ဒေါက်တာကျော်တင့် – “ကျွန်တော် ဖဲသမား”

March 3, 2017

https://scontent-sjc2-1.xx.fbcdn.net/t31.0-8/p720x720/13730943_557140257823047_3698061190454992186_o.jpg



ဒေါက်တာကျော်တင့် – “ကျွန်တော် ဖဲသမား”
(မိုးမခ) မတ် ၃၊ ၂၀၁၇

ပြောတိုင်းလွယ်လွယ်ယုံတာမျိုးတော့မဖြစ်ပါစေနဲ့။ ဆုံးအောင်နားထောင်ပြီးမှ မှန်၏မမှန်၏ဆုံးဖြတ်ကြပါ။

ဟိုတပတ်က မိတ်ဆွေတယောက် လပ်စ်ဗေးဂတ်မှာ အိမ်ဝယ်လိုက်လို့ သူတို့ကိုအတင်းတိုက်တွန်းပြီး အိမ်တက်မင်္ဂ္လာလုပ်ခိုင်းပါတယ်။ သူတို့ကလဲ သိပ်အခြေမကျသေးတာမို့ အိမ်က ပရိဘောဂနေနေသာသာ စောင်တွေခေါင်းအုံးတွေတောင် မရှိဘူးလို့ ငြင်ငြင်သာသာငြင်းရှာပါတယ်။ ကျုပ်တို့ကလဲ ဘယ်လျှော့မလဲ ကိုယ့်အိပ်ယာကိုယ်ယူလာပါမယ်၊ မင်္ဂလာလေးတော့ ယူဖြစ်အောင်ယူကြပါ ပြောတာပေါ့။

ဒီလိုနဲ့ ကားတစင်းငှါးပြီး မော်ရွှေမြိုင်သား သူဌေးမင်းတပါးရယ်၊ မိတ်ဆွေသစ်တယောက်ရယ်၊ ကျုပ်ရယ် ကျုပ်ဆရာတယောက်ရယ် ရှစ်နာရီခရီးကို သောကြာနေ့ရုံးဆင်းချိန် နီးမှာ စထွက်ခဲ့ကြတယ်။ လမ်းမှာတော့ ဒရိုက်ဘာ ၃ယောက်လဲမောင်းကြတာပေါ့။ သွားလာတဲ့အခါ အန္တရာယ်မရှိဖို့ အရေးကြီးတာက ဒရိုက်ဘာ မငိုက်ဖို့ပဲ။ ဒီတော့ တရားဘက်ဖွင့်မဆွေးနွေးကြပဲ ဟားကွက်လေးတွေ ရှာပြောကြတာပေါ့။

ကျုပ်ဆရာဆိုတာက ပထမနှစ်လောက်တုန်းက သင်ခဲ့ကြရတဲ့ ဆရာဦးကျော်ဝင်းပါ။ သူက သူသိချင်တဲ့ ရူပသိပ္ပံအချို့ကိုပြန်မေးလို့ နားလည်လွယ်အောင်စဉ်းစားပြန်ဖြေရလို့ ဦးနှောက်လဲခြောက်တယ်။ ဥပမာဆိုပါစို့ ဆိုလာပြားကိုဘယ်လိုလုပ်လဲ ဆိုတာမျိုး။ ရူပဆရာကို ဆီမီးကွန်ဒတ်တာ PN Junction လို့ပြောလိုက်ရင် ၂ ခွန်းထဲနဲ့ရှင်းပေမဲ့ ဟိုတခြား၂ယောက်က RIT မက္ကင်းနစ်ကယ်ကမို့ ဆီမီးကွန်ဒတ်တာက ဘာလဲ၊ PN လမ်းဆုံကဘာလဲ မေးခွန်းတွေတက်လာတာကို ဖြေရတော့တာပေါ့။ ဘယ်တတ်နိုင်မလဲ ကိုယ်က ဒီကားကို ဒီလိုစီစဉ် မိပြီးသားဖြစ်သွားပြီကိုး။

သိပ္ပံမေးခွန်းတွေကုန်တော့ လပ်စ်ဗေးဂတ် ကက်ဆီနို လောင်းကစားတွေအကြောင်း ရောက်သွားကြတယ်။ အဲလိုဖြစ်အောင် ကျုပ်ကပဲ လမ်းကြောင်းလွှဲမိသလားမသိဘူး။ စလော့မရှင်း (slot machine) လို့ခေါ်တဲ့ ကွန်ပြူတာနဲ့ပြိုင်လောင်းရတဲ့ စက်တွေ၊ ရုလက်လို့ခေါ်တဲ့ ၃၆ကောင် ဂျင်ခုံ။ မျက်လှည့်ပွဲတွေ၊ ရှိုးပွဲတွေ စားသောက်ဆိုင်တွေ။ တကမ္ဘာလုံးကလူတွေလာလည်တတ်ကြတဲ့ ညမအိပ်တဲ့မြို့။ အဲသည်မြို့ကို အကြိမ်ပေါင်းများစွာရောက်ဖူးတယ်။ (ဟဲ- ဘုန်းကြီးကျောင်းကိုတော့ ခုတခေါက်မှရောက်တာ။) အများစုက အလုပ်နဲ့လာတာ။ ကွန်ဗင်းရှင်း တက်တာ၊ ဂျပန်မိတ်စ္စည်းတွေ ပါတတ်တယ်။ နေ့ခင်းဆိုပြပွဲပြနေလို့အလုပ်ရှုပ်တယ်။ ညမှာ ဘီးစတိတ်စား၊ ပွဲတွေကြည့်တတ်ခဲ့တယ်။ ပွဲတွေအများစုက တစ်ရာဝန်းကျင်မှာဆိုတော့ ကြည့်ရတာတန်တယ်လို့ နှစ်သိမ့်တာပေါ့။ ပွဲတပွဲကို ၂နာရီခွဲလောက်အချိန်ယူတော့ အဲသည်ပွဲမကြည့်ပဲ စလော့ဂိမ်းတွေကစားနေရင် နှစ်ရာလောက် အသာလေးကုန်သွားနိုင်တယ်။

လောင်းကစားထဲမှာ မနိုင်နိုင်တာကတော့ စလော့ဂိမ်းတဲ့။ အကြမ်းအားဖြင့် နိုင်ခြေဟာ 1/200 ပဲရှိတယ်လို့ကြားဖူးတယ်။ ၁၀ဝ၀ မှာ ၅ဝကျပ်ပြန်ပေးတတ်တယ်လို့လဲပြောကြတယ်။ ကက်ဆီနိုဟိုတယ်အပေါ်မှာလဲ မူတည်မယ်။ သူလှဲ့တဲ့ဘီးက အရုပ် ၇ မျိုးပါပြီး အရုပ်တူ ၃ခုတန်းမှ ပြန်ရော်မယ်ဆိုရင် ဖြစ်နိုင်ခြေ= (1/7 )၃ထပ်ဆိုတော့ ဝ.၂၉%ပဲရှိတယ်။ ဆိုရင် ဒီဂိမ်းကဘယ်လိုတွက်တွက် ရှုံးတယ်။ ရှုံးပြီးထသွားတဲ့နေရာဝင်ထိုင်မိရင်တော့ ကံထနိုင်ပါရဲ့။ ဒါပေမဲ့ ဆူးပုံကြီးနင်းပြီး စူးတယ်အော်ရင်လဲ မဟုတ်သေးဘူး။

ဒီတော့ ကျုပ်ခရီးဖော်တွေကို ရှင်းပြတယ်၊ ဗေးဂတ်မှာ စလော့ကစားရင်တော့ မနိုင်တာသေချာတယ်။ ဒီမြို့လာပြီးမှ မကစားကြရင်လဲ မဟုတ်သေးဘူး။ ကစားရမယ်ဆိုလဲ Black Jack စားပွဲပဲ ဝင်ထိုင်တာ ကောင်းတယ်ဆိုမိတယ်။ ဒီတော့ အားလုံးက Black Jack ဆိုတာဘယ်လိုကစားလဲ။ အဲဒါကကော နိုင်လို့လားလို့ သံပြိုင်မေးကြရော။ ဒီမှာ ငါဆရာပဲလို့သိသွားပြီး Black Jack ဆိုတာ မြန်မာပြည်မှာ 21 လို့ခေါ်တဲ့ဖဲလိုမျိုးကစားတယ်။ လောင်းပုံလောင်းနည်းတော့ ကွာသင့်သလောက်ကွာတယ်လို့ရှင်းပြတယ်။ နိုင်လို့လားလို့ထပ်မေးတဲ့အခါကျတော့ ကျွန်တော့အတွေ့ကြုံတွေပြန်ရှင်းရတာပေါ့။ ဗေးဂတ်က မန္တလေးဗေဟိုတယ်မှာ သန်းခေါင်ကျော်မှဝင်ကစားတာ တညကို ၄ဝဝလောက် ၄ညဆက်တိုက်လောက်နိုင်ဖူးကြောင်း နဲနဲပိုပြောမိလိုက်တာပေါ့။ ဖဲထုပ်အရေအတွက်၊ ဝိုင်းအခြေနေ၊ ဒိုင်အခြေနေ၊ ထိုးသားတွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး နိုင်နိုင်ခြေက 1/36လောက်ထိရှိနိုင်ကြောင်း၊ တချို့ကောလိပ်ကျောင်းသားအုပ်စုတခုဆို သီအိုရီသိပြီး ထွက်ဖဲမှတ် ရိုက်ကြလို့ သန်းချီနိုင်တဲကြားဖူးကြောင်း မလိုတာတွေပါထည့်ပြောမိသေးတယ်။

ဒီလိုနဲ့ ကျုပ်တို့ကားလဲ လတ်စ်ဗေးဂတ်မြို့ဝင်ဝရောက်တော့ ည ၂နာရီနီးနေပြီ။ ဒီလို အကာလကြမှ သူများအိမ်ဝင်တံခါးခေါက်ပြီးအိပ်ရမယ်ဆိုရင်လဲ အားနာစရာ၊ မီးရောင်စုံလင်းလှပစွာ ဖိတ်ခေါ်နေတဲ့ ဟိုတယ် တခုခုထဲ ဝင်ကစားကြပြီး မိုးလင်ဘုန်းကြီးကြွလာခါနီးမှ အိမ်တက်မင်္ဂလာ ကို သွားကြမှတော်မယ်လို့ ဆင်ချင်ကြတယ်။ ဒါနဲ့ခေါင်းဆောင်ကြီးက ကျုပ်ကို 21ကစားရမယ်လို့ချမှတ်တယ်။ ကြွားမိတာကိုး။ သူတို့ကအရင်းဝိုင်းထည့်မယ်၊ ဦးကျော်ဝင်းနဲ့ မိတ်ဆွေသစ်က ၅ဝဆီ၊ မော်ရွှေမြိုင်က တစ်ရာ၊ ကျုပ်က သုံးရာနဲ့ အရင်းတည်ရမယ် အမိန့်တော်တဲ့။

ဘယ်ဟိုတယ်သွားမလဲမေးတော့ ကျုပ်ကတော့ မန္တလေးဗေ နဲ့ပတ်ဝန်းကျင်ဟိုတယ်တွေမှာ နိုင်ဖူးတာပဲ။ ဒါပေမဲ့သွားချင်တဲ့ဟိုတယ်သွားပါလို့ မျက်လွှာလေးချပြီးပြောလိုက်တယ်။ တကယ်လို့မနိုင်ရင်ဒုက္ခ၊ ငါပြောထားတဲ့ဟိုတယ်တွေမသွားပါစေနဲ့လို့ ကြိတ်ပြီးလဲဆုတောင်းတယ်။ ပြီးတော့ သူတို့ကို တစ်ခု ထပ်တောင်းဆိုသေးတယ်။ ဖဲမရိုက်မီနဲ့ ဖဲရိုက်နေတဲ့ကာလတွင်း ကျုပ်ကို အရက်ဘီယာ လုံးဝ လုံးဝ မတိုက်ပါနဲ့လို့။ တိုက်ရင် ကျုပ်စဉ်းစားတာလွဲပြီး ဖဲရှုံးလိမ့်မယ်လို့။ ပင်ပမ်းရင်လဲ ရှုံးတတ်တယ်လို့ မယုတ်မလွန် ပြောရသေးတယ်။ ဒီလိုနဲ့ နောက်မိနစ်အနည်းငယ်အတွင်း ကားကိုပါတ်ကင်းမှာထိုးပြီး ပါရီပါရီ (Paris Paris) ဟိုတယ်ကက်ဆီနိုခန်းထဲရောက်သွားကြတယ်။

နွေရာသီရဲ့ ဗေးဂတ်မြို့ဟာ ည၂နာရီကျော်ပေမဲ့ အရပ်ရပ်ကလာတဲ့ လူငယ်လူကြီးတွေ ရှိုးအမျိုးမျိုးနဲ့ ဥဒဟို သွား ပန်းခတ်သွားနေကြတယ်။ ဟိုတယ်တခုရဲ့ ကက်ဆီနိုခန်း ဆိုတာလဲ ဘောလုံးကွင်းတကွင်းစာလောက် ကောင်းကောင်းရှိပေမဲ့ နေရာတိုင်းလိုမှာ ကစားနေ စားနေ ကြည့်နေကြတဲ့ လူတွေရှိနေတယ်။ ကျုပ်ဖဲရိုက်ရမဲ့ ဝိုင်းတွေတဲ့ဘေးနားမှာတော့ တူးပိစ်နဲ့ မိန်းကလေးတွေတက်ကနေတဲ့ စင်နိမ့်နှစ်စင်ရှိပြီး လှုပ်ကနေကြလေတယ်။ ဖဲမရိုက်တဲ့ ကျုပ်ခရီးဖော်တွေ အပြင်းပြေတာပေါ့။ ကျုပ်ကတော့ မကြည့်အားပဲ တာဝန်အရဖဲနိုင်အောင်ရိုက်ဖို့ ဘယ်ဝိုင်းဝင်ထိုင်ရင်ကောင်းမလဲ သုံးသပ်နေတယ်။

ဝိုင်းတဝိုင်းမှာလူ၃ယောက်လောက်ပဲ ရှိပေမဲ့ တယောက်က သိပ်ဟန်တယ်မထင်လို့ မဝင်သေးပဲကြည့်နေတယ်။ မကြာခင်မှာ အဲသည်ငမူး ရှုံးပြီး ထသွားတော့မှ သူ့ခုံတော့မထိုင်ပဲ သူ့ဘေးကခုံမှာဝင်ထိုင်လိုက်တယ်။ သူ့ခုံကိုဝင်ထိုင်ရင် ပြုံးပြုံးပြုံးပြုံးနဲ့ တွန့်ကနေတဲ့ကောင်မလေးက ရှေ့တည့်တည့်မှာ ၂ဂိုက်လောက်ပဲကွာမှာမို့ အတွက်မှားစရာရှိတယ်။ ကျုပ်ဝင်ထိုင်တဲ့ဝိုင်းက ၁၅ကျပ် အနည်းဆုံး ၅ဝဝဝ အများဆုံးထိုးရတဲ့ဝိုင်းထိ ရှိတယ်။ ဘက်တော်သားတွေက ငါးရာအရင်းပေးထားပေမဲ့ ကျုပ်က ငွေသုံးရာနဲ့ ကားမောင်းလိုင်စင်ထုတ်ပေးပြီး ပွဲစတယ်ဆိုပါစို့။

ဟုတ်ကဲ့၊ အသက်မပြည့်ရင်ဖဲရိုက်အရက်သောက်လုပ်မရလို့ လူတိုင်း မှတ်ပုံတင်ပြရတာ ထုံးစံပါ။ ဒီလိုနဲ့ တစ်နာရီကျော်ကျော်လောက်ရိုက်တော့ ငွေထပ်မထုတ်ရတဲ့အပြင် နဲနဲတောင် နိုင်နေပါတယ်။ ကတဲ့ ဖက်လဲ တခါတခါတော့ မျက်စိရောက်ပါသေးတယ်။ ကချေသည်လေးတွေက ကျုပ်သဘောကျတတ်တဲ့ မျက်နှာပေါက်မျိုးလေးတွေမဟုတ်လို့ နိုင်တာနေမှာ။ ပြီးတော့ ဘီယာအရက် အလကားလို ဗန်းကလေးတွေရွက်ထားတဲ့ ဝမ်းပိစ် မလေးတွေလဲ မကြာမကြာလာပေးနေကြပေမဲ့ ကိုယ့်ပါတဲ့ရေဘူးပဲသောက်နေတာလေ။ ခဏလေးနော် သန့်စင်ခန်းသွားမလို့လို့ ဒိုင်ကို ခွင့်ပန်ပြီး နောက်ကမလှန်းမကမ်းမှာပွဲကြည့်ရင်းထိုင်နေကြတဲ့ ဘော်ဒါတွေဆီပြန်လာတင်ပြပါတယ်။

“ကျွန်တော် သုံးရာထုတ်ရိုက်တာ ၁၅ဝနိုင်နေပြီ”လို့ သတင်းပို့တာပါ။

ရပ်လိုက်ရမလားမေးတော့ ခေါင်းဆောင်ကြီးက ” ဟေ့- ၁၅ဝထဲနဲ့ ခွဲလို့ခက်တယ်၊ အချိန်လဲစောနေသေးတယ်၊ ပိုနိုင်အောင်ရိုက်”လို့ ဆုံးဖြတ်ပေးပါတယ်။

ဒါနဲ့ ကျုပ်လဲ ခုနကနေရာပြန်ထိုင်ရပါတယ်။ ထပ်မနိုင်နိုင်အောင်ရိုက်ရတော့ပါမယ်။ မိုးလင်းလုနီးမှ ဝိုင်းကလဲပိုစည်လာပါတယ်။ ဒိုင်ရှုံးပြီး ထိုးသား တဝိုင်းလုံးနိုင်ရင် တဝါးဝါး ပွဲပေါ့။ သိပ်ပျော်တတ်သူ ထိုးသားအမျိုးသမီးတဦးက တဝိုင်းလုံးကို အွန်သရော့ ဝီစကီတခွက်စီမှာတိုက်ပါတယ်။ ကျုပ်အတွက်လဲပါတာမို့ မသောက်ချင်ဘူးငြင်းမရတော့ပါဘူး။ မတတ်သာတဲ့အဆုံး ဝီစကီဖန်ခွက်ကိုယူ နဲနဲမြီးပြရပါတယ်။ ခွက်ပြန်ချတော့ ဘေးနားကတကြော့ပြန်ငမူးက မင်းဟာက တကြိုက်ထဲနဲ့ ကုန်အောင်သောက်ရမှာလေကွာလို့သတိပေးသေးတယ်။ အေးအေးဆေးဆေးပေါ့လို့ ပြန်ပြုံးပြောပြီး ဖဲဆက်ရိုက်ကြတယ်။ ဒိလိုနဲ့ ရောင်နီပျို့ခါနီးတော့ ဝိုင်းကထပြီး ခေါင်းဆောင်ကြီးတို့ဆီပြန်သွားတယ်။

“ကျွန်တော်ရပ်တော့မယ် သုံးရာရင်းတာ သုံးရာနိုင်ပြီ” လို့ပြောတော့ ရပ်ခွင့်ရတယ်။ ဒါပေမဲ့ နဲနဲစောနေသေးတော့ ခန ဒီမှာ အချိန်ဖြုန်းရအုန်းမယ်တဲ့။ ဒါနဲ့မထူးဘူးဆိုပြီး ဖဲဝိုင်းလဲပြန်မဝင်ချင်တာနဲ့ အနားက စလော့မရှင်းမှာ ထိုင်ဆွဲမိတယ်။ နိုင်ခြေအမြင့်ဆုံးဂိမ်းစက်က ၁ကျပ်ထိုးတဲ့စက်ဆိုတော့ တခါလှည့် ၃ကျပ်လောက်အများဆုံးလောင်းလို့ရတယ်။ မိနစ်နှစ်ဆယ်လောက်ကစားတော့ ၂၅ကျပ်ရှုံးပြီးရပ်လိုက်တယ်။ မိုးလဲလင်းလို့ မူရင်းလာရာကိုသွားချိန်ရောက်ပြီမို့ ပါရီပါရီက ထွက်ခဲ့ကြတယ်။

ဒါနဲ့ မိုးလင်းလို့အိမ်သစ်ရောက်တော့ ဘုန်းဘုန်းတွေက ညနေမှကြွပြီး ပရိတ်ရွတ်ပေးမဲ့အစီစဉ်သိရပါတယ်။ ဒါဆိုလဲ ကိုယ့်အိပ်ယာကိုယ်ခင်းပြီး အိပ်လို့ရတာပေါ့။ ၃ နာရီလောက်တော့အိပ်နိုင်ကြမဲထင်ပါတယ်။ အိပ်ယာနိုးလို့မနက်ကော်ဖီဝိုင်းမှာ ဒီလို တည၃ဝဝလောက်နိုင်ရင် တလ ခြောက်ထောင်လောက် နိုင်နိုင်တာဆိုတော ခုရောက်နေတဲ့အိမ်မျိုး ဝယ်ထားလို့ရတယ်ဆိုပြီး တွက်ပစ်လိုက်ကြသေးတယ်။

နေ့လည်စာစားချိန်ရောက်တော့ အိမ်ရှင်က တရုတ်ဆိုင်ခေါ်ကြွေးတာ၊ စားလို့ကောင်းမှကောင်း။ စားသောက်ပြီးတော့ ခေါင်းဆောင်ကြီးက ကက်ဆီနိုပြန်သွားအုံးမယ်ပြောတယ်။ ဦးကျော်ဝင်းမလိုက်ခဲ့တော့ပဲ ၃ယောက်ထဲ မြို့လယ်ပြန်ရောက်သွားကြရော။ ဒေါ်နယ်ထရန့်ရဲ့ ထရန့်ဟိုတယ်သွားမလားဆိုတော့ ရှုံးမှာစိုးလို့ဆိုပြီး ခပ်ဆင်ဆင်အဆောက်ဦးရှိရာ ဝင်း (Wynn) ဟိုတယ်ကိုရောက်သွားကြတယ်။

ဝင်းမှာ မော်ရွှေမြိုင်သူဌေးက ၃၆ကောင် အန်စာကစားဖို့ ဝိုင်းရှာနေချိန် ကျုပ်က အနီးနားက Black Jack ဝိုင်းကိုဝင်လိုက်တယ်။ နေ့ခင်းဆိုတော့ လူသိပ်မများသေးဘူး။ ကျုပ်နဲ့ ဒိုင်နဲ့ပဲရှိတယ်။ ဒိုင်က တရုတ်လိုအမျိုးသမီး။ ဗီယက်နမ်ကလာတာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားတော့ သိပ်မဝဲပဲ ပြောနိုင်ဆိုနိုင်တယ်။ ဒီလိုနဲ့ စကားနည်းနည်းပါးပါးပြောရင်း စကစားကြတာပေါ့။ နှစ်ယောက်ထဲဆိုပေမဲ့ ကိုယ်ရှုံးတဲ့အလှည့်ကများများလာလို့ နဲနဲ ဖျားလာတယ်။ ၂ဝဝ လောက်ထိလာတော့ တမျိုးစဉ်းစားမယ် တွေးပြီး ရပ်လိုက်တယ်။ ကိုယ်က ကစားရမဲ့တာဝန်ရှိလာလို့ ဘေးနားက အဖြူအဖိုးကြီးတစ်ယောက် ဒိုင်လုပ်တဲ့ဝိုင်းကို ပြောင်းဝင်ထိုင်လိုက်တယ်။ ထိုးသားက ကိုယ်တစ်ယောက်ထဲပဲ။ အဲသည်ဝိုင်းမှာလဲ ဆက်ရှုံးနေသေးတာပဲ။ ကျုပ်စိတ်ဓာတ်ကျလာပြီ။ “ခင်ဗျားတော်တော်တော်တာပဲ” လို့ ဒိုင်းကိုလှမ်းငေါ့လိုက်မိတယ်။ ဒီတော့ဒိုင်က “ငါတော်တာမဟုတ်ဖူး၊ ဒီဝိုင်းကဖြစ်တာ”လို့ပြန်ပြောတယ်။ အဲသည်တုံးက သူပြောတဲ့စကားရဲ့ဆိုလိုရင်းကို နားမလည်လို့ ဆက်ကစားတယ်။ ခဏနေတော့ ဒိုင်က ၂ချပ်ထဲနဲ့ Black Jack ၂၁ဖြစ်လို့ရှုံးရတယ်။ နောက်တခါ ဒုတိယံမိ သူပဲ Black Jack ရတယ်။ ဘုရားရေ။ နောက်တလှည့် တတိယံမိ သူက BJ ရတာမို့ ထပြန်လိုက်တယ်။

ဖဲသမားက မရိုက်ရမနေတတ်လို့ မူလက တရုတ်မဒိုင်ကိုင်တဲ့ဝိုင်းကို လှည့်ဝင်တယ်။ ထိုးသားက ကိုယ်တပွေထဲပဲ။ ဗွေဆော်ဦး တလှည့် ၂၅ကျပ်ထိုးလိုက်တယ်။ ဒိုင်က ဘလက်ဂျက်ရပြီးစားသွားလို့ ငြီးမိတယ်။ ဒိုင်အမျိုးသမီးကပြန် နှစ်သိမ့်တယ်၊ “ဒီနေ့ရှင့်အတွက် နေ့မကောင်းဘူးတဲ့”။ သိပ်သေခြာတာပေါ့။ ပြီးတော့သူက ပြုံးပြီးပြန်ပြောတယ် “ဘလက်ဂျက် ၂ : ၁ ရော်တယ်ဆိုတဲ့ စားပွဲမှာသွားကစားပါ” လို့ သူ့စားပွဲပေါ်မှာရေးထားတဲ့ “ဘလက်ဂျက် ၆ : ၅ ရော်တယ်’ဆိုတဲ့ စာတန်းကို လက်ညိုးညွှန်ရင်းပြောတယ်။ ဒါနဲ့ တခြားဝိုင်းတွေကိုလိုက်ကြည့်တယ်။

စုစုပေါင်း ပေါ်ကာဝိုင်းတွေပါဆို ဝိုင်း ၃ဝ လောက်ရှိမယ်ထင်တယ်။ ဒါပေမဲ့ သူပြောတဲ့ ၂ : ၁ ဆိုတာ တဝိုင်းမှမတွေ့ဘူး။ အားလုံး ၃ : ၂ တွေချည်းပဲ။ ဒါနဲ့ သူ့ဆီပြန်သွားပြီး “ငါ ၂ : ၁ မတွေ့ဘူးလို့” ပြန်ပြောတော့ “ရှိပါတယ်၊ စားပွဲ ၄လုံးတွဲလေ” လို့ထပ်ပြောပြတယ်။ သွားကြည့်တယ်။ ၃ : ၂ တွေပါပဲ။ ထပ်ပြန်ရစ်လို့လဲ သူ့ကို ဒုက္ခပေးရာကျမှာစိုးလို့ စားပွဲ၎လုံးတွဲဝိုင်းတွေထဲက တဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။

တလှည့်၁၅ကျပ် အနည်းဆုံးဝိုင်း ထိုးသားကိုယ်တပွေထဲပဲ။ ခုနကဝိုင်းတွေနဲ့စာရင် နဲနဲတော့ ပိုကောင်းပုံပဲ။ ဒိုင်ကလဲ ၁ နဲ့ ၆ ဖဲတွဲရတဲ့ ၁၇ ဆို ဆက်ဆွဲရတာမို့ ကိုယ်က နဲနဲသာတယ်။ (သင်္ချာက တွက်တာက ဝ.၂ရာနှုန်း ကိုယ်သာတယ်လို့ နောက်မှသိရပါတယ်။) မသာတာနဲ့စာရင် တော်သေးတာပေါ့။ ဒီဝိုင်းမှာ ခဏကစားတာ မဆိုးဘူး။ ၁၅ကျပ်ဝိုင်းပေမဲ့ တလှည့်ထိုး ၅၀ လောက်ထိ ထိုးမိနေတယ်။ ရှုံးလိုက်နိုင်လိုက်နဲ့ လည်နေတာပေါ့။

တအောင့်လောက်ကြာတော့ ကစားမယ့်သူ နောက်တယောက်ထပ်ရောက်လာတယ်။ တရုတ်အဖိုးကြီးတယောက်။ အင်္ဂလိပ်စကားလဲပြောတတ်ပေမဲ့ သိပ်သပ်သပ် ယပ်ယပ်ထဲကတော့ မဟုတ်ဘူး။ သုံးလေးလှည့်လောက် ကစားပါရစေလို့ ပြောပြီး အောက်အိမ်က ဝင်ထိုင်တယ်။ သူစကစားတဲ့အလှည့်မှာ ကိုယ်က ၁၀ နှစ်ချပ်ရပြီး ဒိုင်က ၃ဖဲ လှန်ထားတယ်။ ကိုယ်က ကိုယ့်သီအိုရီအလိုက် ၁ဝဖဲကို နှစ်အိမ်ခွဲပြီးကစား မယ်ပြောတော့ ဒိုင်က OK ပေမဲ့ တရုတ်ကြီးက ပွစိပွစိပြောပြီ။ မလုပ်ရဘူး၊ ဘာညာ ပေါ့လေ။ ဒိုင်နဲ့ ဒိုင်ရဲ့နောက်ကရပ်ကြည့်နေတဲ့ ဆရာက သူကစားတတ်သလိုကစားလိမ့်မယ် ခင်ဗျားဝင်မပြောပါနဲ့လို့တားတယ်။ ကိုယ်ကလဲ ငါမနေ့ညက ဒီနည်းနဲ့နိုင်လာတာကို ခင်ဗျားမှ မသိပဲလို့ စိတ်ထဲကပြောတယ်။ အဖိုးကြီးက အစာမကြေဖြစ်နေတုံး သူ့ဖဲဘယ်လောက်လဲလှမ်းအကြည့်မှာ ဖဲကိုမမြင်ပဲ သူထိုးထားတဲ့ ဇယ်ကိုကြည့်မိပြီးဖျားသွားတယ်။ အဝါ ရောင်။ ၅ဝဝတန် ထိဆို မနေ့ညက ကိုယ့်လက်ထဲရဖူးလို့ သိတယ်။ ခု သူထိုးနေတာ တချပ်တထောင်။ ကိုယ့်ဖဲကိုယ်တောင် စိတ်မဝင်စားနိုင်တော့ဘူး။ နောက် ၃ လှည့်မှာ သူ သုံးထောင်စီထိုးတယ်။ အများဆုံးက ငါးထောင်ထိပဲ ထိုးလို့ရတာ။ ကိုယ်က သူ့ကို အားနာလာပြီ။ မှားလုပ်ရင်မကောင်းတော့ဘူး။ ဒါနဲ့ အဲသည်ပွဲကခွါခဲ့ကာ တရုတ်အဖိုးကြီးတယောက်ထဲပဲ ကစားနေခဲ့တယ်။

နောက်တခါ အဲသည်ဝိုင်းနားပြန်ရောက်တော့ ထိုးသား ၃ ယောက်လောက်ဖြစ်နေပြီး တရုတ်အဖိုးကြီးလဲ မရှိတော့ဘူး။ နောက်ထပ် တစ်နာရီလောက် အဲသည်ဝိုင်းမှာ ထိုင်ကစားပြီး အိမ်တက်ကို ဘုန်းကြီးတွေကြွလာခါနီးလို့ ပြန်ခဲ့ကြတယ်။

ပြန်ရောက်တော့ အခြေနေ ဝိုင်းမေးကြတာပေါ့။ မနေ့ညက နိုင်တာကုန်လို့ အရင်းထဲက တစ်ရာတောင်ပါသွားပြီလို့ တင်ပြလိုက်တယ်လေ။ အရင်းထုတ်တဲ့သူတွေရဲ့မျက်နှာတွေကိုတော့ မကြည့်ရဲလို့ ခေါင်းငုံ့ထားလိုက်တယ်။

ရှုံးတော့လဲ ပရိတ်တရားနာရတာ အမြတ်ပေါလေ။ ညနေမှာ ဆရာတော်တွေလဲ ပရိတ်ရွတ်၊ အသစ်ချပ်ချွတ်အိမ်ကို အခန်းလှည့်ကြည့်ပြီး ပြန်ကြွသွားကြတယ်။

ကျုပ်တို့ခေါင်းဆောင်ကြီးက ရောက်တုန်းရောက်ခိုက် ညနေစာ ဘူဖေးစားပြီး လောင်းကစားဆက်လုပ်ကြဖို့ ဆုံးဖြတ်တယ်။


https://scontent-sjc2-1.xx.fbcdn.net/v/t1.0-9/13726804_557485677788505_5868218358151348464_n.jpg?oh=46f545c1b6afa66306b6c5ec3caa0855&oe=588044D2
ဘယ်ဟိုတယ်သွားကြမလဲ စဉ်းစားတော့ ထမင်းကောင်းကောင်းစားနိုင်တဲ့နေရာ လို့ပြောကြတယ်။ ခေါင်းဆောင်ကြီးက သူမရောက်ဖူးသေးတဲ့ Hooters Hotel ကို သွားကြတာပေါ့တဲ့။ စားသောက်ဆိုင်ကို ခနချောင်းကြည့်ပြီး ကြက်ကျော်နဲ့ ဘီယာ မကြိုက်ကြတာကြောင့် မျက်နှာချင်းဆိုင်က MGM ဟိုတယ်ဆီ ကိုရွှေ့လိုက်ကြတယ်။ MGM က ဗေးဂတ်မှာ အကြီးဆုံးဟိုတယ်ဖြစ်ဖို့များတယ်။ အထဲမှာတင် တိရစ္ဆာန်ရုံတောင်ရှိတယ်။အစားသောက်လဲ မဆိုးဘူး။ ကိုယ်ကလဲ ၃ – ၄ ကြိမ်တည်းဖူးတော့ ကလပ်မင်ဘာလဲ ဖြစ်နေပြီးပြီ။ ခေါင်းဆောင်ကြီးက တယောက် ၄ဝတန်ဘူဖေး ညစာကြွေးလို့ အေးအေးဆေးဆေး လွေးကြတာပေါ့။ အမဲသားကင်နဲ့ပင်လယ်စာတွေ အများဆုံးစားကြတာပဲ။ ဘီယာလောက်သောက်ချင်ပေမဲ့ ဖဲကစားတာဝန်ဆိုတော့ မဖြစ်ဘူး။

ညစာစား စကားစမည်ပြောပြီးတော့ ကက်စီနိုဝိုင်း ဝင်ကြပြီ။ ကျုပ်ရဲ့ ပထမဆုံးအလုပ်က ဘယ်ဝိုင်းထိုင်မလဲ လျှောက်လှည့်ကြည့်ရတဲ့အလုပ်။ ဒိုင်ရဲ့ အခြေနေ၊ ထိုးသားတွေနိုင်နေလား၊ တွဲကစားလို့ ပျော်စရာကောင်းမလား။ တွေ့တာကတော့ အများစု ၃၀ – ၄၀ လူလတ်ပိုင်းတွေပါပဲ။ သူတို့တဝိုင်းဝင်ရင် တစ်ထောင်လောက်ဇယ် လဲကြသူတွေ မရှားဘူး။ နောက် ခု နောက်ဆုံးသိခဲ့တဲ့ အချိုး ၂ : ၁ ရှိမရှိ။ အသေး 17 မှာဒိုင်ဆွဲ ရမဆွဲရ။ ကြည့်ရတာ စနေ၊တနင်္ဂနွေဆို ၂ : ၁ ပေးတဲ့ဝိုင်းက မရှိနိုင်ဘူးထင်ရဲ့။ မတွေ့ဘူး။ ၃ : ၂ တွေကများတယ်။ ရှိတာပဲ ကစားရတော့မှာပဲလေ။ လူကြီးတွေကို ကိုယ်က နိုင်မယ်ကြွားပြီးကာမှ။

ဒီလိုနဲ့ကစားကြပြန်ရောဆိုပါတော့။ တစ်နာရီမှာ တစ်ခါ ထွက်နားပြီး ထပ်ဝင်ကစားတယ်။ နောက်ဆုံးပြန်ကြတော့ ကျုပ်လက်ထဲ အရင်းအကုန် ပြန်ရပြီး ၂၅ကျပ်ကြီးတောင် နိုင်ခဲ့တယ်လို့ရင်ကော့ပြောနိုင်ခဲ့တယ်။ ဒီတော့ သူတို့အားလုံး အရင်းမဆုံး တပြုံးပြုံးနဲ့။ ကျုပ်လဲဖဲသမားဘဝကနေ နာမယ်မပျက် ကျွတ်လာခဲ့တော့တယ်ဗျာ။

ဒေါက်တာကျော်တင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်