ငြိမ်းချမ်းသူ – သူ့အမှာ သူ့စာ သူ့ကဗျာ သူ့ရုပ်ပုံလွှာ

February 18, 2017


ငြိမ်းချမ်းသူ – သူ့အမှာ သူ့စာ သူ့ကဗျာ သူ့ရုပ်ပုံလွှာ

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
(အရုဏ်ဦး စာပေက စီစဉ်တဲ့ ဆရာမောင်စွမ်းရည် ၈၀ပြည့် စာစုကဗျာစုကနေ ကူးယူဖော်ပြပါတယ်)

၁။ ကဗျာနဲ့ ကျွန်တော်

“ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါနှင့်၊ ယုံကြည်ရန်နှင့် သူများပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါနှင့်၊ စကားကြီး စကားကျယ်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါနှင့်၊ နှိုင်းချိန်ရန်နှင့် တွေးတောရန်အတွက် စာဖတ်ခြင်း ပြုပါလေ။”

နိုင်ငံတကာ ရသစာတမ်းမှာ Francis Bacon (UK) က အခုလို ရေးသားခဲ့ဖူးပါတယ်။ အဲဒီလို သဘောထား စိတ်ဓာတ်မျိုးနဲ့ ကျွန်တော် စာဖတ်ခဲ့ပါတယ်။ ကဗျာစပ်ခဲ့ပါတယ်။ အထူးသဖြင့် ကဗျာနဲ့ ပတ်သက်လာရင် ကျွန်တော် ရင်မခုန်တဲ့အရာကို သူများတွေလည်း ရင်ခုန်လာအောင် မလုပ်ချင်ပါ။ မကြိုးစားချင်ပါ။ လိပ်ပြာ မသန့်ရင် ကဗျာရနံ့ မထုံပြန့်နိုင်ဘူးလို့ ယုံကြည်ထားသူမို့ပါ။

“ခံစားမှု မပါ စိတ်လှုပ်ရှားမှု မဖြစ်ပါ ဒါမှမဟုတ်ရင်၊ ရင်ခုန်ထိရှမှု မရှိလဲ ကဗျာကို ရေးစပ်လို့ရတယ်လို့ ပြောဆိုနေသူဟာ မေထုံမဲ့ သားစပ်ခြင်းကို အဆိုတင်သွင်းသူသာ ဖြစ်လိမ့်မယ်၊ ကဗျာဆရာတော့ မဖြစ်နိုင်ဘူး”လို့ တရုတ်ကဗျာဆရာကြီး အိုက်ချင်းက ပြောဆိုခဲ့ ပါတယ်။ သူ့ရဲ့ အဆိုကို ကျွန်တော် နှစ်ချိုက်သဘောကျနေမိလို့ပါ။

ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာဆရာဟာ မှန်သောစကားကို ပြောရပါမယ်၊ ပြောရဲရပါမယ်။ အတတ်ပညာ နည်းနာတို့ထက် အရင်းခံသ ဘောထား နှလုံးသားက ပို အရေးကြီးပါတယ်။ ကဗျာဆရာရဲ့ ကဗျာဟာ နှလုံးသွေးသားထဲက ကဗျာဖြစ်ရပါမယ်။ ဘ၀ထဲက ပြည်သူလူထုထဲ က တိုက်ပွဲလက်တွေ့ထဲက၊ သဘာဝ လောကကြီးရဲ့ အလှထဲက ငုံအာ ဖူးပွင့်လာရပါမယ်။ ဟိုအတွက် ဒီအတွက်၊ မိမိအတွက် အတ္တငါရည် မှန်းချက်အတွက် ဒါမှမဟုတ် မသာနဲ့ မသာလက်ဖက်အတွက် ရေးဖွဲ့တဲ့ ကဗျာဟာ ကဗျာရဲ့အား၊ ကဗျာရဲ့အလှ၊ ကဗျာရဲ့ အရည်အသွေးနဲ့ ဂုဏ်ကို ထိခိုက်လျော့ပါး ပွန်းပဲ့စေပါတယ်။

လစ်ဘနွံ ဒဿနကဗျာဆရာကြီး ခါလစ်ဂျီးဗရောင်းကလည်း “ကဗျာဟာ အထင်နဲ့အမြင်ကို ရှင်းလင်းပြနေတဲ့ ဖွင့်ဟမှုတခု မဟုတ်။ ကဗျာဟာ အနာဒဏ်ရာနဲ့ အပြုံးနှုတ်ခမ်း ရွှေကြာတို့မှ ယိုစီးဖူးပွင့်လာတဲ့ ပန်းအလှ တေးအလင်္ကာတမျိုးဖြစ်တယ်”လို့ ဆိုပါတယ်။

အမှန်ပါပဲ။ ဖြူဖွေးလှပတဲ့ ပုလဲတလုံးဆိုတာ ဘ၀ရယ်၊ အချိန်ရယ်၊ ထိရှနာကျင် ရင်ခုန်မှုတွေနဲ့ ဝိုင်းရံပြီး ဆောက်တည်ထားတဲ့ သဲတပွင့်ရဲ့ စကြာဝဠာဖြစ်ပါတယ်။

၂။ သူ့အမှာ သူ့စာ

ဆရာမောင်စွမ်းရည်ရဲ့ အမှာဆိုတာ ကျွန်တော့်ကဗျာ စာအုပ်နှစ်အုပ်အတွက် ရေးပေးတဲ့ အမှာ နှစ်ပုဒ်ပါ။ တောတွင်းနဲ့ နယ်စပ်မျဉ်း တလျှောက်လှုပ်ရှား ဖြတ်သန်းနေရတဲ့ ကာလတွေမှာ ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေကို စုစည်းထားတဲ့ “တိမ်နဒီရိုးမ”ကဗျာစာအုပ်နဲ့ “မဟာ တံတိုင်းပေါ် လမ်းလျှောက်ခြင်း”ဆိုတဲ့ ဘာသာပြန် ကဗျာစာအုပ်အတွက် ရေးတဲ့အမှာဖြစ်ပါတယ်။

ကျွန်တော့် နှလုံးသွေးစက် ပျားရည်စက်တွေဖြစ်တဲ့ ဒီကဗျာတွေကို တနေ့နေ့တချိန်ချိန် စာအုပ်အဖြစ် ထုတ်ဝေနိုင်တဲ့အခါ ကျွန်တော် ချစ်ခင်လေးစားတဲ့ ကဗျာဆရာ တဦးဦးရဲ့ အမှာနဲ့ ထုတ်မယ်လို့ စိတ်ကူးစိတ်သန်း ရှိခဲ့ပါတယ်။ ကဗျာဆရာတယောက်ရဲ့ တကယ့် နှလုံးသားကို ကဗျာဆရာဖြစ်သူ၊ ကဗျာချစ်သူတို့သာ ပိုမိုသိရှိ ခံစားနားလည်နိုင်မယ်လို့ ကျွန်တော် မှတ်ယူထားလို့ပါ။

ဒီလိုပြင်းပြတဲ့ ဆန္ဒလေးတခုဟာ တောတွင်းဘ၀ရဲ့ နေ့ရက်တွေထဲမှာ၊ မိုးထဲရေထဲ မုန်တိုင်းထဲမှာ၊ ယမ်းခိုးဗုံးကျည်ကြားမှာ၊ ကျွန်တော် ချစ်တဲ့လူတွေနဲ့ အမေကို လွမ်းတဲ့အလွမ်းကြားမှာ ကိန်းအောင်း ရှင်သန်လာခဲ့တာပါ။ အဲဒီဆန္ဒအလို စိတ်ကူးအိပ်မက်ကို ဆရာ မောင်စွမ်း ရည်ရဲ့ ညီ (ကိုကျော်ဆွေ)နဲ့ ကိုချို (မောင်လှဝင်း-မြင်းခြံ) တို့ရဲ့ ဝိုင်းဝန်းမှုတွေကြောင့် ပြည့်ဝနိုင်ခဲ့ပါတယ်။ ချောချောမောမော ဖြစ်ခဲ့ပါတယ်။ ဒီအတွက် သူတို့နှစ်ဦးကို ကျွန်တော် ကျေးဇူးတင်နေမိပါတယ်။ တအားဝေး၊ တအားလှမ်းတဲ့နေရာမှ ရရှိလာတဲ့ ‘ဆရာ တင်မိုးရဲ့အမှာ’အပါ ဒီအမှာတွေကို ကျွန်တော် ဒီကနေ့အထိ မြတ်နိုးတန်ဖိုးထားနေတုန်းပါပဲ။

ဒီအမှာတွေထဲမှာ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာအမြင် ကဗျာအယူအဆတချို့ ပါရှိနေပါတယ်။ ကျွန်တော်တို့နဲ့ ပတ်သက်နေတဲ့ ကဗျာနဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးသမားနဲ့ ကဗျာအရေးအသား(နှုတ်၊ နား၊ နှလုံးသား) ပြဿနာတွေကို ဆွေးနွေးပြောဆိုထားတဲ့ စာတစောင်မို့၊ ဆရာ့ လက်ရာ၊ ဆရာ့မေတ္တာ၊ ဆရာ့စေတနာတခုမို့ ကျွန်တော် ပြန်လည် ဖော်ပြချင်တာပါ။ ကျွန်တော်တို့ဟာ လူချင်း၊ နယ်မြေဒေသချင်း ဝေးနေကြ ရပေမယ့် ကဗျာဆရာရဲ့ စိတ်ချင်းက နီးနေကြတယ်ဆိုတာကို ဖော်ပြချင်တာပါ။ အခုတော့ ဆရာတင်မိုးလည်း မရှိတော့ပါဘူး။ ဆရာမောင် စွမ်းရည်လည်း အသက် ၈၀ ရှိနေပါပြီ။ ကျွန်တော်တို့ဟာ လုပ်သင့် လုပ်ထိုက် လုပ်နိုင်တာကို လုပ်ခဲ့ကြပါပြီ။ ဆရာ့အမှာက ဒီလိုပါ … …

ဗမာပြည်မှာ ကဗျာခံတွင်းပျက်နေတာ ကြာပါပြီ။ (၁) စာပေစိစစ်ရေးရဲ့ ရန်က ရှောင်တိမ်းဖို့ (၂) ပို့စ်မော်ဒန် ဂုဏ်မြောက် ကာရန် ဖျောက် ကဗျာဖြစ်ဖို့ဆိုတဲ့၊ စတဲ့ အကြောင်းပြချက်တွေနဲ့ ကဗျာတွေ ရေးနေကြတယ်။ ဆရာမင်းသုဝဏ်လို ကဗျာဝိဇ္ဇာဓိုရ်လည်းဖြစ်၊ သပြေညို မော်ဒန်ကဗျာ အလုပ်စခန်း ဖွင့်ခဲ့သူလည်းဖြစ်တဲ့ ပညာရှိကဝိစာဆိုကြီးက “ကြိုးစားတော့ ဖတ်တာပဲ၊ နားမလည်ဘူးကွာ”လို့ ညည်းရတဲ့ အခြေ ရောက်သွားတယ်။ ဒီအခါမှာ “ဆရာကြီးက လူငယ်တွေကို အားမပေးဘူး” လို့ လူငယ်ကဗျာသမားတချို့က ပြန်ပြောသံတွေကို ကြား လိုက်မိတော့ စိတ်မကောင်းဖြစ်ရတယ်။ သူတို့အားလုံးဟာ ဒီမိုကရေစီသမားတွေဆိုတာတော့ လုံးဝအာမခံပါတယ်။ သူရောကိုယ်ရော ပန်းတိုင်မှာ ဆုံကြရမှာပါ။

မော်ဒန်ဖြစ်တာ (ခေတ်မီတာ) မကောင်းဘူးလား။ ကောင်းတာပေါ့။ ကောင်းတယ်ဆိုရင် မော်ဒန်ဆိုတာ ဘာလဲ။ အနောက်မှာ “ဒန်” နေကြတာ နှစ်ပေါင်း ၇၀ လောက် ရှိပြီ။ ကျုပ်တို့မွေးစလောက်ကပဲ ဆိုထင်ရဲ့။ ကျုပ်တို့နားလည်တဲ့ “မော်ဒန်” ကတော့ ဒီလိုပါ။

ခေတ်ကဗျာဟာ ခေတ်အတွေ့အကြုံ၊ ခေတ်အတွေးအမြင်၊ ခေတ်ခံစားမှု၊ ခေတ်ရင်ခုန်သံကို ခေတ်စကား၊ ခေတ်အသံ၊ ခေတ်ကာရန်နဲ့ ဖော်ကျူးရတာလို့ မြင်ပါတယ်။ ပြည်တွင်းကဗျာ အတော်များများက အတော်ပဲ “လျှို့ဝှက်ဆန်းကျယ်” နေတယ်။ အတော်ပဲ “ပဟေဠိဆန်” နေ ပါတယ်။ တချို့ တပုဒ်ကောင်း နှစ်ပုဒ်ကောင်း တွေ့ရပြီး တချို့က တပိုဒ်ကောင်း နှစ်ပိုဒ်ကောင်းပဲ တွေ့နေရတယ်။ ရိုးရာ ကာရန်စနစ်တွေ ပစ်ပယ်ရက်ကြပေမယ့် ရိုးရာကာရန်စနစ်တွေက ပေးခဲ့တဲ့ ကဗျာဂုဏ်ရည်တွေကို အစားမထိုးနိုင်ဘူး။ ကာရန်ဂုဏ်ရည်တခုဖြစ်တဲ့ အသံ(ရစ်သမ်) ဖန်တီးမှုကိုလည်း အများစုက ဖန်တီးမပြနိုင်ကြပါဘူး။ အဓိက က “ဘာသာစကား မနိုင်နင်းမှု”ပါပဲ။ (ပါရမီ၊ ဗီဇဆိုတာတွေ ဖယ်ထားလိုက်ဦး။)

ကဗျာဆိုတာ “ဘာသာစကားရဲ့ အလုပ်”ပါ။ ဘာသာစကားကို ဘာသာဗေဒပညာရှင်၊ သဒ္ဒဗေဒပညာရှင်တွေလို နိုင်နင်းတာမျိုး မဟုတ်ဘဲ“နှုတ်”နဲ့ “နား”နဲ့ “နှလုံးသား”နဲ့ နိုင်နင်းဖို့ကို ဆိုလိုပါတယ်။ ပိုရှင်းအောင် ပြောရရင် ဦးပုညမိန့်မှာခဲ့သလို “တေးကိုသာ ရအောင်ကျက်ပါတော့ ခက်ပါဘု မျိုးသိင်္ဂါ”လို့ ပဲ ပြောချင်ပါတယ်။

ကဗျာဆရာမ ကြည်အေးက ငယ်ငယ်ကတည်းက ကိုးခန်းပျို့ တအုပ်လုံးကို အလွတ်ရတယ်။ မောင်သာနိုးကလည်း နတ်ရှင်နောင် တအုပ်လုံးလောက် ရသတဲ့။ ကြည်အောင်၊ ကိုလေးတို့ဆိုရင် သခင်ကိုယ်တော်မှိုင်းကဗျာတွေ အများကြီး အာဂုံဆောင်ထားကြတယ်။ ကဗျာ တွေ အလွတ်ကျက်တိုင်း အသံနားလည်ပြီး ကဗျာဆရာ ဖြစ်နိုင်မယ်လို့လည်း မဆိုလိုပါဘူး။ အမှန်တော့ “နှစ်သက်စွဲလန်းမှု”ပါပဲ။ နှစ်သက် စွဲလန်းပြီး အထပ်ထပ် ဖတ်မိနေရင် ကဗျာတွေဟာ နှုတ်ထက်ရွရွ၊ အာစရွှင်ရွှင်နဲ့ နားထဲဝင် ပဲ့တင်နေပါလိမ့်မယ်။ ဒါဆို အသံသဘော နားလည်သလို ရှိလာနိုင်ပါတယ်။ ပါရမီခံနဲ့ မဆိုင်၊ ပါရမီ ဖြည့်မှုအပိုင်းကို ပြောတာပါ။

ပြည်ပရောက်လာတော့လည်း ကဗျာတွေ အားရပါးရ ရေးနေကြတာ တွေ့ရပါတယ်။ ဝမ်းသာအားရ ဖြစ်မိတယ်။ လူငယ်တွေဟာ သူတို့ ခံစားမှု“မီဒီယာ”အဖြစ် ကဗျာကို ရွေးထားကြတယ်။ ပြည်ပရောက်လာသူတွေထဲမှာ နိုင်ငံရေးသမားက များတော့ တော်တော်များများက နိုင်ငံရေး ကြွေးကြော်သံဆန်ဆန် ရေးကြပါတယ်။ ဒါလည်း ကြိုဆိုတယ်။ ဒါပေမဲ့ ဒိထက်ပိုပြီး ကောင်းစေချင်တယ်။ အနုပညာမြောက်စေချင် တယ်။ ဒါမှ ရည်မှန်းချက် ပိုပြီးထိရောက်မယ်။ အတွေး အရေး ဘက်စုံ လှစေချင်တာပါပဲ။ တယောက် နှစ်ယောက်မှာ “ကဗျာဇ” ရှိတာ တွေ့မိ ပါတယ်။

တနေ့တော့ “မီးတုတ်”ဆိုတဲ့ ကဗျာရှည်တပုဒ်ကို ဖတ်မိလိုက်တယ်။ ရှည်လို့ ဖတ်ရမှာ ပျင်းပေမယ့် စမ်းဖတ်ကြည့်တော့ အစအဆုံး ရင်ခုန်အောင် ဆွဲဆောင်နိုင်တာ တွေ့လိုက်ရပါတယ်။ ရိုးရာ ကာရန်စနစ်လည်း မဟုတ်ဘူး။ ကာရန်မဲ့လည်း မဟုတ်ဘူး။ မဲ့သလား မမဲ့ဘူးလား၊ ဂရုလည်း မထားလိုက်နိုင်ဘူး။ “အသံ”က သူ့ဟာနဲ့သူ့သဘောနဲ့သူ ဆောင်တယ်။ ဘာအကြောင်းအရာပဲ ရေးရေး ကဗျာတပုဒ် ဟာ မျက်ရည်မသမ်း၊ ကြက်သီးမဖြန်းရင် “ကဗျာကောင်း မဟုတ်ဘူး”လို့ အောက်မေ့မိပါတယ်။ မီးတုတ်ကဗျာကို ဖြည်းဖြည်းဖတ်ရင်း နှုတ်ကပါ အသံထွက်လာမိတယ်။ ကြက်သီးဖြန်းပြီး မျက်ရည်တစမ်းစမ်း ဖြစ်လာတယ်။ ပြီးတော့ သက်ပြင်းချမိတယ်။ ရေးတာ ဘယ်သူလဲဟည “ငြိမ်းချမ်းသူ”ဆိုပါလား။ ငါမသိ။ သူက ၁၉၆၅ လောက်က ရေးလာတာ၊ မိုးဝေမှာ ပါဖူးသတဲ့။ တောင်းပန်ပါတယ်။ ဒို့က လူနာမည် မှတ်တာ အားနည်းပါတယ်။

ခုကဗျာစာအုပ်ထုတ်တယ်။ “မီးတုတ်”ကဗျာကိုလည်း ပြန်ထည့်ထားတယ်။ သူ့ရဲ့ ကဗျာအသံစနစ်ကို လေ့လာဖော်ထုတ်ပြချင်ပါတယ်။ သူ့စာအုပ်ထွက်လာပြီးမှ ဝေဖန်စာအဖြစ် ရေးဖို့ စိတ်ကူးထားပါတယ်။ စာမျက်နှာ ၂၃၆ မျက်နှာပါတယ်။ နိုင်ဝင်းဆွေ၊ မောင်လှဝင်း(မြင်းခြံ)၊ ဖဒိုမန်းရှာတို့ အသံတစွန်းတစ ပါလေရဲ့။ သူတို့အားလုံးကို လွမ်းပါတယ်။ ရှမ်း၊ ၀၊ ကရင်တို့အသံ တစွန်းတစပါလေရဲ့ နွမ်းမိပါတယ်။

“လွမ်းတမျက်နှာ” ကဗျာရှည်ကို အထူးသက်မိတယ်။ ဒို့များရဲ့ “အမေ့ခေါ်သံ” ကဗျာနဲ့ ယှဉ်ပြီး လွမ်းမိရတယ်။ မိဘဘိုးဘွားမေတ္တာဆို တာ အတူတူပါပဲလားဆိုပြီး အောက်ပါကဗျာတိုလေးကို သူ့ကဗျာအောက်က ရေးလိုက်မိတယ်။ ခေါင်းစဉ်က ရေးပြီးမှ ပေးလိုက်ရတာပါ။

ခေတ်ကဗျာ နှစ်မျိုး
ငါက “မြို့ခို”ပြီး
မြို့ပြလူမှုဘ၀တိုက်ပွဲကို
“ချွဲ”ပြတယ်။

ငါ့ညီတွေက “တောခို”ပြီး
တောနေဘဝ
တော်လှန်တိုက်ပွဲကို
“ရဲ”ပြတယ်။

“ချွဲ”မလား၊ “ရဲ”မလား
ရိုးသားတဲ့ ခံစားမှုသာ
ကဗျာပြုလို့ရတာကလားလို့
ခံစားလိုက်ရပါတော့တယ်။

ဆက်ပြီး ရိုးသား ကြိုးစားနိုင်ပါစေ။

မောင်စွမ်းရည်

၂၀၀၆၊ နိုဝင်ဘာ၊ ၈။

၃။ သူ့ကဗျာနဲ့ သူ့ရုပ်ပုံလွှာ

“ဘာအကြောင်းအရာပဲ ရေးရေး၊ ကဗျာတပုဒ်ဟာ မျက်ရည်မသမ်း၊ ကြက်သီးမဖြန်းရင် ကဗျာကောင်း မဟုတ်ဘူး”လို့ ဆရာ မောင်စွမ်းရည်က ဆိုထားပါတယ်။ သူ့ရဲ့ “အမေ့ခေါ်သံ”ကဗျာဟာ ဒီလို ခံစားမှုမျိုးကို ပေးခဲ့ပါတယ်။ အဲဒီကဗျာထဲက အနန္တမေတ္တာ အမေရဲ့ ရုပ်ပုံလွှာကို æ အဲဒီကဗျာထဲက အသံ၊ စကားလုံး၊ နိမိတ်ပုံ၊ တင်ပြပုံတွေကို ကျွန်တော် ကနေ့အထိ စွဲမက်နှစ်သက်နေတုန်းပါပဲ။

“ရုပ်ပုံလွှာဆိုတာ ဓာတ်ပုံလို မူရင်းလူပုံကို အားလုံးထင်ဟပ်တာ မဟုတ်။ မွေးသောဖြစ်စဉ် မှတ်တမ်းတင်မဟုတ်။ ရုပ်ပုံလွှာဆိုတာ မိမိနဲ့ ထိတွေ့မိတဲ့အခါ အမြဲလတ်ဆတ် သတိရစေလောက်အောင် ထူးခြားထိခိုက်တဲ့ ကိုယ်နှုတ်နှလုံး အမူအရာလေးတွေကိုသာ ဖော်ကျူးခြင်း ဖြစ်တယ်။ ရသမြောက် အရေးအဖွဲ့ဖြစ်တယ်” လို့ မောင်စွမ်းရည်က ဆိုပါတယ်။ သူပြောသလို ရေးပြထားနိုင်တယ်လို့ ကျွန်တော်ခံစားမိပါ တယ်။

“တခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့
မီးတောက်အောင်ကစားလို့
မောမှသာနား အိပ်သွားကြပြီ၊
နွားနှစ်ကောင် စမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျားတဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။ ”

ရှိသေးတယ်။
“အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်းအိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တကိုက်၊ ရေနွေးတကျိုက်
လျောင်းလိုက် ထိုင်လိုက်
တိုးလိုက် ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့ အမေ၊ မနားမနေ ပြောခဲ့ကြ … ”

ရှိသေးတယ်။
“ငွေဓားတစ်ချောင်း၊ ကြေးမောင်းတလုံး
နှစ်လုံးပူးသေနတ်နဲ့၊ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး ဘယ်ကိုလက်ညှိုးထိုးမလဲ”

ရှိသေးတယ်။
“ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန် တော်လှန်သူများ
မောင်များ မတ်များ တူသားများဟာ
ယခုအခါ ရပ်ရွာ အရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီကိုင်းမှာချိတ်
ပြောင်းဖူးဖက်ဆေးလိပ်နဲ့
ပုတီးစိပ်သူက စိပ် …”

ထန်းရေအိုးကိုဖက် ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ အိပ်သူအိပ်
တချို့က ထွန်စက်မောင်း
ပြောင်းရိုးစင်းစက် ခုတ်သူခုတ်
တချို့ပိန် တချို့ဝ
တချို့က သမ တချို့က ဝိသမ
တချို့က အရညဝါသီ
တချို့က ဂါမဝါသီ
နီသူနီ ပြာသူပြာ။”

ရှိသေးတယ်။
“အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား တလှည့်စီကစား
သားတပြန် ဘတပြန်
အအုပ်နဲ့ အခံ
ကာရန် ကစားခဲ့ကြတဲ့ အကြောင်း ”

ရှိသေးတယ်။
“ဝါခင်းအစပ်
မားမတ်တဲ့ ပင်လက်ပံ
ဇရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက် သားတယောက်
လုယက်လို့ကောက်ကြ
သုံးယောက်ရဲ့အသံ တောလုံးညံ
ကိုးယောက်လို ညံတဲ့အကြောင်း ”

ဟိုအကြောင်း ဒီအကြောင်း၊ အကြောင်းမျိုးစုံဖြစ်မျိုးစုံ၊ ပြောမကုန် မရိုးနိုင်၊ သန်းခေါင်တိုင်လွဲပင် ကျော်ခဲ့ပါတယ်။ ဒါပေမဲ့-

“သားဖြစ်သူအပါးက
သွားချေနားချေ၊ အိပ်ပါချေဆိုပေမယ့်လည်း
အမေမသွား၊ အမေမနား
သားသက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမ၀၊ သန်းခေါင်ကျော်သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေမှေးရုံ မှေးရှာတယ်။”

“အရုဏ်အတက်
ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတယောက်ကို နှိုး
တီးတိုးတီးတိုးနဲ့၊ ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေအလုပ် ရှုပ်ခဲ့ပြီ။ ”

“ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ်အနှံ့သွား
ယုန်သားဝယ် ဂျုံသကြားဝယ်
ရက်ကန်းယှယ်သလို
ရွာလယ်ရွာရိုး၊ လွန်းထိုးလာသွား
ငှားလိုက်ချေးလိုက်၊ ကျွေးလိုက်တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးတပြိုက်ပြိုက် ယို
အမေအို
သွားကိုကျွေးလို့ မောတယ်မရှိ။”

အမေရဲ့ နောက်ဆုံးအပိုဒ်က အမေနဲ့ဝေးခဲ့ရတဲ့ ကျွန်တော့်ကို ပုံကျသွားစေတော့တယ်။ ရင်ကို စူးဝင်သွားပါတယ်။

“ဪ … အမေ့ရွာ သားမရောက်
သုံးနှစ်လောက်ကြာ၊ သုံးဝါရွှေ့ဆိုင်း။

“မလာဖြစ်နိုင်ဘု
ဝါခေတ်တစ်ခါ ကုန်တော့ရယ်”လို့

တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ဗန်းတပြာပြာ၊ အိမ်ကြမ်းတခါခါနဲ့
နွားပြာတသသ၊ ဝါးဖျာတမမ
စားစရာ တချချ
အများတကာကို သားစာ ပြပါလို့
အိမ်ဝမှ အမေကြိုရော့ နေညိုချိန်တိုင်း …”

အမှန်ပါပဲ။ ဆရာ့ကဗျာက အမေ့ကိုလွမ်းတဲ့ ကျွန်တော့်အလွမ်းတွေကို သက်သာစေခဲ့သလို ကျွန်တော်ရဲ့ အမေ့ကို လွမ်းတဲ့ အလွမ်းစိတ်ကိုလည်း ပိုပြီး သဲသန်စေခဲ့ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေညိုချိန်တိုင်းမှာ အိမ်ဝခြံဝကနေ အမေကျွန်တော့်ကို မစောင့်နိုင် ရှာတော့လို့ပါ။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရ မသိအောင် ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းလျှိုမြောင်ကို ဖြတ်ပြီး နယ်စပ်မျဉ်းနှုတ်ခမ်းဝက သားတယောက်ရှိရာကို တိတ်တိတ်လာရောက် ခိုးတွေ့ပွေ့ဖက်တဲ့ ကျွန်တော့်အမေရဲ့ နောက်ဆုံးပုံရိပ် ကားချပ်တွေကြောင့်ပါ။

“ဒီနေရာလေးအထိပဲ
အမေ့ကို ကျွန်တော် နောက်ဆုံးပို့ခွင့်ရခဲ့တယ်။

ဒီနယ်ခြား ကျောက်တိုင်လေးမှာပဲ
အမေရဲ့ အလွမ်းမျက်နှာ
အမေရဲ့ ဒဏ်ရာ
အမေရဲ့ နောက်ဆုံးအမှာ
အမေရဲ့ နောက်ဆုံးရဲ့ နောက်ဆုံးများစွာ …။

အခုတော့
ရန်ကုန်မြစ်နဲ့ မလှမ်းမဝေး
မြေပုံအုတ်ဂူလေးတခုထဲမှာ
သားရဲ့အပြန်ကို စောင့်နေရှာ။ ”

(တိမ်နဒီရိုးမ၊ နယ်ခြားကျောက်တိုင်ကဗျာမှ-)

ငြိမ်းချမ်းသူ။
ဒီဇင်ဘာ ၃၁၊ ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်