ရွှေပိုးအိမ် (ပဲခူး) ● နှင်းဆီ ထရော်မာ

February 7, 2017

ရွှေပိုးအိမ် (ပဲခူး) ● နှင်းဆီ ထရော်မာ
(မိုးမခ) ဇန်နဝါရီ ၇၊ ၂ဝ၁၇

နှင်းဆီကို ကိုယ် စတွေ့တုန်းက အမေ့လက်ထဲမှာ…..။
ပန်းနုရောင် ရေမွှေးနှင်းဆီတွေပိုက်ထားတဲ့ အမေဟာ အိမ်ပေါ်ကို တလှမ်းချင်းတက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်မြင်ဖူး သမျှ မိန်းမတွေထဲ အလှဆုံးမိန်းမဟာ အမေပဲ။ ကိုယ့်အတွက်တော့ နုပျိုမှုနဲ့သောကတွေ ယှဉ်တွဲနေတဲ့ အမေ့မျက်နှာဟာ နှင်းဆီတွေကြားထဲမှာ သိပ်လှနေခဲ့တယ်လေ။ ဘုရားသောက်တော်ရေလဲတယ်။ ဘုရားရှိခိုးတယ်။ ပြီးရင် အမေလဲပေးထားတဲ့ ပန်းအိုးလှလှတွေထက် နေရာယူဝံ့ထည်နေတဲ့နှင်းဆီတွေကို ခဏဖြစ်ဖြစ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မော့ကြည့်နေရတယ်။

မှတ်မိနေတာတခုက ဘုရားမှာ ရေမွှေးနှင်းဆီတွေ အမေတင်တဲ့နေ့ဆို ညဘက် အဖေနဲ့ရန်ဖြစ်တော့တာပဲ။

နှင်းဆီတွေအပေါ် အမှတ်စရမိတဲ့အချိန်မှာ ကိုယ့်အသက်က ၇ နှစ် ၈ နှစ်။ အဖေနဲ့ အမေဆို အသက် ၃ဝ တောင်မကျော် သေးဘူးလေ။

တနေ့ အမေနဲ့ ဈေးထဲလိုက်သွားဖြစ်တယ်။ ဈေးထဲကပန်းဆိုင်မှာ နှင်းဆီတွေမှ အများကြီးပဲ။ အရောင်အသွေးစုံစုံ၊ အရွယ် အစားစုံစုံနဲ့ပေါ့။ ဗမာမျိုးရင်း နှင်းဆီတွေတင်မဟုတ်ဘူး။ တရုတ်ဘက်ကလာတဲ့ စပ်မျိုးနှင်းဆီတွေလည်း ပါတယ်။ ပုံမှန် ထက် အပွင့်ကြီးပြီး အရောင်အဆင်းကလည်း ဆန်းကြယ်တောက်ပနေတော့တာပေါ့။ အမေကတော့ ထုံးစံအတိုင်း လတ် ဆက်မွှေးမြတဲ့ ပန်းနုရောင် ရေမွှေးနှင်းဆီတွေ ဝယ်ဖို့ ပြင်တယ်။

“အမေ…ဟိုဘက်က ရဲတောက်နေတဲ့ နှင်းဆီတွေဝယ်ပါလား…။ အရောင်က ပိုရင့်သလိုပိုပြီး လည်း လှတယ်လေ”

အမေက ကိုယ်ပြောတာကိုကြားတယ်။ ဒါပေမဲ့ ပြန်မပြောဘူး။ ရေမွှေးနှင်းဆီတွေဆီရောက်နေတဲ့လက်ကတော့ တွန့်သွား တယ်။ ပန်းသည် အဒေါ်ကြီးက ကိုယ့်စကားကို ထောက်ခံလိုလိုပြောတာ မှတ်မိသေးတယ်။

“ဟုတ်တယ်ညီမလေးရဲ့…။ ညီမလေးဝယ်နေကျ ရေမွှေးနှင်းဆီတွေက မွှေးတာတော့ မွှေးတယ်။ ဒါပေမဲ့ နှင်းဆီထဲမှာတော့ ခဏလေးနဲ့ ညှိုးလွယ်ဆုံးပဲလေ။ ကြာကြာမခံဘူးပေါ့။ ဒီအနီရောင် နှင်းဆီတွေပြောင်းထိုးကြည့်ပါလား…။ အရိုးလည်းတောင့် တယ်။ ရေမွှေးနှင်းဆီတွေထက်လည်း အများကြီး ကြာကြာခံတယ်”

နှင်းဆီတွေရဲ့အလင်္ကာကို ကိုယ်မသိခဲ့ပါဘူး။ အလင်္ကာဆိုတာ ရှင်သန်ထမြောက်တဲ့ ဘာသာစကားလို့တော့ မော်ဒန်ဝတ္ထုတို ဆရာတယောက်က ရေးထားတာဖတ်ဖူးတယ်။ မီးပုံကြီးထဲ ခုန်ဆင်းပြီးနောက် ပိုမိုတောက်ပအရောင်စုံတဲ့ အမွှေးအတောင် တွေရဲ့ ရှင်သန်ထမြောက်လာတဲ့ ဖီးနစ်မီးလျှံငှက် လို့ညွှန်းတယ်။ အနုပညာသမားရဲ့ပြင်းထန်လောင်မြိုက်တဲ့ နှလုံးသားထဲက ပြန်လည်ရှင်သန်ထမြောက် လာတဲ့ ဘာသာစကားလို့လည်း ဆိုတယ်။ စာရေးဆရာအတွက် သူ့ချစ်သူက အလင်္ကာတဲ့။

ကိုယ့်အတွက်တော့ မင်းက အလင်္ကာပါပဲ မနှင်းဆီ…။

အဲ့ဒီနေ့က ရေမွှေးနှင်းဆီတွေအစား နှင်းဆီနီနီတွေကို အမေဝယ်လာခဲ့တယ်။ သုံးရက်လောက်ဆို ရေမွှေးနှင်းဆီတွေ မမြင်ချင်လောက်အောင် ညှိုးးနွမ်းသွားပေမယ့် အရိုးတောင့်တောင့်နဲ့ နှင်းဆီနီနီတွေကတော့ ငါးရက်လောက်အထိ တောက် ပနေခဲ့တာ ကိုယ်သတိထားမိလိုက်တယ်။ ဒါပေမဲ့ အမေ့မျက်နှာကတော့ ပုံမှန်ထက် ညှိုးနွမ်းနေသလိုပဲ။ ကိုယ့်စိတ်လည်း ညှိုးနွမ်းသွားခဲ့ရတယ်။ နောက်တခါဆို အမေကြိုက်တဲ့ရေမွှေးနှင်းဆီတွေပဲဝယ်ခိုင်းတော့မယ်လို့ အဲ့ဒီအချိန်ထဲက ကိုယ်ဆုံး ဖြတ်ချက် ချလိုက်မိပါတယ်။

ကိုယ်ကတော့ နှင်းဆီဆိုရင် ပန်းခြောက်ကလေးကစပြီး အစွမ်းကုန်ပွင့်အာနေတဲ့ တရုတ်မျိုးစပ်နှင်းဆီတွေထိ ချစ်တယ်။ ခု လည်း ချစ်တယ်။ နောင်လည်း ချစ်မယ်။ ကိုယ်သေသွားခဲ့ရင်လည်း နှင်းဆီကို ချစ်တဲ့စိတ်ကလေးတော့ ပါသွားဦးမယ်ထင်ပါ တယ်။ ဒါပေမဲ့လည်း ကိုယ့်အုတ်ဂူပေါ် နှင်းဆီပန်းနီနီတွေ ရဲနေတာမျိုးအထိတော့ ကိုယ်မတွေးမိသေးဘူး။ နှင်းဆီဆိုတာ သေခြင်းရဲ့နိမိတ်ပုံ မဟုတ်ဘူး။ ချစ်ခြင်းရဲ့အလင်္ကာသာဖြစ်တယ်။ အဲဒီလိုမျိုးပဲ ချစ်ခြင်းရဲ့အလင်္ကာဟာ ကိုယ့်အတွက်တော့ နှင်း ဆီတပွင့်သာ ဖြစ်တယ်။

ကိုယ့်ဒိုင်ယာရီစာအုပ်ထဲမှာ ခြောက်ကပ်နေတဲ့နှင်းဆီပွင့်ချပ်ကလေးတွေ။ စိတ်မကောင်းစရာပဲ။ စိတ်မကောင်းစရာလို့ မမြင်ဘဲ အမှတ်ရစရာပါကွာလို့ပြောလည်း ဘယ်သူကမှ အထူးတလည် လာငြင်းနေမှာလဲ။ ငြင်းစရာတွေများလွန်းလို့ နှင်း ဆီတွေနဲ့ပတ်သက်ရင်တော့ ကျေးဇူပြုပြီး ကိုယ့်ကို လာမငြင်းကြပါနဲ့ကွယ်။
။…………။

အလှပန်းအိုးကလေး ကွဲသွားတယ်။ နှင်းဆီတွေ ဖရိုဖရဲ ပြန့်ကြဲနေတယ်။

ညှိုးနွမ်းမှုမရှိသေးဘဲနဲ့ ကြမ်းပြင်ပေါ် တစစီလဲလျောင်းနေရတဲ့ နှင်းဆီတွေကို ဝမ်းပမ်းတနည်း ကောက်ယူ လွှင့်ပစ်လိုက်ရ တယ်။ အမှိုက်ခြင်းကြီးကြား ထိုးထိုးထောင်ထောင်နဲ့ ပါသွားတဲ့ နှင်းဆီ တွေဟာ မကြာသေးခင်ကမှ ကိုယ့်စာကြည့်စားပွဲပေါ်မှာ အမေထိုးပေးထားခဲ့တဲ့ နှင်းဆီတွေလေ။ အဲ့ဒီအချိန်က ကိုယ့်အမေဟာ ဆယ်တန်းကျောင်းသားတယောက်ရဲ့စိတ်ကို နှင်း ဆီတွေနဲ့ ကြည်လင်စေပုံရပါတယ်။

အမေ့ ဆန္ဒပြည့်ဝခဲ့တယ်လို့တော့ ကိုယ်မထင်ပါဘူး။ အဖေနဲ့အမေရဲ့ ပဋိပက္ခကြားမှာ ကိုယ့်စားပွဲပေါ်က နှင်းဆီပန်းအိုး လေးဟာ ဓားဆာခံဖြစ်ခဲ့ရပြီ။

အံကြိတ်ရင်း အမှိုက်တောင်းထဲပါသွားခဲ့ကြတဲ့ နှင်းဆီတွေ။ အမှိုက်တွေကြားက နှင်းဆီတွေကို အမှိုက်တွန်းလှဲနဲ့ ကောင် လေးတယောက် သယ်ဆောင်သွားတယ်။ တော်တော်ဝေးဝေးရောက်တဲ့အထိ အိမ်ရှေ့ဝါးရံတာကနေ ကိုယ်ငေးကြည့် နေမိတယ်။

ကိုယ့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…..။

နှင်းဆီတွေ စွန့်ပစ်လိုက်ရလို့လား။ အမေ အိမ်ပေါ်ကဆင်းသွားလို့လား။ အဖေ့မျက်နှာပေါ်က ယမကာတန်ခိုးနဲ့ အသိ စိတ်မဲ့ခြင်းကြောင့်လား။ အဖေ့ကိုဆူငေါက်နေတဲ့ ကိုယ့်အဘွားအသံကို ကြားရတယ်။ ခေါင်းငိုက်စိုက်ကျနေတဲ့ အဖေ့ကို မျှော်လင့်ချက်မဲ့စွာပဲ ကိုယ်ကြည့်နေလိုက်တော့တယ်။

အမှိုက်တွန်းလှဲလေးထဲက နှင်းဆီတွေလို ကိုယ့်ကို အမေစွန့်ပစ်သွားမှာ ကြောက်ပါတယ်။ ကိုယ်သိပ်ကြောက်တယ် နှင်းဆီ ရယ်….။

နှင်းဆီဟာ ဆူးကို သွေမဖယ်ခဲ့ဘူး။ ဆူးမစူးအောင်တော့ နေတတ်ခဲ့မှာ သေချာတယ်။
ကိုယ်ဟာ ဘဝကို သွေမဖယ်ခဲ့ဘူး။ လောကဓံနဲ့တော့ မနေတတ်ခဲ့တာ သေချာတယ်။
နှင်းဆီက ကိုယ့်ထက် အများကြီးသာတယ်။ လေးစားမိပါတယ်။

အမေမရှိတဲ့အချိန် အဘွားက ကိုယ့်စားပွဲပေါ်မှာ နှင်းဆီတပွင့်နဲ့ ပန်းအိုးလှလှလေးတလုံး လာတင်ပေးထားတယ်။ ဒါပေမဲ့ အဲဒီပန်းအိုးထဲက နှင်းဆီကို ကိုယ်ဒီအတိုင်းပဲ သိမ်းထားလိုက်ပါတယ်။ နှင်းဆီဆိုတာ သိမ်းထားလို့ရပါသလား။

နှင်းဆီစစ်စစ်ဆိုရင်တော့ ကြာလာရင် ပန်းခြောက်ကလေးပဲ ဖြစ်တော့မှာပေါ့။ ဒါပေမဲ့ တသက်လုံး အလှဆုံးအနေအထားနဲ့ ကိုယ်သိမ်းထားလို့ရခဲ့တယ်။ အဘွားထိုးပေးထားတဲ့ နှင်းဆီက နှင်းဆီပန်း အတုဖြစ်နေတယ်လေ။

အတုဆို ကိုယ့်အရိပ်ကအစ မုန်းပါတယ်။
ကိုယ်လိုချင်တာ နှင်းဆီပန်း စစ်စစ်တစ်ပွင့်ပါ။

မြင့်မိုရ်တောင်ကို ကိုယ်မမြင်ဖူးဘူး။ စာတွေထဲမှာတော့ မိဘမေတ္တာကို မြင့်မိုရ်တောင်နဲ့ နှိုင်း ယှဉ်ကြတာ ဖတ်ဖူးတယ်။

ကိုယ့်အတွက်တော့ မြင့်မိုရ်တောင်ကို မမြင်ဖူးတာ ပြဿနာတခု မဟုတ်ဘူး။ အမေ့မျက်နှာကို မမြင်ရတဲ့ နေ့တွေမှာတော့ အချိန်တိုင်းလိုလို ကိုယ့်အတွက် ပြဿနာဖြစ်နေတယ်။ အမေ့ကို လွမ်းတဲ့အချိန်တွေမှာ အဖေ့ဆီက မိဘမေတ္တာကို ယောင် လို့တောင် မမျှော်လင့်ခဲ့ဘူး။ အဲ့ဒီအစား ယိုင်ထိုးထိုးနဲ့ စကားလုံးတွေ ဖောင်းပွနေတတ်တဲ့အဖေ့ကို အိပ်ပျော်နေပါစေလို့ပဲ ဆုတောင်းနေမိတယ်။

ဒါပေမဲ့ အဖေ့ကို ကိုယ်ချစ်ပါတယ်။ ရှားရှားပါးပါးနေ့ကလေးတချို့မှာ ကိုယ့်နဖူးပေါ်က ဆံနွယ်လေးတွေကိုသပ်တင်ပြီး ရယ်မောနေတတ်တဲ့ အဖေ့ကို နှင်းဆီတပွင့်လိုပဲ ကိုယ်ချစ်ခဲ့ပါတယ်။
။……….။

နှင်းဆီတွေကို ချစ်ကြောင်းပြောတော့ သူ သဝန်တိုတယ်။
ကိုယ့်အလုပ်စားပွဲပေါ်မှာ နှင်းဆီပန်းတွေ ထိုးထားတာ သူမကြိုက်ဘူး။
။………။

သူ့ ချစ်သူအတွက် နှင်းဆီပန်းအိုးလေးတခုနဲ့ အလုပ်ရှုပ်နေသူတယောက်ကို ကိုယ်တွေ့လိုက်တယ်။
အဲဒီနေ့က မိုးမရွာပါဘူး။ သစ်ရွက်ကလေးလည်း မကြွေဘူး။
ကိုယ်လည်း မငိုခဲ့ပါဘူး။ ကိုယ်ပြန်ခဲ့ရာလမ်းတလျှောက် နှင်းဆီတွေ ဝေမနေခဲ့ဘူး။
တရုတ်စကားပန်းတွေတော့ ကြွေနေကြလေရဲ့။
။………..။

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမဟုတ်၊ အတူရှိနေခြင်းသာဖြစ်တယ်လို့ ကမ္ဘာကျော် စာရေးဆရာကြီး ယန်းပေါလ်ဆတ်က ပြောခဲ့ ဖူးတယ်။ ဒါဆို ယန်းပေါလ်ဆတ်ဟာ လူညစ်ပတ်ကြီးတယောက် ဖြစ်နေခဲ့ပြီလားလို့ မော်ဒန်ဝတ္ထုတိုဆရာက မေးခွန်း ပြန် ထုတ်ခဲ့ပါတယ်။

တကယ်တမ်းတော့ ဘယ်နှင်းဆီကိုမှ ကိုယ်မပိုင်ဆိုင်ခဲ့ရပါဘူး။
အတူရှိခဲ့ပြီး မပိုင်ဆိုင်ရတဲ့နေ့တွေဟာ အိပ်မက်ဖြစ်သွားပြီပေါ့ မနှင်းဆီရယ်….။
။…………။

ကိုယ်စိုက်ထားတဲ့နှင်းဆီပန်းပင်ကလေးကို သမီးက အမြစ်ကနေဆွဲနုတ်ပစ်လိုက်တယ်။ ပြီးတော့ တခစ်ခစ်ရယ်မောလို့။ သမီးရယ်သံထဲကနေ နှင်းဆီတွေ တပွင့်ချင်းကြွေကျနေတယ်။ အဲဒီနှင်းဆီတွေကိုပဲ ကိုယ်ကောက်ယူပန်ဆင်လိုက်ပါတယ်။
ကိုယ်နောက်ဆုံးတွေ့လိုက်ရတဲ့ နှင်းဆီဟာ ခုတော့ သမီးလက်ထဲမှာပေါ့…။

မိုးရွာတော့မယ်။ အမေက အိမ်ပေါ်ကို မြန်မြန်တက်လာဖို့ခေါ်နေပြီ။ သမီးလက် သေးသေးလေးကိုဆုပ်ကိုင်ရင်း အိမ်အပေါ် ထပ်ကို ပြေးတက်လိုက်တယ်။ အမေ့ခေါင်းပေါ်မှာ ကြာကြာမခံဘဲ ညှိုးနွမ်းလွယ်တဲ့ ရေမွှေးနှင်းဆီတပွင့် ပန်ထားတယ်။ အ မေကတော့ အရင်ကအတိုင်းပါပဲ။

ဘဝက ဘယ်လောက် ကြာကြာခံမှာမို့လဲ။
ကိုယ့်အနားမှာ ခဏလေးနေပြီး ညှိုးနွမ်းသွားတဲ့ ရေမွှေးနှင်းဆီလေးကို သတိရမိတယ်။
ဒါပေမဲ့ ရေမွှေးနှင်းဆီတွေရဲ့ ရနံ့လောက် ဘယ်အရာကမှ ကိုယ့်ကိုညှို့ယူနိုင်ခြင်း မရှိခဲ့ပါ။
။…………။

ငွေကြေးအဆင်ပြေပြီး ကိုယ်နဲ့အရမ်းရင်းနှီးတဲ့ မိတ်ဆွေတယောက်နဲ့လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်တယ်။

“လူတိုင်းမှာ သူ့ဘဝဖြတ်သန်းမှုနဲ့ပတ်သက်ပြီး ထရော်မာ (စိတ်ဒဏ်ရာ) တခုခုတော့ရှိကြမှာပဲ။ ကျုပ်ဆိုငယ်ငယ်က အရမ်း ဆင်းရဲခဲ့ဖူးတော့ ငွေကြေးနဲ့ပတ်သက်ပြီး ဘဝကို အဓိကပစ်မှတ်ထားခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆင်းရဲမှာ အရမ်း ကြောက်တဲ့ ထရော်မာတခု ကျုပ်မှာရှိတယ် ကိုယ့်လူ။ ဒါနဲ့ ခင်ဗျားမှာရော ဘယ်လို ထရော်မာမျိုးရှိသလဲ”

စီးကရက်မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း ကိုယ်တို့နှစ်ယောက်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ရဲ့ ကားလမ်းမတဖက်က ခြံထဲဆီအ ကြည့်ရောက်သွားတယ်။ အရိပ်ရ သစ်ပင်တချို့ကလွဲရင် တခြံလုံးမှာ နှင်းဆီတွေချည်းပဲ။

“ကျွန်တော်နဲ့ ဒီလောက် ပေါင်းသင်းနေပြီး ခုထိ ခင်ဗျားမသိသေးဘူးလား”

မိတ်ဆွေက မျက်ခုံးပင့်ပြီး ကိုယ့်ကိုကြည့်တယ်။ ပြီးတော့ နှင်းဆီပုံတက်တူးနဲ့ စီးကရက်ကိုင်ထားတဲ့ ကိုယ့်လက်တွေကို ကြည့်တယ်။

“ဟုတ်သားပဲ…။ မေ့နေတာ…။ ခင်ဗျားဟာ နှင်းဆီထရော်မာနဲ့လူပဲ၊ ဆော်ရီးဗျာ…ဟိုတခါကအဖြစ်ကို ကျုပ်မေ့သွားတယ်”

သူ့ခြံထဲက နှင်းဆီပန်းအိုးတအိုးကို စိမ်ပြေနပြေရိုက်ခွဲဖူးခဲ့တဲ့ တခါက ကိုယ့်အဖြစ်အပျက်ကို မိတ်ဆွေ မှတ်မိသွားပြီနဲ့ တူပါ တယ်။ အဲဒီတုန်းက မိတ်ဆွေဒေါသမထွက်နိုင်လောက်တဲ့အထိ အစိတ်စိတ်အမွှာမွှာကွဲကြေနေတဲ့ နှင်းဆီပန်းအိုးလေးနားမှာ ရှိုက်ကြီးတငင်နဲ့ ကိုယ်ငိုခဲ့ဖူးတယ်လေ။

ရွှေပိုးအိမ် (ပဲခူး)
ဇန်နဝါရီ ၂၀၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်