ကျော်ဆွေ – အစ်ကို ကိုဝင်းဖေ(မောင်စွမ်းရည်) အသက် ၈၀ ပြည့် မွေးနေ့သို့ ကန်တော့ပန်း စာလွှာ

February 17, 2017

– အစ်ကို ကိုဝင်းဖေ(မောင်စွမ်းရည်) အသက် ၈၀ ပြည့် မွေးနေ့သို့ ကန်တော့ပန်း စာလွှာ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
(၁)

၂၀၁၇ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဟာ အစ်ကို(ကိုဝင်းဖေ၊ ငဝက် မောင်စွမ်းရည် – ကဗျာဆရာ၊ စာပေဝေဖန်ရေး ဆရာ) အသက် ၈၀ ပြည့် မင်္ဂလာ အခါသမယ နေ့ထူးနေ့မြတ် ဖြစ်ပါ တယ်။

အစ်ကို့ကို အဖေ ဦးသိန်းဖေနဲ့ အမေ ဒေါ်တင်ကြည်တို့က မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်ထဲက မြင်းခြံမြို့နဲ့ ကျေးလက်အခေါ် ၃ တိုင်(၆ မိုင်) အကွာ၊ မြို့ရဲ့ အရှေ့လက်မှာရှိတဲ့ ကံဆင့်တောင်ရွာလို့ ခေါ်တဲ့ ရွာငယ် လေးတရွာမှာ မွေးဖွားခဲ့တာပါ။ အခုအချိန် ပြန်လှည့်ကြည့်လိုက်တော့ အဖေ့ဘက်မှာရော၊ အမေ့ဘက်မှာပါ အစ်ကိုနဲ့ သက်တူရွယ်တူ ဆွေမျိုးရင်းချာရယ်လို့ တယောက်တလေမျှ အသက်ထင်ရှား မရှိရှာကြတော့ပါဘူး။ ကြေကွဲ စိတ်ထိခိုက်စရာပါ။

အစ်ကိုတဦးတည်းသာ ဇနီးသည်ရော သားသမီး မြေးစုံလင်စွာ၊ မိတ်ဆွေ အပေါင်း အသင်းစုံစွာနဲ့ အမေရိကန်၊ နယူးယောက်မှာ မိမိဝါသနာပါရာ ကဗျာ၊ စာပေများ ရေးသားပြုစု၊ ကလောင် လက်နက် စွဲကိုင်ရင်း စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ရင်း ကျန်းကျန်းမာမာ နေထိုင်လျက်ရှိနေတယ်လို့ ကြားသိနေရပါတယ်။ ကုသိုလ်ထူးသူ တယောက်ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် အစ်ကို့ အသက် ၈၀ ပြည့်၊ နေ့ထူးနေ့မြတ် မင်္ဂလာအခါသမယမှာ အစ်ကို၊ ဇနီး- သားသမီး မြေးများနဲ့အတူ အသက်ရာကျော်တိုင် ကျန်းကျန်းမာမာ ရှိနိုင်ပါစေကြောင်း အဝေးရောက် ညီငယ်တယောက်အနေနဲ့ ဆုတောင်း ပထနာပြုရင်း ဒီ ဆောင်းပါးကို ရေးလိုက်ပါ တယ်။

(၂)

အစ်ကို ကိုဝင်းဖေဟာ ဖေဖေဦးသိန်းဖေ၊ အမဒေါ်တင်ကြည်(ကျွန်တော်တို့က အမေကို အမလို့ ခေါ်ပါ တယ်။) တို့ရဲ့ တအူတုံဆင်း မွေးချင်း ၁၂ ယောက်အနက်မှ စတုတ္ထ သားရတနာပါ။ အစ်ကို့ကို မမွေးခင် အမေဒေါ်တင်ကြည်က မောင်သာဓု၊ မောင်ကိုကြီးနဲ့ မမိုးဆိုတဲ့ ကျွန်တော်တို့ ညီငယ်၊ နှမငယ်တွေ မမြင်ဘူးလိုက်တဲ့ သားသမီးရတနာ ၃ ဦး မွေးဖွား ခဲ့ပါသေးတယ်။ (ဒီ ၃ ယောက် ကြီးစဉ်ငယ်လိုက် ဟုတ် မဟုတ် မမှတ်မိတော့ပါ၊ အမေ ဒေါ်တင်ကြည် အသက်ထင်ရှား ရှိစဉ် ပြောပြထားတဲ့ ကိုယ် မမြင်ဘူးလိုက်တဲ့ အစ်ကို အစ်မတွေအဖြစ် မှတ်သားထားတဲ့ အမည်တွေသာ ဖြစ်ပါတယ်။)

အဲဒီ ၃ ယောက် အဖတ် မတင်ဘဲ စတုတ္ထမြောက်မွေးလာတဲ့ အစ်ကို ကိုဝင်းဖေကို ကျွန်တော် မမြင်ဘူးလိုက်တဲ့ အဘိုး ဦးဘိုးထီ(ဖေဖေ့ အဖေ) က “မယ်တင်ကြည် – ညည်း အရင်ကလေးတွေလည်း တယောက်မှ အဖတ်မတင်ဘူး၊ ဒါကြောင့် မယ်ရွှေသင့် မှာလည်း လက်ရှိနို့စို့ကလေးရှိနေတယ်၊ ညည်း သားနဲ့ မတိမ်းမယိမ်းပဲ။ သူ့ကို နို့တိုက်မွေးခိုင်း လိုက်ပါ”လို့ ဆိုသတဲ့။ အမေ ဒေါ်တင်ကြည်ဟာ ရှေ့မှာလည်း တယောက်မှ အဖတ်မတင်တာနဲ့ အစ်ကို့ကို ‘မမယ်သင့်’ဆီ နို့တိုက်မွေးဖို့ ပေးထားခဲ့ရတာလို့ သိခဲ့ရပါတယ်။ ဒီလိုနဲ့ အစ်ကို့ ငယ်နာမည်ကိုလည်း ကျေးလက်တွေမှာ ကလေးအဖတ်မတင်ရင် ပေးလေ့ရှိတဲ့ အတိုင်း ‘ငဝက်’လို့ အမည် ပေးခဲ့တာ ဖြစ်ဟန်တူ ပါတယ်။

ဒါနဲ့ အစ်ကိုအောက်က ဆက်တိုက်မွေးလာတဲ့ သမီးကိုလည်း ဖေဖေနဲ့ အမတို့က ‘မိခွေး’လို့ ပေးခဲ့ပုံရပါတယ်။ ကျွန်တော်တို့ခေါ်တာကတော့ ‘အဌေး’တဲ့။ တကယ် နာမည်ကတော့ ‘ခင်ဌေးရီ’ ‘မဌေးရီ’ပါ။ အဲဒီနောက် ဆဋ္ဌမမြောက် သမီးရတနာကိုတော့ ကလေးရှိမှန်းတောင် မသိရအောင် အေးလို့ ‘မအေး’လို့ အမည်ပေး ခဲ့ပါသတဲ့။ အခုတော့ အစ်ကို့ရဲ့ ဒီနှမ ၂ ယောက်၊ ကျွန်တော်တို့ရဲ့ ဒီအစ်မကြီး ၂ ယောက်စလုံးလည်း ကွယ်လွန်ကုန်ကြပါပြီ။ အဲဒီ‘မအေး’၊ ကျွန်တော်တို့ အခေါ် မမအေး အောက်မှာ သားယောက်ျားလေးတဦး အမေဒေါ်တင်ကြည်က မွေးခဲ့ပြန်ပါတယ်။ ‘ဗိုလ်အောင်ဆန်း’လို့ ခေါ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ခေတ်စား နေတဲ့ ကာလမှာ မွေးခဲ့ပုံရပါတယ်။ (သေချာ မမေးမြန်းခဲ့ဘူးပေးမယ့် ဖြစ်နိုင်ပါတယ်၊ အဖေ့ညီတွေက နိုင်ငံရေးသမားတွေပါ)။ သူလည်း ငယ်ငယ်ရွယ်ရွယ် ဆုံးပါး သွားပုံရပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့် အထက် က အစ်ကို အစ်မအဖြစ် စာရင်းမှာ မှတ်သားထားတာလောက်ပဲ ရှိပါတယ်။ အဲဒီနောက်မှာ သမီးရတနာတဦး ထွန်းကား ခဲ့ပြန်ပါတယ်။ ‘တင်သိန်းကြည်’လို့ ခေါ်ပါတယ်။ အဖေနဲ့ အမေ နာမည် ၂ ခုပေါင်းစပ်ထားတဲ့ အမည်လေးပဲ။ ကျွန်တော် တို့က ‘အကြည်’လို့ ခေါ်တာပါ။ သူလည်း အသက် ၅၀ ပတ်ဝန်းကျင်မှာ ဆုံးပါးသွားခဲ့ရှာတယ် လို့ဆိုပါတယ်။

ကျွန်တော်က ၁၉၇၈ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက လက်နက်ကိုင် တော်လှန်ရေးသမားအဖြစ် မိသားစုနဲ့ ခွဲခွာသွားခဲ့သူ ဖြစ်နေတော့ မိသားစုကိစ္စတွေ စုံစုံလင်လင် မသိနိုင်တော့ ပါဘူး။ သူ့နဲ့ ကျွန်တော်နဲ့က ဆက်တိုက်ပါ။ ကျွန်တော်က သူ့အောက်မှာ သူ့မောင်လေး အဖြစ် မွေးလာသူပါ။ အမည်က ‘ကျော်ဆွေ’ပါ။ ဒီနာမည် ပေးခဲ့သူက အထက်မှာ ရေးခဲ့တဲ့ အစ်ကို ကိုဝင်းဖေ (ငဝက်) ပါတဲ့။ ခေတ်ပျက်မှာ တောကြိုအုံကြား ရောက်လာတဲ့ ရုပ်ရှင် ကြော်ငြာ တရွက်ကို အစ်ကိုတွေ့ သတဲ့။ အဲဒီမှာ ရုပ်ရှင် မင်းသား ကျော်ဆွေနဲ့ကျော်ဖေတို့က ရှမ်းဘောင်းဘီ အနက်တွေဝတ်ထားပြီး ဓားခုတ်နေတဲ့ ပုံတွေတွေ့ရတော့ သဘော ကျသတဲ့။ ရုပ်ရှင်လည်း ကြည့်ချင်တဲ့ ဆန္ဒဖြစ်နေမိပြီး ဒီအမည်တွေကို စွဲလမ်းနေမိသတဲ့။ အဲဒီတုန်း က ဆွေမျိုးထဲမှာ ကျွန်တော်နဲ့ မီးဝင်မီးထွက် မီးဖွားထားသူ သားယောက်ျားလေး တယောက်ကလည်း ရှိနေပါပြီ။ ဒါနဲ့ အဲဒီ ၂ ယောက်ကို ကျော်ဆွေနဲ့ ကျော်ဖေလို့ နာမည် ပေးလိုက်ပါ သတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ အဖေရဲ့ညီ နိုင်ငံရေးသမားတွေက ‘သခင်စိုး’ကို လေးစားသူ တွေဖြစ်ကြတော့ ကျော်ဖေကို ကျော်စိုးလို့ ပြောင်းပစ်ပါတယ်။ ဒါနဲ့ ကျော်ဆွေနဲ့ ကျော်ဖေ ဖြစ်မလာဘဲ၊ ကျော်ဆွေနဲ့ ကျော်စိုးဖြစ်သွားခဲ့ပါတယ်။

ဗမာထုံးစံမှာ နေ့သင့်နံသင့် အမည်ပေး တယ်ဆိုပေမယ့် ကျွန်တော်တို့ မိသားစုအတွင်းမှာ အဲဒီအစဉ်အလာ သိပ်ရှိပုံမရပါဘူး။ ကျွန်တော့်အောက်က နှမငယ်ကတော့ မြမြသန်းတဲ့။ အဲဒီနာမည်ကတော့ ဂျပန်ခေတ်မှာ ဖေဖေက အမှုတခုနဲ့ ထောင်ကျသတဲ့၊ ဒါနဲ့ ရှေ့နေငှားတော့ အဲဒီမှာ ဆက်စပ်ပေးတဲ့ လူရဲ့ဇနီးက မြမြသန်းတဲ့။ အဲဒါကို သတိတရအဖြစ်နဲ့ မြမြသန်းလို့ မွေးလာတဲ့ သမီးကို နာမည်ပေးလိုက်တာပါတဲ့။ မြမြသန်းအောက်မှာ မွေးလာတဲ့ ကျွန်တော်တို့ ညီလေးကတော့ လှထွန်းအောင်တဲ့။ သူအသက်မရှည်ပါဘူး။ ငယ်ငယ်လေးမှာပဲ ဆုံးပါးသွားခဲ့ရှာတယ်။ အဲဒီအောက်မှာ နှမအငယ်ဆုံး တယောက်ရှိပါတယ်။ ‘မြတ်မွန်’တဲ့။ ရုပ်ရှင်မင်းသမီး အကယ်ဒမီမြတ်မွန် ခေတ်စားချိန် မွေးလို့ ပေးလိုက်တဲ့ အမည်ပါ။ ဒါပေမဲ့ နောင်မှာတော့ သူ့အမည်ရှေ့မှာ ‘ခင်’တလုံးတိုးလာပြီး ‘ခင်မြတ်မွန်’ ဖြစ်နေပါတယ်။ ခေါ်တော့ မြတ်မွန်ပဲ ခေါ်တာပါပဲ။ ဒါကြောင့် အထက်မှာ ပြောသလို နေ့သင့်နံသင့် အစဉ်အလာ မဟုတ်ဘဲ ခေတ်စားနေတာတွေကို ထင်ဟပ်ပေးလိုက်တာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ပြန်တွေးတော့ နေ့သင့်နံသင့်ဖြစ်အောင် မြတ်မွန်ကို တနင်္လာသမီးမို့ ‘ခင်’ဆိုတာလေး ဖြည့်လိုက်သလားလို့ အခု ပြန်တွေးမိပါတယ်။

အဲဒါ ကျွန်တော်တို့ အဖေ ဦးသိန်းဖေနဲ့ အမေဒေါ်တင်ကြည်တို့က မွေးလိုက်တဲ့ အစ်ကို မောင်စွမ်းရည်နဲ့ တအူတုံဆင်း ညီအစ်ကို မောင်နှမ ၁၂ ယောက် အမည် စာရင်းပါပဲ။ တနည်းဆိုရင် အဖေဦးသိန်းဖေနဲ့ အမေ ဒေါ်တင်ကြည်တို့ တည်ဆောက်ခဲ့တဲ့ မိသားစု အဆောက်အအုံကြီးလို့ ဆိုရမှာပေါ့။

အခု အသက်ထင်ရှား ကျန်ရစ်သူဆိုလို့ အစ်ကို ကိုဝင်းဖေ၊ ကျွန်တော် ကျော်ဆွေ၊ နှမ မြမြသန်း၊ မြတ်မွန် – ဒီ(၄) ယောက်ပဲ ကျန်ပါတယ်။ အစ်ကိုက အမေရိကန် နယူး ယောက်မှာ။ ကျွန်တော်က တရုတ်ပြည် ရွှေလီမှာ။ နှမလေးနှစ်ယောက်ကလည်း တယောက်က မြင်းခြံမှာ၊ တယောက်က ရန်ကုန်မှာတဲ့။ တယောက် တကမ္ဘာစီ ခြားနေဆဲပါ။

ဒါပေမဲ့ ခေတ်ကြီးက ‘ကမ္ဘာ့ရွာခေတ်’မဟုတ်လား။ သတင်းတွေကတော့ ကြားနေ သိနေရ တာပေါ့။

အမေကို ကျွန်တော်တို့ အကြီးတွေက ‘အမ’လို့ ခေါ်ပေမယ့်၊ အခု ကျန်နေတဲ့ အငယ်ဆုံး သမီးနှစ်ယောက်က ‘အမေ’ခေါ်ပါတယ်။ ဖေဖေက ကျွန်တော်တို့ ငယ်ငယ် ကတည်းက ကွယ်လွန်သွားခဲ့တာပါ။ ဒီတော့ အိမ်ကိစ္စတွေရော၊ တောင်သူလုပ်ငန်းကိစ္စတွေပါ သူတဦးတည်း ဦးစီးနေရတာပါ။ ဒါကြောင့် ကျွန်တော်တို့ တခါတလေ အလုပ်အားနေတဲ့ အချိန်မှာ အမနဲ့ မိသားစု ကြည်ကြည်နူးနူး စကားစမြည် ပြောကြရင်း အမက သူ့ဆုံးသွားတဲ့ သားသမီးတွေအကြောင်း တမ်းတမ်းတတ ပြောတတ်တယ်။ အဲဒီလို ပြောရင်း “အမမွေးတာ များလိုက်တာ ၁၂ ယောက်တောင်မှနော်”လို့ ပြောရင် “ဟဲ့-ဟဲ့-မဟုတ်တာ၊ မလုပ်ပါနဲ့၊ အဲလောက်မများ ပါဘူး”လို့ အထိတ်တလန့်ပြောတတ်ပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့က “ဟင်-အစ်မပဲ ပြောထားတာလေ၊ ဒီမှာ ရေကြည့်မယ်လေ”ဆိုပြီး၊ သူပြောထားတဲ့ နာမည်တွေကို အစဉ်လိုက် ရေတွက်ပြမှ သူက ရှက်စနိုးရယ်ပါတယ်။ အခု တိုင်းတပါးမှာ တကိုယ်တည်း နေထိုင်နေရင်း တခါတလေ အားလပ်နေတော့ ငယ်စဉ် တောင်ကျေး ကလေးဘ၀က အဖြစ်အပျက်တွေ ဟိုတွေးဒီတွေး တွေးရင်း အမအကြောင်း ရောက်သွား ရင် အဲဒါလေး ကို ပြန်သတိရတတ်ပါတယ်။

အဲဒါလေးနဲ့ တဆက်တည်း အမေလူထုဒေါ်အမာပြောတဲ့ “ဒိုဗမာပြည်က အမျိုးသမီးတွေက ကိုယ့် ခင်ပွန်းအတွက် သားသမီးတွေ အများကြီးမွေးပေးတယ်၊ အဲဒါနဲ့တင် အားမရသေးဘူး၊ မိသားစုစားဝတ် နေရေးအတွက် ခင်ပွန်းလုပ်စာနဲ့ မလောက်ငရင်လည်း တဖက်တလမ်းက ထွက်ပြီးဝင်ငွေရှာ၊ သားသမီး တွေကို လုပ်ကျွေးသေးတယ်၊ သိပ်သတ္တိ ကောင်းတာ”လို့ ဆိုတဲ့ သဘောမျိုး ရေးခဲ့တာကို သွားသတိရမိ တတ်တယ်။

တကယ်ပဲ အမလည်း ဒီလိုပါပဲ။ ဖေဖေက (ကျွန်တော်တို့က အဖေကို ဖေဖေခေါ်ပါတယ်။) က ကျွန်တော်တို့ ငယ်ငယ်၊ သူ့အသက် ၄၀ ကျော်မှာ ဆုံးသွားခဲ့တာဆိုတော့ အစ်မက မုဆိုးမအဖြစ်နဲ့ သားသမီး တွေကို လူလားမြောက်အောင် ရုန်းကန် ကျွေးမွေးခဲ့ရှာတာပါ။ ခုတော့ ဆွေမျိုးတွေနဲ့ ခွဲပြီး တိုင်းတပါးမှာ နေနေရတော့ အိမ်ကိုလွမ်းတိုင်း ကိုယ်တိုင် အစ်မနဲ့အတူ ရွာမှာ ကျောင်းအားရက် ကျောင်းပိတ်ရက်တွေမှာ မောင်နှမတတွေ ရုန်းကန်လှုပ်ရားခဲ့ရတာတွေကို သတိရနေမိတယ်။ တချိန်တည်းမှာလည်း ‘အစ်ကိုကြီး အဖအရာ’‘အစ်မကြီး အမိအရာ’ ဆိုတဲ့ စကားအတိုင်း အစ်ကိုနဲ့ အစ်မတွေက တာဝန်ကျေစွာ အခုနောက်ဆုံး အထိ ကျွန်တော့်အပေါ် စောင့်ရှောက်ခဲ့၊ စောင့်ရှောက်နေမှုတွေကို သတိရ တွေးမိတိုင်း အစ်ကိုတို့ ဇနီးမောင်နှံနဲ့ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးနဲ့အတူ အဌေး၊ မမအေးနဲ့ အကြည်တို့ကို စိတ်နဲ့အာရုံပြု ကန်တော့နေမိပါတယ်။

အစ်ကို့အသက် ၈၀ ပြည့်မွေးနေ့ကို အာရုံပြုရင်း ကိုယ်တိုင်လည်း ၇၀ နားနီးလာပါ ပေါ့လားလို့ သတိထားနေရင်းကနေ အစ်မကို ကျွန်တော့် မွေးသက္ကရာဇ်ကို မေးရင် သူက “မင်းက ကျော်စိုးနဲ့ မီးဝင်မီးထွက် မွေးတာ”လို့ပဲပြောတတ်တာကို သတိရမိပါတယ်။

ဒီလိုပဲ မြမြသန်း မွေးသက္ကရာဇ်မွေးရင်လည်း သူက “လှစိန်တို့ အလှူနေ့ မွေးတာ”လို့ ဖြေတတ်ပြီး မမအေး မွေးသက္ကရာဇ်ကိုတော့ “ကိုဘသင် ဆုံးတဲ့နေ့၊ ဘိုကေသောင်း အိမ်ရောက် လာတဲ့နေ့”လို့ဖြေတာပါ။

ဒါဟာ ကျေးတောသူ အမေတယောက်က သူ့သားသမီးတွေရဲ့ မွေးနေ့ မှတ်နည်းဖြစ်တယ်။ ဒါလေးတွေဟာ အမရဲ့ သားသမီးမွေးနေ့ အလွယ်တကူ မှတ်နည်းလေး တွေအဖြစ် အစ်မအတွက် အမှတ်တရလေးတွေအဖြစ် စိတ်အာရုံမှာ အမြဲလန်းဆန်း လတ်ဆတ်နေဆဲပါပဲ။

ကျွန်တော်တို့ အိမ်မှာ ဇာတာစနစ်ဆိုတာမျိုး စနစ်တကျ မရှိပါဘူး။ ဖေဖေက ကျောင်းဆရာဆိုတော့ ဒိုင်ယာရီရေးလေ့ရှိလို့ သူ့ဒိုင်ယာရီတွေထဲ ရေးမှတ်ခဲ့တာမို့ အဲဒီထဲမှာသာ အတိအကျ ရှိတာပါ။ ဒီလိုနဲ့ ကျွန်တော်တို့တတွေ ကျောင်းနေတော့ အဲဒီမွေးသက္ကရာဇ်ကို ကိုယ့်ဘာသာ မှတ၊် သယ်ဆောင်ခဲ့ကြတာပါပဲ။

(၃)

ငယ်စဉ်ဘ၀တွေကို ပြန်တွေးကြည့်တော့ အစ်ကိုနဲ့အတူနေရတာ အလွန်နည်းလှ တယ်လို့ ဆိုရမှာပါပဲ။ အစ်ကိုနဲ့ မမအေးတို့က အိမ်နဲ့ခွဲပြီး မြို့သွား ကျောင်းတက်နေရသူ တွေကိုး။ အဌေးကတော့ အိမ်မှာ ဖေဖေနဲ့ အမတို့နဲ့အတူ တောင်သူ လုပ်ငန်းတွေလုပ်ဖို့ ကျန်ခဲ့သူဆိုတော့ အဌေးနဲ့ အတူ ငယ်စဉ်ဘ၀ နေရတာက ပိုများတယ်လို့ ဆိုရမှာပေါ့။ ငယ်ဘ၀တွေနဲ့ ပတ်သက်လို့ ကျောင်းပိတ်ရက် အစ်ကို အိမ်ပြန် ရောက်တော့ ဖေဖေက အစ်ကို့ကို အောက်သက်ကျေအောင် ရေထမ်းခိုင်းလို့ အစ်မက သူ့သားကျောင်းသားကြီးကို ရေထမ်းခိုင်းရမလားဆိုပြီး မျက်ရည်စက်လက် ဖြစ်နေတဲ့ အစ်မကို အစ်ကိုအကြောင်း စဉ်းစားရင်း စိတ်အာရုံမှာ ပြန်ပေါ်လာတယ်။

တခါနွေကျောင်းပိတ်ရက်မှာ သရက်သီးခတ်သွားကြတာကိုလည်း မှတ်မိတယ်။ လူများများ မပါဘူး။ ဖေဖေရယ်၊ အစ်ကိုရယ်၊ ကိုလှဝိုင်း(အဌေးခင်ပွန်း ကိုလှဝင်း) ရယ်၊ ကျွန်တော် ရယ် ၄ ယောက်ပဲ။ အစ်မအမြဲ ရွတ်ဆိုလေ့ရှိတဲ့ “ရွှေဒုန်းသရက် တပြည်လုံးမက်”ဆိုတဲ့ သရက်ပင်မှာပေါ့။ ကိုလှဝိုင်းက သရက်သီး တက် ခတ်ရင်း ကိုင်းကျိုးကျတာ၊ အစ်ကိုက ကိုလှဝိုင်းကျလာရင် ဖမ်းဖို့ဆိုပြီး အောက်ကနေ ဟန်တပြင်ပြင် လုပ်နေ တာ။ ကိုလှဝိုင်းကလည်း ထန်းသမားသားလည်းဖြစ်၊ သွက်လက် ဖျတ်လတ်သူလည်းဖြစ်တော့ ကိုင်းကျိုးကျပေ မယ့် အောက်ကျမလာဘူး။ ကျန်တဲ့သရက်ကိုင်းတခုကို လှမ်းဆွဲခိုထားလိုက်တယ်။ အဲလို မဟုတ်ရင်တော့ အောက်ကျရင် အသက်ပျောက်ပြီပေါ့။ သစ်ပင်ပေါ်မှာ ကိုလှဝိုင်းက တွဲလျောင်း ရှိနေတော့မှ အစ်ကိုက မင်းကျလာလည်း ငါက ဖမ်းထားမလို့ ပြင်နေတာလို့ ပြောတော့မှ ဖေဖေလည်း ရယ်မောနိုင်တော့တယ်။

အဲဒီသဲထိတ်ရင်ဖို ဖြစ်ရပ်ကိုလည်း မမေ့ဘူး။ အစ်ကိုက တက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားတော့ တက္ကသိုလ် အရန်တပ်ရင်းမှာ စစ်ရေးလေ့ကျင့်ခဲ့ ရလို့ အခုန်အပျံတွေ အလေ့အကျင့်ရလာတာကိုး။ အဲဒီတော့ ရွာပြန်လာလို့ ညီအစ်ကို သရက်တောတွေ ထန်းတောတွေဘက်ထွက်လို့ ရွာဘေး ပြောင်းပြာချောင်းထဲရောက်တာနဲ့ ကမ်းပါးယံတွေက ခုန်ချပြ၊ ပြေးတက်ပြနဲ့ ကျွန်တော့ကို သတ္တိရှိအောင်လို့ဆိုပြီး လေ့ကျင့်ပေးတာတွေ သတိရနေဆဲပါ။

နောက်ထပ် ကျွန်တော် မူလတန်းကျောင်းသားဘ၀ပေါ့။ အစ်ကိုရဲ့မိတ်ဆွေ ကိုတင်မောင်နဲ့ အတူ သူတို့ဇာတိ နဂါးပေါက်ဆိုတဲ့ ရွာကို သွားလည်တော့ ကျွန်တော့်ကို လည်း ခေါ်သွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်က အိမ်နဲ့မခွဲဖူးသူဆိုတော့ ၃-၄ ရက်လောက်နေတော့ အိမ်လွမ်းပြီး ငိုငိုနေလို့ အစ်ကိုနဲ့ ကိုတင်မောင်လည်း ကြာကြာမနေရတော့ဘဲ ပြန်လာခဲ့ရတယ်။ အစ်ကိုက ‘မင်းတော့ နောက်ခေါ်လို့ မဖြစ်ပါဘူး’ဆိုပြီး ပြောခဲ့ သေးတယ်။

အဲဒီလို ငယ်ငယ်ကတည်းက အိမ်ကို လွမ်းတတ်သူတယောက်ဟာ အခုတော့ တိုင်းတပါးမှာ ကိုယ့်ယုံကြည်ချက်အတွက် အလွမ်းတွေကို ရင်မှာသိမ်းဆည်းရင်း ဆက်လက် တိုက်ပွဲဝင် နေဆဲ။ အလွမ်းတွေကို ဗမာဗွီဒီယို ဇာတ်ကားတွေကို ကြည့်ရင်း လွမ်းစရာ ရှိရင်လွမ်းလိုက်၊ မျက် ရည်ကျစရာရှိရင် ကျလိုက်နဲ့ ညီအစ်ကိုမောင်နှမတွေ တယောက်တနေရာ တမြေစီခြား နေရတဲ့ အကြောင်း ရင်းဖြစ်တဲ့ တိုင်းပြည်ကို ပြည်တွင်းစစ်အတွင်း တွန်းပို့ခဲ့တဲ့ ဖောက်ပြန်ရေးသမား ဖဆပလ လက်ယာ ဆိုရှယ်လစ်ဂိုဏ်း၊ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေတဲ့ စစ်အာဏာရှင်စနစ်၊ စစ်အစိုးအရ၊ စစ်အုပ်စုဂိုဏ်း တွေဖြစ်ကြတဲ့ မဆလ၊ န၀တ၊ နအဖတို့အပေါ် နာကျည်းဒေါသဖြစ်မှုတွေကို အင်အားအဖြစ် ပြောင်းရင်း လွမ်းစရာတွေနဲ့ ဖြေနေရတော့ တာပါပဲ။

အဲဒီလို အလွမ်းတွေကြားကပဲ နှမ အငယ်ဆုံးလေး မြတ်မွန်ငယ်ငယ်က ပုံရိပ်တခုကို ပြန်သတိ ရမိပြန်တယ်။ အစ်ကိုနဲ့ မြတ်မွန်က အသက် ၂၀ လောက်ကွာကြတာ။ အစ်ကိုက တက္ကသိုလ်ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာတဲ့ တနှစ်၊ အိမ်ပေါ်မှာ အင်္ဂလိပ်စာတွေ စိတ်ထဲက ဖတ်ရုံနဲ့ အားမရတော့ အသံထွက် ဖတ်မိတာကိုး။ ဘေးမှာ ရှိနေတဲ့ မြတ်မွန်လေး က အိမ်ပေါ်၊ အစ်ကိုဘေးနားက ဆင်းလာပြီး “အမေ့ အစ်ကိုက အိမ်ပေါ်မှာ ဆဲနေ တယ်” ဆိုပြီးလာတိုင်တယ်လေ။ ခုတော့ မြတ်မွန်ကလည်း မြေးတွေနဲ့ဖြစ်နေပြီ။ အစ်ကို့နှမ အဲဒါပြန်ပြောပြရင် တဟားဟား ရယ်နေမှာကို မြင်ယောင်နေမိသေးတယ်။

အစ်ကိုက ကျွန်တော်တို့တတွေအားလုံးကို ပညာတတ်တွေဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစား ပေးခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း ပြန်သတိရမိတယ်။ မမအေးနဲ့ ကိုလှဝိုင်းက အတန်းတူ။ သူတို့နှစ်ယောက် စတုတ္ထတန်း အတူအောင်ကြတာ။ ဒီတော့ နွေကျောင်းပိတ်မှာ အစ်ကိုက အင်္ဂလိပ်စာ သင်ပေးခဲ့တာ။ နှစ်ယောက်စလုံး ပညာထူးချွန် သူတွေပါ။ ကိုလှဝိုင်းက စတုတ္ထတန်းစကောလားရှစ် ရသူ။ ဒါပေမဲ့ နောက်ပိုင်း ဖေဖေက လည်း မရှိတော့ ကျွန်တော်တို့အိမ်ကလည်း သူ့ကို မကူညီနိုင်ဖြစ်ပြီး ပညာတပိုင်းတစဖြစ်သွားရတာ။ မမအေးကတော့ တက္ကသိုလ်ဝင်တန်းရောက်တော့ အစ်ကိုက မန္တလေးခေါ်သွားပြီး ‘ပွဲကုန်း’အလွတ်ပညာသင် ကျောင်းမှာ ထားပေးတော့ တက္ကသိုလ်ဝင်တန်းနှစ်ချင်း အောင်ခဲ့ တာ။ အဲဒါ ဖေဖေ ဆုံးတဲ့နှစ်ပဲ။ ဒါကြောင့် မမအေး တက္ကသိုလ်ဆက်တက်ရေး အခက်ဖြစ် သွားရရှာတယ်။ တဖက်မှာ အစ်ကိုကလည်း တက္ကသိုလ် တက်နေတာ ကျောင်း မပြီးသေး၊ ဖေဖေလည်း မရှိတော့တာနဲ့ မမအေးက မိသားစု ကသီလင်တ မဖြစ်အောင် မူလတန်း ဆရာမလေးထွက်လုပ်ရှာပါတယ်။ အဲဒီလိုလုပ်၊ ဝင်ငွေရှာပြီး အစ်မကို ကူညီခဲ့ရရှာတာ။ မောင်နဲ့ ညီမလေးတွေကို ထိန်းကျောင်းရင်း တက္ကသိုလ်တက်နေတဲ့ အစ်ကို့ကိုလည်း တဖက်တလမ်းက ပြန်ကူညီပေးခဲ့ ရရှာတာပါ။

ဒီအကြောင်းတွေ တွေးနေ ရေးနေရင်းက ဖေဖေကွယ်လွန်တုန်းက အဖြစ်အပျက် တချို့ပြန်သတိရ လာတယ်။ ဖေဖေက သူ့တို့ညီအစ်ကို မောင်နှမတွေက တယောက်မှ အသက်မရှည်ဘဲ သူပဲကျန်ခဲ့တာဆိုတော့ သူအစ်မ၊ သူ့ညီရဲ့ သားသမီးတွေကို သိပ်ချစ် ရှာတာကိုး။ သူ့ဆွေမျိုး ရင်းချာ ဆိုလို့ကလည်း ဒီ ၃ ယောက်၊ ကိုကို(ထွန်းဖေ)၊ မမအေးသန်း၊ မကြွယ်(ခင်စန်းကြွယ်) တို့ပဲ ရှိတာလေ။ ဖေဖေ ရောဂါအပြင်း အထန်ဖြစ် လာတော့ မဖြစ် တော့ဘူးဆိုပြီး တောင်သာရှိ မမအေးသန်း(မအေးသန်း) နဲ့ မကြွယ်တို့ကို လူလွှတ် ခေါ်လိုက် တော့ ရောက်လာတယ်။ ရောက်ရောက်ချင်း ဖေဖေနေတဲ့ အိမ်ဘက်ကိုဝင်သွားပြီး ‘ဘဘ’သမီးတို့ ရောက်လာပြီဆိုပြီး နှုတ်ဆက်တော့ မျက်စိ ဖွင့်ကြည့်ရှာတယ်။ အခြေအနေ မကောင်းမှန်းသိလို့ မမအေးသန်းနဲ့ မကြွယ်တို့ ညီအစ်မ သူ့ခုတင်ဘေး ထိုင်ကန်တော့ လို့လည်းပြီးရော ဖေဖေဟာ အသက်ထွက်၊ ကွယ်လွန် သွားခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ကျွန်တော့်အာရုံမှာ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့မရဘူး။ သူ့တူမလေး နှစ်ယောက်ကို ဖေဖေဟာ သံယောဇဉ်ကြီးလှပါလား။ သူ့တူမလေးတွေ မရောက်မချင်း အသက်အောင့်ထားပြီး၊ သူ့တူ မလေး တွေကို နောက်ဆုံးမြင်တွေ့ နှုတ်ဆက်ပြီးမှ ခွဲခွာသွားပါကလားလို့ လူသား တယောက်ရဲ့ ‘သံယောဇဉ် နှောင်ကြိုး’ဆိုတာကို ဆင်ခြင်မိလာတယ်။

တဆက်ထဲ ရေးနေရင်းကနေ မမအေး ပြန်ပြောပြတာတွေကို သတိရလာတယ်။ အစ်ကို နိုင်ငံခြား မထွက်မီတရက်။ ရင်သားကင်ဆာ ကုနေရရှာတဲ့ မမအေးနား တနေ့လုံး လာပြုစုစောင့်ရှောက်ပြီး၊ နောက်နေ့မှ အစ်ကို နိုင်ငံခြားထွက်သွားပြီး ပြန်လာတော့မှာ မဟုတ်တော့ဘူး ဆိုတာ သိတော့ တရှုတ်ရှုတ်ငိုလိုက်ရတာတဲ့။ တကယ်ပဲ အခုတော့ သူ့ခမျာ အစ်ကိုနဲ့ ပြန်မဆုံနိုင်ရှာဘဲ ထာဝရ ခွဲသွားရရှာပြီကိုးဆိုပြီး ရေးနေရင်း ကျွန်တော် မျက်ရည် လည်မိတယ်။ သူနောက်ဆုံး မကျန်းမာမာ ဖြစ်ပြီး မန္တလေးမှာ ဆေးကုနေရတယ် ဆိုတော့ ကျွန်တော် မကြာမကြာ ဖုန်းဆက်ဖြစ်တယ်။ သူက “မင်း နေကောင်းအောင်နေ၊ မမအေး မင်းဆီလာခဲ့မယ်” လို့ တဖွဖွ ပြောနေရှာတာ။ ဒီလို ပြောနေရင်းက “မမအေး ဆုံးသွားပြီ” ဆိုတဲ့ တယ်လီဖုန်းဝင်လာတော့ ငိုရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူးအစ်ကို။ မမအေး မဆုံးမီ တခါဆုံဖြစ်တယ်။

ကျွန်တော် တောခိုသွားပြီဆိုတော့ အစ်မက မမအေး ဆီရောက်လာပြီး ညီအစ်မတတွေ မောင်နှမချင်း ပြန်ဆုံတော့မှာ မဟုတ်လို့ ငိုကြသတဲ့။ ဒီတော့ အစ်မက “ညည်းတို့မငိုနဲ့။ ငါ့သားက ကောင်းတဲ့ကိစ္စသွားလုပ်တာ၊ ညည်းတို့ မျက်ရည်က အပူ။ ငါ့သား ထိခိုက်တယ်”လို့ ပြောသတဲ့။ အဲဒီနောက်‘သားမောင်ကျော်ဆွေ’ ဘေးမသီရန် မခပါစေနဲ့”လို့ အမြဲတမ်း ဆုတောင်းနေတာလို့ ပြောပြပါတယ်။ မိခင်များရဲ့ သားသမီးအပေါ် ထားတဲ့မေတ္တာသံယောဇဉ်ကို ပိုနား လည် ပိုပြီးနွေးထွေးမှုကို ခံစားမိပါတယ်။ ပိုကြေကွဲရတယ်။

အစ်ကိုက ‘ကဗျာဆရာ့အဖေ၊ ကဗျာဆရာ့အမေ’ ဆိုတဲ့ စာအုပ်ကလေးမှာ “အမဟာ သားယောက်ျား လေးတွေနဲ့ အကျိုးမပေးရှာဘူး”ဆိုတာမျိုး ရေးခဲ့တာကို ပြန်သတိရတယ်။ ဟုတ်ပါတယ်။ မွေးလာတဲ့ အစ်မရဲ့ သားအများစုဟာ မွေးခဲ့ရပေမယ့် အဖတ် မတင်ရှာဘူး။ အသက် ရှင်ခဲ့တဲ့ အစ်ကို့ကိုလည်း ကိုယ်တိုင်ပွေ့ပိုက် မိခင်နို့ချိုတိုက် မမွေးခဲ့ ရရှာဘူး။ အသက်ရှင်လာပြန်တော့ ရွာမှာ ကျောင်းမရှိလို့ ကျောင်းရှိရာ ဆွေမျိုးတွေ ဆီပို့ ထားပြီး ပညာသင်ပေးခဲ့ရလို့ ခွဲနေခဲ့ရတာ။ ဒါကြောင့် အစ်ကိုပင်စင်ယူပြီးနောက် အစ်ကို့ အိမ်မှာ အချိန် ကာလတခု ခေါ်ထားပြီး အစ်မကို ပြုစုစောင့်ရှောက်ထားတော့ အစ်မက “သားရယ် …. အမေက မင်းကို ငယ်ငယ်တုန်းကလည်း ရင်ခွင်မှာ ပွေ့ပိုက် ပြုစုစောင့် ရှောက်ခဲ့ရတာ မဟုတ်ဘူး။ ခုမှပဲ အတူနေရတာ၊ ငါ့သားကို ပွေ့ပိုက်ပါရစေဦးဆိုပြီး ပင်စင်စားသားကို ပွေ့ဖက်နမ်းရှုတ်တယ်” ဆိုတာကို ဖတ်ရတော့ မငိုဘဲ မနေနိုင် ဘူးအစ်ကို။

ကျွန်တော်က ‘အမ’(အမေ့)ရင်ခွင်ထဲက ထွက်လာပြီး ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ဝင်နေသူ။ အမခမျာ ကျွန်တော့်ကိုတော့ မိခင်နို့ချိုတိုက် ကျွေးနိုင်ပေမယ့် လူလားမြောက်အောင် အလွယ်တကူ မွေးခဲ့ရတာ မဟုတ်ဘူး။ ကျန်တဲ့သားတွေလို အသက်ဆုံး ပါး မသွားရအောင် အစ်မဟာ သူ့ အသက်နဲ့ထပ်မွေးခဲ့ရရှာတာပါ။ ကျွန်တော် လေးဘက်တွားအရွယ်မှာ ကျောက်ပေါက်ပါသတဲ့။ အလွန်ပြင်းထန်ပါတယ်။ ခေတ်ကလည်း ခေတ် ပျက်ပါ။ ပြည်တွင်းစစ်ကာလအစပါ။ မိသားစုအားလုံး ရွာမှာ နေလို့မဖြစ်လို့ တောထဲ ရှောင်နေရတာတဲ့။ အဲဒီတုန်းက ကျောက်ရောဂါဆိုတာ ကပ်ဘေးတခုမို့ အားလုံးက စိုးရိမ်ပါ တယ်။ ဒါနဲ့ ကျန်မိသားစုဝင်တွေပါ ကူးစက်မကုန်အောင် အမဟာ မိသားစုတခုလုံးနဲ့ခွဲခွာပြီး ကျွန်တော်တို့ မိသားစု နေထိုင်ရာ တိုက်ကို သားအမိ ပြန်လာသတဲ့။ တိုက်ထဲမှာ အမဟာ ကျွန်တော့်ကို ပွေ့ပိုက်ပြီး သူ့ကို ကူးစက်မှာလည်း နည်းနည်းမှ မစိုးရိမ်ဘဲ သူ့အသက်နဲ့လဲ ပြုစုရတာတဲ့။ ကျောက်ရောဂါက ပြင်းထန်လွန်းတော့ မကြည့်ရက်နိုင်တော့လို့ အစ်မဟာ ငှက်ပျောရွက်ပေါ် ကျွန်တော့်ကို တင်ထားပြီး ဘာကိုမှ စိုးရိမ်ကြောက်ရွံ့၊ ရွံရှာမနေတော့ဘဲ ရင်းသွေး သားရတနာလေးရဲ့ ခန္ဓာကိုယ်ပေါ်က ပြည်တရွှဲရွှဲဖြစ်နေတဲ့ ကျောက်ဖုလေးတွေကို သူ့လျှာနဲ့ လျက်ပေးနေသတဲ့။ ဒီကပ်ရောဂါကို ကုနိုင်တဲ့ဆေး မရှိတဲ့ခေတ်မှာ ‘မိခင်မေတ္တာ’ ဆိုတဲ့ သဘာဝဆေးစွမ်းကြောင့် အသက်ရှင်ခဲ့ ရပါတယ်။

လေးဘက်ပြေးနေတဲ့ ကျွန်တော်ဟာ ကျောက်ပေါက် လိုက်တာကြောင့် ချည့်နဲ့သွားပြီး လေးဘက် မပြေးနိုင်တဲ့ ဘ၀ ပြန်ရောက်သွားသတဲ့။ စကား ပြောတော့လည်း အစ်မတွေကြား ကြီးပြင်းခဲ့တာမို့ မိန်းကလေး တွေပြောသလို ‘ဟောတော်-ဟော်တော်’လို့ပဲ ပြောနေတော့တာပဲတဲ့။ အစ်ကိုရေးခဲ့တဲ့ “သား ယောက်ျားလေး တွေနဲ့ အကျိုးမပေးရှာဘူး”ဆိုတာကနေ တွေးမိလိုက်တာပါ။

ဒါပေမဲ့ ဖြေသာတာလေးတခုတော့ရှိပါတယ်။ ကျွန်တော် အထက်တန်း ကျောင်းသား ဘ၀က အမ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်မှုတခုလုပ်တော့ သွေးလိုတော့ ကျွန်တော့်သွေးကလည်း (ဘီ) အစ်မရဲ့သွေး ကလည်း (ဘီ) မို့သားနဲ့အမေ သွေးချင်းတူလို့ ကျွန်တော်သွေးလှူခဲ့ရတဲ့ ကောင်းမှုကလေးနဲ့ အမကို သတိရတိုင်း ဖြေမိပါတယ်။

ဖေဖေကလည်း စောစော ကွယ်လွန်သွားရ။ သားသမီးတွေကိုလည်း ပညာရေးကြောင့် ခွဲထားရ။ ကိုယ်တိုင်ကတော့ ခင်ပွန်းသည် ခေါင်းချခဲ့ရာ ရွာကအိမ်ကလေးမှာပဲ သူတတ်နိုင်တာလေးတွေ တကုတ်ကုတ် လုပ်ရင်း သားသမီးတွေကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်ဖို့ အမဟာ တသက်လုံး ကြိုးစားနေထိုင် သွားခဲ့ရှာတယ်။

ကျွန်တော် တောမခိုမီ(ကျူရှင်ဆရာလုပ်နေချိန်) ကျွန်တော်တို့ဆီ တခါတခါ ရောက်ရောက် လာတတ်တယ်။ ကျွန်တော့်ဆီမှာ သမီးအငယ်ဆုံး ၂ ယောက်ရော၊ သူ့အချစ်ဆုံးမြေးဦး ၂ ယေက်ရော အတူနေကြတာပါ။ ရောက်လာတိုင်း နောက်တနေ့ မနက်စောစောထ အိမ်ဘေးက ဈေးမှာ ဝယ်ချင်ရာတွေ ဝယ်လာပြီး ချက်ပြုတ်ကျွေးတာပါပဲ။ နေ့ခင်း သူ့သမီးတွေလစ်တာနဲ့ ကျွန်တော့်နား ကပ်လာပြီး ဖက်နမ်းရှာ တာပါပဲ။ အခုတော့ ဒီမှာ ရဲဘော်တွေ၊ မိတ်ဆွေ မိသားစုတွေနဲ့ အတူနေရင်း အမေလုပ်သူတွေက သားတွေကို ပိုချစ်တတ်ပြီး၊ အဖေလုပ် သူတွေက သမီးတွေကို ပိုချစ်တတ်တယ်ဆိုတဲ့ သဘာဝကို တွေ့နေမြင်နေရတော့မှ အစ်မရဲ့ သားတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကို ပိုနားလည် လာမိတယ် ပိုနက်နက်နဲနဲ ခံစားမိ လာတယ် အစ်ကို။

အစ်ကို့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ကန်တော့ပန်းဆင်ဖို့ အာရုံပြုနေရင်းကနေ ကျွန်တော်တို့ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်ကြတဲ့ မွေးသဖခင်၊ မွေးသမိခင် ကျေးဇူရှင် အဖေအမေနဲ့ အစ်မများဖြစ်ကြတဲ့ အဌေး၊ မမအေးနဲ့ အကြည်တို့ကိုလည်း အာရုံပြုနေမိ တယ်။ သူတို့ကိုလည်း တပါတည်း အာရုံပြုကန်တော့မိပါတယ်။ သူတို့ကိုယ်စား အစ်ကိုပဲ သာဓုခေါ်ပေးပါတော့ အစ်ကို။

တခါမှာတော့ အဌေးသမီးလေးနဲ့ ဆုံဖြစ်တော့ သူက “ဦးဝက်က အိမ်မှာ ဝိုင်းကျူရှင် ဖွင့်ထားပေးတာ။ ဒါကြောင့် သမီးတို့ မောင်နှမတတွေ ဆယ်တန်းအောင်တာ”လို့ ပြောပြလို့ ညီတွေ၊ နှမတွေကို ပြုစုပျိုးထောင် ခဲ့ရုံမက တူတွေတူမတွေကိုပါ ဆက်လက် ပြုစုပျိုး ထောင်ပေးနိုင်ခဲ့တာ သိရလို့ ဝမ်းသာမိတယ်။ အစ်ကို့ကို ကျေးဇူးတင်မိတယ်။ တဆက်တည်း သူက “ဦးဝက်က တခြားဝိုင်းကျူရှင်တွေက ပြန်လာရင်လည်း အိမ် ဘက်လှည့်ဝင်တတ်တယ် ဦးလေးဆွေ။ အိမ်ရှေ့ရောက်ရင် ဦးဝက်က ‘အဌေး’ရေလို့ အသံပေးလိုက်တာနဲ့ အမေကလည်း ‘အစ်ကိုလေးရေ’လို့ ထွက်ကြိုလိုက်တာ။ အိမ်ပေါ်ရောက်တာနဲ့ မောင်နှမနှစ်ယောက် စားစရှိတာ တွယ်တော့တာပဲ”လို့ အားရပါးရ ပြောပြဖူးတယ်။ အဲဒါ မိစိုး ပြောပြတာပါ။ အဌေးက အစားအသောက် ဝါသနာပါသူဆိုတော့ အစ်ကိုတို့ မောင်နှမ စားသောက်ဝိုင်းကို အကြားနဲ့ကိုပဲ အဝေးကနေ သရေ ကျနေမိတယ်။

အစ်ကိုက ကျောင်းပိတ်ရင် ရွာပြန်လာတတ်ပြီး သူဖတ်ထားတဲ့ စာအုပ်တွေ အားလုံးပြန် သယ်လာ တတ်တာကိုလည်း သတိရနေမိတယ်။ ဒါ့အပြင် သူကဗျာရေးလို့ စာမူရှင်အဖြစ် ရထားတဲ့ ငွေတာရီမဂ္ဂဇင်းတို့၊ ရှုမ၀ မဂ္ဂဇင်းစတာတွေပါတယ်။ မန္တလေး တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းတွေလည်း အစ်ကိုယူလာလို့ တွေ့ဖူးမြင်ဖူး ဖတ်ဖူးလာတယ်။ တရုတ်ပြည်က ထုတ်တဲ့ လက်ဝါးလောက်ရှိတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ရုပ်ပြ စာအုပ် လေးတွေလည်း ပါတယ်။ အဲဒီစာအုပ်လေးတွေကိုလည်း စာမျက်နှာအလိုက် ကျွန်တော်တို့ ဖတ်ရအောင် အစ်ကိုက ဗမာလို ပြန်ရေး ပေးထားတယ်။ တရုတ်ကျေးလက် ပုံပြင်စာအုပ် တွေပါသလို လူထုတိုက်ထုတ် လူထုဦးလှရဲ့ တိုင်းရင်းသားပုံပြင်စာအုပ်တွေ၊ အညာကျေး လက်ပုံပြင်၊ ကျောင်းကန်အနီးက ပုံပြင်စသဖြင့် စာအုပ်မျိုးစုံလှတယ်။ ကျွန်တော် အလယ် တန်းကျောင်းသားဘ၀မှာ ဒီစာအုပ်တွေကို စတင်ဖတ်ရင်း စာဖတ်တဲ့ အလေ့အကျင့်တွေ ရလာတယ်လို့ ပြောရင် မမှားဘူး။

သတိအရဆုံးတွေကတော့ လူထုဦးလှရဲ့ ပုံပြင်စာအုပ်တွေ ဖတ်ရတာ၊ တရုတ်ကျေးလက် ပုံပြင်ထဲက ‘အာဖန်ထီး ပုံပြင်’များကို ဖတ်ရတာ အမှတ် မိဆုံးပါပဲ။ (အာဖန်ထီးပုံပြင်ဟာ ဗမာပြည်က ‘ပေါ်ဦး’ပုံပြင်လိုဟာမျိုးတွေပါ)။

တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများကို ဖတ်ရင်း မဂ္ဂဇင်းမှာပါဝင်တဲ့ မန်းတက္ကသိုလ်ရဲ့ ကျောင်းသား သမဂ္ဂ ဓာတ်ပုံမှတ်တမ်း၊ မန်းတက္ကသိုလ် ကလောင်ရှင်သင်း ဓာတ်ပုံစတဲ့ မန်းတက္ကသိုလ် ကျောင်း သားလှုပ်ရှားမှုဓာတ်ပုံတွေကို အားကျနေမိတာပါပဲ။ ဒီဓာတ်ပုံတွေထဲက တချို့က အိမ်ထရံ ပေါ်မှာ အိမ်တိုင်တွေ ပေါ်မှာ ချိတ်ဆွဲထားတာမို့ နေ့စဉ်နဲ့အမျှ မန်းတက္ကသိုလ်ကို ရင်းနှီးနေ တာ၊ တက္ကသိုလ်ဆိုတာကို အိပ်မက် မက်ခဲ့ရတာပါ။ တချိန်တည်းမှာလည်း အစ်ကိုက ကျောင်းပိတ်ရင် သူ့အပေါင်းသင်း မိတ်ဆွေတွေကိုပါ အလည်အပတ် ခေါ်လာတော့ တက္ကသိုလ်ကျောင်းသားကြီးတွေကို အနီးကပ် တွေ့မြင် ရင်းနှီးခွင့်ရလာတာ။ အားကျတာတွေ ဖြစ်ရပါတယ်။

ကျွန်တော် အထက်တန်းကျောင်းသားဖြစ်တော့ ရွာမှာ နေလို့ မဖြစ်တော့လို့ မြင်းခြံမြို့ပေါ် ပြောင်းရွှေ့ စာသင်ရပါတယ်။ ကိုဝင်းဖေ (မောင်စွမ်းရည်) ရဲ့ ညီအဖြစ်နဲ့ မိတ်ဆွေ တွေတိုးလာပါတယ်။ ဒီလိုနဲ့ (ကဗျာဆရာ ကိုလေးမောင်-ကိုကိုးကျွန်းအာဇာနည်) ရဲ့ ညီဖြစ်တဲ့ ကျွန်တော်တို့အခေါ် ဇံကြီး (ညီစေမင်း)နဲ့ စတင်ရင်းနှီး ခဲ့တယ်။ နောက်နှစ် န၀မတန်းရောက်တော့ အစ်ကိုက မမအေးတုန်းကလိုပဲ ကျွန်တော့်ကို မန္တလေး ခေါ်ပါ တယ်။ ‘နေပြည်တော် ’အလွတ်ပညာ အထက်တန်းကျောင်းမှာ ထားပေးပါတယ်။ ကျွန်တော့်ကို ပိုမျက်စိပွင့် နားပွင့် အမြင်ကျယ်လာစေပါတယ်။ အထူးသဖြင့် ကဗျာဆရာကြီးတင်မိုးနဲ့ ဂုဏ်ထူးသိန်းနိုင်တို့နဲ့ စာသင်ကြား ခွင့်ရခဲ့သလို ရင်းနှီးခွင့်လည်း ရခဲ့ပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းရဲ့ အနောက် ကျုံးလမ်း၊ ဓမ္မဗိမာန်မှာ ကျင်းပပြုလုပ်တဲ့ စာဆိုတော်နေ့ အခမ်းအနားများနဲ့ နှစ်စဉ် ထိတွေ့ခွင့်ရလာပါတယ်။ ဒီလိုနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းမှ စာရေးဆရာ ကဗျာဆရာတချို့ကိုလည်း နီးနီးကပ်မြင်တွေ့ခွင့် ရလာပါ တယ်။

မောင်စွမ်းရည်ရဲ့ ညီအဖြစ် ဦးလေး လူထုဦးလှနဲ့ ဒေါ်ဒေါ်လူထု ဒေါ်အမာတို့နဲ့လည်း ရင်းနှီးခွင့်ရပါတယ်။ အဲဒီန၀မတန်း တက်နေတဲ့ နှစ်မှာပဲ အစ်ကိုမောင်စွမ်းရည်အိမ်ကို ကိုဖိုးသံချောင်း တခေါက်ရောက်လာတာ တွေ့လိုက်ဖူးပါတယ်။ ရင်းနှီးခွင့် မကြုံပါဘူး။ ဒါ ဒုတိယအကြိမ် တွေ့မြင်လိုက်ခြင်းပါပဲ။ ပထမအကြိမ် ကတော့ ကျွန်တော် အဋ္ဌမတန်း ကျောင်းသားဘ၀။ ကျွန်တော်တို့ခြံထွက် စပျစ်သီးများကို မန္တလေးလာရောင်းတဲ့ အခေါက်မှာ အစ်ကိုက ကျွန်တော့်ကို သူနေခဲ့ဖူးတဲ့ မန်းတက္ကသိုလ် ရွှေပြည်အေးဆောင်ကို လိုက်ပြရင်း ရွှေပြည်အေးဆောင်ရဲ့ အလယ်က ကြက်တောင် ကစားကွင်းမှာ ကြက်တောင်ကစားနေတဲ့ ကိုဖိုးသံကို လက် ညှိုးထိုးပြတာပါ။ ကျွန်တော့်ကို မြင်ဖူးတယ်ရှိအောင်ပြတဲ့သဘောပါ။ ဒီလိုနဲ့ အစ်ကိုကိုစွမ်းရည်ရဲ့ တောသား ညီငယ်ဟာ တစတစ လူမှုရေးနယ်ပယ် ကျယ်ပြန့်လာ တယ်လို့ ဆိုရတော့မှာပါပဲ။

န၀မတန်း(ဟိုက်စကူးဖိုင်နယ်-တန်းမြင့်ကျောင်းထွက်စာမေးပွဲ)အောင်ပြီး တက္ကသိုလ်ဝင်တန်း (အခြေခံပညာ အထက်တန်း) ကို နေပြည်တော်ကျောင်းမှာပဲ ဆက်လက် တက်ရောက် ပညာသင်ယူပါတယ်။ အစ်ကို့အိမ်မှာပဲ ဆက်လက်နေထိုင် ပညာသင်ယူခဲ့ တာပါ။ ဒီကာလတွေမှာ အစ်ကိုတို့ ဇနီးမောင်နှံ စိတ်ဒုက္ခရောက်အောင် လုပ်ဆောင်မိခဲ့တဲ့ ကျွန်တော်ရဲ့ ဆိုးသွမ်းမိုက်မဲမှုတွေကို မရေးလို့ မဖြစ်ပါဘူး။ ကိုယ့်အစ်ကိုမှ အစ်ကိုလို့ ထင်ပြီး အစ်ကို့ဇနီးကို အစ်မတယောက်လို သဘောမထားဘဲ ဂျစ်တစ်တစ်လုပ်နေတဲ့ တောသား လူမလိမ်မာ ကျွန်တော့်လုပ်ရပ်တွေအတွက် အခုအခါ အဝေးကနေ လက်အုပ်ချီကန်တော့ရင်း ခွင့်လွှတ်ပါလို့ပဲ တောင်းပန် ပါရစေတော့။

အစ်ကိုတို့ ဇနီးမောင်နှံကတော့ ကျွန်တော်က ဘယ်လိုပဲ ဖြစ်နေနေ အစ်ကိုကြီး အဖနေရာကနေ ကျွန်တော်တို့ ပညာသင်ကြားနိုင်ရေးကို နည်းမျိုးစုံနဲ့ ဖြေရှင်းပေးခဲ့တယ်။ မမပြုံးကလည်း အစ်ကို လုပ်သမျှ အဆင်ပြေအောင် လိုက်လျော ပေးခဲ့တယ်။ ခင်ပွန်းသည်ကို ညီအစ်ကို မောင်နှမတွေအပေါ် တာဝန်ကျေတဲ့ အစ်ကိုကြီး တယောက်ဖြစ်အောင် အစ်ကိုလုပ်သမျှကို ဖြည့်ဆည်း ပေးခဲ့တဲ့အတွက် အခုအခါ အလွန် ကျေးဇူးတင်မိနေပါတယ်။ အစ်ကိုရဲ့ အိမ်ထောင်ဖက်ကောင်း ဇနီးသည်ကောင်း အမျိုးသမီးအဖြစ် လေးစား ဂုဏ်ယူနေမိပါတယ်။

ကျွန်တော် တက္ကသိုလ်ရောက်တော့လည်း တက္ကသိုလ်က သူငယ်ချင်းဆရာတွေ ထံအထိ အစ်ကိုက လိုက်လံ အပ်နှံပေးခဲ့တယ်။ ဆရာတွေကလည်း သူငယ်ချင်းရဲ့ ညီအဖြစ် စောင့်ရှောက်ပေးခဲ့ကြပါတယ်။ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲကျတော့လည်း စိတ်ပျက်အားငယ် မသွားစေဘဲ ကျောင်းတက်ရင်း တဖက်က မြန်မာစာ ဂုဏ်ထူးဦးသိန်းနိုင် ကျူရှင်မှာ စာစစ်အလုပ်ကိုလုပ်ရင်း ဝင်ငွေအနည်းပါးရအောင် လုပ်ပေးပြီး ကျောင်းတက် စေပါတယ်။ ဒီလိုနဲ့ မြန်မာစာနဲ့ ပိုမိုထိတွေ့ခွင့်ရလာခဲ့ပြီး တက္ကသိုလ်ကျောင်းဆင်းတော့ ကျူရှင်ဆရာဖြစ် လာခဲ့ပါ တယ်။

ဒါဟာ ကျွန်တော့်ဘ၀ထဲက ဘက်တဖက်ပါ။ အခြားဘက်တဖက်ကတော့ တိုးတက်တဲ့ တော်လှန်တဲ့စာပေတွေနဲ့ ပိုမိုထိတွေ့ ခွင့်ရလာတယ်။ အစ်ကိုတို့ ဆရာတင်မိုးတို့နောက်က တဆက်တည်းပေါ်ပေါက်လာတဲ့ မြင်းခြံသား ကဗျာညီနောင်ဖြစ်တဲ့ မောင်လှဝင်း(မြင်းခြံ)၊ မောင်လူမှိန်(မြင်းခြံ) တို့အစုနဲ့ပါ ကိုကျော်ဇံလှမှတဆင့် ဆက်စပ်မိလာပြီး မြင်းခြံရဲ့ မာ့က်စ်ဝါဒလေ့လာရေးအုပ်စုအဖြစ် တစတစ ဖြစ်တည်လာတယ်။ နောင်မှာ ၆၉ ကျွန်းဆွယ်အရေးအခင်းမှာ အဖမ်းခံရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုတင်ဝင်း၊ မန်းတက္ကသိုလ်ရူပဗေဒကျောင်းသား ကိုသောင်းတင်၊ နောင်မှာ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုစည်းရုံးရေး ကော်မတီဝင်ဖြစ်တဲ့ ကျူရှင်ဆရာ ကိုခင်မောင်အေး၊ ၄၈၂၈ အဖွဲ့ဝင်အဖြစ် ကျဆုံးသွားတဲ့ ကိုသောင်းထွန်း၊ တောခိုဖို့ ရှောင်ရင်းတိမ်းရင်း ကျဆုံးသွားတဲ့ ကိုရဲမြင့်တို့ဟာ ကျွန်တော်တို့ မာ့က်စ်ဝါဒ လေ့ လာရေး အစုရဲ့ အဖွဲ့ဝင်တွေပဲ။

၁၉၇၀ ခုနှစ်ထဲမှာ ဦးအောင်သူ အင်းစိန်ထောင်က လွတ်လာတယ်။ မန္တလေး ရောက်လာပြီး တညမှာ ကိုကျော်ဇံလှက ကိုဝင်းဖေညီ အဖြစ် မိတ်ဆက်ပေးလို့ ရှေ့ကချီ တက်နေတဲ့ တော်လှန်ရေးမျိုးဆက်နဲ့ ကျွန် တော်စတင် ဆက်စပ်မိလာတယ်။ အဲဒီနောက် သူနဲ့အမှုတွဲ ဦးမြသွင်၊ အဲဒိနောက် ဒေါ်မြင့်မြင့်(အခု ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်) တို့နဲ့လည်း မောင်စွမ်းရည်ရဲ့ ညီအဖြစ် စတင်မိတ်ဆက်ပေးကြလို့ ရင်းနှီးခွင့် ရတာပါဆိုရင် လည်း မမှားပါဘူး။ ဒါနဲ့မရှေးမနှောင်းမှာပဲ ကိုကိုးကျွန်းပြန် ကိုဖိုးသံချောင်း အင်းစိန်ထောင်က လွတ်လာတယ်။ ကျွန်တော် တို့ အစုထဲကနေ မောင်စွမ်းရည်ရဲ့ ညီလည်းဖြစ်လို့ လူထုတိုက်ဝင်ထွက်ဖို့လည်း သင့်တော်သူတယောက်အဖြစ် ကျွန်တော့်ကို တာဝန်ပေးလို့ ကိုဖိုးသံကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ဖို့ ဖြစ်လာပါတယ်။

ပေးလာတဲ့ တာဝန်အရ ကျွန်တော်လူထုတိုက်ကို သွားတော့ ဦးလေးလူထုဦးလှက မောင်စွမ်းရည်ရဲ့ ညီအဖြစ် သိထား လို့ ချက်ချင်းပဲ ကိုဖိုးသံနဲ့ အခန်းတခန်းထဲမှာ တွေ့ဆုံစကားပြောဖို့စီစဉ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကိုဖိုးသံနဲ့လည်း အဆက်အသွယ်ရပြီး၊ ‘ကိုကိုးကျွန်း ရဲဘော်များရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်’နဲ့ ‘တိုက်ပွဲတွေ’ကိုလည်း အသေးစိတ် နားလည်ခွင့်ရလိုက်ပါတယ်။ တဆက်တည်း ဒါတွေကို ဝါဒလည်း ဖြန့်ခဲ့ပါတယ်။

နောက် ကိုအောင်ငြိမ်း(မြင်းခြံ) လည်း လွတ်လာပါတယ်။ သူ့ဆွေမျိုး မိတ်ဆွေတွေနဲ့ အတူ မြင်းခြံဘူတာကို သွားရောက်ကြိုဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကိုအောင်ငြိမ်းခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်အစုတစု မြင်းခြံမှာ အခိုင်အမာ ဖြစ်တည်လာတော့တယ်။ တဖက်မှာလည်း ကျွန်တော်က ကျူရှင်ဆရာအဖြစ် မိမိ ကိုယ်ကို ဖုံးကွယ်ထားလိုက်ပါတယ်။

ဒါတွေနဲ့ ပတ်သက် လို့ကတော့ မြေအောက်စည်းရုံးရေး စည်းကမ်းအရမို့ အစ်ကို မောင်စွမ်းရည်ကို ဘာမှလည်း မပြောပြ။ ပြောပြလို့လည်း မဖြစ်နိုင် ပါဘူး။ ရေရှည်မြှုပ်နှံရေးမူအရ ထိန်းသိမ်းထားပါတယ်။ ကျူရှင်ဆရာဘ၀နဲ့ရန်ကုန်ရောက်ရင် ကျူရှင်ဆရာများဖြစ်တဲ့ ဦးအုန်းကျော်နဲ့ ဇီဝ ကြေးမုံဦးရဲထွတ်တို့ဆီမှာသာ ဝင်ထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ဆီရောက်လာရင်တော့ အစ်ကိုက ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီရဲ့ အာဘော် ‘ပြည်သူ့အသံ’က ထုတ်လွှင့်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ကူးယူ ဝါဒဖြန့်တဲ့စာစောင်တွေကို အထပ်လိုက် ကျွန်တော့်လက်ထဲ ထည့်ပေး လေ့ရှိပါတယ်။ တကယ်တော့ ကျွန်တော်ဟာ ပါတီရဲ့ မြေအောက်အဖွဲ့ဝင် တယောက်အဖြစ် အဲဒီတုန်းက ‘ပြည်သူ့အသံ’က ထုတ်လွှင့်သမျှကို ကက်ဆက်တလုံးနဲ့ ဖမ်းယူ ပြန်လည် ကူးပေးရေး တာဝန်ယူနေသူ တယောက်ဆိုတာတော့ အစ်ကို မသိရှာ ပါဘူး။ ညီအစ်ကိုချင်း စိတ်ချရသူတယောက်အဖြစ်နဲ့ ဖတ်စေချင်လို့ ပေးနေတယ်ပဲလို့ ကျွန်တော်ကလည်း ခံယူခဲ့တာပါ။

ဒီလိုနဲ့ ၁၉၇၈ ခုနှစ်၊ စက်တင်ဘာမှာ အထက်ဗမာပြည် မြေအောက်တာဝန်ခံ အဖွဲ့ဝင်တဦးကို စစ် ထောက်လှမ်းရေးက သတင်းဖော်ထုတ် လိုက်လံဖမ်းဆီးတဲ့ အဖြစ်အပျက် ပေါ်လာတယ်။ အဲဒီလူဟာ ပြေးနေရင်းက မိမိဘာသာ အမိခံ၊ ပါတီနဲ့ ရဲဘော်တွေကို သစ္စာဖောက်သွားတော့တယ်။ ဒါနဲ့ မြင်းခြံမြေအောက် အဖွဲ့ဝင်တွေဟာ အဖွဲ့ခွဲပြီး မြို့ပေါ်က စနစ်တကျဆုတ်ခွာ၊ ပါတီရဲ့ လက်နက်ကိုင်ဒေသတွေ ဆင်းဖို့ဖြစ်လာ ရတယ်။ ကျွန်တော် ရှမ်းပြည်ဘက်ကို ကျွန်တော်တာဝန်ယူရမယ့် ရဲဘော်(ဒေါ်မြင့်မြင့်နဲ့အတူ) ရှောင်တိမ်း အဆက်အသွယ်ရှာပေမယ့် အဆင်မပြေခဲ့ဘူး။ ရဲဘော်(ဒေါ်မြင့်မြင့်)လည်း သူ့အိမ်က စိတ်မချလို့ လိုက်ရှာခေါ်လို့ တွေ့တာနဲ့ ပြန်ထည့်ပေးလိုက်ရတယ်။

နောက်ဆုံး ကျွန်တော်တဦးတည်း ရန်ကုန်ရောက်ပါတယ်။ ကျူရှင်ဆရာတယောက် အိမ်မှာ တည်းခိုပြီး၊ ရောက်တဲ့ည ဆရာတင်မိုးဆီ သွားတွေ့ လိုက်တော့ “မင်းကို မျှော်နေတာ၊ မင်းအိမ်က လွှတ်လိုက်လို့ မင်းတူရောက်နေတယ်။ မင်းကို ထောက်လှမ်းရေးက လိုက်ဖမ်းနေ တယ်။ မင်းပြန်မလာဖို့ မင်းကိုလိုက်ရှာ ပြောနေတာ။ မင်းတောခိုတော့မှာ မဟုတ်လား။ မင်း ခင်မောင်ဖြူ မှတ်မိတယ်မဟုတ်လား။ တောင်ကြီးက ‘အာကာ’ကျူရှင်ကို သွားလိုက်။ မင်းအစ်ကိုနဲ့ ရော တွေ့ချင်သေး သလား။ တွေ့ချင်ရင် သူ့ကျူရှင်ကို မနက် ၇ နာရီလာခဲ့”လို့ ဝမ်းသာအားရနဲ့ တရစပ်ပြောနေပါတော့တယ်။

ကျွန်တော်လည်း စိတ်အေးရပြီမို့ တည်းခိုအိမ်ကို စိတ်ချလက်ချ ပြန်လာခဲ့တယ်။ နောက်နေ့မနက် အစ်ကို ကျူရှင် ဖွင့်ထားတဲ့ နေရာ ကမာရွတ်၊ လှည်းတမ်းဘက်ကို သွားရောက် ဆက်သွယ်လိုက်ပါတယ်။ အစ်ကိုလည်း ဝမ်းသာအားရ လက်ခံတွေ့ဆုံပြီး “မင်းတော ခိုမယ်ဆိုရင်လည်း စိတ်အေးလက်အေးသွားပါ။ အမကို အစ်ကို တာဝန်ယူမယ်။ မင်းတူတွေ ကျူရှင်တက်နေတယ်။ တွေ့ဦးမလား။ တောခိုမယ်ဆိုရင် ကိုတင်မိုးပြောပြီးပြီ မဟုတ်လား။ တောင်ကြီးက အာကာကျူရှင်ကို သွားလိုက်”လို့ တည်ငြိမ်အေးဆေးစွာ ပြောပါတယ်။

ကျွန်တော့် တူတွေနဲ့လည်း မတွေ့တော့သလို ရန်ကုန်မှာရှိတဲ့ နှမ အငယ်ဆုံးနဲ့ရော အစ်မအကြီးဆုံးကိုပါ၊ ဘယ်သူထံမှ ဝင်ရောက်နှုတ်ဆက်မနေတော့ဘဲ အဲဒီနေ့မှာ တည်းခိုအိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး နောက်တနေ့ မနက်အစောမှာ ရန်ကုန်ကို နှုတ်ဆက်ပြီး အစ်ကိုနဲ့ ဆရာတင်မိုးတို့က ကျွန်တော့်ကို တောခိုဖို့ ပေးလိုက်တဲ့ လမ်းကြောင်းအတိုင်း လက်နက်ကိုင်တော်လှန်ရေးထဲ ဆင်းဖို့ ထွက်ခွာလာခဲ့ပါတယ်။ အဲဒါ ၁၉၇၈၊ စက်တင်ဘာ နှောင်းပိုင်း ရက်တရက်ပါပဲ။

တော်လှန်ရေးသမားတယောက်၊ ကွန်မြူနစ်တယောက် ဖြစ်ခဲ့တာ နှစ် ၃၀ ကျော် ၄၀ နီးပါး တိုင်ခဲ့ပါပြီ။ အခုအခါ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယ မျိုးဆက်ထဲက အသက် ၆၀ ကျော် ၇၀ သက်တန်းထဲက ‘ထောင်မကျဘူးတဲ့ ကွန်မြူနစ် တယောက်’အဖြစ် ပေးအပ်ထားတဲ့ တာဝန်များကို ကျွန်တော် ထမ်းဆောင်နေပါတယ် အစ်ကို။ ညီက‘ထောင်မကျဘူး တဲ့ ကွန်မြူနစ်’၊ အစ်ကိုက ‘ထောင်မကျ ဘူးတဲ့ ကဗျာဆရာ’။ ညီအစ်ကိုနှစ်ယောက် ဆရာတင်မိုးရဲ့ အလှကိုယ်စီကဗျာမှာ ရေးဖွဲ့ထားခဲ့သလို “သဘာဝ လျှင်၊ အလှကိုယ်စီ၊ စွမ်းရည်ကိုင၊ လက်ဆောင်ငှ၏” လို့ ဆိုရတော့မှာပါ။ ဗမာပြည်လူ့အဖွဲ့အစည်းအတွက် ကိုနိုင်တဲ့တာဝန်ကို ထမ်းဆောင်နေကြ တာပဲလို့ မှတ်ယူထားတာပါ။

ကျွန်တော် လက်နက်ကိုင်တော်လှန်ရေးကာလကို ဖြတ်သန်းနေစဉ်၊ ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမှာ၊ တနေ့ ဗိုလ်ကျင်မောင်ခေါ် ရဲဘော်ထွန်းက ခေါ်ယူပြီး မောင်စွမ်းရည်နဲ့ ဆက်သွယ်ချင်တယ် ခင်ဗျားမှာ အထောက်အထားပြဖို့ ဘာ အချက်အလက်များ ပေးလို့ရနိုင်မလဲလို့ မေးလာဖူးပါတယ်။ ဒါနဲ့ ကျွန်တော့်ဆီမှာ ဘာမှ မရှိဘူး။ မောင်လှဝင်း (မြင်းခြံ) ပြေးရင်းလွှားရင်း အစ်ကိုနဲ့ ဆုံလို့ သူတို့ကဗျာဆရာချင်း ပေးလိုက်တဲ့ ‘ပတ်ကား ဖောင်တိန်’တချောင်း မောင်လှဝင်း (ရဲဘော်ချို) ထံမှာ ရှိတယ်လို့ ပြောပြီး ရဲဘော်ထွန်းထံ ပေးခဲ့ဖူး တယ်။ နောင်တနှစ် လောက်ကြာတော့ အဲဒီဖောင်တိန်လေး ပြန်ရောက်လာတယ်။

အဲဒီတုန်းက ရဲဘော်ထွန်းက မောင်စွမ်းရည်နဲ့ မန္တလေး ဘုန်းကြီးကျောင်း တကျောင်းမှာ ဟိုတုန်းက ဆုံဖူးတယ်။ သူကတော့ ကျွန်တော် ဗိုလ်ကျင်မောင်မှန်း မသိပါဘူးလို့ တရင်းတနှီး ပြောပြဖူးပါတယ်။ ဒါဟာ အစ်ကို့ဘ၀ထဲက ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ ပထမမျိုးဆက်တွေထဲက ထိပ်တန်းခေါင်းဆောင်တယောက်နဲ့ အစ်ကိုမသိလိုက်ဘဲနဲ့ ဆက်စပ်မှုတခု အဖြစ်နဲ့ ကျွန်တော့် အာရုံမှာ မှတ်သားထားချက် တခုဖြစ်ပါတယ်။

ဒါပေမဲ့ အစ်ကိုဟာ တခါမှ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တရားဝင် ပါတီအဖွဲ့ဝင်တော့ မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်တော်ပါတီဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းကို ရောက်ခါစ၊ ၁၉၇၉ ခုနှစ်၊ နှစ်လယ်လောက်ရဲ့ တရက်မှာ ကိုခိုင်အောင် (ဗိုလ်ကျော်ဇော သားအငယ်-ကိုကျော်ဇောဦး) က ဗိုလ်ကျော်ဇောနဲ့ မောင်စွမ်းရည် ညီလို့ မိတ်ဆက်ပေးပါတယ်။ သူက မိတ်ဆက်ပေးရင်း “ဆရာတင်မိုးတို့ ဆရာ စွမ်းတို့လည်း တော်လှန်ရေးထဲ ဆင်းလာရင် သိပ်ကောင်းမှာပဲ”လို့ သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တော့ ဗိုလ်ကျော်ဇောက “အဲဒီလို ဘယ်ဖြစ်မလဲ။ လူတိုင်းတော်လှန်ရေးထဲ ဆင်းလာလို့မဖြစ်ဘူး။ သူတို့နယ်ပယ်မှာ သူတို့လုပ်စရာတွေ၊ သူတို့ လုပ်နိုင်တာတွေ အများကြီးရှိသေးတယ်” လို့ ပြောခဲ့ဖူးတာကို သတိရတယ်။ အမှန်ပဲ။

အစ်ကိုဟာ ကဗျာဆရာတယောက်၊ စာပေဝေဖန်ရေးဆရာ (စာပေးသမိုင်းပညာရှင်) တယောက်ဖြစ်လို့ စာပေနယ်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဗိုလ်ကျော်ဇော ပြောခဲ့တဲ့စကားကို ခုတော့ ပိုလေးနက်၊ ပိုသဘော ပေါက်နားလည် ခံစားနေမိတယ်။ ဒီနေ့လို ဗမာစာကို ရေးချင်သလိုရေး၊ အသံထွက်ကို ထွက်ချင်သလို ထွက်နေတဲ့ ကာလမှာ အစ်ကို့ အနေနဲ့ လုပ်သင့်လုပ်ထိုက် တာတွေ၊ လုပ်နိုင်တာတွေ အများကြီး ရှိလိမ့်ဦးမယ်လို့ ယုံကြည် လို့ မွေးနေ့ရည်စူးပြီး ဗိုလ်ချုပ်ကျော်ဇော ထားခဲ့တဲ့ စကားကို မွေးနေ့ကန်တော့ ပန်းအဖြစ် လက်ဆောင်ပါး လိုက်ရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနေ့ရက်တွေကို ဖြတ်သန်းရင်း ၁၉၈၉ ခုနှစ် သင်္ကြန် အပြီး နှစ်ဆန်း တရပ်နေ့မှာ ပါတီဟာ လူမျိုးစုတွေရဲ့ ပုန်ကန်မှုကို ရင်ဆိုင်လိုက်ရပြီး နယ်စပ်ကို ဖြတ်ကျော်ကာ ပါတီဗဟိုနဲ့ အတူ ကျွန်တော်လည်း တဖက်နိုင်ငံကို ဝင်ရောက် ခိုလှုံခဲ့ရတယ်။ ဒီအတောအတွင်းမှာပဲ ရှစ်လေးလုံး အရေးတော်ပုံအပြီး တိုင်းပြည်က ထွက်လာတဲ့ ကဗျာဆရာ ဝင်းတင့်ထွန်းနဲ့ ဆုံခဲ့ရတယ်။ ဆရာတင်မိုးတို့ အစ်ကိုတို့လည်း ပြည်တွင်းမှာ ဆက်နေလို့ မသင့်တော့တာနဲ့ ပြည်ပကို ထွက်လာခဲ့ကြရတယ်။ အဲဒီလို ထွက်လာတော့ ဗိုလ်ကျင်မောင်က ဆရာတင်မိုးဖြစ်ဖြစ်၊ မောင်စွမ်းရည်ဖြစ်ဖြစ် တကယ်လို့ ဒီကိုပဲ လာနေချင် တယ်ဆိုရင်လည်း ပါတီက တာဝန်ယူသွားမယ်လို့ တရားဝင် ပါတီတာဝန်ခံ ကေဒါကြီးတဦးမှ တဆင့် ပြောကြားခဲ့တာကို အစ်ကိုရဲ့ မွေးနေ့ကို အာရုံပြုရင်း ပြန်လည် သတိရလာတယ်။

အစ်ကိုနဲ့ ဆရာတင်မိုးတို့ဟာ ဆိုရှယ်လစ်တရုတ်ပြည်ကိုလည်း ကိုယ်တိုင်ကြည့် ရှုမြင်တွေ့ချင်တာရယ်၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်လည်းဖြစ်၊ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦးလည်းဖြစ်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောကို ပြန်လည်တွေ့ဆုံ ဂါရ၀ပြုချင်တာရယ်၊ ဗမာပြည် ကွန်မြူနစ်ပါတီကို လက်ငင်းတာဝန်ယူနေတဲ့မျိုးဆက်ဟာ ဆရာတင်မိုးနဲ့ အစ်ကိုတို့ ရင်းနှီးကျွမ်းဝင်သူ ရဲဘော် တွေဖြစ်ကြပြီး နှစ် ၂၀ ကျော် ၃၀ လောက် ကွဲကွာနေခဲ့ကြသူတွေဖြစ်လို့ ပြန်လည် တွေ့ဆုံ နှုတ်ဆက်ချင်ကြတာ ရယ်တို့ကြောင့် တရုတ်ပြည်ကို လာချင်တဲ့ သတင်းကြားရတော့ ကျွန်တော်တို့ တမျှော်မျှော်ဖြစ်ခဲ့ရတယ်။ ရောက်လာရင်လည်း ကျွန်တော်တို့ ဇနီးမောင်နှံ ကတော့ ဆရာတင်မိုး တို့ အစ်ကိုတို့ကို ထိုင်ကန်တော့် လိုက်မယ်လို့ မောင်လှဝင်း(မြင်းခြံ)နဲ့ ဒေါ်လှကျော်ဇောတို့၊ ကိုဝင်းတင့်ထွန်းတို့နဲ့ ပြောဖြစ်လိုက်တော့ သူတို့ ကလည်းတို့လည်း ထိုင်ကန်တော့ လိုက်မှာပေါ့လို့ ပြောရင်း မျှော်နေခဲ့ကြတာပါ။

ဒီလိုနဲ့ ဗိုလ်ကျော်ဇောလည်း ကွယ်လွန်၊ ဆရာတင်မိုးလည်း ကွယ်လွန်၊ ကျွန်တော့်ဇနီးလည်း ကွယ်လွန်ခဲ့ကြရရှာပြီပေါ့။ အကြောင်းအမျိုးမျိုး ကြောင့် မဆုံဖြစ်နိုင်ခဲ့ကြပါဘူး။

ဒီအတောအတွင်းမှာ ကဗျာဆရာဝင်းတင့်ထွန်းက အစ်ကိုတို့ ဆရာတင်မိုးတို့နဲ့ ရင်းနှီးလှတဲ့ ပန်းချီ ကျော်တဦးနဲ့ တနေရာမှာချိန်းပြီး မိတ်ဆက်ပေးပါတယ်။ အဲဒီပန်းချီဆရာကို ဘယ်သူဘယ်ဝါနဲ့ မိတ်ဆက် ပေးမယ်လို့ ပြောခေါ်လာတာမဟုတ်ဘဲ ကျွန်တော်နဲ့ တွေ့ဆုံပေးပြီး “ခင်ဗျား ဒါဘယ်သူထင်တုန်း”လို့ မိတ်ဆက်ပေးပါတယ်။ အဲဒီပန်းချီဆရာက “ဘယ်သူဖြစ်ရမှာတုန်း၊ ဒီရုပ်မျိုးက သိသာတယ်လေ။ ကိုစွမ်းရည် ညီဖြစ်မှာပေါ့”လို့ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်တော့ ကျွန်တော် မန္တလေးတက္ကသိုလ် တက်ရင်း ဒီအဖြစ်မျိုး ကြုံလိုက်မိတာကို ပြန်သတိ ရလိုက်မိတယ်။

ကျွန်တော် တက္ကသိုလ်ပထမနှစ်ပေါ့။ မန်းတက္ကသိုလ်အဝင် မိန်းလမ်းမကြီး၊ ရေနီးမြောင်းကို မဖြတ်မီ လမ်းဘေး၊ ဗောဓိကုန်းဘက် မှာ ‘လမင်းတရာ’ စာအုပ်အငှားဆိုင်လေးတဆိုင် လာဖွင့်တယ်။ ဖွင့်တဲ့ သူက ဦးစောလွင်(တက္ကသိုလ် မောင်စောလွင်)။ အထက် ဗမာနိုင်ငံစာရေး ဆရာ အသင်းရဲ့ အသင်းဝင်တယောက်မို့ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းလှုပ်ရှားမှုတွေ ကနေ ကျွန်တော် သူ့ကိုသိနေတာပါ။ သူကတော့ ကျွန်တော့်ကို မသိပါဘူး။ တရက် ကျွန်တော် သူ့ဆိုင်ထဲ ဝင်လာတာ၊ တွေ့တာနဲ့ သူက ကောက်ခါငင်ခါ “ခင်ဗျားက ဘယ်ဇာတိလဲ”လို့ ဖော်ရွေ ရင်းနီးစွာ နှုတ်ဆက် ပါတယ်။ ကျွန်တော်ကလည်း သူ့ကို မရင်းနှီးပေးမယ့် လူပုဂ္ဂိုလ်အရ သိပြီးသားမို့ အမှန်အတိုင်း ”မြင်းခြံသားပါ” လို့ ဖြေလိုက် ပါတယ်။ သူက တဆက်တည်း “မင်း ငဝက်ညီလား၊ သိပ်တူတာပဲ”လို့ ပြောခဲ့ဖူးတာကိုလည်း တဆက်တည်းပြန်လည် သတိရမိလာပါတယ်။

ကျွန်တော် ကျူရှင်ဆရာ ဘ၀က မမအေးနဲ့ အတူနေတာပါ အစ်ကို။ မမအေးက မကြာမကြာ ပြောလေ့ရှိတာက “မင်း အစ်ကိုလေးနဲ့ ရုပ်တင်မကဘူး ရယ်သံလည်း အစ်ကိုလေးနဲ့ တူတယ်”တဲ့လေ။ မတူတာကတော့ အစ်ကိုက ဖေဖေရဲ့ ဗီဇသွေးဖြစ်တဲ့ ဖေဖေဖြစ်ချင်တဲ့ ‘ကဗျာ ဆရာ၊ စာရေးဆရာ’ဖြစ်ပြီး ကျွန်တော်က ဦးလေးတွေရဲ့ ဗီဇသွေးဖြစ်တဲ့ ‘တော်လှန်ရေးသမား’ ဖြစ်လာခြင်း တို့ပါပဲ။ (အဖေရာ အမေဘက်ကပါ ဦးလေး တွေဟာ အလံနီရော၊ အလံဖြူဘက်မှာပါ ပါဝင်ခဲ့ကြပြီး အများစု ဟာ အစောပိုင်းကတည်းက ကျဆုံးသွားကုန်ပါပြီ။ တဦးတလေကတော့ လက်နက်ချခဲ့တာ ရှိဖူးပါ တယ်။)

(၄)

တော်လှန်ရေးဆိုတာကတော့ ရှုံးလိုက်၊ ထပ်တိုက်လိုက်၊ ထပ်ရှုံးလိုက် ထပ် တိုက်လိုက်၊ နောက်ဆုံး အောင်ပွဲခံ ဆိုတဲ့ တရားအတိုင်း ချီတက်နေတာပါပဲ။ ဒါဟာ အမှန် တရားပါပဲ။ ဒါဟာ သစ္စာတရားပါပဲ။ ဒါဟာ လူသား လူအဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုရဲ့ သမိုင်းဗေဒဖြစ်တယ်။ တနည်း သမိုင်းရုပ်ဝါဒဖြစ်တယ်။ ဒါကို ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်တယ်။ အစ်ကိုလည်း ဒီသမိုင်းရုပ်ဝါဒကို ယုံကြည်စွဲကိုင်ပြီး ဗမာပြည် ဖောက်ပြန်ရေး အစိုးရ အဆက် ဆက်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တယ်။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူ၊ ဘက် ၂ ဖက်မှာ အဖိနှိပ်ခံ ဘက်က ရပ်ခံပြီး ကလောင်လက်နက် ကိုင်စွဲကာပြည်သူ့ စာပေလမ်းကြောင်းပေါ် တက် လှမ်းခဲ့တယ်။ မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တဲ့ ပြည်သူ တော်လှန်ရေးအရပ်ရပ်ကို ရပ်ခံပြီး ကဗျာဖွဲ့တယ်။ ဖောက်ပြန်တဲ့ စာပေတွေကို ဝေဖန်တိုက်ခိုက်ရင်း ပြည်သူ့စာပေလမ်းကြောင်း အတွက် ခုတ်ထွင်ရှင်းလင်း ပေးတယ်။ ဒီလိုနဲ့ ပြည်သူ့ကဗျာဆရာ၊ ပြည်သူ့ဝေဖန်ရေးဆရာဆိုတဲ့ ဘွဲ့ထူးကို နောက်ဆုံးမှာ အစ်ကိုပိုင်ဆိုင် သွားနိုင်ပါ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။

အစ်ကိုလျှောက်လှမ်းလာတဲ့၊ လျှောက် လှမ်းနေတဲ့ လမ်းကြောင်းဟာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်လို့ ဆက်လက်ပြီး လျှောက်လှမ်း နိုင်ပါစေလို့ ဆန္ဒပြုရင်း ၂၀၁၇ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အသက် ၈၀ ပြည့်တော့မယ့် အစ်ကိုကိုဝင်းဖေ(မောင်စွမ်းရည်)ရဲ့ အသက် ၈၀ မွေးနေ့ကို ရည်စူးရင်း အစ်ကိုတို့ ဇနီး မောင်နှံကို ကန်တော့လိုက်ပါတယ်။ အစ်ကို ကိုဝင်းဖေ(မောင်စွမ်းရည်)တို့ ဇနီးမောင်နှံ အသက်ရာကျော် ရှည်ပါစေ။

ကျော်ဆွေ ၂၀၁၆၊ ဒီဇင်ဘာ ၂၉ ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်