နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း

March 3, 2017

နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း
(မိုးမခ) မတ် ၃၊ ၂ဝ၁၇

ဆန့်ငင်ဆန့်ငင်ညတွေပေါ် ဆောင့်ကြွားကြွားနံနက်ခင်းတွေ နင်းလျှောက်လာခဲ့ကြပြီ။ ‘နေ’ ရဲ့ အချိန်ကိုက်ပုံနှိပ်မှုမှာ နေ့တ နေ့ဟာ ခပ်ရေးရေး ထင်လာတယ်။

ဟိုး … လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က နံနက်ခင်းတခုမှာလိုပဲ ဖျတ်ခနဲ ကျွန်တော် နိုးလာခဲ့တယ်။

“သြော် ဒီနေ့က ကျွန်တော့်မွေးနေ့ပါလား”

နေရောင်ပါးလျလျက အခန်းထဲဝေ့ဝိုက် ကျနေတယ်။ ကျွန်တော် အခုမှအသက်ဝင်လာခါစလို၊ “အူဝဲ” လို့ ယောင်အော်မိ မတတ် ဖြစ်သွားတယ်။ (တကယ်က ကျွန်တော် အနှစ် ၄ဝ လုံးလုံး ပြောတတ်သမျှဟာလည်း အဲဒီ “အူဝဲ” ဆိုတာပါပဲ။)

လမ်းမဆီကနေ ကျွန်တော့်နာမည် အကြိမ်ကြိမ် ဟစ်ခေါ်သံတွေ ပြတင်းပေါက်ကနေ ဝင်လာနေတယ်။ ခြင်ထောင်အမိုးပိတ် ကားပေါ်ပြေးလွှားနေကြတဲ့ ကျွန်တော့်ရုပ်ပုံလွှာတွေ တယောက်ပြီးတယောက် လဲပြိုကျသွားတာကိုပဲ အထိတ်တလန့် မြင်ရ တယ်။ ခုလောလောဆယ်မှာ ကျွန်တော်ကိုယ်တိုင်ရဲ့နာမည်ကလွဲပြီး ဘာမှစဉ်းစားလို့ မရဘူး။ လောကကြီးဟာ အထားအသို မှားယွင်းနေတဲ့ ဝါကျတကြောင်းလို အဓိပ္ပါယ် ဝေဝါးနေတယ်။

ဒီမီးကို ဘယ်သူရှို့ခဲ့တာလဲ။ ဟော့ဒီမှာ မီးခိုးခေါင်းတိုင်ကြီးတခု။ အသက်ဓာတ်တွေ တငွေ့ငွေ့လောင်ကျွမ်းရင်း လင် ကောင် မဲ့ဆန္ဒတွေ တဖွားဖွား လွင့်နေတယ်။ ခရုတကောင်ရဲ့အခန်းထဲ ဆားပွင့်တွေ အဖြူရောင် အယောင်ဆောင်လို့ ဝင် လာခဲ့ကြပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဝါးစားပစ်ချင်လောက်အောင် ဆာလောင်နေပါပေါ့လား။

ကောင်းကင်က နေလုံးကြီးကို အန်ချလိုက်သလို အိမ်တအိမ်ရဲ့ တံခါးဝကနေ ကျွန်တော်ထွက်ကျလာတယ်။ ကျွန်တော်ဟာ ကျောက်စရစ်တောခေါင်ခေါင်မှာ အတောင်ကျွတ်ကြိုးကြာ ရေရှာမရသလိုမျိုး မေတ္တာငတ်မွတ်ခဲ့ရသူပါ။ လမ်းပေါ်လျှောက် သွားတိုင်း အသုဘကားတစီးလိုပဲ သိမ်ငယ်ရတယ်။ အားနာလို့ လိုက်လျောတာလည်း အ,တယ်လို့ အထင်ခံရဖူးတယ်။ လောကဓံလက်ထဲ အသုပ်သည်မရဲ့ လက်ထဲကမုန့်ဟင်းခါးဖတ်လို ပက်ပက်စက်စက်ကြီး နယ်ဖတ်ခံလျက်က မပတ်သက် ချင်သူတွေနဲ့ ရောနှောပျော်ဝင် ခဲ့ရဖူးတယ်။ အလိုရှိမှ သတိရပြီး အမြဲတမ်းမေ့လျော့ခံထားရတဲ့ ဘုံအိမ်သာတလုံးပါ။ ချောင် ပိတ်ရိုက်ခံရတဲ့ခွေးတကောင်မှာ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ တကယ့်တကယ်မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ သွားကြားထဲညပ် နေတဲ့ အသားစတမျှင်သာ ဖြစ်ပါတယ်။

လူတွေရဲ့ မျက်လုံးတွေဆီကနေ အကြည့်တွေက ကျွန်တော့်ဆီကို တသွင်သွင်စီးဆင်းလာကြတယ်။ ပြီး ဖျတ်ခနဲ အကြည့် တွေ ရုတ်တရက် အေးခဲသွားကြတယ်။ ဖြစ်ဆဲ အသက်ရှုသံတွေကတော့ အဲဒီရေခဲပြင်ပေါ် တဗိုင်းဗိုင်းချော်လဲလို့။ ရင်ထဲမှာ တော့ ဟာတာတာ လေဖိအားနည်း ရပ်ဝန်းလေးတခု။

မှိုင်းမှုန်မှုလား၊ တောက်ပမှုလား။ ပျော်ရွှင်မှုလား၊ ဝမ်းနည်းမှုကြေကွဲမှုလား။

ဘာပဲဖြစ်ဖြစ်၊ တခုခု သုတ်လိမ်းထားတဲ့ အချိန်အခိုက်အတန့်လေး တခုကို အာရုံငါးမျှားချိတ်နဲ့ ငါးတကောင်ကို မျှားပစ်လိုက် ချင်တယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော့်ငါးမျှားချိတ်မှာ ဘာငါးစာမှ တပ်မထားဘူး။

နှလုံးသားထဲက ညဥ့်ယံတွေပေါ်မှာ အချိန်တွေကို နာရီတွေက မရပ်မနား ထုရိုက်တာကိုခံစားကြည့်ရင်း ကျွန်တော်ဟာ အများတကာတွေလိုပဲ၊ ညစဉ်ညတိုင်း မနက်ဖြန်နံနက် ရောက်လာမှာကို စောင့်မျှော်ခဲ့တယ်။ ဒါပေမဲ့ မနက်ဖြန် ရောက်လာတဲ့ အခါကျတော့ရော။ “အလင်းရောင်ကို မြင်တွေ့ချင်သူတွေဟာ အရိပ်ထဲမှာ အနားယူရမယ်” တဲ့။ ကဗျာဆရာ အန်ဂျန်ဘာ ဂါက ပြောတယ်။ အရိပ်က နေရောင်ထက်တောင်ပိုပြီး တောက်ပနေသလိုပဲ။ အရိပ်တခုထဲကို ဝင်လိုက်တယ်။ ကျွန်တော့်အရိပ်ဟာ အဲဒီအရိပ်ထဲမှာပဲ လုံးဝ ပျောက်ကွယ်သွားရဲ့။

သစ်ရွက်တွေနဲ့ ဆော့ကစားနေတဲ့ ကြောင်လေးတကောင်လိုမျိုး အသံတွေကို လိုက်လံဖမ်းဆုပ် နေမိတယ်။ ကျီးကန်းတွေရဲ့ အော်သံ၊ တံမြက်စည်းရိုက်သံ၊ အဝတ်အစားတွေ ပွတ်တိုက်သံ၊ တီးတိုးသံ၊ ကျယ်လောင်သံ၊ အသံတွေအားလုံး။ အသံ တွေက ဗလာကင်းဗတ်စနဲ့တူတဲ့ ကျွန်တော့်စိတ်ကို အရောင်အသွေးတွေ ကြွလာအောင် ခြယ်သပစ်လိုက်တယ်။ “ရာသီဥတု သာယာပါ့မလား” ဆိုတာမျိုး နေ့တနေ့ရဲ့ မျှော်လင့်ချက်ဟာ ကျွန်တော့်စိတ်ထဲ လင်းလက်လာပြန်တယ်။

“အဓိပ္ပာယ် မရှိလိုက်တာ” တဲ့ ကျွန်တော့် ကိုယ်ထဲက အသံတသံ ထွက်လာတယ်။ အဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘာကို အဓိ ပ္ပါယ် ရှိချင်တာလဲ။ ဘာက အဓိပ္ပါယ်ရှိရမှာတဲ့လဲ။ အဓိပ္ပါယ်တွေ၊ အဓိပ္ပါယ်တွေ၊ မရေမတွက် နိုင်လောက်အောင် ကျွန်တော့် ရှေ့မှာ အဘိဓာန်စာအုပ်ရဲ့ စာမျက်နှာတွေလို တဖျပ်ဖျပ်လွင့်နေတယ်။ ရုပ်မြင်သံကြား။ အရုပ်တွေမြင်ပြီး အသံတွေ ကြား နေရပေမယ့် ဘာကိုမှနားမလည်နိုင်ဘူး။ ဘာကိုမှ မခံစားနိုင်ဘူး။ လေထဲလွင့်သွားတဲ့ သစ်ရွက်တရွက်ကို ကြောင်လေး တကောင်က ဖမ်းဆုပ်နိုင်ပေမယ့် ကျွန်တော်ကတော့ ဘာကိုမှ ဖမ်းဆုပ်မမိနိုင်ပါလား။

နောက်ထပ် စကားလုံးတလုံး။ ‘အနှစ်သာရ’ တဲ့ ကျွန်တော့်ခြေထောက်တွေမှာ ရွှံ့ဗွက်တွေနဲ့ ညစ်ပေနေတယ်။ ကပ်စေး ကပ်စေးနဲ့ အလွန်နေရခက်တဲ့ ဝေဒနာပါပဲ။ အနှစ်သာရတွေကို ဆေးကြောပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ရေကမရှိ။ ကျွန် တော့်စိတ်ထဲ အသံတိတ် မေးခွန်းထုတ်မှုတွေ ပြည့်လျှံလာနေတယ်။ သွားစမ်းပါ။ အူဟောင်းလောင်း အဓိပ္ပာယ်တွေ၊ စေးကပ်ကပ် အနှစ်သာရတွေ။ နေ့စဉ်နေ့တိုင်းပါပဲ၊ အဓိပ္ပါယ်တွေကို ကျွန်တော်မောင်းထုတ်လို့ မရဘူး။ အနှစ်သာရတွေ ကျွန်တော်ခွာချလို့ မရဘူး။ အဓိပ္ပါယ်တွေက အနံ့ဆိုးတွေလို အရာရာတိုင်းမှာ ကပ်ငြိနေကြတယ်။ အိပ်ရာပေါ်မှာ။ စောင် ပေါ်မှာ။ သွားတိုက်ဆေးဘူးထဲမှာ။ သွားပွတ်တံပေါ်မှာ။ မျက်နှာသုတ် ပဝါပေါ်မှာ။ ရေထဲမှာ။ လေထဲမှာ။ ကျွန်တော်နင်းထားတဲ့ မြေကြီးထဲမှာ။ …ထဲမှာ။ …ထဲမှာ။ ကျွန်တော့်ကိုယ် ကျွန်တော် အရာဝတ္ထုတွေအားလုံးရဲ့ အပြင်ဘက်မှာလို ခံစားပစ် လိုက်ချင်တယ်။ “အားလုံး ထွက်သွားကြစမ်း” ကျွန်တော့်စိတ်တွေက အိပ်ချင်စိတ်နဲ့ နိုးကြားနေတုန်းပဲ။ ကျွန်တော့်တကိုယ်လုံး ရှိရှိသမျှ သွေးကြောတွေထဲ ညင်ညင်သာသာ စိမ့်ဝင်ပျံ့နှံ့သွားနိုင်မယ့် ပျော်ရွှင်မှု ပီတိကလေးကို ခံစားချင်လိုက်တာ။

ကျွန်တော်ဟာ ဆပ်ကပ်ပွဲတ်ခုထဲက ဓားပေါက်ခံလူသားလို ဘာမှမလုပ်ရဘဲနဲ့ စွန့်စားမှုတခုကို ပြုလုပ်နေရတာနဲ့ တူမ နေဘူးလား။ အန္တရာယ် ကြီးလိုက်တာ။ “သွားကြစို့” လို့ ကျွန်တော့်ကို အသံတသံက ခေါ်တယ်။ ကျွန်တော်ငယ်ငယ်က ဘဝကို ဖျတ်ခနဲသတိရလိုက်မိတယ်။ ဆပ်ကပ်ပွဲကြည့်နိုင်ဖို့ ဘုရားပွဲတော်ရောက်လာမယ့်ရက်ကို ကျွန်တော်တို့ မောင်နှမ တွေ လက်ချိုးရေတွက် စောင့်နေခဲ့ရဖူးတယ်။ ဒါဖြင့် ကျွန်တော်ဟာ ဓားပေါက်ခံလူသားအဖြစ်နဲ့ ဘယ်သူ့ကို ဖျော်ဖြေနေ ရတာလဲ။ ဘုရားသခင်ကိုလား။ တခြားလူတွေကိုလား။ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ကိုပဲလား။

ငယ်ငယ်တုန်းက အဖေက အဘိုးကြီးတွေနဲ့ ဒဿနတွေဘာတွေ ဆွေးနွေးတဲ့အခါ အကျည်းတန်လှတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေနောက်ကို ကျွန်တော် မလိုက်နိုင်ခဲ့ဘူး။ ဝေါဟာရတွေက သူတို့ဘာသာ အလွန်အဆင်ပြေ ချောမွေ့စွာပဲ အသံထွက်မြန်မြန်နဲ့ စီးဆင်းသွားနေကြတယ်။ သူတို့ရှေ့က ရေနွေးကြမ်းခွက်လိုပဲ၊ တငုံလောက်ယူသောက်ဖို့ ကျွန်တော် စိတ်မကူးပါဘူး။ ကျွန်တော်က ဆပ်ကပ်ပွဲကိုပဲ သွားချင်နေခဲ့တယ်။ စွန့်စားမှုတွေနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို ပျော်ရွှင် မှုတွေ။ သူတို့ ဆက်ပြောနေကြတုန်းပဲ။ ကြောက်ခမန်းလိလိ ဟိတ်ဟန်ထုတ်မှုတွေ။ မခံရပ်နိုင်လောက်တဲ့ ပျင်းရိငြီးငွေ့ဖွယ်။

သူတို့က သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်အဝရအောင် တည်ဆောက်နေကြချိန်မှာ ကျွန်တော်ကတော့ ဘာဖြစ်လို့ ကျွန်တော့် စိတ်ခံစားမှုတွေကို ဆပ်ကပ်ပွဲထဲ ကြဲဖြန့်ချင်ရတာပါလိမ့်။ လူသူဝေးတဲ့ တခြားကမ္ဘာဆီကို ထွက်ပြေးနေရသလိုပဲ။ ကျွန်တော့်ရှေ့မှာ လဟာပြင်ကြီးသာ ကြီးထွားသထက် ကြီးထွားလာနေတယ်။ ပြီးတော့ အတားအဆီးတွေ ဟိုနေရာ ဒီနေရာကနေ အလျှိုအလျှို ပေါ်လာကြတယ်။ ကလေးဘဝကကြိုက်ခဲ့ရတဲ့ စိတ်ကူးယဉ်သိပ္ပံကားတွေထဲကလို ကျွန်တော့် မျက်လုံး နှစ်လုံးထဲကနေ အနီရောင် ရောင်ခြည်တွေ ထွက်လာပြီး အရာရာကို ပြိုကျပျက်စီးသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအစား ဘောလုံးပွဲမှာ ဘောလုံးသယ်လာတဲ့ ရှေ့တန်းတိုက်စစ်မှူးက တဖက်အသင်း နောက်တန်းလူတွေကို ရှောင် ကွင်းသလိုမျိုးပဲ ရှောင်ကွင်းခဲ့ပါတယ်။ ဗုန်းဗုန်းလဲကျသွားအောင် နောက်ကနေ ခပ်ကြမ်းကြမ်း ဖျက်ထုတ်တာခံရပေမယ့် ကျွန်တော့်အတွက် အနီကတ်ပြပေးမယ့် ဒိုင်လူကြီးကမရှိ။ တကယ်တော့ ကျွန်တော်ဟာ ဘုရားသခင်က အဝေးကို လောင်းသွန်ပစ်ခဲ့တဲ့ ပန်းကန်ဆေးပြီးသား ရေတွေနဲ့ပဲ တူပါတယ်။

တကယ်တော့ ကျွန်တော်ဟာ ဖားပြုပ် ကျောကုန်းလို ကောင်းကင်အောက် အပုပ်နံ့တွေ နေ့ပြန်တိုးချေးနေတဲ့ မြေကြီးပေါ် နိဗ္ဗာန်ကို အကြွေးဝယ်ထားရင်းက ချိန်ကိုက်ဗုံးကို အသည်းနှလုံးလို့ ထင်ခဲ့မိတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်လက်ဖက် ရည်ခွက်ထဲ ဘီးကျွံနေတဲ့ ယင်ကောင်ရယ်၊ ကျွန်တော့်ပေါင်မုန့်တဖဲ့ လာခိုးထမ်းတဲ့ ပုရွက်ဆိတ်တွေရယ်၊ ကျွန်တော့်အိမ်တိုင် ပေါ် ရွစိတက်နေတဲ့ ခြကောင်တွေရယ် အားလုံးပုထုဇဉ်တွေချည်းပါပဲ။

ခရီးပန်းလာကြတဲ့ မြည်းတွေ ကိုယ့်အရိပ်ကိုယ် ပြန်သောက်နေကြတဲ့ တောအရက်ဆိုင်တဆိုင်ထဲ ကျွန်တော်ဝင်လာခဲ့တယ်။ “ရှုံ့တွတွ ကမ္ဘာကြီးဟာ မစင်ပုံကြီးပါ” ဆိုတာမျိုး ကက်ဆက်မော်တာကြိုးချောင်နေတဲ့ အသံတွေသာ တဆိုင်လုံးမှာ ပွက် လောရိုက်နေတယ်။ ကိုယ်ပေါ်က အင်္ကျီတောင်မှ အိုက်စပ်စပ် ချွေးတွေသောက်ပြီး မူးလို့။ အရာအားလုံးက သွက်သွက် ခါအောင် မှားယွင်းနေတယ်။ အကုန်မှားယွင်းကုန်တော့မှပဲ ကျွန်တော်ဟာ ကမ္ဘာဦးတနေ့လို လောကကို အရင်းအတိုင်း ပြန်လည်မြင်တွေ့ခွင့်ရခဲ့တယ်။

ကျွန်တော့်အနေနဲ့ မျက်လုံးအထားအသိုကို သတိမရလိုက်ခင်မှာပဲ နောက်ကျောကို ဓားမြှောင်တချောင်း လာစိုက်တယ်။ ဓားရိုးက မြေခွေးမြီးလို တယမ်းယမ်းနဲ့၊ သူခိုးတွေကို လက်ကမ်းနေတယ်။ အံကိုတင်းတင်းကြိတ်ထားရင်းက ဖြည်းဖြည်းချင်း ဓားမြှောင်ကို ဆွဲနုတ်ယူပစ်လိုက်တယ်။

ဘဝကို တပ်မက်မှုမှာ အနာကျက်ခဲ့ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်