နိုင်ဝင်းသီ● နာရီတလုံးရဲ့ အလျား

February 19, 2017

နိုင်ဝင်းသီ ● နာရီတလုံးရဲ့ အလျား
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇

(တစ်)
“ပေါင်တံရှည်တဲ့မိန်းမတွေဟာ နှလုံးရောဂါ အဖြစ်နည်းတယ်လို့ ဗြိတိန်နိုင်ငံ ဘရစ္စတိုတက္ကသိုလ်က သုတေသနလုပ်ပြီး သတင်းထုတ်ပြန်ထားတယ်ဗျ။ နှလုံးရောဂါနဲ့ပေါင်တံ အတိုအရှည်ကိစ္စဟာ ဘယ်နေရာမှာသွားပြီး ဆက်စပ်နေသလဲမသိဘူးနော်။ စိတ်ဝင်စားစရာ တော်တော်ကောင်းတဲ့ သတင်းတပုဒ်ပဲ”

စာရေးစားပွဲထိုင်ပြီး စာရေးမည်ကြံကာရှိသေးသည်။ ပေါင်တံအတိုအရှည်ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာပြောနေသော မိတ်ဆွေတဦးကြောင့် တည်ငြိမ်နေသော သူ့စိတ်ဟာ လွန့်လှုပ်သွားပါသည်။

ဖြစ်ချင်တော့ ထိုကိစ္စကိုလာပြောသောမိတ်ဆွေယူထားသည့်မိန်းမမှာ ဂင်တိုတိုနှင့် ပုပုကွကွမိန်းမတယောက် ဖြစ်နေလေ သည်။

ထိုမိတ်ဆွေသည် တနေ့လျှင် သူ့အိမ်သို့ သုံးလေးခေါက်လာလေ့ရှိပြီး စာအုပ်ငှားရမ်း သွားလျှင်လည်း ခပ်တည်တည်နှင့် အမေ့ခံတတ်သော မိတ်ဆွေတဦးဖြစ်သည်။

ထိုမိတ်ဆွေ၏ မျက်လုံးများမှာ စနစ်တကျလေ့ကျင့်ပေးထားသော တိုက်ကြက်ဖတကောင်၏ မျက်လုံးမျိုးနှင့် ခပ်ဆင်ဆင်တူပါသည်။ မျက်လုံးများသာဆင်ရုံမက လူကလည်း တိုက်ကြက်ဖ တကောင်နှင့် အတော့်ကို တူပါသည်။

သူ သတိပြုမိသလောက် ထိုမိတ်ဆွေသည် သူ့မိန်းမကိုလည်းခွပ်၊ သူ့သားသမီးတွေကိုလည်းခွပ်၊သူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း ခွပ်၊ သူ့ယောက္ခမကြီးကိုလည်း တဖြောင်း ဖြောင်းနှင့် ခွပ်သည့်အပြင် ဝန်ထမ်းဘဝတုန်းက ဝန်ထမ်းအချင်း ချင်းလည်းခွပ်၊ တခါတရံ အထက်လူကြီးတွေကိုပါ တက်တက်ခွပ်သောကြောင့် နောက်ဆုံး အမွှေးအတောင် တွေကျွတ်ပြီး တကိုယ်လုံးစုတ်ပြတ်သပ်ကာ စည်းဝိုင်းအပြင်ဘက်သို့ ယိုင်တိယိုင်ထိုးနှင့် လွင့်ထွက်လာခဲ့သူ တဦးဖြစ်လေသည်။

ခွပ်ကောင်းကောင်းနှင့် ဆက်ခွပ်နေလျှင် ဘဝခံစစ်ကြောင်းတွေ ပေါက်ပြဲပြီး နောက်ဆုံး ဟင်းအိုးထဲသို့ ခေါင်းစိုက်ဆင်း သွားနိုင်ကြောင်း ထိုမိတ်ဆွေ ဆင်ခြင်မိပုံရပါသည်။ မိန်းမလုပ်စာကို အခန့်သားထိုင်စားနေရသော အခြေအနေမျိုးကို ရောက်တော့ အတော်အသင့် ငြိမ်ဝပ်သွားခဲ့သည်။ ဗဟုဝါဒခေတ်ကြီးထဲမှာ မြင်မြင်ကရာ လိုက်ခွပ်ဖို့ မကောင်းလှပါဘူး။

“ဟေ့လူ…လုပ်စမ်းပါဦးဗျ။ ပေါင်တံအတိုအရှည်ကိစ္စနဲ့ နှလုံးရောဂါဟာ ဘယ်နားမှာ ဘယ်လို သွားပြီး ဆက်စပ်နေသလဲဆိုတာ ခင်ဗျားရဲ့ ထင်မြင်ယူဆချက်လေးကို ကြားစမ်းပါရစေ”

ထိုမိတ်ဆွေကိုကြည့်ပြီး သူ စိတ်အတော်ညစ်သွားပါသည်။ သူ စိတ်ရှုပ်ထွေးစွာဖြင့်…….

“ခင်ဗျားပြောပုံအရဆိုရင် မိန်းမတွေနဲ့ လက်မထပ်ခင်မှာ သူတို့ရဲ့ပေါင်တံ အတိုအရှည်ကို ပေတံနဲ့ လိုက်တိုင်းကြည့်ရမလို  ဖြစ်နေပြီ ” ဟုပြောလိုက်သောအခါ ထိုမိတ်ဆွေသည် အလွန် ရယ်စရာ ကောင်းသော ပြက်လုံးတခုကို ကြားလိုက်ရသည့် အလား တခွိခွိရယ်မောပါ တော့သည်။

ထိုနေ့နံနက်ခင်းက ပေါင်တံအတိုအရှည်ကိစ္စကို အကြောင်းပြုပြီး ထိုမိတ်ဆွေဟာသူ့ အိမ်ကလေးမှာ တနာရီကျော်ကြာအောင် နေသွားခဲ့သည်။

ထိုမိတ်ဆွေ ထပြန်သွားသောအခါ သူ့လိုပဲ တောင်မရောက် မြောက်မရောက် စကားတွေ လာပြောပြီး အချိန်လာဖြုန်းလေ့ ရှိသော နောက်မိတ်ဆွေတဦး ရောက်လာခဲ့ပြန်သည်။

ယခု ကြွချီတော်မူလာသော မိတ်ဆွေကတော့ ရှေးဟောင်းပစ္စည်းလေးတွေ ရောင်း
ဝယ်ပြီး အသက်မွေးနေသူတစ်ဦးဖြစ်သည်။

တစ်ခါတရံ အဆင်အကွက်မပေါ်တော့သော သူ့လက်ဆွဲအိတ်ထဲမှာ မြေဆေးတံလေးတွေ၊ ပုတီးစေ့လေးတွေ၊ ဒင်္ဂါးပြားလေးတွေ၊ ကြေးလင်ပန်းလေးတွေ ပါလာတတ်သော်လည်း ရှေးဟောင်း ပစ္စည်းများကို သူစိတ်မဝင်စားလှပါ။

ရှေးဟောင်းပစ္စည်းတွေထက် ရှေးဟောင်းပစ္စည်း ရောင်းဝယ်နေသော သူ့မိတ်ဆွေကို သာ ညှိနှိုင်းဈေးဖြင့် အရောင်းအဝယ်တည့်သွားစေချင်သူဖြစ်သည်။ ပြတိုက်ထဲက ရှေးဟောင်းရုပ်တု တခုပုံ ပေါက်နေသော ထိုမိတ်ဆွေကိုသာ တစုံတယောက်က ဝယ်သွားခဲ့လျှင် သူနားပူရတော့မှာ မဟုတ်ပါ။

ခုပဲကြည့်ပါ။ အိမ်ပေါ်ရောက်သည်နှင့် သူ့ကိုယ်လုံးတုတ်တုတ်ခဲခဲကြီးကို ကုလားထိုင် တလုံး ပေါ်သို့ ပစ်သွင်းထိုင်ချလိုက်ရင်း…

“ခင်ဗျားကြားပြီးပြီလားမသိဘူး။ ကမ္ဘာကြီးပေါ်ကိုအချိန်မရွေးပြုတ်ကျလာနိုင်တဲ့ ဂြိုဟ်ပဲ့ (၂၀၂၇ ) ခုကို နာဆာက ရှာဖွေတွေ့ ရှိထားတယ်တဲ့။ အဲဒီဂြိုဟ်ပဲ့တွေဟာ ကမ္ဘာနဲ့ တော်တော်နီးကပ်တဲ့ နေရာမှာ  ရှိနေတာတဲ့ဗျာ”

ထိုမိတ်ဆွေ၏ အသွင်သဏ္ဌာန်မှာ  ဂြိုဟ်ပဲ့ကိစ္စအတွက် အတော့်ကို စိတ်မချမ်းမသာ ဖြစ်နေသော ပုံစံမျိုးဖြစ်သည်။

“အချင်း မီတာသုံးရာလောက်ရှိတဲ့ ဂြိုဟ်ပဲ့တခုတောင် မြို့ကြီးတမြို့ကို ကြေမွပျက်စီး သွားစေနိုင်တာဆိုတော့…ဘုရား..ဘုရား ”

မိတ်ဆွေဟာ အလွန်ချောက်ချားသွားသည့် ပုံစံမျိုးနှင့် ရင်ဝကိုလက်နှင့်ဖိပြီး ဘုရားတလိုက်ပြန်သည်။

ကမ္ဘာမြေကြီးပေါ်သို့ အချိန်မရွေး ပြုတ်ကျလာနိုင်သော ဂြိုဟ်ပဲ့  (၂၀၂၇) ခုကိုတွေ့ရှိသည်ဆိုခြင်းမှာ ကောင်းမွန်သောတွေ့ရှိချက်မဟုတ်မှန်း သူလည်းနားလည်ပါသည်။

စိတ်တွေ ရှုပ်ထွေးနောက်ကျိရသော ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ သူ့ဘက်ကဘာတွေများ လုပ်ပေးနိုင်ပါသလဲ။

ဘာမှ လုပ်မပေးနိုင်ခဲ့ပါ။

ခြစ်ရှရာတွေနှင့် လူးလွန့်တုန်ခါနေသော ကမ္ဘာကြီးပေါ်မှာ တနေရာမဟုတ် တနေရာ စစ်ပွဲ တွေဖြစ်နေသည်။ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်နေသည်။ သဘာဝဘေးအန္တရာယ်တွေ တမျိုးပြီး တမျိုး ဖြစ်နေသည်။ အကြမ်းဖက်မှု တွေဖြစ်နေ သည်။ အသေခံ ဗုံးခွဲမှုတွေကလည်း တနေရာပြီး တနေရာ။ တလုံးပြီးတလုံး။ ဝုန်းခနဲ…ဝုန်းခနဲ။ နောက် ရွှေ့ပြောင်းဒုက္ခ သည်များ။ အေအာရ်တီ ဆေး မလုံလောက်မှုပြဿနာများ။

သူ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ နောက်ဆုံး ကမ္ဘာကြီးကိုယ်တိုင်  ဘာမှ လုပ်မပေးနိုင်ခဲ့လို့ ဝမ်းနည်းကြေကွဲနေခဲ့ရတာ ကာလတခုအထိ ကြာမြင့်လာခဲ့ပြီမဟုတ်လား။

ဖြစ်နိုင်လျှင်တော့ ထိုမိတ်ဆွေ၏ ဦးခေါင်းပေါ်ကို အုန်းသီးလုံးခန့်ရှိမည့် ဂြိုဟ်ပဲ့တခု ဂွပ်ခနဲ နေအာင် ပြုတ်ကျလာစေချင်ပါသည်။

“စဉ်းစားသာကြည့်ဗျာ။ မီတာသုံးရာအချင်းရှိတဲ့ ဂြိုဟ်ပဲ့သေးသေးလေးတောင်မှ မြို့ကြီးတမြို့ ကို စိစိညက်ညက်ဖြစ်အောင် ကြေမွသွားနိုင်တာဆိုတော့ အဲဒီအကြီးကြီးတွေထဲက တခုတလေများ ပြုတ်ကျလာခဲ့ရင် ဘယ်နှယ့်လုပ်ကြမလဲ”

သူ စိတ်ပေါက်ပေါက်ဖြင့် ဘုပြောပြောလိုက်သည်။

“ခင်ဗျားခေါင်းနဲ့ သွားခံထားလိုက်ပေါ့ဗျာ”

ထိုလူ စိတ်ဆိုးသွားပုံ မရပါ။ လုံးဝန်းပြောင်ချောနေသော သူ့ဦးခေါင်းပြောင်ပြောင်ကြီးကို လက်နှင့် အသာအယာပွတ် သပ်လိုက်ရင်း…

“မဖြစ်နိုင်ပါဘူးဗျာ…မဖြစ်နိုင်ပါဘူးဗျာ”

ဟု ကယောင်ကတမ်းနှင့် ရေရွတ်နေလေသည်။ သည်လိုနှင့်ပဲ ထိုမိတ်ဆွေဟာလည်း သူ့အိမ်လေးမှာ တနာရီနီးပါး ကြာမြင့်အောင် နေသွားခဲ့ပါသည်။

ထိုမိတ်ဆွေပြန်သွားသည်နှင့် ဇာတ်တိုက်ထားသလို ဝင်လာသည့်ပုဂ္ဂိုလ်မှာ သူ့အိမ်နားက အဘိုးကြီးတယောက်ဖြစ်သည်။

ထိုအဘိုးကြီးဟာ နေ့ခင်းနေ့လည်ဆိုသူ့အိမ်ကလေးသို့ ရောက်ရှိလာတတ်ပြီး နေ့ထုတ် သတင်းစာကို စိမ်ပြေနပြေ ဖတ်နေကျဖြစ်သည်။

ထူးခြားမှုတခုမှာ သတင်းစာဖတ်နေရင်းနှင့်…

“ဟေ့  ဒီနေ့ သူကြီးဂေဇက်နဲ့ သံတော်ဆင့် မလာသေးပါလားကွ” ဟု သူ့ကို လှမ်းလှမ်းမေးတတ်ခြင်းဖြစ်သည်။

သူ့စိတ်ထဲမှာ တည်မြဲတို့ သန့်ရှင်းတို့ ဦးနုတို့ကို မေ့ပျောက်သွားပုံမရသေး။

သည်ဘက်ကာလတွေထဲမှာ သူကြီးဂေဇက်နှင့် သံတော်ဆင့်သတင်းစာကို ဘယ်လိုလုပ်ပြီး ရနိုင်ပါမည်နည်း။

ထိုမေးခွန်းကို တရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် နေ့တိုင်းလိုလို အမေးခံနေရသာအခါ သူစိတ်ပျက်လာပါသည်။

တရက်မှာတော့ သူဒေါပွပွနှင့်”ဒီနေ့ သူကြီးဂေဇက်လည်း မလာဘူး။ ဆယ်အိမ်ခေါင်း ဂေဇက်လည်း မလာဘူး” ဟုပြောလိုက်သောအခါ ” တောက်တီးတောက်တဲ့ကွာ။ သူကြီးဂေဇက်ပဲ ရှိပါတယ်။ ဆယ်အိမ်ခေါင်းဂေဇက်လို့ တခါမှ မကြားဖူးပါဘူး ” ဟု အတည်ပေါက်ပြန်ပြောသွားတာကို သူမှတ်မိနေသေးသည်။

သည်နေ့လည်း အဘိုးကြီးသည် နေ့ထုတ်သတင်းစာကို တစောင်လုံးကုန်အောင် ဖတ်ပြီး နောက် “သူကြီးဂေဇက်နဲ့သံတော်ဆင့်သတင်းစာမလာသေးပါလားကွ။ တော်တော်ခွကျတဲ့ ကောင်ပဲ “ဟု သူ့ကိုကြိမ်းမောင်းကာ တုန်တုန်ချည့်ချည့်နှင့် ပြန်သွားခဲ့လေသည်။

ထိုအဘိုးကြီးပြန်သွားပြီး မိနစ်အနည်းငယ်အကြာမှာ လေကလေးတချွန်ချွန်ဖြင့် ရောက်ရှိ လာသူမှာ သူတို့လမ်းထိပ်မှာ နာရီပြင်ဆိုင်ဖွင့်ထားသော နာရီပြင်ဆရာဖြစ်ပါ၏။

ထိုနာရီပြင်ဆရာသည် မွေးကတည်းက နာရီပြင်လာသူဖြစ်သည်။ နှစ်ပေါင်းများစွာနာရီ ပျက်တွေကြားမှာ နေလာခဲ့လို့ လားတော့မသိ။ သူ၏နဖူးရေဒူးရေကို ကြည့်ရသည်မှာလူတယောက်နှင့်မတူဘဲ နာရီပျက်တလုံးနှင့်သာ တူနေလေသည်။

ရှေးဟောင်းပစ္စည်းရောင်းဝယ်သူကတော့ သူ့ကို နောက်ပြောင်ခဲ့ဖူးသည်။

“ခင်ဗျားဟာ နာရီပျက်တွေကို ထိန်းကျောင်းမောင်းနှင်တဲ့နေရာမှာ ထူးချွန်ပေမယ့်ခင်ဗျားရဲ့မိန်းမကိုတော့ နည်းနည်းလေးမှ မောင်းနှင်နိုင်ပုံ မရဘူး။ ဒါ့ကြောင့်လည်း ခင်ဗျားရဲ့ မိန်းမဟာ ခင်ဗျားကိုပစ်ပြီး နောက်ဘူတာအသစ်တခုဆီကို ခုတ်မောင်းသွားတာပဲဖြစ်ရမယ်”

သည်တုန်းက နာရီပြင်ဆရာ စိတ်ဆိုးပုံမရပါ။ သူ့ရဲ့ဝသီအတိုင်း ငွေ့ငွေ့ကလေးပြုံးပြီး…

“ဟေ့လူရာ…လူနဲ့ နာရီနဲ့ကွာတယ်ဗျ။ ကျုပ်အတွေ့အကြုံအရဆိုရင်တော့ နာရီတွေမှာ ပူးကပ်နေတဲ့ မကောင်းတဲ့ညာဉ်၊ မကောင်းတဲ့ စရိုက်ဆိုးကို ကောင်းသွားအောင် ပြုပြင်ပေးလို့ ရတယ်ဗျ။ ဥပမာဆိုပါတော့ဗျာ…နာရီတလုံးဟာ နှေးနေမယ်၊ မြန်နေမယ်၊ ပေကပ်ကပ် လုပ်ပီး ရပ်လိုက်သွားလိုက်လုပ်နေမယ်။

ဒီလိုမှမဟုတ်လည်း လုံးဝမသွားဘဲ ရပ်နေမယ်ဆိုရင်တော့ ဒါဟာ နာရီထဲမှာရှိတဲ့ ဇီဝဖြစ်စဉ် တခုခု ချို့ယွင်းနေတဲ့သဘောပဲ။ အဲဒီချို့ယွင်းနေတဲ့ အကြောင်းတရားကိုသိရင်ပြင်ရမယ့်ဟာဆိုပြင်၊ လဲပေးရမယ့်ဟာဆို လဲ ပေးလိုက်ရင် အဲဒီနာရီဟာ သူ့ရဲ့မူလတာဝန်ဖြစ်တဲ့ အချိန်ပြညွန်းခြင်း တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်သွားမှာပဲ။ ကိုင်း…ချစ်စရာမကောင်းဘူးလား ”

နာရီပြင်ဆရာသည် သူ့ခေါင်းကို သူ့ဟာသူ ဆတ်ခနဲညိတ်လိုက်ပြီး ဆက်ပြောပြန်သည်။

“အဲဗျာ…လူကျတော့ အဲဒီလိုမဟုတ်ပြန်ဘူးဗျ။ ဘာဖြစ်မှန်းလည်း မသိဘူး။ ဓာတ်ခဲအသစ် ထည့်ပေးထားရင်လည်း သွားချင်မှသွားတာကိုယ့်လူ။ အဲဒီတော့ မထူးပါဘူးဗျာ။ကျုပ်ဘဝမှာ မိန်းမမရှိလို့လည်း ဘာမှမဖြစ်ပါဘူးဗျာ။ နာရီပျက်တွေရှိနေဖို့သာ အရေးကြီးတာပါ။ နာရီပျက်တွေရှိနေရင် ကျူပ်ဘဝက ပြီးပြည့်စုံပြီးသားပါ ”

နာရီပြင်ဆရာ၏ မှော်ဝင်ရက်စွဲများကား သူ့အတွက် အဆန်းတကြယ်ဖြစ်နေလေသည်။ နာရီပြင်ဆရာရောက်လာလျှင် စိမ်းရိုင်းလတ်ဆတ်သော လောကအမြင်များကို ထိတွေ့မြည်းစမ်း ခွင့်ရသော်လည်း တော်တော်နှင့်ထ မပြန်တတ်သောကြောင့် သူ့ကိုလည်း ရန်သူမျိုးငါးပါးစာရင်းထဲမှာ သူတေးမှတ်ထားရသည်။

တခါတခါ နာရီပြင်ဆရာဟာ စကားတပြောပြောနှင့် နာရီပျက်များကို ထိုင်ပြင်သွားတတ်သေး သည်။ ထိုအခါမျိုးတွင် သူ့အိမ်လေးသည် နာရီလာပြင်သူ၊ နာရီလာရွေးသူများနှင့် စည်ကားနေတတ် ပြန်လေသည်။

အမြဲတမ်းစည်ကားနေသော သူ့အိမ်လေးနှင့်ပတ်သက်ပြီး လေးစားချစ်ခင်ရသော ဆရာ သမားတယောက်ကတော့ သူ့ကို ခပ်ပြတ်ပြတ်ပြောခဲ့ဖူးသည်။

“ခင်ဗျားအိမ်လေးက သာလာယံဇရပ်ထက်တောင်ဆိုးနေပါလားဗျ။ ဘယ်အချိန်မှာခင်ဗျားစာရေးမလဲ။ ဒီပုံစံအတိုင်း ဆက်စခန်းသွားနေရင် စာရေးစာဖတ်ချိန် ခင်ဗျားမှာ သိပ်နည်းသွားလိမ့်မယ်။ ဒီတော့ ဒီလိုလုပ်ဗျာ။  မနက်( ၇ ) နာရီကနေ ညနေ( ၅ )နာရီအတွင်းမည်သည့်ဧည့်သည်ကိုမှ လက်မခံပါဆိုပြီး အိမ်ရှေ့တည့်တည့်မှာ ဆိုင်းဘုတ်လေးချိတ်ထားလိုက်။ ဟုတ်ပြီလား ”

ထိုစဉ်တုန်းက ဒီဂရီမျက်မှန်ထူထူအောက်က ထက်ရှပြတ်သားသော ဆရာ့ မျက်လုံးတွေကို ကြည့်ပြီး သူ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ထိုစာတန်းကလေး၏ နောက်ဆက်တွဲဂယက်များကို ဆန့်တွေးပြီးတော့လည်း သူ မဝံ့မရဲဖြစ်ခဲ့ရလေသည်။

သို့သော်လည်း သူ့အိမ်လေးမှာ အချိန်လာဖြုန်းတတ်သည့် ဧည့်ဆိုးတွေကြောင့် သူ့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေသာမက သူ့ရဲ့စိတ်ကူးစိတ်သန်းတွေပါ အလေအလွင့်များ
ပြားလာ သောအခါ………

(နှစ်)
နံနက် (၇) နာရီမှ ညနေ (၅) နာရီအတွင်း မည်သည့်ဧည့်သည်ကိုမှ လက်မခံပါဟူသော စာတန်းလေးကို စတင်ချိတ်ဆွဲခဲ့ သည့်နေ့က သူတော်တော်လေး မျက်နှာပူခဲ့သည်။ သူ့ရဲ့အရေပြားတွေပဲ  ရှုံ့တွယားယံလာသလိုလို၊ သူ့ကိုယ်ထဲက သွေးကြောမျှင်တွေပဲ ကျုံ့ဝင်ပြတ် တောက်သွားသလိုလို သူစိတ်ထဲမှာ ခံစားခဲ့ရသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့နံနက် ကိုးနာရီခန့်က ပထမမိတ်ဆွေ၊ ရှေးဟောင်းပစ္စည်းရောင်း ဝယ်သောမိတ်ဆွေနှင့် နာရီပြင် ဆရာတို့သည် သူ့အိမ်ရှေ့မှာချိတ်ဆွဲထားသော စာတန်းလေးကို ပြုံးစိစိနှင့်ကြည့်ပြီး ပျော်ပွဲစားထွက်လာသည့်  ပုံစံမျိုးနှင့် သူ့အိမ်ထဲကို ဝင်ချလာပါတော့သည်။

အိမ်ထဲသို့  ရောက်သည်နှင့် ရှေးဟောင်းပစ္စည်းရောင်းဝယ်သော မိတ်ဆွေက..

“ကောင်းတယ်ဗျာ။ ခင်ဗျားအိမ်က လူဝင်လူထွက်များတဲ့အိမ်ဆိုတော့ ဒီလိုစာတန်းလေးကိုချိတ်လိုက်တာ သိပ်ကောင်းသွားတယ်။ ဒါမှခင်ဗျားအလုပ်ကိုခင်ဗျား အနှောင့်အယှက် ကင်းကင်းနဲ့လုပ်နိုင်လိမ့်မယ်”

ပထမမိတ်ဆွေက သူ့စကားကိုထောက်ခံသည့်အနေနှင့် ဆတ်ခနဲ ခေါင်းညိတ်လိုက်ပြီး…

“ခင်ဗျားစာတန်းကို မြင်လိုက်ရတော့ ကျွန်တော့်အိမ်မှာတောင် အဲဒီလိုစာတန်းမျိုးချိတ်ဖို့ အကြံရလိုက်သေးတယ်။ ကျွန်တော့်အိမ်က ကျွန်တော့်ယောက္ခမကြီး ခဏခဏရောက်လာလွန်းလို့ ခေါင်းစားနေရတာဗျ။ အဲဒီလိုစာတန်းမျိုးသာ ချိတ်ဆွဲထားလိုက်ရင် ယောက္ခမကြီး အသွားအလာ အနေအထိုင်ဆင်ခြင်သွားနိုင်တယ်”

ရှေးဟောင်းပစ္စည်းရောင်းဝယ်သောမိတ်ဆွေကတော့ ပျူခေတ်က တူးဖော်ရရှိသော မြေအိုးတစ်လုံးသဖွယ် လုံးဝန်းနေသော သူ့ဦးခေါင်းကို ကြောင်တကောင်လို ပွတ်သပ်နေရင်းက…

“ဒါက ခင်ဗျားအထင်ကို ပြောလိုက်တာပါဗျာ။ ကဲဗျာ ခင်ဗျားရဲ့ယောက္ခမကြီးကအဲဒီ ဆိုင်းဘုတ်လေးကို မြင်တာနဲ့ ဇတ်နဲ ဆွဲဖြုတ်ပြီး  နင်ဒီဆိုင်းဘုတ်ကို ဘာကိစ္စနဲ့ တပ်ထား ရတာလဲလို့ မျက်လုံးပြူးမျက်ဆံပြူးနဲ့မေးလိုက်မယ်ဆိုရင် ခင်ဗျားဘယ် လို ပြန်ဖြေမလဲ ” ဟု မေးလိုက်သောအခါ ပထမမိတ်ဆွေသည်အရူးအနှမ်းတယောက်လို ထစ်အ ငြိမ်သက်သွားလေသည်။

နာရီပြင်ဆရာကတော့ သူ့လွယ်အိတ်ထဲမှ နာရီပျက်တလုံးကို နှိုက်ယူလိုက်ပြီး ထိုနာရီ၏  နောက်ကျောအဖုံးကို လွှကျိုးဓားကလေးဖြင့် ဖောက်ခနဲမြည်အောင် ကော်ဖွင့်လိုက်ရင်းက…

“ကျုပ်က ဘဝတလျှောက်လုံး နာရီတွေနဲ့ နေလာခဲ့တဲ့လူဆိုတော့ ကျုပ်ပြောတဲ့စကားတွေထဲမှာ နာရီအကြောင်းတော့ ပါနေမှာပဲ။ ဒီလိုဗျ…နပိုလီယန်ဟာ အချိန်နှစ်နာရီစောသွားတဲ့အတွက် ဝါတာလူးစစ်ပွဲမှာ ရှူံးနိမ့်သွားခဲ့ရတာတဲ့။ ကျုပ်ဖတ်ဖူးမှတ်ဖူးတာကို ပြောတာ နော်။ အဲဗျာ…နပိုလီယန်ကသာအချိန်နှစ်နာရီစောလို့ ဝါတာလူးစစ်ပွဲမှာရှူံးနိမ့်ခဲ့ရပေမယ့် ကျုပ် မိတ်ဆွေတယောက်ကတော့ သူ့မယားငယ်နဲ့ ချိန်းထားတဲ့နေရာကို နှစ်နာရီနောက်ကျပြီး ရောက်သွားတဲ့အတွက် မယားကြီးကမိပြီး သူ့ခေါင်းကို ခေါက်ထီးနဲ့ ရိုက်ခွဲလိုက်တာ ရှစ်ချက်တောင် ချုပ်လိုက်ရပါရောလား သူငယ်ချင်းတို့ရာ”

နာရီပြင်ဆရာ၏ စကားကြောင့် သူ့အိမ်လေးထဲမှာ ရယ်မောသံများနှင့် စီဝေသွားလေသည်။

သူတို့အုပ်စု စကားကောင်းနေသည့် အချိန်မှာပင် နေ့ထုတ်သတင်းစာဖတ်မည့်အဘိုးကြီး သည် ကိုင်းကိုင်း ကိုင်းကိုင်းနှင့်ရောက်ရှိလာပြီး..

“ဟေ့ကောင်တွေ၊ အောင်မယ် စကားကောင်းနေလိုက်ကြတာ။ ဒီနေ့ သူကြီးဂေဇက်နဲ့ သံတော်ဆင့်သတင်းစာမလာ သေးဘူးလားကွ ” ဟု လေသံခပ်မာမာဖြင့် မေးပါလေတော့သည်။

ရှေးဟောင်းပစ္စည်းရောင်းဝယ်သော မိတ်ဆွေက ထိုအဘိုးကြီးကို လတ်လတ်ဆတ်ဆတ် တူးဖော်ရရှိသော ရှေးဟောင်းရုပ် တုတခုသဖွယ် ခြေဆုံးခေါင်းဆုံးကြည့်လိုက်ရင်းက…

“သူကြီးဂေဇက်ရော၊သံတော်ဆင့်ရော၊ သူရိယရော လုံးဝမလာသေးဘူးအဘ။ စိတ်ချပါ။ လာခဲ့ရင် အဘဆီကို အမြန်ဆုံးပို့ပေးလိုက်ပါ့မယ်ခင်ဗျ”

ရယ်မောသံများ စီဝေလှုပ်ခတ်သွားပြန်သည်။

သူကတော့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေသူတွေကို ကြည့်ပြီး  အသက်ရှူရတာကိုက မွန်းကျပ်မောဟိုက်လာလေသည်။

သူ့စာရေးစားပွဲပေါ်မှာ တင်ထားသောစားပွဲတင်နာရီလေးကလည်း ရယ်မောသံတွေအောက်မှာ ချက်..ချက်..ချက်..ချက်

အေးစက်ပျစ်ခဲသွားသော သူ့ရဲ့စိတ်ကူးစိတ်သန်းတွေကလည်း ချက်..ချက်..ချက်..ချက်

မျက်စိအောက်မှာတင် အငွေ့ပျံလောင်ကျွမ်းသွားသော သူ့ရဲ့လွတ်လပ်ခွင့်တွေ ကလည်း  ချက်..ချက်..ချက်..ချက်

နောက်ဆုံး အချိန်ကာလတွေကို စိတ်ပျက်ငြီးငွေ့နေသော နာရီလက်တံတွေကိုယ်တိုင်  ချက်..ချက်..ချက်.ချက်

တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။ ပြဿဒါးရက်လို့ပဲ ပြောရမလားတော့မသိ။

သူ့စာတန်းကို စတင်ချိတ်ဆွဲသည့် ပထမဦးဆုံးရက်မှာပဲ ခါတိုင်းလာနေကျ မြို့ပြအမှိုက်များမှာ နံနက်ကိုးနာရီထိုးကတည်းက ရောက်ရှိလာခဲ့ပြီး တနေကုန်စကားတွေပြောကာ ညနေလေးနာရီခွဲမှ ထပြန်သွားကြောင်းသူ တွေ့ရှိရပါသည်။ ။

နိုင်ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်