မင်းခိုင် – ဖြူ/မည်း လော့ဂျစ်ကို ပုန်ကန်ခြင်း

February 13, 2017

မင်းခိုင် – ဖြူ/မည်း လော့ဂျစ်ကို ပုန်ကန်ခြင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅

ဆယ်တန်းမှာ လော့ဂျစ်ဂိတ် (Logic Gate)ဆိုတာ သင်ရပါတယ်။ အဲဒီ့လော့ဂျစ်ဂိတ်ဆိုတာ ခေတ်သစ်ကွန်ပျူတာတွေရဲ့ အခြေခံပါပဲ။

လော့ဂျစ်ဆိုတာ ယုတ္တိဗေဒလို့ အဓိပ္ပာယ်ရပါတယ်။ တနည်းအားဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းပါ။ အဲလိုပြောတော့ သက်ရှိလူသားတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်ရတဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းဟာ ဘယ်နဲ့ သက်မဲ့စက်တွေဆီ ရောက်သွားပါလိမ့်လို့ မျက်စိလည်ချင်စရာပါပဲ။ ဒါပေမဲ့ သေချာတွေးကြည့်ရင်တော့ ထူးပြီး အံ့သြစရာ မကောင်းပါဘူး။ ဒီလူပါ … လူတွေ ကျိုးကြောင်းဆင်ခြင်တယ်ဆိုတာ အဓိကအဆင့် နှစ်ဆင့်ပဲ ရှိပါတယ်။ ပထမအဆင့်က ပေတံတခုနဲ့ ချိန်ထိုးကြည့်ခြင်းပါ။ ဒုတိယအဆင့်က ဆုံးဖြတ်ခြင်းပါ။ အဲဒါ လော့ဂျစ်ပါပဲ။

ဥပမာ လိမ်တာမကောင်းဘူးလို့ သိထားတဲ့ လူတယောက်ဟာ လိမ်ပြောနေတဲ့ လူတယောက်ကို တွေ့တဲ့အခါ သူ့ပေတံလေးနဲ့ တိုင်းပြီး ဟာ ဒီလူ မကောင်းဘူးလို့ ဆုံးဖြတ်ပါမယ်။ ဒါ အလွယ်ဆုံး ဥပမာပေါ့ဗျာ။ အဲ့ဒါ လော့ဂျစ်သဘောပါပဲ။ အဲ့ဒီ့ပေတံကို ဘယ်က ရပါသလဲ။ အတွေ့အကြုံက ရတယ်။ ပတ်ဝန်းကျင် (ကျောင်း၊ အိမ်)က ရတယ်။ အဲဒီ့ ရှိထားတဲ့ပေတဲ့နဲ့ တိုင်းပြီး ဆုံးဖြတ်ချက် ချခြင်းပါပဲ။ ဥပမာ ကုန်သည်တယောက်ဟာ ဒီကုန်စည်ဟာ ဒီအချိန်မှာ ဈေးတက်တတ်တယ်၊ ၀ယ်မှပဲဆိုတာ ကုန်သည်ရဲ့လော့ဂျစ်ပါပဲ။ “ဒီအချိန်မှာ ဈေးတက်တတ်တယ်”ဆိုတဲ့ အတွေ့အကြုံ ပေတံကို သုံးပြီး ၀ယ်ထားသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခြင်းပါ။

လော့ဂျစ်ဂိတ်ဆိုတာလည်း ဒီသဘောကို အခြေခံတည်ဆောက်ပါတယ်။ မတူတာက ပေတံအတွက် လူသားတွေလို အတွေ့အကြုံမလိုပါဘူး။ နဂိုကတည်းက ဒီပေတံ ဒီပေတံနဲ့ တိုင်းမယ်ဆိုပြီး လိုအပ်တဲ့ ပေတံကို လူသားတွေက ကြိုပေးထားပြီးသားပါ။ လော့ဂျစ်ဂိတ်က အဲဒီ့ပေတဲ့ကို သုံးပြီး ဆုံးဖြတ်ချက် ချပါတာပါ။ ဒါကြောင့် ဖတ်စာအုပ်မှာ လော့ဂျစ်ဂိတ်ကို သတင်းအချက်အလက်ကို ရယူပြီး အဲဒီ့သတင်းအချက်အလက်အပေါ် အခြေခံလို့ ရလဒ်ထုတ်ပေးတဲ့ (တနည်း ဆုံးဖြတ်ချက် ချပေးတဲ့) စက်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ပြောင်းပြန်ပြောရရင် လူဆိုတာ သက်ရှိလော့ဂျစ်ဂိတ်ပေါ့ဗျာ။ ဒါပေမဲ့ မတူတာက စက်က ရလဒ်ကို (ဆုံးဖြတ်ချက်ကို) တသတ်မတ်တည်း ချပေးနိုင်ပေမယ့် လူကတော့ ဆန္ဒစွဲတွေနဲ့ ဆုံးဖြတ်တတ်ပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်က တသတ်မတ်တည်း မဖြစ်ပါဘူး။ ဥပမာ ခိုးတာ မကောင်းမှန်း သိပေမယ့် ကိုယ့်သားသမီး လာဘ်များများစားရတဲ့ ဌာနရောက်သွားရင် ကျိတ်ပျော်နေတာမျိုးပေါ့။ တနည်းအားဖြင့် လူဆိုတာ ဆန္ဒစွဲပြင်းပြင်းတွေနဲ့ ခုတ်မောင်းနေတဲ့ လော့ဂျစ်ဂိတ် အကြီးစားကြီးပေါ့ဗျာ။

ထားပါတော့ … လိုရင်းပြန်ဆက်ရရင် … အဲလို ဆုံးဖြတ်ချက် (result) ထုတ်ပေးဖို့ ပေတံလိုပါတယ်။ လော့ဂျစ်ဂိတ်တွေအတွက် ပေတံကို အစဉ်အလာအစု (အစဉ်အလာလော့ဂျစ်)ပေါ်မှာ အခြေခံပြီး တည်ဆောက်ပါတယ်။ အစဉ်အလာအစုရဲ့သဘောက အစုဝင်တခုဟာ အစုတခုမှာ ပါတယ်ဆိုတဲ့ အခြေအနေရယ်၊ မပါဘူးဆိုတဲ့ အခြေအနေရယ် စုစုပေါင်း အခြအနေ နှစ်ခုပေါ်မှာပဲ စဉ်းစားပါတယ်။ ကြားအခြေအနေဆိုတာ မရှိပါဘူး။ (တ၀က်တော့ ပါတယ်ဆိုတာမျိုး လုပ်လို့မရပါဘူး) အဲဒီ့အခြေအနေနှစ်မျိုးကို လော့ဂျစ်မှာ 1, 0 ဆိုပြီး ညွှန်းပါတယ်။ (True/False, Low/High, On/Off လို့ ပြောလည်း ရပါတယ်) အဓိပ္ပာယ်က လော့ဂျစ်ဂိတ်နားလည်တဲ့ပေတံက နှစ်မျိုးပဲရှိပါတယ်။ 1 မဟုတ်ရင် 0 ပါပဲ။ True မဟုတ်ရင် False ပါပဲ။ အဲဒါကိုမှ OR, AND, NOT ဆိုတဲ့ operation တွေ သုံးပြီး ရလဒ်ကို ထုတ်ပါတယ်။

ဥပမာ – If P, then X or
If not P, then Y

P ဖြစ်ရင် X ဖြစ်ပါ (X လို့ ဆုံးဖြတ်ပေးပါ)။ P မဟုတ်ရင် Y လို့ ဆုံးဖြတ်ပေးပါဆိုရင် …. လော့ဂျစ်ဂိတ်က P လား not P လားဆိုတာ ကြည့်ပြီး (အဲဒီ့ပေတံနဲ့တိုင်းပြီး) X ဒါမဟုတ် Y လို့ ဆုံးဖြတ်ပေးလိုက်ပါတယ် (အဖြေထုတ်ပေးလိုက်ပါတယ်)။ ဆိုတော့ စက်အနေနဲ့ သိတာ P မဟုတ်ရင် not P ပါပဲ။

အစဉ်အလာလော့ဂျစ်သဘောတရားဟာ ဂရိခေတ် (အထူးသဖြင့် အရစ္စတိုတယ်ခေတ်)ကတည်းက ထွန်းကားခဲ့ပြီး အနောက်တိုင်းလူ့အဖွဲ့အစည်းကို ကြီးစွာ အကျိုးပြုခဲ့ပါတယ်။ အနောက်တိုင်းအတွေးအခေါ်တခုလုံးရဲ့ ဗဟိုချက်လို့လည်း ပြောလို့ရပါတယ်။ 19 ရာစုမှာ အစုသီအိုရီ၊ သင်္ချာဆိုင်ရာ လော့ဂျစ်တွေ ဖွံ့ဖြိုးလာပြီး အခုပြောတဲ့ လော့ဂျစ်ဂိတ်တွေထိ ရောက်လာပါတော့တယ်။

(ကြားဖြတ်လို့ ပြောရရင် လော့ဂျစ်ဂိတ်သင်တဲ့အခါ သူ့ရဲ့အခြေခံ အစုသီအိုရီဖြစ်တဲ့ ဒီမောဂမ်သီအိုရီ De Morgan’s Theory တို့၊ ဘူလီယမ်သီအိုရီ Boolean Theory တို့ကို အရင်သင်သင့်ပါတယ်။ အဲဒါတွေ မသင်ဘဲ NAND gate သုံးပြီး NOR gate ဆောက်ပြပါဆိုတော့ .. အပေါင်းအမြှောက်သဘောကို မသိဘဲ အစားကို သင်ပေးသလိုပါပဲ၊ ကျောင်းသားတွေခမျာ ဖတ်စာအုပ်ထဲ ပေးထားတဲ့ မှုန်ဝါးဝါးပုံလေးတွေကို ဘုမသိဘမသိ အလွတ်ကျက်ရပါတော့တယ်၊ တော်တော်သနားဖို့ကောင်းပါတယ်)

ဒါပေမဲ့ 1965 လောက်မှာ အဲဒီ့အစဉ်အလာလော့ဂျစ်ကို သူပုန်သူကန်လုပ်တဲ့ လော့ဂျစ်တမျိုး ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဘာကလေပါမောက္ခ လော့ဖီဇော့ဒခ် (Lotfi Zadeh) စပြီး မိတ်ဆက်လိုက်တဲ့ ဖော့ဇီလော့ဂျစ်၊ ဖော့ဇီအစု (Fuzzy Logic/ Fuzzy Set) ပါ။

အစဉ်အလာလော့ဂျစ်မှာ အစုထဲ ရှိတယ်၊ မရှိဘူးဆိုတဲ့ အခြေနှစ်ခုပဲ ရှိပေမယ့် ဖော့ဇီလော့ဂျစ်ကတော့ ရှိတယ်၊ မရှိဘူးဆိုတဲ့ အခြေအနေနှစ်ခုတင်မက တ၀က်လည်းရှိနိုင်တယ်၊ သုံးပုံတပုံလည်း ရှိနိုင်တယ်လို့ စဉ်းစားပါတယ်။ ဥပမာ အစဉ်မလာလော့ဂျစ်မှာ ရေဖန်ခွက်မှာ ရေပြည့်တယ်၊ မပြည့်ဘူးလို့ပဲ စဉ်းစားပေမယ့် ဖော့ဇိလော့ဂျစ်ကတော့ တ၀က်ပြည့်တယ်၊ သုံးပုံတပုံပြည့်တယ်၊ ပြည့်လုနီးပါး စသည်ဖြင့် စဉ်းစားပါတယ်။ တနည်းအားဖြင့် ပြည့်ခြင်းကို အဆင့်အတန်း (degree) ခွဲပြီးစဉ်းစားပါတယ်။ ဒါကြောင့် ဖော့ဇီလော့ဂျစ်ကို degree of Truth ပေါ်မှာ အခြေခံတယ်လို့ ဆိုပါတယ်။

လော့ဖီက အဲလိုလည်း မိတ်ဆက်လိုက်ရော ပညာတတ်အသိုင်းအ၀န်းက အစဉ်အလာသမားတွေ အကုန်လုံး ရှော့ခ်ရကုန်ပြီး ဖော့ဇီလော့ဂျစ်ကို ၀ိုင်းဖဲ့ပါတော့တယ်။ ဘာကလေပါမောက္ခ William Kahan ကဆို ဖော့ဇီလော့ဂျစ်ကို ဘိန်း (cocaine of science)လို့တောင် ဆိုပါတယ်။ သူတို့စိတ်ထဲ လော့ဂျစ်ဆိုတာ တိကျပြတ်သားရမယ်၊ တိကျပြတ်သားတဲ့ အဖြေကို ထုတ်ပေးနိုင်ရပါမယ်။ If P, then Q ဆို …. P ဖြစ်ရင် Q လို့ တိတိကျကျအဖြေထုတ်တာမျိုးကို လိုချင်ပါတယ်။ (P မဟုတ်ရင် နောက်အဖြေတခုပေါ့) ဒါပေမဲ့ ဖော့ဇီက P မဟုတ်လည်း P နီးပါး (mostly P)ဆို Q နီးပါး (mostly Q)လို့ အဖြေထုတ်ပါတယ်။ နောက်တမျိုးပြောရရင် အစဉ်အလာလော့ဂျစ်မှာ 1 နဲ့ 0 ပဲ ရှိပေမယ့် ဖော့ဇီလော့ဂျစ်မှာ 1 နဲ့ 0 ကြားက ကြိုက်တဲ့ကိန်းဖြစ်လို့ရပါတယ်။ အဲဒီ့မှာတင် ဖော့ဇီလော့ဂျစ်ဟာ မရေမရာရလဒ်တွေ ထုတ်ပေးတဲ့ ဘာမှအသုံးမ၀င်တဲ့လော့ဂျစ်လို့ ထင်ပါတော့တယ်။

ဒါပေမဲ့ သူတို့ထင်တာတွေ အကုန် မှားသွားပါတယ်။ ဖော့ဖီလော့ဂျစ်ဟာ မရေမရာရလဒ်တွေ ထုတ်ပေးတာမဟုတ်ဘူး၊ ပိုပြီးကောင်းတဲ့ ရလဒ်တွေ (ဆုံးဖြတ်ချက်တွေ)ကို ထုတ်ပေးနိုင်တာပါ။ ဖော့ဇီလော့ဂျစ်ကို သုံးထားတဲ့စက်ဟာ အစဉ်အလာစက်ထက် အများကြီးအများကြီး သာပါတယ်။ ဥပမာ ကားဘရိတ်စနစ်တခုကို အစဉ်အလာလော့ဂျစ်နဲ့ တည်ဆောက်မယ်ဆိုပါစို့။ အစဉ်အလာလော့ဂျစ်က နီးခြင်း/ဝေးခြင်း နှစ်ခုကိုပဲ သိပါတယ်။ နီးရင် ဘရိတ်အုပ်ပါလိမ့်မယ်၊ ဝေးရင်မအုပ်ပါဘူး။ နီးခြင်း/ဝေးဖြင်းကို 10 ပေလို့ ထားမယ်ဆိုရင် အစဉ်အလာလော့ဂျစ်က 11 ပေဆို ဝေးတယ်လို့ ယူဆပြီး ဘရိပ်မအုတ်ပါဘူး။ 9 ပေဆို နီးတယ်ဆိုပြီး ဘရိတ်အုပ်ပါလိမ့်မယ်။ ဖော့ဇီလော့ဂျစ်က 11 ပေဆို နည်းနည်းဝေး၊ 9 ပေဆို နည်းနည်းနီး၊ 6 ပေဆို တော်တော်နီးလို့ ဆုံးဖြတ်ပြီး ဘရိတ်ကို အတိုးအလျော့လုပ်ပါလိမ့်မယ်။ (Heat Controller ဆိုလည်း အဲလိုပါပဲ။ အစဉ်အလာလော့ဂျစ်က အေး/ပူ နှစ်မျိုးပဲ စဉ်းစားနိုင်ပြီး ဖော့ဇီလော့ဂျစ်ကတော့ တော်တော်ပူတယ်၊ သိပ်မပူဘူးစသည်ဖြင့် စဉ်းစားပါတယ်။ အောက်ကပုံ)

တွေးကြည့်တာနဲ့ ဖော့ဇီလော့ဂျစ်ဟာ အလုပ်ပိုဖြစ်ကြောင်း (ပိုထိရောက်ကြောင်း) ထင်ရှားပါတယ်။ တနည်းအားဖြင့် စက်တွေဟာ အရင်က နှစ်မျိုးပဲ စဉ်းစားတတ်ရာကနေ အခုဖော့ဇီကျေးဇူးကြောင့် နှစ်မျိုးမက (အများကြီး) စဉ်းစားလာနိုင်ပြီဆိုတဲ့ သဘောပါ။ တနည်းအားဖြင့် စက်တွေဟာ လူနဲ့ ပိုတူလာပါတယ်။ ဒါကြောင့်လည်း ဥာဏ်တု (Artificial Intelligence) ဖန်တီးတဲ့နေရာမှာ ဖော့ဇီလော့ဂျစ်ဟာ အရမ်းစွမ်းတဲ့လက်နက်ဖြစ်လာပါတယ်။ နောက်အားသာချက်တခုက ဖော့ဇီလော့ဂျစ်ဟာ Feedback ကို ပြန်လက်ခံပြီး အဲဒါနဲ့ လိုက်လျောညီထွေရှိမယ့် ရလဒ်ကို ပြောင်းလဲထုတ်ပေးနိုင်ပါတယ်။ ဒါဆို ဒီလော့ဂျစ်ဘယ်လောက်ထိရောက်နိုင်သလဲ မှန်းလို့ရပါပြီ။

အခုတော့ ဖော့ဇီလော့ဂျစ်ကို အ၀တ်လျှော်စစ်ကအစ၊ control system အလယ်၊ ဥာဏ်တုထုတ်ခြင်းအဆုံး နယ်ပယ်အစုံမှာ ကောင်းကောင်းကြီးသုံးနေပါပြီ။ ခေတ်ပေါ်အ၀တ်လျှော်စက်တွေမှာ Fuzzy လို့ပါတာ ဒီစက်ဟာ ဖော့ဇီလော့ဂျစ်ကို သုံးထားတယ်၊ ဒါကြောင့် စွမ်းအင်(လျှပ်စစ်/ရေ)နဲ့ အချိန်ကို ပိုပြီးသက်သာစေပါတယ်။ (ဖော့ဇီလော့ဂျစ်ကို သုံးထားတဲ့ ဂျပန်က Sendai Subway system ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး/အထိရောက်ဆုံးစနစ်လို့ ဆိုပါတယ်)

အဖြူမဟုတ်ရင် အမည်း၊ အမှန်မဟုတ်ရင် အမှားလို့ စဉ်းစားရတာ အရမ်းလွယ်ပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများဟာ အဲလိုပဲ စဉ်းစားပစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အစစ်အမှန်နေနေတာ ဘလက်ကမ်ဝှုက် (Black and White) ကမ္ဘာ မဟုတ်ပါဘူး။ ရောင်စုံကမ္ဘာပါ။ လက်တွေ့မှာလည်း လုံးဝအမှန် လုံးဝအမှားဆိုတာ မရှိပါဘူး။ မရှိသော်လည်းပဲ ကျနော်တို့က အဲလိုပဲ စဉ်းစားပါတယ်။ မင်းမှားရင် ငါမှန်နေလို့ပဲ။ အဲဒါ အဓိကက ပြသနာပါ။

တနည်းအားဖြင့် ဖြူမည်းစဉ်းစားနေတဲ့ လူ့အဖွဲ့အစည်းတခုဟာ စွမ်းဆောင်ရည်ညံ့ညံ့နဲ့ ဆုတ်ယုတ်ဖို့ပဲ ရှိပါတယ်။ ဖြူမည်းစဉ်းစားနေတဲ့ စနစ်တခုဟာလည်း တကယ့်အရှိတရားနဲ့ အံ့မ၀င်၊ အကျိုးယုတ်ဖို့ပဲ ရှိပါတယ်။

ဥပမာ စစ်တပ်တခု (လက်နက်ကိုင်တပ်ဖွဲ့တခု)ရဲ့ စဉ်းစားပုံဟာ အစဉ်အလာလော့ဂျစ်ပေါ်မှာ တရာရာခိုင်နှုန်း အခြေခံပါတယ်။ သူတို့မှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုးပဲ ရှိပါတယ်။ ရန်သူမဟုတ်ရင် မိတ်ဆွေပါပဲ။ ချေမှုန်းရေးရည်မှန်းချက်အတွက် ဖန်တီးထားတဲ့စနစ်တခုအတွက် ဒီဖြူမည်းလော့ဂျစ်က ယုတ္တိရှိပါတယ်။ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ပြသနာက အခြေအနေတခု၊ နယ်ပယ်တခု၊ ရည်မှန်းချက်တခုအတွက်ပဲ ရည်ရွယ်ထားတဲ့ (အသုံးဝင်တဲ့) ဖြူမည်းလော့ဂျစ်ကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ ပညာရေးစတဲ့ နယ်ပယ်အစုံမှာ အသုံးချလိုက်မယ်ဆို အသုံးမ၀င်တဲ့အပြင် အကျိုးယုတ်ဖို့ပဲ ရှိပါတော့တယ်။

ဒါ … အာဏာရှင်စနစ် ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးစနစ် ဘာကြောင့် ကျရှုံးရသလဲ၊ ဘာကြောင့် မအောင်မြင်သလဲဆိုတာပါပဲ။

နောက် … ဖြူမည်းစဉ်းစားနေတဲ့ လူ့အဖွဲ့အစည်းတခု (တဖက်ကဘာဆိုတဲ့ Feedback ကိုလည်း ပြန်မစဉ်းစားတဲ့ လူအဖွဲ့အစည်းတခု) ဘာကြောင့် မတိုးတက်မငြိမ်းချမ်းရသလဲဆိုတာပါပဲ။

ဟုတ်ကဲ့ …..
အဖြူနဲ့အမည်းကြားမှာ မတူတဲ့ အရောင်တွေ အနန္တရှိပါတယ်။
အမှန်တရားတွေ အများကြီးရှိနေတဲ့ ပို့စ်မော်ဒန်ကမ္ဘာမှာ ကျနော်တို့ နေပါတယ်။
တခါလောက် ဖြူမည်းမျက်မှန်ကို ချွတ်ပြီး ရောင်စုံအလှကို ခံစားကြည့်စေချင်တယ်ဗျာ … ။

(မြန်မာ့နိုင်ငံရေး … ဖော့ဇီလော့ဂျစ် လွှမ်းစေသောဝ် … )
(မြန်မာ့လူဘောင်အဖွဲ့အစည်း …. ဖော့ဇီလော့ဂျစ် လွှမ်းစေသောဝ် … )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်