ခင်ဇော်မိုး ● ဝဲလည် ဝဲလည်

February 26, 2017

ခင်ဇော်မိုး ● ဝဲလည် ဝဲလည်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇

 

လက်ပံပင်ရိပ်အောက်ကနေ နေပူပြင်ဆီ ကြည့်လိုက်သည်နှင့် အပူရိပ်တွေ တတွန့်တွန့်ထနေသောကြောင့်  မျက်ခုံးနှစ် ဖက်ကိုပါ တွန့်ရှုံ့အားစိုက်ပြီး ဖိုးဇော်လေးကြည့်နေသည်။ ကျစ်ကျစ်တောက်ပူနေသည့် အပူတန်း အလင်းစူးစူးတွေက မျက် စိကို ထိရှိလွန်းသည်မို့ ကျိန်းစပ်နေဟန်။ သို့သော် ဖိုးဇော်လေးရင်ထဲက ပူလောင်ခြင်းတွေ၊ ထိရှပွန်းပဲ့နေခြင်းတွေကိုမီနိုင်ရိုးရှိမည်မထင်။ အပင်ထက်ကနေ ဝေ့ဝဲကျလာသည့် လက်ပံပွင့်များက ကြက်တောင်လေးများသဖွယ် လှပစွာလည်ပြီးဆင်း လာသည်ကိုလည်း မယောင်မလည်ငေးကြည့်နေမိသေးသည်။ ဟိုတပွင့်ဒီတပွင့် အဆက်မပြတ်ကြွေကြနေသည်မို့ နေပူပူထဲ လက်ပံပင်ကြီးက လှချင်တိုင်းလှနေသည်မှာ အမှန်။

အရင်နှစ်တွေကဆို နွေကျောင်းပိတ်ရက်တွေကို မျှော်ရသည်မှာအမော  ပျော်ရသည်မှာ အလွန်ပင်။ နွေကျောင်းပိတ်ရက် ဆိုရင် ဘုန်းကြီးကျောင်းကို ကျောင်းသားအဖြစ် စုကြပြန်သည်။ ကိုရင်တွေက မိုးတွင်းအတွက် ထန်းဇစ်တွေ လိုက် ကောက် ကြရင်း တောတကာတောကို လှည့်ကြသည်။ ထန်းလျက်ချက်သည့်တဲတွေမှာ ထန်းလျက်ပူခံပြီး စားကြနှင့် သူတို့အတွက် ပျော်စရာကောင်းသည်။ ပြန်လာသည်နှင့် ကြက်တောင်ရိုက်ကြပြန်သည်။ ကြက်တောင်ပျောက်သွားသူရှိရင် ဘုန်းကြီး ကျောင်းစည်းရိုးက ဝါးရုံပင်တန်းဆီကိုကြီးကဲသူက ဓားကိုင်ပြီး ပြေးကြတော့သည်။ ထီးရိုးဝါး အဖျားညွှန့်အဆစ်ကို ဖင်ပိုင်းက အဆစ်ပိတ်ထားပြီး ဝါးဆစ်ဗူးလို ခုတ်ထစ်ရသည်။ ပြီးမှ ကြက်တောင်မွှေးအကျွတ်တွေလိုက်ရှာကာ စုထိုးထည့်ပြီး အပြင်က နေ သရေကွင်းနှင့် တင်းနေအောင်စည်းကြသည်။ ဒီလိုဆို ကြက်တောင်လှလှလေးတခု ရပြီသာ။  တခုတည်းကို ခြင်းဝိုင်းလို ပုံမျိုး ဝိုင်းဖွဲ့ပြီး အလှည့်ကျပေးရိုက်ကြသလို တခါတလေတော့လည်း ကိုယ့်ကြက်တောင်၊  ကိုယ့်ရိုက်တုတ်နှင့် သာသာယာ ယာ ပါပဲ။ ကိုယ်ရိုက်လိုက်သည့် ကြက်တောင်ကလေး လေထဲကို လှလှပပဝေ့ဝဲတက်သွားပြီးဆို သူတို့တတွေခမျာ ဂုဏ် ယူမဆုံးတော့။ စုထည့်ထားသည့် ကြက်မွှေးတောင်လေးတွေက လေထဲ တဖျပ်ဖျပ်လူးလည်နေသည်ကလည်း ရင်သပ်ရှု မောဖွယ်။ အဲဒီလိုနေ့ရက်တွေကြောင့် ဖိုးဇော်လေးတို့တတွေ နွေကျောင်းပိတ်ရက်တွေကို မျှော်ရခဲ့ခြင်းပင်။

စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းတချက်ကို ဖိုးဇော်လေး မှုတ်ထုတ်လိုက်သည်။ ဒီနှစ်နွေထက် ရင်ထဲကအပူက သာသာလွန် လွန်ရှိလှသည်။

ဖိုးဇော်လေးတို့ မိသားစုလေးမှာ အင်မတန်ဆင်းရဲသည်။  မိဘတွေက အသက်ကြီးမှ အိမ်ထောင်ကြသည့်အတွက် ဖိုးဇော် လေးတယောက်သာ အကြီးဆုံးဖြစ်သလို အငယ်ဆုံးလည်းဖြစ်သည်။ တခါက တောင်ပေါ်ကို ထင်းခွေသွားရင်း လှည်းမှောက် သဖြင့် ဖိုးဇော်လေးတို့အဖေမှာ ခြေတဖက်ကျိုးပြီး ဒုက္ခိတဖြစ်သွားရှာသည်။ သွားနိုင် လာနိုင်သော်လည်း လူကောင်းလို သန်မာမလာတော့ပေ။ ဒါကြောင့် မိသားစုစားဝတ်နေရေးက ပိုပြီးကြပ်တည်းလာသည်။ အမေဖြစ်သူခမျာလည်း အိမ်ကလေး ထဲစိုက်ထားသည့် ဆူးပုတ်ရွက်ခူးရောင်းလို့ ရောင်း၊ ချဉ်ပေါင်ရွက်ကလေးရောင်းလို့ ရောင်း၊ ဟင်းရွက်နုချိန်ဆိုရင် တောထဲ ကဟင်းရွက်တွေ ခူးရောင်းရှာသည်။ ဖြစ်သလိုနှင့် မိသားစုစားဝတ်နေရေးကို ကြိုးစားဖြေရှင်းရှာသည်။ ထို့အတူ ဖိုးဇော်လေး ကလည်း မန်ကျည်းရွက်နုချိန်ဆိုနုချိန်မို့ မန်ကျည်းရွက်ခူးရောင်းကြသလို၊ မန်ကျည်းသီးအကင်းတွေသီးချိန်ဆိုလည်း မန်ကျည်းသီးကလေးတွေကို ဆွတ်ပြီး ရောင်းကြသည်။ ဇကောလေးထဲကို တရာဖိုး အပုံကလေးတွေပုံ ရွာထဲလှည့်ရောင်းပြီး သူ့ကျောင်းစရိတ်၊ သူ့မုန့်ဖိုးကို သူ့ဘာသာ ဖြေရှင်းရှာသည်။ ရွာဦးဘုန်းကြီးကျောင်းစည်းရိုးက ယင်းမာပန်းတွေပွင့်ချိန်ဆိုရင်လည်း တက်ချိုးပြီး အိမ်ပေါက်စေ့လိုက်ရောင်းသည်။ တရက်နှင့်ညှိုးသောပန်းဖြစ်သော်လည်း သနားသောကြောင့် ဝယ်ကြ ရှာသည်။ ဘုန်းကြီးကျောင်းအတွင်းက ခရေပန်းတွေပွင့်ချိန်ဆို ဖိုးဇော်လေးအတွက် ငွေရွှင်ချိန်ဖြစ်သည်။ မုန်ညှင်းရိုးတံရှည်မှာ ခရေပန်းကိုသီထည့်သည်။ ဘုရားပန်းတင်ဖို့အတွက်၊ ပန်ဖို့အတွက် စသဖြင့် ဝယ်ကြသည်။  ကာလပေါ်အသီးအရွက်နှင့် ပန်းတွေက သူ့အတွက် အထောက်အကူဖြစ်စေသည်မှာ အမှန်။

အခုလည်း ဖိုးဇော်လေးတယောက် လက်ပံပွင့်ကောက်ရင်း အပင်အောက်ထိုင်ငေးနေသည်မှာ အတွေးဖြင့် တက်တက်စင်မေ့ နေတော့သည်။ လက်ပံပွင့်ကြွေတွေကို ငေးလိုငေး၊ နေပူပြင်ထဲက တွန့်ခေါက်လှိုင်းထနေသည့် အပူရိပ်တွေကို အဓိပ္ပါယ်မဲ့ စွာ ကြည့်လို ကြည့်နေသည်။

တပိုတွဲ၊ တပေါင်းရက်တွေထဲ ဖိုးဇော်လေးတို့ရွာမှာ အလှူပေးရက်တွေနှင့် ပြည့်သိပ်နေသည်။ ဒါကိုပင် ဖိုးဇော်လေးမှာ ဝမ်းပန်းတနည်းဖြစ်နေရခြင်းဖြစ်သည်။ အတန်းတူသူငယ်ချင်းဖြစ်သည့် ငမိုးကလည်း ရှင်ပြုနေလေပြီ။ ရဲရဲနီနေသော ကုန်းအ လှကြီးဆင်ထားသည့် မြင်းလှလှကြီးကိုစီးပြီး ရှင်ပြုရသောမောင်ရှင်လောင်းအသွင်က ဖိုးဇော်လေးမျက်လုံးတွေထဲ ဝဲလည် လည်နေတော့သည်။ သူ့သူငယ်ချင်းတွေလို ဖိုးဇော်လေးရှင်ပြုလိုသည်။

“နောက်နှစ်ကျရင်တော့ ရှင်ပြုပေးမှာပေါ့ ငဇော်ရယ်။ မင်းအသက်လည်းကြီးသေးတာ မဟုတ်ပါဘူးကွဲ့။ မင်းအဖေတို့ ဦး လေးတို့တုန်းကဆို  လူပျိုပေါက်ကြီးတွေဖြစ်မှ ရှင်ပြုကြရတာ။ တကတည်း ပြောမပြောချင်ပါဘူး။ ထမင်းနပ်မှန်စားရအောင်ပဲ အမောပါငဇော်ရဲ့” ဟူသော တနှစ်ပြီးတနှစ်ဖြတ်သန်းခဲ့သည့် သူ့အမေ၏လက်သုံးစကားလေးက လေပူတွေနှင့်အတူ ဖိုး ဇော်လေးတကိုယ်လုံးကို တိုးဝှေ့နေသည်။ နီးရဲနေသော ကုန်းကြီးဆင်မြန်းထားသည့် မြင်းလှလှကြီးအသွင်က လွှမ်းမိုးနေ သည်မှာ အနေရခက်လွန်းနေပြန်သည်။

ရွာထဲက ငမိုးတို့အလှူမှ အိုးစည်ဒိုးပတ်သံတွေကို အတိုင်းသားကြားနေရသည်။ ရှင်လောင်းလှည့်တော့မည့်အကြောင်းကို မိုက်တကြော်ကြော်နှင့် ဟစ်၍လူစုနေလေပြီ။ `ရှင်လောင်းလှည့်သွားရအောင် လာဟ´ ဆိုသည့် အလှူ ဆော်သြသံသီချင်း ကိုကြားတိုင်း ဖိုးဇော်လေး ရင်တွေတဒိန်းဒိန်းခုန်ရသည်သာ။ အခုတော့ အဲ့ဒီဆော်သြသံကြောင့် ဝမ်းနည်းသိမ်ငယ်လွန်း မိသည်။ နွေအားကိုးနှင့် တွဲခိုဆင်းလာသော မျက်ရည်ပူပူတွေထက် ရင်ထဲကအပူက သာလွန်နေသည်။ ခပ်လှမ်းလှမ်းဆီက မြင်နေရသည့် ပေါက်ပင်ကြီးကလည်း သင်္ကန်းရုံထားသလို ဝင်းအိလို့နေသည်။ ဒီညနေရှင်ပြုပွဲပြီးရင်တော့ ငမိုးလည်း ဝင်း အိနေသည့်ပေါက်ပင်ကြီးလို သင်္ကန်းရုံပေတော့မည်။ မြင်မြင်သမျှအရာအားလုံးက စိတ်ကိုနှောင်တွယ်ထားသလို။ အ ကြည့်တွေပြေးစရာ မရှိရှာပြီ။ ရွာဦးကျောင်းထဲမှာ မောင်ရှင်လောင်းတွေ ဟိုးပြေး ဒီပြေး ခြေရှုပ်နေမည်မှာ မုချပင်။ မြင်း လှကြီးစီးသူကစီးလို့။ လှည်းယဉ်တွေပေါ်စီးသူလည်း စီးကြ။ ရွာမှအလှဆုံးဖြစ်သည့် ဦးတိုးကြီး၏နွားလှည်းယဉ်ကြော့ကြော့ ပေါ် ဘယ်သူများစီးနေမည်မသိဟုလည်း ဖိုးဇော်လေး စိုးရိမ်ပူပန်နေမိသည်။

ဆွေမတော်၊မျိုးမတော် ရွာကတချို့အလှူတွေက မောင်ရှင်လောင်းလာတောင်းသော်လည်း အလှူ ကူငွေမတတ်နိုင်သည်မို့ ဖိုးဇော်လေးအမေက မျက်စိမျက်နှာပျက်ဖြင့် အားတုန့်အားနာပြုံးရင်း `မထည့်တော့ပါဘူးကွယ်´ဟုသာ လေအေးသိပ်စကား ဆိုသည်။ အလှူ ကူငွေကြိုးစားထည့်ရင်တောင် သင်္ကန်းသပိတ်ပိုက်ပြီးရှင်ပြုပွဲတိုးဖို့ အဝတ်အစားဆိုတာလည်း မဝယ်နိုင် သောကြောင့် ငြင်းပယ်ခြင်းလည်း ပါ ပါလိမ့်မည်။ ငမိုးတို့အလှူ က ဖိုးဇော်လေးကို ရှင်လောင်းတောင်းသောနေ့က သူ့အမေအပြုံးနှင့်ထွက်လာမည့်စကားကို ဖိုးဇော်လေး မဝံ့မရဲမျှော်ခဲ့သော်လည်း အပြုံးဟောင်းနှင့် စကားဟောင်းတို့သာ မြင်ခဲ့ ကြား ခဲ့ရသည်။ အဲ့ဒီနေ့ညက ဖိုးဇော်လေးအမေ၏စကားများကြောင့် ဖိုးဇော်လေး တညလုံးအိပ်မရခဲ့ပါ။ ခြောက်သွေ့မွဲညစ်နေသည့် ဖိုးဇော်လေး၏ဆံပင်တွေကို သိမ်းသပ်ပေးရင်း ပြောခဲ့သည်။

`အမေ့သား ရှင်ပြုချင်နေတာ အမေသိပါတယ်။ ငမိုးတို့အလှူပြီးရင် သားလည်းရှင်ပြုဖို့ ရွာဦးဘုန်းတော်ကြီးဆီမှာ  နေ့ ကောင်းရက်သာ ရွေးခိုင်းပြီးပြီ။ ဒါပေမယ့်…´

အဲ့အချိန်တုန်းက မိခင်ဖြစ်သူ၏စကားကို ဆုံးအောင်နားမထောင်ဘဲ `အမေ တကယ်ပြောတာနော်´ဆိုပြီး ဝမ်းပန်းတသာနှင့် သိုင်းဖက်လိုက်သေးသည်။ အတန်ကြာတော့ ဖိုးဇော်လေးအမေက သိုင်းဖက်ထားသည့် သားလက်ကလေးတွေကို ပင်စည် ချပ် အခြောက်ကလေးခွာယူသလို ဖြည်းညှင်းစွာဆွဲခွာယူရင်း ပဲ့ကျန်နေသည့်စကားအစကို ဆက်လိုက်သည်။ အမှောင်ထဲ ဆိုပေမယ့် မျက်ရည်တွေစို့ပြီး ကြေကွဲနာကျင်ရိပ်တွေပြည့်နှက်နေသော မိခင်ဖြစ်သူ၏မျက်လုံးတွေကို ဖိုးဇော်လေးမြင် လိုက်ရသည်။ အဲ့ဒီမျက်လုံးတစုံကိုငေးရင်း ….

`သားကလေ ရဲရဲနီနေတဲ့ ကုန်းနှီးအလှကြီးဆင်ထားပြီး လှချင်တိုင်းလှနေတဲ့ မြင်းကြီးကိုစီး ရှင်ပြုချင်တာ။ ပြီးတော့ ဟို ကောင် ငမိုး ရှင်ပြုမယ့်အလှူပွဲလို အိုးစည်ဒိုးပတ်သံတွေ ဆူဆူနဲ့ ပန်းအလှတွေဦးချိုကြားဆင်ပြီး  ကျော့ကျော့လေးသွားတဲ့ ဦးတိုးရဲ့ နွားချောနဲ့ လှည်းယဉ်ရောပေါ့။ ရှေ့ဆုံးကနေ သားက မြင်းကြီးစီးလို့ နောက်ဆုံးဆီက ရွှဲတိုက်တဲ့ဘုန်းကြီးကျောင်းသားလှည်းဆီထိ ပီတိတွေနဲ့လည်ပြန်ကြည့်မယ်လို့ စိတ်ကူးထားခဲ့မိတာ အမေ´

ဖိုးဇော်လေးရင်ထဲကနေ ငိုကြီးချက်မပြောနေခဲ့ရှာသည်။

`အိပ်တော့နော်သား´ လို့ အမေဖြစ်သူက ပြောပြီးသိပ်ခဲ့သော်လည်း အဲ့ဒီညက ဖိုးဇော်လေးတယောက်  တညလုံးအိပ်လို့ မရခဲ့ပါ။ ဟိုဘက်ရွာဆီကလွင့်လာသည့် နာရီသံတွေက မြန်လွန်းသည်ဟုပင် ထင်မိသည်။ ဆင့်ကဲ ဆင့်ကဲ တွန်နေသည့် ကြက်သည်လည်း အိပ်မပျော်သလားဟု တွေးမိသည်။

အနီရောင်ကတ္တီပါထည်ကြီးခြုံထားသလို တပင်လုံး နီမြန်းစိုစွတ်နေသည့် လက်ပံပင်ကြီးကလည်း သူ့ရေချိန်နှင့်သူ အပွင့် တွေ ကြွေနေဆဲ။ အတွေးကရုန်းရင်း အကြည့်တွေဘေးဘီဝဲငဲ့မိတော့မှ ရွာအလှူဆီက အိုးစည်ဒိုးပတ်သံတွေလည်း တိတ် သွားလေပြီ။
——-

ဖိုးဇော်လေးအမေက သနပ်ခါးရောင်ခပ်ခြောက်ခြောက်အဆင် ဆေးဆိုးချိတ်ထမီနှင့်  ဘော်ကြယ်ထိုးအင်္ကျီတထည်ကို ဟပ် စပ်၍ဝတ်ဆင်ထားသည်။ အဖေဖြစ်သူကတော့ ထူးဝယ်မနေဘဲ သိမ်းခေါက်ထားသော မင်္ဂလာဆောင်စဉ်က တိုက်ပုံနှင့်ပုဆိုးခပ်နွမ်းနွမ်းကို ဆင်ထားသည်သာ။ ဖိုးဇော်လေးကတော့ ခေါက်ကြောင်းရာတွေနှင့်ထိုးထိုးထောင်ထောင်ဖြစ်နေသော အဖြူရောင်အင်္ကျီနှင့် ကျောင်းစိမ်းပုဆိုး အသစ်ကိုဝတ်ဆင်ထားသည်။ ဒီဝတ်စုံဟာ ဖိုးဇော်လေးအတွက် သစ်လွင်တောက်ပ ဆုံးပါပဲ။ ပါးနှစ်ဖက်မှာတော့ သနပ်ခါးပါးကွက်ဝိုင်း လိမ်းကျံပေးထားသည်။ ရွာဦးဆရာတော်ဘုရားကြီးကို ဆွမ်းကပ်၊ သင်္ကန်းကပ်ကာ ရေစက်ချပြီးသည်နှင့် ဖိုးဇော်လေး၏အလှူပွဲပြီးသည်သာ။ မေတ္တာပို့ပြီး အမျှဝေရွတ်ဆိုရင်း ဖိုးဇော်လေး ကြိတ်၍ငိုနေသည်ကို ဘယ်သူမှမသိကြပေ။ မြင်းကြီးစီးပြီး ပေါက်ပေါက်ပွင့်တွေကြဲလို၊ ဂုဏ်ယူဝင့်ကြွားရင်း ပီတိတွေနှင့် နောက်ဆုံးကရွှဲလှည်းဆီကို လည်ပြန်ကြည့်လိုခြင်းများကို ယခုလောက်ထိ စွဲလမ်းငြိတွယ်နေမည်ဟု မည်သူကမှ ထင်လိမ့်မည်မဟုတ်။

နံ့သာရောင် ပုဝါရှည်ထက်မှာ ဖိုးဇော်လေး၏ ဆံပင်စတွေတစပြီးတစ ကျနေခြင်းနှင့်အတူ ဖိုးဇော်လေး၏ မျက်ရည်ဥများက ရောထွေးကာ တပေါက်ပေါက်ကျနေသည်။ နံ့သာရောင်ပုဝါထက်မှာ နီရဲနေသောကုန်းအလှကြီးဆင်ထားကာ လှချင်တိုင်း လှနေသည့် မြင်းကြီးရယ်၊ ဘုန်းကြီးကျောင်းသားသူငယ်ချင်းတစု၏ ရွှဲတိုက်ညာသံရယ်၊ခြူ သံတသောသောနှင့် ကျော့နေ အောင်သွားကြသည့် ဦးတိုးကြီး၏ နွားလှည်းယဉ်လေးရယ်၊ အိုးစည်းဒိုးပတ်ဝိုင်းမှာ ကွေးနေအောင်ကကြသည့် ဦးရွှေရိုးနှင့်ဒေါ်မိုးအတုအယောင်ကြောင့် လူကြီးလူငယ် တဝါးဝါးရယ်သံတွေရယ်၊ ရွာအပြင်မှာလှပတင့်တယ်စွာ သင်္ကန်းဝတ်ရုံထားသည့် ပေါက်ပင်ကြီးရယ်ကို မျက်ရည်တွေ၊ ဆံစတွေကြားကနေ မြင်နေမိသည်။ ဆံချရင်းမိန့်တော်မူနေသည့် ဆရာတော်ဘုရား၏ ဆုံးမစကားများကိုမူ တလုံးတပါဒမှ မသိလိုက်ပေ။

လေဆော့နေသည့် ဖုန်မှုန့်တွေက တလူးလူးတလွင့်လွင့် ရွေ့လျားနေသည်။ ဥသြတွန်သံတွေက လွမ်းဖွယ်ဆွေးဖွယ်နှင့် နွေတရက်ကုန်ဆုံးဖို့ ဖြတ်သန်းရသည့်အချိန်က ကြာလွန်းသည်ဟု ထင်မိနေသည်။ ပူပြင်းသော အညာနွေကြောမှာ ကြွေ လွှင့်သွားသည့် သစ်ရွက်ကြွေတွေနှင့်အတူ ဖိုးဇော်လေး၏စိတ်ကူးအိပ်မက်တွေလည်း လိုက်ပါသွားခဲ့လေပြီ။ လောကဓံ အပူလှိုင်းတွေအောက် ဖြတ်ခြွေခံလိုက်ရသည့် မျှော်လင့်တောင်းတမှု အကြွေအလွင့်တွေက လက်ပံပွင့်တွေလိုရဲရဲနီလို့၊ လက်ပံပွင့်တွေလို တဖြုတ်ဖြုတ်ကြွေလို့။ ဥသြတွန်သံကြားသည့်အခါတိုင်း ဖိုးဇော်လေးတယောက် မျက်ရည်တွေက လက်ပံ ပွင့်တွေကြွေကျလာသလို ဝဲလည်ဝဲလည်နှင့်….။

ခင်ဇော်မိုး
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်