ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….

February 22, 2017

ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

ဆရာကျွဲနှင့်သားများ အတိုင်ပင်ခံ လုပ်ငန်းရုံးသည် ဒုက္ခသီရိနေပြည်တော်၏ အအောင်မြင်ဆုံး စီးပွား ရေးလုပ်ငန်းငါးခု စာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေသည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူများ၊ ရင်းနှီးမြှုပ်နှံမှု တိုး ချဲ့လိုသူများ၊ စီးပွားပိုမိုဖွံ့ဖြိုးလိုသူများသည် ဆရာကျွဲကို ချဉ်း ကပ် အကူအညီတောင်းကြသည်။ တချို့ကလည်း လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ့သဖြင့် ရောက်လာကြ သည်။ ရပ်နီးရပ်ဝေးမှ အကြံဉာဏ် လိုအပ်သူ၊ အိုင်ဒီယာ လိုအပ်သူများ ပြားလွန်းသဖြင့် အလုပ်ခန်းဖွင့်ပြီး အကျိုးဆောင် ပေးနေရသည် မှာ ငါးနှစ်ငါးမိုး ရှိလာပြီဖြစ်သည်။

ဆရာကျွဲက သားတော်မောင်နှစ်ယောက်ကို ရုံးမန်နေဂျာများအဖြစ် ခန့်ထားသည်။ ရက်ချိန်းယူထားသူ၊ ရုတ်တရက် ရောက် လာသူ၊ အရေးတကြီး ရောက်လာသူ စသည့် စသည့် စီးပွားရေးဒုက္ခသည်များ၊ အထွေထွေ အခက်အခဲပိုင်ရှင်များ ဆရာ ကျွဲနှင့် တွေ့ဆုံရာတွင် အဆင်ပြေရေးအတွက် သူတို့က အထူး အကျိုးဆောင်ပေးကြသည်။

တခုသော တနင်္လာ ရုံးပြန်ဖွင့်သည့်နေ့ မနက်ခင်းတွင် ဆရာကျွဲ၏ သားအကြီးကောင်က ရုံးခန်းတံခါးဖွင့်ပြီး တနေ့တာ ပုံမှန်လုပ်ငန်းများ အစပြုရန် ပြင်ဆင်လျက်ရှိသည်။ အပူသည် အသွယ်သွယ်သည် ထုံးစံအတိုင်း ရုံးသို့ရောက်လာပြီး တိုင်ပင် ကြ၊ သူတို့နှင့် ကိုက်ညီမည့် အိုင်ဒီယာများပေးရန် တောင်းဆိုကြ ပေဦးတော့မည်။

ထိုအခိုက် အတိုင်ပင်ခံဆရာကျွဲ စိတ်ထဲ လေးလံသည်၊ အလုပ်စားပွဲသို့ သွားရမှာ ဝန်လေးလာသည်၊ ယခင်ကလည်း ဤသို့ မကြာခဏ ဖြစ်ဖူးသည်၊ ပထဆုံးအကြိမ် ဖြစ်ပွားစဉ်က ယိုး ဒယားပြန် ဒေါက်တာခင်ဦးသာခေါ် ဒေါက်တာခင်ဌေးကြွယ်၏ ဆေးခန်းသို့ သွားရောက်ပြသရာ ဒေါက်တာက ”ဟင်းဟင်း ဟင်း…ဆရာကျွဲရေ၊ ဒါက အန္တရာယ် ရှိတဲ့ ရောဂါ မဟုတ်ပေမယ့် ရေရှည်ကုရမယ့် ရောဂါပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့လေ။ ကျွန်မက နိုင်ငံခြားပြန်မဟုတ်လား၊ ဟင်းဟင်းဟင်း…ကျွန်မပေးတဲ့ဆေး သာ သောက်လိုက်။ အဆင်ပြေသွားလိမ့်မယ်” ဟု ပြောလည်း ပြော၊ ဆေးလည်း တိုက်၏။ သူ့တွင်လည်း ထိုရောဂါရှိကြောင်း၊ အင်္ဂလိပ်လိုတော့ Monday Fever ဟု ခေါ်ကြောင်း ရှင်းပြ၏။

ဆရာဝန်လှလှ၏ စကားလှလှကြောင့် ရောဂါတဝက် သက်သာသွားသည်။ သူတိုက်သည့်ဆေးသောက်ပြီးနောက် တွင်မူ ထိုနေ့အတွက် ရောဂါမှာ အပျောက်လွန်သွားသည်ဟုပင် ဆိုရမည်။ တနေကုန် လန်းဆန်းတက်ကြွနေသည်။ ဆယ်ကျော် သက်တယောက်လို ခုန်ပေါက် မြူးထူးမိသည်၊ ဆန်တအိတ်ထမ်းပြီး ဆယ်မိုင်ခရီး မနားတန်းလျှောက်နိုင်သည့် လန်းဆန်း မှုမျိုး ရသွားသလိုမျိုး ဖြစ်သွားသည်ဟု ဆိုနိုင်သည်။ ညဘက်တွင်ပင် အိပ်မပျော်သည်အထိ လူက လန်းဆန်း တက်ကြွနေသူ ဖြစ်လာသည်။ တယ်စွမ်းတဲ့ဆေး၊ တယ်စွမ်းတဲ့ ဆရာဝန်မပါ တကား။ သို့သော်လည်း ညဘက် အိပ်မရသဖြင့် အိပ်ရေးပျက်သူ ဆရာကျွဲ နောက်တနေ့မနက် လုပ်ငန်းခွင်တွင် ဒုက္ခရောက် တော့သည်။

တနင်္လာနေ့များတွင် သူပြောသည့် Monday Fever က ရောက်လာတတ်သည်။ သို့သော်လည်း သူ့ဆေးခန်းသို့ ထပ် မသွားဖြစ်တော့။ သူတိုက်သည့် ဆေးကစွမ်းသော်လည်း ဘေးထွက်ဆိုးကျိုးက နောက်တနေ့မှာ ပေါ်လာမည်မှာ သေချာ လှသည်။

ဆိုခဲ့သလိုပင် စနေ၊ တနင်္ဂနွေ အလုပ်နားပြီး ရုံးပြန်ဖွင့်သည့် ယနေ့ တနင်္လာနေ့တွင်လည်း ထိုဝေဒနာ ပေါ်လာပြန်ပြီ။ မည်သို့ ကုစားရမည်နည်း။ ရုံးခန်းတံခါးဖွင့်နေသည့် သားတော်မောင်ကို ထိုဝေဒနာအကြောင်း လှမ်းပြောပြလိုက်သည်။

”ဖေဖေကလည်း အဲဒါ ပျင်းကြောထတာလို့ ခေါ်တယ်”

”ဟုတ်လား၊ ဒါဆို ငါ ဘယ်လိုလုပ်ရမလဲ အကြံပေးစမ်းပါ ဦး ဖိုးခွားကြီးရေ”

ဖိုးခွားကြီးသည် ဆရာကျွဲ၏သား ပီသလှသည်ဟု ဆိုရ မည်။ သူ့တွင် အကြံကောင်းက အဆင်သင့် ရှိနေသည်။

”လွယ်ပါတယ် ဖေဖေရယ်၊ ဒီနေ့ ရုံးမဖွင့်နဲ့။ ကြိုချိန်းထားတဲ့ဧည့်သည်တွေလည်း ဒီနေ့ မရှိပါဘူး။ ဒီတော့ အေးအေးဆေး ဆေး ဆက်ပြီးတော့ နှပ်နေလိုက်။ သားလည်း သွားလည်လိုက်ဦးမယ်”

ကဲ…ဒီထက်ကောင်းသည့်အကြံ ဘာရှိသေးသနည်း။ ပြဿနာတရပ်ကို လျှပ်တပြက် ဖြေရှင်းနိုင်ခြင်းဟူ သော အရည်အချင်း မှာ လူတိုင်းတွင် မရှိ။ ကိုယ် ပိုင်လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ကြခြင်းကလည်း အားသာချက်တခု ဖြစ်သည်။ ယခု အဖေလည်း နား၊ သားလည်းသွားပြီ။

ကွမ်းတယာညက်ခန့်အကြာတွင် ဖိုးခွား လေး ပြေးဝင်လာသည်။

”ဖေဖေ၊ ဧည့်သည်တွေ ရောက်နေပြီ”
”ဟာ…ဖိုးခွားလေးရာ၊ လက်ထောက်မန်နေဂျာဖြစ်ပြီး ညံ့လိုက်တာ။ မင်းတို့အစ်ကိုနားခိုင်းလို့ ဒီနေ့ ငါတို့ နားတယ်လေကွာ။ အကြောင်းတခုခုပြပြီး အဲဒီ ဧည့်သည်တွေကို နှင်ထုတ်လိုက်ရောပေါ့ကွာ”

”မရဘူး ဖေဖေရေ၊ မရဘူး။ အဲဒီဧည့်သည်တွေက တုတ်နဲ့ရိုက်ထုတ်တောင် သွားမယ့်ပုံတွေ မဟုတ်ဘူး”
ဟုတ်မလိုလိုနဲ့ တော်တော်ညံ့တဲ့ကောင်ပဲဟု ဆူပူရန်ဟန်ပြင်နေစဉ် သူပြောသည့်စကားကြောင့် အလုပ်ခန်းချက်ချင်းဖွင့်ရန် ဆုံးဖြတ်လိုက်ရသည်။

”ဧည့်သည်တွေက အလန်းလေးတွေဗျ။ သတင်းသမားတွေတဲ့။ နာမည်တွေကလည်း လန်းတယ်၊ အိချယ်ရီအောင်၊ မြတ်စု မွန်၊ တင်ဇာဇော်တဲ့”

နာမည်ကြီး သတင်းသမားတွေ မည်သည့်အတွက်ကြောင့် ရုံးခန်းသို့ ရောက်လာသနည်း။ အယ်ဒီတာများနှင့် အဆင်မပြေ ခြင်းကြောင့်လော၊ Facebook တွင် ရန်ဖြစ်လာကြသလော။အင်း…သူတို့အခက်အခဲအကြောင်း မကြာခင် သိရပေတော့မည်။

အိချယ်ရီအောင်
ထိုမနက် ဆရာကျွဲ၏ အလုပ်စားပွဲရှိရာသို့ ဦးစွာရောက် လာသူမှာ သတင်းထောက် အိချယ်ရီအောင် ဖြစ်သည်။
”ကဲ…မအိချယ်ရီအောင်၊ ကျွန်တော် ဘာကူညီရမလဲ၊ ဘာအခက်အခဲ တွေ့နေသလဲ၊ ပြော”

တပါးသူကိုသာ မေးခွန်းပေါင်းစုံမေးပြီး နှိပ်စက်လေ့ရှိ သော သတင်းထောက်သည် ကိုယ်တိုင် မေးခွန်းနှစ်ခု အမေးခံရ ချိန်တွင် ရုတ်တရက် အဖြေမပေးနိုင်။ အတန်ကြာမှ…

”ဆရာ၊ ကျွန်မ အိမ်ထောင်ပြုချင်လို့”

”ဟာ…ဒါမျိုးက ကိုယ့်အားကိုယ်ကိုးရတယ်ကွ။ မင်းနေ ရာမှားလာပြီထင်တယ်။ ငါက ဒါမျိုးကိစ္စတွေ အကျိုးဆောင်ပေး ဖို့ဆိုတာ…”

”မဟုတ်ပါဘူး၊ ဆရာကလည်း ကျွန်မစကားဆုံးအောင် နားထောင်ပါဦး။ ကျွန်မဆိုလိုတာက အိမ်ထောင်ပြုပြီးရင် ဘယ် လို စီးပွားရေးလုပ်ငန်းလုပ်ရမလဲဆိုတာ စဉ်းစားရခက်နေတယ် လို့ ဆိုလိုတာပါ”

အိချယ်ရီအောင်က လက်ရှိလုပ်ကိုင်နေ သော သတင်းဌာနကိုအထင်ကြီးပြီး ဝင်လုပ်မိသော်လည်း လစာမကောင်းကြောင်း၊ လစာတိုးမည့် လက္ခဏာလည်းမရှိကြောင်း၊ အိမ်ထောင်ပြုပြီးပါက အိမ်ထောင်ဘက်ကို မှီခိုရသူမဖြစ်လိုကြောင်း၊ ဝင် ငွေကောင်းမည့်လုပ်ငန်းတခု လုပ်ကိုင်လိုခြင်း ကြောင့် ဆရာကျွဲထံမှ အကြံဥာဏ်ရလိုကြောင်း သုံး မိနစ်ခန့် ရှင်းပြလေသည်။

ဆရာကျွဲလည်း သူ၏ပြောပုံဆိုပုံကို အကဲခတ်ပြီး မှတ်ချက်တခုကို စိတ်ထဲတွင်ပင် အားနာစွာချလိုက်မိသည်။ သူသည် အောင်မြင်သောလုပ်ငန်းရှင်တယောက်ဖြစ်နိုင်သည့် အလားအလာ မရှိသေး။ သို့သော်လည်း ကြီးပွားရန်အကြောင်း မမြင် သည့် သတင်းလောကထဲမှ ထွက်လျှင်တော့ အောင်မြင်ရေးလမ်းစပွင့်နိုင်၏။

”စားသုံးဆီလုပ်ငန်း လုပ်ပါလားကွ။ လူဆို တာ နေ့တိုင်း အစာစားရတယ်။ သေတဲ့အထိ လုပ်ရ တာ အစာစားတဲ့အလုပ်ကွ။ အစားအသောက်မှာ အနည်းနဲ့အများ ပါဝင်ရတာကတော့ စားသုံးဆီ မဟုတ်လား။ အဲဒီဆီကိုသာ ရောင်းစား။ အလုပ်ဖြစ်မှာပဲ။ ငါတို့လူမျိုးက ဆီကို ရေချိုးဆိုတဲ့ သီချင်းစာသားလို စားသုံးဆီ အသုံးကြမ်း တယ်ကွ”

”ဟာ…ဆရာကျွဲကလည်း၊ စားသုံးဆီလုပ်တဲ့ လုပ်ငန်းရှင် တွေက အများကြီးနော်”
”သမုဒ္ဒရာရေဆိုတာ ဘယ်သူတွေပဲ ဝိုင်းသောက်သောက် ကုန်တယ်ရယ်လို့မှ မရှိတာ။ ဆီရောင်းတဲ့ဆိုင်ကို သွားကြည့် လိုက်၊ ဆီပုလင်းကြီးငယ်ကို တံဆိပ်မျိုးစုံ တွေ့ရလိမ့်မယ်။ ကိုယ်ကသာ တံဆိပ်လှလှ နာမည်ဆန်းဆန်းလေးနဲ့ လုပ်စားလိုက်၊ အများနည်းတူလိုက်လုပ်၊ အောင်မြင်မှာပဲကွ”

ထမင်းအိုးတလုံးချက်ခန့်အကြာ ဆွေးနွေးပြီးချိန်တွင်တော့ သတင်းထောက် အိချယ်ရီအောင်သည် လုပ်ငန်းတခု ထူ ထောင် ရန် တက်ကြွနေသည့် အမျိုးသမီးတယောက် ဖြစ်သွား လေတော့သည်။ ဆရာကျွဲ၏ မှာကြားချက်ထဲမှ ‘အများနည်းတူ လိုက်လုပ်’ဟူသော အချက်ကို သူ၏ မှတ်စုစာအုပ်ထဲတွင် ရေး မှတ်လိုက်သေးသည်။

သူထွက်သွားပြီး ဆရာကျွဲစားပွဲရှေ့ကုလားထိုင်သို့ ရောက် လာသူမှာ မြတ်စုမွန်ဖြစ်သည်။

မြတ်စုမွန်
”ဆရာကျွဲကို ခုမှပဲ တွေ့ဖူးတော့တယ်။ အပြင်မှာက ဓာတ်ပုံထဲမှာထက် ပိုပြီးခန့်တယ်နော်” ဟု မြတ်စုမွန်က ချိုမြစွာ နှုတ် ခွန်းဆက်၏။

ဤအပြောကြောင့် ဆရာကျွဲလည်း နှစ်မိနစ်ခန့် ပါးစပ် နားရွက်ချိတ်မတတ် ဖြစ်သွား၏။ မြတ်စုမွန်ထံမှ ဉာဏ်ပူဇော်ခ ဈေးလျှော့တောင်းရန် ဖိုးခွားလေးကို တယ်လီဖုန်းမှတဆင့် စာတိုရေးပို့လိုက်မိသည်။

မြတ်စုမွန်သည် သတင်းသမားဖြစ်သော်လည်း စီးပွားရေး လုပ်ငန်းနှစ်ခုရှိသူတည်း။ စာအုပ်တိုက်ကြီးတခု၊ ခရီးသွားအေ ဂျင်စီကြီးတခုကို စီမံခန့်ခွဲနေသူ ဖြစ်၏။ အဘယ်ကြောင့် ဆရာ ကျွဲ၏ရုံးခန်းသို့ ရောက်လာသနည်း။ သူ့တွင် အကြံအစည်ကြီး ကြီးတခုတော့ ရှိရမည်။

”ကျွန်မက သူဌေးကြီးဖြစ်ချင်တယ် ဆရာ။ စာအုပ်လုပ် ငန်းက မရှုံးရုံတမယ်ပဲ။ လူအထင်ကြီးအောင်လို့သာ ကျွန်မက အဆင်ပြေချင်ယောင်ဆောင်နေတာ။ ပြီးတော့ ခရီးသွားလုပ် ငန်းကလည်း ရှုံးတာပဲ။ လူတွေက ခရီးမသွားကြတော့ဘူး ဆရာ ရဲ့။ သူတို့ ခရီးထွက်ချင်အောင် လုပ်ငန်းကို Facebook မှာ ကြော် ငြာဖြစ်ပါတယ်။ ရလဒ်ကတော့ ကျွန်မ Facebook စွဲတဲ့သူ ဖြစ် သွားတာပါပဲ။ အဲ…လိုရင်းပြောရရင် ကျွန်မက သူဌေးကြီးဖြစ် ချင်တယ် ဆရာ။ အားကိုးပါတယ်”

အနာသိလျှင် ဆေးရှိသည်။ လုပ်ငန်းရှင် မြတ်စုမွန်ကို အကြံပေးရန်မှာ မခက်ခဲလှပေ။ သူက ယခုမှ စီးပွားရေး လောက ထဲ ခုန်ဝင်မည့်သူမဟုတ်၊ ဝါရင့်လုပ်ငန်းရှင်ပင်ဖြစ်နေပြီ မဟုတ် လော။ သူဌေးကြီးဖြစ်ချင်သော လုပ်ငန်းရှင်အတွက်ဆေးမှာ ရိုး ရိုးစင်းစင်းနည်းလမ်းဟောင်းသာ ဖြစ်လိမ့်မည်။

”မြတ်စုမွန်တို့ စီးပွားရေးလောကဆိုတာ အပြိုင်အဆိုင် များတယ်။ တပါးသူထက် အခွင့်အရေးပိုရဖို့ဆိုတာ ဆိုင်ရာပိုင် ရာတွေကို ကပ်ထားနိုင်မှ တော်ရာကျတာမဟုတ်လား”

”သိပ်ဟုတ်၊ သိပ်မှန်တာပေါ့ရှင်။ ဆိုင်ရာပိုင်ရာတွေကို ကပ်ထားမှ အောင်မြင်မယ်ဆိုတာလည်း ဒက်ရှူးဝါး (that’s sure) ပေါ့ရှင်။ ဒါကြောင့် ဆရာကျွဲနဲ့သားများ အတိုင်ပင်ခံလုပ် ငန်းရှိရာကို အားကိုးတကြီး ရောက်လာတာပေါ့ရှင်။ ကဲ…ရှင့်ရဲ့ မိတ်ဆွေ ပါတီလူကြီးနဲ့သာ မိတ်ဆက်ပေးပေတော့”

မြတ်စုမွန်ပြောသည့် ပါတီလူကြီးဆိုသည်မှာ မည်သူ့ကို ဆိုလိုမှန်း ဆရာကျွဲ သဘောပေါက်သည်။
ဒုက္ခသီရိ၏ အာဏာရပါတီဖြစ်သော ပေါ်ပြူလာပါတီတွင် လတ်တလော တန်ခိုးထွားနေသူမှာ ဦးတောက်ပဖြစ်သည်။ သူ့ အား ချဉ်းကပ်သင့်ကြောင်း၊ ဝန်ကြီးဝန်လေးများကို ဖြုတ်ခြင်း၊ ခန့်ခြင်းကိစ္စအဝဝကို သူက ကိုင်တွယ်ထားကြောင်း၊ သူ့အကူ အညီရသည့် လုပ်ငန်းရှင်သည် အာလာဒင်မီးခွက်ပိုင်ရှင်ကဲ့သို့ လိုရာဆန္ဒပြည့်ဝမည် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်းကို မြတ်စုမွန်လည်း ကောင်းစွာ သဘောပေါက်လိမ့်မည်။

ထို့ကြောင့် သူ့တွင် အကြံအစည်ကြီးကြီးတခုတော့ ရှိရ မည်ဟု ဆရာကျွဲထင်ထားသည့်အတိုင်း ဤလုပ်ငန်းရှင်အမျိုး သမီးက အာဏာရပါတီမှ လူကြီးတဦးဦးနှင့် မိတ်ဆက်ပေးရန် ပွင့်ပွင့်လင်းလင်း ပြောလာလေပြီ။
ဆရာကျွဲလည်း လာမည့် ရက်ပိုင်းအတွင်း ချိတ်ဆက်ပေး မည်ဟု ကတိပေးလိုက်သည်။

တင်ဇာဇော်
ဧည့်သည်နှစ်ယောက်ပြန်သွားပြီး Monday Fever ဝေဒနာသက်သာလာချိန်တွင် မျက်နှာချင်းဆိုင်ရသူမှာ တင်ဇာ ဇော်ဖြစ်သည်။

”ကျွန်မ ဂျာနယ်တိုက်မှာ အတော်ကြာအောင် လုပ်ပြီး ထွက်လိုက်တယ်။ ဂျာနယ်တိုက်လှေကားကို နေ့စဉ်နဲ့အမျှ တက် ရတော့ ကျွန်မ ခြေသလုံးကြီးလာတယ်။ ဒါကြောင့် အလုပ်ပြောင်း တယ်။ စာနယ်ဇင်းသင်တန်းနည်းပြအလုပ်။ ကံဆိုးချင်တော့ သင်တန်းကျောင်းကလည်း အထပ်မြင့်တိုက်မှာရှိတယ်။ ကျွန်မ နေ့တိုင်းနေ့တိုင်း အတက်အဆင်း လုပ်ရပြန်ရော။ ကျွန်မဘဝက ကြမ်းတယ်။ ဒါကြောင့် ကျွန်မ အလုပ်ပြောင်းချင်ပြီ။ ကူညီပါဦး ဆရာကျွဲရေ”

ကူညီပါရစေဟူသော စာတန်း ချိတ်ဆွဲမထားသော်လည်း ဆရာကျွဲ အကူအညီပေးနေရသည်မှာ နေ့စဉ်နဲ့အမျှပင်။ ကူညီရ မည်မှာ ဆရာကျွဲ၏ အလုပ်တာဝန်မဟုတ်လော။

အထပ်မြင့်တိုက်လှေကားတက်ရမည်ကို စိုးရွံ့သူ တင်ဇာ ဇော်ကို အလှူခံလုပ်ငန်း လုပ်သင့်ကြောင်း အကြံပေးလိုက်မိ သည်။ ဘာသာရေးအဆောက်အအုံတခု ဆောက်လုပ်ရန် အကြောင်းပြပြီး နယ်အနှံ့လိုက်လံအလှူခံရေးဟူသော အကြံတည်း။

”ဟာ…ဒါက အလှူခံ ကန်ထရိုက်လုပ်ငန်းတမျိုးပဲ။ ကျွန်မက ဒါကို လုပ်ပြီဆိုပါတော့၊ စစ်ဆေးတာတွေ ဘာတွေနဲ့ မတော်တဆ ကြုံရရင် မခက်ဘူးလား”

”ခက်ပါဘူး။ ဌာနဆိုင်ရာ ထောက်ခံချက် စာရွက်စာတမ်း တွေ ဆောင်ထားပေါ့ကွာ”
”ဟုတ်ပါပြီရှင်။ ဌာနဆိုင်ရာ ထောက်ခံချက်ဆိုတာတွေ ကတော့ လွယ်ပါတယ်။ မလွယ်တာက ရလာတဲ့ အလှူငွေတွေကို အဆောက်အအုံထဲ ထည့်လိုက်ရင် ကိုယ့်အတွက်က ဘာကျန် မှာလဲ”

ရရှိသည့် အလှူငွေထဲမှ ကိုယ်နှစ်သက်ရာ ရာခိုင်နှုန်း ဖြတ် ယူခြင်းဖြင့် ကြီးပွားသူတချို့ ရှိကြောင်း သူက သတင်းသမား ပီသ စွာ အနံ့ရပြီးဖြစ်ပေလိမ့်မည်။ ဟန်ကိုယ့်ဖို့ဆိုသလို ရိုးအချင် ယောင်ဆောင်သောသူ့ကို အလိုက်အထိုက် ပြောရသည်မှာ ပင် ပန်းလေစွ။

”ရိုးလိုက်တာလည်း လွန်ပါရော တောသူမရယ်။ ကျင်းတူး၊ အုတ်မြစ်ချ၊ ကွန်ကရစ်တိုင်တွေ ထောင်ထားတာလောက်ပဲ လုပ် ပေါ့ကွ။ တချို့အလှူခံတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ အဲဒါကို ဓာတ်ပုံရိုက်၊ ပိုစတာရိုက်။ ပြီးရင် အဲဒါတွေ ပြပြီး အလှူခံထွက်တာ ပိုတောင် အဆင်ပြေသေးတယ်။ ကားသေးသေးတစီးငှား၊ အသံချဲ့စက်တွေ ဘာတွေဆင်၊ တလမ်းဝင် တလမ်းထွက် အလှူခံပေတော့”

”ဟာ…အဲဒီလို လိုက်အလှူခံရင် လမ်းအများကြီး လျှောက်ရမှာပေါ့။ ကျွန်မ ခြေသလုံး ပိုကြီးလာတော့မှာပေါ့”
ကားပေါ်တွင် ထိုင်ပြီး လိုက်ပါက ခြေသလုံးကြီးလာမည် မဟုတ်ကြောင်း၊ အလှူငွေ ထည့်ချင်စိတ်ပေါ်လာကြစေရေး အတွက် အပြောအဆို ညက်ညောပြရန်သာ လိုကြောင်း၊ အသံချဲ့ စက်သံ မခံနိုင်သူများထံမှ မျှော်လင့်မထားသည့်တုံ့ပြန်ချက် တချို့ကို ကာကွယ်နိုင်ရေးအလို့ငှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံး ဦးထုပ်ဆောင်းထားသင့်ကြောင်း၊ အသံချဲ့စက်ဆိုင်ရာ ဝါယာ ကြိုးဖြုတ်ခြင်းကဲ့သို့သော လုပ်ရပ်များနှင့် ရင်ဆိုင်ရပါက မည်သို့ တရားစွဲရမည်ကို လေ့လာထားသင့်ကြောင်း အကြံပေးလိုက် သည်။ စာနယ်ဇင်းသင်တန်းဆရာမ တင်ဇာဇော်လည်း အကြံ ပေးသမျှကို ကောင်းစွာ မှတ်သားပြီး ပြန်သွားလေသည်။

ခြောက်လခန့်ကြာသော်
ထိုသို့ ကူညီပြီး ခြောက်လခန့် ကြာသော် အိချယ်ရီအောင်၊ မြတ်စုမွန်၊ တင်ဇာဇော်တို့ သုံးယောက် ဆရာကျွဲ၏ ရုံးခန်းသို့ ရောက်လာကြပြန်သည်။

လုပ်ငန်းအောင်မြင်ကြခြင်းကြောင့်လော။ ဤသို့ဆိုလျှင် လက်ဆောင်လာပေးခြင်းဖြစ်မည်။ အကြံဥာဏ် ထပ်လိုသော ကြောင့်လော။ ဒါလည်း ပြဿ      နာ မရှိ။ ကိုယ်က အကြံပေးပြီး ဥာဏ်ပူဇော်ခ၊ အကျိုးဆောင်ခ ယူလိုက်ရုံသာ။ ဦးစွာ တွေ့ဆုံရသူ မှာ အိချယ်ရီအောင် ဖြစ်သည်။ သူက စားသုံးဆီလုပ်ငန်း လုပ် ကိုင်ဖြစ်သည်။

”အများနည်းတူလိုက်လုပ်ဖို့ ဆရာကျွဲအကြံပေးတဲ့ အတိုင်း သေချာလိုက်လုပ်ပါတယ်ရှင်”

လုပ်ငန်းရှင် အများအပြားက အပေါစား စားအုန်းဆီထဲ ဓာတုဗေဒဆေးမျိုးစုံ ထည့်ခြင်းဖြင့် အရောင်၊ အနံ့၊ အရသာကို ပဲဆီကဲ့သို့ ထင်မှတ်မှားအောင် ပြုလုပ်ကြကြောင်း၊ ထို့နောက် ပဲဆီသန့်၊ ပဲဆီစစ်စစ်ဟု တံဆိပ်ကပ်ပြီး ဈေးကွက်တွင်း ဖြန့်ချိ ကြောင်း၊ သူလည်း အများနည်းတူ လိုက်လံတုပ လုပ်ကိုင်ရာ ကနဦးတွင် အမြတ်အစွန်း လွန်စွာကြီးမားကြောင်း မျက်နှာ မသာယာစွာ ရှင်းပြသည်။

အမြတ်အစွန်း လွန်စွာကြီးမားလျှင် ငွေပုံပေါ် တက်ထိုင်ပြီး ပျော်ရွှင်ကြည်နူးနေရမည်မဟုတ်လော။ ယခု အဘယ်ကြောင့် မပျော်နိုင်၊ မပြုံးနိုင် ဖြစ်နေသနည်း။ အိမ်ထောင်မကျသေးသော ကြောင့်လောဟု တွေးနေစဉ် သူက ဖြစ်ကြောင်းကုန်စင် ရှင်းပြ လေသည်။

”ကျွန်မရဲ့ ပဲဆီသန့်ကို တိုင်းဒေသကြီးတခုမှာပဲ ဖြန့် တာပါ။ ကံဆိုးချင်တော့ သက်ဆိုင်ရာက အဲဒီဒေသကိုပဲ ကွက်ပြီး စစ်ဆေးရေး ဝင်တယ်။ ကျွန်မရဲ့ပဲဆီသန့်ဆိုတာ စားအုန်းဆီကို ပြုပြင်ပြီး ပုံမှားရိုက်ထားမှန်း ပေါ်သွားတယ်။ လုပ်ငန်း အပိတ်ခံ ရတယ်။ အကြွေးတင်တယ်။ ဒါကြောင့် ငွေချေးရအောင် ဆရာ ကျွဲဆီကို ထပ်လာခဲ့တာ”

ဟိုက်…ခက်ပြီ။ သူ့ပြဿ      နာက မသေးပါလား။ ကဲ…နောက်တယောက်အသံ နားဆင်ကြည့်ရဦးမည်။

နောက်တယောက်မှာ တင်ဇာဇော် ဖြစ်သည်။ အနည်း ငယ် ကိုယ်ရေစစ်သွားသည်။ အလှူခံလုပ်ငန်း လုပ်ကိုင်ရာတွင် ခြေကျင်လျှောက်သောကြောင့် ကိုယ်ရေစစ်သွားခြင်း ဖြစ်နိုင် သည်။ ဒါဆို ခြေသလုံးက မည်သို့နည်း။ သူ့ခြေသလုံးနှစ်ဖက်ကို လှမ်းကြည့်လိုက်ရာ ခြေသလုံးတို့လည်း အနည်းငယ် သွယ်လျ သွားသည်ကို တွေ့ရသည်။ ဒါဆို သူကတော့ အဆင်ပြေမည့်သူ ဖြစ်နိုင်သည်။ အလှူခံ ကန်ထရိုက်လုပ်ငန်းလည်း အောင်မြင်သူ၊ ကိုယ်ရေလည်း စစ်သွားသူမို့ အလွန်အမင်း ကျေနပ်ဖွယ်ကောင်း ပေမည်။ သူ့မျက်နှာ ပြုံးနေသည်ဆိုတော့ အောင်မြင်နေသူဟု ယူဆရမည် ထင်သည်။
”ဟဲဟဲဟဲ…ဆရာကျွဲ၊ ကျန်းခန့်သာလို့ မာပါစ”

ထိုသို့ နုတ်ခွန်းဆက်ပြီး သကာလ တင်ဇာဇော်က သူ့ လုပ်ငန်းအကြောင်း ပြောပြ၏။ သူ့လုပ်ငန်း အကြီးအကျယ် အရှုံး ပြသည် ဟူသတည်း။ တင်ဇာဇော်ကို အလှူခံလုပ်ငန်းအတွက် ဟန်ပြ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဖန်တီးခြင်း၊ ကားငှားခြင်း၊ အသံချဲ့စက်တပ်ဆင်ခြင်း၊ ဌာနဆိုင်ရာ ထောက်ခံချက်၊ နေ့စား ဝန်ထမ်း ငှားရမ်းခြင်း အစရှိသည်တို့အတွက် သိန်းတရာခန့် ရင်းနှီးလိုက်ရကြောင်း၊ အလှူခံထွက်သည့် ပထမနေ့တွင် မိုး အကြီးအကျယ်ရွာသဖြင့် အလှူငွေတပြားမှ မရကြောင်း ရှင်းပြ လေသည်။

ဒုတိယနေ့ နံနက်စောစော အလှူခံ မထွက်ခင် နံနက်စာ စားနေကြစဉ် နေ့စားဝန်ထမ်းတဦးက ကားခိုးပြီး ထွက်ပြေး သွားကြောင်း၊ ငှားထားသည့် မော်တော်ကား၊ အသံချဲ့စက်ပစ္စည်း တို့အတွက် အလျော်ပေးရတော့မည် ဖြစ်ကြောင်း ရှင်းပြသည်။

”ဟင်…ဒါဆို ဘာကြောင့် အခုလို ပြုံးနေနိုင်ရတာလဲ”
”ဆရာကျွဲက အောင်မြင်တဲ့ အတိုင်ပင်ခံ လုပ်ငန်းရှင်ဆို တော့ အကြံပေးတာအပြင်၊ ငွေချေးတာလည်း လုပ်နိုင်မယ်လို့ ယုံကြည်လို့ပေါ့ရှင်”

ဆရာကျွဲလည်း အခုမှပဲ သူ့အပြုံးကို နားလည်တော့သည်။ ထို့ကြောင့် တချို့က နံရံတွင် ‘သူပြုံးနေသည်… အကြွေးယူတော့ မည်’ဟူသော စာတန်းကို ကပ်ထားမှန်း သဘောပေါက်တော့သည်။

နောက်ဆုံး ဖြစ်ကြောင်းကုန်စင် ရှင်းပြရန် အလှည့်ကျသူ မှာ မြတ်စုမွန်ပင် ဖြစ်တော့သည်။

သူ့ကို တွေ့မှ သတိရမိသည်။
ဆရာကျွဲကိုယ်တိုင် ပေါ်ပြူလာပါတီ ခေါင်းဆောင် ဦးတောက်ပနှင့် မိတ်ဆက်၊ ချိတ်ဆက်ပေးမည်ဟု ကတိပေးပြီး ယခုအထိ မစီစဉ်ဖြစ်သေးပေ။ ဦးတောက်ပနှင့် တွေ့ဖြစ်ဆုံဖြစ်ဖို့ အရေးကြီးသည်။ ရင်းနှီးခင်မင်သွားလျှင် စီးပွားရေးလုပ်ငန်း အောင်မြင်ရေးအတွက် လမ်းမဝေးတော့မှာ သေချာသည်။

”ဆရာကျွဲရေ၊ မိတ်ဆက်ပေးမယ်ဆိုလို့ စောင့်နေတာ ခြောက်လရှိသွားပြီနော်”

”ဟုတ်ပါရဲ့ဗျာ။ အားနာစရာကောင်းလိုက်တာ။ ကဲ…အခု ပဲ သွားကြစို့”

ဒုက္ခသီရိနေပြည်တော်ရှိ အာဏာရပါတီမှ လူကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မြတ်စုမွန်က မေးခွန်းထုတ်လာသည်။ လည်မယောင်နှင့် ဘာမျှမသိသော မြတ်စုမွန်ဟု မှတ်ချက်ချလိုက် လျှင်လည်း ဆက်ဆံရေးပျက်ပြားနိုင်သောကြောင့် တန်ခိုးထက် သော ပါတီလူကြီးဆိုသည်မှာ ဦးတောက်ပ ဖြစ်ကြောင်း ပြောပြ လိုက်သည်။

”ဟင်…ဦးတောက်ပနဲ့ မိတ်ဆက်ပေးမလို့လား”

မြတ်စုမွန် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားပြီး ဝုန်းခနဲ ထရပ်ကာ ပြန်ရန် ပြင်ဆင်လိုက်သည်။
‘သူဌေး မဖြစ်ရင် နေပါစေရှင်။ ဦးတောက်ပနဲ့တော့ မျက် နှာချင်း မဆိုင်ပါရစေနဲ့တော့။ သူက အားလုံးကို သူ့တပည့်လို သဘောထားနေတာ။ ကျွန်မကို သတင်းသမားမှန်း သိသွားရင် သောက်ရူး…သောက်ရူးဆိုပြီး ကိုးခါ ပြောနေဦးမယ်”

မြတ်စုမွန်လည်း ပြောပြောဆိုဆို ချာခနဲ လှည့်ထွက်ပြီး ပြန်လေသည်။
ယနေ့ အတိုင်ပင်ခံဆရာကျွဲထံ ရောက်လာသမျှ မိတ်ဆွေ ဧည့်သည်တို့သည် ဆရာကျွဲအတွက် ဥာဏ်ပူဇော်ခလည်း ယူ မလာ၊ လက်ဆောင်လည်း ပါမလာကြပေ။ ပိုက်ဆံချေးသူချေး၊ ဒေါသထွက်သူထွက်ပြီး အသီးသီး ပြန်သွား      ကြလေပြီ။ ဆရာကျွဲ လည်း သောကခြေရာ ဝေဒနာတို့ကို ရင်မှာပိုက်ထွေးပြီး ကျန် ရစ်ခဲ့လေတော့သည်။ ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ သရော်စာ ဖြစ်ပါသည်။

ရန်လိုကျွဲ ရေးသည်။

သရုပ်ဖော်ကာတွန်း သီဟ (စခန်းသစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်