မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၅)

February 8, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၅)
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

● မိမိဖခင်
ကိုအောင်မေသုက မိမိထံမှ အဆက်အသွယ်ရပြီးနောက် မိမိဖခင်အား သွားရောက်ဆွေးနွေးပြီး မိမိထွက်ပြေးတိမ်းရှောင်ဖို့ မိမိဖခင်အကူအညီကို ရယူခဲ့သည်။ သို့ဖြစ်ရာ နောက်ပိုင်း မိမိထွက်ပြေးလွတ်မြောက်သည့်ကိစ္စများ၌ ဖခင်ဖြစ်သူ၏ စီစဉ် ပေးမှု များစွာပါခဲ့ပေသည်။ ကိုအောင်မေသုက မိမိဖခင်အား သွားရောက်ချဉ်းကပ်ခြင်းမှာ မိမိ၏ဖခင်ဖြစ်နေ၍ သက်သက်မ ဟုတ်ပေ။ မိမိဖခင်၏ဖြတ်သန်းမှုကြောင့်လည်း ဖြစ်ပေသည်။

မိမိဖခင်ကလည်း ခေသူမဟုတ်ဟုဆိုရပါမည်။ ငယ်စဉ်ကထဲက နိုင်ငံရေးတက်ကြွသူ မဟုတ်မခံစိတ်ရှိသူ လက်ဝဲလိုလား သူဖြစ်သည်။ ၁၉၄၈ ခုနှစ် CPB လက်နက်ကိုင်ပုန်ကန်စတင်ပြီး မကြာမီ မိမိတို့ ဧရာဝတီတိုင်းတွင်လည်း CPB မြစ်ဝ ကျွန်းပေါ်တိုင်း ပေါ်ထွက်လာသည်။ CPB ဗဟိုကော်မတီများဖြစ်သည့် ဗိုလ်တင်ကွန့်က မြစ်ဝကျွန်းပေါ်တိုင်း ဥက္ကဌအဖြစ် လည်းကောင်း၊ လေထီးဗိုလ်အုန်းမောင်က တိုင်းဒုဥက္ကဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ထိုစဉ်ကာလ ၁၉၅ဝ ခုနှစ် စွန်းစွန်းကာလများက တောတွင်းမြစ်ဝကျွန်းပေါ်တိုင်းဌာနချုပ်သို့ ကျောင်းသားလူငယ်များ ရောက်ရှိသွားကြရာ မိမိဖခင်တို့ လည်း ပါကြသည်။ မိမိဖခင်နှင့် အတူသွားကြသူများမှာ ဦးဘကောင်း (နောင် ပညာရေးဝန်ကြီးဌာန) ဦးချစ်သန်းထွန်း (မုံရွာ) တို့ဖြစ်ကြသည်ဟု သိရသည်။ ထို့ကြောင့်လည်း ထိုစဉ်က မြစ်ဝကျွန်းပေါ်တိုင်းဌာချုပ်ရှိ အမျိုးသမီးသမဂ္ဂဥက္ကဌဖြစ်သူ ဒေါ် ကျင်သန်း (တင်မောင်သန်း – ရန်အောင်စာပေ ၂) ၏ မိခင်က မိမိဖခင်အား မှတ်မိနေခြင်းဖြစ်သည်။

သို့သော် မိမိဖခင်တို့အား တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များတွင်တာဝန်မပေးဘဲ မြို့ပေါ်တွင် စည်းရုံးရေးလုပ်ငန်းများ ပြု လုပ်ရန် ပြန်လည်စေလွှတိခြင်းခံရပြီး ရန်ကုန်မြို့ပေါ်သို့ ပြန်ရောက်လာခဲ့ကြပေတော့သည်။ ရန်ကုန်ရောက်ပြီးနောက်ပိုင်း မိမိ၏မိခင်ဖြစ်သူနှင့် အိမ်ထောင်ကျသည်။ ထို့နောက်ပိုင်းတွင် သားသမီးများရှိလာ၍လော အခြားအကြောင်းကြောင်းများ ကြောင့်လော မသိတတ်ပါ။ အဆိုပါ မြေအောက်လှုပ်ရှားမှုများနှင့် ကင်းကွာခဲ့ပုံရသည်။

သို့သော် မဟုတ်မခံစိတ်နှင့် စာဖတ်ဝါသနာကတော့ ဖျောက်ဖျက်မရနိုင်ခဲ့ပါ။ မိမိအဖို့ စာဖတ်ရန်အတွက် ဖခင်၏စာအုပ်စင်က အဆင်သင့်ရှိနေခဲ့သည်။ မတ်ဝါဒ လီနင်ဝါဒ လက်ဝဲဝါဒစာအုပ်စာတမ်းများသည် ဝေးဝေးလံလံတွင် ရှာစရာမလိုပါ။ ဖခင်၏ စာအုပ်စင်တွင်ရှိနေသည်။ အနုပဋိလောမရုပ်ဝါဒ၊ ကွန်မြူနစ်စနစ်၊ ပစ္စည်းမဲ့အာဏာရှင်စနစ်၊ ပြည်သူ့ဒီမိုကရေစီ အာဏာ ရှင်စနစ်၊ အရင်းရှင်စနစ်၊ စက်မှုတော်လှန်ရေး၊ ပစ္စည်းမဲ့လူတန်းစား၊ အရင်းနှင့် အစွန်းထွက်တန်ဖိုးသဘောတရား၊ ပဋိပက္ခ သဘောတရား၊ သမိုင်းရုပ်ဝါဒ၊ ဆိုရှယ်လစ်ဘောဂဗေဒ၊ လယ်သမားလူတန်းစား၊ ဘုံအဖွဲ့များ၊ အောက်တိုဘာ တော်လှန်ရေး၊ နိုင်ငံတော်နှင့်တော်လှန်ရေး၊ ကွန်မြူနစ်ပါတီကြေညာစာတမ်း၊ ပါရီကွန်မြူး၊ အင်တာနေရှယ်တေးသံ၊ နယ်ချဲ့စနစ်၊ ပဒေသ ရာဇ်စနစ် စသည် စသည်တို့နှင့်ပတ်သက်၍ မိမိသိနားလည်မှု စိတ်ဝင်စားမှုများမှာ မိမိဖခင်စာအုပ်စင်မှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့နှင့် အချိန်အတော် နိုင်ငံရေးလှု ပ်ရှားမှု များနှင့် ကင်းကွာခဲ့သည့် မိမိ၏ဖခင်သည် မိမိတိမ်းရှောင်နိုင်ရေး လုံခြုံစွာ ရွှေ့ ပြောင်းသွားလာနိုင်ရေးတို့အတွက် လအတန်ကြာ လုံးပမ်းပေးခဲ့ရပါတော့သည်။ သူ၏ မူလနိုင်ငံရေးအခြေခံယုံကြည်မှု ပေါ်တွင် သားဖြစ်သူမိမိ၏သံယောဇဉ်ပါ ထပ်ပေါင်းသွားခဲ့ပုံရပါသည်။

● အင်ပင်လှ စံပြသို့ နောက်တခေါက်
မိမိဖခင်၏စီစဉ်ပေးမှု နှင့် မိမိသွားရောက်ပုန်းခိုသည့်နေရာတခုကား သဲကုန်းမြို့နယ် အင်ပင်လှ စံပြကျေးရွာတွင်ဖြစ်သည်။ မိမိမိခင် ထိုရွာတွင် တာဝန်ကျစဉ်က မိမိတို့မိသားစုအား ကူညီစောင့်ရှောက်ခဲ့သည့် သခင်မြမိသားစုနှင့် မိမိတို့မိသားစု ရင်းနှီးသည်။ သခင်မြ၏ သားအကြီးနှစ်ယောက်ဖြစ်သည့် ဦးသိင်္ခနှင့် ဆရာဦးမြင့်ဆွေတို့အနက် ဦးသိင်္ခမှာ သူစီးပွါးရေးနှင့်သူ သီးသန့်နေတတ်သော်လည်း ဆရာဦးမြင့်ဆွေကတော့ ရွာကျောင်းတွင် ကျောင်းဆရာလုပ်သကဲသို့ ရပ်ရေးရွာရေး သာရေး နာရေး လူမှုရေးများကိုဆောင်ရွက်ရာတွင် စိတ်ပါဝင်စားတက်ကြွသူဖြစ်ပြီး မိမိဖခင်နှင့်လည်း ရင်းနှီးသူဖြစ်သည်။

သို့ဖြစ်ရာ မိမိဖခင်၏ အကူအညီတောင်းမှု ဖြင့် စံပြရွာရှိ ဆရာဦးမြင့်ဆွေ၏အိမ်တွင် ရက်အချို့ သွားရောက်ခိုအောင်းခဲ့ရသည်။ သခင်မြနှင့် ဆရာဦးမြင့်ဆွေတို့မိသားစုများသည် ရပ်ရွာတွင် သြဇာရှိသူများဖြစ်ပေရာ မိမိအတွက် လုံခြုံစိတ်ချမှု ရှိသည်ဟု ဆိုရမည်။ ဆရာဦးမြင့်ဆွေတွင် သားသမီး ၃ ဦးရှိသည်အနက် အကြီးဆုံးသမီး ခင်ထားဝေက မိမိနှင့်ရွယ်တူဖြစ်သည်။ အ ငယ်ဆုံးသား ဝေဇင်ကိုက မိမိထက် လေးငါးနှစ်ခန့်ငယ်မည်ထင်သည်။ အိမ်မကြီးဘေး အဖီထုတ်ထားသော ဝေဇင်ကိုအခန်း လေးတွင် မိမိတနေကုန် အခန်းအောင်းရသည်။ အခန်းထဲပို့ပေးသော ထမင်းစား၍ အပေါ့အပါးသွားလိုလျင် ဆီးအိုးနှင့် ကျ နော်က ကိုယ့်ဒုက္ခနှင့်ကိုယ်ဖြစ်သော်လည်း သူတို့မိသားစုကပါရော၍ ဒုက္ခခံပေးနေရသည်။ သူတို့မိသားစုအကူအညီနှင့် ထိုရွာတွင် ဘေးမသီရန်မခခဲ့ပါ။

ထိုရွာတွင် ပုန်းအောင်းခဲ့သည်မှ အနှစ် ၂ဝ ကျော်ကြာသည့်အခါ ထိုရွာလေးသို့ မိမိပြန်ရောက်ပြီး ဆရာဦးမြင့်ဆွေအား နှု တ် ဆက်ကန်တော့ခွင့်ကြုံ ခဲ့ပါသေးသည်။ သားသမီးများကား အိမ်တွင်မရှိကြတော့ပေ။ အသီးသီးအသက အိမ်ထောင်ကျ ကြပြီး မွေးရပ်ကခွါကုန်ကြပေပြီ။ ပြန်ပြောင်းစဉ်းစားလျင် ထိုစဉ်က အဖမ်းခံရလျင် မိမိသာမက မိမိအားအကာကွယ် ပေးကြသူများပါ အဖမ်းခံကြရမည်ဖြစ်ပေရာ မိတ်ဆွေချင်း ခင်မင်မှုဖြင့် အကူအညီပေးခဲ့ကြသူများ၏ စေတနာမေတ္တာကား ချစ်ခင်လေးစား တန်ဘိုးထားဘွယ်ဖြစ်ပေတော့သည်။

● လုပ်သေနတ်တစ်လက်နှင့် မိမိ
“ဒီမှာကြည့်၊ ပြောင်းကို ချိုးချလိုက်ပြီးတော့ ကျည်ဆံထည့်၊ ကျည်ထည့်ပြီးရင် ပြောင်းကိုပြန်တည့်ပြီးရင် မောင်းတင် ခလုတ် ဆွဲရုံဘဲ”

ဟု ဆိုကာ လုပ်သေနတ်တစ်လက်နှင့် ကျ ည်ဆံ ၅ တောင့်ခန့်ချ ပြီးမိမိအား လုပ်သေနတ်ပစ်နည်း သင်တန်းပေးနေသည်မှာ ဦးသောင်းရွှေ ဖြစ်သည်။ ထို့နောက် ပြောင်းထည့်မှ ကျည်ဆံပြန်ထုတ်ပြီး မောင်းတင် ခလုတ်ဆွဲပြသည်။ ထို့နောက် မိမိအား လုပ်သေနတ်လှမ်းပေးပြီး ….

“ကဲ စမ်းကြည့်စမ်းပါအုံး” ဆိုသည်။

ခြောက်လုံးပြူးပုံစံ လုပ်သေနတ်ကား ခြောက်လုံးပြူးပုံစံဖြစ်သော် အရွယ်စားကြီး၍ အတော်လေးသည်။ လေးပေမပေါ့။ လုပ် သေနတ်ကျည်က ခြောက်လုံးပြူးကျည်ထည့်ပစ်သည်မဟုတ်ပေ။ ရိုင်ဖယ်ကျည်များ ထည့်ပစ်ခြင်းဖြစ်သည်။ မိမိလည်း သူပြသည့်အတိုင်း စမ်းသပ်ပြလိုက်သည်။ ဦးသောင်းရွှေကျေနပ်သွားပြီး …

“အေး ဒါဘဲပေါ့ကွ၊ မခက်ပါဘူး၊ ရော့ယူထားလိုက်” ဟုဆိုကာ မိမိအား လုပ်သေနတ်တစ်လက်နှင့် ရိုင်ဖယ်ကျည် ၅ တောင့် ကမ်းပေးလိုက်သည်။ သို့နှင့် ထိုလုပ်သေနတ်သည် မိမိဘဝတွင် ပထမဆုံးကိုင်ရသည့် သေနတ်ဖြစ်လာခဲ့တော့သည်။

ဤသို့ဖြင့် တချက်မှ စမ်းမပစ်ဘူးဘဲ ထို့ပြင် ပစ်ရင်လည်း ကျည်ထွက်မည် မထွက်မည် မသေချာခဲ့သော လုပ်သေနတ် တ လက်ကား မိမိဘဝတွင်ယုံကြည်မှုအပြည့်ဖြင့် ပထမဆုံးကိုင်ဆောင်ခဲ့သည် သေနတ်တလက်ဖြစ်ပေတော့သည်။

ကြို့ပင်ကောက်သည် ရန်ကုန်ပြည် ရထားလမ်းကားလမ်းပေါ်တွင်ရှိသော မြို့ကလေးတမြို့ ဖြစ်သည်။ မိမိနေသည့် ဦး သောင်းရွှေ၏အိမ်ခြံဝင်းကား ကြို့ပင်ကောက်အရှေ့ဘက်မြို့ အစွန်ဆုံးဖြစ်သည်။ သူ၏ခြံပြီးလျင်လယ်ကွင်းများသာရှိတော့သည်။ သူ၏အိမ်မှ အရှေ့ဘက်သို့မျှော်ကြည့်လျင်လယ်ကွင်းပြင်များထဲမှ အုံ့အုံ့ဆိုင်းဆိုင်းရွာများ ၎င်းရွာများကို ကျော်၍ ကြည့် လျင် ခပ်ဝေးဝေးက မှိုင်းပြပြ ပဲခူးရိုးမတောင်တန်းကိုမြင်ရသည်။ ၁၉၄၈ ခုနှစ်မှစ၍ CPB ကွန်မြူနစ်တို့ အခြေစိုက်ခဲ့သော တောင်တန်းကြီးဖြစ်သည်။ထိုအချိန် (၁၉၇၅ မိုးကုန်ခါနီး) တွင်မတော့ အနှစ် ၃ဝ ကြာစိုးမိုးခဲ့သော ပဲခူးရိုးမမှ ကွန်မြူ နစ်တို့ လက်လွှတ်ခဲ့ရပေပြီ။ ထိုစဉ်က မိမိအတွက်တော့ လွမ်းစရာလည်းဖြစ်ခဲ့သည်။ ခွန်အားနှင့်စိတ်ဆုံးဖြတ်ချက်တို့ မွေးဖွားခဲ့ရာ လည်း ဖြစ်ခဲ့သည်။ ယုံကြည်ချက်နှင့်လူထုအတွက် ကိုယ်ကျိုးစွန့်မှုနှင့် အသက်စွန့်မှုတို့သည် စံနမူနာလည်းဖြစ်ခဲ့သည်။

မြို့ စွန်ခြံဝင်းအတွင်းဖြစ်ပြီး လူသွားလူလာညနည်းသော်လည်း နေ့ခင်းဘက်ဆိုလျင် အိမ်ပေါ်တွင်သာနေသည်။ အိမ်ကခြေတန်ရှည်အိမ်ဆိုတော့အပေါ်ထပ်က အားလုံးဆီးမြင်နေရသည်။ အပေါ်က အိပ်ခန်းထဲက မိမိအိပ်သောနေရာတွင် ပိတ်ခြင် ထောင်တလုံးချထားသည်။ ခြံထဲလူဝင်လာလျင်အပေါ်ထပ်မှ အခြေအနေအကဲခတ်ပြီး ခြင်ထောင်ထဲသို့ဝင်နေရသည်။ ဧည့် သည်ပြန်မှ အခန်းထဲခြင်ထောင်ထဲက ထွက်ရသည်။ ခြင်ထောင်ထဲဝင်သည်နှင့် ကျည်ထည့်ထားသော လုပ်သေနတ်ကို ကိုင်ထားလိုက်သည်။ လူစိမ်းတဦးဦးက ခြင်ထောင်ဖွင့်ဝင်လိုက်သည်နှင့် ပစ်ဖို့အဆင်သင့်ဖြစ်သည်။ ပစ်ဖို့လည်းဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ ဦးသောင်းရွှေကလည်း ” ငါမဟုတ်ဘဲ ခြင်ထောင်လာလှန်လို့ကတော့ ပစ်သာပစ်ထည့်” ဟုဆိုသည်။

စစ်ထွက်တဦးဖြစ်သော ဦးသောင်းရွှေက မိမိအား ဤသို့ပြတ်ပြတ်ဆိုထား၍ မိမိလည်း ပို၍တက်ကြွသည်ဟု ဆိုရမည်။ မိမိပေးထားသော လုပ်သေနတ်အပြင် သူတွင်လည်းတလက်ရှိသည်။ တကယ်များပစ်ကြခတ်ကြရသည့် အခြေအနေမျိုးများ ရောက်လျင် ဘာတွေဆက်ဖြစ်မည်ကို မခန်းမှန်းနိုင်ခဲ့ပါ။ ထိုစဉ်က မိမိစိတ်ဓါတ်အနေအထားနှင့်ဆိုလျင် ဖမ်းဆီးသူများလာက ပစ်ဖြစ်မည်ကတော့ သေချာသည်။ ကျည် ထွက်မထွက်တော့ မသေချာ။ သို့သော် ငယ်ရွယ်တက်ကြွသောနေသောအချိန်တွင်အကြောက်အလန့်မရှိခဲ့ဟု ဆိုရမည်။

ထိုစဉ်က ကြို့ပင်ကောက် သာယာဝတီနယ်တွင် လုပ်သေနတ်ပေါလှသည်။ နွေရာသီ စပါးသိမ်းချိန်မျိုးတွင် ပဲခူးရိုးမတောင်ခြေ လယ်ကွင်းပြင်ထဲတွင် သေနတ်သံများ ဟိုက ဒီက ကြားရတတ်သည်။ သေနတ်စမ်းကြသည်ဟု ဆိုသည်။ မိမိကတော့ စမ်း မပစ်ဘူးခဲ့ပါ။ ထို့ပြင် မဆလဗိုလ်နေဝင်းစစ်အစိုးရကို လက်နက်ကိုင်ပုန်ကန်ရန်ကြိုးစားနေသူ လူငယ်တဦးအား ပထမဆုံး သေနတ်ပေးပြီး ပစ်နည်းပြသပေးသူမှာ ဗိုလ်နေဝင်းတပ်ထွက် အငြိမ်းစားတပ်ကြပ်ကြီးတဦးဖြစ်နေခဲ့သည်ကတော့ မှတ်မှတ် ရရ ဖြစ်သည်။

နေရာတခုတွင် ကြာရှည်နေရန်မသင့်သည်ဖြစ်ရာ ဦးသောင်းရွှေအိမ်၌ ပြဿနာတစုံတရာ မရှိခဲ့သော်လည်း လုံခြုံစိတ်ချမှု ကို အကြောင်းပြု ပြီးနောက်တနေရာသို့ ထပ်မံပြောင်းရွှေ့ခဲ့သေးသည်။ ပြောင်းရွှေ့သည့်နေရာကား ကြို့ပင်ကောက် အရှေ့ဘက် ပဲခူးရိုးမနှင့်ပိုနီးသော ရွာတရွာသို့ဖြစ်သည်။ ဦးသောင်းရွှေနှင့် ဆွေနီးမျိုးစပ်တော်သော မိမိထက်အသက်အနည်း ငယ်ခန့်ကြီးသော လူငယ်တဦး၏ရွာတွင်ဖြစ်သည်။ အလည်အပတ်လာသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုရွာတွင် ရက် အချို့နေခဲ့သည်။ မြို့နှင့်အနည်းငယ်အလှမ်းဝေးပြီး လူစိမ်းဝင်လျင်သိလွယ်သကဲ့သို့ တရွာလုံးက မိမိနေသောအိမ်နှင့် ရပ် ဆွေရပ်မျိုးများဖြစ်သဖြင့် လုံခြုံစိတ်ချမှုရှိသည်ဟု ဆိုရပါမည်။ ရွာအမည်တော့ မမှတ်မိတော့ပေ။

ဝရမ်းပြေးဘဝစကထဲက ကျောက်ဆည်ဘက်က တမံတလင်း၊ ပေါက်ခေါင်းဘက်က ချောင်းခေါင်းအပါ ရွာများတွင် လှည့် လည်နေထိုင်ခဲ့ရာက အကျိုးအမြတ်တခုတော့ရရှိခဲ့သည်က အမှန်ပင်ဖြစ်သည်။ ငယ်ရွယ်စဉ်ကကျေးလက်များတွင် နေထိုင် ခဲ့သော်လည်း ယခုအချိန်လောက် သဘောမပေါက်ခဲ့ပေ။ ယခုမိမိသိတတ် စဉ်းစားတတ်ချိန်တွင် ထိတွေ့ရသည့် မြန်မာပြည်ကျေးလက်ဘဝသည်လည်းကောင်း၊ ကျေးလက်နှင့်မြို့ပြ လူနေမှုဘဝ စဉ်းစားတွေးခေါ်မှုဘဝများစွာ ကွာခြားကြပုံကို လက်တွေ့သဘောပေါက်လာခဲ့သည်။ သူတို့၏ လူနေမှုဘဝ ဆင်းရဲပင်ပမ်းစွာ ခက်ခဲစွာ ရုန်းကန်ရပုံများသည် မိမိမျက် တွေ့ဖြစ်လာခဲ့သည်။ စပါးမပေါ်မှီကပင် စပါးပေါ်လျင်ဆပ်ရမည့် အကြွေးနှင့် အစိုးရစပါးဒိုင်သို့ချပေးရမည့် တာဝန်ကျေစပါး ဆိုသည်က သူတို့ဘဝကို ဖိစီးထားသည်က စိတ်မကောင်းစရာပင်ဖြစ်ချေတော့သည်။

အုတ်ဘောင်မရှိ စက်သီးမရှိ တူးထားသောရေတွင်းပေါ်တွင် ကန့်လန့်ဖြတ်ခင်းထားသော သစ်သားချောင်းပေါ်နင်း၍ ရေငင် ရသည်မှာလည်း မိမိအတွက်ခက်ခဲခဲ့ပါသည်။ ရေနံဆီမီးခွက်မှိန်တုတ်တုတ်နှင့် မှောင်မိုက်နေသော သဘာဝပိုးကောင်များ ၏အသံ တစီစီညံနေသော ရွာ၏ညသည် မိမိအတွက် တစိမ်းဆန်လှသည်။ မိမိသောက်နေကြ ဆေးပေါ့လိပ်ပြတ်သွား၍ ရွာရှိအဒေါ်ကြီးထံမှ ပြောင်းဖူးဖက်လိပ် လိပ်နည်းသင်၍ သောက်ကြည့်ရသည်မှာလည်း ခက်ခဲသောအလုပ်တခုဖြစ်သည်။ ထိုစဉ်ကရွာများသည် ဆေးရိုးနှင့်ဆေးကို မိမိဘာသာစပ်၍ ပြောင်းဖူးဖက်နှင့်လိပ်၍သောက်ကြလေ့ရှိသည်။ အလုပ်သမား လယ်သမားဘဝကို ခံယူ၍ သူတို့နှင့်အတု ရှင်သန်နိုင်ရန် ကြိုးပမ်းရသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။ ဒါတောင် မိမိလယ်ထဲ မဆင်းရသေးပေ။

အဆိုးထဲက အကောင်းထဲများလည်းရှိသည်။ ရွာရှိခြံထဲမှ အသီးအရွက်များသည်လည်းကောင်း၊ လယ်ထဲချောင်းထဲမြောင်း ထဲမှ ငါးကလေးများသည်လည်းကောင်း၊ ချိုမြလှသည်။ ဦးသောင်းရွှေခြံထဲတုန်းကလည်း သူ့ခြံထဲက ပြောင်းဖူးများကို လတ်လတ်ဆတ်ဆတ်ချိုး၍ ကျော်စား ပြုတ်စားရသည်မှာ အရသာ ထူးကဲလှသည်။ သော်တာဆွေ၏ စာကိုသတိရမိသည်။ အသားဖြစ်စေ အသီးအရွက်ဖြစ်စေ လတ်ဆတ်လျင်တော့ ချိုမြိန်သည်က အမှန်ပင်ဖြစ်သည်။ မည်သို့ဖြစ်စေ ထိုအချိန်မှစ၍ နောက်ထပ်အနှစ် ၂ဝ ခန့် လတ်ဆတ်သော အသားလတ်ဆတ်စော အသီးအရွက်များ စားသုံးခဲ့ရသည်။ ယခုအချိန် မလတ် ဆတ်သော ရေခဲစိမ်အားများ အသီးအရွက်များဖြင့်ကျော်ဖြတ်နေရချိန် ပို၍သတိရမိသည်။

ထိုရွာလေးတွင် ရက်တချို့နေပြီးနောက် တညတွင် ဦးသောင်းရွှေ၏ခြံထဲသို့ပြန်ရောက်သည်။ တကယ်တော့ ဦးသောင်းရွှေမှာ မိမိဖခင်၏မိတ်ဆွေဖြစ်သည်။ စစ်တပ်မှပင်စင်ယူပြီးနောက် စိုက်ပျိုးရေးနှင့် ဥစားကြက်မွေးမြူရေးပြုလုပ်နေသူ မဟုတ်မခံ တတ်သူ နိုင်ငံရေးစိတ်ဝင်စားသူဖြစ်သည်။ မိမိပြည်တွင် တဝဲလည်လည်ဖြစ်နေစဉ် ကိုချိုမှ ကိုအောင်မေသုကို ဆက်သွယ်ခဲ့ သည်။ ကိုအောင်မေသုက အရှေ့မြောက် CPB နှင့် အဆက်အသွယ်မရမှီ မိမိအားဖွက်ထားရန်အတွက် မိမိဖခင်ကို ဆွေး နွေးခဲ့ရာမှ မိမိဖခင်ကသူ့မိတ်ဆွေများနှင့် ချိတ်ဆက်ပြီး ရှောင်တိမ်းစရာ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

သူအဖို့ကတော့ ၁၉၇၅ ခုနှစ် အရေးတော်ပုံအပြီး ပျောက်သွားသောသားတယောက် သတင်းပြန်ကြားရသည့်ပြင် အဖမ်းခံရ မည့် အန္တရယ်ကလည်းရှိနေ၍ လွတ်ရာလွတ်ကြောင်း တတ်နိုင်သမျှ ဆောင်ကျဉ်းပေးခဲ့ခြင်းဖြစ်သည်။ မိမိအဖို့ကတော့ မိဘကိုဒုက္ခပေးသည့် သားဆိုးတယောက်ဟု ဆိုကြပေလိမ့်မည်။

မိမိအနေနှင့် မိမိ မိဘများအိမ်ရှိရာ အုတ်ဖိုနှင့်နီးသော ကြို့ပင်ကောက်တွင် ရေရှည်ပုန်းခိုရန်မလွယ်။ လက်ရင်းကပ်၍ တိမ်း ရှောင်သည်က ခဏတဖြုတ်တော့ ကောင်းသည်။ မိမိအိမ်အနီးတဝိုက်တွင် ပုန်းနေမည်ဟု ထောက်လှမ်းရေးကထင်ဖွယ်မရှိ။ သို့သော် ထိုတဝိုက်တွင် မိမိအားသိသူများများပြားလေရာ တယောက်မဟုတ် တယောက်တွေ့သွားလျင် အားလုံးပြဿနာ တက်ပေတော့မည်။ မိမိသာမက မိမိအား ကူညီပေးသူများပါ ဒုက္ခရောက်မည်ဖြစ်သည်။ သို့နှင့် ခပ်ဝေးဝေးတနေရာသို့ ပုန်းရှောင်ရန်ဖြစ်လာတော့သည်။

သို့နှင့် ကြိုပင်ကောက်မှ ထွက်ခွာရန်ဖြစ်လာတော့သည်။ မထွက်မှီတညက မိမိ မိခင်ရောက်လာပြီး မိမိအားလာတွေ့သည်။ ထိုညက မိုးရွာနေသည်။ မိုးသည်းနေသော ညတညဖြစ်သည်။ တိတ်ဆိတ်နေသော အိမ်ပေါ်ထပ်တွင် မိမိမိခင်က မိမိအား စကားတခွန်းမှမဆိုခဲ့ပေ။ မိမိအားကြည့်၍ ငိုရှိုက်၍သာနေသည်။ လူရိုသေ ရှင်ရိုသေ ဆရာဝန်ဖြစ်မည့်လမ်းအား ရှောင် ဖယ်ပြီး အန္တရယ်ရောပြွမ်းနေသည့်လမ်းအား ရွေးချယ်လိုက်သည့် မိမိအတွက်စိတ်မကောင်းဖြစ်နေပုံရသည်။ မိမိအားကြည့်၍ ၁၅ မီးနစ်ခန့် ငိုကြွေးပြီးနောက် မိမိအား စကားတခွန်းမဆိုဘဲ ပြန်လည်ထွက်ခွါသွားသည်။ မိမိခရီးဝေးသွားရမည်ဖြစ်ရာ ပြန် တွေ့နိုင် မတွေ့နိုင် မသေချာတော့သဖြင့် မိမိနှင့်တွေ့ခွင့်ရရန် ဖခင်ဖြစ်သူက စီစဉ်ပေးခဲ့ပုံရသည်။ ထိုညက မိုးသည် တစိမ့် စိမ့်ဖြင့် တညလုံးစွေ၍နေသည်။ မိမိကတော့ ထိုညက မျက်ရည်တစက်မကျခဲ့လောက်အောင် အသဲမာနေခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


ပုံစာ – အင်ပင်လှ စံပြကျေးရွာမှ ဆရာဦးမြင့်ဆွေမိသားစု (၁၉၇၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)