မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၈)

February 14, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၈)
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇

● မုန်ညင်းနှင့်ကိုင်ရို
မော်တိတ်သည် ယနေ့တိုင်မိမိနှစ်သက်စွာစားသုံးနေသည့် မုန်ညင်းနှင့် စတင်မိတ်ဆက်သည့် ဒေသလည်းဖြစ်ခဲ့သည်။ အေးမြသောရာသီဥတုနှင့်တောင်တန်း တောင်ကုန်းပြင်မြင့်များရှိရာ မော်တိတ်သည် ကချင်ပြည်နယ် ရှမ်းပြည်နယ်ကဲ့သို့ပက် မုန်ညင်းပေါများသည်။ မိမိလေဟာပြင်ဈေးထဲစားခဲ့ဘူးသော ဝက်သား ကြံမဆိုင်ဆိုရာ၌ ကြံမဆိုင်ဆိုသည်မှာ မုန်ညင်းနှင့်ပြု လုပ်မှန်း မော်တိတ်ရောက်မှသိတော့သည်။ ထိုစဉ်က ကူးလူးဆက်ဆံမှု များမများသေးသဖြင့် ယခုကဲ့သို့အောက်ပြေ အောက်ရွာ မုန်ညင်းအား စားသုံးမှုမရှိကြသေး။ ဈေးထဲတွင် မတွေ့ရသေးပေ။

မိမိရောက်သည့်ကာလကလည်း ဆောင်းရာသီဖြစ်သဖြင့် မုန်းညင်းပေါပေါသီသီထွက်သည့် ရာသီဖြစ်သည်။ မော်တိတ်ရွာ၏ ခြံဝင်းတိုင်း၌စိမ်းစိုသော မုန်ညင်းခင်းများကိုတွေ့ရသည်။ ထိုမုန်ညင်းကို ချက်နည်းမျိုးစုံဖြင့် ချက်စားကြသည်။ နေ့စဉ်ဟင်း လျာတွင် မုန်ညင်းသည် မပါမဖြစ် ဟင်းတပွဲဖြစ်သည်။ ထို့ကြောင့် မိမိနှင့်ခင်နေသော အိမ်များသို့ ရောက်လျင် “ဘာမုန်ညင်း ချက်လဲဗျို့” ဟူ၍ စရင်းနောက်ရင်း စကားဆိုတတ်သကဲ့သို့  ရွာသူတို့၏ မျက်စောင်းထိုး အဖြေပေးခြင်းကိုလည်းခံရတတ် သည်။

မုန်ညင်းနှင့် ထိုရွာရောက်မှစတွေ့ဘူးသည်ထဲတွင် ဝေါစွန်းခေါ် တပင်တိုင် ပင်လည်းပါသည်။ ကျော်စားလျင်ကောင်းသကဲ့သို့ သုတ်စားလျင်လည်းကောင်းသည်။ ကူးလူးဆက်ဆံမှုများသဖြင့် ဝေါစွန်းလည်း မုန်ညင်းနှင့်အတူ အောက်ပြေအောက်ရွာသို့ ရောက်ရှိနေပေပြီ။

မော်တိတ်၏ဆောင်းရာသီသားရေစာတမျိုးမှာ ခေါပြင်ဖြစ်သည်။ ခေါပြင်အား ဆီနှင့်မြေပဲနမ်းချင်းနှင့်ပြုလုပ်ကြသည်။ အေးသော ရာသီ၌အတန်ငယ်အထားခံသော်လည်း ခေါပုတ်ကဲ့သို့ တာရှည်အထားမခံပေ။ ဆီစားနဲသော မော်တိတ်ဒေသ သားတို့ ခေါပြင်ကို ဆီနှင့်ပြုလုပ်သည်ကတော့ ထူးခြားချက်တခုဖြစ်သည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ကတော့ ခေါ ပုတ်သာလုပ်ကြသည်။ အထားခံသည်။ ခေါပုတ်ကတော့ ထောင်းခါစတွင်အသင့်စားနိုင်သော်လည်း အခြောက်ခံပြီးလျင်တော့ မီးကင်၍ သို့မဟုတ်ကျော်၍စားရသည်။ ခေါပြင်ကတော့ အသင့်စား အစားအစာဖြစ်သည်။

သူ့ဒေသနှင့်သူ လိုက်ဖက်သည့် ထူးခြားသည့်အစားအစာများနှင့် မိမိပျော်မွေ့ခဲ့ရသည်။ ထို့နောက် ထူးခြားသည်တခုတော့ ငါးချဉ်ကို အစိမ်းစားကြခြင်းဖြစ်သည်။ မိမိကတော့ မစားတတ်ခဲ့ပေ။ ငါးချဉ်ကို ကျော်စားမှ စားတတ်သည်။ သူတို့ကတော့ အချဉ်တည်ထားသည့် အစိမ်းအတိုင်း နှစ်သက်စွာ စားလေ့ရှိကြသည်။ အထူးသဖြင့် မော်တိတ်ဒေသ မင်္ဂလာဆောင်များတွင် ငါးချဉ်သည် မပါမဖြစ် အဓိကအစားအစာဖြစ်သည်။ သို့သော် ထိုမင်္ဂလာဆောင်တွင် သုံးသည့်ငါးချဉ်သည် ဒေသထွက် တော့မဟုတ် ကချင်ပြည်နယ်အင်းတော်ကြီးမှလာခြင်းဖြစ်သည်။ ဘာလီပုံးခေါ် လေးဒေါင့်သံဖြူပုံးများဖြင့် လာလေ့ရှိသည်။ မင်္ဂလာဆောင်၌ ငါးချဉ်ပုံးများ တန်းစီချထားကာ ထိုပုံးများထဲမှ တပုံးပြီးတပုံး နှိုက်ကာ တည်ခင်းဧည့်ခံကျွေးမွေးလေ့ရှိကြသည်။

မော်တိတ်ဒေသရှိ မင်္ဂလာဆောင်တခု၏ တတ်နိုင်မှု လူစည်ကားမှုကို ငါးချဉ်ပုံးအရေအတွက်နှင့် ဖေါ်ပြလေ့ရှိသည်။ “ငါးချဉ် ဘယ်နှစ်ပုံးတောင် ကုန်တာမောင်ရေ့ ” ဆိုသည်မှာ မင်္ဂလာဆောင်တခုအတွက် မှတ်ချက်ပြု စရာ မော်ကြွားစရာဖြစ်ပေသည်။

ဗန်းမောက်ဒေသ၌ အင်္ဂလိပ်ကိုလိုနီလက်ထက်ကပင် သစ်ထုတ်လုပ်မှုရှိသည်။ သစ်ထုတ်လုပ်ရေးတွင်သုံးသည့် ဆင်များေ ကြွးရန်လည်းကောင်း၊ ဆင်ဦးစီးဆင်သမားအား ခိုင်းကောင်းရန်အတွက် ဘိန်းမဲပေးထားသည်ဟု အဆိုရှိကြသည်။ သို့ဖြစ် ရာ ထိုဒေသ၌ ဘိန်းမဲရှုသူ အနည်းအကျဉ်းရှိသည်ကိုတွေ့ရသည်။ မိမိအဖို့တော့ ဘိန်းရှူသည့် ဘိန်းပြောင်းနှင့် ဘိန်းမဲကို ထိုအရပ်၌ စတင်တွေ့ခဲ့ဘူးသည်ဟု ဆိုရပါမည်။ သို့သော် ဘိန်းရှူသူတယောက်တလေဟုသာ ဆိုနိုင်ပါသည်။ ယနေ့ခေတ် က လွန်စွာပိုများသည်ဟု ဆိုရမည်။

မော်တိတ်တွင် မိမိဖတ်စရာ နိုင်ငံရေးစာပေစာအုပ်အချို့ ရှိသော်လည်း နည်းပါးသည်။ ရန်ကုန်က လစဉ်ထုတ်စာအုပ်များလည်း လက်လှမ်းမမှီသည့် အရပ်ဖြစ်သည်။ သို့ပေမဲ့ ဦးလေးဦးအောင်ခင်၏ သားချင်းတဦးဝယ်ယူစုဆောင်းထားသည့် စာအုပ် ၁ဝ အုပ်ခန့်တော့ရှိသည်။ ကိုင်ရို၏လက္ခဏာစာအုပ်များဖြစ်သည်။ မိမိလည်း အားနေချိန် ပျင်းရိနေချိန်ဆိုလျင် ထိုကိုင်ရိုလက္ခဏာ စာအုပ်များ ဖင်ပြန်ခေါင်းပြန်လှန်လှော ဖတ်ရှုသည်။ ဖတ်ရုံသာမက လက်တည့်လည်းစမ်းသည်။ ကိုင်ရိုလက္ခဏာ လူကဲခတ် ပညာနှင့် ခပ်တည်တည်ရမ်းတုတ်ခြင်းတို့ ပေါင်းစပ်ကာ ရွာထဲတွင် အခမဲ့လက္ခဏာဟောတော့သည်။ ရွာသားများထက် ရွာသူများက ပို၍စိတ်ဝင်စားကြသည်။ ရွာသူများထဲတွင် အပျိုကြီးများက ပို၍ စိတ်ဝင်စားကြသည်။ အချည်းနှီးတော့မဖြစ်ပါ။ ဟိုကကျွေး ဒီကကျွေးနှင့် ကုသိုလ်မရသော်လည်း ဝမ်းတော့ဝခဲ့၏။ ရောက်ရာအရပ် သင့်သလို နေခဲ့ရသည်ဟု ဆိုရပါမည်။

● ကိုဇော်ထွေး
ဦးလေးဦးအောင်ခင်၏သားချင်းတယောက်ဖြစ်သော ကိုဇော်ထွေးအားလည်း မော်တိတ်တွင်ဆုံခဲ့ရသည်။ အသားခပ်ညိုညို ဗလခပ်တောင့်တောင့် မျက်မှန်တဝင်းဝင်းနှင့် ပညာတတ်ပုံအပြည့်နှင့် အသက် ၃ဝ ခန့် အရွယ်ကောင်းလူငယ်တဦးအဖြစ်နှင့် ဆုံခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်စာကောင်းမွန်သူတဦးဖြစ်ပြီး မတ်၏အရင်းကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှု လေ့လာခဲ့သည့် လက်ဝဲစာပေကို စူးစူးရှရှ လေ့လာခဲ့သူတဦးဖြစ်ကြောင်းသိရသည်။ ပဲခူးရိုးမ CPB တွင် ကျဆုံးသွားခဲ့ကြသော ကိုတင်ထွန်းနှင့် ခေတ်ပြိုင်များဖြစ်ကြောင်းသိရသည်။ မိမိ၏တောင်းဆိုမှုကြောင့် လီနင်ကျမ်းပေါင်းချုပ် Collected Works တွင်ပါသော On Dialective အနုပဋိလောမကို ပြန်ဆိုပေးခဲ့သေးသည်။

သို့သော် မိမိနှင့်တွေ့သည့်အချိန်တွင် နိုင်ငံရေးယုံကြည်မှုတွင် ထိုင်သွားပေပြီ။ မတ်ဝါဒကို မယုံကြည်တော့သည်လော သို့မ ဟုတ် CPB အားမယုံကြည်သည်လောတော့ သဲကွဲစွာမသိခဲ့ပါ။ မိမိသည် ကျောင်းသားလှုပ်ရှားမှုမှထွက်ပြေးလာသူ လက်ဝဲ လိုလားသူ CPB အရှေ့မြောက်သို့သွားရန်ကြိုးစားနေသူမှန်းသိသော်လည်း မည်သည့်မှတ်ချက်မှတော့မပေးပါ။ အလွန်အ မင်း တက်ကြွစွာဖြင့် CPB အရှေ့မြောက်သို့သွားနိုင်ရန် ကြိုးပမ်းနေသောမိမိအဖို့ မတ်ဝါဒကျမ်းရင်းတွေကို အပင်ပမ်းခံလေ့ လာပြီးမှ နိုင်ငံရေးအရထိုင်သွားသူတယောက်ကို တွေ့လိုက်ရသည်မှာ တမျိုးတမြည်တော့ ဖြစ်မိသည်။ သို့သော် မိမိအဖြေ ရှာခြင်းတော့မပြုခဲ့သည့်ပြင် မိမိရွေးချယ်မှုအား လည်းထိခိုက်မှု မရှိခဲ့ပါ။

ယခုတော့ ကိုဇော်ထွေးတယောက် အထက်ချင်းတွင်းဘက်တွင် ကွယ်လွန်သွားရှာပြီဟုကြားရသည်။ ရှည်လျားသော လူမှု တော်လှန်ရေးတရပ်တွင် သူရဲကောင်းများ စွန့်လွှတ်စွန့်စားသူများ သစ္စာရှိကြသူများရှိသကဲ့သို့ သစ္စာဖေါက်များလည်းရှိသည်။ အခြေအနေအရပ်ရပ်ကို စိတ်ပျက်ပြီး ဘေးထိုင်သွားသူများလည်း ရှိသည်။ နောင်မိမိနှင့်ခေတ်ပြိုင်များတွင် တွေ့ခဲ့ရပေသည်။

● မြစ်ဖျားတိုင်း
မိမိအတွက် အခြားအကြောင်းများအပြင် အခြားစိတ်ဝင်စားစရာအကြောင်းတခု ထိုဒေသ၌ ရှိသေးသည်။ အကြောင်းမှာ အဆိုပါမော်တိတ်ရွာတည်ရှိသည့် ပင်လယ်ဗူး ဗန်းမောက်ဒေသသည် ၁၉၄၈ ကွန်မြူနစ်ပါတီ ပုန်ကန်မှုစကတည်းက CPB မြစ်ဖျားတိုင်းအဖြစ်ဖွဲ့စည်းတည်ဆောက်ခဲ့သည့်ဒေသဖြစ်နေ၍ ဖြစ်သည်။ နောက်ဆုံးမြစ်ဖျားတိုင်းအတွင်းရေးမှူးအဖြစ်တာ ဝန်ယူခဲ့သူမှာ CPB ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဗိုလ်မျိုးမြင့် (အသားမဲ) ဖြစ်သည်။ ဗိုလ်မျိုးမြင့်သည် ပဲခူးရိုးမပါတီ တည်ဆောက်ရေးကာလက ပဲခူးရိုးမသို့ရောက်ရှိပြီးနောက်ပိုင်း ရှမ်းပြည်နယ်သို့ ရောက်ရှိကာ ၁၉၇၅ ခုနှစ် မေလ CPB ၏ ကြေညာချက်အရ CPB ၏ လက်ရှိပေါလစ်ဗျူရို PB ခေါ် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တဦးအဖြစ် တွေ့ရသည်။

၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလက ပြည်တွင်ပြန်လည်ဝင်ရောက်လာသည့် ဘေကျင်း (ပီကင်း) ပြန် ရဲဘော်ဖေ သောင်းလည်း ပြည်တွင်းပြန်ရောက်ပြီး မြစ်ဖျားတိုင်းတွင် တာဝန်ယူခဲ့သော်လည်း ၁၉၆၈/၆၉ ခုနှစ်ခန့်က မြစ်ဖျားတိုင်းကို စွန့်ခွါပြီး အရှေ့မြောက်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု ကြားသိရသည်။ ၁၉၇၅ ခုနှစ် မေလတွင် ကြေညာသည့် CPB ဗဟိုကော်မတီစာရင်းတွင် ပါဝင်သည်ကိုတွေ့ရသည်။ တိုင်းတပ်မှူးတာဝန်ယူခဲ့သော ဗိုလ်အောင်ကျော်မိုးကတော့ တိုက်ပွဲ တွင် အဖမ်းခံရပြီး ထောင်တွင်းသို့ရောက်နေသည်ဟုကြားရသည်။

ထိုသူတို့ဦးစီးလှု ပ်ရှားခဲ့ဘူးသော ထိုဒေသတွင် ရောက်ရှိနေသော မိမိသည် တချိန်တွင် ထိုသူများနှင့် နီးနီးကပ်ကပ်နေ၍ အတူတကွအလုပ်လုပ်ရလိမ့်မည်ဟု ထိုစဉ်က သိရှိမျှော်လင့်မထားခဲ့ပါ။ ထိုစဉ်ကတော့ ထိုနေရာထိုဒေသ၌ CPB အခြေစိုက် စည်းရုံးလှုပ်ရှားခဲ့သည်ဖြစ်ရာ ယခင်ပတ်သက်ရာ ပတ်သက်ကြောင်းများဆိုရလျင် ပါတီအမာခံများနှင့်တွေ့၍ ထိုစဉ်က အကြောင်းအရာသိရှိလိုသည်။ သို့သော်လည်း မိမိအနေအထားက ထွက်ပြေးနေရသည်ဖြစ်ရာ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ပြောဆိုရန် အခွင့်မသာခဲ့ပါ။

မိမိစိတ်ဝင်စားသည်မှာ အဘယ်ကြောင့် မြစ်ဖျားတိုင်းမှ CPB အဘယ်ကြောင့်ဆုတ်ခွာခဲ့ရပါသနည်း၊ မြစ်ဖျားတိုင်းအခြေခံ ဒေသကို အဘယ်ကြောင့်စွန့်ခွာခဲ့ရပါသနည်းဆိုသည့်အချက်ဖြစ်သည်။ တကယ်တော့ထိုဒေသသည် တောင်မြင့်မြင့်မားမားမရှိဟုဆိုနိုင်သော်လည်း အထိုက်အလျောက်တော့ရှိသည်။ အဓိတောထူသည်။ တရွာနှင့်တရွာနှင့်ကြား ကြီးမားကျယ်ပြန့်သောတောအုပ်များရှိသည်။ မော်တိတ်မှ အသွားအပြန် တနေကုန်သွားရသည့် နမီးချောင်းဖျားရှိ တားဖလာ၊ ခိုချေး၊ မင်းကုန်း စသည့် ရွာများကြား တောထူထပ်သည်ကို ကိုယ်တိုင်သွားလာခဲ့ဘူးသည်။ အလားတူ ထိုဒေသတွင် တရွာနှင့်တရွာကြား တောများကို ဖြတ်သန်းရသည်ဟု ဒေသခံများက ဆိုကြသည်။ ထိုတော ထိုတောင်များတွင် မဲဇာမြစ်သာမက ချောင်းငယ် များလည်း ပေါများသည်။ လှုပ်ရှားသွားလာနေထိုင်ရန်အခွင့်သာသည်။

သို့ဖြစ်ရာ အဆိုပါဒေသမှ CPB အခြေခံဒေသဆုံးရှုံးခြင်းမှာ အဘယ် ကြောင့်ပါနည်း။ လူထုထောက်ခံမှု ဆုံးရှုံးသွား၍လော။ အစိုးရစစ်တပ်က ဖြတ်လေးဖြတ်နှင့် ဝိုင်းပတ်ထိုးစစ်ဆင်နိုင်၍လော။ လက်နက်ခဲယမ်းမီးကျောက် ရရှိရန်ခက်ခဲ၍လော။ ပါတီ၏စစ်ရေး နိုင်ငံရေးလမ်းစဉ်တို့ မှားယွင်း ချွတ်ချော်ခဲ့၍လော။ ဦးစီးဦးဆောင်ပြုသူ ပါတီကေဒါများ၏ အရည်အသွေး ကြောင့်လော စသည်ဖြင့် မေးခွန်းများစွာပေါ်ခဲ့သော်လည်း တိကျသောအချက်အလက်များ မရရှိနိုင်သဖြင့် ကောက်ချက်ချရန် မဖြစ်နိုင်ခဲ့ပေ။

ပင်လယ်ဗူး ဗန်းမောက်ဒေသဆိုသည်မှာ သံလမ်းရိုးဟု ဒေသခံများခေါ်ဆိုကြသည့် မန္တလေး မြစ်ကြီးနားရထားလမ်းပေါ်ရှိ ဝန်းသို အင်းတော်လျှောက်နှင့် အနောက်ဖက်ရှိ ချင်းတွင်းမြစ်ကြားရှိဒေသဖြစ်သည်။ ထိုစဉ်ကCPB မြစ်ဖျားတိုင်းအခြေခံဒေသ စွန့်ခွာခဲ့ရသော်လည်း အင်းတော်အထက်ကချင်ပြည်နယ် နယ်နမိတ်တွင်းရှိ မော်လူး မော်ဟန် နန့်စီးအောင် မိုးညှင်းတို့၏ အနောက်ဖက်တကျော အင်းတော် မော်တိတ် ဗန်းမောက် ကားလမ်း၏မြောက်ဖက်တွင် KIA ကချင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အခြေချ လှုပ်ရှားနေနိုင်သည်ကို တွေ့နေရသည်။

မိမိရောက်သည့် ၁၉၇၅ ခုနှစ် နှစ်ဆန်းကာလကပင် ဗန်းမောက်မြို့အား KIA ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။ KIA မှ ဗိုလ်ကျွန်းမြိုင်ဦးဆောင်၍ စီးနင်းသည်ဟုဆိုသည်။ ထိုချိန်ကသတင်းစာထဲတွင်ပင် သတင်းဖေါ်ပြခဲ့သေးသည်။ ဗိုလ်ကျွန်း မြိုင် တကယ်ဦးစီးမစီးတော့ မသေချာပါ။ သို့သော် KIA တပ်ဖွဲ့တွင်း၌ ကချင်မဟုတ်သော ရှမ်းနီတယောက် ဗိုလ်ဖြစ်နေ၍ ပေါ်လွင်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ KIA အနေနှင့် အဆိုပါဒေသအထက်ဘက်ရှိ မိုးညှင်းအရှေ့အနောက် ဒေသများတွင် ယနေ့တိုင် နှစ်ပေါင်းများစွာ အခြေချနေထိုင်နိုင်ခဲ့ရာ ပင်လယ်ဗူး ဗန်းမောက်ဒေသနှင့် ပို၍နှိုင်းယှဉ်စဉ်းစားလို စိတ် ပေါ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က မြစ်ဖျားတိုင်းမှ ကွန်မြူနစ်တပ်ဖွဲ့ဝင်များအားလုံး အဖမ်းခံသူခံရ အရှေ့မြောက်ရောက်သူရောက်ဟု လက် ကျန်မရှိတော့ဟု ထိုစဉ်ကထင်ခဲ့သော်လည်း ထိုစဉ်က မြစ်ဖျားတိုင်းမှ လက်ကျန်တပ်ဖွဲဝင်တဦးသည် မိုးညှင်းအနောက် ဖက်ရှိ KIA တပ်ဖွဲ့တွင် အကူအညီတောင်း၍ခိုလှုံနေခဲ့ကြောင်းကို နောက် ၅ နှစ်ကြာမှ သိခဲ့ရပါတော့သည်။

● မော်တိတ်အားနှုတ်ဆက်ခြင်း
မော်တိတ်၌ ၃ လခန့်ကြာပြီးနောက် မိမိအားခေါ်ရန် မိမိဖခင်လွှတ်လိုက်သည့် ဦးသောင်းရွှေရောက်လာသည်။ အရှေ့မြောက် နှင့်ဘဲ အဆက်အသွယ်ရပြီလော သို့မဟုတ် မော်တိတ်တွင် အနေကြာ၍ နေရာရွှေ့သည်လောသေချာစွာတော့ မသိရ သေးပေ။

“ကိုဦးရေ ငါးချဉ် သုံးလေးပုံးဖိုးရှာရရင် အမြန်ပြန်ခဲ့ပေါ့မောင်” ဟု မိမိနှင့်ခင်မင်နေသော မော်တိတ်သူ မယုံက နောက်ပြောင်၍ နှုတ်ဆက်သည်။ မော်တိတ်သူ မစောမြကတော့ သူထုံးစံအတိုင်း နှုတ်ခမ်းကိုစေ့ မျက်နှာပေးတင်းတင်းထားပြီး မျက်စောင်း ထိုး၍ နှုတ်ဆက်သည်။ သို့နှင့် မော်တိတ်ရွာသည် အတိတ်၌ကျန်ခဲ့တော့သည်။

ယခုအချိန်တွင်တော့ ဦးလေးဦးအောင်ခင်နှင့် ကိုဇော်ထွေးတို့ ကွယ်လွန်သွားရှာပြီ။ မယုံတို့ မစောမြတို့လည်း သားသမီး မြေးမြစ်တို့ ပွားစီးနေလောက်ပေပြီ။ ဘကြီးအံ တယောက်ရောရှိသေးရဲ့လား မပြောတတ်တော့။ အနှစ် ၄ဝ ကျော်ကြာခဲ့ပေပြီ။ မော်တိတ်သို့ မိမိနောက်တခေါက် ပြန်မရောက်ဖြစ်တော့ပေ။ တံတားအောက်၌ ရေများစွာ စီးဆင်းသွားခဲ့ပေပြီ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်