မြဇင်ယော် ● ကွာဟမှု အလွှာ

March 2, 2017

● ကွာဟမှု အလွှာ
(မိုးမခ) မတ် ၂၊ ၂၀၁၇

“ဟာ ဖြူမ ဘယ်လဲကွာ”
စိတ်ထဲကမေးမိသည်မို့ သူမ မကြားနိုင်ပါ။ ရှေ့သို့ဆက်၍သာ ပြေးသွားသည်။ “ဘယ်သူ့ဆီသွားတာလဲ။ ငါ့ကိုမချစ်တော့ဘဲ  ငြီးငွေ့သွားပြန်ပြီလား။ ငါ့ထက်ချစ်ရမည့်သူ ပေါ်လာပြန်ပြီလား။”

ရင်ထဲ၌ ဗလောင်ဆှုသွားသည်။ မျက်စိထဲ၌ ဘာမှမမြင်။ ဖြူမကိုသာ မြင်သည်။ ကိုယ့်ဆီပြန်လာအောင် ခေါ်ရမည်။ ပြန် လာချင်လာအောင် ဖြူမအလိုကျ ကြိုးစားပြရမည်။

ဖြူမထားခဲ့သည်မှာ ပထမဦးဆုံးအကြိမ်မဟုတ်ပါ။ အကြိမ်ကြိမ်ထားခဲ့ဖူးသည်။ အမှတ်အသားမရှိသော၊ ပို၍ စကားလုံးလှလှ လေးသုံးရလျှင် သိပ်ချစ်တတ်သောကိုယ်က ဖြူမထားခဲ့တိုင်း မနေခဲ့ဘဲ လိုက်ခဲ့သည်ချည်းဖြစ်သည်။ ပြေးသောဖြူမကသာ မောရင်မောသွားမည်။ လိုက်ရတဲ့ ကိုယ်ကတော့ မမောပါ။ ဖြူမရဲ့ကိုယ်လုံးလှလှလေး မြင်လိုက်ရရင်၊ မျက်လုံးရွဲရွဲကြီးတွေကို မြင်လိုက်ရရင် မောတယ်ဆိုတာ ချိုနဲ့လားဗျို့ဟု မေးယူရလောက်အောင်ကို မမောရေးချ မမောပါဗျာ။

‘ဟော လမ်းကိုဖြတ်ကူးဖို့ ပြင်နေပြီ”

မကူးခင် တနေရာသို့ကြည့်ပြီး အမြီးကလေးတနှံ့နှံ့နှင့် ယောက်ယက်ခတ်နေသည်ကို တွေ့ရလေသည်။ ဖြူမကြည့်နေရာသို့ လှမ်းကြည့်လိုက်သောအခါ.. ကမ္ဘာမြေကြီး ချာချာလည်သွားသည်။ ဒူးတွေလည်း မခိုင်တော့..ယိုင်နဲ့ကုန်သည်။ ဟစ်၍သာ အူလိုက်ချင်သည်။ အို .. အူနေရုံ ဘာမှဖြစ်မလာနိုင်ဘူး။ အချိန်ဖြုန်းသလိုသာကျမည်။ ဟို အကောင်ချောကြီးလက်ထဲ ဖြူမပါမသွားခင် ငါပြန်ခေါ်လာရမည်။ လမ်းကို အမြန်ဖြတ်ကူးလိုက်မှ။
*—–*——*——*

“ဘာ မေ့ပစ်လိုက်တော့ ဟုတ်လား”
“မကြားတာလား နောက်တခါ ထပ်ကြားချင်တာလား မေမီ၊ ကိုယ် မင်းထက်ပိုချစ်ရမယ့်သူ တွေ့တာကြာပြီ၊ မင်းလည်း ရိပ် မိတန်သလောက် ရိပ်မိမှာပါ။ အခု ကိုယ် သူနဲ့ယူတော့မှာ၊ အဲ့ဒါ ကိုယ့်ကိုမျှော်လင့်နေမှာစိုးလို့၊ ကိုယ်တို့ဘဝခြားသွားပြီ၊ ဂွတ်ဘိုင်… မေမီ”

“တောက်..”

မိန်းကလေးတန်မဲ့ အသံပြင်းပြင်းနှင့် တောက်ခေါက်မိလေပြီ။  သူကြားမည်မဟုတ်ပေ။ သူပြောလိုရာပြော၍ ဖုန်းချသွား လေပြီ။

“ရက်စက်လိုက်တာ၊ အရင်တုန်းက ပေးခဲ့တဲ့ကတိတွေက အလကားပဲလား။ ဘာ့ကြောင့်လဲ ဘာလိုအပ်ချက်တွေရှိနေလို့လဲ။”
မကြားနိုင်မှန်း၊ ကြားလျှင်တောင် ဖြေမည်မဟုတ်မှန်း၊ မဖြေရုံသာမက လှောင်ရယ်မည်မှန်း သိလျက်နှင့် မေးနေမိသည်။ စိတ်ထဲရှိသမျှ စကားတွေကို မေမီ့ရှေ့မှာ သူရှိနေသည်ဟု သဘောထားပြီး ပြောမိငိုမိသည်။ ငိုမိသည်။ မျက်ရည်လက်ကျန် မရှိတော့အောင်ကို ငိုမိသည်။ တညလုံးမအိပ်ဘဲ ငိုမိသည်။ ငိုရလွန်း၍ မျက်စိများ ကျိန်းစပ်နေသည်။ မျက်ရည်မကျဘဲ ရှိုက် ရုံသာ ရှိုက်နိုင်တော့သည်အထိ ငိုမိသည်။

“တီတီ. . တီတီ.. တီတီ”

ဩော် ငါးနာရီခွဲအချိန်ကိုက်ချထားသည့် နှိုးစက်လေးပင် မြည်လာချေပြီ။ ဤနေ့မျိုးမှာ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက် ချင်သည်။ ရင်ထဲမှာကျန်နေသေးသော အချစ်နှင့်အလွမ်းတို့၏ အသုဘကို ခမ်းနားစွာသင်္ဂြိုလ်ပေးလိုက်ချင်သည်။ သို့သော်လည်း လွမ်းရေးထက် ဝမ်းရေးကခက်လေသည်။ မနက် ၆ နာရီ အလုပ်ချိန်အမီ သွားရမည်။ မျက်နှာလေး ကပျာ ကယာသစ်၊ သနပ်ခါးရေကျဲလေး မြန်မြန်လိမ်းပြီးပြင်ဆင်လိုက်တော့ ၆ နာရီထိုးလေပြီ။ နောက်ကျတော့မည်။ လက်ဦးပေါ် super cub ဆိုင်ကယ်လေးစီးပြီး ကျိန်းစပ်နေသောမျက်စိများကို လျစ်လျူရှုကာ အလုပ်ရှိရာသို့ ချီတက်ခဲ့ရလေသည်။
*—–*—–*—–*

“ဝုန်း..ခွမ်း”
မေမီ စီးလာသောဆိုင်ကယ် ခွေးတိုး၍ လဲလေပြီ။ ဘေးဘီကိုလှည့်မကြည့်ဘဲ လမ်းဖြတ်ကူးလာသောခွေး။ ခွေးကိုမြင်စဉ် အရှိန်လျှော့လိုက်သေးသည်။ ထိုခွေး တုံ့ခနဲရပ်လိုက်သည်ကိုမြင်၍ ဆိုင်ကယ်လီဗာကိုဆွဲလိုက်စဉ် ရုတ်တရက်ဖြတ်ပြေး လိုက်ရာ တိုက်မိလေပြီ။ နောက်ကြည့်မှန်နှင့် ရှေ့အချက်ပြမီး ကွဲသွားပြီး လူကိုဆိုင်ကယ်ပိနေလေသည်။ ရုတ်တရက်မထနိုင်။ ကုန်ခမ်းသွားပြီထင်သော မျက်ရည်များ စီးကျလာလေသည်။ ထဖို့မကြိုးစားဘဲ ဝမ်းနည်းစွာ ငိုကြွေးမိသည်။ ကံဆိုးမသွားရာ မိုးတွေလိုက်လို့ရွာခြင်းပေလော။

လမ်းပေါ်မှ ဖြတ်သွားဖြတ်လာများက ဆိုင်ကယ်ကို ထူပေးကြသည်။

“ဘယ်နား နာသွားသေးလဲ သမီး”

“ခွေးတိုးသွားတာ တူမကြီး၊ ဒီခွေးတွေကလည်း တော်တော်ဒုက္ခပေး၊ စည်ပင်ကဆေးချတော့ အိမ်က ခွေးကောင်းတွေပါ သွားပြီး ခွေးလေ ခွေးလွင့် ခွေးသူခိုးတွေကျ ပါမသွားဘူး”

“ဆေးခန်းလိုက်ပို့ပေးမယ်၊ တံတောင်ဆစ်တွေလည်း ပြဲကုန်တာပဲ၊ လာ ဆေးခန်းသွားစို့”

“ပိုက်ဆံအိတ်တွေ၊ ဖုန်းတွေကောက်ပေးလိုက်ဦး”

“ဟာ ငိုနေတာလား၊ မတော်တဆပါသမီးရယ်၊ ဒီလိုပဲ ဖြစ်တတ်ပါတယ်၊ နောက်တခါ ခွေးမြင်ရင် ဝေးဝေးကရှောင်”

တယောက်တပေါက်နှင့် လူအများဝိုင်း၍ အားပေးစကား ပြောကြရင်း မေမီ့ကိုပွေ့ထူသူက ထူလေသည်။

ဒုက္ခတွေ့လျှင် ကူညီစောင့်ရှောက်ပေးတတ်သော မေမီတို့ မြန်မာလူမျိုးများ။ မည်သူကမျှ ခိုင်း၍မဟုတ်။ သူတို့စိတ်ဆန္ဒအရ ကူညီဖေးမကြလေသည်။ ကိုယ်ပိုင်အရေးကိစ္စတွေ အသာထားပြီး ဆေးခန်းပို့ကြ၊ အိမ်သို့လိုက်ပို့ကြ။ စောစောက ခံစားနေရသော အထီးကျန်စိတ်၊ တွယ်ရာမဲ့စွာ အားငယ်နေသောစိတ်တို့ လွင့်ပျောက်ကုန်လေပြီ။ ယခု ထိုသူမရှိလည်း မေ မီနေလို့ဖြစ်မှန်းသိပါပြီ။ ဟုတ်သည်။ သစ္စာမရှိသူကို တမ်းတမနေတော့ပါ။ ပို၍ကြိုးစားရမည်။ မေမီ့လို ဒုက္ခရောက်နေသူ များကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနိုင်ရန် ပို၍ကြိုးစားရမည်။

လောကကြီးတွင် သမီးရည်းစားကိစ္စထက် ပို၍အရေးပါသော လောကဝတ္တရား များစွာရှိလေသည်။ စားဝတ်နေရေး၊ ကျန်း မာရေး၊ မိဘဆရာ ဆွေမျိုး ညာတကာ စသည်တို့၏ ကျေးဇူးတွေ ကို ဆပ်နိုင်ရေး၊ အများအကျိုးရှိသော လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စသည့်အရေးပေါင်း မြောက်မြားစွာရှိလေသည်။ ထိုသူလို ကိုယ်ကျိုးသာ ကြည့်တတ်သူကို နှမြောတသစွာ လွမ်းနေရလျှင် အချိန်တွေ အကျိုးမဲ့ကုန်ဆုံးတော့မည်။ ထို့ကြောင့် မလွမ်းတော့၊ မတမ်းတတော့။ မေမီ ကိုယ့်ကိုယ်ကိုသာ ကောင်းအောင် ကြိုးစား၍နေထိုင်တော့မည်။
*—–*—–*—–*

လမ်းဖြတ်ကူးစဉ် ဆိုင်ကယ်လာနေသည်ကိုတွေ့၍ ရပ်လိုက်သည်။ မျက်လုံးများက ဖြူမဆီမှာ။ “ဟာ ရက်စက်လိုက်တာ ဖြူမရယ်၊ လိုက်သွားပြီ၊ ဟိုကောင်ကြီးနဲ့ပါသွားပြီ” ပူထူပြီး ဘာကိုမှ သတိမရ။ ပြေးလိုက်ဖို့ ဟန်ပြင်လိုက်စဉ် နာကျင်လှသော ဝေဒနာနှင့်အတူ “ဝုန်းခနဲ” အသံသာ ကြားလိုက်ရလေသည်။

“ဩော် …စောစောက ဆိုင်ကယ်ပါလား”  လဲသွားလေပြီ။ လူတွေ လူတွေ ဝိုင်းအုံနေကြသည်။ ထိုမိန်းကလေးကို ဝိုင်း၍ ပြုစု နေကြသည်။ “ငါနဲ့တိုက်မိတာဆိုတော့ ငါ့ကိုရော” မျှော်လင့်ခြင်းများနှင့် လှမ်းကြည့်မိသည်။  လူတွေ သူ့ကို မြင်ကြပုံ မပေါ်ပါ။ မမြင်ကြရုံမက။ ခွေးလေခွေးလွင့်တဲ့၊ ခွေးသူခိုးတဲ့။ “ပြောရက်လိုက်ကြတာဗျာ။ ကျုပ်လည်း နာကျင်ရသူပါခင်ဗျာ။ တကယ်တော့ ဆိုင်ကယ်နဲ့မတိုက်မိခင်ကတည်းက နှလုံးသားနာကျင်နေသူပါ။ ဆိုင်ကယ်နဲ့တိုက်မိတော့ ခန္ဓာကိုယ်နာတယ် ဗျာ။ အခု ခင်ဗျားတို့ပြောတဲ့စကားတွေကြောင့် ရင်နာရပါတယ်ဗျာ။ ဘာတဲ့… စည်ပင်ကဆေးတဲ့။ ဒါဆို ငါ့ကိုမမြင်တာပဲ ကံကောင်းတယ်လို့တွေးရမှာ။ မြင်များမြင်ရင် ရိုက်သတ်ကြ မယ်ထင်တယ်။ ကျုပ်လည်း သက်ရှိခွေးတကောင်ပါဗျာ။ သိတတ် နားလည်တတ် ခံစားတတ်ပါတယ်။ ဖြူမရေ… မင်းမှရက်စက်တယ် ထင်နေတာ။ မင်းထက် ရက်စက်တတ်တဲ့ အဆင့်မြင့်သတ္တဝါ လူသား တွေနဲ့ တွေ့နေရတယ်။ နှလုံးသားနာကျင်မှု၊ ရင်နာမှု၊ ဒဏ်ရာရနေတဲ့ ကိုယ်ခန္ဓာရဲ့နာကျင်မှု၊ စေ့စေ့ တွေးလေ နာလေဖြစ်နေတဲ့ ဦးနှောက်ရဲ့နာကျင်မှု၊ နာကျင်မှုပေါင်းများစွာနဲ့ ကိုယ်ပါ…ဖြူမရယ်။ သူတို့ပြောသလို ကိုယ် ခွေးလေခွေးလွင့်မဟုတ်ဘူး။ သမီးသား ဇနီးမယားနဲ့ အတည်တကျနေဖို့ ကြိုးစားနေသူပါ။ ခွေးသူခိုးလည်း မဟုတ်ဘူး။ အခိုးခံရသူ။ ဖြူမက သက်သေပါ”

ဝမ်းနည်းမိသည်။ ပါးပြင်ပေါ် ပူနွေးနွေးအရည်များ စီးကျလာလေပြီ။ အဲ့ဒီလူဆိုတဲ့ သတ္တဝါတွေသိအောင် ပြောပြလိုက် ချင်သည်။ ပြောမရ၍ ကြေကွဲရပြန်သည်။

အခုလောက်ဆိုရင်ဖြင့်  ဖြူမတော့  ဟိုကောင်ကြီးနှင့်ပျော်နေပေရော့မည်။ ကိုယ့်ကို လှည့်ကြည့်စေချင်သည်။ ကိုယ့်အဖြစ်ကို မြင်စေချင်သည်။  အို..မကြည့်တာ ပို၍ကောင်းပါသည်။ ကြည့်များကြည့်မိလျှင် အပယ်ခံ လျစ်လျူအရှုခံ၏ဘဝကို ရင်နာနာနှင့် တွေ့ရ မြင်ရပေလိမ့်မည်။ မင်းကို သောကမပေးလိုပါ။ ပျော်ရွှင်ပါစေ.. ဖြူမရေ။ ဒီအတောအတွင်း မင်းပေးသော ဝေဒနာ၊ လူတွေပေးသော ဝေဒနာတွေကို စုပြုံ၍ ခံလိုက်ဦးမည်။ ဒဏ်ရာတွေပျောက်ကင်းသွားရင် မင်း ကိုယ့်ဆီကို ပြန်လာနိုင်အောင် ကြိုးစားပါဦးမည်။ ဘယ်လိုနည်းမျိုးကို သုံးရပါစေ ကြိုးစားရမည်။     ။

မြဇင်ယော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်