ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့သတင်း ထွက်ပေါ်

February 24, 2017

ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့သတင်း ထွက်ပေါ်
ထက်ခေါင်လင်း – (မိုးမခ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇)

ရန်ကုန် (Myanmar Now) – ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဇေယျာဖြိုး ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံရကြောင်း သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့မှာ မိန့်ပါတယ်။

လဆန်း ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဦးဇေယျာဖြိုးဟာ ၃ ရက်နေ့ မနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ”

သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက် တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ ဦးဇေယျာဖြိုးဟာ တပ်မတော်ကနေ နှုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ ဦးဇေယျာဖြိုး တစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။

“သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

“သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး”

ဦးဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်၊ တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။

“အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲ့ဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပက်သက်သလား၊ မပက်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ဇန်နဝါရီလကုန်းပိုင်း ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။

ဦးဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8, မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်၊ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထားပါတယ်။

ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ။

ဓာတ်ပုံ အညွှန်း – ဦးဇေယျာဖြိုး သင်္ကန်းဝတ်ခဲ့တဲ့ ရန်ကုန်မြို့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရပုံ

(ဓာတ်ပုံ – ထက်ခေါင်လင်း/Myanmar Now)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

One Response to ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့သတင်း ထွက်ပေါ်

  1. ဇာနီကြီး on February 24, 2017 at 9:54 am

    ဦးကိုနီ လုပ်ကြံခံရပြီး မွတ်စလင်၊ ဗုဒ္ဓဘာသာ ပိုမိုစည်းရုံးလာတယ်။
    ဦးအောင်သောင်း သေဆုံးသွားသူကို အပြစ်မဖို့ချင်ပေမဲ့ .. ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေးခရီးစဉ်များကို ဟန့်တားဖို့ ရာဇဝတ်မှုနဲ့နှစ်ကြီးသမားများစွာ လွှတ်ပေးပြီး၊ ပဒေါင်ကိုလွှတ်တယ်။ ဒိပဲယင်းအရေးအခင်းကို ရက်စက်စွာလုပ်ဆောင်တယ်။ လေ့ကျင့်ပေးပြီး မွတ်ဆလင်တွေကို သတ်ဖြတ်စေတယ်။ ဒီလူစုပဲ ဒေါသထွက်နေသောလူအုပ် ဆိုပြီး ရခိုင်မြို့ကြီးများကတဆင့် မြန်မာပြည်မြို့ကြီးများကို ဖြန့်ချတယ်။ မိတ္တီလာမြို့ကတော့ အဆိုးဝါးဆုံးပါ။ တောင်သာအာမီ လို့နာမည်ကြီးပါတယ်။
    ၁။ ဒီပဲယင်းအရေးခင်းကို ဦးစီးခဲ့တဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်း ဆိုတာလဲ စင်ကာပူဆေးကုသွားရင်းသေဆုံးတယ်။ သူနဲ့အမွှာညီအစ်ကို (ညီ) ဗိုလ်ချုပ်တင်ထွန်း ဆိုသူလည်း ညီအစ်ကိုမှန်း ဗိုလ်ချုပ်တွေဖြစ်လာမှ သိရတယ်။ အစ်ကိုအတွက် သွေးပေးရင်းကနေ သူလဲရောဂါရပြီး အရင်သေတယ်။
    ၂။ ဦးအောင်သောင်းလဲ စင်ကာပူ ဆေးကုသွားရင်း သေဆုံးတယ်။
    ၃။ ဦးနေဝင်း စစ်အာဏာရှင်ဟောင်းလဲ သေတာတောင် ၂၄ယောက်နဲ့ အသုဘချပြိး နာမည်ပျက်နဲ့ သေဆုံးတယ်။
    လူတွေရဲ့ ဆုတောင်းချက်တွေဟာ ကြောက်စရာကောင်းပါတယ်။ ဖြောင့်မတ်သူများရဲ့ ဆုတောင်းချက်ဟာ အလွန်ထိရောက်လှပါတယ်။ လက်စားမချေချင်ကြပါဘူး၊ ဆုတောင်းပြည့်ကြတယ်။
    .
    မွတ်ဆလင်ဘာသာမှာ အများစုက ချစ်မေတ္တာငြိမ်းချမ်းရေးနှစ်သက်သူများဖြစ်ပေမဲ့… သူတို့ဘာသာမှာ အကြမ်းဖက်သမား (အိုင်အက်စ်) ဆိုသူများရဲ့ ရန်ကို သူတို့မွတ်ဆလင်နိုင်ငံများမှာ အပြင်းအထန်ခံစားနေရပါတယ်။
    .
    ဒါကြောင့် မြန်မာအစိုးရသစ်နဲ့ အစိုးရဟောင်းက သတိတရား၊ မေတ္တာတရားရှိသူ၊ စစ်အာဏာရှင်စနစ်ကို မေတ္တာသစ္စာနဲ့ အဆုံးသပ်လိုသူများက အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဟုတ်ပါတယ်။ လူဆိုတာ ဖောက်ပြန်တတ်တဲ့ သတ္တဝါဖြစ်လို့ အာဏာရလာရင် သာယာဖောက်ပြန်လာလေ့ရှိလို့ စနစ်တခုကို ခိုင်မာစွာ (စာရိတ္တကောင်းသူများစုပေါင်း) တည်ဆောက်ရမယ်ဖြစ်ပါတယ်။
    .
    ဦးကိုနီ ကို ငြိမ်းချမ်းရေးသမား အဖြစ်၊ ဂုဏ်ပြုပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်