ခိုင်အေး ● အလင်းတံခါး

February 19, 2017

● အလင်းတံခါး
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇

အနန္တတန်ခိုးတော်ရှင်
လက်တစုံကို ခင်ဗျားတီထွင်ခဲ့
လူတိုင်းပဲ ဦးခေါင်းရှိအောင်
လုပ်ပေးခဲ့တယ်၊
ဘာပြုလို့ ခင်ဗျား မတီထွင်တာလဲ
ဒုက္ခမခံစားရပဲနဲ့
နမ်းပြီးရင်းနမ်းပြီးရင်း
နမ်းနေနိုင်အောင်တော့။

‘မာယာကော့ဖ်စကီး’
×××××××××××××××××


သဘာဝပတ်ဝန်းကျင်ဆိုတာကလည်း အလွမ်းအဆွေးတွေကို မွေးထုတ်ပေးတတ်ပါလားကွယ်။ ညနေခင်း မိုးရွာပြီးစမှာ စာဖတ်ရင်းညောင်းလာတာနဲ့ ပြတင်းပေါက်မှာရပ်ပြီး ဟိုး… အရှေ့ဘက်က တောင်ခိုးတွေဝေနေတဲ့ ရှမ်းရိုးမကြီးကို ငေးမော ရင်း ကောင်းကင်ထက်ကိုမော့ကြည့်မိခိုက်မှာ အိပ်တန်းဝင်ဖို့ပျံသန်းသွားတဲ့ ကျေးငှက်မောင်နှံကို မြင်တွေ့လိုက်ရတော့ ကျွန်မရဲ့စိတ်အစဉ်ဟာ စည်းချက်မဲ့ လွင့်ပါးနေတဲ့တိမ်ထုတွေကြားမှာ မျောပါသွားရပြီလေ။

မောင်ရေ ကျောင်းဆရာမဆိုတဲ့အလုပ်ဟာ ကျွန်မနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့အလုပ်ပါ။ ‘စီးပွားရေးသမား ‘ဆိုတဲ့ ဂုဏ်ပုဒ်ဟာလည်း မောင်နဲ့မပတ်သက်တဲ့ ဝေါဟာရတခုပါပဲနော်။ မောင်နဲ့မောင့် အသိုင်းအဝိုင်းဟာ ဆန့်ကျင်ဘက်ခရီးကို သွားနေကြသူတွေ။ မောင့်အသိုင်းအဝိုင်းက မောင့်ကို ‘စုန်းပြူး’ တဲ့။ မောင်ကလည်းသူတို့ကို ‘အိပ်ရာထက အိပ်ရာဝင်သည် အထိ ငွေအကြောင်းပဲ ပြောကြလုပ်ကြနဲ့ လူတယောက်ရဲ့တန်ဖိုးကိုနားမလည်ရှာတဲ့ သိပ်သနားစရာကောင်းတဲ့လူတွေ’ တဲ့။ ဒီလိုအမြင်မတူသူတွေရဲ့ကြားမှာနှစ်ဖက်လုံးကို နားလည်ဖို့ကြိုးစားရင်း မောင့်ကိုချစ်ခဲ့ရတာပါ။

မောင်ဘွဲ့ရတော့မောင်ယုံကြည်ရာဝါသနာပါရာတွဲဖက်ကျောင်းဆရာလုပ်မယ်ဆိုတော့ ကျွန်မ မကန့်ကွက်ခဲ့တာဟာ မောင် စိတ်ချမ်းသာစေချင်လို့ပါ။ ကျွန်မလည်း ကျွန်မရထားတဲ့ဘွဲ့နဲ့ဆီလျော်တဲ့ စာရင်းစစ်လုပ်ဖို့ စာမေးပွဲဖြေထားတာ မောင် အသိပါ။ အဲဒီအချိန်မှာ မောင့်ကျောင်းအတွက် အီကိုသင်ဖို့ ဆရာလိုလို့ ကျွန်မကို မောင်နဲ့အတူလိုက်လုပ်ပါလားလို့ ပြော တော့ ကျွန်မလည်း ဖြေထားတဲ့အလုပ်ကိုမစောင့်တော့ဘဲ  အတည်တကျမဟုတ်တဲ့ တွဲဖက်ကျောင်းဆရာအလုပ်ကို လုပ် ဖြစ်ခဲ့တာဟာ အစကတော့ မောင့်ဆန္ဒတွေကိုဖြည့်ဆည်းပေးနေချင်လို့ပါ။ ဒါပေမဲ့မောင်ရယ် အခုတော့ ကျွန်မကိုယ်တိုင် ကျေးလက်ကျောင်းသားလေးတွေရဲ့ဘဝကို စာနာနားလည်ပြီး ဆက်လုပ်နေတာပါမောင်။ ဘဝပေးအသိကြောင့် လုပ်နေ တာပါ။

မောင်ရေ မောင်ရှိစဉ်တုန်းကလည်း ရွာကလူကြီးတွေရော ကလေးတွေကပါ မောင့်စေတနာကို နားလည်လေးစားပြီး တန် ဖိုးထားခဲ့ကြတယ်နော်။ မောင်မရှိတဲ့ခုချိန်ခါမှာတော့ သူတို့ခမျာ မောင့်ကို ပိုပြီးမျှော်လင့်တမ်းတကြရှာတယ်။ ‘ဆရာသာ ရှိရင်..’ ဆိုတဲ့အပြောမျိုးတွေကို ခဏခဏကြားနေရတယ်။ ဟိုး..တလောက မောင်နဲ့ကျွန်မကို ထမင်းကျွေးတဲ့အိမ်က ဒေါ်မြသိန်း ကျွန်မအိမ်ကိုရောက်လာပြီး ကျောင်းစဖွင့်ဖြစ်တဲ့နှစ်က ကျောင်းဖွင့်ချိန် (ကျွန်မ မရောက်သးဘူးလေ) အကြောင်း တွေ လာပြောနေသေးတယ်မောင်ရဲ့။ သူ့သားလေးမင်းဦး ရှစ်တန်းအောင်တဲ့နှစ်ကျမှ စပါးကမအောင်၊ ရတဲ့ စပါး ကလည်း ဒိုင်သွင်းရကြွေးပေးရနဲ့ ဝမ်းစာတောင်အနိုင်နိုင်ကျန်တဲ့အကြောင်း၊ မင်းဦးကို မြို့မှာ ကျောင်းဆက်ထားဖို့ကလည်း ငွေရေး ကြေးရေးက အဆင်မပြေဆိုတော့ စိတ်ညစ်လိုက်ရတာတဲ့။ ကံကောင်းချင်တော့ အဲဒီနှစ်မှာပဲ တွဲဖက်ကျောင်းဖွင့်ဖြစ်တော့ သူ့မှာဝမ်းသာလိုက်ရတာတဲ့။

နောက်ပြီးဆက်ပြောသေးတယ်မောင်ရဲ့။ မောင် ရွာကိုစရောက်လာတော့မောင်နဲ့ ကျောင်းနေဖက် ရွာခံဆရာ ကိုကျော်နိုင်က မောင့်ကို ‘အိမ်စီးပွားရေးတော့ ဝင်မလုပ်ဘဲ ဘာဖြစ်လို့တောလာပြီး ဆရာလုပ်ရတာလည်းကွာ’ ဆိုတော့မောင်က’မြို့ပြက ပူလောင်ပါတယ်ကွာ၊ ငါအဲဒီဒဏ်တွေကို မခံနိုင်ဘူး၊ ငြီးငွေ့စိတ်ပျက်လာလို့ကျေးလက်ကိုထွက်လာတာ’လို့ပြောတော့ ဒေါ်မြသိန်းက မောင့်ကို ရီ (ရယ်) ချင်လိုက်တာတဲ့လေ။ ပြီးတော့လည်း ‘ဆရာလေးက မြို့မှာ ပူလောင်တာပဲသိတယ်၊ ကျုပ် တို့ တောမှာ ပူတာကိုမှမသိဘဲ၊ ကောင်စိုက်ချိန်ဆို အပေါ်ကနေ အောက်ကရေ ရိတ်သိမ်းချိန်ဆိုလဲ အပေါ်ကနေ အောက် ကမြွေနဲ့နေနေရ လုပ်နေကြရတာ၊ ဘယ်ဟာက ပိုဆိုးလဲ’ လို့ မေးချင်လိုက်တာတဲ့။ အခုတော့ မောင်ပြောခဲ့တဲ့ မြို့ပြရဲ့ပူ လောင်မှုဆိုတာ လောဘ ဒေါသ မောဟတွေရဲ့ပူလောင်ခြင်း၊ ဟန်ဆောင် လိမ်ညာကောက်ကျစ်မှုတို့ရဲ့ ပူလောင်မှုလို့ ပြောတာကို သူနားလည်ပြီလို့လည်း ပြောတယ်။

မောင့်ကို တခုပြောရဦးမယ်။ ကျွန်မလေ အခု မောင်နေခဲ့တဲ့အိမ်လေးကိုပြောင်းနေနေတယ်။ ဆရာမကြီးတို့နဲ့မနေတော့ဘူး။ မောင့်ဂစ်တာ၊ စာအုပ်သေတ္တာ၊ စာအုပ်စင်တွေအားလုံး နဂိုအတိုင်းပဲ။ မောင်မရှိတော့ အဲဒီအိမ်လေးမှာဘယ်သူမှမနေဘူး။ သော့ခတ်ထားတယ်။ ကျွန်မအိမ်ကနေ မောင့်အိမ်လေးကို ငေးကြည့်မိတိုင်း၊ ရေချိုးသွားဖို့ မောင့်အိမ်ရှေ့ကဖြတ်လျှောက်မိတိုင်း ဝမ်းနည်းလာ မိတယ်။ ငိုချင်လာတယ်။ ကျွန်မလည်း နောက်ဆုံးမောင်နဲ့ဝေးနေရတဲ့အတူတူ မောင်နေခဲ့တဲ့ နေရာလေး မှာ မောင့်ခြေရာ၊ မောင့်အရိပ်လေးတွေ စုဝေးထင်ကျန်ရစ်ခဲ့တဲ့ မောင့်အိမ်လေးမှာနေရတာကမှ အလွမ်းသက်သာရာ ရဦး မယ်လို့ထင်ပြီး  အဲဒီအိမ်မှာနေမယ်ဆို ဆုံးဖြတ်မိတယ်။ စိတ်ဖြေရာပေါ့မောင်ရယ်။ ဦးမွှေးနဲ့ ဒေါ်မြသိန်းကလည်း နားလည် ရှာကြတယ်။ ကျွန်မနေချင်တယ်လို့ပြောတော့ အားလုံးအဆင်သင့်ဖြစ်အောင် သူတို့လုပ်ပေးကြတယ်။ အခုတော့  မောင့် စာအုပ်သေတ္တာမွှေလိုက်၊ ဂစ်တာတီးလိုက်နဲ့ မောင့်ကိုမျှော်လင့်တမ်းတရင်း လွမ်းနေရတယ်ပေါ့ မောင်ရယ်။
×××××××××××××××××××

မောင်ရေ ဟိုးတချိန်တုန်းက မောင်ဦးဆောင်ပြီးလုပ်ခဲ့တဲ့ လက်ဖက်ရည်ကြမ်း စကားဝိုင်းလေးဟာ အခုတော့ အပတ်တိုင်း မလုပ်ဖြစ်တော့ဘူး၊ အဲဒီတုန်းက ရွာရောက်ပြီး တစ်လခွဲ နှစ်လလောက်ကြာတော့ ရွာထဲကလူငယ်တွေ ကျောင်းက လူငယ် ဆရာတချို့တွေကို စာအုပ်တွေဖတ်ခိုင်းပြီး အပတ်စဉ်ဆွေးနွေးပွဲလေးတွေလုပ်ခဲ့ကြတယ်နော်။ အစပိုင်းတော့ မောင့်စာ အုပ်တွေကို သူတို့မကြိုက်ကြဘူးလေ။ မောင်နဲ့ ကျွန်မပဲ သူတို့စိတ်ဝင်စားလာအောင် နားလည်လာအောင်ရှင်းပြကြ၊ ပြောပြကြနဲ့ လုပ်ခဲ့ကြရတယ်မဟုတ်လား။ နောက်ပိုင်းကျ သူတို့လည်း စိတ်ဝင်တစားနဲ့ အပြန်အလှန်ဝေဖန် ဆွေးနွေး လာကြတယ်နော်။ မောင့်စာအုပ်သေတ္တာကိုဖွင့်ပြီး သခင်ကိုယ်တော်မှိုင်းတဲ့၊ ဒဂုန်တာရာတဲ့၊ သခင်မြသန်း၊ ဘဝင်း၊ မြသန်း တင့်တဲ့၊ ဗန်းမော်တင်အောင်၊  ရန်ကုန်ဘဆွေ၊ အောင်လင်းတဲ့၊ လင်းယုန်နီ၊ နိုင်ဝင်းဆွေတဲ့၊ မေမြို့မိုးကြည်၊ နေသွေးနီ၊ မောင်စွမ်းရည်တဲ့ ဘယ်လိုနာမည်တွေမှန်းမသိဘူးဆို စိတ်ညစ်သွားကြတဲ့သူတို့ကို စိတ်ဝင်စားလာအောင် ဦးဆောင်လမ်း ညွှန်ပေးနိုင်လို့ မောင့်ကိုကျေးဇူးတင်နေကြတယ်၊’ဆရာလေးရောက်လာတာကျုပ်တို့ အသိအမြင်တွေတိုးရတယ်’ တဲ့။

မောင်ဖြစ်စေချင်တဲ့ အလုပ်တခုကို မောင်မရှိတဲ့အချိန်မှာ လုပ်လိုက်ကြတာ အောင်မြင်သွားပြီမောင်ရဲ့။ မောင်ဖွင့်ဖြစ်အောင်ဖွင့်မယ်ဆိုတဲ့ စာကြည့်သင်းလေးကို ရွာကလူငယ်တွေစုပြီး ဖွင့်ထားကြပြီလေ။ စာကြည့်သင်းရဲ့နာမည်ကိုတော့ မောင် ပြောခဲ့တဲ့ ‘ပင်စည်ပင်မ’ လို့ပေးထားတယ်။ စာကြည့်သင်းဖြစ်မြောက်အောင် ဦးဆောင်သူက မောင့်သူငယ်ချင်း ကိုကျော်နိုင်နဲ့ ကျွန်မပေါ့၊ မောင်ရှိရင် သိပ်ပျော်စရာကောင်းမှာပဲ မောင်ရယ်။ မောင့်စာအုပ်တွေထဲက တချို့ကိုတော့ စာရင်းလုပ်ပြီး စာ ကြည့်သင်းအတွက် ပေးထားတယ်။ မောင့်စာမူပါတဲ့မဂ္ဂဇင်းတွေကိုတော့ ကျွန်မအလွမ်းပြေဖတ်ဖို့သိမ်းထားတယ်။ အဲဒီစာအုပ်တွေကိုတော့မပေးတော့ဘူးနော်။

ချစ်သူတွေဝေးကွာချိန်မှာ အရာရာဟာအလွမ်းအဆွေးကို ဖန်တီးပေးနေသလားမသိပါဘူး မောင်ရယ်။ ဆရာမဆိုတာ တ ပည့်တွေကြားမှာ လှုပ်ရှားနေရတာသဘာဝပါနော်။ ဒါပေမဲ့ကွယ် တပည့်လေးတွေကိုမြင်ရင် မောင့်ကိုပိုသတိရလာတယ်။ ပြီးခဲ့တဲ့စာသင်နှစ်တုန်းက မောင်တယောက် ကျောင်းသားတွေကြားမှာ အချိန်ပြည့် ကြိုးစားတာတွေ ပြန်မြင်ယောင်လာတယ်။ ရွာထဲကဆယ်တန်း ကျောင်းသားလေးတွေက မောင့်အိမ်မှာစုပြီး စာကြည့်ကြတယ်နော်။ အဲဒီကလေးတွေကိုမနက်ရော ညပါစာကျက်ဖို့ ဦးဆောင်ထိန်းကျောင်းပေးခဲ့တဲ့မောင့်ကို စာသင်ချိန်အပြီးမှာ ကျန်တဲ့မောင့်ရဲ့ ကိုယ်ပိုင်အချိန်များစွာကို ကလေးတွေအတွက် သက်သက်နှစ်ပေးနိုင်ခဲ့တဲ့ မောင့်စေတနာတွေကို ကျွန်မတို့မလေးစား မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။

မောင့်အတွက်နားချိန်ရယ်လို့ ကလေးတွေ ထမင်းစားပြန်တဲ့အချိန်ပဲရှိတယ်။ မောင့်နားချိန်လေးတွေကလည်း ခုတော့ ကျွန်မအတွက်လွမ်းမောတမ်းတစရာ အချိန်တွေပါလေ။ ကလေးတွေပြန်သွားမှ မောင်နဲ့ကျွန်မလည်း ဒေါ်မြသိန်းအိမ်ကို အတူထမင်းသွားစားကြ၊ ပြီးရင် လမ်းလျှောက် ထွက်ရင်ထွက်၊ ဒါမှမဟုတ် အိမ်ရှေ့မှာထိုင်ပြီး ဂစ်တာတီးသီချင်းဆိုချင်ဆိုနဲ့၊ သိပ်ပြီးကြည်နူး သာယာခဲ့ရတဲ့၊ ချိုမြိန်ရသ ပေးစွမ်းနိုင်ခဲ့တဲ့ ကာလများပါမောင်။ မှောင်ရိပ်သန်းမှ ကျွန်မလည်း ကျွန်မအိမ်ကို ပြန်ဖြစ်ခဲ့တာနော်။ သောကြာ၊ စနေတွေမှာဆိုရင်တော့ ကျွန်မတို့ဆရာမအဖွဲ့၊ မောင်တို့ဆရာအဖွဲ့ရယ်၊ ရွာထဲကလူငယ် အဖွဲ့ရယ် ဒေါ်မြသိန်းတို့အိမ်မှာစုပြီး တပတ်လုံးဖတ်ထားတဲ့စာကြောင်းပေကြောင်း တွေကို ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ ဘယ်လောက်ပျော်စရာကောင်းခဲ့တဲ့ ကာလများလည်း မောင်ရယ်ပြန်လိုချင်စမ်းပါဘိမောင်ရယ်။ အဲဒီနှောင်းကာလတွေကို အခုလို တမ်းတလွမ်းမောနေတာဟာ ကျွန်မကိုယ်၌က အလွမ်းဓာတ်ခံရှိလို့လွမ်းတတ်လွန်းလို့မဟုတ်ပါဘူးနော် အဲဒီကာလ တွေကိုက လွမ်းလောက်စရာကောင်းလွန်းတဲ့လွမ်းသင့်လွမ်းထိုက်တဲ့ နေ့ရက်တွေမို့ပါနော်။ ဟုတ်တယ်မဟုတ်လားဟင်။

သီတင်းကျွတ်ပိတ်ရက်ဆိုလည်း မောင်ကအိမ်မပြန်ဘူး။ နွေရာသီပိတ်ရက်ကျတော့လည်း မပြန်ဖြစ်ဘူး။ ကိုယ်အိမ်ကိုယ် တောင် မောင်ကတော့ သိပ်သဘောမထားတော့ဘူး။ ကျွန်မလည်း မောင်နဲ့အတူ ရွာမှာနေပြီး ကလေးတွေကို ကျောင်း ပိတ်ရက်မှာ စာဆက်သင်ပေးချင်ပေမယ့်၊ မသင့်တော်ပါဘူးဆိုပြန်ခဲ့ရတာပါနော်။ ကျွန်မတို့ အခြေအနေက အဲဒီလောက်အထိခွင့်မပြုဘူးလေ။တစ်ချိန်မှာတော့ မောင်လုပ်တဲ့အတိုင်း မောင့်နည်း တူလိုက်လုပ်နိုင်မှာပါလို့ စိတ်ဆန္ဒကိုဖြေသိမ့်လို့နေခဲ့ရတယ်မောင်။ မောင်ရွာနေရစ်ခဲ့တဲ့အကြောင်း သင်္ကြန်ပြီးမှပြန်လာဖြစ်ရင် လာခဲ့မှာဖြစ်တဲ့အကြောင်း မောင့်အိမ်ကို သွားပြောတော့ ‘သမီးကောင်တောပျော်ကြီးကိုလည်း ကြည့်ထိန်းဦး ဒီကောင်က စီးပွားရေးလည်း လုပ်ခိုင်းလို့မရဘူး အစိုးရ အလုပ်ကျတော့လည်း ဝင်မလုပ်ချင်ဘူး၊ လခခြောက်ပြားတစ်ပဲနဲ့ ဘာမဟုတ်တဲ့ တောကျောင်းဆရာမှလုပ်ချင်ရသတဲ့၊ နောက်ပြီး ဒီအတိုင်းလည်းနေမှာ မဟုတ်ဘူး၊ သမီးတို့အိမ်ထောင်ပြုကြဦးမှာ အရည်မရအဖတ်မရနဲ့ အသက်တွေကြီး ကုန်လိမ့်မယ်၊ အတည်တကျအလုပ်တခုခုတော့ လုပ်ကြဖို့စဉ်းစားသင့်ပြီ၊ သမီးကလည်း ပြောဦး၊ သိပ်ပြီးအလိုလိုက်မနေနဲ့’ တဲ့။

မောင့်မေမေ အဲဒီလိုပြောတော့ ‘ဗမိုးဘာသာပြန်တဲ့ ဆရာချစ်ကိုဖတ်ဖူးတယ်မဟုတ်လား မောင်တော့ ဆရာချစ်ဘ၀ကို သိပ်သဘောကျတာပဲ၊ သိပ်အားကျတာပဲ၊ မောင်တို့ နှစ်ယောက်လည်း ဆရာချစ်လိုဖြစ်အောင် ကြိုးစားရအောင်နော်’ လို့ ပြောခဲ့တဲ့ မောင့်စကားတွေကို ဖျတ်ခနဲသတိရလိုက်ပါသေးသည်မောင်။ နောက်တနှစ်ကျောင်းအဖွင့်မှာ ကျွန်မတို့ကျောင်း လေးဟာ မနှစ်ကထက်ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိလာပြီနော်။ ဆယ်တန်းအောင်စာရင်းထွက်တော့ ဂုဏ်ထူးနဲ့အောင်တဲ့သူ တွေတောင် ပါလာတယ်။ အောင်ချက်ကလည်း ကျွန်မတို့မြို့နယ်မှာအကောင်းဆုံးဆိုတော့ သတင်းမွှေး နေတော့တာပေါ့။ ကျောင်းသားဦးရေကလည်း မနှစ်ကထက် နှစ်ဆတိုးလာတယ်နော်။ မောင်လည်း ဆယ်တန်းအောင်စာရင်းထွက်လာက တည်းက ပါးစပ်ကို မပိတ်တော့ဘူး။ အမြဲပြုံးရွှင်နေတော့တာပဲ။ ရွာလူကြီးတွေကလည်း ကျုပ်တို့ကျောင်းက ‘အမြင်စုတ် ပေမယ့် ရွှေထုတ်တဲ့မြပဝါ’ ပါဗျဆို ခေါင်းတမော့မော့နဲ့။ ကျွန်မတို့ရဲ့စေတနာ၊ မေတ္တာအကျိုးဆက်ကို မြင်တွေ့ရတော့ဝမ်း မြောက်ကြည်နူး ခဲ့ရပါတယ်မောင်။

‘ကျောင်းမှာလိုအပ်နေတဲ့အဆောက်အဦးတွေကို ကိုယ်ထူကိုယ်ထ လုံးပန်းပြီးဆောက်ကြဖို့ ရွာလူကြီးတွေကိုပြောရဦးမယ်၊ ဒီအတိုင်းတော့မဖြစ်သေးဘူး မိုးရွာရင် ဘယ်လိုသင်ရမှန်းကိုမသိဘူး၊ ထီးဆောင်းပြီး စာသင်ရမလိုဖြစ်နေတယ်၊ စာသင် ခန်းကိုတော့ စာသင်ခန်းနဲ့တူအောင်လုပ်ခိုင်းရမှာပဲ၊ မောင်တို့ကလည်း အောင်ချက်ကို ဒီ့ထက်ကောင်းလာအောင် ကျောင်း သားဦးရေလည်း တိုးအောင် စည်းရုံးရ၊ ကြိုးစားကြရမယ်၊ ဒီလိုနှစ်ဖက်ညီညီကြိုးစားသွားရင် နောက်သုံးလေးနှစ်ဆိုရင် အထက်တန်း ကျောင်းဖြစ်လာနိုင်တယ်၊ အဲဒီအခါကျမှ မောင်တို့လည်း လက်ထပ်ကြတာပေါ့၊ ပြီးတော့နောက် ထပ်တရွာ ပြောင်းပြီး ဆက်လုပ်ကြရအောင်နော်၊ မောင်တို့တသက် တွဲဖက်ကျောင်းတွေ မကုန်နိုင်ပါဘူးကွာ”။ ကျွန်မမမေ့နိုင်သေးပါဘူး မေ့လို့မရသေးပါဘူးမောင်။ မောင့်ဆန္ဒ၊ မောင့်စကား တွေဟာ ကျွန်မရင်ထဲမှာ အချိန်နဲ့အမျှ မျှော်လင့်တမ်းတနေရပါတယ်လေ။

ကျွန်မတို့ သင်ကြားရေးကို တက်ကုန်ဖွင့်၊ ရွက်ကုန်လွှင့်လို့ ကြိုးစားနေဆဲမှာ ကျောင်းပိတ်ရက်တွေကိုကြုံရပြန်တယ်။ ကျွန်မမှာတော့ ကျွန်မရဲ့ရင်တွင်းဆန္ဒတွေကို လွန်ဆန်ရင်း မရွှင်တဲ့နှလုံးကို ပွေ့ဖက်လို့လေးကန်ဖင့်နွဲ့တဲ့ခြေလှမ်းတွေနဲ့ အိမ်ပြန်ခဲ့ရပြီပေါ့။ မောင်ကတော့ ထုံးစံအတိုင်း ကလေးတွေကြားမှာ ညှိုးငယ်တဲ့မျက်နှာနဲ့နေကျန်ရစ်ခဲ့တယ်။ အဲဒီနေ့ဟာ မောင်နဲ့ကျွန်မရဲ့ နောက်ဆုံးနေ့လို့မထင်မှတ်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီနေ့ဟာ နောက်ဆုံးနေ့ (လက်ရှိအခြေအနေအထိ) ဖြစ်ခဲ့ရတယ်နော်။ ကျောင်းပိတ်ပြီးတစ်လခွဲလောက်နေတော့ မောင့်ရဲ့စာတစ်စောင် ရောက်လာတယ်။ ‘မောင်အလုပ်ကိစ္စ တွေရှိလာလို့ မောင့်မိတ်ဆွေတွေဆီသွားရဦးမယ်၊ အလုပ်ပြီးမှ ပြန်လာခဲ့မယ်နော်’ ဆိုတဲ့နှစ်ကြောင်းထဲသာပါတဲ့ စာတိုတို လေးလေ။ ကိုမွှေးနဲ့ဒေါ်မြသိန်းကတော့ ‘စိတ်ညစ်တယ်ဗျာ၊ ဘာလုပ်ရမှန်းမသိတော့ဘူး၊ အိမ်ပြန်မယ်’ လို့ပြောပြီး ထွက်သွား တာပဲလို့ ပြောတယ်။ မောင်ရေ ကျွန်မမောင့်ကို အပြစ်မမြင်ပါဘူး၊ ကျွန်မမောင့်ကို သိပ်နားလည်ပါတယ်မောင်။ ပြီးတော့လေ မောင့်ကို ပါရမီဖြည့်တဲ့အနေနဲ့ ကျွန်မတတ်စွမ်းတဲ့နေရာကနေ မောင့်ယုံကြည်ချက်ဖြည့်ဆည်းပေးနေမယ်။ မောင့်ဆန္ဒကို အကောင်အထည်ဖော်ပေးနေမယ်။ အဲဒါ ကျွန်မရဲ့ဆုံးဖြတ်ချက်ပါမောင်။
×××××××××××××××××××××××

မောင်ရေ ဒီနှစ်ကျောင်းဖွင့်တော့ ရွာမှာရေတွေ ကြီးနေပြီလေ။ မောင်ရှိတုန်းကတော့ ကျောင်းပိတ်ရက်ဆိုကလေးတွေနဲ့ လှေစီးရတာ သိပ်ပျော်မိတယ်။ အခုတော့လေ မောင့်ကိုလွမ်းမော တမ်းတရင်းနေတတ်အောင်ကျွန်မကြိုးစားနေနေရတယ်။ ကျွန်မမှာလည်း အချိန်တိုင်း မောင့်ကိုချည်း လွမ်းနေသတိရနေလို့မဖြစ်သေးဘူးလေ။ ကလေးတွေအတွက် အချိန်ကရှိသေး တယ်မဟုတ်လား။

‘ကျေးလက်ကိုရောက်လာတဲ့ ဆရာဟာ ကလေးတွေရဲ့ပညာရေးသာမကဘဲ စီးပွားရေး အခြေအနေကိုပါသိသင့်တယ်၊ ဒါမှချို့တဲ့နွမ်းပါးတဲ့ကလေးတွေကို အခြေအနေလိုက်ပြီး ကူညီပံ့ပိုးပေးနိုင်မှာ’လို့ မောင်ပြောတော့ ကျွန်မတို့ဆရာတွေ ကျောင်း ပိတ်ရက်မှာ ကျွန်မတို့ရွာနဲ့ နှစ်တိုင်၊ သုံးတိုင် ဝေးတဲ့ရွာလေးတွေအထိ သွားခဲ့ကြတာကိုလည်း သတိရနေမိတယ်။ ကျွန်မလည်း အဲဒီလိုသွားဖြစ် တော့မှကျေးလက်နေပြည်သူတွေရဲ့ချစ်ခင်နှစ်မက်စရာကောင်းတဲ့ပွင့်လင်းရိုးသားဖြူစင်မှုကို ပိုသိလာရတယ်။ ကျေးလက်ပြည်သူအများစုရဲ့ စီးပွားရေးအခြေအနေ၊ ယဉ်ကျေးမှုအဆင့်အတန်းကိုပါ ကိုယ်တိုင်ထိတွေ့ လိုက်ရတော့ ရင်နဲ့ခံစားပြီး စာနာနားလည်ခဲ့ရတယ်။ ဒီလိုကွာဟချက်တွေကို လျော့ပါးသွားအောင် အများကြီးကြိုးစားရ ဦးမယ်နော်။

ကျောင်းတွေဖွင့်တော့ မောင်ပြန်လာလေဦးမှာလားလို့ ကျွန်မမျှော်မိသေးတယ်။ ဒီတခါကျောင်းအဖွင့်မှာ ဝမ်းနည်းစရာတွေ ကြုံတွေ့ရတယ်။ ကျောင်းသားကျောင်းသူတချို့ဟာ စီးပွားရေးအဆိပ်သင့်ပြီး သူတို့ အလင်းတံခါးကို သူတို့ကိုယ်တိုင်ပိတ်ပြီး ကျောခိုင်းထွက်သွားကြ ရရှာတယ်မောင်။ ရင်နာစရာပါမောင်ရယ်။ ကျောင်းလေးဆက်ဖွင့်နိုင်တာကိုပဲ ကံကောင်းလှပြီလို့ တွက်ရတာပဲ မောင်ရယ်။

ကျွန်မကတော့လေ မောင်ဆန္ဒရှိခဲ့တဲ့အတိုင်း ဒီတွဲဖက်ကျောင်းလေးကို အထက်တန်းကျောင်း ဖြစ်တဲ့အထိ ဒီရွာမှာပဲလုပ် နေမှာပါ။ ဒီရွာလေးကပဲ မောင်ပြန်လာမယ့်နေ့ကို မျှော်နေချင်တယ်။ မောင်ပြန်လာရင် ဒီရွာလေးကိုအရင်ဆုံးပြန်လာမယ်လို့ ကျွန်မယုံကြည်နေတယ်လေ။ အချိန်ကာလဆိုတာ အတူတူနေနေရတဲ့ချစ်သူတွေကို ဝေးကွာစေဖို့ဖန်တီးပေးတတ်သလို ဝေးကွာနေတဲ့ ချစ်သူတွေကိုလည်း နှစ်ကိုယ်တူနီးစေဖို့ဖန်တီးပေးတတ်ပါသတဲ့မောင်။ မောင်နဲ့ကျွန်မအတွက်တော့ ဘယ် သောအခါကာလများမှာမှ ဖန်တီးပေးပါ့မလဲမသိပါဘူး။ မောင်ရယ် ရင်နှင့်မမျှအောင် လွမ်းရပါ သည်မောင်။
×××××××××××××××××

ကျွန်မရင်ထဲမှာခံစားရသမျှ၊ လွမ်းရသမျှတို့ရဲ့အပိုင်းအစတွေကို သက်သာလိမ့်နိုးနဲ့ ဖွင့်အံရေးချလို့ပြီးသွားပါပြီ။ ရင်ထဲမှာအနည်းငယ်မျှတော့သက်သာရာရပါရဲ့။ မောင်ရှိရာအရပ်ကို ကျွန်မသိနေပေမယ့်ဒီစာလေးကို မောင့်ဆီရောက်အောင် ဘယ်လို လမ်းညွှန်ရမယ်ဆိုတာကိုတော့ ကျွန်မ မစွမ်းဆောင်နိုင်တော့ဘူးလေ။ ဘယ်လိုလုပ်ရပါ့မလဲမောင်ရယ်။ ကျွန်မရင်ထဲမှာ ဆို့နင့် ကြေကွဲစွာခံစားရပြီမောင်ရယ်။ ကျွန်မဘဝကို ကျွန်မမှန်ကန်စွာသိမြင်နိုင်အောင်ကြိုးစားရင်း မျက်ဝန်းအစုံမှာဝဲလာတဲ့ မျက်ရည်စတွေကိုထိန်းချုပ်ဖို့အားတင်းပေမယ့်မအောင်မြင်လိုက်ပါဘူး။ ပူဆွေးသောကတွေကို ငြိမ်းအေးစေနိုင်စွမ်းတဲ့ ဂီတသံစဉ်တွေကို သတိရမိတော့ မတီးဖြစ်တာကြာပြီ ဖြစ်တဲ့ဂစ်တာကိုလှမ်းယူမိတယ်။ အမှတ်မထင်ဆိုလိုက်မိတဲ့သီချင်းဟာ မောင်တရှိုက်မက်မက်ဆိုခဲ့တဲ့ ‘ခင်ဝမ်း’ ရဲ့သီချင်းတပုဒ်ပဲဖြစ်နေလေရဲ့။ ကျွန်မရဲ့အသိစိတ်ကိုရော မသိစိတ်ကိုပါစိုးမိုးလွန်းလှချေလား မောင်ရယ်။ ‘လေပြေလေညင်းတွေကိုယ့်ကိုဖြတ်သန်းတိုက်ခတ်သွားကြတယ် ရောင်စုံခြယ်ညတွေ ကိုယ့်ကိုချန်လှပ်ထားခဲ့ကြပြန်တယ်…၊ အရှေ့ဘက်ကသူပြန်လာမယ့်လမ်းဆီမှန်းဆရည်ရွယ်ပြန် ဆုံချိန်ကိုမျှော်နေမိတယ်..’

လေထုရဲ့ရွေ့လျားမှုကြားမှာ အဲဒီသီချင်းလေးရဲ့အသံစွမ်းအင်တွေ လွင့်မျောလိုက်ပါသွား ကျွန်မရဲ့ နွမ်းလျလွမ်းမောတေးသံများမောင်ကြားရပါစေသားကွယ်….။

ခိုင်အေး
(ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း- ၁၉၉၀ အောက်တိုဘာလ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်