နိုင်ဝင်းသီ ● တစ္ဆေ

February 26, 2017

● တစ္ဆေ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇

(၁)
ပြာလဲ့လဲ့ မိုးကောင်းကင်အောက်မှာ ငှက်တကောင်လို ပျံသန်းဖူးကြပါသလား။ ကြည့်စမ်းပါဦး။ ကျွန်တော့်ခန္ဓာကိုယ်တခုလုံး လွတ်လပ်ပေါ့ပါးနေလိုက်တာ။

ဖြူလွလွတိမ်တိုက်တွေကြားမှာ တရိပ်ရိပ်နဲ့ လွင့်တက်ပျံသန်းနေတာ ကျွန်တော်မှ ကျွန်တော်အစစ်ပါ။ တခါတခါ မြူခိုးပြာ တွေ မှုန်ဝေနေတဲ့ တောင်ကြီးတွေက ကျွန်တော့်ဆီ ပြေးတက်လာလိုက်။ အေးစက်ငြိမ်သက်နေတဲ့ ချင်းတွင်းမြစ်ရေကြည်ထဲ ကျွန်တော်ထိုးဆင်းသွားလိုက်။ စိမ်းမြရွက်ချွန်မျှင်တွေကြားမှာ ကျွန်တော်ဟာ ရှပ်တိုက်မျောပါသွားလိုက်နဲ့ ကျွန်တော့်ခန္ဓာ ကိုယ်တခုလုံးဟာ မယုံကြည်စရာ ကောင်းလောက်အောင် ပါးလှပ် ပေါ့ပါးနေလေရဲ့ ………။

ဟော…. ဟော…. မျက်လုံးတွေ…. မျက်လုံးတွေ …. ကျွန်တော့်ဘေးမှာ ကြယ်ပွင့်တွေလိုစုဖွဲ့အုံခဲနေတဲ့ မျက်လုံးတွေ….             အဲဒီမျက်လုံးတွေကြားက အညိုရောင်တောက်ပနေတဲ့ မျက်ဝန်းတစုံကို ကျွန်တော်မြင်တွေ့ခဲ့ဖူးပါသလား။             သိပ်သေချာ တာပေါ့။ အဲဒီ မျက်လုံးညိုညိုတွေကို တနေရာရာမှာ မြင်ဖူးခဲ့တယ်ဆိုတာ သိပ်ကိုသေချာခဲ့တာပေါ့။

“ကျွတ်” ပူလိုက်တာဗျာ။ ကျွန်တော့် ခန္ဓာကိုယ်တခုလုံးဟာ ဘာဖြစ်လို့များ ဒီလောက်တောင် ပူပြင်းလောင်မြိုက်နေရပါလိမ့်။ ညံ့သက်တဲ့ လက်ဖဝါးတဖက် ကျွန်တော့်နဖူးပြင်ကို ဖွဖွညင်ညင်လေး လွင့်ကျလာချိန်မှာပဲ လက်ကနဲဖြစ်သွားတဲ့ ငွေရောင် အပ်ချွန်မျှင်တစင်းကို ကျွန်တော်မြင်လိုက်ရပါတယ်။

စူးမြချွန်ထက်တဲ့ ငွေရောင်အပ်ဖျားကျွန်တော့်ကိုယ်ထဲကို ဖောက်ကနဲ စူးဝင်သွားပြီး ဘာကြာလိုက်လို့လဲ။ ကိုယ်ပေါ်မှာ အုပ်မိုးနေတဲ့ မျက်လုံးရောင်စုံတွေဟာ ကျွန်တော့်ရဲ့အမြင်အာရုံလှိုင်းထဲက လွင့်စဉ်ပျောက်ကွယ်သွားခဲ့ပေါ့။

ကမ္ဘာလောကကြီးတခုလုံးဟာ အေးစက်ပြာနှမ်းသွားပြန်ပြီ။ ခရမ်းပြာရောင် ဟင်းလင်းပြင်ကြီးထဲက ဟဲကနဲဆန့်ထွက်လာတဲ့ ပန်းနုရောင်လျှာတချောင်းဟာ ကျွန်တော့်ကိုလိပ်ယူဆွဲချသွားပြီပေါ့။

(၂)
ကျွန်တော်အိပ်ပျော်နေရာက  နိုးလာတော့ ပူနွေးတဲ့ ချွေးစက်တွေဟာ ကျွန်တော့်ကိုယ်ထဲမှာ နေရာအနှံ့အပြား သီးထလို့။ ခေါင်းထဲမှာလည်း တစစ်စစ်နဲ့ မူးရီကိုက်ခဲလို့။

ကျွန်တော့်ဘေး ပြတင်းပေါက်မှာတော့ အဖြူရောင်တိမ်တိုက်တွေကြားမှာ လွင့်တက်နေတဲ့ တောင်စွယ်တောင်ထွတ်တွေကိုလှမ်းမြင်နေရတယ်။ ကျွန်တော်ဘယ်ကိုရောက်နေပါသလဲ။ ကျွန်တော့်ကိုယ်ပေါ်မှာ လေးလံပိကျနေတဲ့ မီးခိုးရောင်ဂွမ်းစောင်ထူထူအိအိကြီးကို ကန်ထုတ်လိုက်ပြီး ထဖို့ ကျွန်တော်ကြိုးစားလိုက်တယ်။ ကျွန်တော့်ခေါင်းထဲမှာ မိုက်ကနဲ ဖြစ်သွား တယ်။ ကျွန်တော့်မျက်လုံးတွေထဲမှာ  အလင်းမျှင်လေးတွေ တဖျပ်ဖျပ် တွန့်ကွေးသွားတယ်။

“ထလို့ မရသေးဘူးလေ”

ပခုန်းသားနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တဲ့ ညံ့သက်နွေးထွေးမှုတခုနဲ့အတူ နူးညံ့ညိုလွင်တဲ့ အသံလှိုင်းလေးတခုဟာ ကျွန် တော့်အကြားအာရုံထဲကို ဖြတ်စီးသွားတယ်။ ကျွန်တော် ခေါင်းပိုကိုက်သွားပါတယ်။ ဘယ်သူ့အသံကို ကျွန်တော် လာ ၏ကြား နေရပါလိမ့်။ နောက်ကနေ ထွေးပွေ့ထားတဲ့လက်အစုံကို ဆွဲဖယ်ပြီး ကျွန်တော်လှည့်ကြည့်လိုက်တယ်။

ဘုရားသခင်.. ကယ်တော်မူပါ။

စူးစူးလက်လက်နဲ့ ရွှန်းတောက်နေတဲ့ မျက်ညိုဝန်းတစုံပါလား။ သေချာပါတယ်ဗျာ။ အဲဒီမျက်လုံးမျိုးတွေကို တနေရာရာမှာ မြင်တွေ့ခဲ့ဖူးတယ်ဆိုတာ သိပ်ကိုသေချာလှပါတယ်။

(၃)
ညနေခင်းနေရောင်ဟာ စိမ်းစိမ်းမှောင်မှောင် ခရေပင် ပုပုဝိုင်းဝိုင်းလေးအောက်က သစ်ကနက်ရောင် စားပွဲဝိုင်းလေးပေါ်မှာ ရပ်တန့် ငြိမ်သက်လို့။ စားပွဲတိုင်း စားပွဲတိုင်းဟာ သူတို့ဘာသာစကားနဲ့ သူတို့။ သူတို့ရဲ့တိတ်ဆိတ်မှုနဲ့ သူတို့ ညနေခင်း လေးထဲမှာ ဖြစ်တည်လို့။

“လိုက်ခဲ့ပါကွ။ ဟိုမှာ မင်းမမြင်ဘူးတဲ့ ရေမြေတောတောင်သဘာဝအသစ်တွေကို မင်းမြင်ရမယ်။ မင်းနဲ့အစိမ်းသက်သက်ဖြစ် နေတဲ့ တောရနံ့ တောင်ရနံ့တွေကို မင်းမြည်းစမ်းခွင့်ရမယ်။ လူပေါင်းစုံရဲ့ ဘဝမျိုးစုံ မျှော်လင့်ချက်မျိုးစုံကို မင်းထိတွေ့ ခွင့်ရမယ်။ အဲဒီလိုဒေသမျိုးကို မင်းရောက်ဖူးသင့်တာပေါ့ သူငယ်ချင်းရာ”

ကျွန်တော့်သူငယ်ချင်း ထွန်းအောင်ကျော်ဟာ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းတနေရာမှာ ရွှေလုပ်ကွက်တကွက် ရထား ပါတယ်။ သူက ကျွန်တော့်ကို အဲဒီနေရာသစ်ကို သိပ်လိုက်စေချင်တယ်။ ပြောမယ်ဆိုရင် ချင်းတွင်းမြစ်ဟာ ကျွန်တော့်အတွက် အဆန်းတကြယ်ဖြစ်ခဲ့တာ ကြာမြင့်လှပြီပေါ့။ ဥရုချောင်းဆိုတာကိုလည်း အမည်ကို ကြားရုံနဲ့တင် ရင်တွေတဖျပ်ဖျပ်ခုန်လာ ခဲ့တာပါ။

စိမ်းမြညိုရီတဲ့တောင်တန်းတွေကို မြူခိုးပြာတွေကြားမှာ ငေးရီကြည့်နေချင်လှတယ်။ ခုံးထသွယ်တန်းနေတဲ့ အစိမ်းရောင်လှိုင်း လုံးတွေဟာ ကျွန်တော့်ကို ညှို့မြူဖမ်းစားထားခဲ့တာ ကာလကြာမြင့်ခဲ့ပြီပေါ့။

တွေးကြည့်ရုံနဲ့တင် နှင်းဆီရိုင်း၊သစ်ခွရိုင်း၊ တောင်ဇလပ်ရိုင်းတို့ရဲ့ မွှေးရီသင်းပျံ့တဲ့ရနံ့စူးစူးက ကျွန်တော့်ကိုယ်ထဲကို ဖြတ်စီး သွားတယ်။ အေးရှစိမ့်မြတဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော့်ကိုယ်ပေါ်ကို တအိအိနဲ့ ပြိုဆင်းလာပါတယ်။ ချင်းတွင်းရဲ့ အရိုင်းဂီတဆန်ဆန် ရေစီးသံသဲ့သဲ့ဟာ မြို့ပြထဲမှာ ငိုက်မျည်းနေတဲ့ ကျွန်တော့်ကို ပုတ်နှိုးလိုက်ပါတယ်။

Michael learns ရဲ့ 25minutes သီချင်းသံစဉ်ပျော်ဝင်နေတဲ့ အက်စ်ပီရိုကော်ဖီခွက်ကို ကောက်မော့လိုက်တယ်ဆိုရင်ပဲ ချင်းတွင်းမြစ်ရေဟာ ကျွန်တော့်ဆီကို ကမူးရှူးထိုးနဲ့ လိမ့်စီးလာပါတော့တယ်။

(၄)
“မနေ့ညနေက ဆရာဝန်လာသွားတယ်၊ ဆေးထိုးပေးသွားတယ်။ သောက်ဆေးလည်း ပေးသွားတယ်။ ဆေးသောက်ရမယ် နော်”

မိန်းမချောလေး ကမ်းပေးတဲ့ ဆေးပြားတွေကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ရေသန့်ဘူးကို ကျွန်တော် မော့သောက်လိုက်တယ်။ သူကတော့ ချွေးစိုနေတဲ့ ဖလန်နယ်အင်္ကျီကို ဆွဲချွတ်ပြီး ကိုယ်ပေါ်ကချွေးစက်တွေကို မျက်နှာသုတ်ပဝါအသေးလေးနဲ့ အ သာအယာ ဖိသုတ်ပေးနေပါတယ်။ သူ့ကြည့်ရတာ ကျွမ်းကျင်တဲ့ အထက်တန်းသူနာပြုတယောက်ကိုကြည့်နေရသလိုပါပဲ။ သူဟာ သူနာပြုတယောက်များ ဖြစ်နေလေမလား။

မဟုတ်ပါဘူးဗျာ။ သူဟာ သူနာပြုတယောက်မဟုတ်ဘူးဆိုတာ ကျွန်တော် အခိုင်အမာပြောရဲပါတယ်။ သူ့ကို ကျွန်တော် တနေရာရာမှာ တွေ့ခဲ့ဖူးပါတယ်။ ခက်နေတာက အဲဒီတနေရာရာဟာ ဘယ်နေရာလည်းဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။

“ဒီရောက်တဲ့နေ့ထဲက ဖျားနေတာ။ ညကလည်း တညလုံး လူးလှိမ့်ပြီးအော်ဟစ်နေတယ်။ ကိုယ်တွေကလည်း တအားပူတယ်။ ပုသိမ်ကိုသွားမယ်ဆိုပြီး တညလုံး ကယောင်ကတမ်းနဲ့ အော်နေတယ်”

ဘုရား…ဘုရား… ပုသိမ်ကိုသွားမယ်ဆိုပြီး တညလုံးအော်နေတယ်ဆိုပါလား။ သေလိုက်စမ်းပါကွာ။ ပုသိမ်ကို ဘာသွားလုပ်ရ မှာလဲ။

မိန်းမတယောက်ဆီက ကျွန်တော် ဘာကိုများ မျှော်လင့်ခဲ့ဖူးပါသလဲ။ ပန်းနုရောင်နှုတ်ခမ်းလှလှတစုံနဲ့ မိန်းမတယောက်ဟာ ကျွန်တော့်ကို ဘာတွေများပေးနိုင်ခဲ့ပါသလဲ။ ကျွန်တော့်ကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့တဲ့ အဲဒီမိန်းမကို ဘာဖြစ် လို့များ မက်တွယ်တမ်းတနေရပါလိမ့်။ နေကာမျက်မှန်တလက်နဲ့ ဖုံးကွယ်ထားတတ်တဲ့ အဲဒီမိန်းမရဲ့အားပြင်းတဲ့ မျက် ဝန်းတွေကို သတိရလိုက်တယ်ဆိုရင်ပဲ နာကျည်းမုန်းတီးမှုတွေဟာ မီးတောက်တခုလို ရုန်းထလာပါတော့တယ်။

“ပုသိမ်ကို တသက်လုံးမသွားဘူး”
“ရှင်”

အေးစက်မာကျောတဲ့ ကျွန်တော့်ရဲ့စကားသံကြောင့် သူမရဲ့မျက်ညိုဝန်းတွေဟာ ဝိုင်းစက်အံ့သြသွားလေရဲ့။ ဒါ သူ့ကို ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူးဗျာ။ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။

ခေါင်းကလေးငုံ့ပြီး မဝံ့မရဲဖြစ်သွားတဲ့သူ့ကိုကြည့်နေရင်းက ကျွန်တော့်အာရုံထဲကို အလင်းမျှင်တစ ဖြတ်ဝင်သွားပါတယ်။

သူ့ကို ကျွန်တော် ကောက်ကာငင်ကာ မှတ်မိလိုက်ပြီ။ သူဘယ်သူဘယ်ဝါလည်းဆိုတာ ကျွန်တော်သိပြီ။

ဘုရား…ဘုရား ။ သူဟာ…အဲဒီ မျက်ဝန်းညိုညိုနဲ့ မိန်းကလေးဟာ…..

(၅)
ရန်ကုန်က မန္တလေး …
မန္တလေးက မုံရွာ …
မုံရွာက ဟုမ္မလင်း …
ဟုမ္မလင်းက သောင်ထွတ် …
လမ်းများနဲ့ မြစ်များရဲ့ ရွေ့လျားသယ်ဆောင်မှုနောက်ကိုမလိုက်ခင် ကျွန်တော်တို့အဖွဲ့ဟာ ရန်ကုန်ရဲ့နွေညထဲမှာ လူစုံ တက် စုံရှိခဲ့ကြတာပေါ့။

လာနီးညို ဖြတ်တိုက်သွားတဲ့ ရန်ကုန်ဟာ ရော့ခ်တစ္ဆေတွေ တကောင်ပြီးတကောင် ခုန်ဝင်လာလို့လား မသိဘူး။ မြက်ခင်း စိမ်းစိမ်းကလည်း ပူနွေးနေတယ်။ ကောက်တေးလ်ခွက်ကလည်း ပူနွေးနေတယ်။ လျှပ်စစ်ဂစ်တာသံကလည်း ပူနွေးနေတယ်။ လိပ်ပြာမလေးတွေရဲ့ အသက်ရှူသံတွေကလည်း ပူနွေးနေပါတယ်။

ဒုတိယမြောက်ခွက်ကို ကုန်စင်အောင်မော့သောက်ပြီးတဲ့အချိန်မှာတော့ ရန်ကုန်ဟာ ရိပ်ရိပ်ရီရီနဲ့  မူးဝေစပြုလာပါပြီ။ အဲဒီအ ချိန်မှာပဲ နွေရောက်မှာကြောက်တယ်သီချင်းလေးဟာ ကျွန်တော်တို့အဖွဲ့ထိုင်နေတဲ့ စားပွဲဝိုင်းလေးဆီကို စူးရှချိုအီစွာနဲ့မျောလွင့်လာပါတော့တယ်။

စင်ပေါ်မှာ mood အပြည့်နဲ့ နာကျင်ကြေကွဲစွာသီဆိုနေသူဟာ မီမီဝင်းဖေ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ဆိုဟန်ကလည်း လှိုက်လှိုက်မောမောနဲ့  ဆွေးမြည့်ကြေကွဲစရာကောင်းလှတယ်။ chrous အပိုဒ်ကို အသံအားကောင်းကောင်းနဲ့  ဆိုချသွား လိုက်တာ မူးမူးရီရီဖြစ်နေတဲ့ကျွန်တော်တောင် ပိုလို့မူးသွားပါတယ်။

ဟုတ်ပါတယ်။ ရောင်စုံမီးပန်းပွင့်တွေ တဖျပ်ဖျပ်ပြေးလွှားနေတဲ့ ရေတမာပင်အောက်မှာ ကျွန်တော်မူးနေပါတယ်။ ကျွန်တော် တအားကြိုက်တဲ့ “နွေရောက်မှာကြောက်တယ်” သီချင်းလေး ကျွန်တော့်ကိုယ်ထဲကို ကြေကြေကွဲကွဲနဲ့  စီးဝင်သွားလို့လည်း ကျွန်တော်မူးပါတယ်။ မဂ္ဂဇင်းတခုမှာ ရုတ်တရက်သေဆုံးသွားခဲ့တဲ့ ကျွန်တော့်ဝတ္ထုလေးတပုဒ်ကို လွမ်းဆွတ် သတိရပြီး တော့လည်း ကျွန်တော်မူးပါတယ်။ ကျွန်တော့်ကို အမြဲတမ်းမေ့လျော့ထားခဲ့တဲ့ ဧရာဝတီမြစ်တဖက်ကမ်းက မိန်းမတယောက် ကြောင့်လည်း ကျွန်တော်မူးပါတယ်။

ကိုလက်စ်ထရောမပါတဲ့ လရောင်စိမ်းစိမ်းအောက်မှာ မူးမူးရီရီဖြစ်နေတဲ့ အချိန်မှာပဲနွေရောက်မှာကြောက်တယ်ဆိုတဲ့ စင်ဒရဲ လားလေးဟာ ကျွန်တော်တို့ဝိုင်းကို လိပ်ပြာမလေးတကောင်လို ညင်ညင်ဖွဖွလေးပျံသန်းလာပါတော့တယ်။

ကျွန်တော့်သူငယ်ချင်း ထွန်းအောင်ကျော်နဲ့ စင်ဒရဲလားလေးဟာ ဘယ်အချိန်ကတည်းက နှစ်လွှာပေါင်းတရွက် ဖြစ်နေကြ တယ်မပြောတတ်ဘူး။ သူတို့ပြောတဲ့ စကားတွေကိုကြားနေရတာဟာ ကျွန်တော့်အတွက်တော့  သိပ်အဆင်မပြေလှပါဘူး။ ထွန်းအောင်ကျော်က စင်ဒရဲလားလေးနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။

“တွေ့ရတာ ဝမ်းသာပါတယ်နော်။ ညိုမီပါ ”

ညိုမီတဲ့လား။ ညိုမီအစား မီ တလုံးတည်း မှည့်ခေါ်လိုက်ရင် သူမဟာ ပန်းကလေးတပွင့်နဲ့ တူမသွားနိုင်ဘူးလား။ သူမဟာ ကျွန်တော့်အတွက်တော့ နှင်းဆီပွင့်ဖတ်လွှာ ဒါမှမဟုတ် ကန့်ကော်ပွင့်ဖတ်လွှာတခုလို နူးညံ့မွှေးရီနေတဲ့ ပန်းကလေးတပွင့်ရဲ့ ပွင့်ချပ်လွှာတလွှာပါပဲ။ သူတို့ချင်း ရယ်ကာမောကာ တို့ကာ ဆိတ်ကာနဲ့ စကားပြောနေတဲ့အချိန်မှာပဲ ကျွန်တော်ဟာ မူးသ ထက်မူးလာခဲ့ပြီ။ ချမ်းလည်း ချမ်းလာခဲ့ပြီပေါ့။

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ရိုးမထဲမှာ ကျွန်တော် ပြင်းပြင်းထန်ထန် ဖျားခဲ့ဖူးပါတယ်။ အဲဒီ အဖျားသွေးဟာ ကျွန်တော့် ရဲ့ကိုယ်ထဲမှာ ပုန်းအောင်းနေပြီး ကျွန်တော့်ကိုခြုံခိုတိုက်ခိုက်ဖို့ တိတ်တဆိတ်ချောင်းမြောင်းနေတတ်တဲ့ကောင်ပေါ့။ ခုလည်း အိပ်ရေးတွေ ဆက်တိုက်ပျက်ထားလို့ လန်းဆန်းမှု ပါးလျနေတဲ့ ကျွန်တော့်ကိုယ်ပေါ်ကို အလစ်အငိုက် ခုန်အုပ်လိုက်ပြန်ပြီ။

ကျွန်တော်ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ဝင်းပနေတဲ့ ကြယ်ပွင့်လေးတွေဟာ ဖွဲဖွဲမှုနှ်ုမှုန် ဖြာကျလာပြီပေါ့။ ဒီအချိန်ကစပြီး ကျွန်တော်ဖျားသွားလိုက်တာဟာ ရထားပေါ်ရောက်တဲ့အထိပါပဲ။

ရန်ကုန်က မန္တလေး။
မန္တလေးကမုံရွာ။
မုံရွာက ဟုမ္မလင်း။
ခရီးစဉ်တလျှောက်လုံးမှာ ပူပြင်းလောင်မြိုက်သောအဖျားသွေးဟာ ကျွန်တော့်ကို ခုံမင်ဖက်တွယ်ပြီး ကျွန်တော်နဲ့ တသား တည်းကျလို့။

ဟုမ္မလင်းကနေ သောင်ထွတ်ကိုဆင်းတဲ့ ချင်းတွင်းရေစုန်လမ်းမှာတော့ ကျွန်တော်ဟာ ကျွန်တော်အဖြစ်က ပျောက်ဆုံးသွား လိုက်၊ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိလိုက်။ ကျွန်တော်ဟာ ကျွန်တော်နဲ့  ပူးတုံ ခွာတုံဖြစ်လိုက်နဲ့။

(၆)
“ညို ….ညိုမီ”
“ဟုတ်ပါတယ်…ညိုမီပါ”

ကျွန်တော့်အသံက တုန်ရီထစ်အ သွားသလို ညိုမီ့ရဲ့ အသံဖွဖွလေးကလည်း တုန်ဝေသွားပါတယ်။ သူမကို ဒီလိုနေရာမျိုး မှာတွေ့ရ လိမ့်မယ်လို့ ကျွန်တော် လုံးဝမျှော်လင့်မထားပါဘူး။ ညိုမီ ဒီလိုနေရာမျိုးမှာ ပါလာလိမ့်မယ်ဆိုတဲ့ အတွေးမျိုး တွေး ရလောက်အောင်လည်း ကျွန်တော် မရူးနှမ်းသေးပါဘူး။ ဒါပေမယ့် ရူးနှမ်းနေတဲ့ကမ္ဘာကြီးဟာ ညိုမီ့ကို ဒီလိုနေရာမျိုးအထိ ဆွဲခေါ်လာခဲ့ပါပြီ။

“ဒီမှာ ဘာလာလုပ်တာလဲ ညိုမီ”
၁၉၉၉ ခုနှစ်ထဲမှာ အဆီအငေါ်မတည့်ဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံး မေးခွန်းပါပဲ။ ပန်းသွေးနုရောင်ဖြတ်ပြေးသွားတဲ့ ညိုမီ့မျက်နှာလှလှလေးကိုကြည့်ပြီး ကျွန်တော့်ကိုယ် ကျွန်တော် ကျိန်ဆဲလိုက်ပါတယ်။ ကျွန်တော်နဲ့ ခန်းဆီးတချပ်သာခြားတဲ့ တဖက်ခန်းက ခုတင်ခြေရင်းမှာ ထွန်းအောင်ကျော်ရဲ့ အဝတ်အစားတွေနဲ့ မိန်းကလေးတယောက်ရဲ့အသုံးအဆောင်ပစ္စည်း တွေကို ရောထွေးမြင်လိုက်ကတည်းက အခြေအနေအရပ်ရပ်ကို ကျွန်တော်သဘောပေါက်ဖို့ကောင်းပါတယ်။

မိသားစုကိုပစ်ပြီး တောထဲတောင်ထဲရောက်နေတတ်တဲ့ ထွန်းအောင်ကျော်ဟာ သွားလေရာအရပ်မှာ ကြည်လင်လှပတဲ့ မိန်းကလေးတယောက်တော့ ခေါ်သွားတတ်ပါတယ်။ ဒါဟာသူ့ရဲ့ချစ်ခြင်းမေတ္တာအရင်းအမြစ်မဟုတ်သော်လည်းပဲ  အေး စက်နေတဲ့ သူ့ရဲ့အချိန်တချို့ကို စိမ်းမြပူနွေးစေတဲ့ ပုံဆောင်ခဲတမျိုးလို့ အမည်နာမတပ်ရင် သင့်လျော်မယ်ထင်ပါရဲ့။

မြူငွေ့ပြာပြာကြားက စိမ်းစိမ်းမှိုင်းမှိုင်းတောင်တန်းတွေကို ငေးရီကြည့်နေတဲ့ ညိုမီနဲ့မျက်နှာချင်းဆိုင်ဖို့ ကျွန်တော့်အတွက် တော့ ခက်ခဲပင်ပန်းသွားခဲ့ပြီ။ ဒီလိုအချိန်မျိုးမှာ ဘီယာတွေတအားသောက်လွန်းလို့ ဖောယောင်ထူပွနေတဲ့ ထွန်းအောင်ကျော် ရဲ့ မျက်နှာကြီးကို ဖြတ်ရိုက်ပစ်လိုက်ချင်တာ လက်ကိုယားနေတာပါပဲ။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးမှ ညိုမီ့ဆီက အသံတိုးတိုးညင်ညင်လေးထွက်လာခဲ့တယ်။

“စာရေးတယ်မို့လား။ ရေးလက်စ စာမူလေးတွေ တွေ့လိုက်ရလို့ပါ”

ကျွန်တော့်ခုတင်ဘေးက စားပွဲခုံလေးပေါ်မှာ ရေးလက်စ စာမူတချို့နဲ့ မဂ္ဂဇင်းသစ်နှစ်အုပ် ရှိနေပါတယ်။ ချွေးစိုအင်္ကျီလဲပေးရင်း ခရီးဆောင်အိတ်ထဲက တွေ့သွားတာနေပါလိမ့်မယ်။

“စာရေးတဲ့လူဆိုတော့ ဘဝနဲ့ပတ်သက်ပြီး ဘယ်လိုအဓိပ္ပါယ်မျိုး ဖွင့်ဆိုတယ်မပြောတတ်ဘူး။ အထူးသဖြင့် ကျွန်မတို့လို မိန်း ကလေးတွေရဲ့ ဘဝမျိုးတွေကိုပေါ့လေ”

အမှားတော်တော်များများနဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ ဘဝဆိုတဲ့စကားလုံးဟာ လေးလံကြီးမား လွန်းနေတာ အမှန်ပါပဲ။ အခုချိန်အထိလည်း အမှောင်ထဲမှာ ဟိုငြိဒီငြိနဲ့ စီးဆင်းနေဆဲ မြစ်တစင်းဆိုတော့ ညိုမီ့ကို ပြန်ပြောဖို့ စကားလုံးဆိုတာ ကျွန်တော့်အတွက် ရှားပါးလွန်းလှပါတယ်။

ဘာပဲပြောပြော ညိုမီတို့လိုမိန်းကလေးတွေကိုတော့ ကျွန်တော် စိတ်ဝင်တစားရှိလှပါတယ်။ သူတို့လေးတွေရဲ့ ကောက် ကြောင်း ပါးပါးမျှင်မျှင်လေးတွေကို စုစည်းပုံဖော်ကြည့်လိုက်ရင် ဘယ်လိုပုံရိပ်မျိုး ခုန်ထွက်လာမလဲဆိုတာကိုလည်း သိချင် မိပါရဲ့။ ဒီလိုနဲ့ပဲ ရှော့ခ်ဖြစ်ချင်စရာကောင်းတဲ့ ခြောက်အိပ်မက်တချို့ဟာ အဖျားသွေးတွေနဲ့ ပူနွေးတုန်ရီနေတဲ့ ကျွန်တော့် ရဲ့ကိုယ်ထဲကို တရွရွနဲ့ တိုးဝင်လာခဲ့ပြီပေါ့။

လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက ညိုမီဆိုတဲ့မိန်းကလေးတယောက်ဟာ စနစ်တကျပုံဖော်ထားခဲ့တဲ့ အနာဂတ်တခုကို ပိုင်ဆိုင်ခဲ့ဖူးတာ။ဒုတိယနှစ်တက်နေတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာဆိုတာကို တွေ့ရှိလာခဲ့တာ။ သူအကြွင်းမဲ့ယုံကြည်ခဲ့တဲ့ ချစ်ခြင်းတရားဟာအလုံးစုံပျက်သုဉ်းရေးဆီ ပျံသန်းနေမှန်း နည်းနည်းလေးမှ သူမရိပ်မိခဲ့တာ။ မိန်းမတယောက်ဟာ ယောက်ျား လေးတယောက်အပေါ် သနားလိုက်ရုံနဲ့ မှားယွင်းမှုတွေ တခုပြီးတခု ဆက်တိုက်ဖြစ်လာတော့မယ်ဆိုတာ ကိုယ်ဝန်ရှိလာပြီးမှ နာနာကျင်ကျင်နဲ့ သိလာခဲ့တာ။ အချစ်ဆိုတဲ့အရာဟာ ဆင်ခြင်တုံတရားကို ခြေဖျက်တိုက်စားသွားတဲ့အခါမှာ မိန်းမတ ယောက်အတွက် နောင်တခါးခါးတခုအပြင် အပြစ်မဲ့တဲ့ရင်သွေးကလေးငယ်တယောက်ကိုပါ အပ်နှင်းသွားလေ့ရှိတာ။ ချစ်သူ ရှောင်ကွင်းသွားခဲ့တဲ့ ကလေးငယ်လေးကို ကြောက်မက်ဖွယ်မျက်လုံးတွေအောက်မှာ ညိုမီဟာ မွေးဖွားသန့်စင်ခဲ့တာ။

ကျွန်တော့်ကိုယ်ထဲက သွေးကြောမျှင်တချို့ဟာ လွင့်စင်ပြတ်တောက်သွားသလိုပါပဲ။
အပြစ်မဲ့တဲ့ လူသားကလေးငယ်တယောက် ကမ္ဘာမြေကြီးပေါ် ရဲရင့်လန်းဆန်းစွာခြေချနိုင်ရေးအတွက် …..
ကမ္ဘာမြေရဲ့ ဆင်ဖိုနီတေးသွားများကိုအဲဒီကလေးငယ် ငြိမ်းအေးချိုလွင်စွာ ဟစ်ကြွေးနိုင်ရေးအတွက် …..
အဲဒီ အခိုက်အတန့်လေးအတွင်းမှာ ကျွန်တော်ဟာ ခေတ္တခဏ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်လေးအတွင်းမှာပဲ ချင်း တွင်းမြစ်ရေကြည်ဟာ အေးခဲငြိမ်သက်သွားခဲ့ပေါ့။

ညိုမီရဲ့အဖေဆိုတာ အရှက်တရားရဲ့စေ့ဆော်မှုကြောင့် သူ့ကိုယ်သူ မလှမပ အဆုံးသတ်သွားခဲ့တာ။ မြွေတွန်သလို ချောင်း တရွှီရွှီဆိုးလေ့ရှိတဲ့ ညိုမီ့ရဲ့အမေဟာ ကြိုးတန်းလန်းနဲ့ လှုပ်ရမ်းနေဆဲဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို အထိတ်တလန့်ကြည့်ပြီး ချောက်ချားစရာ အသံနက်ကြီးနဲ့ တအားအော်ဟစ်လိုက်တာ။ အပျိုပေါက်အရွယ် ညီမငယ်နှစ်ယောက်ဟာ တယောက်ကို တယောက် တင်းကျပ်နေအောင်ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေကြတာ။ တပတ်တောင်မပြည့်သေးတဲ့ နီနီထွေးထွေး ကလေးငယ်လေးဟာ အဖြစ်အပျက်တွေကို နူးညံ့ဝိုင်းစက်တဲ့မျက်လုံးတွေနဲ့ ငေးငေးရီရီ ကြည့်နေခဲ့တာ …..

ကျွန်တော့်ရင်ထဲမှာ စူးစူးရဲရဲ ထိုးအောင့်သွားပါတယ်။ ခေါင်းထဲမှာလည်း သွေးတွေ တဒုန်းဒုန်းနဲ့ ဆောင့်တက်သွားပြီပေါ့။

ပျော်ရွှင်မှု အနည်းငယ်မျှလောက်တောင်မှမရှိတဲ့ဘဝထဲက ပျော်ရွှင်မှုဆိုတာကိုရူးနှမ်းနေတဲ့လူလို သူတို့ရှာဖွေခဲ့ကြတာ။နာကျင်ခါးသီးမှုတွေကြားထဲကပဲ ပေါ့ပါးစွာ ရယ်မောနိုင်အောင်ကြိုးစားနေရင်းနဲ့ အသံမထွက်အောင် ကြိတ်ကြိတ်ပြီး ငိုကြွေးခဲ့ရ တာ။ အော်ဂလီဆန်စရာ အရိုင်းအစိုင်းကောင်တွေနဲ့ ဆုံတွေ့ရလေတိုင်း ခြေပစ်လက်ပစ်အိပ်မောကျနေတဲ့ အဲဒီအသေ ကောင်တွေရဲ့ မျက်နှာကို အားရပါးရဖြတ်ကန်ပစ်လိုက်ချင်တာ။ တခါတခါမှာ ကိုယ့်ဘဝကိုယ် စက်ဆုပ်ရွံ့ရှာလွန်းလို့  ခုနှစ်လွှာအမြင့်ကနေပြီး အောက်ကို ရယ်မောပြီး ခုန်ချပစ်လိုက်ချင်တာ။ ကိုမာဝင်သွားတဲ့အမေ့ရဲ့မျက်လုံးတွေထဲမှာ ကြိုး တရမ်းရမ်းနဲ့ အဖေ့ရဲ့ပုံရိပ် စွဲထင်ကျန်ရစ်ခဲ့မှာကို သူမ စိတ္တဇတခုလို ဖြစ်နေခဲ့တာ။ မျက်ဝန်းနက်နက်ကလေးနဲ့ သားလေးဟာ ရွှင်မြူးတောက်ပစွာ တခစ်ခစ်နဲ့ ရယ်မောနေတတ်တာ။ အသေကောင်တချို့ဟာ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံတံခါးဝကို စောင့်ကြပ်နေတဲ့ တမန်တော်တွေလို သဘောထားပြီး ရိုင်းစိုင်းမောက်မာတတ်ကြတာ။

“ကျွန်မလေ ကိုယ့်ကိုကိုယ် မကျေနပ်ဘူး။ လူတွေကိုလည်း မကျေနပ်ဘူး။ ကျွန်မကိုယ်ကျွန်မလည်း ဘယ်တော့မှ ခွင့်လွှတ် မှာမဟုတ်ဘူး”

ညိုမီ သိမ့်ကနဲရှိုက်လိုက်ပါတယ်။ သူမရဲ့ ကိုယ်လေးဟာ တဆတ်ဆတ်နဲ့ တုန်ရီလှုပ်ရမ်းလို့ပေါ့။ ညိုမီ့ရဲ့ ကြေကြေကွဲကွဲ ရှိုက်သံဟာ မြူခိုးပြာတွေရစ်သိုင်းနေတဲ့ တောင်တန်းကြီးတွေပေါ်ကို နာကျင်စွာနဲ့ လွင့်တက်သွားခဲ့ပေါ့။

အဲဒီအချိန်မှာပဲ စိမ်းစိမ်းမှိုင်းမှိုင်းတောင်ခြေဆီကနေပြီး  ကျွန်တော်တို့တဲစုဆီကို ဦးတည်ပြေးလွှားလာတဲ့ ဆိုင်ကယ်သံတွေကို  ကြားလိုက်ရပါတယ်။ ဆိုင်ကယ်အင်ဂျင်သံတွေဟာ တောင်နံရံတွေနဲ့ ပဲ့တငရရိုက်ခတ်ပြီး တထိန်းထိန်း တဒိုင်းဒိုင်းနဲ့ပေါ့။

ဒါဟာ ထွန်းအောင်ကျော်တို့အဖွဲ့ အလုပ်သိမ်းပြီး ပြန်လာတဲ့အသံပဲနေမှာပါ။ ကျွန်တော် ထင်တဲ့အတိုင်းပါပဲ။ ဆိုင်ကယ်စက် သံ တထိန်းထိန်းဟာ ကျွန်တော်တို့တဲနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ တဲစုရှေ့မှာပျောက်ကွယ်သွားခဲ့ပါတယ်။ ကျွန်တော်တို့တဲဆီကို
ဦးတည်ပြီးလာနေတဲ့ ဆိုင်ကယ်စက်သံတခုကလွဲလို့ပေါ့။

ညိုမီဟာ ကျွန်တော့်ကို ကျောပေးပြီးပြတင်းတံခါးနားမှာ ငြိမ်သက်စွာ ရပ်နေဆဲပါပဲ။ ဒီလိုအချိန်မျိုးမှာ ညိုမီရပ်တန့်နေတဲ့ နေရာဟာ ပစ္စုပ္ပန်မျဉ်းရဲ့ တခြားဖက်အခြမ်းမှာလား။ ဒါမှမဟုတ် ဟောဒီဖက်အခြမ်းမှာပဲလား။ ဘယ်အခြမ်းဖက်မှာ ရပ်တန့် ငြိမ် သက်ရင် ညိုမီ့အတွက် သက်တောင့်သက်သာ ရှိနိုင်ပါသလဲ။

ချမ်းတယ်…ချမ်းတယ် … ကျွန်တော်တကယ်ပဲ ချမ်းတုန်လာပါပြီဗျာ။

ဆိုင်ကယ်စက်သံ တဲရှေ့မှာရပ်သွားပြီးတာနဲ့ မရှေးမနှောင်းမှာ ထွန်းအောင်ကျော်ဟာ ခြေသံခပ်ပြင်းပြင်းနဲ့ တဲပေါ်ကို တက် လာခဲ့တယ်။ အဆီပြန်ပြီး ပြောင်လက်နေတဲ့ သူ့ရဲ့မျက်နှာထူထူပွပွကြီးကို မြင်လိုက်ရတာကလည်း စိတ်အတော်ပျက်စရာ ကောင်းလှပါတယ်။

အိမ်ပေါ်ကိုရောက်တာနဲ့ အိမ်ရှေ့ကတံခါးရွက်ကို ဒိုင်းကနဲ အသံမြည်သွားအောင်ဆောင့်ကန်ပြီး ပိတ်လိုက်တယ်။ တံခါးရွက် ကလည်း ပတ္တာချောင်နေလို့လား မသိဘူး။ ပိတ်သွားတာတောင်မှ တဆတ်ဆတ်နဲ့ တုန်ရီနေသေးတယ်။

“ကိုယ်တွေကလည်း ပူကျွတ်နေတာပါလားကွာ။ ဘာမှမဖြစ်ပါဘူးကွာ။ ဖျားတာသက်သက်ပါ။ ကိုမျိုးကို ဟုမ္မလင်းလွှတ်ပြီးဆရာဝန်ပင့်ခိုင်းထားတယ်”

ထွန်းအောင်ကျော်ဟာ ကျွန်တော့်နဖူးကို လက်ဖဝါးနဲ့ ထိစမ်းထားရင်းက ပြတင်းတံခါးအနီးမှာ မှီနွဲ့ပြီး တောင်ပြာတန်းကို ငေးငေးရီရီကြည့်နေတဲ့ ညိုမီ့ကို လှမ်းကြည့်လိုက်ပါတယ်။ သူ့ရဲ့ပါးစပ်ထဲမှာတော့ ဝီစကီနံ့တသင်းသင်းနဲ့ပေါ့။

ခိုက်ခိုက်တုန်အောင်ချမ်းလာတဲ့ ကျွန်တော့်ကိုယ်ပေါ်မှာတော့ အပူငွေ့မျှင်တွေဟာ တဖျပ်ဖျပ်နဲ့ လှုပ်ခုန်စပြုလာပါပြီ။ မျက် လုံးတွေထဲမှာလည်း မီးပွားတွေဟာ တဖွားဖွားနဲ့ လွင့်ထွက်လာပြီပေါ့။

ထွန်းအောင်ကျော်ရဲ့ ပွယောင်းထူအစ်နေတဲ့မျက်နှာကြီးဟာ ကျွန်တော်နဲ့ နီးလာလိုက်… ဝေးသွားလိုက်။ ဝေးသွားလိုက် … နီးလာလိုက်နဲ့ …

ဟင်္သာပြဒါးများလို ရဲစိုနေတဲ့ သူ့ရဲ့ ရီဝေဝေမျက်လုံးကြီးတွေကလည်း ကြည့်နေရင်းကြည့်နေရင်းကပဲ စိမ်းလိုက်…နီလိုက် …ဝါလိုက် …ပြာလိုက် …

ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာကြီးကလည်း မှိုင်းဝပြီး ဖောင်းကားနေတဲ့ မီးပုံးပျံတလုံးလို လှုပ်အိ …လှုပ်အိနဲ့။

တအောင့်နေတော့ ထွန်းအောင်ကျော်ရဲ့လက်တွေဟာ ညိုမီ့ဆီကို ရှည်လျားဆန့်ထွက်သွားပြီး ညိုမီ့ခန္ဓာကိုယ်လေးကို မြွေ တကောင်လို ရစ်ပတ်လိုက်ပါတယ်။ အစိမ်းနုရောင် ဇာခန်းစီးစ လွန့်လှုပ်သွားပြီးချိန်မှာတော့ မှုန်ရီဝေဝါးနေတဲ့ ပုံရိပ်
နှစ်ရိပ်ဟာ ကျွန်တော့်ရဲ့ အမြင်အာရုံထဲက ပျောက်ကွယ်သွားပါတော့တယ်။

တိုးလျှိုးတောင်းပန်သံ၊ တွန်းထိုးကုတ်ခြစ်သံ၊ ကမ္ဘာလောကကြီးရဲ့ သက်ပြင်းရှိုက်သံ၊ ပန်းပွင့်တပွင့်ရဲ့ နူးညံ့မွှေးရီ ပွင့်ချပ် လွှာတွေ တလွှာချင်း တဖတ်ချင်း ကြွေကျသံ၊ ချင်းတွင်းမြစ်ရေကြည်ရဲ့ သဲ့သဲ့ဖွဖွ ညည်းညူသံ …..

ကျွန်တော် ချမ်းသထက်ချမ်းလာပါပြီ။ အေးစက်မှုဟာ ကိုယ်ပေါ်က အင်္ကျီအထပ်ထပ်ကို ဖြဲဖောက်ပြီး ကျွန်တော့်အရေပြားတွေ ထဲအထိ စိမ့်ဝင်သွားခဲ့ပါပြီ။

အဲဒီလို အသက်ရှူ မဝသလိုလို မွန်းမွန်းကျပ်ကျပ်ဖြစ်နေတဲ့အချိန်မှာပဲ အဖွဲ့အနှောင် အတွဲအဆက်တခုကနေပြတ်တောက် ထွက်သလို ဖြစ်သွားပြီး ကျွန်တော့်ရဲ့ကိုယ်ခန္ဓာကြီးဟာ မိုးကုပ်စက်ဝိုင်းရဲ့တနေရာကို လွင့်စင်သွားခဲ့ပြီပေါ့။

(၇)
ပြာလဲ့လဲ့ မိုးကောင်းကင်အောက်မှာငှက်တကောင်လို ပျံသန်းဖူးကြပါသလား။
ကြည့်စမ်းပါဦး။ ကျွန်တော့်ခန္ဓာကိုယ်တခုလုံးဟာ လွတ်လပ်ပေါ့ပါးနေလိုက်တာ။
ဖြူလွလွတိမ်တိုက်တွေကြားမှာ တရိပ်ရိပ်နဲ့ လွင့်တက်ပျံသန်းနေတာဟာ ကျွန်တော်မှ ကျွန်တော်အစစ်ပါ။
ကျွန်တော့်ရဲ့ခန္ဓာကိုယ်ဟာ မြူခိုးမှုန်မှုန်ရီရီကြားမှာ။ ချင်းတွင်းမြစ်ရေကြည်ထဲမှာ …။
စိမ်းမြရွက်ချွန်မျှင်တွေကြားမှာ …။ ။

နိုင်ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်