မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄)

February 7, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄)
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇


● စစ်ကိုင်း
ထိုစဉ် ကိုတင်ညိမ်းက စစ်ကိုင်းက လျှပ်စစ်ရုံးတွင် အလုပ်လုပ်သည်။ သူ့အား ရုံးတွင်သွားရှာရသည်။ မိမိကဲ့သို့ မျက်မှန်နှင့် ကိုတင်ညိမ်းသည် သာကေတမှဖြစ်သည်ဟု သိရသည်။ ဝန်ထမ်းအဖြစ်နှင့် စစ်ကိုင်းသို့ရောက်နေခြင်းဖြစ်သည်။ သူငှားနေ ထိုင်ရာအိမ်ကလေး၌ မိမိအားလက်ခံပြီး သူ၏နည်းပါးသောဝန်ထမ်းလစာမှ ခြစ်ချုပ်၍ မိမိအားကျွေးမွေးခဲ့သူဖြစ်သည်။ မိမိ တွင်ပါလာသည့် မိမိအလွန်ကြိုက်သည့် မီးခိုရောင်တိုက်ပုံအင်္ကျီလေးအား သူ့အားပေးခဲ့သည်။

“ယူထားလိုက်တော့ဗျာ၊ ကျနော်တော့ ဝတ်စရာအကြောင်းမရှိတော့ဘူးထင်ပါတယ်” ဟုဆို၍ ပေးခဲ့ခြင်းဖြစ်သည်။ ကိုတင် ညိမ်းအား မိမိယခင်က မသိပါ။ သူ့ဆီကို ဘယ်သူက ချိတ်ဆက်ပို့ပေးလိုက်သည်ကို မိမိပြန်လည်စဉ်းစား၍မရတော့ပါ။ ထိုစဉ်ကတော့ သူထံတွင် ရက်တချို့ ကြာမြင့်ခဲ့ပါသည်။ ယုံကြည်ချက်လမ်းခရီးက မိမိအားတတ်အားသရွေ့ ကူညီခဲ့ကြသော အညတြရများဟု ဆိုရပါမည်။

● ပြည်မြို့ပတ်လည်
ကျောက်ဆည်မြို့တဝိုက်တွင် တလခန့်ကြာပြီးနောက် နေရာရွှေ့ဖို့ဖြစ်လာသည်။ နေရာတခုတည်းတွင် ကြာမြင့်စွာနေဖို့ရန် မလွယ်လှပေ။ ခဏတဖြုတ်ဆိုလျင် မသိသာလှသော်လည်း အချိန်ကြာမြင့်လာလျင် ပတ်ဝန်းကျင်၏ စူးစမ်းမှုကို ခံလာရသည်။ ထို့ပြင် မိမိအား တာဝန်ယူပေးသူများအဖို့လည်း အချိန်ကြာမြင့်စွာ မိမိအားအကူအညီပေးရန် အကန့်အသတ် ရှိကြသည်။ သို့နှင့် နောက်တနေရာကတော့ ပြည်အနီး ပေါက်ခေါင်းမြို့နယ်တွင်းရှိ ကိုချစ်ဆောင်ဦး၏ရွာဖြစ်သည့် ချောင်း ခေါင်းရွာသို့ ရောက်သွားခဲ့သည်။

ချောင်းခေါင်းရွာသည် သခင်ရှုမောင်ခေါ် ဗိုလ်နေဝင်း၏ဇာတိရွာလည်းဖြစ်သည်။ ရွာအလယ်တွင် ဖြတ်စီးနေသော ချောင်းက ရွာကို နှစ်ပိုင်းခွဲထားသကဲ့သို့ နိုင်ငံရေးအယူအဆအရလည်း နှစ်ပိုင်းကွဲနေသည်။ တပိုင်းက မဆလအားထောက်ခံ၍ တ ပိုင်းက ကွန်မြူနစ်ထောက်ခံကြသည်။ ပေါက်ခေါင်းနယ်ဆိုသည်ကလည်း CPB တို့ အာဏာနီတည်ဆောက်စဉ်ကာလက နာမည်ကြီးခဲ့သောဒေသမဟုတ်ပါလား။

ချောင်းခေါင်းတွင်လည်း အနေကြာ၍ မဖြစ်တော့ တနေရာရွှေ့ရပြန်သည်။ ဤအကြိမ်တွင် ထပ်၍ချိတ်မိသည်က ကိုတင်ရွှေ (ကွယ်လွန်) နှင့် ဖြစ်သည်။ ကိုချစ်ဆောင်ကတဆင့် ချိတ်မိသည်ဟုထင်သည်။ ကိုတင်ရွှေက အရုဏ်ဟူသောနာမည်ဖြင့် ကျူရှင်ပြနေသူဖြစ်သည်။ ဟင်ဒူတစ်ဦးဖြစ်သည်။ ချောင်းခေါင်းမှထွက်လာပြီး ကိုတင်ရွှေအိမ်တွင် တညအိပ်ပြီး သူစီစဉ်သည့် နေရာကို သွားဖို့ပြင်ရသည်။ ထိုညက မိမိကိုတင်ရွှေအိမ်တွင်ရှိနေစဉ် မိမိနှင့်ညီအကိုဝမ်းကွဲလည်းဖြစ် နိုင်ငံရေးလှုပ်ရှား မှုများတွင် အတူလုပ်နေသူ ကိုမျိုးအောင် (အီကို) လာတွေ့သည်။ စိတ်လှုပ်ရှားဖွယ်ရာများပြည့်နေသည့် မြေအောက်လှုပ်ရှားမှု ကာလဟုဆိုရသည်။ လှုပ်ရှားမှုတိုင်းကိုလျှို့ဝှက်မှုအပြည့်နှင့် လုပ်ဆောင်နေကြသည်။

ကိုတင်ရွှေပို့ပေးသည့် အိမ်တအိမ်ကား ရွှေတောင်မြို့ ကိုသောင်းဌေးတို့ လင်မယားအိမ်ဖြစ်သည်။ ကိုတင်ရွှေနှင့်ရင်းနှီးသော သို့မဟုတ် စည်းရုံးထားသောသူဖြစ်ပုံရသည်။ လင်မယားနှစ်ယောက်စလုံးက အစိုးရဝန်ထမ်းများဖြစ်ကြတော့ မနက်မိုးလင်း လျင် ပြည်သို့ ရုံးသွားတက်ကြပြီး ညနေစောင်းမှ ပြန်ရောက်တတ်ကြသည်။ နေ့လည်တွင် သူတို့၏မိခင်နှင့် သူတို့၏သားငယ် နှစ်နှစ်သားခန့်တို့နှင့် မိမိသာ အိမ်တွင်ကျန်ရစ်သည်။ ကလေးက သိပ်မဆိုးပေ။ မိမိပေါင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ လေ့ရှိသည်။ နေ့လည်ခင်းတွင် ကလေးထိမ်းရင်း ကလေးနှင့်ကစားရင်း အချိန်ကုန်ရလေ့ရှိသည်။ ကိုသောင်းဌေးတို့ လင်မ ယားနှစ်ဦးစလုံးက အေးဆေးပြီး သဘောကောင်းကြသည်။ မိမိအား ညီငယ်တဦးကဲ့သို့ စောင့်ရှောက်ခဲ့ကြပေရာ မိမိအတွက်
အနေအစားချောင်ခဲ့သည့် အိမ်တအိမ်ဖြစ်ခဲ့သည်။ သို့သော် အိမ်ပြင်သို့ သိပ်မထွက်ရဲသဖြင့် လူတော့ အနည်းငယ် ကုတ် ချောင်းချောင်းဖြစ်လာသည်။

တပတ် ဆယ်ရက်ခန့်ကြာတော့ နောက်တနေရာပြောင်းရပြန်သည်။ ဤအကြိမ် မိမိအား တာဝန်ယူသူက ကိုတင်ရွှေနှင့် အဆက်အစပ်ရှိသူ ကိုဝင်းမြခေါ် ကိုပါတူးဖြစ်သည်။ သူကမိမိအား ပြည်မြို့အထွက် ထန်းပေါက်ရွာ အနီးရှိသူ့မိဘ ငါးကန်ရှိ ရာသို့ ပို့ပေးထားသည်။ ငါးကန်တွင် တဲတစ်လုံးနှင့် အစောင့်လင်မယားနှစ်ဦးရှိရာ မိမိစားရေးသောက်ရေးအား ထိုလင် မယားက တာဝန်ယူပေးသည်။ လျှပ်စစ်မီးမရှိ၊ တိတ်ဆိတ်မှောင်မဲနေသော ငါးကန်နဘေးက တဲကလေးတလုံးတွင် ဝရမ်း ပြေးတစ်ယောက်၏ညများ ဖြတ်သန်းရသည်။ ညဘက်ဆိုလျင် ငါးကန်စောင့်က ပတ်လည်ချောင်းမြောင်းတွင် မြှုံးလိုက် ထောင်လေ့ရှိသဖြင့် ငါးဟင်းစားကတော့ မရှားလှပေ။ မှတ်မှတ်ရရကတော့ သူဇနီးချက်သည့်ထမင်းဖြစ်သည်။ သူ့ဇနီး ကထမင်းကို မြေအိုးနှင့်ချက်သည်။ ဆန်က အကောင်းကြီးမဟုတ်လှသော်လည်း ရနံ့သင်းပျံ့ပြီး စား၍ကောင်းသည်။ ယခင် က မြေအိုးနှင့်ချက်သည့် ထမင်းမစားဘူးရာ မိမိအတွက် အသစ်အဆန်းဖြစ်သည်။ ယခုလည်း ရှားပါးသွားပြီထင်ပါသည်။

ငါးကန်တို့၏ပတ်လည်တွင် ငှက်ပျောနှင့် အုန်းပင်တို့ စိုက်ထားသည်။ ငါးကန်ရှိရာ ခြံကကွင်းထဲတွင်ဆိုတော့ လေက တဖြူး ဖြူး တိုက်ခတ်နေသည်။ အေးချမ်းတိတ်ဆိတ်၍ နေထိုင်၍ကောင်းသော ပတ်ဝန်းကျင်ဖြစ်သည်။ ဘဝတွင် ရည်မှန်းချက် ကြီးကြီးမထားရှိခဲ့ပါက သို့တည်းမဟုတ် တကိုယ်တည်း တင်းတိမ်ရောင့်ရဲနိုင်ပါက သို့တည်းမဟုတ် အားလုံးကို ဥပက္ခာပြု လစ်လျူရှုနိုင်ပါက အေးချမ်းစွာ နေပျော်သော နေရာကလေးတခုဖြစ်ပေသည်။ ထိုကဲ့သို့နေထိုင်ရန် နောက်ပိုင်းတွင် စဉ်းစား ခဲ့မိသေးသော်လည်း အကောင်အထည်မဖေါ်နိုင်ခဲ့ပါ။ စိတ်ကူးနှင့်ဘဝသည် ထပ်တူဖြစ်ရန် ခက်ခဲခဲ့ပါသည်။

ပြည်တွင် မိမိနှင့် တက္ကသိုလ်လှုပ်ရှားမှုများတွင် တွဲခဲ့ရင်းနှီးခဲ့သူ များစွာရှိသည်။ ဆေး ၂ မှ မောင်မောင်ထွေး (အီကို) မှ မိမိညီအကိုဝမ်းကွဲ ကိုမျိုးအောင်၊ စက်မှုတက္ကသိုလ်မှ ကိုဝင်းစိန် (ယခု ကျူရှင်ဆရာ-ဝက်ထီးကန်)၊ ဥပဒေမှ ကိုမြင့်အေး ( ယ ခု တကိုယ်တော်ဆန္ဒပြပွဲဆင်နွှဲလေ့ရှိသော ပြည်မှရှေ့နေကြီး) စိတ်ပညာမှ ကိုဝင်းဟန် (ယခု ကျောင်းဆရာ) စသည့် သူများဖြစ်သည်။ ကိုပါတူးကလည်း ဆိုင်ကယ်ရှိသည်မို့ တညတွင် မောင်မောင်ထွေးကို သွားခေါ်တွေ့လိုက်သေးသည်။ လူတိုင်းကိုတော့မတွေ့ရဲခဲ့။ မိမိတို့ဆေး ၂ မှကျောင်းသားတွေ အိမ်လိုက်ဖမ်းနေပြီဆိုသည့် သတင်းများကိုလည်းကြားခဲ့ရပြီမဟုတ်ပါလော။ ၁၉၇၈ ခုနှစ် မောင်မောင်ထွေး အဖမ်းခံရတော့ မိမိနှင့်ပတ်သက်ပြီး မေး၍ အရိုက်ခံလိုက်ရသေးဟု ဆိုသည်။ သို့သော် ထိုစဉ်က ညဘက် ဆိုင်ကယ်တစီးနှင့် မောင်မောင်ထွေးအား သွားခေါ်ပြီး ပြည်မြို့ပြင်တနေရာ ညအမှောင်ထု အောက်တွင် စကားပြောခဲ့ရသည်ကတော့ စိတ်လ ပ်ရှားဘွယ်ဖြစ်ခဲ့သည်။

ထိုစဉ်က တနေရာတည်း ကြာရှည်နေရန်အဆင်မပြေရာ မောင်မောင်ထွေးနှင့်အဆက်ရသွားတော့ မောင်မောင်ထွေးအိမ် တွင် တပတ်လောက်သွားနေခဲ့ရသေးသည်။ သူမိခင်ကို လာလည်သည်ဟုသာ ပြောထားရသည်။ မောင်မောင်ထွေးတို့အိမ် က ပြည်မြို့ထဲတွင်ဆိုတော့ အပြင်သိပ်မထွက်ရဲပေ။ နေ့ဆိုအိမ်ထဲတွင်ကုပ်နေပြီး ဂစ်တာတလုံးနှင့်သာ ဒေါင်ဒင် ဒေါင်ဒင် လုပ်နေရသည်။ ညသာ အိမ်ပြင်ထွက်ရဲခဲ့သည့် ဇီးကွက်ဘဝမျိုးကို ခေတ္တရောက်ခဲ့သည်ဟု ဆိုရမည်။

● ကိုချို
မိမိက ကိုချစ်ဆောင်ဦး၏အစီအစဉ်နှင့် တိမ်းရှောင်ရင်း ကိုတင်ရွှေ (အရုဏ်) နှင့် သူ၏ တွဲဖက် ကိုချိုတို့နှင့်ပါ ချိတ်မိပါသည်။ ကိုချိုကို မိမိ စောစီးစွာကတည်းက သိသည်။ သူက ကိုအောင်မေသုတို့အတူ ကိုးကိုးကျွန်းသို့ အပို့ခံရသည့်အထဲတွင် ပါဝင် သည့် ပါတီ (CPB) အနွယ်များဖြစ်သည်။ လွန်ခဲ့သော ၂ နှစ် ၃ နှစ်ခန့်ကပင် ကိုအောင်မေသု မိတ်ဆက်စာရေးပေး၍ သူ့ ထံသို့ ရောက်ခဲ့ဖူးသည်။ “သွေးသစ်” တွေ စည်းရုံးနိုင်ဖို့ ဆွေးနွေးခဲ့ကြဖူးသည်။ ယခုတော့ ကိုချစ်ဆောင်ဦးထံမှနွယ်ရင်း ကိုချိုနှင့် ပြန်လည်ချိတ်မိသည်။ ကိုတင်ရွှေနှင့် ကိုချိုတို့က တွဲ၍လှုပ်ရှားနေကြသူများဖြစ်သည်။ အချိန်ကြာလာတော့ တ နေရာထဲကြာကြာ ပုန်းရှောင်ရန်ခက်ခဲရာ နောက်တနေရာကို ကိုချိုကိုယ်တိုင် စီစဉ်ပေးသည်။

နေရာတော့ သေချာမမှတ်မိတော့။ ပြည်မြို့အနီး အစွန်အဖျားက ခြံတခြံသို့ ပို့ထားသည်။ မိမိကိုလက်ခံပေးသည့် ခြံပိုင်ရှင်နာ မည်တော့ မမှတ်မိတော့။ ပြည်မြို့ သုခစာပေတိုက်က။ မိမိတို့ထက် အတန်းရော အသက်ပါအနည်းငယ်ကြီးသူဖြစ်သည်။ ထိုခြံတွင်းရှိ သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားသောတဲတလုံးတွင် အိပ်လိုက် စားလိုက် စာဖတ်လိုက်ဖြင့် အချိန်များကို ကျော်လွန်ရသည်။ တိတ်ဆိတ်သော ပတ်ဝန်းကျင်အနီးတဝိုက် လူသံ သူသံကြားက မိမိအားဖမ်းရန်လာပြီလောဟု စိတ် လှု ပ်ရှားမှု ဖြစ်ခဲ့သည်က အကြိမ်ကြိမ်ဖြစ်သည်။

အသားဖြူဖြူ လူကောင်ထွားထွား ဟောဟောဒိုင်းဒိုင်းပြောတတ်ဆိုတတ်သည့် ကိုချိုက ဆွေးနွေးစိတ်ဓါတ်မြှင့်တင်ပေး သကဲ့သို့ လိုအပ်သည်များကို စီစဉ်ပေးသည်။ အချိန်တွေက ကြာမြင့်လာပြီ။ လူတွေလည်း တဖြည်းဖြည်း အလုပ်ပိုလာခဲ့ပြီ။ ကူညီသူက ကူညီကြသော်လည်း မိမိက အားနာလာပြီ။ ပြည်မြို့ကို ပတ်လည်ဖြတ်၍ နေရာရွှေ့စဉ် တညဖြစ်ဖြစ် ကူညီ ခဲ့ကြသူများလည်း ရှိသည်။ မိမိတို့ရဲဘော်များ ချိတ်ဆက်စီစဉ်သည်များက တခါတရံ အံဝင်ဂွင်ကျ မဖြစ်တတ်။ ထိုစဉ်က ဖုန်း အင်တာနက် စသည့် ဆက်သွယ်ရေးစနစ်က ညံ့ဖျင်းလှသည်ဖြစ်ရာ ဆက်သွယ်ရေးအခက်အခဲကလည်း ရှိသည်။ သို့နှင့် အံဝင်ဂွင်ကျမဖြစ်သည်များကို ဖြည့်ဆည်းဖို့ရာ ကြားဖြတ်အကူအညီတောင်းခဲ့ရသည်များလည်း ရှိသည်။ ကျောင်းသား သူငယ်ချင်းများက ကျောင်းသားစိတ်အပြည့်နှင့် အကူအညီပေးခဲ့ကြသည်။ ကိုချစ်ဆောင်ဦး၏သူငယ်ချင်း အီကိုက ကိုအေး ကိုပင် မိမိအား သူ့အိမ်တွင် တညခိုလှုံခွင့်ပေးလိုက်သေးသည်။

ဤသို့ လူများစွာ၏အကူအညီရယူလာချိန်တွင် မိမိတွင် စိုးရိမ်စိတ်တခုပေါ်လာသည်။ ထိုစိုးရိမ်စိတ်မှာ အခြားမဟုတ်၊ အ ကယ်၍ မိမိအားဖမ်းမိလိုက်ပါက မိမိအားကူညီခဲ့သူများ တသီကြီး အဖမ်းခံရပေတော့မည်။ တကယ်တော့ မိမိတို့ မြို့ပေါ်ရှိ CPB လိုလားသူ တက်ကြွလှုပ်ရှားသူများသည် မိမိအစီအစဉ်ဖြင့်မိမိ လေ့လာရေးအစုအဖွဲ့များ လှုပ်ရှားမှုပြုလုပ်နေကြသော် လည်း CPB နှင့် တိုက်ရိုက်အချိတ်အဆက်က မရသေးပေ။ ပဲခူးရိုးမဗဟိုကျပြီးခါစ အရှေ့မြောက်နှင့် ချိတ်ဆက်နိုင်ရန် ကြိုး စားဆဲကာလဖြစ်သည်။ သို့ဖြစ်ရာ မိမိအရှေ့မြောက်ထွက်ခွာနိုင်ရန် အဆက်အသွယ်က မရနိုင်ခဲ့သေးပေ။

တရက် ကိုချိုက မိမိအား မြင်းခြံရှိ ကျွန်းပြန်တယောက်ဆီသွားဖို့ မိမိအားပြောသည်။ သူရေးထားသော စာတစောင်အားလည်း ပေးသည်။ ကိုချိုအား မိမိက လမ်းကြောင်းတွေသိပ်များပြီး ရှုပ်ကုန်လိမ့်မည်ဖြစ်၍ မိမိအား ကိုအောင်မေသုနှင့် ပြန်လည်ချိတ် ဆက်ပေးရန် ဆွေးနွေးရတော့သည်။ နောက်ဆုံး ကိုချိုသဘောတူပြီး ကိုအောင်မေသုဆီ အကြောင်းပြန်ချက်ကို ပြည်မြို့ စွန်က တိတ်ဆိတ်သောခြံလေးတခုအတွင်းက စောင့်ရတော့သည်။ မြင်းခြံသို့ မသွားဖြစ်တော့ပေ။ သို့သော် ထိုမြင်းခြံမှ ကိုးကိုးကျွန်းပြန်နှင့် အရှေ့မြောက်တွင် ပြန်လည်ဆုံခဲ့သည်။

သို့နှင့်လနှင့်ချီ၍ ပြည်မြို့တဝိုက် တဝဲလည်လည်ဖြစ်နေရာမှ ပြည်မှခွာဖို့ဖြစ်လာခဲ့သည်။ ထိုသူများထဲမှ ကိုတင်ရွှေ (အရုဏ်) ကတော့ ကွယ်လွန်သွားရှာပေပြီ။ ကိုချိုကတော့ ရန်ကုန်မြို့လယ်က မြို့နယ်တခုရှိ NLD လူမှုရေးထောက်ကူပြုအဖွဲ့၌ တတ်အားသ၍ ဝိုင်းဝန်းနေသည်ဟု ကြားရသည်။ ယခုရှိလျှင် အသက် ၇၀ ကျော်ခန့် ရှိပေမည်။ ပြည်က ကိုပါတူးကတော့သတင်းထောက်လုပ်နေသည်ကို တခါတွေ့လိုက်ရသည်။ နောက်ပိုင်းတွင် လဘက်ရည်ဆိုင်လား စားသောက်ဆိုင်လား ဖွင့်လှစ်သည်ဟု ကြားရသည်။ ကိုမျိုးအောင်ကတော့ ပြည်အထွက်က ထန်းပေါက်ရွာတွင် လဘက်ရည်ဆိုင်ဖွင့်နေသည်။ ကိုချစ်ဆောင်ဦးကတော့ ပြည်မှို င်းကွန်ယက်တွင် လှုပ်ရှားနေသည်ကို ကြားသိနေရသည်။ ကွယ်လွန်သူ ကိုတင်ရွှေမှအပ ရုန်းကန် ရှင်သန်ကြဆဲဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်