စိုးခိုင်ညိန်း ● လမ်း

February 8, 2017

● လမ်း
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

နေရောင်ခြည်သည် တဖြေးဖြေး အိုဟောင်းဆွေးမြေ့လာပြီမို့ လမ်းမီးတိုင်တွေကို လှုပ်နှိုးပြီး ထားရစ်ခဲ့ကာ တရွေ့ရွေ့ ထွက်ခွာသွားပေပြီ။ မြွေတကောင်လို တွန့်လိမ်ပြေးလွှားနေသောလမ်းသည် သစ်ရွက်ခြောက်နှင့် အမှုံအမွှားတို့ကို ခါထုတ် လျှက် ရှိ၏။ အသားကင်နံ့၊ ညှော်နံ့တို့ဖြင့် ပုလင်းဖုံးကို ဆွဲဖွင့်လိုက်သောအခါ ဘီယာအမြှုပ်တို့သည် ဖန်ခွက်နှုတ်ခမ်းဖျားမှ တဆင့် ပေါင်သားဖွေးဖွေးတို့ဆီ စီးဆင်းသွားလေသည်။ ခစ်ခနဲ့ ရယ်သံနုနုလေးသည် လမ်းမီးတိုင်အောက်သို့ ပဲ့ကျလာသည်။ လမ်းမပေါ် ရိုက်ထည့်ထားသော သူ့အကြည့်တို့ကို ကားတွေ တစီးပြီး တစီး ဖြတ်ကြိတ် သွားကြသည်။ နာကျင်ကြေကွဲမှုများနှင့် သူ့၏ အကြည့်ကို ဝတ်ကောင်းစားလှ ပေါင်သားလှလှလေးတွေဆီ ရွှေ့ကြည့်လိုက်တော့ သူအကြည့်တို့သည် နွမ်းဖတ်ပျော့ အိကာ ကျိုးကြေနေပေပြီ။

အားလုံးဟာ အဆင်ပြေနေမယ်လို့ ထင်နေသလား အသံသည် အိမ်ခေါင်မိုး အပေါက်များမှ ယိုစီးကျနေသည်။ ဘာအတွက် အလျှင်လိုနေကြတာလဲ၊ တနေ့နေ့မှာတော့ အေးစက်တိတ်ဆိတ် ငြိမ်သက်သွားရမှာပဲ၊ အလျှင်လိုမှုသည် ပြတင်းပေါက်တွေ ကတဆင့် ခုန်ထွက်လာသည်။ အထပ်မြင့်တွေပေါ်က အလျင်လိုမှုသည် ကြိုးတချောင်းနှင့်အတူ လျှောဆင်းလာသည်။ ကြောင်လိမ်လှေကားများမှ တလိမ့်ခေါက်ကွေး လှိမ့်ဆင်းလာသည်။ သူကတော့ ငြိမ်သက် တိတ်ဆိတ်နေတုန်းပဲ ဖြစ်သည်။ သူက ဘာကို အလျှင်လိုနေရမှာလဲ။ သူက လည်ပတ်နေမှုက ပြုတ်ထွက် စင်ကျနေခဲ့သော အစက်လေး တစက်မျှသာပဲ ဖြစ်သည်။

“အိမ်ကို……..မင်း……လွမ်းနေသားနဲ့…… တေပေပြီး……..
ခုလောက်ထိအောင်……….
မင်း………………မခွဲစဖူး”


ထီတွန်းလှည်းဆီမှ သီချင်းသံသည် သူ့ကို တွန်းတိုက်ဆွဲခြစ်ကာ လမ်းအသွယ်သွယ်ဆီသို့ ပြေးထွက်သွားသည်။ သူကတော့ သွေးအလိမ်းလိမ်းဖြင့် လမ်းတကာသို့ စီးဝင်နေဆဲပဲ ဖြစ်သည်။ အိမ်ဆိုတာ လုံခြုံဆုံးနေရာတဲ့လား၊ အိမ်ဆိုတာ ပျော်ရွှင်မှုတို့ အပြည့်နဲ့ ကွန်းခိုရာနေရာတဲ့လား။ သူကတော့ အိမ်နဲ့ပတ်သက်၍ ဘာခံစားမှုမှ မရှိ၊ ဘာမှမသိခဲ့။ သူ့အဖို့တော့ အိမ်ဆိုတာ သည် တစ္ဆေခြောက်တဲ့ ကြောက်စရာနေရာတခု ဖြစ်ခဲ့သည်။

သူသည် လမ်းနှင့် ခွဲခြားလို့မရလောက်အောင် တသားတည်း ကျခဲ့ပြီ ဖြစ်သည်။ ပျော်ရွှင်ခြင်း ငိုကြွေးခြင်း၊ ကြေကွဲခြင်းတို့သည် ဦးတည်ရာ အဓိပ္ပါယ်ဆီမှ သွေဖယ်ခဲ့လေသည်။ သူ့၏  အပါးမှ ကားတွေ တစင်းပြီး တစင်း၊ ရထားတွေ တစင်းပြီး တစင်း ဖောက်ထွက် သွားကြသည်။ ရှုပ်ထွေးပွေလီနေသော ဓါတ်ကြိုးများက သူ၏ ဦးခေါင်းထက်တွင် မြွေတွေလို တရွေ့ရွေ့ လှုပ် ရှားနေကြသည်။ သူ၏အသိစိတ်နှင့် အတွေးတို့သည် အပိုင်းပိုင်းပြတ်လျှက် လေဟာနယ်ထဲ ပြန့်ကျဲနေတော့၏။ ဆက် လက်ရွေ့လျှားနေသော ရှင်သန်မှုသည် အကြောက်တရားကို ခါချထားခဲ့ကာ အနာဂါတ်က အနားကပ်လာသည်အထိ သူက အပြောင်းအလဲမရှိ ငိုက်မြည်း နေဆဲပဲ ဖြစ်သည်။

ည၏ တွင်းနက်နက်ထဲကို သူသည် အသိတရားမဲ့စွာ အတင်းလျှောဆင်းနေမိတော့ လူသံ သူသံတို့သည် ဝေး၍ဝေး၍ ကျန် ခဲ့တော့သည်။ ပြတင်းပေါက်များမှ ယိုကျနေသော မီးရောင်တစွန်းတစသည် ည၏နံရံတွင် စွန်းထင်းလျှက် ရှိနေသည်။ သူသည် အမှောင်ရိပ်ကို နွမ်းဖျော့စွာ ငတ်မွတ်နေမိသည်။ အမှောင်သည် သူ့အဖို့တော့ ခိုလှုံစရာနှင့် လုံခြုံမှု ပေးသည့်အရာ ဖြစ်သည်။ အမှောင်သည် သူ၏အားကိုးရာ ဖြစ်သည်။ အမှောင်ဖြင့် ပြည့်နေသော ညထဲသို့ ခုန်ဆင်းလိုက်လျှင် သူသည် အမှောင်ထဲတွင် နစ်မြုပ်သွားကာ ညနှင့် တသားတည်း ကျသွားပြီး ကုန်ခမ်းသွားတဲ့ အားအင်တို့ကို ပြန်လည်ဖြည့်သွင်းရင်း တညတာ အေးစက်ငြိမ်သက်ခြင်းတခုဖြစ်သည်။ နောက်တရက်မှာ နေရောင်ခြည်ဟာ ရောက်လာမှာလား၊ မရောက်လာဘူး လား ဘာမျှော်လင့်ချက်မှမရှိပါ။ သေချာရေရာမှုသည် အိပ်မက်မရှိသော သူ့အဖို့၌ ယုံကြည်မှုမရှိသော ဝိညာဉ်၌ ဝေဝါးကာ ပြန့်လွင့်သွားတော့သည်။

သေချာရေရာမှုသည် လတ်တလော သူရှင်သန်နေရသည်က လွဲ၍ ပိတ်ပိတ်မှောင်လွန်းသော ညအမှောင်ကြီးထဲ တိုးဝင် သွားနေရလို အသက်ဇီဝသည် ခန့်မှန်းရခက်လှသောထောင့်ချိုးမှ မည်ကဲ့သို့ ဝင်ရောက်သိမ်းပိုက်သွားလေမလဲ ဟူသော မသေချာမှုသည်သာလျှင် သေချာရေရာ နေခဲ့လေသည်။ မကျေနပ်မှု၊ အားငယ်စိုးထိတ်မှုတို့သည် အဖုံဖုံအထပ်ထပ် လျှောက်သွားနေရသောလမ်းတို့ထက်တွင် စိစိညက်ကြေကာ ဖြစ်တည်မှုတခုတည်း သက်သက်၌သာလျှင် ရှင်သန်ရမှုကို ပီကေ တခုလို စုပ်ဝါးနေမိလေသည်။

“မင်းဟာ ဘာအသုံးကျသလဲ၊ ငါတို့က မင်းကို ဘယ်အထိ ကျွေးမွေးထိန်းသိမ်းစောင့်ရှောက် နေရဦးမှာလဲ။ ဒီအသက် ဒီအ ရွယ်အထိ ကိုယ်အသက်ကို မင်းမမွေးမြူနိုင်တာ မင်းမရှက်ဘူးလား။ မင်းယုံကြည်ပါတယ်ဆိုတဲ့ မင်းရေးနေတဲ့ ကဗျာက မင်းဘဝကို ဘယ်လောက်အထိ အာမခံချက် ပေးနိုင်သလဲ။ မင်းရဲ့ယုံကြည်မှုက ဘယ်လောက်ထိ ခိုင်မာသလဲ ကြည့်ရသေး တာပေါ့။ မင်းရဲ့ယုံကြည်မှုကို မင်းကိုယ်တိုင် လက်နက်ချ အညံ့ခံတဲ့တနေ့မှာ မင်းပြန်လာခဲ့ပေါ့” ထိုအသံတို့၏ ဝေးရာသို့ သူသည် ထွက်ပြေးနေခဲ့သည်မှာ ကြာပြီ။ ဘယ်လောက်ထိအောင်ပြေးပြေး အသံတို့သည် သူနောက်ပါးမှ ထပ်ကြပ်မကွာ လိုက်ပါနေတော့သည်။

သူသည် အသိတရားမဲ့စွာ လမ်းတလျှောက် သံလမ်းတို့၏ ခေါ်ဆောင်ရာအတိုင်း မနားတမ်းခုတ်မောင်းကာ ဘူတာပေါင်း များစွာကို ချန်ထားရစ်ခဲ့လျှက် အသစ်အသစ်သော ဘူတာတို့ကို မောပန်းစွာရှာဖွေနေခဲ့သည်။ သူ၏ ထွက်သက် ဝင်သက်တို့ သည် နေ့ရက်နာရီတို့ကို တအိအိ ဖြတ်သန်းလျှက် သူ၏ခန္ဓာကိုယ်ကို အဆုံးမတွေ့သေးသော သံလမ်းပေါ်မှ ဆွဲခေါ် ခုတ် မောင်း နေလေသည်။

ပျော်ရွှင်ခြင်း၊ အဓိပ္ပါယ်ရှိခြင်းတို့သည် ပြီးပြည့်စုံသော သစ်လွင်ဆန်းသစ်သော လူမှုဘဝ အဆောက်အအုံ၌သာ တပ်ဆင်၍ ရနိုင်သည်ဟု သူက အယုံအကြည် မရှိလှပါ။ လူတို့၏ မေတ္တာတရားသည် စိမ်းလန်းသော ဥယျာဉ်ခြံမြေတို့တွင် ရှင်သန်ပေါက် ရောက်သည် ဟူသော အယူအဆသစ်တခုသည် လမ်းမ၏ နဘေးအမှိုက်ပုံထဲမှ စာရွက်တရွက်မှ ရရှိခဲ့လေသည်။

သူ့ထံတွင် မည်ကဲ့သို့သော အစိုင်အခဲတခုမျှ ဖြစ်တည်၍ လွတ်လပ်ပေါ့ပါးခြင်းကို ထစ်ငေါ့ မနေစေပါ။ သူ့အဖို့မှာတော့ စိတ်ရှိသလို လွင့်ပါးစီးမျှော နေနိုင်သော လမ်းအသွယ်သွယ်နှင့် လေဟာနယ်သည်သာလျှင် သူ့ဖြစ်တည်မှု၌ ပါဝင်ဖွဲ့စည်း နေသည်ဟု သူ၏ အသိစိတ်တွင် စွဲထင်နေလေသည်။

“ဘဝဆိုတာ တမျဉ်းခင်းတဲ့ လမ်းပမာလို့ အကိုက ယုံကြည်နေသလားဟင်၊ အချစ်ဆိုတာကရော အဲဒီလို ချောမွေ့နေတဲ့ လမ်းကနေ လျှောက်လှမ်းလာနေတယ်လို့ရော အကိုက ထင်နေသလား၊ ခံစားမှုသက်သက်ပဲ ရှိတဲ့ နှလုံးသားမှာ ငွေကြေး ကိန်းဂဏန်းတွေကို တွက်ချက်တတ်တဲ့ ဥဏှောက် မပါဘူးဆိုတာ အကို ယုံကြည်စေချင်တယ်၊ ညီမအတွက်တော့ စိတ်ခံစား မှု တခု ပြည့်ဝစေတဲ့ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်နေထိုင်မှုတခုပဲ လိုအပ်တာပါ၊ ဒါဟာ ညီမ အကို့ကိုချစ်တဲ့ မေတ္တာတရားပါ၊ အခု အကို မနားတမ်းလျှောက်နေတဲ့ အဲဒီလမ်းရဲ့အဆုံးမှာ ညီမစောင့်မျှော်နေပါတယ်။ မြန်မြန်သာ လျှောက်လှမ်းခဲ့ပါတော့ အ ကို”

ည၏ နံရံထဲတွင် ညပိုးကောင်တို့၏ အသံဗလံများဖြင့် နစ်မြုပ်လျှက် ရှိကာ သူသည် အသံများ၏ ဝေးရာသို့ ဘယ်လောက်ထွက် ပြေးနေခဲ့မိသည် မမှတ်မိနိုင်တော့ပေ။ ရှင်သန်မှုကို စိတ်အချဉ်ပေါက်နေသော သူ့၏ အထံမှ အိပ်မက်တို့သည် အချပ်လိုက် ကွာကျနေလျှက် အမှောင်ထဲတွင် ပိုးစုန်းကြူး၏ အလင်းရောင်ဖြင့် ချစ်သူ၏ ခေါ်သံကို မသိစိတ်ဖြင့် ရှာဖွေ နေမိသေး၏ ။

“စောင့်မျှော်ခြင်း နာရီတွေသာ ခရီးထွက်သွားမယ်ဆိုရင် အခုလောက်ဆို နယူးယောက်မြို့ ကြီးကို ရောက်နေလောက်ပြီ”ဟု ကဗျာဆရာ မောင်ချောနွယ်က ပြောဘူးလေသည်။ သူ့မှာ နာရီတလုံးမှ မရှိပါ၊ အချိန်ဆိုတာ အလင်းရောင် ရှိခြင်း မရှိခြင်းဖြင့်သာ သူက သတ်မှတ်ထားသည်။ ဘာကို သူက စောင့်မျှော်နေရမှာလဲ ၊ နောက်လာမဲ့ နာရီ စက္ကန့် နေ့ရက်တို့မှာ ဆက်လက် ရှင်သန်ရမဲ့ သူ့၏ထွက်သက် ဝင်သက်ကိုလား၊ သူ့မှာ ဒါပဲ စောင့်မျှော်စရာရှိပါသည်။ ရှင်သန်လိုမှု သက် သက်ဖြင့်တော့ အပြောကျယ်လှသော ပင်လယ်ပြင်ကြီးတွင် လက်ပစ်ကူးမနေချင်ပါ။

သူ့မှာ အာမခံချက်အနေဖြင့် လေတွေ၊ မြေပြင်တွေ၊ ရေပြင်တွေ၊ သစ်ပင်တွေ၊ နံရံတွေ၊ ဘူတာတွေ၊ အမိုးဆွေးဆွေးတွေ ရှိပါသည်။ ထိုအရာများဖြင့် သူက ဒုက္ခတရားကို အာခံချင်ပါသည်။ စိမ်းမြသော သစ်ရွက်တို့ထံမှ တိုက်ခတ်လာသော လေနုအေးကို ဘယ်အရင်းရှင် အာဏာရှင်က တားစီးဟန့်တားနိုင်ပါသလဲ၊ လျှောက်လှမ်းနေသော ခြေထောက်အောက်မှ မြေကမ္ဘာကြီးကို ဘယ်ငွေရှင်ကြေးရှင်က ဖယ်ရှားပစ်နိုင်ပါသလဲ၊ ထိုယုံကြည်မှုဖြင့် သူ့တွင် ဘာစိုးရိမ်ကြောင့်ကြမှုမှ ဖြစ်မ နေပါ။

သူ့ကို ကော်ထုတ်လိုက်သော ယဉ်ကျေးသိမ်မွေ့ပါသည် ဆိုသော လူ့အဖွဲ့အစည်းကြီးသည် ယဉ်ကျေးသိမ်မွေ့ ငြိမ်းချမ်းနေ ပါပြီလား၊ သူက နောက်သို့ စောင်းငဲ့ လှည့်ကြည့်လိုက်သောအခါ သွေးသံတရဲရဲဖြင့် ညှီနံ့တထောင်းထောင်းရကာ သူ၏ အရိုင်းဘဝမှ အခြားကြီးခြားလျှက်ရှိသည်ကို တွေ့ရလေသည်။ သူသည် တောရိုင်းသတ္တဝါတကောင်လို ရန်သူကို မာန်ဖီ လိုစိတ် မရှိလှတော့ပေ။

ဟိုတဖက်ခြမ်းမှာ အလင်းရောင်ကမ္ဘာတခု ရှိနေလေသလား ကောင်းကင်တပြင်လုံးသည် အလင်းရောင်တို့ဖြင့် ဇကာ ပေါက်ဖြစ်ကာ တစက်စက် ယိုကျနေလေသည်။ ထိုအလင်းရောင်တို့ကို သူ့သည် သောက်သုံး ရှင်သန်လျှက် တဖြေးဖြေး တွားသွားရွေ့လျှားရင်း ယုံကြည်ရာတခု၏ အစွန်းဖက်တွင် မျက်ရည်လဲ့လဲ့ဖြင့် ငိုရှိုက်နေနိုင်သော ချစ်သူ၏ ငိုကြွေးသံကို အတင်း နားစွင့်နေမိသေးသည်။

ပင်ပန်းနွမ်းဟိုက်မှုဖြင့် ရပ်တန့်စောင့်မျှော်နေသော်လည်း ပျော်ရွှင်မှုသည် ရောက်လာမည့် အရာတခုမဟုတ်ပါ။ ဆာလောင် ငတ်မွတ်မှုကို အတင်းမျက်ခြေဖြတ်ထားခဲ့သော်လည်း လမ်းတလျှောက် မနီးမဝေးမှ ကပ်ပါလာနေဆဲ ဖြစ်သည်။ ယုံကြည်မှု သည် သွေးထွက်အား   ကောင်းသလောက် ပိုပြီးခိုင်မာပြင်းထန်လာသည်။ လမ်းက ဘယ်လောက်အထိ ရှည်လျားနိုင်သလဲ ၊ အဆုံးဆိုသည် တစုံတရာဖြင့် အဆုံးသပ်သွားရမည်သာ ဖြစ်သည်။ မဆုံးသေးခင်မှာ သူသည် ဆုံးမသွားဖို့ပဲ လိုပါသည်။ ချစ်သူရေ လမ်းအဆုံးမှာ စောင့်နေဆဲလား၊ သူကတော့ လျှောက်ရင်း လျှောက်ဆဲ လျှောက်နေဆဲပါပဲ။

“ပြန်ကြစို့……………အချစ်လေး …………
ဘဝဆိုတာ ………. မရေရာ ၊
ပြန်ကြစို့ ………. အချစ်လေး …………… ဘဝဆိုတာ …………. မသေချာ”


သီချင်းသံသည် လမ်းတလျှောက် မနားတမ်း စီးဆင်းနေလေသည်။ ။

စိုးခိုင်ညိန်း
ဒီဇင်ဘာ ၂၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)