မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်

February 27, 2017

မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

“ညီမရေ အကိုရုံးဆင်းပြီနော် ဒီနေ့အေးဆေးဖြစ်ပါစေ” ဟုဆိုရင်း အခန်းထဲမှထွက်ကာ ယူစရာပစ္စည်းများယူရန် လက် ထောက် ဆရာဝန်များ နားနေခန်းသို့ထွက်လာခဲ့သည်။ လက်ထဲမှနာရီကိုကြည့်လိုက်တော့ (၄) နာရီ စွန်းစွန်းရှိချေပြီ။

ကျနော်သည် နယ်မြို့ကြီးတမြို့၏ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်ဖြစ်သည်။ တက္ကသိုလ် ဝင်စာမေးပွဲကို ထို့နယ်မြို့နားရှိကျေးတောရွာတရွာတွင် အောင်မြင်ခဲ့သည်။ ဆေးပညာကို မြန်မာနိုင်ငံမြေလတ်ဒေသရှိဆေးတက္ကသိုလ်တွင် တက်ရောက်ဆည်းပူးခဲ့ပြီးနောက် ရာထူးဝန်စာမေးပွဲဖြေဆိုကာ ယခုပြန်တမ်းဝင်အရာရှိ လက်ထောက်ဆရာ ဝန်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အခြေခံလူတန်းစာမိသားစုမှ ကြီးပြင်းလာသောလူမို့ အစိုးရ၏လစာ ၂ သိန်းစွန်းစွန်း ၃ သိန်း မပြည့် တပြည့်သည် ကျနော် တို့လိုလူတွေအတွက် တကိုယ်စာဖူလုံရေး မနည်းချွေတာသုံးစွဲနေရသည်။ မိဘများမောင်နှမများကိုထောက်ပံ့နိုင်ဖို့အရေး မှာ ဝေးနေသေးသည့် ရောင်နီပမာဖြစ်သည်။ အခုပင်ဆေးကျောင်းတက်သော ကုန်ကျစရိတ်အတွက် အိမ်ကလယ်ကွက်တွေ ပေါင်ထားသော အကြွေးမကျေသေးချေ။ ထို့အပြင် ဆေးရုံမှဝန်ထမ်းများအတွက် နေစရာအဆောင်လည်းမပေးဘဲရှိရာ နေစရာအခက်အခဲလည်း ရှိသေးသည်။

ခုတော့ မြို့အစွန်းဘက် ရပ်ကွက်လေးတခုမှာ ဆေးခန်းလေးတခု ကျနော်ဖွင့်ထားသည်။ ထိုဆေးခန်းလေးကို ညနေဘက် ဆေးရုံ ဂျူတီဆင်းချိန် အပြေးနှင်ရသည်။

သို့သော် နေ့တိုင်းတော့မဟုတ်။ ဆေးရုံဂျူတီရက်က (၃) ရက် တခါဆိုတော့ကာ ဆေးခန်းလည်း (၃) ရက်တခါ ပိတ်ရတာပါပဲ။ ခုတောင် ရပ်ကွက်ထဲမှာ နာမည်အတော်ရနေပြီ။ 3 in 1 ဆရာဝန်တဲ့။
…….
ဒေါက်တာလင်းမောင်
လက်ထောက်ဆရာဝန်
(…..) ပြည်သူ့ဆေးရုံ
ဆေးခန်းဖွင့်ချိန် ညနေ ၄း ၃ဝ နာရီ မှ ၈း ဝဝ နာရီထိ
(ဆေးရုံဂျူတီရက်များမှလွဲ၍ နေ့တိုင်းဖွင့်သည်။)

(၁ဝ) ပေ ပတ်လည်သစ်သားအခန်းလေးတခုတွင် နာမည်ဆိုင်းဘုတ်ကို ထိုသို့တပ်ထားပါသည်။ တရုတ်ဆိုင်ကယ်အစုတ် လေးတစီး ဆေးခန်းရှေ့တွင် ရပ်ထားသည်။ ဒါက အမှတ်အသားတခုအဖြစ်။

ဒီရပ်ကွက်ကလူတွေက ဆေးခန်းရှေ့ ဆိုင်ကယ်ရပ်ထားလျှင် ဆရာဝန်ရှိသည်ဟု သတ်မှတ်ထားကြသည်။ အထဲဝင်ပြီး ဘယ်တော့မှမကြည့်ပေ။ တခါတလေ အကြောင်းတစုံတရာကြောင့် ဆိုင်ကယ်ပါမလာသောနေ့ဆိုလျှင် ဆရာဝန်မရှိဟုဆိုကာ တယောက်မှမလာချေ။

ဤရပ်ကွက်လေးသည် မြို့စွန်ရပ်ကွက် “ပျံကျ” ဖြစ်နေသည်။ ရပ်ကွက်နေလူအများစုသည် ကြုံရာကျကျပန်းသာ လုပ်ကိုင် ကြသည်။ မြစ်ဝနှင့်နီးသောကြောင့် တံငါအလုပ်ကို လုပ်ကိုင်ကြတာများသည်။ သူတို့အဆိုအရ တချို့မြို့ပေါ်မှာ အလုပ် လုပ်ကြသည်တော့ ရှိသည်။

ဒီရပ်ကွက်ထဲမှာတော့ ဆေးခန်းက ကျနော့်ဆေးခန်းတခုသာ ရှိပါသည်။ ဆမ (ဆေးကုသခွင့်လိုင်စင်) ဆေးခန်းလိုင်စင်နှင့် အကျအနရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်။ ဒါတွေရှိမှ ဆေးခန်းဖွင့်ခွင့်ရမည်ဟုလည်း ဆေးကောင်စီက ပြဋ္ဌာန်းထားတော့ လုပ် ရတာပေါ့။
ပြီးတော့ ရပ်ကွက်ထဲမှာ ဒေါက်တာဘွဲ့ရကလည်း ကျနော်ပဲရှိသည်။ ဆေးခန်းဟူ၍ ဖြောင်ဖွင့်တာ ကျနော်ဆေးခန်းတခုသာ ရှိသည်။ သို့သော် လူနာကတော့ အလာနည်းလှ၏။ သူတို့တွေက ဖြောင့်မဖွင့်သည့် ဆေးခန်းများဆီသွားကြတာများသည်။ ရပ်ကွက်ထဲမှာက ကျောက်ထိုးဆရာတယောက်လည်း ဆေးကုသည်။ ပြီးတော့ ဘယ်ဆရာကြီးရဲ့တပည့်ဆိုလား ထိုသူ လည်း ကြိတ်ပုန်းဆေးကုသည်။ လူနာတွေက သူတို့တွေဆီမှာပုံနေခြင်းဖြစ်သည်။

သူတို့တွေမှာ ဆေးခန်းလိုင်စင် လုပ်စရာလည်းမလို၊ လိုင်စင်လည်းမရှိကြ။

ကျနော်တို့နိုင်ငံရဲ့တလွဲဆံကောင်းဥပဒေတွေလို ဆရာဝန်များအမှားတစုံတရာလုပ်မိလျှင်၊ သို့မဟုတ် ဥပဒေနှင့်အံလွဲသွား ခဲ့လျှင် ဒဏ်တွေရိုက်၊ လိုင်စင်တွေသိမ်း၊ အရေးယူခြင်းများရှိသော်လည်း ယခုလိုရမ်းကုများကိုတော့ ထိထိရောက်ရောက် အရေးယူမှုက မရှိသေး။ ထိုသူတို့များက လုပ်ချင်တာ လုပ်နေဆဲ၊ လုပ်နေခွင့်ရဆဲ။

ကျနော့်ဆေးခန်းအနားက အဘွားအိုတယောက် ပြောစကား မှတ်မိသေးပါသေးသည်။

“ဆရာလေးက ဆေးကုဖို့ပညာကို ခြောက်နှစ်လောက်သင်ခဲ့တာပါ။ ရွာလယ်က ဆရာပုကတော့ (၇) ရက်လားမသိဘူး သင် တန်းယူထားတာ။ ဟိုးတုန်းက ကျောက်ကာကွယ်ဆေးထိုးဖို့လေ၊ ခုတော့လည်း သူဆေးကုနေတာပဲ၊ ဆရာလေးသာ နှစ် တွေ အကြာကြီးသင်ခဲ့ရတာ” ဟု။
….

“ဆရာ ကျမခေါင်းမူးနေလို့ဆရာ၊ စပ်ဆေးလေးရောင်းပေးပါလား”

ထိုသို့ဆိုကာ ဆေးခန်းထဲလှမ်းဝင်လာသော ဒေါ်တွတ်ကိုမော့ကြည့်ရင်း ကျနော်သည် သက်ပြင်းမောကြီးတခုသာ ချမိတော့ သည်။ တကယ်ပင် စိတ်မောလူမောဖြစ်သွားရပါသည်။

မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူအများစု၏ကျန်းမာရေးအသိပညာသည် ထိုမျှလောက်သာ ရှိသည်။ ရောဂါတခုခုဖြစ်ပါက ရွာဦးကျောင်းမှ ဆရာတော်ကြီး ရေမန်း၊ အရပ်ထဲက ပယောဂကုဆရာ၏ ဆေးကြိမ်လုံးနှင့် လမ်းဘေးဆေးဆိုင်မှ စပ်ဆေး များဖြင့်သာ အလွယ်ကုတတ်ကြသည်။

ကဲ အခုလည်း လာလေပြီ၊ စပ်ဆေးတဲ့၊ လာဝယ်ချေပြီတကား။

“ဆရာ ဟိုဘက်လမ်းထိပ်ကဆေးဆိုင်ပိတ်ထားလို့ စပ်ဆေးလေးလုပ်ပေးပါလား၊ နှစ်ခွက်စာလောက်ပါပဲ ဆရာ”

ကြည့်ပြောပုံကိုက။ ဟိုကပိတ်လို့ ဒီမှာလာဝယ်ရသလို။ ဒီဒုက္ခကတော့ ဆေးခန်းဖွင့်ခါစ ဆရာဝန်ပေါက်စလေးတွေ ကြုံတွေ့ နေရတဲ့ဒုက္ခတွေထဲကတခုပါ။

ကျနော်တို့မှာ ရပ်ကွက်ထဲရွာထဲက လမ်းဘေးဆေးဆိုင်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်နေရဆဲ။ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ကိုယ့် အသိပညာတွေက ဒီလိုအချိန် ဘာမှမသုံးရ။ ဒီဒုက္ခတွေပြောနေရင်လည်း တထောင့်တညပုံပြင်သာ ဖြစ်တော့မည်။

ခုလည်း အာပေါက်မတတ်ရှင်းပြရပေတော့မည်။

“ဒီမှာ ဒေါ်တွတ် ပြောပါဦး ဘာဖြစ်တာလဲ”
“ခေါင်းမူးနေလို့ပါဆရာ”
“နောက်ရော ဘာဖြစ်သေးလဲ အန်သေးလား မျက်လုံးတွေဝါးနေသေးလား”
“မရှိဘူးဆရာ ကျမညကအိပ်ရေးပျက်လို့ ခေါင်းမူးနေတာပါ ခါတိုင်းအဲလိုဖြစ်ရင် ဟိုဘက်လမ်းထိပ်က စပ်ဆေးလေးသောက်လိုက်ပျောက်သွားတာပဲ”
“လာခုတင်ပေါ်တက်ပါဦး သွေးပေါင်လေးချိန်ကြည့်ရအောင်” ဟုပြောသောအခါ ဒေါ်တွတ်က
“မချိန်တော့ပါဘူးဆရာရယ် အိမ်နားက အေးမိလည်း ဒီလိုပဲ စပ်ဆေးသောက်နေတာအကောင်း၊ ဟိုဘက်ရပ်ကွက်က ဆရာဝန်ပေါက်စလေးဆီမှာ ဆေးခန်းသွားပြတာ သွေးတိုးရော ဆီချိုရော စုံနေရောပြောလိုက်တာ၊ ပြီးတော့ ဆေးတွေလည်း တပုံကြီးပေးလိုက်တာ ဆေးပိလို့ ဆုံးသွားတာ မကြာသေးဘူးဆရာရယ်” ဟု ပြန်ပြောလေသည်။

“လေပြီလေလို့သာ” အော်လိုက်ချင်သည်။ ဆရာဝန်တွေထိုင်သောဆေးခန်းများသည် သူတို့ကို အားအားနေ ရောဂါရှာ နေတယ်ဟု သူတို့ထင်နေကြ၏။ အနှစ်နှစ်အလလက ကျန်းမာရေးအသိပညာခေါင်းပါးမှုကြောင့် နေထိုင်မှုပုံစံ၊ စားသောက် မှုပုံစံတွေ ပုံစံမကျဖြစ်ကာ သွေးတိုး ဆီချိုဖြစ်လာတာကို သူတို့က ကိုယ်တွေဆရာဝန်တွေကြောင့်ပဲဖြစ်ရသလိုလို ပြောနေ ထင်နေကြသည်။

ထိုအထင်အမြင်နှင့်အတူ အရပ်ထဲ တပွဲတိုးစပ်ဆေးတွေကို မှီဝဲအားကိုးကြသည်။ ထိုစပ်ဆေများထဲတွင်ပါဝင်သော steroid ဆိုသော ဆေးမျိုးသည် ကြာရှည်မသောက်သင့်တာကို သူတို့မသိ။ စပ်ဆေးများမှာ ကိုယ်လိုဆရာဝန်တွေပင် တော်ရုံမပေးရဲ သည့် ဆေးအမျိုးအစားများ ဖြစ်သည်ကို သူတို့မသိနိုင်။

စပ်ဆေးများမှာ သမားတော်ကြီးများသာ ကျောက်ကပ်ဓာတ်၊ အသည်းဓာတ် စသော ဓာတ်ပေါင်းစုံ စစ်ဆေးပြီးမှ ပေးရဲသော ဆေးအမျိုးအစားများ ဖြစ်သည်။ ဆေးစွဲစေသော အစွမ်းသတ္တိရှိသည်။ ယခု လမ်းဘေးဆေးဆိုင်မှရောင်းနေသောစပ်ဆေး များသည် ထို steroid ဆေးများ ဖောဖောသီသီပါဝင်သည်။ ကဲ ရှင်းပြရပေတော့မည်။ ဆေးပညာကို ဆယ်စုနှစ်ဝက်ကျော် အထူးသင်ယူလာခဲ့သည့်ကျနော် ရှင်းပြရပေတော့မည်။

“လာ ဒေါ်တွတ် ဒီမှာထိုင် ကျနော်ရှင်းပြမယ်၊ စောစောက ဒေါ်တွတ်ပြောတဲ့ဆေးခန်းသွားလို့ ရောဂါမျိုးစုံပေါ်တာက တ ကယ်တော့ ဒေါ်တွတ်တို့ ငယ်ငယ်လေးကတည်းက အစားအသောက် အနေအထိုင်ပုံစံတွေနဲ့ ဆိုင်တယ်၊  ဖြစ်သလိုစား ဖြစ်သလိုနေလာတာကြာလာတော့ သွေးတိုး ဆီးချိုက လူတိုင်းလိုလိုဖြစ်နေတာလေ။ ဒါကို ကျနော်တို့လူမျိုးက ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလည်း မလုပ်၊ တခါတလေ လမ်းကြုံလို့ဝင်လုပ်ပြီးသိရင်လည်း အဲဒီ့ရောဂါတွေအတွက် သောက်ဆေးရှိ နေတာပဲဆိုပြီး အစားအသောက်တွေမထိန်းတော့၊ ပိုဆိုးတာပေါ့၊ ပြီးတော့ ခု ဒေါ်တွတ်တို့ဝယ်သောက်နေတဲ့ စပ်ဆေးတွေ ဆိုတာကလည်း စတီးရွိုက်ဆိုတဲ့ ဆေးတွေပါတယ်၊ အဲဒါတွေက ဆီးချို ဖြစ်စေတယ်” ဟု ရှင်းပြသည်။

ထိုအခါ ဒေါ်တွတ်သည် တခြားကမ္ဘာမှ ဂြိုဟ်သားစကားများ နားထောင်ရသည့်အလား မျက်လုံးလေး ကလယ်ကလယ်နှင့် ငုတ်တုတ်လေးထိုင်ကာ ကျနော့်ကို ကြည့်နေလေသည်။

ပြီးမှသတိရလာကာ “ဆရာဘာပြောသွားမှန်း ကျမသိပ်နားမလည်ဘူးရယ်၊ ခုတော့ ကျမအတွက် ဆေးရောင်းပေးမလား” ဟုမေးသည်။

ကိုယ့်ကိုယ်ကို “သေဟ” ဟု ပြောရင်း …

“ဒေါ်တွတ်ရယ် အဒေါ်တို့ သောက်နေကျစပ်ဆေး ကျနော်မရောင်းတတ်လို့ပါ” ဟုပြောသောအခါ အစကတည်းက မရောင်း တတ်ရင်မတတ်ဘူး မပြောဘူးအေ့လို့ ပြောဆိုကာ ဆောင့်ဆောင့်အောင့်အောင့်နှင့် ဒေါ်တွတ်တယောက် ဆေးခန်းမှ ထွက်သွားပါလေတော့သည်။ ထိုကဲ့သို့အဖြစ်အပျက်ကား ကျနော်နေ့တိုင်းကြုံတွေ့နေရသည့် ပြဿနာတရပ်ဖြစ်လေသည်။
တခါတလေစဉ်းစားမိသည်မှာ ကျနော်တို့၏ကျန်းမာရေးအသိပညာပေးပုံကပဲ မှားနေတာလား။ သူတို့၏ခံယူပုံနားလည်ပုံကပဲ မှားနေတာလား။ အင်း တခုခုတော့ လွဲနေပုံရသည်။ ကြာတော့ ကြာခဲ့ပြီ။ အရိုးစွဲနေပြီတကား။
….

“ဆရာဝန်ရှိလား” ဟု ဆေးခန်းထိပ်မှ ယောက်ျားကြီးတဦး၏ အသံကိုကြားရသည်။
“ရှိပါတယ် ဝင်ခဲ့ဗျ” ဟု အသံပြန်ပြုလိုက်သည်။

“ဆရာ ကျနော်အားနည်းနေသလိုပဲ၊ အကြောဆေးသွင်းချင်လို့” ဟု သူ့ရောဂါ သူဟာသူ နာမည်တပ်ကာ ဆေးခန်း လာပြနေသည်။

“ဦးကြီးက အားနည်းမှန်း ဘယ်လိုသိတာလဲ” ဟု ပြန်မေးရသည်။ ထိုအခါ ဦးကြီးက အထင်သေးသော မျက်လုံးအစုံဖြင့် …

“ဟာ ဆရာကလည်း၊ ကိုယ်လက်တွေ နည်းနည်းလေးနေတယ်၊ ညကလည်း အိပ်ရေးနည်းနည်း ပျက်နေတယ်၊ ထမင်းလည်း သိပ်စားမဝင်ဘူးလေ၊ ပြီးတော့ ဦးက တလတခါ အကြောဆေးသွင်းနေတယ်လေ အဲဒါကြောင့်ပါ” ဟု ပြန်ပြောလေသည်။

“ဦးကြီးရယ် ကျနော်တို့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုက ချိန်ညှိထားပြီးသားပါ။ ခု ဦးကြီးအားဆေးအဖြစ် အကြောဆေးသွင်း ချင်နေတာ၊ တကယ်တော့ အကြောဆေးက glucose ဂလူးကိုစ့်အရည်ပါ။ ပါတဲ့ဗီတာမင်ကလည်း နည်းနည်းလေးပါ။ ဦးကြီးထိုးပြီး အပေါ့သွားရင်တောင် ကုန်သွားမှာ။ ဦးကြီးအိမ်ပြန်ရောက်ရင် ကြက်ဥတလုံးပြုတ်သောက်လိုက်။ အဲဒါတောင် အကြောဆေးထက် ပိုထိရောက်တယ်ဗျ။ ခုတော့ ကျနော်သောက်ဆေးပဲပေးလိုက်မယ်။ ခုဦးကြီးဖြစ်တာ သက်သာသွား လိုက်မယ်” ဟုပြန်ပြောရင်း ဆေးပေးလိုက်သည်။ ထိုအခါ ဦးလေးကြီး၏ ဘဝင်မကျသည့်မျက်လုံးကို ရင်ဆိုင်ရတော့သည်။

ဘယ်ဆရာကြီးတွေ တီထွင်လိုက်မှန်းမသိသော ကုသချက်ဖြစ်သည်။ ကိုယ်လက်ညောင်းညာရင် အကြောဆေးထိုး၊ အိပ် ရေးပျက်လျှင် အကြောဆေးထိုး၊ ဘာဖြစ်ဖြစ် အကြောဆေးထိုးနေကြသည်။ ဘိန်းစွဲနေသလို အစွဲကြီး စွဲနေကြသည်။

အကြောဆေးမထိုးပေးရင်ဘဲ ရောဂါမပျောက်သလို။ အကြောဆေးမထိုးပေးတဲ့ဆရာဝန်ကပဲ ဆေးမကုတတ်သလို အထင် တွေသေးကြသည်။ ယခုအခါ ဆရာဝန်များသာမက ရမ်းကုများပင် အကြောဆေးတွေ အပြိုင်အဆိုင်သွင်းနေကြသည်။ ယခု ဦးကြီးလည်း ကျနော့် ဆေးခန်းကအပြန် မည့်သူဆီမည်သည့်နေရာတွင် အကြောဆေး ဝင်ထိုးနေဦးမည်လည်း မသိနိုင်ချေ။
…….

ကျနော်ဆေးခန်းတွင်လာနေကြ လူနှစ်ယောက်ရှိသည်။ ထိုသူများမှာ ကျောင်းဆရာဟောင်း ဦးဘသောင်းနှင့် ရွာက ကာ လသားခေါင်း ကိုသာဉာဏ်တို့ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ ဘွဲ့ရပညာတတ်ဖြစ်ကာ ရပ်ရေးရွာရေး လက်မနှေး သောသူများ ဖြစ်သည်။ တခါတလေ ကျန်းမာရေးနှင့်ဆိုင်သည့်အကြံဉာဏ်များ ကျနော့်ဆီရောက်လာကာ တိုင်ပင်တတ်ကြ သည်။ ရာသီပေါ် ဖျားနာများကို မည့်သို့ကာကွယ်မည်နည်းဆိုတာမျိုး၊ ကာကွယ်ဆေးများ အကြောင်းများ။

လူနာ လေးငါး ဆယ်ယောက်သာလာသော ကျနော်ဆေးခန်းတွင် သူတို့နှစ်ယောက်နှင့် စကားပြောရသည်မှာ ကိုယ်စိတ်နှလုံး ပေါ့ပါးမှုဖြစ်စေသည်။

“ဆရာတချို့ဆရာဝန်တွေက အရမ်းနှုတ်ကြမ်း အာကြမ်း ရှိကြတယ်နော်၊ ပြီးတော့ လူနာပြောတာလည်း နားမထောင်ဘူး၊ သူတို့ဟာသူတို့ စမ်းပြီး ကုသချက်တွေပေးနေတာပဲ” ဟု ဦးဘသောင်းမှ ဆိုလေသည်။

“ဟုတ်တယ်ဆရာကြီးရေ ဂုဏ်မောက်တာပေါ့။ ပြောရရင်တော့ ပညာဂုဏ်မောက်တာပေါ့။ အဲလိုလူတွေက ဆရာဝန်လောက မှာ အများကြီးပဲ။ ကျနော်တို့ဆေးကျောင်းတွေရဲ့လိုဂိုတိုင်းမှာရေးထားတဲ့ စာကြောင်းလေး ရှိတယ်။

“ဥပဒါနံ အနုကမ္မဒယာ” တဲ့။ လူနာများကို လူလူချင်းကိုယ်ချင်းစာတရားထား၍ ပြုစုကုသပါမည်ဟု အဓိပ္ပါယ်ရတယ်။

လူနာဆိုတာကလည်း လူပဲ။ ကိုယ်ခံစားတာ ကိုယ်ပြောခွင့်ရှိရမှာပေါ့။ မဟုတ်ဘူးလား။ ဒါကတော့ ကျနော်တို့လူမျိုးတွေရဲ့အလေ့အထလည်း ပါတယ်။ ကိုယ့်အခွင့်အရေး ကိုယ်မတောင်းဆိုတတ်တာပေါ့။ ကြီးတဲ့လူ၊ ဆရာတွေလူကြီးတွေပြောရင် အမှန်လို့ပဲ တဖက်ပိတ် ယုံကြည်ကြတယ်။ လူကြီးတွေကလည်း အဲလိုပဲမှတ်ယူထားကြတယ်။ ဆရာကြီးတို့လိုလူမပြောနဲ့ ကျနော်တို့ ဆရာဝန်လောကမှတောင် ဦးသူ ဗိုလ်ကျရှိနေတာပါပဲ။ ဒါပါပဲဆရာရေ။ ကျနော်တို့ဆရာဝန်လောကလည်း ပျက် စီးနေတာကြာပြီဗျ” ဟု ကျနော်ပြန်ပြောမိသည်။ အငြိမ်းစားကျောင်းဆရာကြီးနှင့် ကာလသားခေါင်းတို့က ခေါင်းတညိတ် ညိတ်။
…….

အဝေးကနာရီစင်မှ (၈) နာရီထိုးသံ တိုးတိုးလေးကြားရသည်။ ဆေးခန်းရှေ့တွင်လည်း လူအသွားအလာကျဲနေချေပြီ။ ဆေး ခန်း အံဆွဲထဲမှ ဒီနေ့ဆေးခန်းထိုင်ချိန်ရသည့် တစ်ထောင်တန်နွမ်းနွမ်း ငါးရွက်ကို အိတ်ကပ်ထဲထည့်လိုက်သည်။ မနက်က အမေဖုန်းဆက်တုန်းပြောတဲ့ ကျနော်ဆေးကျောင်းတက်တုန်းပေါင်ထားတဲ့ လယ်ကွက်လေးလည်း အတိုးတွေ တော်တော် တက်နေပြီ။ ရည်မှန်းထားသည့် ဒီလကုန် ထိုလယ်ကွက်လေး ပြန်ရွေးဖို့ စီမံကိန်းက ဝေးနေဦးမည်ထင်သည်။ ။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်