မြဇင်ယော် ● ငါ့ဝမ်းမနာ သားသက်လျာ

February 15, 2017

မြဇင်ယော် ● ငါ့ဝမ်းမနာ သားသက်လျာ
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇

“သာဓု… သာဓု…. သာဓု ။ အခုလို ကန်တော့ရတဲ့ အကျိုးအားကြောင့် မိမိအတွက်၊ မိဘဆရာသမား ကျေးဇူးရှင်တွေအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေဗျား”

ဆုပေးနေရင်းက ဒီကလေးကို ပြုံးပြီး ကြည့် မိတယ်။ အရပ်တွေ ရှည်လာတယ်။ အသားတွေဖြူလာပြီး ဥပဓိရုပ်က ခန့်ခန့် ညားညားနဲ့ ယောက်ျားပီသလာတယ်။ ဒါက အပြင်ပိုင်းလူတိုင်းမြင်သာတဲ့ ရုပ်လက္ခဏာတွေပါ။ သူ့ရဲ့အတွင်းစိတ်တွေ ဘယ် လောက်ပြောင်းသွားလဲဆိုတာကတော့ ဝမ်းမနာအဖေဖြစ်တဲ့ ကျုပ်က အသိဆုံးပါ။
*-*-*-*-*-*-*-*

ကျုပ်နာမည် သိန်းဆွေပါ။ အထက်တန်းပြဆရာ၊ အင်္ဂလိပ်စာသင်တယ်။ အခုတော့ ပင်စင်ယူပြီးပါပြီ။ ပင်စင်ယူပြီးအေးအေး ချမ်းချမ်းလေး နေချင်ပေမယ့်ဝါသနာက တားမရဘူးဗျ။ ရွာတွေမှာနေကြတဲ့ တပည့်ဟောင်းတွေက သူတို့သားသမီးတွေကို လာအပ်ကြရင် လက်ခံပြီး သင်ပေးလိုက်တယ်။ အိမ်နီးချင်း ကလေးတွေလည်းမလွတ်ဘူး။ သချာင်္အတွက်ကလည်း ဝါသနာ ပါတော့ အင်္ဂလိပ်၊ သချာင်္ နှစ်ဘာသာ သင်ပေးလိုက်တယ်။

အပြင်ကျူရှင်ပေါ့။ ကျူရှင်လစာလား။ ကျုပ်အတွက် ကျူရှင်လစာဆိုတာက အာလူးပေးရင် အာလူးပေါ့ဗျာ။ ကြက်သွန်နီ ပေးရင် ကြက်သွန်နီပေါ့။ ခရမ်းချဉ်သီး၊ စပါး၊ ပဲဆီ၊ နှမ်းဆီ၊ မြေပဲ အစုံပါဘဲ။ သူတို့ပေးတာ ကျုပ်လစာပါဗျာ။ ပိုက်ဆံရှိတဲ့မိဘက အဝတ်အစားလေး ကန်တော့ရင်လည်း ယူလိုက်တာဘဲ။ ဘာမှပေးစရာ မရှိတဲ့မိဘရဲ့ ကလေးတွေလည်း ကျုပ်လက်ခံပါတယ်။ သူတို့လေးတွေရှိနေလို့ လူပျိုကြီး ပင်စင်စား ကျုပ်ဘဝ စိုပြည်နေတာ။ ကျေးဇူးတောင်တင်ရမှာ။

တနေ့ ကျုပ်စာသင်နေတုန်း ညီအစ်ကိုလိုခင်နေတဲ့ ကျုပ်ဇာတိရွာက မောင်ထွန်းဖေရောက်လာတယ်။ အထုပ်အပိုးတွေရော ကျောင်းသားအရွယ် ကလေးတစ်ယောက်ရောပါလာတော့ ခရီးဦးကြိုပြီး လာရင်းကိစ္စမေးရတာပေါ့။

“အကိုကြီးရာ ကျုပ်အသက်ကြီးမှ အိမ်ထောင်ကျတာ ဒီသားလေးတစ်ယောက်ပဲ ထွန်းကားပါတယ်”

“ငါသိပါတယ်ကွာ။ ဒီအရွယ်တောင်ရောက်နေပြီဘဲ၊ ဘယ်နှတန်းတက်ရမှာတုံးကွ”

“ရှစ်တန်းတက်ရမှာပါ၊ အဲဒါ အကိုကြီးနဲ့ ထားချင်လို့”

“ဟ မောင်ထွန်းဖေရ၊ ငါက တကိုယ်တည်းသမားကွ။ ကောင်းကောင်းမွန်မွန် ချက်ပြုတ်စားသောက်တာမဟုတ်ဘူး။ ကလေး ဘယ်အဆင်ပြေမလဲကွ”

ထိုအချိန် မောင်အေးချမ်းလေးကတော့ သင်္ချာပုစ္ဆာဖတ်ပြီး ဘယ်လိုတွက်ရမှာ ဘယ်ပုံတွက်ရမှာနဲ့ ငြင်းခုန်နေကြတဲ့ ကလေး တွေနား ရောက်နှင့်နေပြီ။

“အကိုကြီးကို အားကိုးလို့လာတာပါ။ ရွာမှာက လ (ခွဲ) ပွင့်နေပြီဆိုတော့ မြို့ကို မပြောင်းစေချင်ကြဘူးဗျ။ ကျုပ်အကြောင်းနဲ့ ကျုပ်ဆိုတော့ ဇွတ်ပြောင်းလာတာဗျ”

“မင်းအကြောင်းက ဘာတုန်းကွ”

“ကျုပ်သားလေးကို တရွာလုံးက လူရှုပ် လူပွေလေးလို့ သတ်မှတ်ထားကြတာဗျ၊ နာမည်အရင်းတောင် မခေါ်ကြဘူး။ သပွတ် အူလိုကောင်ဆိုပြီး သပွတ်လို့ ခေါ်ကြတာဗျ၊ သားကလေးတယောက်တည်းဆိုတော့ ကျုပ်လည်း မပြောက်ရက်ဘူးဗျာ။ အကိုကြီးကို အားကိုးပါတယ်ဗျာ။ ကျုပ်တုန်းကလည်း အကိုကြီးစောင့်ရှောက်ခဲ့တာဘဲ။ ကျုပ်သားလေးကိုလည်း စောင့်ရှာက် ပေးပါဗျာ”

“ဟေ”

ဒါဘဲ ပြောတတ်တော့တယ်။ ကျုပ်ကို အားကိုးလို့ ရွာနဲ့တောင် အတိုက်အခံလုပ်ပြီး ပြောင်းလာတာကိုးဗျ။

“အေးပါကွာ၊ ငါစောင့်ရှောက်ပေးပါ့မယ်၊ စိတ်ချလက်ချ ထားသွားပါ”

“အမယ်လေး ဝမ်းသာလိုက်တာဗျာ” ဆိုပြီး မြေပဲတစ်တင်းနဲ့ ထိုင်ကန်တော့သွားတာ။ အဲ့ဒီအချိန်ကစပြီး မောင်အေးချမ်း တယောက် ကျုပ်ရဲ့ဝမ်းမနာသားလေးဖြစ်သွားတယ်။
-*–*—*—*–

ရွာကလူတွေ တွေ့တိုင်း မောင်အေးချမ်းလေး အကြောင်းမေးကြည့်မိတယ်။ လူတိုင်းက ကျုပ်အိမ်ထဲမှာ ပေါက်ခါနီးဗုံးတလုံး ထည့်ထားသလို ပြောကြတယ်ဗျာ။ ကျုပ်စဉ်းစားကြည့်တယ်။ ကလေးဆိုတာ မသိနားမလည်လို့ လုပ်တာဗျ။ လူကြီးတွေက အကျိုးအကြောင်း မသွန်သင်ဘဲ လူဆိုးလို့ တံဆိပ်ခတ်ပေးလိုက်ကြတာ။ ကလေးကို တရားဝင်လိုင်စင်ချပေးလိုက်တာနဲ့ အတူတူဘဲ။

တခါကဆို ကျုပ်တပည့်မတယောက်။ သူ့သားလေး KG တက်နေတယ်။ တနေ့ကျတော့ ကလေးက “မေမေ တား မေမေ မတိအောင် ပိုက်ချံယူပြီး မုန့်ဝယ်ချားလိုက်တာ” တဲ့။ ကလေးက  ပြန်ပြောပြတာ။ အဲ့ဒါကို သူ့အမေက တုတ်ကိုင်ပြီး “အဲ့ဒါ ခိုးတာဘဲ။ နင်သူခိုးလား၊ လာစမ်း” ဆိုပြီး ရိုက်မလို့လုပ်တာ။ ကလေးက ကြောက်သွားတာ တုန်လို့။ တကယ်ဆို မအေက “သားလေးလိုချင်ရင် မေမေ့ကိုပြောနော်၊ ပိုက်ဆံဆိုတာ အလွယ်မသုံးရဘူး၊ နောက်တခါ မေမေ့ပစ္စည်းဖြစ်ဖြစ် ဘယ်သူ့ ပစ္စည်းဖြစ်ဖြစ်  မပေးရင် မယူရဘူးနော်” စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုလေးသာ သင်ပေးလိုက်၊ အကြာကြီးမသင်ရပါဘူး။ က လေးက လက်ခံမှာပါ။

အခု မောင်အေးချမ်းလေးလည်း အဲ့ဒီလိုနေမှာဘဲ။ နေမထွက်ခင် တောထဲကိုသွား၊ နေဝင်ပြီးမှ အိမ်ပြန်ရောက်တဲ့ မောင်ထွန်း ဖေရော၊ ယောက်ျားနဲ့နေ့စား အလုပ်သမား တကျိပ်ကျော်ကို အချိန်မီထမင်းပို့နိုင်ရေး၊ တောက်တိုမယ်ရ ယာအလုပ်လုပ် ကူနိုင်ရေး လုံးပမ်းနေရတဲ့ မသန်းဆယ်ရော သားကလေးကို အဲဒီလောက် ဂရုစိုက်ပြီး သွန်သင်ပေးနိုင်မှာ မဟုတ်ပေဘူး။ ငါကြိုးစားကြည့်ရမယ် လို့တွေးမိတယ်။ အရင်ဆုံးသားကို ကျုပ်နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ ထ (၁)၊ တပ်ကုန်းကို အပ်လိုက် တယ်။ ပြီးတော့ တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့ ဗုဒ္ဓ ဓမ္မ ယဉ်ကျေးမှုကျောင်းကိုလည်း အပ်လိုက်တယ်။
–*–*–*–*–*

သားလေးကျောင်းအပ်ပြီးမှ ပင်စင်ရကတည်းက မရောက်တော့တဲ့ကျောင်းကို အကြိမ်ကြိမ်သွားရတယ်။ စာသင်ချိန်မှာ အပြင်ထွက်နေလို့၊ မိန်းကလေးတွေကိုစလို့၊ ရန်ဖြစ်လို့၊ ဆေးလိပ်သောက်တာ မိလို့၊ စာမေးပွဲကျလို့၊ Report card ကိုပြင်လို့။ အမျိုးအမည် မထပ်တဲ့ခေါင်းစဉ်တွေနဲ့ ခဏခဏ အတိုင်ခံရတယ်ဗျာ။ ကျောင်းအုပ်ဆရာမကြီးဆီမှာ ဝန်ခံကတိလက်မှတ်ထိုး ရတာက သုံးကြိမ်၊ အတန်းပိုင်ဆရာမနဲ့ မိဘတွေကိုတောင်းပန်ရတာလည်း အကြိမ်ကြိမ်ပါဘဲဗျာ။ သူ့ကွယ်ရာမှာ ဘယ်တော့ မှ မတောင်းပန်ဘူး။ သူ့ရှေ့တင် လေးလေးစားစားတောင်းပန်ပြတယ်။ “ကလေးက စိတ်ရင်းလေးကောင်းပါတယ်၊ ကျွန်တော့် လိုအပ်ချက်တွေကြောင့် ဖြစ်ရတာပါ။” လို့လည်း ထည့်ပြောဖြစ်အောင်ပြောတယ်။ အဲ့ဒီလိုအချိန်ဆို မျက်နှာလေးငယ်ပြီး အားနာသလိုလေး ကြည့်နေတတ်တယ်။ လိမ္မာသွားပြီလို့ မတွက်နဲ့။ သိပ်မကြာခင် နောက်တခါ တောင်းပန်ရအောင် သူ လုပ်တာဘဲ။

ဘယ်လိုတွေ တောင်းပန်နေရပါစေ။ ကျုပ် သူ့ကို လုံးဝ အပြစ်မပြောဘူး။ ပုံမှန်လေး ဆက်ဆံတယ်။ တနင်္ဂနွေနေ့ညနေတိုင်း သူတက်နေတဲ့ ယဉ်ကျေးမှုကျောင်းကစာတွေကို စိတ်ဝင်တစား မေးပေးတယ်။

အာရုံလေးပြောင်းစေချင်လို့ပါ။ အစကတော့ သားက စိတ်မဝင်စားဘူးဗျ။ ကျုပ်လည်း ဇွဲမလျှော့ဘူး။ ဖြေဖြေ မဖြေဖြေ “ဒီနေ့ သား ယဉ်ကျေးမှုကျောင်းမှာ ဘာသင်ခဲ့ရလဲ။ ဘာစာအုပ်လေးတွေ ဖတ်ခဲ့လဲ” ဆိုပြီး မေးပေးတာဘဲ။ တဖြည်းဖြည်းနဲ့ သားက စိတ်ပါလက်ပါ ရှင်းပြတတ်လာတယ်။ သူတို့ကျောင်းမှာ ဗုဒ္ဓဝင်၊ အခြေခံ ဗုဒ္ဓဘာသာ၊ လောကနီတိ၊ ယဉ်ကျေးမှု ကျင့်ဝတ် ဘာသာတွေ သင်ရတယ်တဲ့။ ဒီနေ့ မေးခွန်းဖြေနိုင်လို့ ဘုန်းဘုန်းက သားကိုဆုချတယ်။

ဒီနေ့ ကျပန်းစကားပြောပြိုင်ပွဲ ဝင်ပြိုင်ရတယ်။ သား နှစ်သိမ့်ဆုရတယ်။ ဒီနေ့ ကစားစဉ် ယဉ်ကျေးခြင်း သင်တာ၊ ဆရာမက အုပ်စုဖွဲ့ပြီး ကစားခိုင်းတယ်။  ရှေ့တပတ် စနေနေ့ကျရင် စစ်သမိုင်းပြတိုက်နဲ့ အမျိုးသားပြတိုက်ကို လိုက်ပို့မှာတဲ့။ ၅၅၀ နိ ပါတ်တော်ထဲက ဘာဇာတ်တော်ကို ပြောပြလိုက်တယ်။ စုံနေတာဘဲဗျာ။

တခါတလေလည်း ယဉ်ကျေးလိမ္မာ ဂျာနယ်လေးတွေ၊ ဘာသာရေး ရုပ်ပြစာအုပ်လေးတွေဖတ်နေတာ တွေ့တယ်။ နောက် တော့ ကျုပ်စာအုပ်စင်ကိုပါ မွှေပြီး ဖတ်တော့တာဘဲ။ ကျုပ်လည်း သူနဲ့သင့်တော်တဲ့ စာအုပ်လေးတွေ ရှာဝယ်ပေးရတာပေါ့ဗျာ။ စာဖတ်ချိန်တွေများလာတယ်။ ကျောင်းကိုလည်း ဖတ်လက်စစာအုပ်လေးတွေ ယူသွားတာတွေ့တယ်။ စာသင်ချိန်မှာ မ ဖတ်ဖို့ အားလပ်ချိန်မှဖတ်ဖို့ သတိပေးရတယ်။
–*–*–*–*–

အခုဆို သားက စည်းကမ်းရှိလာတယ်။ ပြောပုံ ဆိုပုံ စရိုက်လေးတွေ ကောင်းလာတယ်။

“သားကို ဘာနဲ့စည်းရုံးထားတာလဲ၊ ငြိမ်သွားတယ်နော်၊ နှစ်စကလို မဟုတ်တော့ဘူး”

“ဆရာကြီးတူလေးကလေ စာတွေရလာတယ်၊ ရည်ရည်မွန်မွန်လေးလည်း ဖြစ်လာတယ်နော်”

“အရင် အပေါင်းအသင်းတွေနဲ့ သိပ်မတွဲတော့ဘူး၊ စာလုပ်ရင်လုပ်၊ မလုပ်ရင် စာဖတ်နေတာဘဲ၊ ပြောင်းလဲသွားတယ်နော်”

ကျောင်းစုံညီပွဲတော်ရောက်တော့ သူ့ဆရာ ဆရာမတွေပြောတဲ့စကား။ ကျုပ်လား။ ဘယ်ပြောကောင်းမလဲဗျာ။ ဝမ်းသာပြီး သွားကိုမစေ့နိုင်ဘူး။

အထက်တန်းမှာ ပိုပြီးကြိုးစားလာတယ်။ သူနားလည်လာပြီ။ “သားလေ အရင်တုန်းက မလုပ်နဲ့ဆိုမှ လုပ်ချင်တာ။ ခဏခဏ အရိုက်ခံရတယ်။ အငေါက်ခံရတယ်။ ဒါလည်းမမှတ်ဘူး။ ပိုပြီးရွဲ့ချင်တယ်။ အခု မဟုတ်တာ မလုပ်ချင်တော့လို့ကို မလုပ် တော့တာတဲ့” တက္ကသိုလ်ဝင်တန်းကို ၃ ဘာသာဂုဏ်ထူးနဲ့အောင်တယ်။ အခြေခံကျန်းမာရေး တက္ကသိုလ်တက်မယ်တဲ့။ ရပ်ရွာကို ကျန်းမာရေးဘက်က ကျေးဇူးပြုမယ်တဲ့။ အခုရွာမှာ စာဖတ်အသင်းလေးလုပ်ထားလို့ ပြန်ဆက်ကို စာအုပ်တွေ လာငှားတာပါတဲ့။ “သား ပြန်လိုက်ပါဦးမယ် ဘဘကြီး” တဲ့။ ထိုင်ပြီးကန်တော့တယ်။

ပြန်သွားတဲ့ သားရဲ့ကျောပြင်ကို ကျေးဇူးတင်စိတ်တွေ၊ ပီတိမျက်ဝန်းတွေနဲ့ငေးကြည့်ရင်း…. နောက်ထပ် သားလို ကလေး ပေါင်း မြောက်မြားစွာကို မျှော်လင့်ရင်း…..။

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags