လိုပဲကျွန်တော်တို့ရှေ့မှာတင် စီးဆင်းသွားခဲ့ပြီ။ အချိုးအကွေ့တွေဟာ ချိုးးချင်သလိုချိုးပြီး ကွေ့ ချင်သလို့ ကွေ့ချသွားတဲ့ အချိုးအကွေ့တွေ….

တချို့နေရာကျတော့ မြစ်ကြီးဟာ လူတွေ…သက္ကရာဇ်တွေ…ဘဝတွေကို တဝုန်းဝုန်းနဲ့ ပြိုကျသွားအောင် ရိုက်ချလိုရိုက်ချ။

တချို့နေရာတွေကျတော့ လေးလေးအီအီနဲ့ ပျင်းရိပျင်းတွဲ စီးလိုစီး…..

ပြန်မရတော့တဲ့ နှစ်ကာလတွေထဲမှာ လူငယ်ဘဝရဲ့လန်းဆန်းမှုနဲ့ ဘယ်လိုအဆီးအတားမျိုးကိုမဆို ဖြတ်တိုက်သွားရဲတဲ့ မုန်တိုင်းလိုစိတ်ဓာတ်မျိုးတွေ……

လွမ်းမောစရာ နှစ်ကာလတွေပါပဲ။ အဲဒီနှစ်ကာလများကပါပဲ။

မမတွေကို အစွဲအလမ်းကြီးတဲ့ ကျွန်တော်ဟာ မမတယောက်နဲ့ ရေစက်ဆုံသွားသလို စောမောင်ကျားဟာလည်း လူမျိုးတူ ကရင်အမျိုးသမီး မမတယောက်နဲ့ ရေစက်ဆုံသွားခဲ့လေတယ်။ အဲဒီအချိန်တွေကစပြီး ကျွန်တော်တို့ရဲ့ဘဝတွေဟာဟာ သီးခြားစီဖြစ်ပြီး ပြတ်တောက်သွားခဲ့တာပါပဲ။ သူလည်း သူ့အလုပ်နဲ့သူ။ ကိုယ်တွေလည်း ကိုယ့်အလုပ်နဲ့ကိုယ်။

အဲဒီနှစ်ကာလတွေထဲမှာပဲ မူးမူးဟာ ရုံးတရုံးမှာ အလုပ်ဝင်ရတယ်။ ညနေပိုင်းမှာ ရန်ကုန်ဘက်ကမ်းကူးပြီး လုပ်သားကောလိပ် တက်ရတယ်။ မြို့ကလေးထဲက အပျော်တမ်းတီးဝိုင်းလေးတခုမှာ အလှူတို့၊ မင်္ဂလာဆောင်တို့ရှိရင် ဟော်လိုဂစ်တာလိုက်တီး ပေးရတယ်။ ပျော်ရွှင်စရာမကောင်းခဲ့ပေမယ့် အဲဒီရက်စွဲတွေဟာ သူ့ဘဝထဲမှာ အမှန်တကယ်ဖြစ်တည်ခဲ့ဖူးပါတယ်။

ညထဲကို သူ့ဂစ်တာသံ သဲ့သဲ့ဖွဖွလေးပွတ်သပ်တိုးဝင်လာပြီဆိုရင် ညဥ့်နက်လှပြီပေါ့။ ရှည်လျားချင်တိုင်း ရှည်လျားခဲ့ရတဲ့ ညရိုင်းတွေထဲမှာ ဂစ်တာတလက်သာမရှိခဲ့ရင် စိတ်သိပ်နုတဲ့သူ့အတွက် ရူးနှမ်းသွားစေနိုင်တဲ့ ရက်စွဲတွေပဲပေါ့။

ရန်ကုန်က တီးဝိုင်းသစ်ထောင်မယ်ဆိုတဲ့ လူတယောက်ကတော့ မူးမူးဆီကိုရောက်လာခဲ့ဖူးတယ်။ တခေါက်တည်းတောင် မဟုတ်ဘူး။ သုံးခေါက်။

ပထမအခေါက်က မူးမူးတီးခတ်တာကို လာစူးစမ်းတာ။ နောက်အခေါက်တွေကျတော့ Electic guitar ဂစ်တာတွေကိုကားနဲ့ သယ်လာပြီး တီးမယ့်သူ့လူနှစ်ယောက်ကိုပါ ခေါ်လာခဲ့တာ။  မူးမူးက လိဒ်၊ ဟိုဖက်က ပါလာတဲ့နှစ်ယောက်က ရစ်သမ်နဲ့ ဘေ့စ်တီးမယ့်လူ။ ဆိုမယ့်လူ သုံးလေးယောက်တောင်ပါလာလိုက်သေးတယ်။

Electric guitar ဆိုရင် ငေးရီမင်သက်ပြီး ကြည့်ခဲ့ရတဲ့ကာလ။ လျှပ်စစ်ဂီတာပါတဲ့ တီးဝိုင်းမျိုးဆိုတာ တစ်နှစ်နေလို့ တကြိမ်မ တွေ့ရလေတဲ့ ကျေးလက်ဆန်ဆန်မြို့ကလေးဆိုတော့ ဘာပြောကောင်းမလဲ။ မမဟန်နီတို့ရဲ့လမ်းကလေးထဲမှာ လူတွေဆို တာ အပြည့်အသိပ်။

ကျွန်တော့်ဘဝမှာ Electric guitar ကို ကြိုးနဲ့လွယ်ပြီး ပီဘိ Lead ဂစ်တာသမားတယောက်လို မူးမူးတီးသွားတာကို ပထမဦး ဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပါပဲ။

ဟိုဖက်က လူတွေအဖို့တော့ အသားကျနေသော တီးခတ်ဟန်တွေထဲက ခွဲထွက်လာတဲ့ မူးမူးရဲ့အနုပညာကို တလေးတစား နဲ့ရှုမြင်ရတဲ့ ပွဲလေးတခုပေါ့။

ဝတ်နေကျ ဂျင်းဘောင်းဘီအပြာလေးနဲ့ အစိမ်းရောင် စစ်အင်္ကျီလက်ရှည်၊ လှိုင်းထနေတဲ့ သူ့ရဲ့ဆံပင်မည်းမည်းရှည်ရှည်တွေ၊ ရှင်းသန့်စင်ကြယ်တဲ့ သူ့ရဲ့မျက်နှာသွင်ပြင်၊ အသံများရဲ့စီးဆင်းမှုအောက်မှာ လှပစွာညွှတ်ကျသွားတတ်တဲ့ မူးမူးရဲ့ခန္ဓာကိုယ် အရွေ့အလျား ….

အဲဒီနေ့တုန်းက အားလုံးရဲ့ နှစ်လိုဖွယ်မျက်လုံးတွေဟာ မူးမူးဆီမှာ စုပြံကျရောက်လို့။

ပြောမယ်ဆိုရင်ပေါ့။ အဲဒီတောင်ကုန်းဟာ အောင်မြင်ခြင်းအလံတော်စိုက်ထူပြီး သူအသေအချာတက်သိမ်းရမယ့် တောင်ကုန်းလေးပါပဲ။ သူ့ဘဝအတွက် သိပ်ကိုအရေးပါတဲ့ပွိုင့်တခုပဲပေါ့။

ဖြစ်ချင်တော့ တီးဝိုင်းသစ်စုဖွဲ့ဖို့  ပြင်နေဆင်နေတုန်းမှာပဲ  ရှစ်လေးလုံးမီးတောက်တွေဟာ လူတွေကိုရော၊သမိုင်းတွေကိုရော ၊ အဖြစ်အပျက်တွေကိုရော အလျှံငြီးငြီးနဲ့တောက်လောင်သွားခဲ့လေတယ်။

တဖျစ်ဖျစ်နဲ့ ကျွမ်းလောင်သွားတဲ့ မီးတောက်တွေထဲမှာ မူးမူးရဲ့အိပ်မက်တွေပါ  ပါသွားလိမ့်လို့ ဘယ်သူကများ ထင်ရက်မှာ လဲ။ ဒါပေမဲ့ …အဖြစ်အပျက်တွေဟာ ကျွန်တော်တို့တည်မှီရှင်သန်ခဲ့ရတဲ့ အမှောင်ခေတ်ကြီးတခေတ်လုံးကိုရော မူးမူးရဲ့အိပ်မက်တွေကိုရောရစရာမရှိအောင် လောင်ကျွမ်းသွားခဲ့ပါတယ်။

အခြေအနေတွေ အားလုံးငြိမ်သက်သွားတဲ့ နေ့ရက်တစ်ရက်မှာ ရန်ကုန်ကို ကျွန်တော်တို့အဖွဲ့ ကူးလာခဲ့ကြတယ်။ ဟိုရောက် တော့ တီးဝိုင်းသစ်စုဖွဲ့မယ်ဆိုတဲ့လူကို မတွေ့ရတော့ဘူး။ သူ့အစား ဝမ်းနည်းကြေကွဲစရာသတင်းစကားတွေကိုသာကြားခဲ့ရလေတယ်။

မူးမူးနဲ့ မမဟန်နီတို့အတွက် ညတာတွေဟာ အဆုံးမရှိ ရှည်လျားသွားခဲ့ပြန်ပြီပေါ့။ ကျွန်တော်ကတော့ ကျေးလက်အဆိုတော် ဝူဒီဂတ်သရီရဲ့ အထီးကျန်ဝံပုလွေတွေရဲ့ ကြေကွဲဖွယ်အူသံတွေ ဆိုတဲ့အရေးအဖွဲ့ကို သတိသွားရနေမိတယ်။ ဒီလိုနဲ့ ပဲ… ….. နှစ်လိုဖွယ်အလွန်ကောင်းတဲ့ မမဟန်နီတို့မိသားစုဟာလည်း မျှော်လင့်ထားတာ မဟုတ်ပါဘဲနဲ့ အမေရိကကို လွင့်ခဲ့ ရပြန်လေတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ရာဇမာန်ကို ထိပါးအမျက်တော်ရှစေခဲ့တဲ့လူတွေကတော့ နယ်ပယ်အသီးသီးမှာ ပညာနဲ့ရပ်တည်နေကြတဲ့ ပညာရှင်တွေပါပဲ။

ဘုန်းတန်ခိုးအာနုဘော် ကြီးမြတ်တော်မူသော အာဏာရှင်တယောက်ပါပဲ။Briefing တခုမှာ မမဟန်နီတို့အဖေဟာ အင်္ဂလိပ် လိုရော၊ ပြင်သစ်လိုရော လုပ်ငန်းခွင်အကြောင်းကို ချက်ကျကျပြန်ပြောလိုက်တဲ့အတွက် တန်ခိုးသိပ်ထက်ပါတယ်ဆိုတဲ့ အဲဒီအာဏာရှင်ဟာ  ဆွေ့ဆွေ့ခုန်သွားခဲ့တယ်။

အဲဒီရဲ့အကျိုးဆက်က အဆင့်မြင့်ရာထူးတခုကို လက်ခံမယ့်ဆဲဆဲဖြစ်နေတဲ့ မမဟန်နီတို့ရဲ့အဖေဟာ အလုပ်တာဝန်က ရပ်စဲခံလိုက်တာပါပဲ။ တဆက်တည်းမှာ နေနေရတဲ့ အိမ်ကလည်း နှစ်ဆယ့်လေးနာရီအတွင်း ဖယ်ရှားပေးရမယ်ဆိုတဲ့ အမိန့် ပြန်တမ်းကလည်း ပါလာလိုက်သေးတယ်။

မိုးစက် ဖွဲဖွဲမှုန်မှုန်အောက်မှာ၊ စိန်ပန်းပွင့်ဖတ်တွေအောက်မှာ တကယ့်ကို နာကျင်ကြေကွဲစရာကောင်းခဲ့တဲ့ အလွမ်းပြဇာတ် တစ်ပုဒ်ပါပဲ။

အရူးဆိုတာမျိုးဟာ အမှောင်ခေတ်ထဲမှာပဲ ပေါ်ပေါ်၊ အလင်းရောင်နှစ်တွေထဲမှာပဲ ဖူးပွင့်ဖူးပွင့် အချိန်အခါမရွေး လူ့အဖွဲ့အ စည်းကို side effect အမျိုးမျိုးနဲ့ ပူလောင်လေးလံစေတဲ့ မီးတောက်တမျိုးပါပဲ။

(ငါး)
မမဟန်နီတို့မိသားစု အမေရိကကို ထွက်သွားပြီး သိပ်မကြာလိုက်ဘူး။ မူးမူးဟာသူ ခြောက်နှစ်သားအရွယ်ကတည်းက နေ လာခဲ့တဲ့ ကျွန်တော်တို့ရဲ့မြို့ကလေးမှာ ပျော်ရွှင်ပုံမရတော့ဘူး။ သူ့ကိုမြင်လိုက်ရလေတိုင်း အခါမလပ်သုန်လို့ …မှုန်လို့ …          ကြည်လင်နေတတ်တဲ့ သူ့ရဲ့မျက်နှာလေးပေါ်မှာ လန်းဆန်းမှု အနည်းငယ်မျှလောက်တောင် မမြင်ရတော့လေအောင် ရှုပ် ထွေးညိုမှောင်လာခဲ့တယ်။ နွယ်ရိပ်သစ်ရိပ်နဲ့ ပဲခူးမြစ်ရဲ့ရင်ခွင်ထဲက စိမ်းစိမ်းမြမြမြို့ကလေးဟာ သူ့အတွက်တော့ အလွမ်း မြို့ သက်သက်ဖြစ်သွားခဲ့ပြီ။

တောင်ငူကို သူပြန်သွားတဲ့နေ့က ကျွန်တော်နဲ့စောမောင်ကျားဟာ ရန်ကုန်ဘူတာကြီး ကို လိုက်ပို့ခဲ့ကြပါတယ်။

တောင်ငူဟာ သူ့ကိုမွေးဖွားခဲ့တဲ့ သူ့ဇာတိမြို့လို့ဆိုပေမယ့် သူ တောင်ငူပြန်တာကို တကြိမ်တခါမှ ကျွန်တော်မတွေ့ဖူးသေးဘူး။ သူကတော့ ရထားပေါ်အတက်မှာ တုန်တုန် ဝေဝေနဲ့ ပြောသွားရှာတယ်။ မမဟန်နီပြန်လာမှ သန်လျင်ကို သူ ပြန်လာခဲ့မယ် တဲ့။ ဘယ်လိုအခြေအနေမျိုးးကိုပဲ ရောက်ရောက် မမဟန်နီဟာ သူ့ဆီကို အသေအချာ ပြန်လာခဲ့မှာပါတဲ့။

ရန်ကုန်ဟာ အဲဒီညတုန်းက သွေ့ခြောက်ပူပြင်းတဲ့ အပူငွေ့မျှင်တွေအောက်မှာနွမ်းရီလို့။

ရန်ကုန်မန္တလေးအဆန်ရထားဟာ ဂစ်တာတလုံးလွယ်ထားတဲ့ ဂျင်းဘောင်းဘီပြာနဲ့ လူငယ်လေးတယောက်ကိုသယ်ဆောင် ပြီး ရန်ကုန်မြေကနေထွက်ခွာဖို့ တဆတ်ဆတ်နဲ့ တုန်ရီလာခဲ့ပြီ။

ည ၈း ၃၀ နာရီ
ဆွေးဆွေးမြည့်မြည့် မြည်အော်လိုက်တဲ့ဥသြဆွဲသံရဲ့မရှေးမနှောင်းမှာ ရထားကြီးဟာ တရှူးရှူးနဲ့ လွန့်လှုပ်လာလေရဲ့။

ရန်ကုန်ညထဲကနေ အမှောင်ထုထဲကို တစ္ဆေတကောင်လို အော်ဟစ်တိုးဝင်သွားတဲ့ရထားကြီးဟာ ကြည့်နေကြည့်နေရင်းကပဲ ကျွန်တော်တို့ရဲ့မျက်စိအောက်မှာတင်ပျောက်ကွယ်သွားခဲ့ပါတယ်။

(ခြောက်)
မမဟန်နီဆီက ပထမဦးဆုံးရောက်လာတဲ့စာထဲမှာ မူးမူးအတွက် တစောင်သပ်သပ်ပါလာခဲ့တယ်။ မူးမူးကလည်း တောင် ငူပြန်သွားတဲ့နေ့ကစပြီး လုံးဝကို အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။ ကျွန်တော်တို့ဆီကို အဆက်အသွယ်မရှိတော့ သူ့ဆီကိုပါ ဘယ်လိုဆက်သွယ်ရမှန်း မသိတော့ဘူး။ သန်လျင်မြေကို မူးမူးကျောခိုင်းသွားတာ မမဟန်နီသိသွားတော့  အရမ်းကိုဝမ်းနည်းသွားခဲ့ပါတယ်။

သူသတ္တိနည်းပါးခဲ့လို့ ၊တွေဝေတွန့်ဆုတ်ခဲ့လို့၊ ဆုံးဖြတ်ချက် မပြတ်သားခဲ့လို့ … သည့်နောက်ပိုင်းလာသမျှစာတွေထဲမှာ ဒီအ ကြောင်းအရာတွေချည်းပဲ ထပ်ခါတလဲလဲ ပါလာခဲ့လေတယ်။ ဒါပေမဲ့ မမဟန်နီဟာ တနေ့သောအချိန်အခါမှာ မူးမူးနဲ့ ပြန် လည်ဆုံစည်းခွင့် ရလိမ့်မယ်လို့ အသေအချာ ယုံကြည်ခဲ့တယ်။နာနာကျင်ကျင်နဲ့ကို ယုံကြည်ထားခဲ့တယ်။

ချစ်ခြင်းမေတ္တာရဲ့ အကျဉ်းစံတဦးဖြစ်လေတဲ့  မူးမူးဟာလည်း ဒီလိုမျိုး ယုံကြည်ထားခဲ့တာပဲမဟုတ်လား။ လာသမျှစာလွှာ တွေထဲမှာ မမဟန်နီရဲ့ချစ်ခြင်းမေတ္တာဖြစ်တည်မှုကို ကျွန်တော်မြင်တွေ့နေရတယ်။ သူ့ရဲ့အလွမ်းတွေကို ထိစမ်းပွတ်သပ် နေရတယ်။ သူ့ရဲ့အသက်ရှူသံပြင်းပြင်းကို မိုင်ပေါင်းများစွာ ကွာခြားနေတဲ့အရပ်ကနေပြီး ကျွန်တော်ကြားနေရတယ်။          ဒီလိုနဲ့ပဲ နှစ်တွေဟာ မယုံကြည်စရာကောင်းလောက်အောင် ရှည်လျားဝေဝါးလာခဲ့ရပြန်တယ်။ အဲဒီကာလတွေထဲမှာပဲ အမိမြေကို ပြန်လည်ခြေချခွင့်ရအောင် နည်းလမ်းအသွယ်သွယ်နဲ့ သူကြိုးစားခဲ့ပါသေးတယ်။

အခွင့်အလမ်းတွေဟာ နီးလာလိုက်..ဝေးသွားလိုက်..ဝေးသွားလိုက်..နီးလာလိုက်နဲ့ ။နှစ်တွေဟာလည်း တောက်ပမှုကုန်ခန်း သွားတဲ့ ကြယ်ပျက်တွေလို တနှစ်ပြီး တနှစ်…တပွင့်ပြီးတစ်ပွင့် ထိုးကျလို့။ ဘုရားသခင်ဟာလည်း အမှောင်ကမ္ဘာထဲမှာ သွေ့ ခြောက်ညှိုးရီနေတဲ့ ချစ်သူနှစ်ယောက်ကို မြင်တော်မူပုံမရခဲ့ဘူး။ ဒီလိုနဲ့ပဲ မမဟန်နီဟာ မူးမူးနဲ့ပြန်ဆုံဖို့ ကြိုးစားနေရင်းနဲ့ ဆုံးသွားခဲ့လေတယ်။ ညီအစ်မနှစ်ယောက် အဝေးပြေးလမ်းမပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ဆုံးသွားခဲ့တာလို့ သိရပါ တယ်။

မူးမူးကတော့ ကြေကွဲဖွယ်ရာ ဒီအဖြစ်သနစ်တွေကို ဘယ်လိုနည်းနဲ့မှ သိနိုင်စရာ အကြောင်းမရှိပါဘူး။

အခုလို အချိန်မျိုးမှာဆို သူဟာ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ ရောက်နေလေမလား။ အလင်းမြမြထဲမှာလား။ အ မှောင်သားပြာပြာထဲမှာလား။ သူ့ရဲ့အနုပညာကရော သူရောက်လေရာအရပ်မှာ တောက်ပလင်းဖြာခွင့် ရရှိပါရဲ့လား။

ကာလရှည်လျားစွာ မတွေ့မမြင်ရတဲ့သူငယ်ချင်းကို မွတ်မွတ်သိပ်သိပ်နဲ့ သတိရနေမိတယ်။

ရထားပေါ်တက်ခါနီး တိုးတိုးရီရီလေးသူပြောသွားတာကို ကျွန်တော်မှတ်မိနေသေးတယ်။ မမဟန်နီပြန်လာမှ သန်လျင်ကို သူပြန်လာခဲ့မယ်တဲ့။

သေချာပါတယ်။ မမဟန်နီကို အသေအချာ သူ စောင့်နေမှာပါလေ။ လရောင်ပျောက်ဆုံးနေတဲ့အခုလို ညမျိုးဆို မူးမူးဟာ အမှောင်ထဲမှာ တယောက်တည်းငေးရီပြီး အလွမ်းတွေနဲ့ တည်ငြိမ်လေးနက်နေလေမလား။

ဒါမှမဟုတ် ပန်လှည့်တော့ချစ်ဦးငယ်သီချင်းကို ကြေကြေကွဲကွဲသီဆိုရင်း မမဟန်နီကိုပဲ  နာနာကျင်ကျင်နဲ့ လွမ်းနေလေ မလား။

နိုင်ဝင်းသီ
၂၁ ၊ ၁၊  ၂၀၁၇
ညနေ ၅း ၄၅ နာရီ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်