စန်းသူ့မောင် – ရုံးလား

February 28, 2017


စန်းသူ့မောင် – ရုံးလား

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇

နံနက် ၈ နာရီခွဲပြီမို့ အိမ်က ထွက်လာခဲ့သည်။ သည်အချိန်ထွက်မှ ရုံးချိန်အမီ ရောက်ရုံရှိသည်။ ဒါတောင် တခါတရံ ကားမရရင် မမီတော့။

ရုံးက ၉း၄၅ နာရီတွင် စာရင်းပိတ်သည်။ သည့်ထက်နောက်ကျပါက နောက်ကျစာရင်းတွင် လက်မှတ်ထိုးရ သည်။ တစ်လတွင် သုံးခါနောက်ကျပါက ရှောင်တခင်ခွင့်တစ်ရက် ဖြတ်မည်။ သည်တော့ နောက်ကျခံလို့မဖြစ်။

အိမ်က လမ်းထိပ်အရောက်ဆယ်မိနစ်ခန့် လျှောက်ရသည်။ သည်တော့ ၈ နာရီခွဲ အိမ်မှထွက်လျှင် ၈ နာရီ လေးဆယ်မှ လမ်းထိပ်ရောက်မည်။

“အမလေး၊ ကံကောင်းလို့ ဂဏန်းပေါင်းစက် မေ့နေတယ်”
“အမေ၊ စားပွဲပေါ်က ဂဏန်းပေါင်းစက် ပေးပါဦး”

အပေါ်ထပ်မှ အမေ လှမ်းပေးသော ဂဏန်းပေါင်းစက်ကို လှမ်းယူ၊ စက္ကုအိတ်နဲ့ထည့်၊ ခြင်းထဲထည့်ပြီး ခပ်သွက်သွက် ထွက်ခဲ့ရသည်။ သည်ရက်များတွင် စီမံကိန်း သုံးလချုပ်တွေ ချုပ်နေရသည်။ သည်တော့ ကြီးကြပ်သမား တွေ ပြုစုထားသည့် သုံးလချုပ်တွေကို စစ်ဆေးရမည်။ ပြီးတော့မှ စာရင်းချုပ် ပြန်ချုပ်ရဦးမည်။ ကိန်းဂဏန်းတွေက ခုနစ်လုံးထိ ရှိသည်ဆိုတော့ စိတ်နဲ့တွက်လို့မဖြစ်။ စာရွက်ပေါ်ချရေး၊ စာရင်းချုပ်မည် ဆိုသည့်တိုင် အလုပ်မတွင်နိုင်။ စက်နဲ့မှ ဖြစ်မည်။ စက်ပစ္စည်းနှင့်ပတ်သက်၍ လုံးဝ မကျွမ်းကျင်သော မေသူအဖို့ သည်လိုအချိန်ကုန် လူပင်ပန်းသက်သာသည့် ဂဏန်းပေါင်းစက် တီထွင်ပေးခဲ့သူကို စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။

၈ နာရီခွဲ ဆိုပေမယ့် လမ်းမပေါ်မှာက နေပူနေပြီ။

“ဟဲ့၊ မခင် သမီးလေး မဟုတ်လား။ ရုံးသွားတော့မလို့လား”
“ဟုတ်ကဲ့”
“အစက နယ်မှာဆို၊ အခု ရန်ကုန် ပြန်ရောက်နေပြီလား”
“ဟုတ်ကဲ့”
“ရုံးချုပ်မှာလား”
“ဟုတ်ကဲ့”
“ဝလာတယ်နော်”
“ဟုတ်ကဲ့”
“အမေတို့ အဖေတို့ကော နေကောင်းလား။ တလမ်းတည်းသာနေတာ မတွေ့တာတောင်ကြာပြီ”
“ကောင်းပါတယ်။ အားရင် လာလည်ဦးလေအဒေါ်။ သွားမယ်နော်၊ ရုံးနောက်ကျနေလို့”

စကားစကို ဖြတ်ခဲ့ပြီး ခတ်သုတ်သုတ်လျှောက်လာခဲ့သည်။ အဒေါ်ကြီး မေသူ့ ခြေလှမ်းကို မည်သို့မျှ အမီ မလိုက်နိုင်။ သူ့စောင့်နေ၍မဖြစ်။ သူ့မှာက အချိန်ကန့်သတ်ချက် မရှိဘူးလေ။ ကြည့်ပါလား၊ လမ်းသွားရင်း စကားပြောဖော်ရှာတာ မသိတာမှတ်လို့။

ဟယ်…ဟိုအမျိုးသမီးဝတ်ထားတဲ့ အစလေးက လွင်နေတာပဲ၊ ဘာစလေးလဲ မသိဘူး၊ အမီလိုက်ကြည့်ဦးမှ။
တကယ်ပဲ လှလိုက်တာ။ ဘာစခေါ်မှန်းတောင်မသိဘူး။ နေပစေ။ စနေနေ့ကျမှ စိန်ဂျွန်းဈေးထဲ သွားရှာကြည့် ဦးမယ်။ ကြည့်ရုံလေးပါပဲ၊ လောလောဆယ်တော့ မဝယ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့လကပဲ ဒီနေ့ဝတ်တဲ့ အိတ်တီဝမ်း၊ ဝမ်းဆက်ချုပ်ထားတာ၊ လတိုင်း မချုပ်နိုင်ပါဘူး။ ဒီတစ်ခါချုပ်ရင်တော့ မရမ်းစေ့ရောင်ချုပ်ရမယ်။ ဒီအရောင် လိုနေတယ်။

“ပွမ်…ပွမ်”
“အမလေး” ဪ အန်တီငွေဦးကားပဲ။
“ကမာရွတ်ထိရောက်မယ်၊ လိုက်ခဲ့ပါလားမေသူ”
“နေပါစေတော့ အန်တီ၊ အဲဒီကနေဆိုပိုပြီး ကားခက်တယ်၊ ကျေးဇူးတင်ပါတယ်နော်”

လောကဝတ်ကျေအောင် ပြောလိုက်ရသည်။ ကမာရွတ်ထက်စာရင် (၇)မိုင်ကစစီးတာမှ တော်သေးသည်။ ဟိုမှာက ပိုကျပ်သည်။ ပြီးတော့ ခုရက်တွေက ကျောင်းဖွင့်ရက်တွေလေ။

အံမယ်…ခုမှသတိထားမိသည်။ သူတို့ ကားလဲလိုက်ပြန်ပြီပဲ၊ တစ်စီးပြီးတစ်စီးပဲ။ ဒါပေါ့လေ သူတို့က ကားပွဲစားတွေကိုး၊ ဘာပဲပြောပြော၊ အန်တီငွေဦးကိုတော့ မေသူခင်သည်။ သူလည်း ပန်းစိုက် ဝါသနာပါသည်။ မေသူနှင့် ဝါသနာချင်းတူသည်။ ပြီးတော့ စိတ်ကောင်းရှိသည်။ မေသူနှင့်သူက တစ်ယောက်တွင် မရှိသည့်ပန်းမျိုး တစ်ယောက်ကိုပေးနေကျ။ ဒါပေမယ့် သူ့သမီးကိုတော့ သိပ်ကြည့်မရ၊ ထောင်လွန်းသည်။ ထောင်မှာပေါ့လေ။ သူက ဆရာဝန်ကတော်ကိုး။ ပြောလိုက်ရင် နိုင်ငံခြားအကြောင်းချည်းပဲ၊ ဝတ်လိုက်ရင်ပျံနေတာပဲ၊ မနာလိုလို့ပြောတာ မဟုတ်ဘူး။ အဲဒီလို လှလှလေး ပျံပျံလေးဝတ်ပြီး ပြုံးရွှင်နေရင် ဘယ်လောက်ကောင်းမလဲ။ ခုတော့ ပုံစံက အဖက်မတန်သလို ခပ်တည်တည်နဲ့။ နေပေါ့။ သူနှုတ်ဆက်ရင် ကိုယ်ကနှုတ်ဆက်မယ်။ သူပြုံးမှ ကိုယ်ပြုံးမှာပေါ့။

ဟောတော့။ သေချင်တာပဲ။ ကားဂိတ်မှာ လူတွေ ဘုရားပွဲကျနေတာပဲ။ ဒါဆိုနှစ်ကျပ်ကားနဲ့ သွားရတော့ မယ် ထင်တယ်။ ရန်ကုန်မှာနေရတာ မစားသာဘူး။ စရိတ်စကတယ်ကြီးတာပဲ၊ နယ်တွင် လေးနှစ်နေဖူးခဲ့ပြီးမို့ စရိတ်ငြိမ်း သော နယ်အထာကို မေသူ သဘောကျသည်။ ခဏတော့ စောင့်ကြည့်လိုက်ဦးမည်။ အခြေအနေမကောင်းလွန်းမှ နှစ်ကျပ်ကားစီးမည်။ ကားဂိတ်သို့ အရင်ရောက်နှင့်နေသော သူငယ်ချင်းတစ်ဦးကို

“ကြာပြီလား”
“ကြာပြီ ကားကိုက မလာတာ၊ တို့စရောက်ကတည်းက ခုထိတစ်စီးပဲလာသေးတယ်၊ အဲဒီတစ်စီးကလဲ ဘယ်တက်လို့ရမလဲ”
“အင်းပေါ့ ကြည့်သေးတာပေါ့”

ပြောရင်းဆိုရင်း အရိပ်ကောင်းသော သရက်ပင်ခြေသို့ ဝင်ရပ်လိုက်သည်။ ဪသာ်၊ ခက်လိုက်တာ အဒေါ်ကြီး တစ်ယောက် ဈေးခြင်းဧရာမကြီးနဲ့။ ရုံးချိန်ကြီးသွားလို့ရမလား။ နေ့လယ်ဆို ကားက ချောင်ဦးမှာပေါ့။

ဟင်၊ ဟိုအမျိုးသမီးကလည်း ကလေးပိစိကွေးလေးတွေနဲ့ ချီလို့ပွေ့လို့။ ဘေးက ထဘီစဆွဲထားတာက တစ်ယောက်။ ဘယ်လိုလုပ် ကားပေါ်ရောက်အောင် တက်မလဲ၊ သူမို့ စိတ်မလေး လက်မလေး၊ အံ့ပါရဲ့။

ကဲ၊ တွေ့လိုက်ရရင် ပြောစရာချည်းပဲ၊ ဘယ်က ကောင်လေးတွေလဲ မသိ။ လမ်းထဲက မျက်နှာတွေတော့ မဟုတ်။ ကားမှတ်တိုင်ရှိ အဆောက်အဦလေးကို ဘားကျွမ်းရုံများ မှတ်နေကြလားမသိ။ ခိုလိုက် လွှဲလိုက်နဲ့ မျောက်တွေ ကျနေတာပဲ၊ ဒီလိုတော့ မကစားသင့်ဘူးပေါ့။ ပျက်စီးကုန်မှာပေါ့၊ ဒါလဲ စိတ်ထဲကပဲ ပြောနေမိတာပါ။

ဟော၊ လာပြီ လာပြီ။ ကားတွေနှစ်စင်းတောင်။ ဆက်တိုက်ပဲ၊ လက်ထဲမှ ခြင်းကို သေသေချာချာကိုင်သည်။ ရအောင်တက်မှ မရရင် နှစ်ကျပ်ကား စီးရတော့မည်။

ကဲ၊ သေတော့။ ရှေ့ကားက သရက်ပင်နှစ်ပင်ကျော်မှာ သွားရပ်သည်။ မပြေးချင်တော့။ နောက်ကားဆီပြေး မှ။ ဆင်းတဲ့လူတွေ ဆင်းသားပဲ၊ ကားဘေးရောက်တော့ ကိုယ့်ရှေ့မှ လူလေးငါးခြောက်ယောက်ပင် မတက်ရသေး၊ ကားထွက်သွားပြီ။

ဒါပေမယ့် တော်ပါသေးသည်။ ကားဂိတ်မှာ လူတော်တော်နည်းသွားသားပဲ၊ နောက်ကားဆက်စောင့်ရမည်၊ ချွေးပြန်လာပြီ။ ဘဏ်သို့လည်း ဒီနေ့ သွားစရာရှိသည်။ ကြီးကြပ်အစည်းအဝေးတစ်ခုလည်း ရှိသည်မို့ အိတ်တီဝမ်း ဝမ်းဆက်ကို ဝတ်လာခဲ့သည်။

အိတ်တီဝမ်းဆိုလို့ ပြောရဦးမည်။ ဟိုဘက်ခန်းက မကစ်တီပေါ့၊ သူက မြွကားပိုလေ။ ဝတ်စုံသစ်လေး ချုပ်ပြီ ဆိုရင် ကြွားလိုက်ရတာ။

ကြွားပုံက
“သူငယ်ချင်း၊ ကိုယ့်အင်္ကျီ ခါးက နည်းနည်းပွနေသလားလို့ ကြည့်ပေးပါဦး”
“အမျိုးသားက ဆူနေတယ်လေ၊ ခဏခဏ အဝတ်အစားတွေ ဝယ်လို့ချုပ်လို့တဲ့”
သည်လိုလေမျိုးနှင့် သူအဝတ်အစားအသစ်ဝယ်ပြီးတိုင်း သွယ်ဝိုက်ကြွားတတ်သည်။ တကယ်တော့ အဝတ်အစားကို မေသူ သိပ်မဝယ်ချင်။ ရှိတာလေးနှင့် ဝတ်လည်း ပြီးပါသည်။ ဒါပေမယ့် မဝတ်ရင် သူက လာလာနှိမ် ချင်သည်။ ကြည့်လေ။ တခါက…

“အမလေး၊ မေသူ့ကိုရတဲ့လူတော့ သိပ်ကံကောင်းမှာ၊ စုမိ ဆောင်းမိမယ်၊ အပျိုလေးရယ်လို့ အဝတ်အစား အပျံစားလေးများ ဝတ်မလားအောက်မေ့တယ်။ သူက တို့ထက်တောင် ချွေတာနေသေးတယ်”တဲ့။

အပျိုတွေ၊ အအိုတွေနဲ့ မဆိုင်ပါဘူး။ မေသူက ပပလွှားလွှား ပျံကော့နေတာမျိုး ဝါသနာမှမပါတာ၊ အဝတ် အစားဆိုလဲ တော်ရုံပဲပေါ့။ သန့်ရှင်းသေသပ်ဖို့ပဲ ဂရုစိုက်ပါတယ်။ ဆံပင်ထုံးဖွဲ့တာ၊ မျက်နှာပြင်တာတွေလဲ ပြုပြင် မွမ်းမံတာမျိုး မေသူမကြိုက်၊ သဘာဝအလှကိုပဲ မေသူ နှစ်သက်မြတ်နိုးသည်။
ဒါကြောင့် သနပ်ခါးနှင့် သနပ်ခါးမှုန့်မှလွဲရင် အပိုပစ္စည်းတွေသုံးလေ့မရှိ။ ဆံပင်ဆိုလည်း ကောက်တာကွေးတာ ဝါသနာမပါ။
ဝတ်တာစားတာ၊ ပြင်တာဆင်တာ အပျံစားဖြစ်နေဖို့ထက် အကျင့်စာရိတ္တနဲ့ စိတ်နေသဘောထား အပျံစား ဖြစ်ဖို့၊ စစ်မှန်တဲ့ အရည်အသွေးကောင်းတွေ ပြည့်ဝလာဖို့ပဲ မေသူကြိုးစားပါသည်။
သူတို့နဲ့တော့ မေသူ ပခုံးချင်းမယှဉ်လိုပါ။ မတူဘူးလေ၊ ဘာမှမတူပါဘူး။ အသည်းနှလုံးချင်း ဦးနှောက်ချင်း က တခြားစီပါ။
ဒါပေမဲ့ တခါတလေတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရသည်။ ဒါကြောင့် ဒီနေ့ အိတ်တီဝမ်း ဝမ်းဆက်ကို ချဝတ်လာတာ။ ဒါပေမဲ့ သည်လိုကားတိုးရပုံမျိုးနဲ့တော့ ရုံးရောက်ရင် ချွေးတွေပြန်ပြီး ရှိုးပဲ့တော့မှာပဲ။

ဟယ်၊ ဟိုမှာ ဘတ်စ်ကားတစ်စီး လာနေပြီ။ ဒီတခါတော့ ရအောင်တက်မှ။ ဟုတ်ပြီ။ ကားရပ်သည်နှင့် ကားပေါက်ဝသို့ မေသူပြေး၍ နေရာယူလိုက်သည်။ ဆင်းတဲ့လူတွေ မကုန်ခင် ဟိုဘက်က မချောတွေက လုတက် နေပြီ။ မေသူကတော့ ဆင်းသူကုန်မှ တက်တော့မည်။ ဟုတ်ပြီ။ ကဲ၊ ဘယ်ရမလဲ။ မေသူတစ်ယောက် ကားပေါ် ရောက်သွားပြီ။ ဒါဟာ ဘာပဲပြောပြော အောင်မြင်ခြင်းတစ်ခုပါပဲ။ ကားအပေါက်ဝနားမှာပဲ ကျပ်ကျပ်တည်းတည်း ရပ်နေရသေးသည်။ ကားအတွင်းဘက်သို့ ဝင်၍ မရသေး။

ဒုက္ခပဲ၊ မေသူ့ မျက်နှာနှင့် ရှေ့တည့်တည့်က အမျိုးအမီး ဆံပင်တွေ ထိနေသည်။ ဘယ်လောက် မလျှော်ဘဲ ထားတဲ့ ခေါင်းလဲမသိဘူး။ နံလိုက်တာ။ မေသူတို့တော့ တစ်ပတ်တစ်ခါ ခေါင်းမလျှော်ဘဲ မနေနိုင်ပါဘူး။ မျက်နှာ တဘက်လွှဲထားမှပဲ။

အို၊ ခုမှ ပိုဆိုးသေးတယ်။ မျက်နှာလွှဲလိုက်တော့ လူတစ်ယောက်ရဲ့ ချိုင်းနဲ့ သွားတည့်နေတယ်။ ချိုင်းချွေးစော် နံလိုက်တာ။ တခြားဘက်လှည့်မှ၊ တော်ပါသေးရဲ့။ အဒေါ်ကြီးတစ်ယောက်၊ ခေါင်းမှာ စံပယ်ပန်းတွေနဲ့။ ကျေးဇူးပဲ အဒေါ်ရေ၊ နို့မို့ဆို မေသူတော့ မတ်တတ်ရပ်လျက်နဲ့ အသက်ရှုမဝ ဖြစ်နေရဦးမှာ။

“မာလာပါလား”
“ပါတယ်”

ပါရမယ်လေ။ မာလာမှတ်တိုင်မှာမှ လူမဆင်းရင် ဘယ်ဖြစ်မလဲ။ ကျေင်းသားတွေ၊ ကျောင်းသူတွေ ဆင်းကြ တာပေါ့။ ဒါကြောင့် ကားအတွင်းဘက်ကို ဝင်ချင်တာ။ ဆင်းသူရှိရင် နေရာရတာပေါ့။ ခက်တာက ခုထိ ဝင်လို့မရ သေးဘူး။ မာလာမှတ်တိုင်မှာ ကျောင်းသားတစ်သိုက် ဆင်းသွားမှ မေသူတို့ ကားအတွင်းဘက်ဝင်လို့ရသည်။ ဘာပဲ ပြောပြော၊ ထိုင်စရာနေရာမရပေမယ့် ကမာရွတ်ကျော်လာမှ ရပ်ရတာ သက်သက်သာသာ ရှိလာသည်။

“စိုက်ပျိုးရေးပါလား”
ခရီးသည်များထဲမှ ဖြေသံမကြားရ။

“ဟံသာဝတီ၊ မကြီးကြီးလမ်း မောင်း မြေနီကုန်းကို”
လက်ကိုင်ပဝါဖြင့် ချွေးသုတ်ရင်း ခရီးတော့ တစ်ဝက်ကျိုးပြီဟု တွေးမိဆဲ။

“ညီမ၊ ဒီမှာလာထိုင်၊ အစ်မက မြေနီကုန်းမှာဆင်းမှာ”
“ကျေးဇူးပဲအစ်မ”

ထိုင်စရာရတာတောင် ထိုင်ဖို့မလွယ်။ ကိုယ်ကို လှည့်နွဲ့ပြီးထိုင်ရသည်။ ဟုတ်ပြီ။ ဪ၊ ကားခမပေးရသေး ဘူးပဲ။ ဒါကတော့ ဘယ်တတ်နိုင်မလဲ။ ခုမှ နေရာရတာကိုး။ ကြိုလည်း ထုတ်မထားခဲ့မိဘူးကိုး။ ခုမှပဲ ပေးရတော့ မှာပေါ့။
ခြင်းထဲမှ ပိုက်ဆံအိတ်ကို နှိုက်ယူသည်။ ပိုက်ဆံအိတ်က ခြင်းအောက်ပိုင်း ထမင်းဗူးပေါ်မှာ ထားသည်။ ပြီးတော့ ဂဏန်းပေါင်းစက်ထည့်သည့် စက္ကူအိတ်၊ ပြီးတော့ စာအုပ်အချို့ကို အပေါ်မှာ တင်ထားခဲ့သည်။

“ဟင်…ပိုက်ဆံအိတ် မရှိပါလား”
မေသူ မျက်လုံးတွေ ပြူးကျယ်လာပြီး ခေါင်းကြီးသွားသည်ဟု ထင်ရတော့သည်။

“ဒုက္ခပဲ။ ပိုက်ဆံအိတ်၊ ဟုတ်တယ်၊ ကျွန်မ ပိုက်ဆံအိတ် ပါသွားပြီ”
နောက်ဆုံး စကားသံတွေက ပို၍ကျယ်လောင်စွာ အော်ဟိန်းထွက်သွားရတော့သည်။

“ဟင်…ဟုတ်လား”
“ဟုတ်တယ်၊ ဒီမှာ ပိုက်ဆံအိတ်မရှိတော့ဘူး၊ စပယ်ယာလုပ်ပါဦး”
“ဟင်…ဒါဆို ရဲစခန်းကိုမောင်းမှပေါ့၊ မြေနီကုန်းရဲစခန်းကို ပြန်မောင်းရမလား၊ လသာရဲစခန်းကိုပဲ တန်းမောင်းမယ်နော်”
“မသိတော့ဘူး”
“ဘယ်လောက်ပါသွားလို့လဲ”
“ပိုက်ဆံကတော့ မများလှပါဘူး”
“ဒါဆိုလဲဗျာ၊ ရုံးချိန်ကြီး”
“ဟုတ်တယ်၊ တို့လဲ ဆေးရုံထမင်းပို့ရဦးမှာ”
အို…မေသူ ကိုယ့်လက်ကိုပြန်ကြည့်တော့ လက်မှာ လက်စွပ်မဝတ်ခဲ့ရသေး။

“ပိုက်ဆံက မများပေမယ့် လေးဆယ်ကျော်တယ်၊ အိတ်ကတော့ ၅၀ိ လောက်ပဲတန်ပါတယ်၊ ဒါတွေထက် ကျွန်မ မြလက်စွပ်လဲ ပါသွားပါတယ်၊ ကျွန်မ ဒီမနက် လက်စွပ် ထုတ်မဝတ်ဖြစ်လိုက်ဘူး။ မြလက်စွပ်က ၁၅၀ဝိ ကျော်ကျော်တန်တယ်။ နောက်ပြီး အင်္ကျီနှစ်ထည်ချုပ်ထားတဲ့ ဘောက်ချာ၊ ဒီဆိုင်က ခုမှအသစ်စမ်းပြီး အပ်ကြည့်တာ၊ မရင်းနှီးသေးတော့ ဘောက်ချမပါရင် ပေးမှာမဟုတ်ဘူး၊ အဲဒီနှစ်စကပဲ နှစ်ရာကျော်တန်တယ်၊ ကျွန်မ ဘာလုပ်ရမလဲ ဟင်”

“ခင်ဗျား ဘယ်မှတ်တိုင်က တက်လာတာလဲ”
“၇ မိုင်ကပါ”
“ဪသာ်…၇ မိုင်က တက်လာတာ၊ မြေနီကုန်းကျော်မှသိတော့ ခင်ဗျားအိတ်နှိုက်သွားတဲ့ ခါးပိုက်နှိုက်က ခုလောက်ဆို တရေးလောက်ရနေပြီ”
“ဟုတ်တယ်၊ ပြန်ရမှာလဲ မဟုတ်ဘူး၊ အားလုံးရုံးတွေ ကျောင်းတွေ နောက်ကျရုံပဲ ရှိတော့မှာ”

မေသူ ဘေးမှ မျက်နှာတွေကို အကဲခတ်မိသည်။ ကရုဏာရှိခြင်းထက် မကျေနပ်ခြင်း၊ စိတ်ညစ်ညူးခြင်းတို့သာ တွေ့ရသည်။

“ဘယ်လိုလဲ။ ရဲစခန်းပဲ မောင်းမယ်နော်၊ မီးပွိုင့်မှာ ဘယ်သူမှမဆင်းနဲ့၊ ပစ္စည်းကလဲမနည်းတော့ သူလဲ နှမြောမှာပေါ့”

“မနှမြောနဲ့လို့တော့ မပြောပါဘူး၊ ဒါပေမယ့် နမော်နမဲ့နဲ့၊ ပိုက်ဆံအိတ်ကို ခြင်းထဲထည့်ထားတာကို၊ ပြီးတော့ ခုမှ ရဲစခန်းသွားလို့ကော ဒီခါးပိုက်နှိုက်က ကားပေါ်ရှိဦးမှာတဲ့လား၊ အလကား ကျန်တဲ့ခရီးသည်တွေ ဒုက္ခရောက် တယ်”

ဟုတ်တော့ ဟုတ်သည်။ ခုမှ မေသူ သတိထားမိသည်။ ကမာရွတ်မှတ်တိုင်မှာ ဆင်းသွားတဲ့ ချိုင်းချွေးနံ့နံတဲ့ လူကြီးပဲဖြစ်မှာ။ မေသူ့မျက်နှာ သူ့ဘက်မလှည့်အောင်လုပ်ပြီး သူပဲ နှိုက်ယူလိုက်တာ ဖြစ်မှာပေါ့။ ဟုတ်မှာပါ။ ပုံကိုက ခါးပိုက်နှိုက်ပုံကြီး။ အောက်တန်းကျလိုက်တာ။ ကိုယ်ခန္ဓာ သန်သန်မာမာနဲ့ ကောင်းရောင်းကောင်းဝယ် လုပ်မစား ချင်ဘူး။ သူများချွေးနည်းစာကို ခိုးဝှက်စားချင်တာ။ ဟုတ်မှာပါလေ။ ပြန်ရမှာလဲ မဟုတ်ဘူး။ သူများကို ဒုက္ခမပေး တော့ပါဘူး။

“ဦးလေး…ရဲစခန်း မမောင်းပါနဲ့တော့၊ ရှာလဲရမှာမဟုတ်တော့ပါဘူး”
“ဟုတ်တယ်၊ ကျွန်မတို့ကလဲ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး၊ ရှင့်ခါးပိုက်နှိုက်က ဘယ်လိုနည်းနဲ့မှ ဒီကားပေါ် မှာ မရှိနိုင်တော့ဘူးလေ”
“ဟုတ်ပါတယ်၊ ဪသာ်…စပယ်ယာ၊ ကျွန်မမှာ ကားခပေးစရာ မရှိတော့ဘူးနော်”
“ရပါတယ်ဗျာ၊ ကဲ ဆရာရေ့၊ ခရီးစဉ်အတိုင်း ဆက်ဆွဲ”

အိမ်တန်းပြန်ဖို့ စိတ်ကူးမိသေးသည်။ ရုံးမတက်ချင်တော့။ ဒါပေမယ့် မဖြစ်သေး။ သည်နေ့ ကြီးကြပ်အစည်း အဝေးက မတက်ရင်မဖြစ်။ ဘဏ်က နောက်နေ့မှသွားလည်း ဖြစ်နိုင်သည်။ သည်တော့ ရုံးကိုတော့ဖြင့် သွားရဦး မည်။

ရုံးရောက်တော့ သူငယ်ချင်းတွေကို ပြောပြမိသည်။ ရဲစခန်းမဝင်ခိုင်တာ မှားသည်ဟုဆိုသူက ဆိုသည်။ သူတို့မှတ်ချက်တွေကို စိတ်မဝင်စားနိုင်တော့။ အစည်းအဝေးက အရေးကြီးသည်။ ပြင်ဆင်စရာတွေ ပြင်ဆင်ပြုစုပြီး အစည်းအဝေး တက်ခဲ့ရသည်။
အစည်းအဝေးခန်းမထဲ ထိုင်နေရသော်လည်း စိတ်က ဟိုရောက်သည်လွင့်။
မြလက်စွပ်လေးကို မျက်စိထဲ မြင်နေမိသည်။ စိမ်းဖန့်ဖန့် အရောင်လေးကို မြင်ယောင်လာရင်း ပို၍ပို၍ နှမြောလာသည်။
စက်ဆိုင်နှင့်လည်း စကားပြောရဦးမည်။ ချိုင်းချွေးနံ့ နံသော လူကြီးကိုလည်း မြင်ယောင်လာပြန်သည်။ အပြန်ကားခကို သူငယ်ချင်းများထံမှ ချေးငှားရဦးမည်။
အစည်းအဝေးပြီးတော့ ရုံးခန်းခဏ ဝင်ခဲ့သည်။ လမ်းစရိတ် ချေးယူခဲ့ပြီး အိမ်သို့ ပြန်ခဲ့တော့သည်။ နွမ်းလျ အိမ်ပြန်ပေါ့။

ခြံတွင်းသို့ ဝင်လိုက်သည်နှင့် အိမ်ရှေ့ ပိန္နဲပင်အောက်တွင် ထိုင်နေသော အမေနှင့် ညီမတို့ကို လှမ်းမြင်ရသည်။

“ဟော…ပြန်လာပြီ”

သူတို့မျက်နှာတွေက ပြုံးဖြီးဖြီးနှင့်။ သူတို့ကတော့ ရယ်နိုင်မှာပေါ့။ ဒီမှာ ဘာဖြစ်နေမှန်းမှမသိတာ။ အမေ သိရင်တော့ ဆူဦးမှာ။ အမေက…

“ဘယ်လိုဖြစ်တာလဲ”
“ဘယ်လိုဖြစ်ရမှာလဲ။ ပိုက်ဆံအိတ်ပါသွားပြီ။ ပါတာမှ လက်စွပ်ပါ ပါသွားတာအမေရာ၊ သေချင်တာပဲ၊ သူများပစ္စည်း မတရားစားချင်တဲ့ဟာတွေ၊ ခိုးဝှက်စားမှ ဝမ်းဝမယ်ဟာတွေ”
“အဲဒါပေါ့၊ ဥစ္စာပျောက် ငရဲရောက်ဆိုတာ၊ ကိုယ့်အပြစ်တော့ ကိုယ်မသိဘူး၊ ဟိုကက်ဆက်ပေါ်မှာဘာလဲ ကြည့်လိုက်ဦး”

“ဟင်”
မေသူ မျက်လုံးတွေ ဝင်းလက်သွားသည်။

“ဘယ်လိုဖြစ်တာလဲ”
“ဘယ်လိုဖြစ်ရမှာလဲ၊ မနက်ကတည်းက အဲဒီပေါ်မှာ ကျန်ခဲ့တာ”

ခုမှသတိရသည်။ မနက်က ရုံးသွားခါနီး ဂဏန်းပေါင်းစက်ကို စက္ကူအိတ်ထဲထည့်ပြီး ခြင်းထဲထည့်စဉ်က ပိုက်ဆံအိတ်ကို အပြင်ခဏထုတ်မိသည်။ ပြီးတော့ ခြင်းတောင်းထဲ ပြန်မထည့်မိခြင်း ဖြစ်မည်။

မေသူ ခုမှ ပြုံးမိလာတော့သည်။

ရဲစခန်းသို့ ကားမမောင်းခိုင်းမိ၍ တော်ပါသေးသည်။ ဘာပဲပြောပြော၊ သည်ညမှစ၍ ဘုရားဝတ်ပြုတိုင်း ချိုင်းချွေးနံ့နံသည့်လူကြီးကို မှန်း၍ ကန်တော့ရပါချေဦးတော့မည်။

(၁၉၈၆-ခုနှစ်၊ ဇူလိုင်လ၊ သဘင်မဂ္ဂဇင်း၊ အမှတ်(၃၃))

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်