မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၆)

February 10, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၆)
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇

● အင်းတော်သို့
ညနေ နေဝင်ရိုးရီတွင် ကြို့ပင်ကောက်ဘူတာသို့ ဝင်သည့်ရထားနှင့်လိုက်ပါရန် ဘူတာရုံသို့ တဦးတည်းထွက်လာခဲ့သည်။ ဝရမ်းပြေးတယောက်ပေမို့ လိုက်ပို့ပေးရန် အဆင်မပြေသဖြင့် ဘယ်သူမှမပို့နိုင်။ ခပ်လှမ်းလှမ်းကဘဲ စောင့်ကြည့်နေကြမည် ထင်သည်။ ဘူတာရုံတွင်ရထားချင်းဆုံနေ၍ ရထားက တော်တော်နှင့်မထွက်နိုင်။ မိမိကလည်း လူသိတွေ့မည်ကို စိုးရိမ် စိတ်နှင့် စိတ်လှုပ်ရှားနေမိသည်။ သို့နှင့် ဆင်းပြေးရန်လွယ်သည့် တံခါးပေါက်နားတွင် စစ်သုံးဦးထုပ်တလုံး ခေါင်းပေါ် ခပ်ငိုက်ငိုက်ဆောင်း၍ ထိုင်နေမိသည်။

တယ်တော့ မိမိအား မမှတ်မိရန် မျက်မှန်ချွတ်ထားသည့်ပြင် အလင်းရောင်ပျောက်ပျယ်စဆိုတော့ ဘာမှလည်း မိမိသဲသဲ ကွဲကွဲမမြင်ပါ။ သို့နှင့် ရထားထွက်တော့မှဘဲ အနည်းငယ်စိတ်ချလက်ချ ဖြစ်သည်။ ထိုစဉ် ရုတ်တရက် ခေါင်းကို ဘုန်းကနဲ ထုလိုက်သလို ခံစားရပြီး လန့်သွားသည်။ ရုတ်တရက် ဘာဖြစ်လိုက်မှန်းမသိ။ နောက်တော့မှ မိမိခေါင်းက စစ်သုံးဦးထုပ်ကို လက်တဖက်နဲ့ အားရပါးရ ရိုက်ချ ဆုပ်ယူပြီး ရထားပေါ်က ဆင်းပြေးသွားသူတယောက်ကို သတိထားမိလိုက်တော့သည်။ ထိုမှပင် သက်ပြင်းချလိုက်မိသည်။ ထွက်ခွါနေပြီဖြစ်သော ရထားပေါ်မှလု၍ ခုန်ချထွက်ပြေးရလောက်အောင် ဦးထုပ်ကတန် ဘိုးမရှိလှဟု မိမိထင်မိသော်လည်း ထိုအလစ်သုတ်သမားကတော့ မိမိကဲ့သို့ စဉ်းစားပုံမရပေ။ မိမိအတွက်တော့ ကိုယ့်အပူနှင့် ကိုယ်ပေမို့ တဒင်္ဂအာရုံနောက်သွားခဲ့ရသည်။

ပြည်ရောက်တော့ ညအတော်နက်ပြီ။ အိပ်စရာနေရာ ရှာမနေတော့။ စီစဉ်ထားသော မန္တလေးသွားမည့် ကားဂိတ်သို့သွား၍ အခြားခရီးသည်အချို့နှင့်အတူ ကားစောင့်ရင်း ငိုက်မြည်းရသည်။ တိတ်ဆိတ်မှောင်မဲသော ညတာသည် ရှည်လွန်းလှခဲ့သည်။ မနက်စောစော ကားထွက်ခါနီးမှ မိမိကိုလိုက်ပို့ပေးမည့် မိမိညီအကိုဝမ်းကွဲ ကိုမျိုးအောင်ရောက်လာသည်။ သူရောက်လာပြီး မိမိအားတချက်လှမ်းကြည့် ကားပေါ်တက်ထိုင်သည်။ တယောက်နှင့်တယောက် စကားမဆို၊ မသိကြသလို ကိုယ့်ခရီးကိုယ် သွားကြသလိုဖြင့် မန္တလေးသို့ ခရီးဆက်ခဲ့ကြသည်။

ထိုစဉ်က ပြည်နှင့် မန္တလေးကြားပြေးဆွဲနေသည်က စစ်ကျန် ချက်ဗလက်ခေါင်းတို ဘတ်စကားဖြစ်သည်။ လမ်းကလည်းသိပ် မကောင်းတော့ တလမ်းလုံးခုန်ပေါက်ပြီး ဖုန်တလုံလုံးနှင့် မန္တလေးသို့ရောက်သွားတော့သည်။ မန္တလေးရောက်တော့ ဘူ တာရုံသွားပြီး မြစ်ကြီးနားရထားစုံစမ်းပြီး အင်းတော်သို့ လက်မှတ်ဝယ်သည့်ကိစ္စကို ကိုမျိုးအောင်က လုပ်သည်။ မိမိကတော့ သူ့နောက်က မယောင်မလည် လိုက်ရသည်။ ထိုစဉ်ကာလက ဖားကန့်ဒေသက ခေတ်မစားသေး၍ မီးရထားလက်မှတ်က သိပ်မခက်လှပေ။

အင်းတော်ဆိုသည်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ကမြို့ ကလေးတမြို့ ဖြစ်သည်။ မိမိသွားမည့် မော်တိတ်ကား အင်းတော်နှင့် အင်းတော်အနောက်စူးစူးရှိ ဗန်းမောက်ကြားရှိ ရွာကလေးဖြစ်သည်။ ထိုရွာတွင် မိမိဖခင်နှင့် ကျန်းမာရေးမှူးသင်တန်းအတူတက်ခဲ့ပြီး ထိုစဉ် မော်တိတ်ရွာတွင် တာဝန်ကျနေသည့် မုံရွာသားဦးအောင်ခင်တာဝန်ကျနေသည်။ မိမိဖခင် က လှမ်းအကူအညီတောင်း၍ သူဆီပို့ထားရန်သဘောတူသဖြင့် မိမိတို့ မော်တိတ်သို့သွားနေကြခြင်းဖြစ်သည်။

သို့နှင့် တညလုံးစီးလာသောရထားသည် အင်းတော်ဘူတာသို့ မနက်အစောကြီးဝင်သည်။ တလမ်းလုံးအမှောင်ထုက ကြီးစိုး နေသည်ကတကြောင်း မျက်မှန်ချွတ်ထား၍ မမြင်သည်ကတကြောင်း ခရီးစဉ်တလျောက်သဘာဝတရားအားလည်းကောင်း၊  မြေအနေအထားအားလည်းကောင်း ဘာမှန်းမသိလိုက်ရဘဲ ဒေသစိမ်းတခုသို့ ပထမဦးဆုံးရောက်ဖူးသွားသည်။ မည်သို့ ဖြစ်စေ မနက်စောစော မိုးမသောက်မီ မှောင်ကြီးမဲကြီးထဲ အင်းတော်ဘူတာရုံသို့ ခြေချလိုက်သည့်တခဏတွင် စိတ်လက် ပေါ့ပါးသွားသည်။ ဤနေရာ ဤဒေသတွင်တော့ မိမိတို့အား သိနိုင်မည့်သူမရှိဟူ၍ စိတ်ချလက်ချ ဖြစ်မိသည်။

မိမိတို့ အင်းတော်ရောက်သည့်ကာလက ဆောင်းဝင်စဆိုတော့ အေးမြ မှုကို စတင် ခံစားရသည်။ ဆောင်းနှင်းတို့လည်းဝေနေ ပြီ။ ဘူတာရုံကထွက်ပြီး မကြာခင်မှာပင် မိမိလည်းမျက်မှန်ပြန်တပ်လိုက်သည်။ ကိုမျိုးအောင်နှင့်လည်း ပေါ့ပေါ့ပါးပါး စကား ပြောကြပြီ။ တင်းကြပ်သောစိတ်များသည် အင်းတော်မြို့၏ အအေးဒဏ်အောက်တွင် ဖြေလျော့သွားခဲ့ပေပြီ။

ဥသြသံနှင့်အတူ ရထားပြန်လည်ထွက်ခွာသွားပြီးနောက် အင်းတော်မြို့လေးသည် အမှောင်ထုအောက်တွင် တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ဗန်းမောက်ထွက်မည့်ကားက မိုးလင်းမှ ထွက်မည်ဆို၍ ဘူတာရုံအနီး သစ်ပင်ကြီးတပင်အောက်မီးဖိုကာ မီးလှုံ နေသူများအနီးသို့ သွား၍ မီးလှုံကာ အအေးဒဏ်ကိုအန်တုရသည်။ မီးပုံမှထွက်သော မီးခိုးများနှင့် ဆောင်းနှင်းမြူ တို့ အမှောင်ထုကြားတွင် ရောယှက်နေသည်။ မီးလှုံနေသော ယောကျာ်းအချို့က စောင်ကိုပတ်ခြုံ ထားကြပြီး အမျိုးသမီးတချို့က တဘက်ကြီးများ လွှမ်းခြုံထားသည်။သူတို့၏ စကားသံများသည် မိမိအတွက် ထူးဆန်းနေသည်။ လေသံများလည်းမတူကြ။ အင်းတော် ဗန်းမောက်ဒေသကား ကဒူး ကဏန်း တိုင်းရင်းသားတို့၏ဒေသဖြစ်သည်။ သူတို့နှင့်ပတ်သက်၍ ဆရာနတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်းတွင် မြည်းစမ်းထိတွေ့ခဲ့ဘူးသည်။ ယခုတော့ နဖူးတွေ့ဒူးတွေ့ဖြစ်ချေ ၏တော့သည်။

မနက်အလင်းရောင်က မြူနှင်းငွေ့ငွေ့ကြား ထွင်းဖောက်ဝင်လာသည့်အချိန်တွင် ဗန်းမောက်ကားရောက်လာသည်။ လော်ရီ ကား ဟုခေါ်ကြသည့် ကုန်ကားကြီးဖြစ်သည်။ ကားပေါ်တွင် ကုန်အပြည့်နီးပါး ပါလာသည်။ ဘူတာရှေ့ သစ်ပင်ကြီး ရှေ့ ကားစောင့်နေကြသူများ၏ ကုန်ပစ္စည်းများလည်းထပ်တင်သည်။ မိမိတို့ခရီးသည်များတက်ကြသောအခါ လူတွေက ကုန် ကားအမိုးကိုင်းအပေါ်သို့ ရောက်နေပေပြီ။

ကားစထွက်တော့ ဆောင်းနှင်းငွေ့ငွေ့မှ အေးစက်စူးရှသည့် လေဒဏ်ကိုခံရသည်။ ကားလမ်းက မြေသားလမ်းဖြစ်သည်။ ဆောင်းနှင်းစက်တို့ကြောင့် ကားစထွက်ခါစက မသိသာသော်လည်း နေထွက်လာသည်နှင့်အမျှ ကားနောက်တွင် ဖုန်လုံးကြီး တလိမ့်လိမ့်ထနေသည်။ ကားရပ်လိုက်သည်နှင့်ဖုန်လုံးက ကားရော ကားပေါ်ပါသူများကို ဖုံးလွှမ်းသွားသည်။ ကားက ရွာ စဉ်လာရပ်သည်။ လယ်တဲလည်းရပ်သည်။ လမ်း၌ တားသူရှိလည်း ရပ်သည်။ ဆင်းမည့်သူရှိလည်း ရပ်သည်။ ချောင်းလေးများ တွေ့လျင်လည်း ရေဆူနေသော ကားအင်ဂျင် ရေဖြည့်ရန်ရပ်သည်။ ကားပေါ်ရှိခရီးသည်များကား ဖုန်လုံးကြီးများ တလိမ့်လိမ့် တက်ခြင်းအောက်တွင် ပြားပြားဝပ်နေကြပေတော့သည်။

ကားလမ်းတလျောက် သစ်တောများအုပ်အုပ်ဆိုင်းဆိုင်းရှိသည်။ အတက်အဆင်းမကြမ်းလှ။ တောတန်းနှင့် ခင်တန်းနှင့်ဖြစ် သည်။ သစ်တောအုပ်ကြားမှ ထွက်လိုက်လျင် ရွာငယ်လေးများတွေ့သည်။ အင်္ဂလိပ်ခေတ်ထဲကသစ်ခုတ်လာသောဒေသဖြစ်သည်။ တလမ်းလုံးသစ်တောများ ထူပြောလှသည်။ ယခုကာလတော့ ဘနဖူးသိုက်တူးများ၏ ဗရမ်းဗတာ သစ်ခုတ်ကြမှု ကြောင့် ပြောင်တလင်းခါလောက်ပေပြီ။ လွန်ခဲ့သော ၁ဝ နှစ်ခန့် (၂ဝဝ၅ ခန့်) က သူငယ်ချင်းတယောက်ပြောသည်ကို သတိရမိသည်။ “မင်းအားရင် သွားပြီးကြည့်ကြည့်ပေါ့၊ ဆိပ်ကမ်းမှာ နိုင်ငံခြားပို့မဲ့ သစ်လုံးတွေစီထားတာများ သွားကြားထိုးတံ ချောင်းတွေကြနေတာဘဲ” ဟူ၏။ အင်းတော် ဗန်းမောက် ဒေသကသစ်များသည်လည်း ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောစီး၍ ပြည်ပသို့ ထွက်ခွာလေသလော သို့မဟုတ် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် တရုတ်ပြည်သို့ ခရီးဆက်ကြပြီလော မပြော တတ်တော့ပေ။

ဤသို့နှင့် တောအုပ် ခင်တန်း မြိုင်တန်းသွယ်သွယ်ဖြတ်၍ မော်တိတ်သို့ရောက်သည်။ ကားလမ်းက ရွာမြောက်ဘက်ထိပ်က ဖြတ်သွား၍ ရွာထိပ်၌ ဆင်းသည်။ ဖခင်၏မိတ်ဆွေဖြစ်သူ ဦးအောင်ခင်နေထိုင်သည့်အိမ်က ရွာ၏တောင်ဖက်ထိပ်တွင်ဟု ဆို၍ ရွာတဆုံးကို ဖြတ်လျှောက်ရသည်။ အိမ်တိုင်းလိုလို ခြေတန်ရှည်အိမ်များဖြစ်ပြီး အောက်ထပ်တွင် ကျွဲနွားထားလေ့ရှိ သည်။ ကြိုတင်အကြောင်းထား၍ ဦးလေးဦးအောင်ခင်နှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသည်။ လိုက်ပို့သည် ကိုမျိုး အောင်ကတော့ တရက်နှစ်ရက်နေပြီးပြန်သွားသည်။ ထူးခြားပါက လူလွှတ်အကြောင်းကြားပေလိမ့်မည်။ ဤသို့နှင့်မိမိလည်း မော်တိတ်၌ ကျန်နေခဲ့တော့သည်။ တနေရာရောက် နံမည်တခါတခါပြောင်းနေရသည် အားလျော်စွာ မော်တိတ်ရောက်တော့ မောင်ဦးဆိုသည့်နံမည်ပြောင်းလဲခံယူလိုက်ရာ မော်တိတ်မှ ခင်မင်သူများက မိမိအား ကိုဦးဟု ခေါ်ဝေါ်ကြပါသည်။

● မော်တိတ်
မော်တိတ်သည် မဲဇာမြစ်မလှမ်းမကမ်းရှိ ကုန်းပြင်မြင့်လေးပေါ်တွင် တည်ထားသည်။ ရွာ၏မြောက်ဘက်ထိပ် မြေသားကား လမ်းကိုကျော်လိုက်လျင် တောအုပ်ဖြစ်သွားသည်။ ရွာ၏တောင်ဘက်ထိပ်တွင် ကုန်းမြင့်ပြင်သည် လျောဆင်းသွားပြီး မဲဇာ ချောင်းရောက်သည်အထိ ၂ မိုင်ခန့်ကတော့ လယ်ကွင်းပြင်ဖြစ်သည်။ မော်တိတ်ရွာသားတို့လုပ်ကိုင်စားသောက်ရာမြေဖြစ်သည်။ လယ်ကွင်းအဆုံး မဲဇာမြစ်စပ်တွင် လေးအိမ်စုခေါ်သည့် အိမ်ခြေအနည်းငယ်ရှိ ရွာငယ်လေးရှိသည်။ မော်တိတ်ရွာ၏ အစိတ်အပိုင်းဟုလည်းဆို၍ရသည်။ မော်တိတ်ရွာတောင်ပိုင်းထိပ်မှ လှမ်းမျှော်ကြည့်လျင် ပြန့်ပြူးသောလယ်ကွင်းများ ရစ် ခွေစီးဆင်းနေသော မဲဇာမြစ်နှင့် မြစ်ဘေးတွင်တန်းစီနေသော ရွာငယ်လေးနှင့် မြစ်ဟိုဖက်ကမ်းရှိ တမျှော်တခေါ် တောအုပ် တောင်တန်းများကို တွေ့ရသည်။

မိမိရောက်ရှိချိန်က ဆောင်းရာသီဖြစ်၍ ဆောင်းနှင်းမြူများကြားက မဲဇာသည် လှပလွန်းလှသည်။ မင်းမျက်သင့်၍ မဲဇာပို့ခံရ သည့် လက်ဝဲသုန္ဒရလွမ်းမည်ဆိုလည်း လွမ်းလောက်ပေသည်ဟု ဆိုရမည်။ သို့ပေမင့် မင်းဘေးသင့်၍ ပြေးလာခဲ့ရသော လက်ဝဲတယောက်ဖြစ်သည့် မိမိကတော့ နောက်ဆက်တွဲ သုန္ဒရဟူသောနာမည်မပါ၍ မလွမ်းသည့်ပြင် ပျော်၍ပင်နေသည်။ မိမိအဖို့ပြေးရသောကာလတလျောက် မော်တိတ်ရောက်မှပင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့သွားလာနေထိုင်ရသည့်ပြင် လတ်ဆတ်အေးမြလှပသော သဘာဝပတ်ဝန်းကျင်နှင့်လည်း ထိတွေ့ရ၍လည်းဖြစ်သည်။

မော်တိတ်ရွာတရွာလုံးကား ကဒူးလူမျိုးများဖြစ်သည်။ ထူးထူးခြားခြား ကချင်အိမ်တအိမ်သာရှိသည်။ ထိုကချင်ကြီးကတော့ လယ်မလုပ်ချေ။ တူမီးတလက်ဖြင့် အမဲလိုက်၍ အသက်မွေးသည်။ သူရလာသောသားကောင်တို့အား ဝယ်မည့်သူအဆင်သင့်ရှိသည်ဟုဆိုသည်။ ကျန်တရွာလုံးကရှိ ကဒူးအမျိုးသားများကတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည်။ စပါး၊ မြေပဲ၊ ကြံ၊ နာနတ်စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသည်။ မဲဇာမြစ်ကမ်းတလျှောက် မြေဆီမြေသြဇာကြွယ်ဝပုံရသည်။

ကဒူးတို့လေသံကား နားထောင်ကောင်းသည်။ စကားပြောရာတွင်လေယူလေသိမ်းက အဆွဲအငင် အဖော့ အပြု ရှိသည်။ ” ညယ်” ဆိုသည့်စကားနှင့် “မောင်” ဆိုသည့်စကားကို စကားအခွန်းတိုင်းလိုလိုတွင် ထည့်သွင်း အသုံးပြုလေ့ရှိကြသည်။ ” ဟုတ်တာပါ့ညယ်” “ဟုတ်တာပေါ့မောင်” ဟု သုံးလေ့ရှိသည်။ ထိုမောင်နှင့် ညယ်ဆိုသည့်အသံကို ဆွဲဆွဲငင်ငင်ပြော လေ့ရှိကြသည်။ တချို့ စကားတွေက သုံးပုံဆန်းသည်။ မိုးကအတောမသတ်ရွာနေလျင် “မိုးနဲ့ညယ် ရွာရန်ကောမောင်” ဟု ဆိုလေ့ရှိကြသည်။ မော်တိတ်တွင်၃ လခန့်ကြာခဲ့သည်မို့ ထိုသံစဉ်များနှင့် အသားကျခဲ့ ပျော်ရွှင်ခဲ့ရပေသည်။

မော်တိတ်ရွာသားများက လယ်ယာလုပ်ငန်းကို ဦးဆောင်လုပ်ကြသည်။ တောတက်ကြသည်။ မော်တိတ်ရွာသူများလည်း ယောက်ျားများနှင့် ရင်ဘောင်တန်း၍ အလုပ်လုပ်ကြရသည်။ ကျန်းမာသန်စွမ်းသော မော်တိတ်ရွာသူများကို လယ်ကွင်းပြင် တွင်လည်းကောင်း၊ တောတောင်ထဲတွင်လည်းကောင်း၊ မဲဇာမြစ်ထဲတွင်လည်းကောင်း၊ ခမောက်ကိုယ်စီဆောင်း၍ တွေ့မြင် ရနိုင်သည်။ ညနေ လယ်အလုပ်သိမ်းလျင် မော်တိတ်ရွာသူများ မဲဇာမြစ်ကမ်းစပ် ရေအနည်းငယ်တိမ်သည့်အပိုင်းတွင်း အုပ်စုလိုက်တန်းစီပြီး ရေဆန်ကို ညာသံပေး၍ တဝုန်းဝုန်းနှင့် တပျော်တပါးလှမ်းတက်နေသည်ကို မြင်ရတတ်သည်။

အထူးအဆန်းဖြစ်သဖြင့် မိမိက “အဲဒါ ဘာလုပ်ကြတာလဲ အလုပ်ပြီးလို့ ဆော့နေကြတာလားဗျ “ဟုမေးကြည့်တော့” မဟုတ် ပါဘူးလေ ငါးဖမ်းကြတာပါ့မောင်” ဟု ပြန်ဖြေကြသည်။ သူတို့ငါးဖမ်းနည်းက ရွာသူဆယ့်လေးငါးယောက် ရင်ဘောင်တန်းပြီး ရေကို ဆန်တက်သည်။ အဓိက ခြေဖဝါးနှစ်ခုအား ဖနောင့်ချင်းစိ၍ ခြေဖျားထိပ်များကိုကားထားသည်ဟုဆိုသည်။ ထိုအခါ ရေစီးနှင့်ပါလာသော ငါးက ခြေဖနောင့်ဆုံတွင်းသို့ ဝင်တိုးချိန်တွင်လက်နှင့်ဆတ်ကနဲ လျင်မြန်စွာကောက်ဖမ်းရသည်။ တ ယောက်မမိ တယောက်မိသည်ဟု ဆိုပါသည်။ ရေပြင် ယင်းတန်းတားသကဲ့သို့ လူအားနှင့်တားပြီး လျင်မြန်ဖြတ်လတ်မှု ကို သုံး၍ ငါးဖမ်းကြခြင်းဖြစ်သည်။ မိမိသာဆိုလျင် ဗုံးဗုံးသာလဲ၍သွားမည် ငါးတကောင်မှရမည်မထင်ပါ။ သို့သော် မော်တိတ် သူတို့ကတော့ ပျော်ရွှင်စွာရီမောနောက်ပြောင်ရင်း ရေကစား၍ တနေ့တာအမောဖြေရင်း ငါးပင်ဖမ်းလိုက်ကြသေးသည်။ မဲဇာမြစ်၏ညနေခင်းသည် မော်တိတ်သူများ၏ ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်ရီမောသံများဖြင့် သာယာလှပနေပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်